သာဓုခေါ်ပါကိုမြသာ

သာဓုခေါ်ပါကိုမြသာ(စ/ဆုံး)

—————————

“ဂျိန်း ”

“ဝေါ ဝေါ ဝေါ”

မိုးများနှင့်အတူလေပြင်းများတိုက်လာသည်။
သစ်ပင်များတစ်ပင်နှင့်တစ်ပင်ယိမ်းထိုးပြီးလှုပ်ရှား
နေလေသည်။

“ဖြောင်း”

“ဂျွတ် ဝုန်း အုံး”

ယောင်္ကျားကြီး၃ယောက်မျှ ဖက်၍ရသော
သစ်ပင်ကြီးတစ်ပင်မှာအမြစ်ကလန်၍လဲကျ
သွားလေသည်။

နံနက်မိုးစင်စင်လင်းသည်နှင့်ရပ်ကွက်ထဲ
သတင်းတစ်ခုပျံ့နှံ့လာသည်။

“မနေ့ညက လေးပြင်းတိုက်ပြီးသစ်ပင်လဲတာ
ကိုမြသာတို့မိသားစုနေတဲ့အိမ်ကြီးပိလို့တဲ့”

“ဟယ်တော် ဘုရားဘုရား လူတွေဘာဖြစ်သွားသေးလဲဟင်”

“သြော် လူတွေကအိပ်မောကျနေတဲ့အချိန်
သစ်ပင်ပိတော့တစ်မိသားစုလုံးသေပါပေါ့လား”

“ကျွတ် ကျွတ် ကျွတ် သနားစရာပါဟယ်
ကိုမြသာတို့သာမိသားစုက သဘောမနော
ကောင်းကြတယ် ကလေး၃ယောက်လည်း
သနားပါတယ်ဟယ်”

“အေးပေါ့ ကလေး၃ယောက်လည်း
တစ်ပါတည်းသေရတာဆိုတော့
မိသားစုတစ်စုလုံးကံကိုကမကောင်းလို့နေမှာပါ”

“အင်း သူတို့ကံကိုက ဒီလိုသေရမယ်လို့
ပါလာတာကိုးအေ သနားပါတယ်
ဒါနဲ့ အလောင်းတွေကိုဖော်ပြီးပြီလား”

“မနက်ကတည်းက မီးသတ်သမားတွေ
ကယ်ဆယ်ရေးအဖွဲ့သားတွေလာပြီး
ရှင်းနေလေရဲ့အလောင်းတွေဆိုတာကလည်း
မမြင်ရက်စရာပါတဲ့အေ အိမ်ကတော့တစ်ခြမ်းလုံး
ပျက်စီးသွားပြီ ကိုမြသာရဲ့အမျိုးတွေလည်းစိတ်မကောင်း
ဖြစ်နေကြတယ်လေ ”

“သူတို့တွေအခုလိုအစိမ်းသေ သေရတာဆိုတော့
တော်တော်ခြောက်လောက်မယ်နော်”

“အေး ဒါတော့ပြောမရဘူးအေ့ အစိမ်းသေလည်းဖြစ် မိသားစုလိုက်သေရတာဆိုတော့ ကျွတ်ဖို့မလွယ်လောက်ဘူး”

ရပ်ကွက်ထဲမှ လူများ ကိုမြသာတို့ မိသားစု၏
အဖြစ်ကိုစိတ်မကောင်းဖြစ်နေကြလေသည်။
ကိုမြသာတို့မိသားစုကဆင်းရဲကြပေမယ့်
စိတ်ရင်းကောင်းကြသူများဖြစ်သည့်အတွက်
ရပ်ကွက်ထဲ၌လူအများကချစ်ခင်ကြလေသည်။

သားသမီး၃ယောက်နှင့်အတူဘဝကို
ခက်ခဲစွာရုန်းကန်ခဲ့ကြရသည်။
အကြီးဆုံးသား ထက်မြက် အလတ်ကောင်စိုးသူ
အငယ်ဆုံးသမီးလေး မိငယ် ခင်မျာလူ့လောကကြီး
ထဲမှအစောကြီးထွက်ခွာသွားခဲ့ရလေပြီ၊

တစ်မိသားစုလုံးအဖြစ်ဆိုးကြုံခဲ့ကြသည်။
ဆွေမျိုးများကလည်း ကိုမြသာတို့နာရေးကို
ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးကြသည့်အတွက်
အသုဘလေးမှာအဆင်ပြေပြေနှင့်သင်္ဂြိုလ်နိုင်ခဲ့လေ
သည်။

ရက်လည်မည့်နေ့ မတိုင်မီ ညမှာတော့
ရပ်ကွက်ထဲကလူများ ကိုမြသာ၏ဆွေမျိုးများက
မနက်ဖြန်ဆွမ်းတရားနာအတွက် လုပ်ကိုင်နေချိန်
ရပ်ကွက်ထဲမှ အရက်သမား ကိုကြက်နီက သောက်ထားသည့်အရှိန်လေးနဲ့
ကြက်သွန်ခွာနေတုန်း ရုတ်တရက်

“ဟင် အောင်မလေး သရဲ သရဲ”

“ဟဲ့ ကြက်နီ ဘာဖြစ်လို့လဲ”

တခြားလုပ်ကိုင်နေသူများက ကိုကြက်နီ၏
အော်သံကြောင့်အလန့်တကြားဖြစ်ပြီး
မေးလိုက်ခြင်းဖြစ်သည်။

“ကျွန်တော် ကြက်သွန်လှီးနေတုန်းမြင်လိုက်တယ်
ကိုမြသာကြီးဗျ တစ်ကိုယ်လုံးလည်းသွေးတွေရဲနေတာပဲ
ခေါင်းကြီးတစ်ခြမ်းကပြားချပ်နေတာပဲဗျ
ပြီးတော့ကျွန်တော့်ကိုလက်ယက်ခေါ်နေတာလို့
ကျွန်တော်လည်းလန့်ပြီးထအော်တာဗျို့ ”

“ဟယ် ဟုတ်ရဲ့လား ကြက်နီရယ် နင်မူးမူးရူးရူးနဲ့
အမြင်မှားတာဖြစ်မှာပါ”

“အေးလေ ငါတို့လည်းဒီမှာရှိနေတာပဲ
ငါတို့ဘာမှမခြောက်ဘူးလေ”

“ကျွန်တော်သောက်ထားတာမှန်တယ်ဗျ
ဒါပေမယ့်မမူးသေးဘူးကျွန်တော်ကောင်းကောင်း
မြင်လိုက်တယ်”

“ကဲပါ လုပ်စရာရှိတာဆက်လုပ်ရအောင်
ကြက်နီမင်းလည်း တစ်ယောက်တည်းမနေနဲ့
ငါတို့နားလာပြီးလုပ်ပေါ့”

“ဟုတ်ကဲ့ ”

ကိုကြက်နီလည်း တစ်ယောက်တည်းခွဲမနေတော့ပဲ
အများနှင့်အတူလာရောက်လုပ်ပေးတော့သည်။

နောက်တစ်နေ့ မနက်ရောက်သည်နှင့်ရက်လည်
ဆွမ်းတရားနာပြီးရေစက်ချအမျှအတန်းပေးဝေ
လိုက်ကြသည်။
ရက်လည်ပြီးသည်နှင့်ကိုမြသာတို့မိသားစုနေထိုင်
ခဲ့သောအိမ်ဝိုင်းလေးအားကိုမြသာ၏ဆွေမျိုးများကသော့ခတ်၍ပိတ်ထားလိုက်ကြတော့သည်။

ဆွေမျိုးများ၏ဆုံးဖြတ်မှုက ကိုမြသာတို့နေထိုင်ခဲ့သော အိမ်ဝိုင်းလေးအား
ရောင်းချပြီးရလာသည့်ငွေများကို
အလှူ အတန်းလုပ်ကြမည်ဟုသဘောတူကာ
ယခုကဲ့သို့ အိမ်ဝိုင်းလေးအား မရောင်းရသေးခင်
အချိန်ကာလတစ်ခုအထိပိတ်ထားကြမည်ဖြစ်သည်

ကိုမြသာတို့ အိမ်ဝိုင်းလေးကတော့ အိမ်ရယ်လို့မရှိတော့ပဲ
လရောင်ခပ်မှိန်မှိန်အောက်တွင်တိတ်ဆိတ်ငြိမ်
သက်စွာဖြင့်ရှိနေလေသည်။

သန်းခေါင်အချိန် ကိုမြသာတို့၏ အိမ်နီးခြင်းဖြစ်သူ
မစိုးစိုးတစ်ယောက်ဗိုက်နာ၍အိပ်ရာမှထကာ
အိမ်သာသို့အသွား မစိုးစိုး၏မျက်လုံးများက
ကိုမြသာတို့ဝိုင်းဘက်ကြည့်လိုက်မိသည်။

လရောင်မှိန်မှိန်အောက်တွင် မည်းမည်းအရိပ်သဏ္ဍာန်ကြီးသွားလာလှုပ်ရှားနေ
ကြသည်ကိုမြင်လိုက်ရသည်။

“ဘုရား ဘုရား ကိုမြသာတို့ မိသားစုထဲကတစ်ယောက်ယောက်
မကျွတ်မလွတ်ပြီးသွားလာနေကြတာဖြစ်မယ်”

မစိုးစိုးလည်းကြောက်စိတ်ဖြင့်အိမ်သာအမြန်
သွားကာအိမ်ထဲဝင်သွားတော့သည်။

++++++++++++++++

မနက်ရောက်တော့ မစိုးစိုးက သူမြင်ခဲ့ရသည့်
အကြောင်းကိုအိမ်နီးခြင်းများအားပြောပြ
လိုက်သည်။

“ညည်းပြောတာလည်း ဟုတ်ချင်ဟုတ်မှာပေါ့
သူတို့ကမိသားစုလိုက်အစိမ်းသေ သေရတာဆိုတော့ လွယ်လွယ်နဲ့တော့ ဘယ်ကျွတ်ပါ့မလဲ ”

“တော်သေးတာပေါ့ ညည်းကိုအရိပ်ပဲပြလိုက်လို့
အကောင်လိုက်သာပြလိုက်ရင် နင်တော့မလွယ်ဘူး’

“အောင်မလေး အရိပ်တောင်ကျွန်မမှာ ဒီလောက်
ကြောက်နေရတာအကောင်လိုက်သာဆို
အသက်တောင်ထွက်သွားနိုင်တယ်
နင်တို့ကလေးတွေကိုလည်းပြောထား
အဲ့ဝိုင်းထဲမသွားမိစေနဲ့ ကလေးတွေက အဲ့ဝိုင်းထဲက
မာလကာသီးတွေသွားသွားခူးနေလို့
မနည်းတားနေရတယ်”

“အေး ညည်းပြောမှ ငါ့ကလေးတွေကို
မှာထားရဦးမယ် မိစိုးရေ ”

“ကလေးတွေကိုပြောတော့ထားတာပဲ
သူတို့ကမိဘတွေအလစ်ထွက်ထွက်သွားကြတာ
ဆိုတော့တားဖို့အချိန်မရှိလိုက်ဘူး”

“ကဲ ကျွန်မသွားဦးမယ် ချက်ဖို့ပြုတ်ဖို့လုပ်ရဦးမယ်”

“အေးအေး”

……………………………

မိဘတွေအတန်တန်တားနေသည့်ကြားက
ရပ်ကွက်ထဲမှမခိုင်၏သား၂ယောက်သည်
ကိုမြသာ၏ခြံထဲမှ မာလကာသီးများခူးရန်
ညီအစ်ကို၂ယောက် အိမ်ထရံအားကျော်တက်ပြီး
ဝင်လာကြသည်။

“အားပါးပါး အစ်ကိုနည်းတဲ့အလုံးကြီးတွေလား”

“ဟုတ်ပါ့ ဂွတိုရာ မင်းအောက်ကနေစောင့်
ငါအပေါ်တက်ပြီးခူးမယ်ကြားလား”

“အေး ညီလေးဖို့များများခူးပေးနော် အစ်ကို”

“အေးပါ ငါသိပါတယ် မင်းသာအသံမထွက်နဲ့
တော်ကြာဘေးအိမ်တွေကြားသွားရင်
ငါတို့ကိုအော်လိမ့်မယ်”

“စိတ်ချ”

ပြောပြောဆိုဆိုနှင့်အကြီးကောင်သံချောင်းက
မာလကာပင်ပေါ်အား တက်သွားသည်။
အပင်ကြီးကကြီးလည်းကြီးမြင့်လည်းမြင့်သည်။

“အစ်ကို တောင်ဘက်ကိုင်းမှာ အလုံးကြီးတွေ
အများကြီးပဲ”

“ငါမြင်တယ် ခဏလေး ငါမမှီသေးလို့
မခူးသေးတာ”

“ဘုတ်”

“ဟာ ခြုံထဲကျသွားပြီ ဂွတို သွားကောက်ချေဦး”

“ဘယ်ခြုံထဲလဲ အစ်ကို ”

“ဟိုနားက ဇွန်ပန်းခြုံထဲကျသွားတာ”

ဂွတိုလည်းဇွန်ပန်းခြုံ နားသွားကာ
လှည့်ပတ်ရှာလေသည်။
မာလကာသီးက ဇွန်ပန်းခြုံပေါ်တွင်၂လုံးပြွတ်
တင်နေလေသည်။

“တွေ့ပြီ ”

ဂွတို ဇွန်ခြုံပေါ်မှ မာလကာသီးအား
လှမ်းပြီးယူလေသည်။
သို့သော် ပန်းခြုံကမြင့်နေပြီး အရပ်ကပုနေသောကြောင့် မမှီနိုင်ဖြစ်နေချိန်
ဇွန်ခြုံထဲမှ လက်ကြီးတစ်ဖက်ထွက်လာပြီး
မာလကာသီးအားဆွဲယူသွားသည်ကို
ဂွတိုမြင်လိုက်လေသည်။

ဂွတို သရဲခြောက်ပြီဆိုတာကို
သိလိုက်ရ၍

“အစ်ကို သရဲ သရဲ မြန်မြန်ဆင်းခဲ့”

“ဂွတို ဘာဖြစ်တာလဲ ”

“ဟီး ဟီး ဟီး သရဲ သရဲကြီး ကြောက်တယ်”

သံချောင်းလည်းအပင်ပေါ်မှ အမြန်ဆင်းလိုက်ရာ
တစ်ကိုယ်လုံးခြစ်ရာများဖြင့်သွေးများပါ
ထွက်လာသည်။

“ဂွတို မကြောက်နဲ့အစ်ကိုရှိတယ်”

“ဟင့်အင်း ပြန်မယ်အိမ်ပြန်မယ် သရဲရှိတယ်”

“ဝုန်း ဝုန်း ဝုန်း ရှဲ ရှဲ ”

“ဟင် သရဲဗျို့ သရဲ ”

အနီးနားရှိဇွန်ခြုံကြီးမှာလေမတိုက်ပါပဲ
အပြင်းအထန်လှုပ်ရှားယိမ်းထိုးနေခြင်းကြောင့်
သံချောင်းနှင့်ဂွတို တို့ညီအစ်ကိုနှစ်ယောက်
ကိုသာမြ၏ခြံဝိုင်းထဲမှပြေးထွက်လာခဲ့တော့သည်။

………………………………

“ကဲ ဒီလောက်တောင်ငတ်ချင်ဦး”

“ဖြန်း”

“အား အမေကြောက်ပါပြီဗျ”

“ကဲဟယ် ဖြန်း ဖြန်း”

“အား အမေနာတယ် နောက်မလုပ်တော့ပါဘူး”

“နင်တို့ကို ငါကအငတ်ထားသလား
ဒီလိုသရဲခြောက်ပါတယ်ဆိုတဲ့ခြံဝိုင်းထဲကိုမှ
သွားချင်နေတယ် တော်သေးတာပေါ့ ဟိုကနင်တို့
ညီအစ်ကို ကိုဂုတ်ချိုးမသတ်ပဲ ဒီလောက်ပဲ
ခြောက်လွှတ်လိုက်တာ နောက်သွားလို့ကတော့
နင်တို့ဒီထက်နာမယ်”

မမိခိုင်စိတ်ပေါက်စွာဖြင့် ဂွတိုနှင့်သံချောင်းအား
ရိုက်နှက်ကာဆုံးမလိုက်သည်။

=====================

မခိုင်၏သား၂ယောက်သရဲခြောက်ခံရပြီး
မကြာပါရပ်ကွက်ထဲမှနောက်ထပ်အရက်သမား
တစ်ဦးလည်းကိုမြသာ၏ခြောက်လှန့်ခြင်းကို ခံရပြန်သည်။

“စိတ်ညစ်လို့ အရက်ကိုသောက်တယ်
အရက်သောက်တော့ စိတ်ပိုညစ်တယ် အေ့ အေ့”

လျာလေးအာလေးဖြင့် သီချင်းဆိုရင်း
ကိုမြသာ၏အိမ်ရှေ့သို့ ယိုင်တိုင်တိုင်ဖြင့်ရောက်လာသော အရက်သမားလှဖေဖြစ်သည်။

“အရေးထဲမှ သေးကပေါက်ချင်လာပြီ
ဟား ဟား မြသာအိမ်ထရံကို ပန်းလိုက်ဦးမှ
ဒီကောင်က သေပြီဆိုတော့ ဂရုစိုက်စရာမလိုဘူး”

အရက်သမားလှဖေ ပုဆိုးမကာ ထရံအား
သေးဖြင့်ပန်းနေတုန်းခြံကြီးထဲမှ

တက်ခေါက်သံကြီးအားကြားလိုက်ရသည်။

“တောက်”

“ဘယ်ကောင်လဲကွ ငါ့ကိုတက်ခေါက်တာ
ငါကြောက်မယ်များထင်နေလားကွ ဟေ”

လှဖေ မူးမူးရူးရူးဖြင့်အော်ဟစ်နေသံကို
ဘေးအိမ်ကလူတွေလည်းအတိုင်းသားကြားနေရ
သည်။

“ဝုန်း ဘုန်း ဘုန်း ဖြန်း”

“အား အောင်မယ်လေးဗျ ”

“ကြောက် ကြောက်ပါပြီ မြသာရေ ”

လှဖေ၏နောက်ကျောအား အားအင်အပြည့်ဖြင့်
အရိုက်ခံလိုက်ရခြင်းကြောင့်အရက်သမား
လှဖေအမူးများပင်ပျောက်ကာ ထွက်ပြေးလေတော့သည်။

မနက်လင်းမှရပ်ကွက်ထဲမှလူများအကြောင်းစုံ
သိရှိသွားတော့သည်။
အရက်သမားလှဖေ ကိုမြသာက ရိုက်လွှတ်လိုက်သည့်အကြောင်းပင်ဖြစ်သည်။
ထိုအကြောင်းကိုကိုမြသာ၏အမဖြစ်သူလည်း
ကြားသိပေသည်။

“ငါ့မောင်မြသာက အင်မတန်နှမြောတတ်တယ်
ပြီးတော့သူကသူ့အိမ်ကိုလည်းအစွဲအလန်းကြီး
တဲ့သူဆိုတော့ သူကကျွတ်မှာမဟုတ်သေးဘူး
ဒါကိုလှဖေက သူ့ခြံရှေ့ကို သွားစော်ကားသလို
လုပ်တော့ ဟိုကဆော်ထည့်လိုက်မှာပေါ့အေ”

“အင်း ကိုမြသာတို့ မိသားစုသေပြီးကတည်းက
ကိုမြသာရဲ့သားတွေသမီးတွေ မိန်းမကခြောက်တယ်လို့ မကြားဖူးဘူးနော်”

“ငါ့ယောင်းမနဲ့ တူတွေတူမတွေက မြသာလို
မဟုတ်ဘူးကွယ့် သူတို့ကသူတို့တတ်နိုင်သလောက်ပေးချင်ကမ်းချင်
ကြတဲ့သူတွေလည်းဖြစ် ဘာသာရေးလည်းလိုက်စားတော့ သူတို့ကကျွတ်လွတ်သွားပြီထင်ပါရဲ့
ငါ့မောင်ကသာ အဲ့သလိုမရှိလို့ မကျွတ်တာဖြစ်မယ်”

“အဲ့ဒါတော့ဟုတ်တယ်နော် ဘာပဲဖြစ်ဖြစ်
ကိုမြသာအတွက်ထပ်ပြီးကုသိုလ်ကောင်းမှု
လေးလုပ်ပေးရင်ပိုကောင်းတာပေါ့ရှင်
ဒါမှသူလည်းအသိတရားရပြီးကျွတ်ချင်ကျွတ်သွားနိုင်တာပေါ့”

“ငါလည်းဒီလိုပဲစဉ်းစားထားတယ်အေ့
ကိုယ့်မောင်အခုလိုမကျွတ်မလွတ်ဖြစ်နေတာ
ကြားရတော့ငါလည်းစိတ်မကောင်းဖြစ်မိတာပေါ့
ဒီရက်ထဲတော့ သူ့ကိုရည်စူးပြီးလုပ်ပေးဦးမှပါ”

မှန်ပေသည် ကိုမြသာတို့ မိသားစုလိုက်
အသေဆိုးနှင့်သေခဲ့ကြရပေမယ့် ကိုမြသာ၏ဇနီး
နဲ့သားသမီး၃ယောက်ကခြောက်ပါတယ်လို့
တစ်ခါမှမကြားခဲ့ရပေ ယခုကိုမြသာ ကပဲ
ခြောက်လှန့်နေသည်ဟုသာကြားသိရသည်။

ထို့ကြောင့်မကျွတ်မလွတ်တဲ့ ကိုမြသာတို့မိသားစု
အတွက်ရည်စူးပြီး ဆရာတော်များထပ်မံပင့်ကာ
ကိုမြသာ၏နေအိမ်မှာပင် မိုးကာတဲထိုးကာ
ဆရာတော်များကကိုမြသာနှင့်ဇနီးသားသမီးများ၏
နာမည်များအားခေါ်ကာ အကျွတ်တရားထပ်မံ
ဟောကြားပေးလေသည်။

“ဒကာကြီး မြသာ အစွဲတွေလျှော့ပေတော့
ဒီအစွဲတွေကြောင့် ဒကာကြီးယခုလိုဘုံဘဝမှာ
နေနေရတာအင်မတန်မှပင်ပန်းပါတယ်
ဒါငါ့အိမ် ဒါငါ့ဟာ ဆိုတဲ့ငါစွဲတွေကို
အသိတရားလေးနဲ့ထိန်းပြီးဖြေဖျောက်ပါဒကာ
ဒါမှဒီထက်ကောင်းမွန်တဲ့ဘုံဘဝကို
ဒကာကြီးရောက်နိုင်ပေလိမ့်မယ် ဒကာကြီးမြသာ သာဓုခေါ်ပါ”

“တပည့်တော်နားလည်သဘောပေါက်ပါပြီဘုရား
တပည့်တော်ရဲ့ဇနီးနဲ့သားသမီးတွေရက်လည်ပြီး
ကတည်းကကျွတ်လွတ်သွားကြပေမယ့်
တပည့်တော်ကတော့ ဒီခြံကြီးကိုစွဲလန်းတဲ့စိတ်ကြောင့် မကျွတ်မလွတ်ဖြစ်ပြီးရှိနေခဲ့ရတာပါဘုရား
တပည့်တော်နောင်တရပါပြီ ယခုပြုသမျှကုသိုလ်အဝဝကို
သာဓု သာဓု သာဓု ခေါ်ဆိုပါတယ်ဘုရား”

ကိုမြသာတစ်ယောက် အသိတရားရပြီးခေါ်လိုက်တဲ့သာဓုခေါ်သံကိုတော့
မည်သူမှကြားနိုင်မြင်နိုင်လိမ့်မည်လို့မထင်ပေ
သို့ပေမယ့် ကိုမြသာကတော့ သူခေါ်လိုက်သည့်
သာဓုခေါ်သံကြောင့် ကောင်းတဲ့ဘုံဘဝကိုရောက်ရှိသွားလိမ့်မည်ဆိုတာ
ဘယ်သူကသိနိုင်မလဲ

“အမ အမ ”

“ဟင် ငါ့မောင်မြသာ”

“ဟုတ်တယ် မမ မောင်လေးသွားရတော့မယ်
အဲ့ဒါကြောင့်လာနှုတ်ဆက်တာ အမ
အမအခုလိုမောင်လေးအတွက် ကုသိုလ်တွေလုပ်ပေးတာကို ကျေးဇူးတင်ပါတယ်”

“မလိုပါဘူးငါ့မောင်ရယ် မင်းကျွတ်လွတ်သွားတယ်ဆိုရင်ပဲ အမဝမ်းသာလှပါပြီကွယ်”

ကိုမြသာ၏ပုံရိပ်လည်းတဖြည်းဖြည်းနှင့်ဝေဝါး
ပျောက်ကွယ်သွားတော့သည်။

“ငါ့မောင်က ငါ့ကိုအိပ်မက်လာပေးသွားတာပဲ
မောင်လေးရေ ဘဝဆက်တိုင်းဒီလိုအဖြစ်ဆိုးမျိုး
မဖြစ်ပါစေနဲ့ အမဆုတောင်းပေးလိုက်ပါတယ်ကွယ်”

ပြီးပါပြီ#အောင်ဓူဝံ