သားဇော

* သားဇော*📖📖📖(စ/ဆုံး)

***************************

“မိုးညိုမရေ လာလာ မိုးညိုမရေ ”
နှုတ်ခမ်းအနားပဲ့အင်တုံကြီးထဲ ဒန်အိုးထဲကအမဲရိုးနဲ့ထမင်းတွေနယ်ကာ ထည့်နေရင်း ဖွားလှမြန်း မိုးညိုမ ကိုတစ်စာစာအော်ခေါ်နေတော့သည်။မိုးညိုမ အမြှီးတစ်နှံနှံနှင့် ​ပြေးဝင်လာပြီး ဖွားလှမြန်း ထည့်ပေးထားသော အမဲရိုးနဲ့ထမင်းတွေကို အင်တုံကြီးထဲပြောင်စင်အောင်ထိ အားရပါးရစားပစ်လိုက်သည်။

ခွေးစာကျွေးပြီးသည်နှင့် ဝါးသဲ့ခင်း ကပြင် လေးပေါ် ပြောင်းဖူးဖက်ဆေးလိပ်တစ်တိုခဲရင်း ဖွားလှမြန်း အနားယူလိုက်သည်။ ထမင်းလေးများ စားပြီးပြီဆိုရင် ခံတွင်းကချဥ်လာရော ။ပြောင်းဖူးဖက်ဆေးလိပ်တိုလေးမှမခဲလိုက်ရရင် အာသာကိုမပြေဘူး ။

သားလုပ်သူ စံကျော်ကတော့ မြို့သွားရတဲ့အခါတိုင်း သနပ်ဖက်ဆေးပေါ့လိပ်တွေ အစည်းလိုက်ဝယ်လာပေးပါရဲ့ ။ သနပ်ဖက်ဆေးပေါ့လိပ်ကြီးတွေက ပေါ့တော့တော့နိုင်ပါဘိ။ ဖွားလှမြန်း တို့ကပြောင်းဖူးဖက် ဆေးပြင်းလိပ်ကြီး ဖွာလိုက်ရမှ လေးလေးပင်ပင်ရှိသလို ခံစားရတာ။ ပြောင်းဖူးဖက်လိုက်စုရ ၊ဆေးရိုးစင်းရ၊ လိပ်ရနဲ့ အလုပ်များလည်း မတက်နိုင်ဘူး။ သနပ်ဖက်ဆေးပေါ့လိပ် ပေါ့တော့တော့ကြီးမှ မကြိုက်တာကို။

ဆေးလိပ်တစ်တို ကုန်ခါနီးမှ ခြေရင်းအိမ်က မိမွှေးနဲ့ ဖိုးတာတို့ရဲ့ သားနှစ်ယောက် ဆံပင်ဖြူနှုတ်ပေးမယ်ဆိုပြီးလာကြတော့ ဖွားလှမြန်း ဆံပင်ဖြူအနှုတ်ခံရပြန်ရော။
ကလေးတွေစိတ်ကျေနပ်အောင်သာ ဖွားလှမြန်း ဆံပင်ဖြူအနှုတ်ခံတာ ။ နှုတ်စရာ ဆံပင်ဖြူရှာစရာမလိုအောင် တစ်ခေါင်းလုံးနီးပါးဖြူဖွေးနေပြီ ။

မိမွှေးနဲ့ဖိုးတာတို့ရဲ့သား ပေတိုးနဲ့တက်တိုးတို့က ဆံပင်ဖြူ လေးငါးပင်နှုတ်ပြီးရင် “ဘုန်းကြီးပါစေ သက်ရှည်ပါစေ ပညာတတ်ကြီးတွေဖြစ်ပါစေ”လို့ ဖွားလှမြန်း ဆုပေးတာသဘောကျလှတာမို့ ဖွားလှမြန်းဘယ်အချိန် အေးအေးလူလူဆေးလိပ်ထိုင်သောက်မလဲ ထရံပေါက်က ချောင်းနေတတ်ကြတာ။

စံကျော်က သူ့အလုပ်ရှင်ရဲ့ရွာတောင်ပိုင်းကကုန်စုံဆိုင်အတွက် မှာလိုက်တဲ့ကုန်ဝယ်ဖို့ တစ်ရက်ခြားမြို့ကိုတက်ရတဲ့အခါတိုင်း အမေစားဖို့ဆိုပြီး မုန့်ပဲသရေစာလေးတွေဝယ်လာတတ်တယ်။ ဖွားလှမြန်း အတွက်မုန့်ပဲသရေစာထက် ပြောင်းဖူးဖက်ဆေးလိပ်ရှိရင်ပြည့်စုံပြီမို့ ဝယ်လာတာတွေ တယ်လည်းမစားဖြစ်ပါဘူး။

မီးဖိုချောင်ထဲရှိ ထန်းခေါက်တောင်းထဲက ထန်းလျှက်ရည်နဲ့ ဆန်ပေါက်ပေါက်ပွင့်နယ်ဆုပ်ထားတဲ့ ပေါက်ပေါက်ဆုပ်လေးတို့ ၊ ဆန်မှုန်နဲ့ ထန်းလျှက်ပျော့ရောဆုပ်ထားတဲ့ အနူးဆုပ်လုံးတို့ ပေတိုးနဲ့တက်တိုးလက်ထဲ တစ်ယောက်တစ်ဆုပ်လောက်ထည့်ပေးလိုက်ရင် ဒင်းတို့ ဖွားလှမြန်းကိုကျေးဇူးတင်မဆုံး။

မိမွှေး အငယ်ကောင်တက်တိုးလေးမွေးတုန်းကများဆိုရင် မွေးရဖွားရခက်လွန်းလို့ ဖွားလှမြန်းနဲ့ ခေါင်းရင်းအိမ်က မယ်ကျော့နဲ့ငလှိုင်တို့လင်မယား မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ခဲ့ရသေးတာ။

ငလှိုင်က ဖိုးတာကိုယာထဲလိုက်ခေါ်ရ ၊ မယ်ကျော့နဲ့ ဖွားလှမြန်းတို့ လက်သည်ကိုလိုတာကူရင်း မိမွှေး ခံစားနေရတာ မကြည့်ရက်လို့ မျက်ရည်ကျမိကြရသေး။ မီးဖွားတာအတွေ့အကြုံမရှိတဲ့ မယ်ကျော့ရဲ့ အဂ်ုလိမာလသုတ်ရွတ်သံက ကဗြောင်းကပြန်။နောက်ဆုံး စံကျော်မောင်းတဲ့ကားရောက်လာလို့ တိုက်နယ်ဆေးရုံသွားမွေးဖွားကာမှ လျှောလျှောရှူရှူမွေးဖွားရတော့တယ်။

ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလို သူလိုရင်ကိုယ်ကူ ကိုယ်လိုရင်သူကူ ဒီနားမယ် ဒီသုံးအိမ်လေးရှိတာ။ အရင်ကများဆို အဘိုးကြီးဆုံးပြီးစမယ် စံကျော်နဲ့ ဖွားလှမြန်းတို့သားအမိရဲ့ တစ်အိမ်ထဲရှိတာ ။

ရွာထဲကမိမွှေး တစ်ရွာသားဖိုးတာနဲ့အိမ်ထောင်ကျပြီး ဖွားလှ​မြန်းတို့အိမ်ခြေရင်း မိမွှေးမိဘပိုင်တဲ့ မြေကွက်အလွတ်လေးထဲ တဲလေးတစ်လုံးလာထိုးနေလို့နေရာအဖော်ရှိတာ။

မကြာပါဘူး မိမွှေးရဲ့ မတော်ရလည်းရ တော်လည်းရတဲ့ ဆွေမျိုးနီးစပ် ငလှိုင် အရှေ့ရွာက မယ်ကျော့နဲ့ညားပြီး ဖွားလှမြန်းတို့အိမ်ခေါင်းရင်း အိမ်လေးဆောက်နေပြန်တော့ တစ်အိမ်ထဲထီးထီးကြီး နေလာတဲ့ဖွားလှမြန်းအိမ်က ​ခြေရင်းခေါင်းရင်းအိမ်နှစ်အိမ်ရဲ့ အလယ်ထဲရောက်သွားရတယ်။

အိမ်သိပ်မကပ်နိုင်တဲ့ စံကျော်အဖို့ ခြေရင်းခေါင်းအိမ်တွေ ရှိနေလို့ အမေဖြစ်သူ ဖွားလှမြန်းအတွက် စိတ်ချရတယ်လို့ဆိုပြီး ခြံစည်းရိုးဟယ်ဘာဟယ် ကာဟယ်ခတ်ဟယ်လုပ်မနေကြတော့ တစ်ဝိုင်းထဲလို သုံးအိမ်တန်းလေးဖြစ်နေလေရဲ့ ။ တစ်ခါတစ်လေများ ဖွားလှမြန်းက
ဒီသုံးအိမ်တန်းရောက်မှ မိမွှေးတောင် နှစ်သားကျပြီလို့ ကျီစယ်တတ်သေးတာ။

ဖွားလှမြန်းတို့ ခေါင်းရင်းအိမ် ငလှိုင်နဲ့မယ်ကျော့တို့က ကလေးမရှိ ခွေးမရှိ။ အဲ..ကလေးမရှိပေနဲ့ ခွေးတော့ရှိတယ်။ ငလှိုင် ကိုင်းထဲသွားရင်း မိုးစိုနေတဲ့ခွေးပေါက်လေး တွေ့လို့ ခေါ်လာတဲ့ အညိုရောင်ခွေးမလေးရှိတယ်။
ငလှိုင်တို့ခွေးမလေးကို ဖွားလှမြန်းက မိုးညိုမလို့နာမည်ပေးလိုက်တော့ သုံးအိမ်တန်းတစ်တန်းလုံးက မိုးညိုမလို့ပဲ အလွယ်ခေါ်လိုက်ကြတယ်။

သုံးအိမ်တန်းတစ်တန်းလုံးရဲ့ အသည်းကျော် မိုးညိုမက ပေတိုးနဲ့တက်တိုးတို့ရဲ့ ကစားဖော်ကစားဖက်။ ခွေးပေါက်လေးကတည်းက သုံးအိမ်တန်းကိုရောက်ခဲ့တဲ့ မိုးညိုမကအခုဆို ကလေးနှစ်ယောက်နဲ့သိပ်မကစားချင်တော့ဘူး ။ ရွာထဲသွားပြီး အစာစားချိန်လောက်မှ ပြန်ပြန်လာတတ်တာ ။တစ်ခါတစ်လေများ ညနေစောင်းမှပြန်လာသေးတာ။ ပေတိုးနဲ့တက်တိုးခမျာ မိုးညိုမ ပြန်လာမှ မျက်နှာရွှင်တော့တယ်။

မိုးညိုမကလည်း သူအပြစ်လုပ်ထားပြီးရင် ပေတိုးနဲ့တက်တိုးဆီကို ခေါင်းအတင်းတိုးဝှေ့ပြီး ပြန်ချော့တတ်သေးတာ ။သူ့ သခင် ငလှိုင် ယာထဲကိုင်းထဲကပြန်လာရင်လည်း အမြှီးတစ်နှံ့နှံ့နဲ့ ပြေးကြိုတတ်သေးတာ။ ဖွားလှမြန်းပစ်ကျွေးတဲ့ ထန်းလျှက်လုံးများဆို ဘဒတ်ရပ်ပြီးဖမ်းတတ်သေးတာ။
* * * * *
” ဖွားလှမြန်း နေ့လည်စာထမင်းစားရအောင်”

ခြေရင်းဖက်မီးဖိုချောင် ထရံကဲလားပေါက်ကမိမွှေးလှမ်းအော်သံကြောင့် ဖွားလှမြန်း ဖွာလက်စ ဆေးလိပ်တို မီးငြိမ်းရင်း

“အေး စားရုံပဲ ”

လို့တိုတိုတုတ်တုတ်သာဖြေလိုက်သည်။

ဖွားလှမြန်းအိမ်ရှေ့ သဲ့ကပြင်ပေါ် မိမွှေးထမင်းဟင်းတွေတင်ရင်း ခေါင်းရင်းအိမ်ဖက် မယ်ကျော့ကိုပါလှမ်းခေါ်လိုက်သည်။

“မယ်ကျော့ ထမင်းစားရအောင်ဟေ့ ”

ဖိုးတာနှင့်ငလှိုင်တို့ ကိုယ်စီကိုယ့်ယာထဲ သွားကြချိန်မို့ နေ့လည်စာစားရင် ဖွားလှမြန်းတို့ မိန်းမတွေသုံးဦးနဲ့ ပေတိုးနဲ့တက်တိုးကလေးနှစ်ယောက်သာ ထမင်းစုစားကြရသည်။

“ပဲ​ကြားလှော်လေးကို ကြက်သွန်ဖြူဆီသပ်ပြီးကြော်ထားတာ ငံပြာရည်ဖျော်လေးနဲ့ ဖွားလှ​မြန်း ထည့်စားပါ့တော့် ”

“ငါးပုတ်သင်ခြောက်ကြော် ချဥ်ရည်ဟင်း သခွပ်ပွင့်ခြောက်လေး ရေနွေးဖျောပြီး မြေပဲဆားလှော်လေးနဲ့ သုပ်ထားတာ ဖွားလှမြန်း မြည်းကြည့်ပါအုန်းတော် မမမွှေးလည်း ထည့်သာစားတော့”

မိမွှေးနဲ့မယ်ကျော့ ပါးစပ်ကလည်းပြောရင်း လက်ကလည်း ဖွားလှမြန်းထမင်းဇလုံထဲ ဟင်းတွေထည့်ဦးချတော့သည်။

“စားကြပါ အေတို့ရယ် ၊ပဲလှော်ကငါ့သွားမှမရှိတာ ဘယ်ဝါးကောင်းမတုန်း ၊ သွားကောင်းလို့ကတော့အေ ဘယ့်နှယ့်ရှိစ ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်အောင်ကို ဝါးစားလိုက်ချင်ပ ၊ အသက်များရလာတော့ ထမင်းစားရတာတောင် တယ်လည်းဟန်မကျချင်ပါဘူး၊ အဘိုးကြီးနဲ့အိမ်ထောင်ကျစကများဆိုရင် ပဲလှော်ကြော် ချဥ်ရည် ငရုပ်သီးထောင်းနဲ့ နေ့ပေါင်းများစွာစားလာရလည်း ထမင်းများမြိန်ပါ့တော် စလယ်ဝင်အိုးတစ်အိုးခဏနဲ့ပြောင်တာပ၊ ဒို့များ အဖွားကပြောဖူးတယ် ငွေမရှိလို့ ဝယ်မစားနိုင်မှငတ်တာမဟုတ်ဘူး ၊ စားချင်တာ ဝယ်စားနိုင်ရက်နဲ့ မစားနိုင်တာလည်း ငတ်တာပဲတဲ့ အေတို့ရဲ့”

ဖွားလှမြန်း ရဲ့စကားနားထောင်ကာ မိမွှေးနဲ့မယ်ကျော့ ထမင်းစားရင်း ပြုံးမိကြသည်။ ဖွားလှမြန်းဆီက ရယ်စရာတွေ ဗဟုသုတတွေ အမြဲကြားနေကျကိုး။

“မယ်ကျော့ ညည်း ငါးပုတ်သင်ခြောက်လေး ကောင်းပါ့ကော ဘယ်ကဝယ်သတုန်း၊ ကိုဖိုးတာကငါးပိ ငါးခြောက် ကြိုက်တာအေ့ ”

“ဖွားလှမြန်းသားကိုကြီးစံကျော့်အလုပ်ရှင်ရဲ့ သမီးဆိုင်ကဝယ်လာတာ ။ အပျိုကြီးက နှုတ်ချိုလက်တိုတော့။
ကိုဖိုးတာစားချင်တာများ ကျုပ်ဆီကယူကြော်ရောပေါ့ မမမွှေးရယ် ၊ ကိုငလှိုင်ကငါးခြောက်ဆို တယ်လည်းစားတာမဟုတ်ပါဘူးတော်”

ဖွားလှမြန်းကတော့ ထမင်းစားပြီး လက်ဆေးရေအင်တုံထဲလက်ဆေး၊ တိုင်မှာချည်ထားတဲ့ပုဆိုးပိုင်းလက်သုတ်ပြီး သောက်လက်စဆေးလိပ်တိုမီးညှိကာ ဆေးလိပ်ဖွာနေတော့သည်။

မိမွှေးနဲ့မယ်ကျော့ တို့ထမင်းစားပြီးသည်နှင့် ဖွားလှမြန်းချကျွေးထားတဲ့ ပေါက်ပေါက်ဆုပ်စားလိုက် ရေနွေးကြမ်းသောက်လိုက် ရောက်တက်ရာရာစကားပြောနေသည်။ ပေတိုးနဲ့တက်တိုးကတော့ လူထမင်းစားပြီးချိန်လောက် အချိန်ကိုက်ပြန်လာတတ်သော မိုးညိုမ ကို ထမင်းကျွေးနေကြလေရဲ့ ။ ဖွားလှမြန်း အကြည့်က မိုးညိုမဆီရောက်ခိုက်

“ဟဲ့ မိမွှေးနဲ့မယ်ကျော့ ကြည့်ကြပါအုန်းအေတို့ရဲ့၊ ညည်းတို့ရဲ့ မိုးညိုမ နို့တွေလေးဆူလာတယ်အေ့ ဒီလိုဆို မိုးညိုမ သားပေါက်တော့မယ်ထင်ပါ့အေ ”

ဖွားလှမြန်းပြောမှ မိမွှေးနဲ့ မယ်ကျော့ မိုးညိုမကို စေ့စေ့စပ်စပ်ကြည့်ပြီးမယ်ကျော့က

“ဟုတ်ပ ဖွားလှမြန်းရယ် မိုးညိုမကဇီးနဲ့တော့ ကိုငလှိုင်ပြန်လာရင်ပြောရအုန်းမယ် သူ့အချစ်တော် မိုးညိုမအကြောင်း ”

မယ်ကျော့ စကားဆုံးတော့ ပါးရည်နားရည်တွန့်နေသည့်ကြားက မျက်လုံးနားတစ်ဝိုက်အသားတွေပိုတွန့်သွားသည်ထိ ဖွာလှမြန်းပြုံးရင်း..

“ငါ့နှယ့်အေ ဒီသုံးအိမ်တန်ထဲ လူဦးရေများတိုးလာမလားမှတ်တယ် ။ ခုတော့ဖြင့် ခွေးဦးရေတိုးအုန်းမှာပ ၊ မယ်ကျော့များ ကိုယ်ဝန်ရလို့ငလှိုင်ပျော်ရမယ်မှတ်တာ မိုးညိုမမွေးမဲ့ ခွေးပေါက်ကလေးတွေသာထိန်းကြတော့ ငလှိုင်နဲ့မယ်ကျော့”

ဖွားလှမြန်း စကားကို မိမွှေးကဟက်ဟက်ပက်ပက်ရယ်နေပြီး မယ်ကျော့ကတော့ ဖွားလှမြန်းကို မကျေနပ်လေဟန် တမင်လုပ်ပြကာ..

“ဖွားလှမြန်းနှယ် ပြောရောမယ်၊ ကျုပ်လည်းမွေးမှာပါတော့် အမွှာကိုမွေးလိုက်အုန်းမယ် မွေးပြီးခါမှ ဖွားလှမြန်းကတစ်ယောက်ထိန်း မမမွှေးနဲ့ကိုဖိုးတာတို့ကတစ်ယောက်ထိန်း ထိန်းကြမယ်ဆိုရင် ကျုပ်မွေးလိုက်မယ်တော်”

ဖွားလှမြန်း ဆေးလိပ်သောက်မပျက် ရယ်လို့သာနေသည်။ မိမွှေးကတော့ ရယ်နေရင်း ..

“အမလေး မယ်ကျော့နှယ် ၊ ကျုပ်အိမ်က ပေတိုးနဲ့တက်တိုး ဗျတ်ဝိ ဗျတ္တ နှစ်ကောင်နဲ့တောင် ကျုပ်မယ် သွေးမတိုးရုံတစ်မယ် ဒါနဲ့ မယ်ကျော့ ဖွားလှမြန်းကို ညည်းပြန်ပြောလိုက်လေ သူများကိုသာ ကလေးမရှိလို့ပြောနေတာ ဖွားလှမြန်းသား ကိုကြီးစံကျော်က ခုထိအိမ်ထောင်တောင်မကျသေးပဲများ နော့အေ ၊ ”

မိမွှေး ရယ်ကျဲကျဲမျက်နှာပေးနှင့် စကားထိုးသည်ကို မယ်ကျော့ကလည်း ဖွားလှမြန်းဖက်လှည့်ကာပြင်ထိုင်ရင်း..

“ဟုတ်သားပဲ ဖွားလှမြန်း ကိုကြီးစံကျော်က မိန်းမမယူတော့ဘူးလား ဟိုအလုပ်ရှင်ဆိုတဲ့လူကြီးက သူ့သမီးအပျိုကြီးနဲ့မှ သဘောတူလေသလားမသိဘူးတော့် ၊အဲ့လူကြီးက ကိုကြီးစံကျော်ကို တယ်အရေးပေးတာတော့်”

ဖွားလှ​မြန်း ဖင်စီခံနားထိရောက်သည်ထိ ဖွာထားသော
ဆေးလိပ်တိုကိုလွှင့်ပစ်ရင်း

“မသိပါဘူးအေ ၊ သဘောတူတော့လည်းယူရုံပ ၊ အသက်ကြီး ကြီးလှမှ မယူလောက်တော့ပါဘူး အေတို့ရယ် ငါ့သားလေးငါမျက်ကွယ်ပြုရင် တစ်ယောက်ထဲကျန်ခဲ့ရရှာမှာ အရွယ်ရှိတုန်းကလည်း ငါ့ကြောင့်အိမ်ထောင်မပြုခဲ့ရရှာဘူး စံကျော် မိန်းမမရခဲ့တာလည်းငါ့အပြစ်လဲ မကင်းဘူးအေ့ ၊ ရွာအနောက်ပိုင်းက သက်မာကိုသိတယ်မလား ၊ မိမွှေးကတော့သိလောက်မယ်။ မယ်ကျော့ကတော့ သိချင်မှသိမှာ ညည်းကဒီရွာခြံပေါက်မဟုတ်တော့”

ပြောလက်စ စကားကိုရပ်ပြီး ဖွားလှမြန်း ရေနွေးကရားလှမ်းယူဖို့ဟန်ပြင်လိုက်သည်။ မိမွှေးက အလိုက်သိစွာ ရေနွေးကရားထဲမှ အကြမ်းပန်ကန်တစ်လုံးထဲ ရေနွေးကြမ်းငှဲ့ကာ ဖွားလှမြန်းကို ကမ်းပေးလိုက်သည်။ ရေနွေးတစ်ကျိုက်သောက်ပြီး လည်ချောင်းရှင်းကာ ဖွားလှမြန်း စကားဆက်ပြန်သည်။

“သက်မာနဲ့စံကျော် ငယ်တုန်းကပေါ့အေ ၊ ကာလသား ကာလသမီးဆိုတော့ သမီးရည်းစားဖြစ်ချိန်းတွေ့ကြတာပေါ့အေ ၊ ဒါကို သက်မာအဖေကြီးကသိတော့ ငါ့သားကိုထိုးလားနှက်လားလုပ်တာပေါ့အေ သူများတွေငါ့လာပြောတော့ ငါလည်းလိုက်ချသွားတာ ဟိုရောက်တော့ သက်မာအဖေကြီးကို ငါ့သားကမျက်နှာမှာအညိုကွက်
တောင်းပန်နေတာလဲမြင်ရော ငါလည်းသားဇောနဲ့ အနားရှိတဲ့ ဆူးဒေါက်ခွကြီးဆွဲပြီး သက်မာအဖေကြီးကိုတွယ်ထည့်လိုက်တယ်။ သားရှင်ဖြစ်တဲ့ငါက သမီးရှင်ဖြစ်တဲ့သူ့ကို မတောင်းပန်တဲ့အပြင် ရိုက်ပါဝင်ရိုက်လိုက်တော့ ငါ့တော်တော်တော့ မုန်းနေရှာမှာပအေ
မကြာပါဘူး သက်မာကိုယောကျ်ားပေးစားလိုက်ကြတာပါပဲ သက်မာအဖေကြီးဆို သေသာသေသွားရော လှမြန်းဆိုရင်ကို ဒင်း တယ်ရွံမုန်းကြီး ဖြစ်သွားတာပအေ”

ဖွားလှမြန်း စကားဆုံးသွားတော့ ရေနွေးတစ်ကျိုက်နှစ်ကျိုက်သောက်၊ ထန်းလျှက်ခဲလေးတွေ လက်တစ်ခုပ်ယူကာ တစ်လုံးချင်း တစ်လုံးချင်း မိုးညိုမကို ချကျွေးနေလိုက်သည် ။ အရင်လိုပစ်ကျွေးပြီး ထန်းလျှက်ခဲဖမ်းခိုင်းလို့မဖြစ်တော့ဘူး ။ မိုးညိုမမှာ ကိုယ်ဝန်ကြီးနဲ့မလား။

* * * * *
လင်းကြက်တွန်သံကြားသည်နှင့် ခြုံထားသောဘာဘူစောင်ကိုခေါက်ကာ ဖျင်ကွက်စိပ်ခေါင်းအုံးပေါ်တင်ပြီး ဖွားလှမြန်း အိပ်ယာကထလိုက်သည်။ လင်းကြက်တွန်သံ ကြားရဖို့အိပ်ယာထဲ စောင့်နေရတာတယ်လည်းကြာပါဘိ။ ဇရာလေးများ ရလာတော့ ကြာကြာကို မအိပ်နိုင်တာပါလား။

ငယ်ငယ်ကများ တစ်နေ့လုံးယာထဲကိုင်းထဲအလုပ်လုပ်ပြီး ညဖက်ဆို ခေါင်းအုံးနဲ့ခေါင်းထိလိုက်တာနဲ့ တစ်ကျိုးတည်းအိပ်ပျော်တာ ။မနက်လင်းရင် မထချင်ထချင် အိပ်စုံမှုန်ဝါး မနည်းထရတယ်။ ဘာအလုပ် ဘာအကိုင်မှမရှိ အေးအေးလူလူဖြစ်တဲ့တစ်နေ့ အတိုးချအိပ်မယ် တေးခဲ့သမျှ အခုများ အရုဏ်တက်ချိန်ရောက်ပါတော့လို့ကိုဆုတောင်းနေရတယ်။အသက်လေးများရလာရင် အအိပ်အနေတယ်နည်းတော့တာကိုး။

မီးဖိုချောင်ထဲဝင်ပြီး ဖိုကနောက်ထဲထင်းခြောက် သုံးလေးချောင်းထည့်ပြီး ရေနွေးတစ်ကရားတည်ထားလိုက်တယ် ။ ရေနွေးဆူအောင် ဖွားလှမြန်း ဘုရားကန်တော့ရင်း ဘုရားကန်တော့ရင်းစောင့်နေလိုက်သည်။

“ဤသို့ပြုရ မြတ်ပုညကို ကြီးလှမြင့်ခေါင် မြင့်မိုရ်တောင်ဦး……. ဤကဲ့သို ပြုခဲ့ဖူးသောဒါနအစုစု၏ ကောင်းမှုကုသိုလ် အဖို့ပါကအား သားစံကျော်လည်းထပ်တူ ကုသိုလ်ရပါစေအရှင်ဘုရား..သွားလေရာခရီး ကားသော်လည်းကောင်း လူသော်လည်းကောင်း ခလုတ်မထိ ဆူးမငြိနှင့် လိုရာခရီးပြီးမြောက်ရပါစေ အရှင်ဘုရား…
သူတော်ကောင်းများနှင့် တွဲဖက်လုပ်ကိုင်ပြောဆိုရပြီး သူယုတ်မာများနှင့် ကွေ့ကွင်းပါရစေအရှင်ဘုရား”

ဖွားလှမြန်း မေတ္တာပို့ အမျှဝေ ဆုတောင်းချွေလေတိုင်း သားဖြစ်သူ စံကျော်အတွက် ပိုပိုသာသာလေးမေတ္တာပို့တတ်သလို ပိုပိုသာသာဆုတောင်းပေးတတ်သည်။ ဒါကြောင့်လည်း စံကျော်အိမ်မှာအိပ်ရတဲ့ရက်မျိုး ဖွားမြန်းဘုရားကန်တော့ချိန်ဆုံရင်” အမေကဘုရားကန်တော့တာနည်းနည်း ဆုတောင်းတာကများများရယ်” လို့ မအေကိုကျီစယ်သေးတာပါကလား။

ရေနွေးထဲလက်ဖက်ခြောက်ခပ်ပြီး ပူပူနွေးနွေး ရေနွေးကြမ်းတစ်ခွက်ကို တစ်ဖူးဖူးမှုတ် သောက်လိုက်သည်။ ညက ကျန်သည့်ထမင်းကြမ်းလေးနဲ့ စားဖို့ ဟိုဖက်အိမ်က ပေးတိုးနဲ့တက်တိုး အိပ်ယာနိုးမှ ရွာထဲကြည်သန်းအကြော်ဆိုင်က မတ်ပဲအကွင်းကြော်လေး သွားဝယ်ခိုင်းရအုန်းမည်။

ရေနွေးလေးတစ်ခွက်သောက်ပြီးပြန်တော့ ခံတွင်းကချဥ်လာသား။ ညက အိပ်ခါနီး နို့ဆီချောင်ထဲထည့်ထားတဲ့သောက်လက်စ ဆေးလိပ်တစ်တိုယူပြီး ထိုင်နေကျ သဲ့ခင်းကပြင်ပေါ်ထွက်ထိုင်လိုက်သည်။ ခေါင်းရင်းအိမ်အောက်ဆီက မိုးညိုမ ရဲ့ ငြီးသံသဲ့သဲ့ ကြားလိုက်မိတော့ ဖွားလှမြန်း ခေါင်းထောင်ကြည့်လိုက်သည်။

ခွေးသားပေါက်ပိစိ နီတာရဲလေးတွေ လှဲအိပ်နေတဲ့မိုးညိုမရဲ့နို့ကို တစမ်းစမ်းအလုအယက်စို့နေကြတာ မိုးလှမြန်းတွေ့လိုက်ရသည်။ မိုးညိုမကြီး သားပေါက်ပြီ ။ခေါင်းရင်းအိမ်က မိုးညိုမရဲ့သခင် ငလှိုင်နဲ့ မယ်ကျော့ကို ဖွားလှမြန်းအော်ကာနှိုးလိုက်တော့သည်။

“ငလှိုင် မယ်ကျော့…ညည်းတို့ မိုးညိုမ သားပေါက်ပြီအေ့
..ထကြတော့ ..အကောင်ရေတော့ များသား ခြောက်ကောင် ခုနှစ်ကောင်လောက်ရှိမယ်မှတ်တယ်..”

ဖွားလှမြန်းအသံကြားတော့မှ အိပ်စုံမှုန်ဝါးနှင့် အိပ်ယာမှလူးလဲထကာ ငလှိုင်နှင့်မယ်ကျော့ မိုးညိုမ သားပေါက်ရာ
အိမ်အောက်လေးထဲ ခင်းကျင်းပြင်ဆင်ပေးလိုက်ကြသည်။

မိုးအရှင်းသားလင်းပြီမို့ သုံးအိမ်တန်းလေးထဲ ထင်းခုတ်သံ ကြော်လှော် ချက်ပြုတ်သံတွေနှင့် တစ်နေ့တာအတွက်အစပျ်ိုးအသက်ဝင်သွားရသည်။ မနက်ခင်းအစာပြေစာ စားသောက်ပြီးသည်နှင့် လင်လုပ်သူတွေက နေ့လည်စာထမင်းတောင်းဆွဲ ယာထဲကိုင်းထဲသွား၊ အိမ်မယ်ကျန်ရစ်တဲ့ မယားလုပ်သူတွေက နွားစာစင်း ၊နွားချေးကြုံး ၊လျှော်ဟယ် ဖွပ်ဟယ် ဆေးဟယ်ကြောဟယ်နှင့်နေ့တစ်ဒူဝ ဖြတ်သန်းနေကြရတာမဟုတ်လား။

ကောက်စိုက် ပျိုးနှုတ်ချိန်တွေတော့ မယားလုပ်တွေပါ ယာထဲကိုင်းထဲဆင်းပြီး ဒိုးတူဘောင်ဘက် တောလုပ်တောကိုင်တွေ လုပ်ကြရတယ်။ ကောက်ပဲသီးနှံ စျေးကောင်းလေးများမိရင် စုမိဆောင်းမိပေမဲ့ စျေးကောင်းမမိ တောင်သူတွေအတွက်ရန်သူမျိုးငါးပါးထဲပါတဲ့ပိုးကောင်မွှားကောင်များဖျက်လို့ကတော့ ငါးပါးမှောက်ကြရသေး။

အဘိုးကြီးဆုံးပြီးကတည်းက လယ်ယာကိုင်းကျွန်းမလုပ်တော့တဲ့ ဖွားလှမြန်းအဖို့တော့ ဒီဝဋ်တွေကလွတ်ခဲ့ပြီ ။ စံကျော်ကားမောင်းတာလေးနဲ့ အမေတစ်ခုသားတစ်ခုဘဝလုံလောက်ပြီ။ ဝါစဥ်အတိုင်းသာ သေမင်းခေါ်ရာလိုက်ရရိုးမှန်ရင် ဖွားလှမြန်း မရှိတော့သည့်နောက် ဟောဒီအိမ် ဟောဒီမြေနဲ့ စုဆောင်းထားတဲ့ရွှေတိုငွေစအနည်းအကျဥ်းနဲ့ စံကျော်တစ်ယောက်ထဲလုပ်ကိုင်စားသောက်ဖို့ စိတ်ချလက်ချထားခဲ့လို့ရပြီ။

စံကျော်တစ်ယောက်ထဲ ကျန်ခဲ့ရမဲ့အဖြစ်တွေးမိပြန်ရင် ဖွားလှမြန်း စိတ်ထဲတယ်မကောင်း။တရားမရှိဘူးပြောပြော ဖွားလှမြန်း သေပျော်လို့ရတဲ့ဘဝမယ် သေရမှာပင်ခပ်ကြောက်ကြောက်။ လူတိုင်း ဒီလမ်းကလွတ်အောင်ပြေးပုန်းလို့မှ မရတာလေ။ ဒီရုပ်နဲ့နာမ်အိုးစားကွဲချိန်မှတော့ ငါဘာမှသိမှမဟုတ်တော့ပါဘူးလေ လို့ ဖွားလှမြန်းကိုယ့်ကို စိတ်အားတင်းရပြန်တယ်။

သေသူမှာနိစ္စ ကျန်သူမှာဒုက္ခတဲ့။ ကျုပ်မှာတော့ တစ်ယောက်ထဲမွေးထားတယ်ဆိုစလောက်လိမ္မာရေခြားရှိတဲ့သား အလုပ်ကျွေးပြုတဲ့သား လူ့လောကထဲတစ်ယောက်ထဲထားခဲ့ရမဲ့အဖြစ်နဲ့ ပူလောင်နေရတယ်။ တော်ကတော့ဖြင့် ကျုပ်တို့သားအမိကို စိတ်ချလက်ချထားရစ်ခဲ့နိုင်ပါ့။
တစ်ခါတစ်လေ သွားလေသူအဘိုးကြီးကိုပါ ဖွားလှမြန်းမကျေမချမ်းဖြစ်မိရပါရဲ့။
* * * * *

အဖြူပေါ် အညိုကြားလေးတွေ၊ အနက်ပေါ် အဖြူကွက်လေးတွေ၊ အမြှီးထိပ်မယ် အဖြူပြောက်လေးတွေနှင့် မိုးညိုမရဲ့ ခွေးပေါက်တွေ တစ်ကောင်နဲ့တစ်ကောင်တွန်းထိုး လုယက်ပြီး အမေခွေးမကြီးရဲ့နို့ကို သူ့ထက်ငါအပြိုင်စို့နေတဲ့ မြင်ကွင်းက ဖွားလှမြန်းရဲ့ စိတ်ကို ကြည်နူးစေသည်။

ငလှိုင်နဲ့မယ်ကျော့ရဲ့ ဂရုတစ်စိုက်ကျွေးမွေးမှုနဲ့အတူ မိုးညိုမရဲ့ နို့ကလည်း ခွေးသားပေါက်လေးတွေ အလုံအလောက်ပြည့်ပြည့်ဝဝ တိုက်ကျွေးနိုင်သည်။
မိုးညိုမက သားပေါက်ပြီးမှ သူ့အနားလူကပ်မခံချင်။သူ့သခင် ငလှိုင်နှင့် မယ်ကျော့ပင်သတိထားကပ်ရနေရသည်။ ခွေးသားပေါက်လေးတွေကိုင်ရင် လူက်ိုရန်ရှာချင်လာသည်။

အိပ်ယာမဝင်ခင်နေဝင်ရိုးရီ အပေါ့ပါးထသွားတာကိုပင်
ဖွားလှမြန်းတို့တစ်တွေ မိုးညိုမကိုသတိထားသွားကြရသည်။ အခုလည်း ဖွားလှမြန်း အနောက်ဖေးသွားဖို့ မိုးညိုမရဲ့ အရိပ်အခြေကြည့်နေရသည်။

မိုးညိုမတို့ခွေးသားအမိတွေရှ်ိရာ ဖွားလှမြန်း ခေါင်းတိမ်းကြည့်လိုက်တော့ မိမွှေးနဲ့ဖိုးတာသားအငယ်ကောင် တက်တိုး အော်နေသော ခွေးပေါက်လေးတစ်ကောင်ကို ပွေ့ကာ ပြေးမည်အပြု

“တက်တိုး မကိုင်နဲ့.. သူ့အမေကြီးကိုက်လိမ့်မယ်”

ဖွားလှမြန်းပင် အော်သံမဆုံးသေး မိုးညိုမက တက်တိုးအပေါ်ခုန်အုပ်လိုက်လေပြီ။ လဲကျသွားသော တက်တိုးကို မိုးညိုမ သည်းကြီးမဲကြီးကိုက်တော့သည်။ တက်တိုးရဲ့ ငယ်သံပါအောင် အော်ဟစ်ငိုယိုသံကြောင့် ဖွားလှမြန်းနှင့်အတူ မိမွှေးတို့လင်မယား မယ်ကျော့တို့လင်မယားပါ ပြေးဆင်းလာကြလာသည်။

ငလှိုင်နှင့်မယ်ကျော့က တက်တိုးကိုယ်ပေါ် ဖိကိုက်နေသော မိုးညိုမကို အတင်းဝင်ဆွဲရသည်။ ဖိုးတာနဲ့မိမွှေးတို့က သွေးအလိမ်းလိမ်းထွက်နေသော တက်တိုးကို ပြေးပွေ့ကြသည်။ ဖွားလှမြန်း ကတော့ရင်တုန်ပန်းတုန်ဖြစ်ကာ ရပ်နေရာမှာပင် ကြက်သေ သေနေတော့သည်။

“အမလေး သွားပါပြီ၊ ကျုပ်သားလေးမျက်နှာမယ် ဒဏ်ရာ ဗလပွနဲ့ ၊ မျက်စိများကန်းလေပြီလားမသိဘူးတော်ရေ…ခဲရာခဲဆစ် ကျုပ်မွေးခဲ့ရတုန်းကအကောင်း ခုများကန်းလေရောလားတော့် ၊အီး ဟီး.. ဟီး”

မိမွှေး မြေလူး ရင်ဘတ်စည်တီး အော်ငိုသံကြားမှဖွားလှမြန်း သတိဝင်လာတော့သည်။ တက်တိုးရဲ့ရင်ဘတ်ပေါ်၊မျက်နှာပေါ်၊ လက်မောင်းတွေပေါ်ရော သွေးသံ တရဲရဲဒဏ်ရာတွေကြည့်ရင်း ဖွားလှမြန်း ရင်ဘတ်တွေပင်အောင့်လာသည်။

“မမမွှေး လာလာ ရွာထဲက ကျန်းမာရေးမှူးရေဆီသွားမယ်
ကလေးဒဏ်ရာတော်တော်များတယ်”

မယ်ကျော့ပြောပြောဆိုဆို မိမွှေးကိုတွဲထူထကာ ငလှိုင်ကတက်တိုးကို ထမ်းပြီး ရွာထိပ်ဆေးပေးခန်းကို ထိတ်ထိတ်ပြာပြာနှင့်အပြေးထွက်သွားကြလေသည်။

ဖိုးတာကတော့ လက်သီးကိုကျစ်ကျစ်ဆုပ်ပြီး မျက်ထောင့်နီကြီးနှင့် မိုးညိုမ ကိုအံကြိတ်ကြည့်ကာ

“မိုးညိုမ နင် ငါ့သားကိုကိုက်တာ နင်လည်းသေဖို့သာပြင်ထား ငလှိုင်နဲ့မယ်ကျော့ ဒင်းတိုလည်းအငြိမ်နေရမယ်မထင်ကြနဲ့ သေခန်းပြတ်ပဲ”

ဖိုးတာ ကြုံးဝါးပြီး အိမ်ထဲဝင်ကာ ဓားဆွဲထွက်လာတော့သည် ။ ဓားကိုမြှောက်ကာ မိုးညိုမကို ခုတ်ရန် ဒေါသအမျက် ချောင်းချောင်းထွက်နေသော ဖိုးတာကို ရှိသမျှအင်အားနှင့် ဖိုးလှမြန်းဝင်ဆွဲသော်လည်း ချိနှဲ့နေသော ဖွားလှမြန်းပင် လွင့်ထွက်သွားရသည်။

လွှင့်စင်သွားသော သစ်သားခေါင်းဘီးကို ကုန်းရုန်းပြန်ကောက်ကာ ဘီးဆံပတ် ပြန်ပတ်ရင်း နေရာမှထပြီး ဖွားလှမြန်း ကြည့်လိုက်တော့ မိုးညိုမတစ်ကောင် ဆန့်ငင့်ဆန်ငင့်ဖြစ်ကာ မျက်လုံးအပြူးသားနှင့်အသက်ထွက်သွားလေပြီ။

မိုးညိုမကလည်း သူ့ကလေးကို တက်တိုးအန္တရယ်ပြုမည်အထင်​ဖြင့် မြင်တွေ့ရင်းနှီးနေကျ တက်တိုးကို သာယဇောနှင့်ကိုက်သည်။ ဖိုးတာကလည်း ဒဏ်ရာဗလပွနှင့်သားဖြစ်သူတက်တိုးကို မြင်ပြီး သားဇောဖြင့် ဒေါသငယ်ထိတ်တက်ကာ မိုးညိုမကိုသတ်သည်။ အခုတော့ဖြင့် မိုးညိုမရဲ့ အစွယ်အပွား ခွေးပေါက်လေးတွေ အမေမဲ့ရှာပြီ။

“အော်..သားဇော… သားဇော ”

သွေးအိုင်ထဲက မျက်လုံးအပြူးသား အသက်မဲ့နေသော မိုးညိုမကို တွေတွေကြီးငေးကာ ဖွားလှမြန်းမငိုသော်လည်း ပါးပြင်ပေါ် မျက်ရည်တွေအပြိုက်ပြိုက်စီးကျလာသည်။

ဆေးပေးခန်းမှပြန်လာသော ပတ်တီးအဖွေးသားနှင့်တက်တိုးကိုလည်းမမြင်နိုင်၊ ဖိုးတာနှင့်ငလှိုင် အပြန်အလှန် သူတစ်ခွန်း ငါတစ်ခွန်း အော်ဟစ်တိုင်းထွာ အချင်းများသံတွေလည်းမကြားနိုင် ၊ မျက်ရည်လည်ရွဲနဲ့ လင်လုပ်သူတွေကိုဆွဲဟယ်တားဟယ် ဝရုန်းသုန်းကားဖြစ်နေတဲ့ မယ်ကျော့နဲ့ မိမွှေးကိုလည်းဂရုမပြုနိုင် ဝါးသဲ့ကပြင်ပေါ် ပြောင်းဖူးဖက်ဆေးလိပ်ကြီးဖွာကာ အဝေးတစ်နေရာသို့သာ ဖွားလှမြန်းငေးကြည့်နေမိတော့သည်။

“သြော်…ဒီသုံးအိမ်တန်းလေးမယ် သားဇောကြောင့် ချစ်ခင်ရင်းနှီးမှုတွေပျက်ပြားပါပေါ့လား.. မေတ္တာတရားတွေခမ်းကြပါပေါ့လား..စည်းလုံးမှုတွေပြိုကွဲပါ​ပေါ့လား”

ဖွားလှမြန်း သက်ပြင်းရှည်ကြီးတစ်ချက်ချကာ ပြောင်းဖူးဖက်ဆေးလိပ်တိုကြီးကို မီးရဲခနဲနေအောင် ဖွာရှိုက်လိုက်ပါတော့သည်။

သားဇော
အယ်ဟုန်သော်