” သားသမီးလုပ်စာ ” (စ/ဆုံး)

” သားသမီးလုပ်စာ ” (စ/ဆုံး)

=============================

“ခေတ်ပျက်ရင်
သဘင်သည် အရင်ငတ်တယ် ။” ဆိုသလိုပင်
သဘင်သည်အုပ်စုနွယ်သည့်
ကျွန်တော့ ရုပ်ရှင်ပြသခြင်းလုပ်ငန်း
ကာရာအိုကေလုပ်ငန်းသည်
ကိုဗစ်စဖြစ်သည်နှင့်
အဦးဆုံးပိတ်လိုက်ရပြီး အဦးဆုံး ငတ်သူ
ဖြစ်လာရလေသည်။

ကျွန်တော့ အတွက် ပို၍ ကံဆိုးသည်မှာ
လုပ်ငန်းကောင်းသည်ဆိုပြီး ရှိသမျှအရင်းထဲ
ပုံအောထည့်မိခြင်းပင်ဖြစ်သည်။

ရုပ်ရှင်ရုံကို အဆင့်မြင့်ပြစက်နှင့်
အဲကွန်းများတပ်ဆင်ပြီး အဆင့်မြင့်ရုံလုပ်ထားသည် ။
ကာရာအိုကေလုပ်ငန်းအတွက်
မူလ နှစ်ထပ်အဆောက်အအုံမှ
လေးထပ်မြှင့်ဆောက်လိုက်သည်။

ရှိသမျှကလည်းလုပ်ငန်းအတွင်းမြုပ်
ဝင်ငွေရနေသည့်လုပ်ငန်းကလည်း
ချက်ချင်းရပ်ဆိုင်း ဖြစ်သွားသော အခါ
စားရေးအတွက် အလွန် စိတ်ပူမိလေသည်။
နေရေးနှင့်ဝတ်ရေးမှာမူ နေစရာအိမ်နှင့်
ဝယ်ထားသော အဝတ်များရှိနေသဖြင့် မပူရပါ။

အစတွင် ကိုဗစ်သည် လေးငါးခြောက်လနှင့်
ပြီးသွားမည်ထင်ပြီး စိတ်ပေါ့မိသေးသည် ။
ဘဏ်တွင်ထည့်ထားမိသော ငွေအနည်းငယ်
အားကိုးဖြင့် သူဌေးလိုလို ထိုင်စားနေလိုက်သည်။

အားငယ်စိတ်မဝင်ဘဲ ချွေတာစားသောက်
နေထိုင်တတ်သောဇနီးသည်ကို
ကျေးဇူးတင်မိသည်။

ကိုဗစ် ကြောင့် ၂၀၂၀ ခုနှစ် မတ်လမှ စ၍
လုပ်ငန်းများရပ်ဆိုင်းပြီး ဘဏ် ရှိငွေလေးနှင့်
ခပ်တည်တည်ထိုင်စားနေသောကျွန်တော်သည်
“နူုရာဝဲဆွဲ လဲရာသူခိုးထောင်း” ဆိုသကဲ့သို့
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလတွင်
ဘဏ်မှ ငွေထုတ်မရတော့ဘဲ
ရှိလျက် ငတ်မည့်ကိန်းကြုံရလေ
ကျွန်တော် အငတ်တော့မခံနိုင်
ဘဏ်တွင်ရှိသည့်ငွေအနည်းငယ်ကို
အတိုးစားခဲ့ရသည်နှင့်မကာမိအောင်
အရှုံးခံထုတ်ရတော့သည်။

ဘဏ်မှထုတ်ရသည့်ငွေ
စား၍ကုန်သွားသည့်အခါ
ဇနီးသည်ကိုဆင်ထားသော လက်ဝတ်လက်စား
များကို မျက်စောင်းထိုးရတော့သည်။

ဇနီးသည်မှလည်း
“ရှိတန်ဆာ မရှိဝမ်းစာပေါ့” ဟုဆိုကါ
ကြည်ဖြူစွာ ထုတ်ပေးလေသည် ။
ဇနီးသည်ထုတ်ပေးသော လက်ဝတ်လက်စား
များကိုကြည့်ပြီး မိမိကိုယ်ကို အပြစ်တင်မိလေသည် ။
နောင်တ လည်းရမိလေသည် ။

အကြောင်းမှာ
“ငါ့မိန်းမက ရွှေတွေစိန်တွေဝတ်မှလှတာမဟုတ်ဘူး
ဒီအတိုင်းကိုက ခန့်ချော ချောနေတာ” ဆိုပြီး
ဟုတ်တိပတ်တိ မဆင်ပေးခဲ့ မဝယ်ပေးခဲ့မိ၍ ဖြစ်သည် ။

“ရွှေလုပ်ထားလို့ငွေမတိုးဘူး
ရင်းနှီးမြှပ်နှံ စီးပွါးရေးလုပ်မှငွေတိုးတာ” ဟုဆိုကာ
ရှိသမျှ ရင်းနှီးမြှပ်နှံပစ်မိသည် ။
ယခု ကဲ့သို့သော ကိစ္စများဖြစ်မလာနိုင်ဟု
ထင်ထားခဲ့မိသည်။

ဝင်ငွေ မရှိဘဲ ထိုင်စားနေသော ကျွန်တော်
စိုးရိမ်စိတ်များဖြင့် ညညအိပ်မပျော်ပေ
ထိုအခါ စိတ်ပြေလက်ပျောက် fb ထိုင်ကြည့်
စာထိုင်ရေးလုပ်နေမိသည်။

ထိုကာလများတွင်
ကံကောင်းသည်ဟုပြောရမည်မှာ
သွေးသားမတော်စပ်ဘဲ တူမ ကဲ့သို့
ချစ်ခင်နေသော မိတ်ဆွေ တစ်ဦး၏ သမီးမှ
ငွေ ကျပ် သိန်း- – -ဖြင့်ကန်တော့သလို
တူကဲ့သို့ချစ်ခင်ရင်းနှီးသော
မိတ်ဆွေ၏ သားမှလည်း
ငွေကျပ် သိန်း- – -ဖြင့်ကန်တော့ရာ
ကျွန်တော့အတွက်
အလွန်ခုသာခံသာဖြစ်ပြီး
ဝမ်းသာဝမ်းနည်းဖြစ်မိလေသည်။

ကိုဗစ်ကာလလွန်သော်လည်း
နိုင်ငံရေးအခြေအနေကြောင့်
အလုပ်ပြန်မလုပ်နိုင်သေးဘဲ ထိုင်စားရင်းကုန်လာရာ
စားဝတ်နေရေးအတွက် အားငယ်စိတ်များပင်
ဝင်မိတော့သည်။

အထူးစိတ်ငယ်မိသည်မှာ အသက်ခြောက်ဆယ်
မငယ်တော့သည့်အရွယ်မှ
ယခု ကဲ့သို့ကြုံရခြင်းပင်ဖြစ်သည်။

ကျွန်တော်မှ ဇနီးသည်ကို သွေးတိုးစမ်းသည့် အနေဖြင့်
“တို့ငွေကုန်သွားရင်ဘာလုပ်ကြမလဲ” ဟုမေးသည့်အခါ
ဇနီးသည်မှ တည်တည်ငြိမ်ငြိမ်နှင့်ပင်
“ဘာဖြစ်လဲ ဆင်ဘိုကုန်းက မြေကွက်
ရောင်းစားမှာပေါ့•••အဲဒါမှမရသေးရင်
စိမ်းတောင်ကအိမ်ဝန်းရောင်းစားမှာပေါ့•••”ဟု
ဖြေခဲ့သည် ။(လက်ရှိနေသည်မှာ မြို့တွင်းမှ ktv
လေးထပ်တွင်ဖြစ်သည်။)

ဇနီးသည်၏ တည်ငြိမ်မှုကိုကြည့်ကာ
စိတ်အေးသွားရသည် ။
အမှန်မူထိုမြေကွက်ကိုရောင်းစားပါက
ကျွန်တော်တို့ အသက်နှင့်တွက်လျင်
တစ်သက်လုံးစားလောက်နိုင်ပါသည်။

သို့သော်လည်း ရောင်းမစါးလိုပါ သားသမီးများကို
အမွေပေးခဲ့ချင်သည်။

ကိုဗစ်ငြိမ်ပြီး
ကျွန်တော့လုပ်ငန်းများ ပြန်မလုပ်နိုင်သော်လည်း
သားနှင့်ချွေးမက လဘက်ရည်ဆိုင် ထဖွင့်သည်
ထိုအခါ မနက်မုန့်ဖိုး လဘက်ရည်ဖိုး
သက်သာသွားသည်။

တစ်ခါတရံတွင် သားနှင့် ချွေးမက
ငွေသိန်းဂဏန်းဖြင့်ကန်တော့တတ်သည်
ထိုအခါ သူတို့၏သိတတ်မှုအပေါ်
ဝမ်းသာမိသလို ကိုယ်ကပဲပေးချင်ပြီး
သားသမီးထံမှ မယူချင်ဘဲ ယူရသည့်
မိမိအဖြစ်ကိုဝမ်းနည်းမိပြန်သည်။

သမီးငယ်မှလည်း
သူ၏အဆင့်မြင့် မူကြိူကျောင်းပြန်ဖွင့်သည်
လကုန်သည့် အခါ အဖေနှင့်အမေ သုံးရန်ဟုဆိုကာ
လာလာကန်တော့တတ်သည် ။
ထိုအခါတွင်လည်း
ဝမ်းသာဝမ်းနည်းဖြစ်မိပြန်သည်။

သူတို့မောင်နှမကန်တော့ငွေသည်
ဝင်ငွေမရှိသော ကျွန်တော့အတွက်
မျှော်လင့်ချက်ရောင်ခြည်ဖြစ်နေတော့သည်။

ကျွန်တော်တို့လင်မယားစားဖို့မူ
များစွာမကုန်လှသော်လည်း
လူမှုရေး ၊ ကုသိုလ်ရေး ၊ ကျန်းမာရေးများ
အတွက်ကလည်း လိုပြန်သည် သုံးချင်ပြန်သည်။

သမီးငယ်မှ လစဉ်ကန်တော့မည်ဟု
ပြောထားသဖြင့် မလိုချင်သော်လည်း
လကုန်သည့်အခါ မသိမသာမျှော်မိသည် ။
ရောက်မလာသည့်အခါ
“လတိုင်းလာကန်တော့မယ်ဆိုပြီး
မလာသေးဘူးလား” ဟု မပြောရဲပါ
“သူလဲခက်ခဲတဲ့အခါရှိမှာပေါ့•••” ဟု
ဖြေတွေးမိသည်။

မနက် လဘက်ရည်သောက်မုန့်စားသည့်အခါ
မသိစိတ်မှနေ၍
“ငါ့သားနဲ့ငါ့ချွေးမ မျက်နှာကြည်သာရဲ့လား”ဟု
မသိမသာ အကဲခတ်မိတတ်သည်။
နေ့စဉ်အလကားစားနေရသည်ကို
အားနာသလိုလို ရှက်သလိုလိုဖြစ်မိသည်။

တစ်ခါသော် လဘက်ရည်မှာထားသည်ကို
တော်တော်နှင့်ရောက်မလာပါ
“လူရှုပ်နေလို့ ဆိုင်လာသောက်သူတွေကို
ဦးစားပေးနေရလို့လား•••”ဟုဆိုကာ
စောင့်သေးသည်။ကြာလတ်သော်
“အလကားစားသောက်နေလို့ ငါ့ကို
ဂရုမစိုက်တာလား•••”ဟု အတွေးဝင်ကါ
ဝမ်းနည်းစိတ်ဝင်လာမိသည်။

ဝမ်းနည်းစိတ်ဝင်ရာမှ
“ဟာ •••ဒါငါပိုင်တဲ့နေရာ
ငါကတစ်ပြားတစ်ချပ်မှမယူဘဲ
နေရာပေးထားတာ ငါ့ဘာသာငှါးစားရင်တောင်
သိန်းဆယ်ချီရမဲ့နေရာကို
တစ်ပြားတစ်ချပ်မှမယူဘဲ လုပ်စားခိုင်းထားတာ
ငါ့ကိုမထီလေးစားလာမလုပ်နဲ့•••”ဆိုသည့်
မာန်မာနစိတ်ဝင်လာသည်။

ဝမ်းနည်းစိတ်မှသည် ဒေါသနှင့်
မာန်မာနစိတ်သို့ပြောင်းသွားပြီး
လဘက်ရည်ဖျော်ခုံတွင်ရှိနေသည့်
ချွေးမကို
“ငါလဘက်ရည်မှာထားတာကြာလှပြီ
ဒီအိမ်မှာ မင်းတို့ငါ့မှဂရုမစိုက်ရင် ဘယ်သူ့ကို
ဂရုစိုက်မှာလဲ”ဟု လေသံမာမာနှင့်
ဟောက်ပစ်လိုက်သည်။

သွေးအေးသွားသည့်အခါတွင်မှ
“ကိုယ့်အရိပ်တွင်လာခိုနေရသူကို
ခပ်မာမာဆက်ဆံမိတယ်•••”ဟုတွေးကါ
စိတ်မကောင်းဖြစ်မိပြန်ပါသည်။
(အဖြစ်မှန်မှာ waiterမှပေါ့လျော့ခြင်းဖြစ်သည်)

“ချွေးမကစိတ်ကွက်ပြီး
စေတနာမဲ့သွားမလား မုန်းသွားမလား”ဟု
တွေးပူကါ
“သားသမီးတွေအပေါ် အတတ်နိုင်ဆုံး
မျက်နှာချိုမှ အပြောချိုမှဖြစ်မယ်•••”ဟု
တွေးမိပြန်ပါသည်။

က်ိုယ်ဖြစ်နေသည်ကိုကြည့်ကာ
ကိုယ်မွေးထားသည့်ခွေးအဖြစ်ကို
သတိထားမိသွားသည်။

ကျွန်တော့အိမ်တွင် “အငယ်ကောင်”ဟူသော
ခွေးတစ်ကောင်ရှိသည်။
သူသည် ကျွန်တော့ရုပ်ရှင်ရုံရှေ့တွင်ဖွင့်ထားသည့်
အကင်ဆိုင်မှ အကင်ကိုအလွန်စားချင်ရှာသည်။

ကျွန်တော့ကို သူ့နှတ်သီးဖြင့်ထိုးပြီး အကင်ဆိုင်သို့
ပြေးပြသည်”အကင်ဝယ်ကျွေးပါ”ဟု
တောင်းခြင်းဖြစ်သည်။

ကျွန်တော်က
စျေးပေါ့သော ကြက်လည်ချောင်းရိုး
အကင်ကိုနှစ်ထောင်ဖိုးငါးခုနှင့်
ဝယ်ကျွေးတတ်သည်။
တစ်ခါတရံဧည့်သည်နှင့်စကားပြောနေ၍
ဝယ်မကျွေးဖြစ်သေးသည့်အခါ
အလုပ်ရှုပ်နေသည့်အခါ
သူကခပ်လှမ်းလှမ်းမှ ဟောင်ပြီးအသံပေးသည်။

“အကင်ဝယ်ကျွေးတော့”ဟု ဂျီကျခြင်းဖြစ်သည်
ထိုအခါ ကျွန်တော်က စိတ်တိုပြီး
ရိုက်လွှတ်တတ်ပါသည်။
ထိုအခါမျိုးတွင် ထွက်ပြေးပြီး အဝေးမှနေ၍
မျက်နှာငယ်လေးနှင့်ကြည့်နေတတ်ပါသည်။

အစပထမတွင်ထိုအဖြစ်ကိုမည်သို့မျှမခံစားမိ
မတွေးမိသော်လည်း
ကိုယ်တိုင်ဝင်ငွေမရှိဖြစ်လာပြီး
သားသမီး ကန်တော့မည်ကို
မသိမသာမျှော်မိသည့်ကျွန်တော်

သားသမီးဆီကရမှ စားနိုင်မည်ကဲ့သို့
ဖြစ်နေသည့်ကျွန်တော်-
ကျွန်တော်ကျွေးမှ စားရမည့် ကျွန်တော့ခွေးနှင့်
တူနေတော့သည်။

ထိုအခါ
ကျွန်တော့ခွေးအငယ်ကောင်ကို
ကိုယ်ချင်းစာမိသွားသည်။

“ဪ•••သူ့ခမျာ ငါဝယ်ကျွေးမှ
စားရမှာပါလား•••”ဟု တွေးမိကာ
သနားသွားသည်။

ထိုအခါမှစ၍ ညနေဆိုလျင်
ကျွန်တော့ခွေးအငယ်ကောင်ကို
အထူးသတိထားပြီး ကြက်လည်ချောင်းရိုး
ကြက်ခေါင်းဝယ်ကျွေးသည်။

မကျွေးသေး၍ လူကိုနှတ်သီးဖြင့်လာထိုး
ဟောင်နေလျင်လည်း
“အေးပါကွာ နေပါအုံးကွ မအားသေးလို့ပါကွ•••”ဟု
ခွေးကိုလူလိုသဘောထားပြီး ပြောပေး
ဆက်ဆံပေးသည်။

ထိုအခါ အငယ်ကောင်မှလည်း နားလည်သကဲ့သို့
အမြီးလေးနှံ့ကာစောင့်နေတတ်သည်။
နည်းနည်းကြာလာလျင် အသံထပ်ပေးကါ
သတိပေးပြန်သည်။
ထိုအခါ အလုပ်ရှိတာပစ်ထားပြီး
သူ့ကိုအကင်ဝယ်ကျွေးရသည်။

သူ့မှာကိုယ်ကျွေးမှစားရမဲ့ဘဝပါလားဟုလည်း
နှလုံးသွင်းထားလိုက်သည်။
ထိုအခါ သူ့ကိုစိတ်မတို စိတ်မဆိုး
သနားဂရုနာစိတ်သာဖြစ်မိတော့သည်။

တစ်ခါသော်
အစ်ကိုအရွယ်မိတ်ဆွေတစ်ယောက်နှင့်
စကားပြောဖြစ်သည်။
အလုပ်များရပ်နားထားသောကျွန်တော်မှ
ချမ်းသာသောသားသမီးများလုပ်စာကို
အမှီပြုစားနေသောသူ့အား-
“အစ်ကိုကတော့ သားသမီးတွေချမ်းသာတော့
အေးအေးဆေးဆေးပဲဗျာ•••”ဟု
အားကျသလိုပြောမိသည့်အခါ ထိုအစ်ကိုမှ

“မထင်ပါနဲ့ ကိုမင်းကြည်ရာ
သားသမီးပေးစာကမ်းစာစားရတယ်ဆိုတာ
ခွေးအိုကြီးအစာမျှော်ရသလိုပါပဲကွာ
အစာဘယ်တော့ကျွေးမလဲ မျှော်တလင့်လင့်နဲ့
စောင့်ရတာ
ပြီးတော့မိဘလုပ်စာသားသမီးစားရတာက
ကောင်းတယ်ကွ
သားသမီးလုပ်စာကျတော့မိဘကစားမဝင်ဘူး

သားသမီးကကြည်ဖြူရဲ့လား
သားကကြည်ဖြူရင်တောင်
ချွေးမကကြည်ဖြူရဲ့လား

သမီးကကြည်ဖြူရင်တောင်
သားမက်ကကြည်ဖြူရဲ့လား
တွေးရ ပူရ သူတို့မျက်နှာနဲ့ အရိပ်အခြေကိုကြည့်ပြီး
နေရစားရတာ စိတ်အားငယ်ရပါတယ်ကွာ
ငါ့ညီလို စီးပွါးရေးရှိထား ဝင်ငွေရှိနေတာမှ
ကောင်းတာကွ•••” ဟုပြောပါသည်။

သူ့စကားမှ “ခွေးအိုကြီးအစာမျှော်သလို”ဆိုသော
ဥပမာစကားသည် ကျွန်တော့အတွက်
အလွန်စိတ်မကောင်းဖြစ်သွားရပါသည်။
ရှာမစားနိုင်တော့သဖြင့်
ကျွေးမည့်အစာမျှော်နေရရှာသော ခွေးအိုကြီးကို
မျက်စိတွင်မြင်ယောင်၍ဖြစ်ပါသည်။

အမှန်တွင်မူ ကျွန်တော်သည်
မချမ်းသာသော်လည်း
ဆင်းဆင်းရဲရဲပူပန်ရမည့်အစားထဲတွင်မပါပါ
အခြေအနေတစ်ခုတွင် အချိန်ကာလတစ်ခု
ဝင်ငွေရပ်သွားခြင်းသာဖြစ်သည်။

နေစရာအိမ်ရှိသည် လိမ်မာသော
သားသမီးများရှိသည်
လိုအပ်လျင်ရောင်းပြီးတစ်သက်လုံးထိုင်စားနိုင်သော
ပိုင်ဆိုင်မှုအချို့ရှိပါသည်။

ထိုသို့သောအခြေအနေတွင်တောင်
အားငယ်စိတ် သိမ်ငယ်စိတ်ဝင်မိသော
ကျွန်တော်သည်

“စားဝတ်နေရေးအခက်အခဲရှိ၍
သားသမီးများအပေါ် မှီခိုစားနေရသော
အသက်ကြီးမိဘဖြစ်သူများ
ဘယ်လောက်စိတ်အားငယ်လေမလဲ
ဘယ်လောက်များ
မျက်နှာငယ်လေမလဲ”ဟုတွေးကာ
ကိုယ်ချင်းစာစိတ် သနားစိတ်ဝင်မိလေသည်။

ပုံမှန်စိတ်ရှိသောမိဘအများစုမှာ
ကိုယ်ကသာ သားသမီးကိုပေးချင်
ကျွေးချင်ကြသည်
သားသမီးထံမှ မလိုချင် မစားချင်ကြပေ။

သို့သော် ဘဝပေးအခြေအနေအရ
မတတ်သာ၍ သားသမီးထံ မှီခိုကပ်ရပ်
စားသောက်နေရသောမိဘများလည်း
ရှိမည်သာပင်

ကျွန်တော်ကိုယ်တိုင်ပင်လျင်
ကိုယ့်မိဘကိုလုပ်ကျွေးပြီး ကိုယ်ကမူ
သားသမီးလုပ်စာကို မစားချင်သူဖြစ်ပါသည်။

ကျွန်တော့စာကိုဖတ်မိသူသည်
သားသမီးနေရာတွင်ရှိသော
အရွယ်ရောက်သူဖြစ်နေပါက
မိဘက ကိုယ့်ကိုအမှီပြုနေရပါက
မငြိုမငြင် လုပ်ကျွေးစေချင်ပါသည်။

တစ်ဘက်မှလည်း
ကိုယ်အသက်ကြီးလာသည့်အခါ
သားသမီး ပေးမည်ကျွေးမည်ကို
မမျှော်ကိုးရလေအောင်
“စီးပွါးရေးအခြေချထားခြင်း
အိုစာမင်းစာစုဆောင်းထားခြင်းများ
ပြုလုပ်ထားပါ” ဟု ကိုယ်ချင်းစာစိတ်ဖြင့်
အကြံပြု ပြောကြားလိုပါသည်။

ကျွန်တော်သည်လည်း
သားသမီးပေးစာကမ်းစာ ကန်တော့စာကို
မျှော်စားရသူမဖြစ်အောင် ကြိုးစားရပါအုံးမည်။

ကျွန်တော့ခွေး အငယ်ကောင်ကို
နေ့စဉ် ကြက်ရိုးနှစ်ထောင်ဖိုး ဝယ်ကျွေးနိုင်အောင်
ကြိုးစားရပါအုံးမည်။

မင်းကြည်
၂-၄-၂၀၂၄

#Credit မင်းကြည်
#crd