သိုက်ဖော်တဲ့ည

*ဂမ္ဘီရလုလင်နှင့် သိုက်ဖော်တဲ့ည*📖📖📖

**********************************

စဆုံး

ကျုပ်တို့ဆရာတပည့်နှစ်ယောက်ခရီးဆက်
ထွက်လာခဲ့ကြတယ်ဗျ။
တောတွေတောင်တွေကိုကျော်ဖြတ်ပြီး
သွားလာရတဲ့ခရီးကအတော်ကြမ်းတမ်းခက်ခဲတယ်။
ဒီတစ်ခေါက်ခရီးကိုတော့ဆရာကြီးက
ကျုပ်ကိုပြောပြထားပါတယ်ဗျာ။
ဒီတစ်ခေါက်ခရီးက…သိုက်တစ်ခုထဲက
ပုရပိုက်စာကိုယူရ​မှာတဲ့ဗျ…။
သိုက်ဆိုတာခင်ဗျားတို့လည်းသိကြတဲ့အတိုင်း
စည်းအထပ်ထပ်…အစောင့်အကြပ်အထပ်ထပ်နဲ့လေဗျာ။
သိုက်တွေအကြောင်းကိုကျုပ်လည်းသိသင့်သလောက်တော့
သိထားပါတယ်ဗျ။
အခုတော့ ကျုပ်ကိုယ်တိုင်သိုက်ကိုမျက်ဝါးထင်ထင်
တွေ့ရတော့မှာဆိုတော့အတော်လေးစိတ်လှုပ်ရှားမိတယ်ဗျ။
သွားရင်းလာရင်းနဲ့…

“ဆရာကြီး…အခုသွားမှာက နဂါးသိုက်လားဗျ”

လို့ကျုပ်ကမေးတော့ဆရာကြီးက ကျုပ်ကိုကြည့်ပြီး
ရယ်တယ်ဗျ။
ကျုပ်မေးတာကိုအတော်သဘောကျသွားပုံရတယ်။
ရယ်လို့ပြီးလေမှ…

“လုလင်…”

“ဗျာ…ဆရာကြီး”

“မင်းကတော့သူများတွေစကားနဲ့ပဲသိုက်ဆို
နဂါးသိုက်တစ်ခုပဲရှိတယ်လို့ထင်နေတဲ့ကောင်ပဲကွ…”

လို့ဆရာကြီးက ကျုပ်ကိုပြောလာတယ်။

“လာကွာ…ရှေ့နားကအပင်အောက်မှာ
ခဏနားကြတာပေါ့”

ကျုပ်တို့လည်းအရိပ်ရတဲ့အပင်ကြီးအောက်မှာ
ခရီးတစ်ထောက်နားကြတယ်ဗျ။
အဲ့သည်နားနေတုန်းမှာဆရာကြီးက…

“ကျုပ်ပြောပြမယ်…မောင်ရင်လည်းမှတ်သားထားပေါ့ကွယ်…
သိုက်ဆိုတာမှာ…ဘုရားသိုက်၊ပညာသိုက်၊ဥစ္စာသိုက်ဆိုပြီးသုံးမျိုးရှိတယ်…ပညာသိုက်တွေမှာစောင့်ကြပ်တဲ့
ဥစ္စာစောင့်တွေက ကမ္မဇိဒ္ဓိ တန်ခိုးကြီးမားတတ်တယ်ကွဲ့…
သိုက်စောင့်၊သိုက်ချုပ်၊သိုက်အနေအထားတွေကတခြားသိုက်တွေထက် အဆင့်မြင့်ကြတယ်…
ကျန်တဲ့သိုက်တွေကတော့ဒီသိုက်ထက်
ကမ္မဇိဒ္ဓိအားနည်းကြတာပေါ့ကွာ…
ပြောရမယ်ဆိုရင်ဘယ်လိုပဲကမ္မဇိဒ္ဓိကြီးကြီး၊ငယ်ငယ်
အားလုံးက ပြိတ္တာမျိုးနွယ်တွေပဲကွဲ့…
အဲ့သည်လိုအစောင့်အရှောက်တွေက…
ဘုမ္မစိုးနတ်၊ရုက္ခစိုးနတ်၊ဘီလူး၊သရဲသဘက်၊
ပြိတ္တာ၊မိချောင်း၊ပိတုန်း၊မြွေနဂါး၊
အဲ့သည်လိုကောင်တွေပဲကွဲ့…”

လို့ကျုပ်ကိုသေချာရှင်းပြတယ်ဗျ။
အဲ့သည်တော့မှကျုပ်လည်းနားလည်လာတာဗျ။
ဆရာကြီးကဆက်ပြီး…

“အခု ကျုပ်ဖော်မယ့်သိုက်ကပညာသိုက်ကွဲ့…
အဲ့သည်သိုက်ထဲကနေပေပုရပိုက်တစ်ခုကို
ကျုပ်အရယူရလိမ့်မယ်…”

လို့ပြောတော့…

“ဆရာကြီး….အဲ့သည် ပေပုရပိုက်ကို ဘာအတွက်လိုတယ်
ဆိုတာကျုပ်သိလို့ရမလားဗျ”

လို့ ကျုပ်ကပြန်မေးတော့ဆရာကြီးက…

“အေး…ကျုပ်တို့လိုဆရာတွေဆိုတာ
ပညာအဆင့်တက်ဖို့ အထက်ဆရာကြီးများ
ကိုယ်တိုင်သိမ်းဆည်းထားတဲ့ ပုရပိုက်တွေကို
ရှာဖွေဖတ်ရတာကွဲ့….”

“သြော်…ဒါဖြင့် လွယ်ကူမှာတော့
မဟုတ်လောက်ဖူးပေါ့နော် ဆရာကြီး”

“အေး…လွယ်ရင်တော့လူတိုင်းလုပ်နိုင်မှာပေါ့ကွာ…
သိုက်စည်းတွေကိုဖွင့်နိုင်ယုံနဲ့မရဘူး သီလသမာဓိအားလည်းကောင်းမှ…သီလသမာဓိကောင်းရင်တောင်
ကိုယ့်စိတ်ကိုနိုင်မှရမယ်ကွဲ့…
နောက်ပြီး ယခုကျုပ်တို့သွားမယ့်သိုက်က လွန်ခဲ့တဲ့နှစ်ထောင်ကျော်လောက်ကတည်းက တည်ရှိခဲ့တဲ့သိုက်ကြီး…
ရှေးကထွက်ရပ်ပေါက်ပုဂ္ဂိုလ်များစီမံထားတော့
သာမာန်သိုက်တွေထက် အစောင့်အရှောက်အင်အားကြီးတယ်…အကြီးအကဲဖြစ်တဲ့ သိုက်စောင့်တွေကလည်းအလှည့်ကျစောင့်ရှောက်လာခဲ့ကြတာကွဲ့ …”

လို့ဆရာကြီးကပြောတော့
ကျုပ်လည်းခေါင်းကိုညိတ်လိုက်တယ်ဗျ။

“မောင်ရင့်ကိုကျုပ်နောက်တစ်ခုပြောထားရဦးမယ်…”

“ဘာများလဲ…ပြောပါဆရာကြီး…”

“အေး…သိုက်ကိုကျုပ်စဖွင့်ရင်
ကျုပ်ကအတားအဆီးတွေကိုရှင်းလင်းပစ်နေချိန်
ကျုပ်အနားမှာပဲရှိနေပေးပါ
နောက်ပြီးဘယ်အရာကိုမှတပ်မက်ခြင်းမရှိပါနဲ့…
ဒီတော့ကျုပ်တပည့်ကိုလည်း
ကျုပ်ယုံကြည်လို့ခေါ်လာခဲ့တာ…
အရာရာသစ္စာစောင့်ပြီး…
စည်းမပေါက်အောင်စိတ်ခ်ိုင်ခိုင်ထားရလိမ့်မယ်
ဒီလောက်တော့ကျုပ်စိတ်ချလို့ရပါတယ်နော်…”

လို့ဆရာကြီးက ကျုပ်ကိုမေးလာတယ်ဗျ။
ကျုပ်ကလည်း ခေါင်းညိတ်ပြီး…

“ကျုပ်ကိုစိတ်ချပါဆရာကြီး…
ကျုပ်ဆရာကြီးပြောတဲ့အတိုင်းပဲနေမှာပါ…
ကျုပ်အတွက်ကြောင့်ဆရာကြီးလုပ်မယ့်ကိစ္စမှာ
အနှောက်အယှက်မဖြစ်စေရပါဘူးဗျာ…”

လို့ကျုပ်လည်းပြောလိုက်တာပေါ့ဗျာ…။
ဆရာကြီးကခေါင်းလေးကိုညိတ်ပြီးကျုပ်ကိုကြည့်နေတယ်ဗျ။
ခဏကြာတော့ကျုပ်တို့လည်းခရီးဆက်လာကြတယ်ဗျ။
တောင်​ခြေအောက်ကရွာလေးတစ်ရွာကိုမြင်တော့မှ…

“လုလင်…”

“ဗျာ…ဆရာကြီး…”

“ဟော…ဟိုမှာမြင်ရတဲ့စေတီလေးကိုတွေ့လားကွဲ့”

ဆရာကြီးက ကျုပ်ကို တောင်ပေါ်မှာရှိတဲ့စေတီလေးကို
လက်ညိုးထိုးပြတယ်ဗျ။

“ကျုပ်တွေ့ပါတယ်ဆရာကြီး”

“အေး…အဲ့ဒီနားမှာပဲ ကျုပ်တို့ရှာနေတဲ့သိုက်ရှိတာကွဲ့”

“သြော်…ဒါဖြင့်ကျုပ်တို့လာတဲ့ခရီးတော့
ရောက်ပြီပေါ့နော်ဆရာကြီး”

“ဒါပေါ့ကွဲ့…
အေး…ကျုပ်ပြောရဦးမယ်…
ကျုပ်တို့လာရင်းကိစ္စကိုဘယ်သူမှမသိစေနဲ့ကွဲ့…
ကျုပ်တို့ကဒီသိုက်ကပုရပိုက်ကိုလာယူတဲ့သူတွေဆိုတာ
တစ်​ယောက်စကားတစ်ယောက်ကြားပြီး
သိုက်စောင့်တွေပါသိကုန်လိမ့်မယ်…”

“စိတ်ချပါဆရာကြီး…
ကျုပ်ဘယ်သူ့ကိုမှမပြောပါဘူး”

“အေး…အေး…အေး…
လာ…လာ…ရွာထဲကဘုန်းကြီးကျောင်းမှာ
သွားတည်းကြတာပေါ့…”

လို့ပြောပြီးဆရာကြီးက တောင်ခြေနားကရွာလေးဆီကို
ဦးတည်ပြီးသွားတယ်ဗျ။
ကျုပ်လည်းဆရာကြီးအနောက်ကနေလိုက်လာခဲ့တာပေါ့ဗျာ။
ရွာလေးကတော့အတော်သာယာတယ်ဗျ။
ကျုပ်တို့ဆရာတပည့်နှစ်ယောက်ရွာထဲဝင်လာတာနဲ့
ရွာခံတွေကလိုက်ကြည့်နေကြတာဗျ။
တစ်ခုမှမမြင်ဖူးတဲ့မျက်နှာစိမ်းတွေဆိုတော့
ထူးဆန်းနေကြမှာပေါ့ဗျာ။

“ရှေ့က မောင်ရင်လေး…”

“ခင်ဗျာ ဦးကြီးကျုပ်ကိုခေါ်တာလားဗျ”

ဆရာကြီးက ရွာသားတစ်ယောက်ကိုခေါ်လိုက်တယ်ဗျ။

“အေးကွဲ့…မောင်ရင်လေးကိုခေါ်တာပါ…”

“ဟုတ်ကဲ့…ပြောပါဦးကြီး”

“ဒီလိုကွဲ့…ကျုပ်တို့ကခရီးသွားတွေပါမောင်ရင်လေးရယ်…
ညအိပ်ညနေတည်းဖို့ဘုန်းကြီးကျောင်းကို
လမ်းညွှန်ပေးပါလားကွယ်…”

လို့ဆရာကြီးကပြောတော့ ရွာသားကခေါင်းညိတ်ပြီး…

“ကျုပ်လမ်းညွှန်ယုံတင်မကဘူး…
လိုက်ပါပို့ပေးပါ့မယ်ဗျာ…”

“အေးကွယ်…ဒီလိုဆိုရင်ဖြင့်ကျုပ်တို့အဆင်ပြေတာပေါ့”

“ဟုတ်ကဲ့…လာပါဦးကြီး…
ကျုပ်နောက်ကလိုက်ခဲ့ကြပါ…”

ရွာသားကအတော်ဖော်ရွေတယ်ဗျ။
မျက်နှာထားလေးကပြုံးရွှင်နေတာပဲဗျာ…။
ကျုပ်နဲ့တောင်အသက်မကွာလောက်ဘူးလို့ထင်တယ်ဗျ။
ကျုပ်တို့ဆရာတပည့်ကိုလည်းဘုန်းကြီးကျောင်းထိ
လိုက်ပို့ပေးယုံတင်မကဘူးဗျို့ ကျောင်းထိုင်ဘုန်းကြီးနဲ့ပါ
သေချာတွေ့ပေးတာဗျ။
ဆရာကြီးကကျောင်းထိုင်ဘုန်းကြီးနဲ့စကား​ပြောနေတုန်း
အဲ့သည်ရွာသားက ကျုပ်နားတိုးပြီး…

“မင်းနာမည်ကဘယ်လိုခေါ်လဲကွ…”

ဆိုပြီးမေးလာတယ်။
ကျုပ်ကလည်းနှုတ်လေးတဲ့ကောင်မှမဟုတ်တာဗျာ။

“ကျုပ်နာမည်ကလုလင်ပါ…”

လို့ဖြေလိုက်တာပေါ့။

“အေးလုလင်…ငါ့နာမည်က ဖိုးထောင်ကွ…
မင်းနဲ့ငါအသက်ကမကွာလောက်ဘူးထင်တယ်…”

“ဟုတ်မယ်ကိုဖိုးထောင်…”

ကျုပ်က ကိုဖိုးထောင်လို့ခေါ်တော့သူကျေနပ်သွားပုံရတယ်ဗျ။

“အေး…မင်းတို့မပြန်သေးဘူးမလား…
မနက်ဖြန်ငါနဲ့ငါ့သူငယ်ချင်း
တောင်ပေါ်ကစေတီကိုသွားမှာ…
မင်းလိုက်ချင်ရင်တော့လာခေါ်မယ်ကွာ…”

လို့ပြောတော့ တောင်ပေါ်ကစေတီဆိုတာနဲ့ကျုပ်လည်းစ်ိတ်ဝင်စားသွားတယ်ဗျ။

“လာခေါ်လေ…ကျုပ်လိုက်မှာပေါ့ကိုဖိုးထောင်…”

လို့ကျုပ်ကပြောတော့ကိုဖိုးထောင်လည်းဝမ်းသာသွားတယ်ဗျ။

“အေး…အေး…ဒါဆိုငါမနက်ဖြန်လာခဲ့မယ်နော်…
အခုတော့ငါပြန်ဦးမယ်…”

ကိုဖိုးထောင်လည်းသူ့အိမ်သူပြန်သွားပြီဗျ။
ဆရာကြီးနဲ့ကျောင်းထိုင်ဘုန်းကြီးကတော့စကား​ပြောနေကြတုန်းပေါ့ဗျာ။
ခဏကြာတော့ကျုပ်တို့အတွက်ထမင်းပွဲကို
ဘုန်းကြီးကျောင်းသားလေးတွေကိုပြင်ခိုင်းတယ်ဗျ။
ကျုပ်တို့လည်းထမင်းစားပြီးအနားယူကြတာပေါ့ဗျာ။
ဆရာကြီးကတော့သူ့လွယ်အိတ်ထဲမှာပါတဲ့
ပေစာ​လေးကိုဖတ်နေတာဗျ။
ပေစာကိုဖတ်ပြီး တစ်ခုခုကို မှတ်သားနေပုံလည်းရတယ်ဗျ။
ကျုပ်ကတော့ခရီးပန်းတာနဲ့လှဲနေလိုက်မိတာ…
ကြမ်းနဲ့ခေါင်းထိတာနဲ့အိပ်ပျော်သွားတော့တာပဲဗျာ…။

နောက်တစ်နေ့မနက်ရောက်တော့ကိုဖိုးထောင်က
ကျုပ်ကိုလာခေါ်တယ်ဗျ။
ညကတည်းက ကျုပ်ကဆရာကြီးကိုခွင့်တောင်းထားတော့
ဆရာကြီးကကြည်ကြည်ဖြူဖြူပဲလိုက်သွားခိုင်းတယ်လေ။
ဆရာကြီးသိုက်ဖော်မယ့်ကိစ္စက
အချိန်ယူရဦးမယ်လို့ပြောတယ်ဗျ။
ဒါကြောင့်ကျုပ်လည်းကိုဖိုးထောင်တို့နဲ့လိုက်လာခဲ့တာပေါ့ဗျာ။
ကိုဖိုးထောင်နဲ့အတူ ကိုသံခဲဆိုတဲ့လူလည်းပါလာတယ်ဗျ။
ကိုသံခဲကလူကပိန်ညှပ်ညှပ်နဲ့
အတော်တော့လေကောင်းတယ်ဗျ…။
တစ်ရွာလုံးအကြောင်းကိုကျုပ်ကိုပြောပြနေတာပေါ့ဗျာ။
ဒါပေမယ့် သူတို့နှစ်ယောက်လုံးက ခင်ဖို့တော့
အတော်ကောင်းပါတယ်။
တောင်ပေါ်တက်လာတော့…

“ဟေ့…ဖိုးထောင်…”

“အေး…ပြော…”

“ငါတို့အခုသွားမှာက…
စေတီလေးအထိပဲမလား…”

“အေးလေ…လုလင်က အခုမှတို့ရွာကိုရောက်ဖူးတာဆိုတော့
တို့ရွာရှု့ခင်းလေးကိုသေချာမြင်စေချင်လို့ပါကွာ…”

“ရှု့ခင်းကြည့်တာတော့ဟုတ်ပါပြီကွာ…
အဲ့သည်ထက်တော့ကျော်သွားလို့မရဘူးနော်…”

“အေးပါ…ငါသိပါတယ်ဟ”

သူတို့နှစ်​ယောက်စကား​ပြောသံတွေကိုနားထောင်ပြီး
ကျုပ်သိချင်တာနဲ့…

“​နေပါဦး ကိုဖိုးထောင်…တောင်ပေါ်က
ဘုရားကိုကျော်သွားရင်ဘာရှိနေလို့လဲဗျ…
တောင်ပေါ်မှာတောကောင်ကြီးတွေရှိနေလို့လားဗျ”

လို့ကျုပ်မေးတော့ ကိုဖိုးထောင်က သွားနေရင်းနဲ့…

“အေး…စေတီရဲ့အရှေ့ဘက်မှာ
ညောင်ပင်ကြီးရှိတယ်…လုလင်ရဲ့…
အဲ့ညောင်ပင်နားကိုတို့ရွာကလူတွေ
ဘယ်သူမှမသွားရဲဲကြဘူးကွ…”

လို့ဖြေတော့ကျုပ်လည်းသိချင်စိတ်ပြင်းပြတာနဲ့…

“အဲ့ညောင်ပင်မှာသရဲရှိလို့လား ကိုဖိုးထောင်”

ဆိုပြီးမေးရော ကိုဖိုးထောင်ခြေလှမ်းတွေရပ်သွားတယ်ဗျ။
ကျုပ်ကိုသေချာကြည့်ပြီး…

“သရဲရှိတာမဟုတ်ဘူးကွ…
တို့ဘိုးတွေဘွားတွေပြောတာတော့…
အဲ့နားမှာသိုက်ရှိတာတဲ့…
တောင်ပေါ်တက်တဲ့သူတွေဆိုအဲ့သည်ညောင်ပင်ကြီးတဝိုက်မှာ
သီချင်းဆိုသံတွေ…ရယ်သံတွေ…ငိုသံတွေကြားရတယ်တဲ့ကွ…”

လို့ကျုပ်ကိုပြောတယ်ဗျ။
ကျုပ်လည်းဆရာကြီးနဲ့ဒီသိုက်ကိုဖော်ရမှာဆိုတော့
သိသင့်တာတော့သိထားရမယ်ဆိုတဲ့အတွေးနဲ့…

“ဒီလိုဆိုရင်ဖြင့်ကျုပ်ကိုပြောပြပါလားဗျာ…
ကျုပ်က အဲ့သည်လိုအကြောင်းတွေ
သိပ်သိချင်တာ ကိုဖိုးထောင်ရဲ့…”

လို့ပြောတော့ကိုဖိုးထောင်က
ကျုပ်ကိုသေချာစိုက်ကြည့်တယ်ဗျ။
ပြီးတော့မှ…

“ဒါဖြင့်လည်းလာကွာ…ဟိုရှေ့ကအပင်အောက်မှာ
အရင်ထိုင်ကြတာပေါ့”

ဆိုပြီး အရိပ်ရတဲ့အပင်အောက်ကိုခေါ်သွားတယ်ဗျ။
ကျုပ်တို့လည်းအပင်အောက်မှာထိုင်ကြတာပေါ့ဗျာ…။
အဲ့သည်တော့မှ ကိုဖိုးထောင်က…

“ဒီလိုကွလုလင်ရ…
ငါတို့ကဒီတောဒီတောင်မှာကြီးပြင်းတာဆိုတော့
သိပ်ပြီးမထူးဆန်းတော့ပါဘူးကွာ…
ငါတို့ခဏနေရောက်မယ့်စေတီရဲ့ အရှေ့ဘက်ခပ်လှမ်းလှမ်းမှာ
ညောင်ပင်ကြီးတစ်ပင်ရှိတယ်…
အဲ့သည်ညောင်ပင်ကြီးက…
ဘယ်ခေတ်ဘယ်ကာလကတည်းကရှိနေတယ်ဆိုတာ
တို့ရွာကဘယ်သူမှမသိဘူးကွ…
အေး…ငါအခုပြောတဲ့ ညောင်ပင်ကြီးနေရာမှာ
သိုက်တစ်ခုရှိတယ်ဆိုတာတော့တို့တစ်ရွာလုံး
သိထားကြတယ်…”

လို့ကျုပ်ကိုပြောတော့ကျုပ်ကလည်း…

“သိုက်ရှိတာဆိုတော့သိုက်ဆရာတွေလည်း
လာကြမှာပေါ့နော်…”

လို့မေးလိုက်တယ်ဗျ။
ကိုသံခဲကခေါင်းညိတ်တယ်ဗျ။
ကိုဖိုးထောင်က…

“လာကြတာပေါ့ကွာ…
သိုက်ဆရာတွေဆိုလာတုန်းကဟိတ်ကြီးဟန်ကြီးတွေနဲ့ကွ…
အယ်…သိုက်လည်းတူးကော မသာပေါ်တဲ့သူနဲ့
ရူးတဲ့သူနဲ့…ပုဆိုးတောင်မဝတ်နိုင်အောင်
အော်ဟစ်ပြေးတဲ့သူနဲ့…စုံလို့ပါကွာ…
အဲ့သည်လိုတွေ မကြာခဏတို့တွေကမြင်နေရတာကွ…
ဒီသိုက်ကအတော်လေးပညာမြင့်ပုံရတယ်လုလင်ရဲ့…
ဒါကြောင့်တို့ရွာကလူတွေဆိုအဲ့သည်နားမှာ
မထိလေးစားမလုပ်ဝံ့ကြဘူး…”

လို့ပြောတော့ကျုပ်လည်းတွေးရင်းနဲ့လန့်လာတယ်ဗျ။
ကိုဖိုးထောင်တို့ပြောပုံအရဆိုကျုပ်တို့ထက်ရှေ့မှာ
ဒီသိုက်ကိုတူးဖို့လာတဲ့သူတွေအတော်များပုံရတယ်ဗျ။
ကျုပ်တွေးနေရင်းနဲ့…ဆရာကြီးရဲ့ပညာနဲ့ဆရာကြီးရဲ့
စိတ်ထားကိုမြင်ယောင်လာတော့ စိတ်လေးနည်းနည်း
သက်သာသွားတယ်ဗျ။
ဘာလို့ဆိုဆရာကြီးကအထက်လမ်းပညာနဲ့
လူတွေကောင်းကျိုးလုပ်နေသူလေ…
အခုလိုဆရာကြီးသိုက်ကိုဖော်တယ်ဆိုတာကလည်း
လူတွေအကျိုးအတွက်ပဲဆိုတာကျုပ်သိတာပေါ့…။
ရှေ့မှာဖြစ်သွားတဲ့သိုက်ဆရာတွေကသာ
ပညာနဲ့လမ်းစဥ်ကွဲလွဲကြလို့သာအဲ့သည်လိုအဖြစ်မျိုး
ကြုံကြတာလို့ကျုပ်ကတော့ထင်တယ်ဗျာ…။

“ကဲကွာ…လာ…တို့တွေစေတီကိုသွားဖူးကြရအောင်…”

ကျုပ်လည်းဘာမှထပ်မမေးတော့ဘဲနဲ့ ကိုဖိုးထောင်တို့
နဲ့လိုက်လာခဲ့တော့တယ်။
စေတီလေးကိုဝင်ဖူးပြီးတော့ကျုပ်လည်းဘေးဘယ်ညာကို
သေချာကြည့်တာပေါ့…

“ကိုဖိုးထောင်…ဟိုးဘက်နားကမြေက
တော်တော်လေးရှင်းနေတာပဲ…
ဘယ်သူများလာပြီးအမှိုက်တွေရှင်းလင်းထားတာလဲဗျ”

လို့ကျုပ်ကညောင်ပင်အနီးတစ်ဝိုက်မှာသစ်ရွက်အကြွေ
တစ်ရွက်ပင်မမြင်မိလို့ကိုဖိုးထောင်ကိုမေးလိုက်တယ်ဗျ။
ကိုဖိုးထောင်က…

“မဟုတ်ဘူးလုလင်ရ…
တို့ရွာကလူတွေဘယ်သူမှအဲ့သည်
ညောင်ပင်ကြီးအနားကိုမသွားရဲကြဘူး”

“ဒါဖြင့်…”

ကျုပ်ကဒါဖြင့်လို့ပြောယုံရှိသေး ကိုဖိုးထောင်နဲ့ကိုသံခဲက
ခေါင်းညိတ်ကြတယ်ဗျ။
သူတို့ပြောတာကိုကျုပ်သဘောပေါက်သွားပြီဗျ။
အဲ့သည်အမှိုက်တွေကိုသိုက်ကလူတွေရှင်းတာပဲဖြစ်ရမယ်။
အဲ့သည်လိုနဲ့ကျုပ်တို့လည်းစေတီလေးဖူးပြီးတာနဲ့
တောင်အောက်ကိုပြန်ဆင်းလာခဲ့ကြတော့တယ်။
ကိုဖိုးထောင်တို့ကလည်းကြာကြာနေချင်ပုံမရဘူးဗျ။
ဒါ့ကြောင့်ကျုပ်တို့ရွာဆီကိုပြန်လာခဲ့ရတာပေါ့ဗျာ။
ရွာရောက်တော့…

“လုလင်…အချိန်ကစောသေးတယ်ကွ…
တို့တွေထန်းတောဘက်ကိုသွားကြရအောင်ကွာ…”

လို့ကျုပ်ကို ကိုသံခဲကပြောလာတယ်ဗျ။
အဲ့တာနဲ့ကျုပ်လည်း…

“ဘယ်လိုမှတော့မအောင့်မေ့ပါနဲ့ကိုသံခဲ…
ကျုပ်ကငါးပါးသီလ လုံအောင်စောင့်ထိန်းနေရလို့ပါဗျာ…
ခင်ဗျားတို့သွားချင်ရင်တော့ကျုပ်လိုက်ထိုင်ပေးပါ့မယ်”

လို့ပြောတော့ကိုဖိုးထောင်နဲ့ကိုသံခဲက
ကျုပ်ကိုသေချာကြည့်နေကြတယ်ဗျ။
ပြီးတော့မှကိုဖိုးထောင်က…

“မထင်ထားဘူးကွာ…မင်းအသက်အရွယ်လေးနဲ့
ဒီလိုမျိုးတွေစောင့်ထိန်းတတ်မယ်လို့
ငါဖြင့် မထင်ထားဘူးလုလင်…
ဒါသိပ်ကောင်းတဲ့ကိစ္စပဲကွ…”

လို့ကျုပ်ကိုချီးကျုးလာတယ်ဗျ။
ကိုသံခဲကလည်း…

“မင်းတောင်ဒီလိုကောင်းတဲ့ကိစ္စကိုစောင့်ထိန်းနေတာပဲ…
အဲ့သည်တော့…ငါတို့ကလည်းဘာလို့
ထန်းတောခေါ်သွားရမှာလဲကွာ…
လာကွာ…ကျောင်းကိုပဲပြန်ကြတာပေါ့..”

ကိုဖိုးထောင်နဲ့ ကိုသံခဲက ကျုပ်ကို
ထန်းတောခေါ်မသွားကြတော့ဘူးဗျ။
ဘုန်းကြီးကျောင်းကိုပဲပြန်ခေါ်လာကြတယ်…။
ကျောင်းရောက်မှကျောင်းဝန်းထဲကသရက်ပင်ကနေသရက်သီး
တက်ခူးပြီး ကိုရင်တွေဆီကနေဆားနဲ့
ငရုပ်သီးတောင်းကြတယ်ဗျ။
သရက်သီးကိုဆားနဲ့တို့စားပြီးကျုပ်တို့လည်း
ရောက်တက်ရာရာစကားတွေပြောကြတာပေါ့ဗျာ…။
အများစုကတော့သူတို့ရွာကအပျိုတွေအကြောင်းဗျ…။
ဒီလူတွေကလူပျော်တွေဗျ…။
ကျုပ်ကိုလည်းအတော်ခင်ကြရှာတာ…။
ကျုပ်ကလည်းသူတို့ကိုခင်တာပေါ့ဗျာ…
ကျုပ်ကိုခင်လို့ပဲ ကျုပ်ပျင်းမှာဆိုးလို့တစ်နေကုန်ကျောင်းမှာ
လာနေပေးကြရှာတာဗျ။
အဲ့သည်လိုနဲ့စကားပြောကြ…စကြလို့ ဝ မှသူတို့လည်း
အိမ်ပြန်သွားတော့တယ်ဗျာ…။
သူတို့ပြန်မှကျုပ်လည်းဆရာကြီးဆီသွားလိုက်တယ်။
ဆရာကြီးက ထနောင်းပင်အောက်က ကွပ်ပျစ်ခင်းမှာ
တစ်ယောက်ထဲထိုင်နေတာဗျ။
ကျုပ်ရောက်လာတော့ဆရာကြီးက…

“ဘယ့်နဲ့လဲကွ လုလင်…
ရွာထဲလျှောက်သွားတာပျော်ခဲ့ရဲ့လား…”

လို့ကျုပ်ကိုမေးတယ်ဗျ။
ကျုပ်ကလည်း…

“ဒီမနက်တင် တောင်ပေါ်ကစေတီလေးဆီ
ကျုပ်တို့သွားဖူးခဲ့သေးတယ်ဆရာကြီး…”

“အမ်း…ဟုတ်လား”

“ဟုတ်တယ်ဆရာကြီး…
ကျုပ်ကို ကိုဖိုးထောင်တို့က အဲ့သည်စေတီနားက
ညောင်ပင်ကြီးအကြောင်းလည်းရှင်းပြတယ်ဗျ…
သိုက်ဆရာတွေခဏခဏလာတယ်တဲ့…
ဘယ်သူမှလည်းဒီသိုက်ကိုဖော်နိုင်ခဲ့ပုံမရဘူးဆရာကြီးရဲ့…
သိုက်စောင့်တွေကအတော်အစွမ်းထက်ပုံရတယ်ဗျ”

လို့ကျုပ်ပြောတော့ ဆရာကြီးကခေါင်းညိတ်တယ်ဗျ။
ပြီးတော့ကျုပ်ကို…

“ဆရာတို့ဒီညပဲ သိုက်ကိုဖွင့်ရမယ်လုလင်…
မင်းစိတ်ကိုကြိုတင်ပြင်ဆင်ထားပါ…
တပ်မက်ခြင်းလောဘတွေကိုနိုင်အောင်ထိန်းငါ့တပည့်…”

လို့ဆိုလာတော့ကျုပ်လည်းခေါင်းကိုညိတ်ပြီး…

“ကျုပ်ကိုစိတ်ချပါဆရာကြီး…” လို့
ပြောလိုက်တော့တာပေါ့ဗျာ။

အဲ့သည်လိုနဲ့ကျုပ်လည်းညအတွက်စိတ်လှုပ်ရှားနေပြီဗျ။
ကျုပ်အတွက်ပထမဆုံးအဖြစ်အပျက်လေဗျာ…
စိတ်မလှုပ်ရှားဘဲနေမလားဗျ။
ဆရာကြီးပြောထားသလို တပ်မက်ခြင်းလောဘတွေ
နည်းအောင်ကျုပ်လည်းပုတီးလေးစိပ်လ်ိုက်…
တရားလေးထိုင်လိုက်ပေါ့ဗျာ…။
ကျုပ်နဲ့ဆရာကြီးကို ကျောင်းထိုင်ဆရာတော်က
ကျောင်းဝန်းထဲကပျဥ်ထောင်အိမ်လေးမှာလွတ်လွတ်လပ်လပ်တည်းခွင့်ပြုထားတာဆိုတော့ကျုပ်တို့ဆရာတပည့်နှစ်ယောက်လည်းအဆင်ပြေတာပေါ့ဗျာ…။
ညရောက်တော့ဆရာကြီးနဲ့ကျူပ်လည်းကျောင်းထဲကနေ
တိတ်တဆိတ်ထွက်လာကြတယ်ဗျ။
ခွေးတွေကလည်းအူလို့ဗျာ…
ညရောက်တော့ပတ်ဝန်းကျင်ကမှောင်နေပြီဗျ…
ဆရာကြီးကမီးတုတ်လည်းမယူခိုင်းဘူးဆိုတော့
လရောင်အလင်းနဲ့ပဲမှန်းသွားရတာပေါ့ဗျာ…။
ဒီလိုနဲ့ကျုပ်တို့ဆရာတပည့် တောင်ပေါ်ကစေတီလေးဆီရောက်လာခဲ့ကြတယ်။
ဆရာကြီးကစေတီလေးကိုအရင်ကန်တော့တယ်ဗျ။
ကျုပ်လည်းဆရာကြီးနည်းတူဦးခိုက်ရတာပေါ့ဗျာ…။
စေတီလေးကိုဦးခိုက်ပြီးတော့မှ…

“ငါ့တပည့်…စကားတစ်ခွန်းမှမပြောနဲ့…
ခေါင်းညိတ်…ခေါင်းခါလောက်ပဲလုပ်…
နောက်ပြီးဘာတွေ့တွေ့မကြောက်လေနဲ့…
ကျုပ်ကိုယုံကြည်ပြီးသာလိုက်ခဲ့ကွဲ့…”

“ဟုတ်ကဲ့ဆရာကြီး”

ကျုပ်လည်းဆရာကြီးကိုခေါင်းညိတ်ပြီးပြောလိုက်တယ်ဗျ။
ဆရာကြီးအတွက်အရေးကြီးတယ်လေဗျာ…
ကျုပ်ကိုခဏခဏသတိပေးထားတာကျုပ်ပိုပြီး
ဂရုစိုက်ရမှာဗျ…။
ဒီလိုနဲ့ဆရာကြီးကညောင်ပင်ကြီးဆီကိုထွက်သွားတော့
ကျုပ်လည်းအနောက်ကလိုက်လာရတာပေါ့။
ညောင်ပင်ကြီးကသက်တမ်းကလည်းအတော်ကြာပြီဆိုတော့
အပင်ကြီးကအုပ်အုပ်ဆိုင်းဆိုင်းကြီးဗျ။
ဆရာကြီးက သိုက်ဖွင့်ဖို့အတွက်တခြားသိုက်ဆရာတွေလို
ကန်တော့ပွဲတွေဘာတွေတစ်ခုမှယူမလာဘူးဗျ။
သူ့လွယ်အိတ်လေးထဲမှာတော့ အင်းတွေ…
ဆေးလုံးတွေ..ဆန်မန်းပေါက်ပေါက် တွေပါတာကိုတော့
ကျုပ်သိထားတယ်လေ။
ကျူပ်ကိုလည်းညောင်ပင်ကြီးရှေ့မှာတင်…

“ရော့…ငါ့တပည့်ဟောသည်ဆေးလုံးများက်ိုယူထား…အန္တရာယ်တစ်စုံတစ်ခုကြုံလာရင်
ဆေးလုံးနဲ့သာပစ်ပေါက်လိုက်ကွဲ့…”

လို့ပြောပြီးကျုပ်လက်ထဲကိုဆေးလုံးငါးလုံးပေးထားတယ်ဗျ။
ကျုပ်ကိုလည်းပြောပြီးရော ညောင်ပင်ကြီးဘက်ကို
ပြန်လှည့်ပြီး ဆန်မန်းပေါက်ပေါက်နဲ့
ခုနစ်ချက်ပေါက်လိုက်တယ်ဗျ။
ဆန်မန်းနဲ့ပေါက်ပြီးနှုတ်ကလည်းကျုပ်နားမလည်တဲ့
ဂါထာတွေရွှတ်ဆိုနေတယ်…။
ဆရာကြီးအဲ့သည်လိုလုပ်တော့ညောင်ပင်ကြီးက
တစ်ပင်လုံးယိမ်းထိုးလာတယ်ဗျ။
ညောင်ပင်ကြီးထဲကလည်းဆတ်ဆတ်ခါတုန်ဟည်း
မြည်ဟိန်းတဲ့အသံတွေထွက်လာပြီး ရင်ခွဲတံခါးကြီးလို
ညောင်ပင်အခြေကတဖြေးဖြေးအက်ကွဲလာတယ်ဗျို့…။
ကျုပ်ကြည့်နေရင်းမှာကိုညောင်ပင်ကြီးကအိမ်ငယ်ပမာဏလောက်ရှိတဲ့လိုဏ်ခေါင်းကြီးပေါ်လာတယ်ဗျ။
ဆရာကြီးကရှေ့ကနေအဲ့သည်မည်းမှောင်နေတဲ့
လိုဏ်ခေါင်းကြီးထဲကိုဝင်သွားတော့ကျုပ်လည်းနောက်ကနေလိုက်ရတာပေါ့ဗျာ…။
ကျုပ်တို့လိုဏ်ခေါင်းထဲဝင်လာတော့အပြင်ကနေကြည့်ရင်
အလင်းမရှိဘူးလို့ထင်ရပေမယ့်အထဲလည်းရောက်ကော
အလင်းရောင်တွေရှိနေတာက
အတော်အံသြစရာကောင်းလွန်းတယ်ဗျ။
ကျုပ်တို့ဆရာတပည့်လည်းလိုဏ်ခေါင်းကြီးအတိုင်းလျှောက်လာတော့ကျုပ်တို့ရှေ့မှာတင်လိုဏ်ခေါင်းကြီးက
ပိတ်နေတာကိုမြင်လိုက်တယ်ဗျ။
ရှေ့ဆက်သွားလို့မရတော့ဘူးလို့ကျုပ်ထင်နေတုန်း
ဆရာကြီးကဆန်မန်းပေါက်ပေါက်တွေနဲ့ပေါက်လိုက်တော့
ဟော…လိုဏ်ခေါင်းကြီးအပိတ်ကြီးကွာကြပြီး
အပေါက်ကြီးဖြစ်သွားတော့တာပဲဗျာ။
ကျုပ်တို့ဆရာတပည့်လည်းဆက်လျှောက်လာတော့
လိုဏ်ခေါင်းကြီးထဲကနေ နာနာကျဥ်ကျဥ်အော်ဟစ်သံကြီးကို
ကြားလိုက်တယ်ဗျ။
အသံကြီးက အတော်ကျယ်လောင်တာဗျ။
ဆရာကြီးကရှေ့ကနေဆက်သွားတော့ကျုပ်လည်း
နောက်ကနေလိုက်လာခဲ့ရတာပေါ့ဗျာ…။
အဲ့သည်လိုနဲ့ကျုပ်နဲ့ဆရာကြီးတို့ ဥယျာဥ်တစ်ခုထဲကို
ရောက်လာခဲ့ကြတယ်ဗျ။
ထူးဆန်းတာက ဥယျာဥ်မှာရှိတဲ့အပင်တွေ…အပွင့်တွေ
အသီးတွေကအရောင်တလက်လက်တောက်ပနေတာပဲဗျ။
ရွှေအဆင်း…ငွေအဆင်း၊ပုလဲအဆင်း၊နီလာအဆင်း…
အစရှိတဲ့အရောင်အဆင်းမျိုးစုံနဲ့ဗျ။
ဒါ့အပြင်စမ်းရေကျသံတွေကလည်း အတော်သာယာလှတယ်။
ဒီဥယျာဥ်ကရောက်လာသူတိုင်းကို
စိတ်အအမောပြေပျောက်စေတယ်ဗျ။
ဆရာကြီးကတော့ဟိုသည်ကြည့်ပြီးတစ်ခုခုရှာနေပုံရတယ်။
ဟောတွေ့သွားပုံရတယ်ဗျ။
ဥယျာဥ်နံဘေးက ကျောက်နံရံကြီးဆီကိုတန်းတန်းကြီး
သွားတော့တာပဲဗျာ…။
​ကျောက်နံရံကြီးကိုကျုပ်သေချာကြည့်မိတော့…
အမယ်လေးလေးဗျာ…ကျောက်ဘီလူးရုပ်ကြီးဗျ….
လူသုံးဆလောက်ကြီးတဲ့ကျောက်ဘီလူးရုပ်ကြီးကို
ဆရာကြီးကသူ့ရဲ့ဆေးလုံးနဲ့ပေါက်တယ်ဗျ။
ဆေးလုံးနဲ့ပေါက်မှကျောက်ဘီလူးရုပ်ကြီးဆီကနေ
အော်ဟစ်သံကြီးထွက်လာတယ်ဗျို့…။
အသံကြီးကကြောက်လန့်ပြီးအော်တဲ့အသံကြီးဗျ။
အဲ့သည်လိုအော်သံကြီးနဲ့ကျောက်ဘီလူးရုပ်ကြီးက
အသက်ဝင်လာတယ်ဗျ။
သူရဲ့လက်ကြီးနဲ့ကျောက်နံရံကြီးကိုဆွဲလှည့်ပေးလိုက်တာ…

“ဟာ…”သိုက်တံခါးကြီးပွင့်သွားတယ်ဗျ။
ရွေတွေ…ရွှေတွေအခန်းပြည့်ရှိနေတာဗျို့…
ရွှေနဲ့စီမံထားတဲ့ပစ္စည်းတွေဆိုတာတစ်ခန်းလုံးအပြည့်ပဲဗျ။
အဲ့သည်အခန်းထဲကနေ ရွှေနဲ့စီခြယ်ထားတဲ့
အဝတ်အစားတွေကိုဝတ်ဆင်ထားတဲ့
မိန်းမပျိုလေးသုံးဦးအပြေးထွက်လာတယ်ဗျ။
ဆရာကြီးရှေ့မှာလက်အုပ်လေးတွေချီပြီး…

“ပေပုရပိုက်ကိုမယူပါနဲ့ရှင်…
ကျွန်မတို့ကိုသနားရင် ဟောသည်ရွှေတွေကိုသာယူပြီး
ပြန်ပေးပါ…”

လို့ပြောလာကြတယ်ဗျ။
ကျုပ်မျက်စိရှေ့မြင်နေရတဲ့မိန်းကလေးတွေက
တစ်ရုပ်ထဲဗျို့…ခွဲမရအောင်တူနေကြတာအတော်လေး
ထူးဆန်းလွန်းပါတယ်ဗျာ။
သူတို့ငိုယိုပြီးဆရာကြီးကိုတောင်းဆိုနေကြတော့ဆရာကြီးက…

“ကျုပ်ဒီကိုလာတာရွှေတွေ၊ငွေတွေ၊ယူဖို့မဟုတ်ဖူး…
ဖယ်ကြ…ဖယ်ကြ…မဟုတ်ရင်ကျုပ်အဆိုးမဆိုကြနဲ့…”

လ်ို့ပြောတော့ဆရာကြီးနားကိုမကပ်ဝံ့ကြဘူးဗျ။
ဆရာကြီးကိုတားမရတော့ကျုပ်ဘေးနားကိုလာပြီး…

“မောင်ကြီးရယ်…ကျွန်မတို့ကိုကယ်ပါဦး…
ပေပုရပိုက်ကိုမယူပါနဲ့မောင်ကြီးရယ်…
ရွှေတွေ၊ငွေတွေကိုစိတ်ရှိသလောက်ယူပြီးပြန်ပေးပါ
မောင်ကြီးရယ်” လို့ပြောလာကြတယ်ဗျ။
သူတို့အသံလေးတွေ၊ချစ်စဖွယ်မျက်နှာထားလေးတွေက
သာမာန်လူဆိုရင်စိတ်ပျော့သွားနိုင်တယ်ဗျ။
ဒါပေမယ်ကျုပ်ကတော့ ဆရာကြီးအစီအစဥ်ကြောင့်
သူတို့ကိုသမားပေမယ့်ခေါင်းကိုသာခါရမ်းပြီး
ဆရာကြီးနောက်ကနေလိုက်လာတယ်​ဗျ။
ဆရာကြီးကလည်းနောက်တစ်ခန်းကိုကူးမယ့်
တံခါးကိုရှာဖွေနေတယ်ဗျ။
ဟောတွေ့ပါပြီဗျာ ရွှေအပြည့်နဲ့စီခြယ်ထားတဲ့ကန့်လန့်ကာကြီးကိုဖယ်လိုက်တော့စောစောကလိုကျောက်ဘီလူးရုပ်ကြီးကိုမြင်လိုက်တယ်ဗျ။
ဆရာကြီးကကျောက်ဘီလူးရုပ်ကြီးကိုဆေးလုံးနဲ့ပေါက်တော့
ကျောက်ဘီလူးရုပ်ကြီးအသက်ဝင်လာပြီး
အော်ဟစ်တော့တာပဲဗျို့။
ဒီကျောက်ဘီလူးကအတော်လေးခံနိုင်ပုံပဲဗျ…
ပထမတံခါးကကျောက်ဘီလူးလို
တံခါးကိုတန်းမဖွင့်ပေးဘူး။
ကျောက်ဘီလူးကြီးကအော်…
မိန်းမပျိုတွေကလည်းငိုကြွေးနဲ့ အသံတွေကဆူညံနေတာပဲဗျ။
နောက်ဆုံးကျောက်ဘီလူးကြီးလည်းမခံန်ိုင်တဲ့အဆုံး
ကျောက်နံရံကြီးကိုဆွဲလှည့်ပေးတော့တာပဲဗျ။
ဒုတိယခန်းထဲကျုပ်တို့ရောက်လာတော့ ငွေတွေဗျ…
တစ်ခန်းလုံးငွေတွေအတိနဲ့စီခြယ်ထားတာဗျို့။
စောစောကလိုပဲတစ်ကိုယ်လုံးက်ိုငွေအတိပြီးတဲ့အဝတ်တန်ဆာတွေဝတ်ဆင်ထားတဲ့မိန်းမပျိုလေးသုံးယောက်ကအနားရောက်လာကြတယ်ဗျ။
ဆရာကြီးကိုသူတို့ရဲ့ပုရပိုက်စာက်ိုမယူဖို့
အမျိုးမျိုးပြောကြတာပေါ့ဗျာ…။
ဆရာကြီးကိုပြောမရတဲ့အဆုံးမှကျုပ်အနားကိုကပ်ပြီး
ပြောကြပြန်တယ်ဗျ။
ကျုပ်လည်းသူတို့ကိုသနားယုံကလွဲပြီး
ဘာမှမတတ်နိုင်​ဘူးလေ…ခေါင်းကြီးကိုပဲ
ခါရမ်းနေရတာပေါ့ဗျာ… ။
အဲ့သည်အခန်းကနေ အစောကလိုပဲကျောက်ဘီလူးရုပ်ကြီးကို
ဆေးလုံးနဲ့ပေါက်ပြီးတံခါးဖွင့်ခိုင်းရတာပေါ့။
ပုလဲ၊နီလာ၊စိန်၊မြသားအဲ့သည်လိုပုံစံတူအခန်းတွေကို
ဖြတ်ကျော်လာနိုင်ပြီးတဲ့နောက် ကျုပ်တို့ရဲ့ပန်းတိုင်ဖြစ်တဲ့
ပုရပိုက်စာထားတဲ့အခန်းကိုရောက်လာတယ်ဗျ။
အခန်းရှေ့မှာဘီလူးကြီးနှစ်ကောင်က
တင်းပုတ်ကြီးတွေနဲ့စောင့်နေကြတာဗျ…။
သူတို့တင်းပုတ်စာမိရင်အရိုးနဲ့အသားစိစိညှက်ညှက်
ကျေသွားနိုင်တယ်ဗျ။
ဆရာကြီးကဘီလူးကြီးတွေကိုဆေးလုံးနဲ့ပေါက်ယုံမကဘူး
ချည်မန်းကြိုးတွေနဲ့ပါချုပ်ထားလိုက်တယ်ဗျ။
ဘီလူးကြီးတွေကလည်းဆရာကြီးရဲ့ဆေးလုံးတွေရဲ့
ဒဏ်ကိုမခံနိုင်ဖြစ်ပြီးအော်ဟစ်ငြီးတွားနေကြရှာတာ။

“အခုရပ်လိုက်ပါ…”

မိန်းမပျိုလေးတစ်ဦးက ကျူပ်တို့ကိုရှေ့ကနေ
တားဆီးနေတယ်ဗျ။
ထူးဆန်းတာအဲ့သည်မိန်းမပျိုကအစောကတွေ့ခဲ့တဲ့မိန်းမပျိုတွေနဲ့တစ်ထေရာထဲတူနေတာဗျ။
ဒါပေမယ့်ဒီမိန်းမပျိုရဲ့ကိုယ်ရောင်ကိုယ်ဝါကပိုပြီး
တောက်ပလွန်းနေတာကိုတော့ကျုပ်သတိထားမိတယ်။

“ကျုပ်သွားမယ့်လမ်းကိုမတားဆီးနဲ့
ကလေးမ…”

“ဆရာကြီးဘာကိုလိုလို့လာတယ်ဆိုတာကျွန်မသိပါတယ်…
ဒီသိုက်ရဲ့အကြီးအကဲတစ်ယောက်အနေနဲ့
ကျွန်မတားနေရတာပါ…
ရွှေတွေ၊ငွေတွေနဲ့တခြားသောပစ္စည်းတွေကို
ကြိုက်သလောက်ယူပါ…
ဒါပေမယ့်ပုရပိုက်စာကိုတော့မယူသွားပါနဲ့ရှင်…”

လို့မိန်းမပျိုကသူရဲ့မာန်ကိုလျော့ပြီးဆရာကြီးကို
တောင်းဆိုနေတာဗျ။

“ကျုပ်ရဲ့ပညာမြှင့်ဖို့အတွက်ဒီပုရပိုက်ကို
ကျုပ်ယူမှရလိမ့်မယ်…
ကျုပ်ကိုထပ်တားရင်ကျုပ်အဆိုးမဆိုပါနဲ့…
ကဲ…လမ်းဖယ်ပေးပါ…”

“မဖယ်နိုင်ဘူး…”

မိန်းမပျိုကသူတောင်းဆိုတာကိုဆရာကြီးကလက်မခံတော့
စိတ်ဆိုးမာန်ဆိုးဖြင့်ပြောတယ်ဗျ။

“ကျုပ်ဒီအထိတောင်ရောက်လာခဲ့ပြီးပြီ…
သင်တားလည်းအရာမထင်တော့ဘူး…
ကဲ…ဒီတော့ သင်လမ်းဖယ်ပေးပါ…”

လို့ဆရာကြီးကထပ်ပြောတော့မိန်းမပျိုက…

“ကျွန်မကဒီသိုက်ရဲ့အကြီးအကဲပါ…
တခြားအစောင့်တွေထက်ကျွန်မ ပိုပြီးကာကွယ်ရလိမ့်မယ်…
ဆရာကြီးကိုမေတ္တာရပ်ခံနေတာပါ…
လာရာလမ်းအတိုင်းပြန်ပေးပါ…”

လို့ပြောတော့ဆရာကြီးကစိတ်မရှည်ဟန်နဲ့…

“ကဲ…ဒီလောက်တောင်စိတ်ဓာတ်ပြင်းနေရင်လည်း…
ရော့ဟဲ့….”

ဆရာကြီးကဆန်မန်းပေါက်ပေါက်နဲ့ ပစ်ပေါက်လိုက်တယ်။
မိန်းမပျိုလည်းရုတ်တရက်ခွေခနဲလဲပြီး…

“ပူလှချည်ရဲ့…”လို့အော်ဟစ်နေတော့တာပဲဗျ။
နောက်ဆုံးမှ….

“ကျွန်မကိုခွင့်လွှတ်ပေးပါဆရာကြီး…
ဆရာကြီးပညာကိုမသိလို့ဒေါသထွက်မိပါတယ်ရှင်…
ဒါပေမယ့်ပုရပိုက်ကိုတော့မယူပါနဲ့ရှင်…
အထက်ပုဂ္ဂိုလ်ကြီးများအမိန့်နဲ့ ကျွန်မ
စောင့်ရှောက်နေရတာပါ…
ဆရာကြီးယူဆောင်သွားရင်ကျွန်မကို
အပြစ်ပေးကြပါလိမ့်မယ်…
ချမ်းသာပေးပါဆရာကြီးရယ်….”

ဆိုပြီးဆရာကြီးရဲ့ခြေကိုနဖူးဆံစနဲ့ထိတိုက်ပြီး
ငိုယိုပြီး တောင်းပန်နေတာဗျ။
ကျုပ်ဖြင့်သူ့အဖြစ်ကိုကြည့်ပြီးသနားမိလာတယ်ဗျာ။
မကြည့်ရက်လို့တစ်ဖက်ကိုမျက်နှာလှည့်ထားမိတယ်ဗျ။
အဲ့လိုကျုပ်တစ်ဖက်လှည့်နေရင်းဆရာကြီးထံကနေ…

“ကဲ…ဒါဖြင့်လည်းရှိစေတော့ကျုပ်ဒီပုရပိုက်ကို
ယူမသွားတော့ပါကွယ်…
ဒါပေမယ့်ကျုပ်ကိုခဏဖွင့်ကြည့်ခွင့်တော့ပေးရလိမ့်မယ်…
ဘယ့်နဲ့ရှိစ…”

ဆိုပြီးဆရာကြီးကပြောလာတယ်ဗျ။
မိန်းမပျိုကိုကျုပ်ကြည့်တော့မိန်းမပျိုက
အတော်ဝမ်းသာသွားပုံပဲဗျ…
ခေါင်းကိုညိတ်ပြီး…

“ရပါတယ်ဆရာကြီး…မယူသွားတာ
အမှန်ဆိုကျွန်မခွင့်ပြုပါတယ်ရှင်…”

ဆိုပြီးပြောလာတယ်ဗျ။
ကျုပ်လည်းစိတ်ချမ်းသာသွားတာပေါ့ဗျာ။
အဲ့သည်လိုနဲ့မိန်းမပျိုကရေကန်တစ်ခုဆီ
ကျုပ်တို့ကိုခေါ်သွားတယ်ဗျ။
ရေကန်ကိုကြည့်ပြီးလက်ယက်ခေါ်နေတာတွေ့တော့
ကျုပ်လည်းသေချာစိုက်ကြည့်နေတာပေါ့ဗျာ။
ကြည့်နေရင်းကနေရေကန်ထဲက ကျောက်မိကျောင်းကြီးတစ်ကောင်ထွက်လာတယ်ဗျ။
မိကျောင်းကြီးကအတော်ကြီးတာဗျ။
အဲ့သည်မိကျောင်းကြီးကသူ့ပါးစပ်ကိုဟလိုက်တော့
ပါးစပ်ထဲကနေ ဝင်းလက်ဝင်းလက်နဲ့အရာတစ်ခု
ထွက်လာတော့တာပဲဗျို့။
အဲ့တာကဆရာကြီးလာယူတဲ့ပုရပိုက်စာဗျ။
ပုရပိုက်စာကိုမိန်းမပျိုကဆရာကြီးဆီ
ရိုရိုသေသေပေးရှာတယ်။
ဆရာကြီးကလည်းပုရပိုက်စာကိုသေချာဖတ်တယ်ဗျ။
သူဖတ်လို့ပြီးမှကျေကျေနပ်နပ်ကြီး
မိန်းမပျိုကိုပြန်ပေးလိုက်တာဗျ။

“ကဲ…လုလင်…ကျုပ်တို့လာရင်းကိစ္စပြီးပြီ
ပြန်ကြတာပေါ့ကွယ်….”

“အပြန်လမ်းကိုကျွန်မလမ်းညွှန်ပေးပါရစေရှင်…
အခုလိုကျွန်မတို့ကိုပြစ်ဒဏ်အပေးခံရမယ့်ဘေးကနေ
ကယ်ဆယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်…
သိုက်ထဲမှာကြိုက်တဲ့အရာများရှိရင်လည်း
ယူဆောင်သွားလို့ရပါတယ်ရှင်…”

ဆိုပြီးမိန်းမပျိုကပြောတော့ဆရာကြီးကခေါင်းခါတယ်ဗျ။

“ကျုပ်တို့ကိုအပြန်လမ်းကိုပဲညွှန်ပေးပါ…”

မိန်းမပျိုကကျုပ်တို့ဆရာတပည့်ကိုလာတုန်းကထက်
အဆင်ပြေတဲ့လမ်းကနေလိုက်ပို့တယ်ဗျ။
တခဏအတွင်းမှာပဲကျုပ်နဲ့ဆရာကြီးလည်းညောင်ပင်ကြီးရဲ့အနောက်ဘက်ခြမ်းကနေပြန်ထွက်လာနိုင်ခဲ့ကြတယ်လေ။
မိန်းမပျိုကညောင်ပင်ကြီးအောက်ထိလိုက်လာပြီး
သူ့ရဲ့အခြွေအရံတွေယူလာတဲ့သစ်သီးတွေကို
ကျုပ်ကိုပေးတယ်ဗျ။

“ကျန်တဲ့အရာတွေကိုလက်မခံရင်…
ဒီသစ်သီးလေးတွေကိုတော့လက်ခံပေးပါရှင်…”

ဆိုပြီးပေးတော့ကျုပ်ကလည်းဆရာကြီးကိုကြည့်ရတာပေါ့။
ဆရာကြီးကခေါင်းညိတ်မှပဲကျူပ်လည်း
ယူထားလိုက်တော့တယ်ဗျ။
မိန်းမပျိုက ကျုပ်ကိုသေချာကြည့်နေတော့
ကျုပ်ဖြင့်နေရခက်လိုက်တာဗျာ…
သူက ကျုပ်ကိုပြုံးပြပြီးမှဆရာကြီးကိုဦးညွှတ်ပြီးသူ့ရဲ့
သိုက်ထဲကိုပြန်ဝင်သွားတော့တာဗျ။
သူနဲ့အခြွေအရံတွေသိုက်ထဲရောက်သွားတာနဲ့
ညောင်ပင်ကြီးကလည်းမူလအတိုင်းပြန်ဖြစ်သွားတော့တယ်။

“ကဲ….လုလင်…ဘုန်းကြီးကျောင်းကိုပြန်ကြမယ်…”
ဆရာကြီးနဲ့ကျုပ်လည်းဘုန်းကြီးကျောင်းကို
ပြန်လာခဲ့ကြတယ်ဗျ။ကျုပ်တို့ကျောင်းကိုရောက်တော့
လင်းကြက်တောင်တွန်နေပြီလေ။
ကျုပ်လည်းအိပ်ရာမှာခဏလေးမှေးရင်းကနေ
ပြန်ပြီးအိပ်ပျော်သွားတယ်ဗျ။
အိမ်မက်ထဲမှာကျုပ်ကိုမိန်းမပျိုကပြုံးပြီးစိုက်ကြည့်နေတာဗျ။
အပြင်မှာလိုပဲကျုပ်ဖြင့်နေရခက်ချက်ဗျာ….။

ပြီးပါပြီ။