သိုက်မြုံ(စ/ဆုံး)
————
“မောင့်ကိုပြောစရာရှိတယ်”
ဇနီးသည် စကားကြောင့် ကိုချစ်စမ်း စာဖတ်နေရာက
“အင်း ပြောလေဝေ”
“သမီးလေး အကြောင်း ပါမောင်”
“သမီးလေး အကြောင်း ”
ကိုချစ်စမ်း ကသံယောင်လိုက်၍မေးတော့..
“ဟုတ်တယ်မောင် သမီးလေးက အိမ်ထောင်ပြု
ချင်ပြီတဲ့”
“ဘယ်လိုဝေ ဘယ်လို”
ဟုတ်သလိုလို မဟုတ်သလိုလို သူ့နားတွေက
မဟုတ်တမ်းရားတွေများ ကြားတာလားဆိုပြီး
ဇနီးသည် ဝေ ကို သူထက်မေးလိုက်တာပါ။
” သမီးလေးက လက်ထပ် တော့မယ်တဲ့ အဲ့ဒါ
ဖေဖေ့ကို ခွင့်တောင်းပေးပါဆိုပြီး ဝေ ကိုပြော
ခိုင်းလို့ပါမောင်”
ထိုစကားကိုကြားတော့ ကိုချစ်စမ်း ငိုင်တွေသွား
သည်။ရင်ဘတ်ထဲမှာလည်း ဘာမှမရှိတော့
သလို ဟောင်းလောင်းကြီး ဖြစ်သွားတယ်လို့
သူခံစားလိုက်ရသည်။
“မောင် ”
“မောင်”
ငိုင်တွေသွားတဲ့ ခင်ပွန်းကို ပခုံးလှုပ်ပြီး ဝေက အတင်း ခေါ်မှ ကိုချစ်စမ်း သတိပြန်ဝင်လာသည်။
“သမီးလေးက ငယ်ငယ်လေး ရှိပါသေးတယ်ကွာ”
ခုလို တုန်အက်နေတဲ့ အသံမျိုးနဲ့ သမီးလေးက
ငယ်ငယ်လေး ရှိပါသေးတယ်ကွာ.. ဆိုတဲ့
စကားမျိုး ဝေ့အတွက် ဒုတိယ အကြိမ်
ကြားရခြင်းပါ။
သမီးလေး ဆယ့်သုံးနှစ် ဆယ့်လေးနှစ်အရွယ်
လောက်တုန်းက တစ်ကြိမ် ကိုချစ်စမ်း ပြောဖူး
တာပါ။
“မောင့် သမီး အရွယ်ရောက်ပြီ”
“ဘာပြောတာလဲ ဝေ”
ကိုချစ်စမ်း ကို ဝေ က ဒုန်းဝေးလိုက်တာ
ဆိုတဲ့အကြည့်နဲ့ မျက်စောင်းထိုးပြီး…
“မောင့်သမီး အရွယ်ရောက်လို့ ရာသီပန်းပွင့်ပြီ
လို့ပြောနေတာသိပြီလား”
“ဟင် …သမီးလေးက ငယ်ငယ်လေး ရှိသေးတာ
မဟုတ်လား”
ဆိုပြီး အဲဒီတုန်းက. မျက်နှာကြီးပျက်ပြီး
ပြောတာကို ဝေ မှတ်မိနေသည်။
“မောင်ရယ် မိဘဆိုတာကတော့ ကိုယ့်သားသမီး
တွေ ဘယ်အရွယ်တွေရောက်ရောက် ကလေး
တွေလို့မြင်တာပဲလေ၊ အတောင်စုံတော့လည်း
အသိုက်မြုံကို စွန့်ခွာသွားကြတာပါပဲမောင်ရယ်
လက်ခံပေးလိုက်ပါ”
“သမီးလေးကို ခေါ်လိုက်စမ်းပါဝေ”
“ကလေးကိုတော့ စိတ်ညစ်အောင် ရှင်မလုပ်
ပါနဲ့နော်”
အဲလိုပြောပြီးထွက်သွားတဲ့ ဇနီး ဝေ ကို ကြည့်ပြီး..
“အဖေတစ်ယောက်ရဲ့ ခံစား ချက်ကို မင်းမို့
ပြောရက်တယ် ဝေ”
ဆိုပြီး သူတွေးလိုက်မိတယ်။
ခဏကြာတော့..
“သမီး ရောက်ပါပြီ ဖေဖေ ”
သူသမီးလေးမျက်နှာကို ကိုချစ်စမ်း သေချာ
ကြည့်မိသည်။ အပြစ် ကင်းစင်တဲ့ တကယ့်
ကလေးဆိုမှ ကလေးမျက်နှာလေး။
“သမီး လက်ထပ်ချင်လို့ဆို”
“ဟုတ်”
ခေါင်းလေးငုံ့ပြီးပြောလိုက်တဲ့ သမီးလေးကို
ကိုချစ်စမ်းက …
“သမီးလေးက ငယ်ပါသေးတယ်ကွယ် ..
အိမ်ထောင်ရေးနယ်ပယ်မှာ ခံရမဲ့ လောကဓံ တွေကို သမီးလေး ခံနိုင်အုံးမှာမဟုတ်ဘူးသမီး”
“သမီး ကလေးမဟုတ်တော့ဘူးအဖေ
ကျောင်းပြီးလို့ ဘွဲ့တောင်ရနေပြီ ဒါတော့
ဖေဖေ မတရားတာ ဖေဖေရော ဘယ်အရွယ်မှာ
လက်ထပ်တာလဲ”
“အို …ဒီလို အဖေ့ကို ပြန်မပြောရဘူးလေ သမီးရဲ့”
တင်းမာလာတော့မဲ့ သားအဖနှစ်ယောက်ရဲ့
အခြေနေကို ဘေးက အမေဖြစ်သူ ဝေက
ဝင်ထိန်းရသည်။
“ရှင်လည်း တော်ပါတော့ လာလာသမီး
သမီးအဖေကို မေမေ နားဝင်အောင်ပြောပေးမယ်နော်”
ဆိုပြီး သားအဖနှစ်ယောက်ကို လူချင်းခွဲလိုက်
ရသည်။ ညနေ ထမင်းစားချိန်ရောက်တော့
မိသားစုသုံးယောက် ပျော်ပျော်ရွှင်ရွှင် စားနေကျထမင်းဝိုင်းက ခြောက်ကပ်ကပ်…
“သမီးလေးရောဝေ”
“မစားချင်ဘူးတဲ့မောင်”
ဒီတော့ ကိုချစ်စမ်း လည်း ထမင်းဝိုင်းက ထထွက်သွား
ပြီး သူ့သမီး အခန်းတံခါးကို သွားခေါက်လိုက်သည်။
“ထမင်း စားရအောင်လေ သမီး”
ဒီတော့ အခန်းထဲက သမီးဖြစ်သူက..
“မစားချင်ဘူးအဖေ သမီး စိတ်ဆင်းရဲလို့
အဖေတို့သာစားကြပါ”
“ေဩာ် သမီးလေးရယ်”
လို့ ရင်ထဲက ငြီးတွားပြီး ထမင်း စားပွဲကို
မပြန်တောပဲ့ အိပ်ခန်းထဲ ဝင်ခဲ့လိုက်သည်။
တော်တော် ကြာတော့ ဇနီး ဝေ ရောက်လာပြီး..
“မောင်တို့ သားဖ နှစ်ယောက် ကြားထဲမှာ
ဝေတော့ သိပ်စိတ်ဆင်းရဲတာပဲ”
ဒီတော့ ကိုချစ်စမ်းက .
“ဝေ မောင်တို့လက်ထပ်ပြီး မိဘတွေကို
ကန်တော့ကြတော့ မောင့်ဖေဖေ ပေးတဲ့ ဆုကို
မှတ်မိလားဝေ”
“မှတ်မိတာပေါ့မောင် အဲဒီတုန်းက မောင့်ဖေဖေ
ပေးတဲ့ဆုကို ကြားပြီး ဝေဖြင့် ရှက်လိုက်တာ
မောင်ရယ် ဘာတဲ့ဆုပေးက သားနဲ့သမီး
နောင်တချိန် သားသမီးတွေရတဲ့အခါ မ်ိဘရဲ့
ခံစားချက်ကို နားလည်မဲ့ မိဘအပေါ်နားလည်
တဲ့ သားသမီးရတနာလေးတွေရကြပါစေကွယ်..
ဆိုပြီးတော့ ခုမှညားပြီး သားသမီးကြောင်းထည့်ပြောတော့
ဝေရှက်တာပေါ့ ၊ဒါနဲ့ ဘာလို့မေးတာလဲမောင်”
“တကယ်တော့ အဲဒီဆုက မောင့်ကိုရည်ရွယ်ပြီး
မောင့်အဖေပေးခဲ့တာ ၊ဝေ့ကို လိုက်တောင်းပေးဖို့
အဖေ့ကိုပြောတော့ သားငယ်ပါသေးတယ်ကွာ..
ဆိုပြီး အဖေက မောင့်ကိုပြောခဲ့တယ်။
ကျနော့်အသက်မငယ်တော့ဘူးအဖေ
အဖေရော ဘယ်အရွယ်မှာ အိမ်ထောင်ပြု
ခဲ့တာလဲ ဆိုပြီး ပြန်မေးခဲ့မိတယ၊် အဲဒီတုန်းက
အဖေ့မျက်နှာက ကြွေကျတော့မဲ့သစ်ရွက်လိုပဲ
ညိုးရော် နွမ်းဖတ် သွားတာ.. နောက်တော့
အဖေကပြောတယ်..
အဖေပြောတာလက်မခံရင်လည်း သားသဘော
ပါ.. နောင်တချိန် အဖေ့နေရာရောက်ရင် အဖေ့စိတ်
ခံစားချက်ကို သားနားလည်လာမှာပါတဲ့..
ဝေရယ် ခုကိုယ့်သမီးက မောင့်တုန်းက အဖေ့
ပြန်မေးသလို… ဘယ်အရွယ်မှာ အဖေလက်ထပ်
ခဲ့တာလဲလို့ ပြန်မေးနေပြီဝေရယ်.. မောင်ဝဋ်လည်
ပါပြီဝေ.. အဲဒီတုန်းက ဖေဖေက သူ့သားကို
ခုမောင် သမီးကို အရမ်းနှမြောသလို နှမြောလို့
သားငယ်ပါသေးတယ်လို့ပြောခဲ့တာနေမှာ..
မောင့်..ဖုန်း ယူပေးစမ်းပါဝေ အဖေ့ဆီ မောင်
ဖုန်းဆက်ချင်လို့ပါ”
ဇနီးသည် ဝေ ကနာရီကိုကြည်ပြီး…
“၁၂နာရီ တောင်ကျော်နေပြီ ဖေဖေ အိပ်ရောပေါ့
မနက်မှ ဖုန်းပြောလေ နော်မောင်”
“အဖေ ဒီချိန်မအိပ်သေးဘူး မောင်သိတယ်ဝေ..
မောင့် ဖုန်းလေးသာယူပေးစမ်းပါ။
ဝေ က စာကြည့်စားပွဲပေါ်က ဖုန်းလေးကို
ယူပေးလိုက်သည်။
“ဟလို ပြောသား ဒီအချိန်ကြီး ဘာအကြောင်း
ရှိလို့ ဖုန်းခေါ်တာလဲ”
“အဖေ “….
အဖေ လို့တစ်ခွန်းခေါ်ပြီး ဆက်မပြောနိူင်သေးပဲ
ကိုချစ်စမ်း ဆို့နင့်နေမိသည်။
“ဟလို.. ဟလို”
ဘာသံမှ မကြားရ၍ ကိုချစ်စမ်းအဖေက
ဆက်၍ခေါ်နေသည်။
“အဖေ့ မြေး လက်ထပ်တော့မယ် အဖေ”
“ေဩာ်…ဟုတ်လား”
“ကျနော် အိမ်ထောင်ပြုမယ်ဆိုတုန်းက
အဖေ့ခံစားချက်ကို ကျနော်နားလည်ပါပြီ အဖေ..
ကျနော် တောင်းပန်ပါတယ်အဖေ.. ခုကျနော်
အဖေ့ကိုပြန်ပြောခဲ့သလိုမျိုး ကျနော့်သမီးက
ပြန်ပြောလို့ အဖေခံစားရ,သလို ခံစားရပြီး ကျနော်
ဝဋ်ပြန်လည်နေပါပြီအဖေ”
“ဖြစ်တက်ပါတယ်ကွာ ညနက်နေပြီ အိပ်တော့”
ဆိုပြီး ကိုချစ်စမ်းဖခင်က ဖုန်းချသွားသည်။
လက်ထဲက ဖုန်းကိုကိုင်ပြီး ငိုင်နေရင်းက
“ဝေ သမီးလေးကို ပြောလိုက်ပါ အဖေက
လက်ခံပါတယ်လို့ အားးးဟီးးး😭😭😭
ပြောရင်း ဇနီးသည် ကိုဖက်ပြီး ကိုချစ်စမ်း
အားရပါးရ ငိုလိုက်မိသည်။
နောက်တနေ့ကျ လူကြီးမိဘ စုံလင်စွာနဲ့
သမီးကို လာပြီး တောင်းရမ်းစေ့စပ်ကြသည်၊
သမီးကောင်လေးရဲ့ အဖေက …
“ကိုချစ်စမ်းတို့ လိုအပ်တာကို တောင်းဆိုနိူင်
ပါတယ်ဗျာ ကျနော်တို့က လိုက်ရောပါ့မယ်”
ဘာမှပြန်ပြောပဲ အတွေးလွန်နေတဲ့ ကိုချစ်စမ်း ကို
ဇနီးသည်က ပေါင်ကို လက်နဲ့ကုတ်တော့မှ
အသိပြန်ဝင်လာပြီး…
“လိုအပ်တာကို တောင်းဆိုရရင် ခုချက်ချင်း
ခဗျား တို့ ကျနော်အိမ်ထဲက ပြန်လိုက်ကြ…
လို့ ကိုချစ်စမ်း ပြောလိုက်ချင်ပေမဲ့ တကယ်တမ်း
ပါးစပ်က ခုန်ထွက်လာတဲ့စကားက..
‘”ကျနော့်သမီးလေး စိတ်ချမ်းသာရင် ပြီးတာပါပဲဗျာ”
“ဒါဆိုရင်တော့ ဝမ်းသာပါတယ်ဗျာ..
တဆက်တည်းပြောပါရစေ ကျနော်တို့က
တစ်ဦးတည်းထဲသော..သားလေးဆိုတော့
လက်ထပ်ပြီးတာနဲ့ သမီးလေးကို ကျနော်တို့ အိမ်ကို ခေါ်သွားပါရစေဗျာ …သမီးအရင်းလို ကျနော် တို့က
ချစ်မှာပါ”..
ဒီစကားကြားတော့ ကိုချစ်စမ်း ဒေါသဖြစ်သွား
မိသည်။
“ကျနော်တို့ကလည်း တစ်ဦးတည်းသောသမီးပါ
ဗျ ..ခင်ဗျားတို့ချစ်မယ်ဆိုတာကလည်း ကျနော်ထက်…
-“ဖေကြီး သတိထား လေ”
ဆိုပြီး ဇနီးက သတိပေးမှ စိတ်ကို ကိုချစ်စမ်း ထိန်းချုပ်လိုက်သည်။
သမီးမျက်နှာကို ကြည့်လိုက်တော့လည်း..
“မပြောပါနဲ့ အဖေရယ် ခွင့်ပြုပေးပါနော်..
ဆိုတဲ့ပုံစံမျိုး ..နှုတ်ကမပြောပေမဲ့ ကိုယ့်သမီးမို့
ကိုယ်သိသည်။ ဒီတော့စိတ်ကိုဒုန်းဒုန်းချပြီး…
“သမီးလေးက လိုက်နေချင်တယ်ဆိုရင်
ကျနော်တို့ မိဘ တွေက ဘာမှပြောစရာမရှိပါဘူး
ဗျာ သမီးလေး ဆန္ဒပါ”
ဒီလိုနဲ့ စေစပ်ပွဲက ပြီးသွားသည်။
နောက်နေ့မနက် ကိုချစ်စမ်း အိပ်ရာထတော့
၈နာရီ တောင်ကျော်နေပြီ။
တစ်ညလုံးမအိပ်တဲ့ သူ့ကို ဝေကလည်း မနှိုးရက်။
“သမီးလေးရော ဝေ”
‘” မောင်မင်းလူ လာခေါ်သွားတယ်မောင်
မင်္ဂလာ ဝတ်စုံ ရွေးဖို့တ၊ဲ့ ဝေ လည်းစျေးသွားအုံးမယ်မောင် မနက်စာ ပြင်ပေး
ခဲ့တယ် နော်”
ထိုသို့ပြော၍ စျေးသို့ ဝေထွက်လာခဲ့သည်။
ဝယ်ခြမ်းပြီးလို့ အိမ်ပြန်လာတော့ ကိုချစ်စမ်း ၏
အရိပ်အရောင် ကိုမမြင်ရ။ ဒါနဲ့. ခေါ်ကြည့်
မိသည်။
“မောင်”
“မောင်”
“မောင်”
အိမ်ထဲရော ခြံထဲရော ကိုချစ်စမ်းကိုမတွေ့။
မနက်စာ ပြင်ခဲ့တဲ့ စားစရာ တွေကလည်း
ဒီအတိုင်း၊တို့ပင်မတို့ထား..
“မောင်ဘယ်များသွားတာပါလိမ့် အပြင်ထွက်
သွားတာဆိုလဲ ခြံတံခါးတော့ပိတ်သွားမှာပါ…
အိမ်ထဲမှာလိုက်ရှာရင်း သမီးလေး အခန်းကို
ကြည့်ဝင်လိုက်တော့ ကိုချစ်စမ်းက သမီး အိပ်တဲ့
ကုတင် ထက်မှာ ထိုင်နေတာ တွေ့ရသည်။
“ဝေ ခေါ်နေတာမကြားဘူးလားမောင် ဘာလို့ သမီး အခန်းထဲလာပြီး ငြိမ်နေရတာလဲ”
“မင်းခေါ်နေတာ ငါကြားပါတယ်ဝေ. နောက်ဆို…
ဒီအိမ်ကြီးမှာ သမီးလေး ရဲ့ ရယ်သံလေးတွေ…
သမီးလေး ရဲ့ ပုံရိပ်လေးတွေက လုံးဝဆိတ်သုဉ်း
ပျောက်ကွယ်သွားတော့မှာ… အဲ့ဒီ အခါကျရင် ဒီအိမ်
ကြီးထဲ မင်းနဲ့ငါ နှစ်ယောက်ထဲ ကျန်ခဲ့ပြီး..
တိတ်ဆိတ် ခြောက်သွေ့ပြီးတော့.. ..
ပျင်းစရာကြီး ဖြစ်ကျန်ခဲ့မှာ ..
အဲ့ဒီ ဒဏ်ကိုခံနိူင်အောင် ..
ခုကတည်းက ဒီနေရာမှာ တိတ်တိတ်လေးနေပြီး
လေ့ကျင့်နေတာပါ မေကြီးရယ်”
ကိုချစ်စမ်း စကားကြားတော့ ဝေ အရမ်းဝမ်းနည်း
သွားမိသည်။ ကိုချစ်စမ်းက သမီးလေးကို
ဘယ်လောက်ချစ်သလဲဆိုရင် သမီးလေး မွေးစက..
“ဝေ ..နောက်ထပ် မောင်ကလေးမယူချင်တော့ဘူး”
“ဘာလဲ မောင်က တာဝန်မယူချင်လို့လား”
“မဟုတ်ပါဘူးဝေရယ် နောက်ကလေးလေးတွေ
မွေးလာရင် သမီးလေးက ဖေဖေက.. နောက်ကလေးလေးကိုပိုချစ်တယ်လို့ အထင်လွဲ
မှာစိုးလို့ပါ ဒီသမီးလေးပဲ ပုံချစ်ကြမယ်နော်ဝေ”
အဲဒီလောက်ကို သူ့သမီး ကိုချစ်ခဲ့တာ။
“မောင်ရယ်….😢
……………….
မင်္ဂလာပွဲရောက် လာတဲ့ဧည့်သည်တွေကို
ကိုချစ်စမ်း လိုက်ပြီးနုတ်ဆက်ရင်း..
သမီးလေး က ငါ့ကိုထားခဲ့တော့မှာဆိုတဲ့အသိက
အပြင်ပန်း ပြုံးနေပေမဲ့ ရင်ထဲက ဗလောင်ဆူ
နေသည်။နှစ်ဖက်မိဘတွေကို မင်္ဂလာ မောင်နှံက
ကန်တော့ကြတော့ သတိုးသားဖခင်က..
“ဒီလင်ဒီမယား စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
သေတပန်သက်တဆုံး အိုအောင်မင်းအောင်
ပေါင်းရပါစေကွယ်”ဆိုပြီး ဆုပေးတယ်။
ကိုချစ်စမ်းကတော့ သူ့သမီးမျက်နှာလေးကြည့်ပြီး
တွေနေရှာသည်။ဘေးက သူ့ဇနီး ဝေက …
“သားနဲ့သမီး ကိုဆုပေးလိုက်အုံးလေ ဖေကြီး”
ဆိုမှ အသိပြန်ဝင်လာပြီး တုန်ယင်နေတဲ့အသံကို
ကြိုးစားထိန်းပြီး…
“သားနဲ့သမီး ရှေ့လျောက်လို့သားသမီးလေးတွေ
ရတဲ့အခါ မိဘရဲ့ ခံစားချက်..
ရှေ့မဆက်နိူင်ပဲ ကိုချစ်စမ်းအသံက တိမ်ဝင်သွား
သည်။သူ့ဇနီးဝေက လက်ကို တင်းတင်း ဆုပ်ပြီး
အားပေးတော့မှ စိတ်တင်းပြီး..
“မိဘရဲ့ ခံစားချက်ကို နားလည်တဲ့ သားသမီး
ရတနာလေးတွေ ရကြပါစေကွယ်”
……………………
မင်္ဂလာပွဲပြီးတော့ သူ့အမျိုးသား နောက်လိုက်
တော့မှာမို့ နောက်တကြိမ် သမီးက ကန်တော့သည်။
ကိုချစ်စမ်းက သူ့သမီးလေး လက်ကို ဆုပ်ကိုင်ပြီး..
“နောက် အဖေ့နေရာ ငါ့သမီးလေး ရောက်ရင် အဖေ့ခံစားချက်ကိုငါ့သမီးလေးနားလည်
လာမှာပါ လိမ်လိမ်မာမာ နေနော်သမီး”
ဆိုပြီး ပြောလိုက်သည်။
နောက်တော့အထုပ်အပိုးတွေဆွဲပြီး ထွက်သွား
တဲ့ သမီးလေးကို ကြည့်ရင်း..
“ေဩာ်.. အတောင်စုံရင် ငှက်ကလေးတွေက
ပြန်သွားကြပြီး သိုက်မြုံမှာ ကျွေးမွေးပြုစု
ယုယကြင်နာ ခဲ့ရတဲ့ အဖေအိုအမေအို
ငှက်အိုငှက်မကြီးတွေပဲ..ကျန်ခဲ့သလိုပါပဲလား…
……………….
မိဘ ကျေးဇူးနားလည်နိူင်ကြပါစေ..
အဖေ့ကျေးဇူးလည်း သိတက်ကြပါစေ
26.4.2022. 2:9 PM
#ပီယ[ရွှေညာမြေ]