*စုန်းထီးကြီးဦးဘသာနှင့် သုဿန်ထဲက ဇရပ်ကြီး*📖📖📖
*******************************************
(၁)
ကျုပ်တို့ရွာသုဿန်က ဇရပ်ကြီးက တော်တော်ကိုဆွေးနေပြီဗျ၊ ဆွေးချင်လည်းဆွေးစရာပါပဲ၊ အဲဒီဇရပ်ကြီးက ဘယ်ခေတ်ကာလတုန်းကလည်းက ဆောက်ထားတဲ့ဇရပ်ကြီးမှန်းမသိဘူးတဲ့၊ ကျုပ်တို့ရွာ ဒီနေရာကိုမပြောင်းခင်ကတည်းက ဟောဒီနေရာမှာ ဇရပ်ကြီးက ရှိပြီးသားလို့ပြောကြတယ်၊ ဖက်လိပ်ရွာမှာ ဂျပန်ခေတ်အပြီး ကျောက်ရောဂါ၊ ပုလိပ်ရောဂါတွေဖြစ်လို့ အခုရွာနေရာကိုပြောင်းရွှေ့လာခဲ့ကြတယ်၊ ရွာပြောင်းလာတော့ သုဿန်ကလိုလာပြီပေါ့၊ ဒီအခါ အခုဒီဇရပ်ကြီးရဲ့ အနားမှာ ရှေးအုတ်ဂူကြီးသုံးလုံးနဲ့ မြေပုံအမှတ်အသားတွေကိုတွေ့တယ်ဆိုပဲ၊ ဒါနဲ့ ထွေထွေထူးထူးမစဉ်းစားတော့ဘဲ ဒီဇရပ်ကြီးအနားမှာ လူသေချကြရင်း နောက်ဆုံးတော့ ဒီနေရာကြီးက သုဿန်ကြီးဖြစ်သွားတယ်ဆိုပါတော့။
ဒီအခါ ဒီဇရပ်ကြီးပေါ်မှာပဲ သရဏဂုံတင်တာတို့ မသာပြင်တာတို့လုပ်ကြရင်းနဲ့ သူ့အလိုလိုရှိခဲ့တဲ့ဇရပ်ကြီးက သုဿန်ဇရပ်ကြီးဖြစ်ခဲ့ရတယ်ပဲပြောပါတော့။
အဲဒီတုန်းက ဆောင်းတွင်းကြီးဗျ၊ နတ်တော်လကြီးဆိုတော့ အေးလိုက်တာကလည်းပြောမနေပါနဲ့၊ ကျုပ်တို့အညာဆိုတာ ရာသီဥတုပြင်းထန်တယ်၊ ပူတဲ့အချိန်ဆိုရင်လည်း အရမ်းပူသလို အခုလိုအေးတဲ့ရာသီဆိုရင်လည်း သေမတတ်အေးတယ်၊ ဒီလိုအေးတဲ့အချိန်ကြီးမှာပဲ ရွာထဲက အဘိုးသံဆိုတဲ့လူကြီးက ထသေပါရော၊ အေးတဲ့ရာသီ ပူတဲ့ရာသီဆိုရင် အသက်ကြီးပိုင်းတွေသေတတ်ကြတယ်မဟုတ်လား၊ အဘိုးသံကလည်း အခုအသက်ကိုးဆယ်ကျော်ပြီး တစ်ရာနားကပ်နေပြီဆိုတော့ သူသေတာမဆန်းပါဘူးဗျာ၊ သူ့သားသမီးတွေကတောင် သိပ်ပြီးဝမ်းနည်းမနေတော့ပါဘူး၊ လူ့လောကမှာ အနှစ်တစ်ရာလောက်နီးနီးနေခဲ့ရတာ တော်တော်တန်နေပါပြီ။
အဘိုးသံမှာ မြေးချည်းပဲ သုံးဆယ်လောက်ရှိတယ်၊ မြစ်က ဆယ့်တစ်ယောက်၊ အဲဒီမြစ်က မွေးတဲ့ တီတောင်မှ အသက်နှစ်ဆယ်ကျော်လို့ မိန်းမရပြီး ကလေးတင်အခါလည်ကျော်နေပြီ၊ အဲဒီကလေးကက အဘိုးသံနဲ့ဆိုရင် တွတ်တော်တယ်၊ ဒါကြောင့် ဒီကလေးနာမည်ပျောက်ပြီး သူ့ကို မောင်တွတ်ပဲခေါ်ကြတာ အခုထိပါပဲ၊ အဲ ဆက်ပြောရရင်တော့ အဘိုးသံက ဆွေမျိုးတောင့်တယ်ဆိုတော့ သူ့အသုဘလုပ်တော့ လာလိုက်ကြတဲ့လူတွေမနည်းပါဘူးဗျာ၊ အဘိုးသံအလောင်းကို မြေချခါနီးကျတော့ သုဿန်ဇရပ်ပေါ်တင်ကြတယ်၊ ဇရပ်ကြမ်းခင်းကြီးတွေက လက်တစ်ထွာလောက်အနံရှိတဲ့ သစ်သားကြမ်းခင်းပြားကြီးတွေ၊ ခုခေတ်အဲဒီလိုကြမ်းခင်းမရှိဘူး၊ ဒါပေမယ့်လည်း နှစ်တွေကြာလာတော့ ကြမ်းတွေက မိုးဒဏ်လေဒဏ်နဲ့ဆွေးနေပါရော။
အဘိုးသံနဲ့ကျုပ်တို့လည်း ဆွေမျိုးမကင်းတော်တယ်ဆိုတော့ အဘိုးသံနာရေးမှာ ကူညီပေးရတာပေါ့၊ အဘိုးသံကို မြေချမယ့်ရက်ကျတော့ ဖျာလိပ်ကြီးနဲ့သယ်လာပြီး သုဿန်ဇရပ်ပေါ်တင်လိုက်တယ်၊ လူသေကိုနောက်ဆုံးအကြိမ်အဖြစ် ဖျာလိပ်ကိုဖွင့်ပြတယ်၊ ဆရာတော်တွေကတော့ ခေါင်းရင်းနားထိုင်တယ်၊ ဆွေမျိုးတွေက လူသေကောင်ကြီးကြည့်ပြီး နောက်ဆုံးအကြိမ်ကန်တော့ကြ၊ နှုတ်ဆက်ကြ ငိုကြယိုကြနဲ့ပေါ့ဗျာ၊ အဘိုးသံသမီးအကြီးဆုံး ဘွားစိန်ဆိုတာ အသက်ခုနစ်ဆယ်လောက်ရှိနေပြီ၊ သူကတော့ အသည်းဆုံးပေါ့ဗျာ၊ အဘိုးသံရုပ်အလောင်းကြီးဖက်ပြီး ငိုလိုက်တာပြောမနေပါနဲ့၊ အနားက မြေးတွေမြစ်တွေက ဝိုင်းပြီးဖမ်းဆွဲထားတယ်။
“အောင်မယ်လေးအဖေရဲ့ အဖေမရှိတော့ ကျုပ်တို့ဘယ်လိုနေကြရမှာလဲတော့၊ အဖေက ကျုပ်တို့ကို တကယ်ကြီးထားသွားပြီလားတော့၊ ပြန်ခေါ်ပေး၊ အဖေ့ကိုပြန်ခေါ်ပေး”
ဘွားစိန်က ပြောလိုက် ရင်ဘတ်ကိုလက်နဲ့ထုပြီး ငိုလိုက်နဲ့လုပ်နေတယ်၊ တကယ်လည်းပူဆွေးနေပုံရပေမယ့် သူ့အိုက်တင်က အကယ်ဒမီရမယ့်ရုပ်ဗျ၊ ဘုန်းကြီးသေရင် လူငှားပြီး ဧရင့်ကျူးခိုင်းသလို အခုလည်း ဘွားစိန်တစ်ယောက် အလောင်းဖက်လိုက်ငိုလိုက်နဲ့ပဲ၊ ဇရပ်ပေါ်လည်း လူက ငါးဆယ်လောက်ဖြစ်နေပြီ၊ တစ်ချို့ဆိုထိုင်မရလို့ မတ်တတ်ရပ်ကြည့်နေတဲ့လူနဲ့၊ ဆောင့်ကြောင့်ကလေးထိုင်နေကြတဲ့လူနဲ့ပါ၊ ဆရာတော်တွေက ရွတ်ဖတ်ပြီးတော့ ဘွားစိန်ကို မနည်းဖြောင်းဖျတရားချပြီး လူသေကိုဇရပ်ပေါ်ကနေ ချဖို့လုပ်ကြတယ်၊ ကျုပ်ကတော့ လူသေထမ်းပေါ့ဗျာ။
ဘွားစိန်တို့မိသားစုတွေက အရှေ့ကနေဆင်း၊ ကျုပ်တို့ကာလသားတွေက အလောင်းကြီးထမ်းပြီးဆင်းတာပေါ့၊ ပြီးမှ ဇရပ်ပေါ်ကလူတွေက ကျုပ်တို့အနောက်ကနေလိုက်ပြီးဆင်းကြမှာ၊ ကျုပ်က အဘိုးသံရဲ့ ခြေထောက်ဘက်ကိုထမ်းထားရတယ်၊ ဒီလိုနဲ့ထမ်းပြီး ဇရပ်လှေကားပေါ်ကနေဆင်းတဲ့အချိန်မှာ ကျုပ်နင်းထည့်လိုက်တဲ့ လှေကားခြေနင်းပြားက ဆင့်ကနေပြုတ်ထွက်ပြီး ဖြောင်းခနဲကျိုးကျသွားပါရောဗျာ၊ ခြေရင်းကိုင်ထားတဲ့ကျုပ်လည်း ဇရပ်အောက်ကိုကျသွားတာပေါ့၊ ဒီအခါ လူသေအလောင်းကြီးက ထောင်ပြီးတော့ အရှေ့ကလူတွေအပေါ်ကိုကျတယ်၊ ကျမယ့်ကျတော့လည်း အဖေနဲ့မခွဲနိုင်တဲ့ ဘွားစိန်ပေါ်ကိုတည့်တည့်ကျပြီးတော့ ဘွားစိန်ကိုမသာကြီးက ပိနေပါရော၊
ဇရပ်ပေါ်က လူတွေက အုံခဲပြီးဆင်းမယ်အလုပ်မှာတော့ ဇရပ်ကြမ်းကိုထောက်ထားတဲ့ ဆင့်တန်းကျိုးကျပြီး ဇရပ်ကြမ်းက တစ်ဖက်စောင်းနင်းကြီးဖြစ်သွားပါရောဗျာ၊ ဇရပ်ပေါ်ကလူတွေအကုန်လုံး လျှောစီးသလိုမျိုး လျှောခနဲပြုတ်ကျပြီးတော့ မြေပေါ်မှာအထွေးလိုက်ပဲဗျ၊ ဆရာတော်တွေဆိုရင်လည်း သင်္ကန်းကြီးတကားကားနဲ့ ပိုးလိုးပက်လက်တွေကို လန်နေပါရော၊ ကြီးကြီးမားမားထိခိုက်သွားတဲ့လူမရှိပေမယ့် နာရေးလိုက်ပို့တဲ့လူတော်တော်များများပွန်းကုန်ပဲ့ကုန်ကြတယ်၊ ဘွားစိန်ကတော့ မသာကြီးပိပြီး မျက်ဖြူလန်နေလို့ မနည်းနှာနှပ်ယူရတယ်ဗျာ။ နောက်တော့ ဒီစိတ်နဲ့ပဲ သွေးပျက်ပြီးတော့ ရူးသလိုလိုကြောင်သလိုလိုဖြစ်သွားတယ်။
“ဟား၊ ဟား အလတ်ကောင်ရာ မင်းကတော့ဖြစ်လိုက်ရင် အဆန်းချည်းပဲကွ”
ကျုပ်ပြောပြတာတွေကို ဦးဘသာကနားထောင်နေရင်းနဲ့ ခွက်ထိုးခွက်လန်ရယ်ပါရောဗျာ။
“ဦးဘသာက ရယ်နေနိုင်သေးတယ်ဗျာ၊ ကျုပ်ဖြင့် နာလိုက်တာပြောမနေပါနဲ့”
“မင်းက ဘယ်နားနာနေလို့လဲကွ”
“ဟိုနေရာပေါ့ဗျာ”
“ငါကအကောင်းနဲ့မေးနေတာကွ”
“ဟုတ်ပါတယ်ဆိုဗျာ၊ မတော်တဲ့နေရာထိသွားတာဗျ၊ လှေကားထစ်ကနေ အောက်ကိုပြုတ်ကျရင်း ထောင်တက်လာတဲ့ခြေနင်းပြားက မတော်ရာကိုထိပြီး သွေးခြေတွေဥနေတာဗျာ၊ အခုထိ အောင့်နေတာပဲ”
“ငါ့ကိုပြစမ်းကွာ”
“မလုပ်ပါနဲ့ဦးဘသာရာ၊ ကျုပ်ရှက်လို့ပါ၊ ဆေးဆရာဦးမှတ်ကြီးကိုတောင်မှ ဒီအကြောင်းမပြောဘူးဗျ၊ မတော်ရာလှန်ပြီး ကုသနေမှ အခက်မဟုတ်လား”
“မင်းကတော့ကွာ၊ ရောဂါအနာဆိုတာ ဖြစ်ရင်ကုသရတယ်ကွ၊ မကုသရင် ပိုဆိုးလာလိမ့်မယ်၊ ယောက်ျားချင်းပဲကွာ ငါ့ကိုရှက်စရာမလိုပါဘူး၊ ပြစမ်းပါ”
“ဒါဖြင့်ရင်လည်း ကြည့်ဗျာ”
ကျုပ်က ထိုင်နေရင်းနဲ့ပုဆိုးအသာကလေးဖြေပြလိုက်တယ်၊ ဦးဘသာက မျက်မှောင်ကြုတ်ပြီးကြည့်ရင်း
“ဟ၊ အလတ်ကောင်၊ မင်းဟာက ကြက်အူချောင်းကြီးလို ဖောင်းဖောင်းကြီးနဲ့ရောင်ကိုင်းနေတာပါလားကွ၊ ဒီဟာအရေးကြီးတယ် ဟကောင်ရ၊ မင်းမကုဘဲထားရင် ပုပ်ပြီးပြတ်ကျသွားလို့ လူစဉ်မမှီဘူးဖြစ်နေပါအုံးမယ်ကွာ”
“ဒါပေမယ့် ဒါကြီးကို သူများတွေကိုဘယ်လိုပြရမလဲဗျ”
ဦးဘသာက တစ်ချက်စဉ်းစားရင်း
“တို့မြန်မာဆေးနည်းတွေထဲမှာ အနာတွေကို နေရာရွေ့ပြောင်းပြီးတော့ ကုသတဲ့နည်းဆိုတာရှိတယ်ကွ”
“ဘယ်လိုဗျ၊ အနာကိုရွေ့တယ်တဲ့လား”
“မင်းယုံချင်မှယုံမယ်နော်၊ ဖြစ်နေတဲ့အနာကို နေရာရွေ့ပြီးကုသတဲ့နည်းကွ၊ ရှေးခေတ်ကဆို မိန်းမပျိုကလေးတွေ မတော်ရာနေရာ အနာပေါက်ရင် အဲဒီလိုရွေ့ပြီး တခြားနေရာကိုရောက်မှ ကုသကြတယ်ကွ”
“ဦးဘသာပြောတာ အဆန်းပါလားဗျာ၊ ကျုပ်ကတော့ အခုမှကြားဖူးတယ်”
“ဟုတ်တယ်ကွ၊ ရွေ့တာကတော့ အကုန်ရွေ့လို့ရတယ်၊ ခွကြားတွေ၊ ဖင်တွေမှာပေါက်တဲ့ သွေးစုနာ၊ မွှေးကျွတ်နာတို့၊ ပေါင်ရင်းပေါက်တဲ့ သက်တံ့လို့အနာမျိုး၊ ပြီးတော့ ချိုင်းကြားအောက်မှာပေါက်တဲ့ ကိန္ဒရာနာကစလို့ ဆုံဆို့နာ၊ ဖွပ်သိုနာအထိ အကုန်ရွေ့လို့ရတယ်၊ ရှေးဆရာကြီးတွေရဲ့ နည်းတွေပေါ့ကွာ၊ အများအားဖြင့်ကတော့ မတော်ရာနေရာဖြစ်နေတဲ့အနာကို ရွေ့တယ်၊ ပြီးတော့ ဆေးထည့်လို့မလွတ်မကင်းဖြစ်နေတဲ့ အနာတွေ၊ မျက်စိအနားမှာပေါက်တာ၊ အာခံတွင်းထဲပေါက်တာ ဒီလိုအနာတွေကို ရွှေ့ကြတာများတယ်ကွ”
“မဟုတ်တာတွေပါဗျာ၊ တစ်နေရာမှာပေါက်နေတဲ့အနာကို တစ်နေရာကိုရွေ့လို့ရမလားဗျ”
“အေးပေါ့ကွ၊ လူဆိုတာ ပြောမယုံ ကြုံဖူးမှသိကြတာကိုး၊ ငါလည်း ငယ်ငယ်က ဒီနည်းကိုမယုံဘူးကွ၊ ဒါပေမယ့် မျက်စိနဲ့တပ်အပ်မြင်လိုက်တော့မှ ယုံသွားတာ”
“ဘယ်လိုမြင်လိုက်တာလဲဆိုတာ ပြောပြပါလားဗျာ”
“ဒီလိုကွ၊ ငါ့အသက်လေးဆယ်လောက်ရောက်တော့ အသိတစ်ယောက်က ဖွပ်သိုနာဖြစ်နေတာကွ၊ ဖွပ်သိုနာဆိုတာ နှာပုပ်နာလို့ အလွယ်ခေါ်ကြတယ်၊ နှာခေါင်းအထဲမှာလှိုက်စားပြီးတော့ ပြည်တွေကျပြီး ပုပ်စော်တွေနံနေတာကွာ၊ အဲဒီအသိဆိုရင် ငါနဲ့စကားပြောတော့ ငါ့အနားကိုတောင်မကပ်ရဲဘူးကွ၊ သူ့နှာခေါင်းကကျတဲ့ ပြည်နဲ့က ချဉ်စုပ်စုပ်နဲ့ တော်တော်ဆိုးတာကိုး”
“ဖွပ်သိုနာဆိုတာ ခုမှပဲကြားဖူးတယ်ဗျာ”
“အဲဒါသူက ဆေးဆရာတစ်ယောက်တွေ့ထားတာ သူ့ဆီမှာအနာသွားရွှေ့မယ်ဆိုလို့ ငါလည်းမကြုံဖူးတာနဲ့လိုက်သွားမိပါရောဟေ့၊ အဲဒီဆရာကြီးက ထောက်ရှာရိုးရွာဟိုးဘက် ကွင်းစပ်မှာနေတာ တဲကလေးနဲ့ရိုးရိုးအေးအေးပဲနေတဲ့လူကြီးကွ၊ သမားတော်လို့ကို ထင်စရာမရှိပါဘူးကွာ၊ အဲဒီရောက်တော့ သူကလူနာကို ထိုင်ခိုင်းတယ်၊ အနာဘယ်အဆင့်ရောက်ပြီလဲလို့မေးတော့ အနာက ပါးတစ်ခြမ်းကိုတောင်အတွင်းထဲမှာ လှိုက်စားနေပြီတဲ့ဟ၊ မန္တလေးဆင်းပြီး ဆရာဝန်တွေနဲ့ပြတော့ ဆရာဝန်တွေက ခွဲမယ်ချည်းပြောနေတယ်ဆိုပဲ၊ ဒါနဲ့ ဆရာကြီးက ခွဲစရာမလိုပါဘူးဆိုပြီးတော့ အရင်ဆုံးလူနာကို သူ့လက်အပ်ခိုင်းတယ်၊ လူနာက ဆရာကြီးစိတ်ကြိုက်ကုပါဆိုတာနဲ့ ဆရာကြီးက ပုဆိုးပိုင်းကလေးနဲ့ လက်ကောက်ဝတ်အနားကိုပတ်ပေးလိုက်တယ်၊ ပြီးတော့ ညာဘက်ပါးကိုလက်ဝါးနဲ့အုပ်ပြီး “ဟဲ့အနာ ဟောဒီမှာမနေနဲ့ ငါခေါ်ရာကိုလိုက်ခဲ့” လို့ပြောပြီးတော့ အသက်အောင့်ရင်း ပါးကနေတဖြည်းဖြည်းဆွဲချတယ်ဟေ့၊ ပါးကနေ လည်ပင်း၊ လက်မောင်းကနေတဆင့် နောက်ဆုံးလက်ကောက်ဝတ်က ပုဆိုးပတ်ထားတဲ့နေရာကိုဆွဲထည့်တယ်၊ သုံးကြိမ်တိတိအဲဒီလိုလုပ်ပြီးတော့ ပုဆိုးပိုင်းကိုဖွင့်လိုက်တဲ့အခါ ပုဆိုးအောက်က လက်ကောက်ဝတ်နားကအရည်ပြားမှာ အသားတွေအကွက်လိုက်လန်ပြီးတော့ သွေးတွေပြည်တွေဆိုတာ မြင်လို့မကောင်းဘူးဟေ့”
“ဆန်းလိုက်တာဗျာ”
“ဆရာကြီးက အဲဒီပြည်တွေကို ဖန်ရေတွေဆေးပြီးတော့ ဆေးမှုန့်တွေဖြူးပြီး ဆေးထည့်ပေးလိုက်တယ်၊ တစ်ပတ်လောက်ကြာတော့ ဒီလူရဲ့နှာခေါင်းက လုံးဝပျောက်သွားပြီး လက်ကဒဏ်ရာကလည်း အနာဖေးတွေတက်လို့ကွ အမာရွတ်ကြီးတော့ သေတဲ့အထိ ချိုင့်ခွက်ကြီးဖြစ်ပြီး ကျန်ခဲ့တာပေါ့ကွာ”
“ထူးဆန်းတယ်ဗျာ၊ ဒါနဲ့ ဦးဘသာကရော အဲဒီပညာမတတ်ဘူးလား”
“နေမလားကွ၊ ငါလည်းအဲဒီဆရာကြီးကိုအရမ်းအထင်ကြီးသွားပြီး ကန်တော့ပွဲနဲ့ လက်ဆောင်တွေကိုတောင်းကြီးထဲထည့်ပြီး တပည့်သွားခံတာ၊ ဆရာကြီးက ငါ့ကိုသင်ပေးရှာပါတယ်၊ ခုနစ်ရက်ကြာတော့ ငါကိုယ်တိုင်အနာတွေကိုရွေ့သွားနိုင်တယ်ကွ”
“ခုနစ်ရက်ထဲလားဗျာ”
“ဒီနည်းက လွယ်တယ်ထင်ရပေမယ့် တကယ်တော့ တော်တော်ခက်တယ်ကွ၊ အနာကလည်း လူတိုင်းကိုရွေ့မရဘူး၊ မိဘကိုပစ်မှားထားတဲ့လူ၊ ပြီးတော့ ဝက်တွေနွားတွေသတ်ပြီး အသက်မွေးနေတဲ့လူ၊ သူများသားမယားကိုစော်ကားထားတဲ့လူဆိုရင် မစွမ်းဘူး၊ အရက်သမားဆိုရင်လည်း အဓိဋ္ဌာန်နဲ့ အနာရွေ့ပြီး တစ်လတိတိအရက်သေစာမသောက်ပါဘူးဆိုပြီး သစ္စာဆိုမှ စွမ်းတာကွ”
“ပြောပါအုံးဗျာ၊ ကျုပ်တောင်တတ်ချင်လာပြီ”
“သူသင်ပေးတာ နည်းနှစ်နည်းကွ၊ အနာကိုဖျောက်တဲ့နည်းရယ်၊ အနာကိုရွေ့တဲ့နည်းရယ်၊ အနာကိုဖျောက်တာကျတော့ လွယ်တယ်၊ သူက ကိုယ်တိုင်လုပ်လဲရတယ်၊ ခေါင်းကိုက်တာ ခေါင်းခဲတာ သွားနာတာ သွားကိုက်တာတို့လို အနာခပ်သေးသေးဆိုရင်တော့ တကယ်လို့အနာက ဘယ်ဖက်အခြမ်းမှာဖြစ်တယ်ဆိုရင် ဘယ်ဖက်အခြမ်းက ခြေမလက်မကို ဖောင်တိန်ရေးတဲ့ မှင်နဲ့သုတ်ပြီး ဆေးဆိုးလိုက်တာပဲကွ၊ မဲနယ်တို့ဘာတို့ သုတ်ပြီးဆိုးရင်လည်းရတယ်၊ ထုံးကျတော့ ကြာရှည်မခံဘဲ ကွာကျလို့ ထုံးမသုံးကြဘူး၊ အဲဒီလိုဆိုးပြီးရင် အနာကပျောက်သွားတယ်၊ တကယ်လက်တွေ့သိသာတယ်၊ သုံးရက်လောက်ဆိုရင်ကို တော်တော်သက်သာသွားတာကွ”
“ဟာ၊ သိပြီ၊ ဒါကြောင့်နေမှာ ကျုပ်တို့ဘကြီးဘုန်းကြီးမဆုံးခင်တုန်းကဆိုရင် သွားက အခေါင်းပေါက်ဖြစ်ပြီး ကိုက်ကိုက်နေတတ်တာဗျ၊ သွားကိုက်တဲ့အခါတိုင်း ခြေမလက်မကို မှင်အိုးကမှင်ထဲစိမ်ပြီးလုပ်တာ ဒါကြောင့်နေမှာ”
“ဟုတ်တယ်၊ ရှေးလူကြီးတော်တော်များများ ဒီနည်းကိုသိကြတယ်၊ အနာရွေ့တာကတော့ နည်းနည်းခက်တယ်ကွ၊ သူက ပညာရပ်ပိုဆန်တယ်ပေါ့ကွာ၊ ကဲ ပြောနေကြာပါတယ် မင်းဒဏ်ရာကို ငါရွှေ့ပေးမယ်”
ဦးဘသာက ပုဆိုးစုတ်တစ်ထည်ဆွဲဖြဲလိုက်ပြီးတော့ ကျုပ်ခြေမကိုပတ်ပေးတယ်ဗျ။
“ဦးဘသာ ဟိုတစ်ယောက်ကျတော့ လက်ကောက်ဝတ်ကိုလုပ်တယ်ဆိုဗျာ”
“အိုကွာ၊ ဒဏ်ရာနဲ့ တန်ရာတန်ရာ လုပ်ရတာပေါ့ကွ၊ မင်းဟာကလည်း ခြေမလောက်ရှိတာကိုး”
ဦးဘသာကပြောပြီးတော့ ရယ်ပါရော၊ ခြေမကိုပတ်ပြီးတော့ ကျုပ်ဒဏ်ရာကို ပုဆိုးအပေါ်ကလက်နဲ့အုပ်ပြီး ခပ်ဖွဖွကလေးအုပ်ကိုင်လိုက်တယ်၊ အသက်၀၀တစ်ချက်ရှူလိုက်ပြီးတော့
“ကဲ အနာ၊ မင်းဒီမှာမနေနဲ့ ငါ့နောက်လိုက်ခဲ့၊ ငါပြတဲ့နေရာမှာနေ”
အဲဒီလိုပြောပြီးတော့ ပေါင်ကြားကနေပြီး ပေါင်ကိုဆွဲချတယ်၊ ပေါင်ကနေတဆင့်နောက်ဆုံး ခြေမဆီကိုဆွဲချလိုက်ပြီး
“ကဲ မင်းနေရာကဒီမှာ မင်းဒီမှာနေ”
ဒီအတိုင်းသုံးကြိမ်သုံးခါလုပ်တယ်။
“အနာရွေ့တဲ့အခါမှာ အရေးအကြီးဆုံးကတော့ အထက်ကိုပြန်မဆန်ရဘူး၊ အောက်ကျတဲ့နေရာကိုပဲ ရွေ့ရတယ်၊ ခါးမှာဖြစ်ရင် ခြေထောက်၊ ခေါင်းမှာဖြစ်ရင် လက်လောက်ပေါ့ကွာ”
ရွေ့ပြီးပေမယ့် ဘယ်လိုမှမနေသေးဘူးဗျ၊ ဦးဘသာက ပုဆိုးပတ်ထားတကိုမဖြေသေးဘဲ ကျုပ်ခြေမကို လက်နဲ့တောက်ထည့်လိုက်တော့ နာလိုက်တာပြောမနေပါနဲ့တော့ဗျာ၊ ပုဆိုးကိုဖြေကြည့်လိုက်တော့ ခြေမကြီးက ဖူးယောင်နေသဗျ။ ကျုပ်ဖြင့်ယုံတောင်မယုံနိုင်ဘူး၊ ပုဆိုးကိုအသာဖွင့်ကြည့်တော့ ဟိုနေရာမှာ ဘာဆိုဘာမှမရှိတော့တာ အံ့သြစရာပါဗျာ။
ှုဦးဘသာက ပုဆိုးပိုင်းကိုလွှင့်ပစ်လိုက်ရင်း
“ကိုင်း၊ ဒီနေရာဆိုတော့ ဆေးထည့်ရတာပြုရတာ ပိုပြီးလွယ်မသွားဘူးလားကွ”
“အံ့သြစရာကြီး ဦးဘသာရာ၊ နောက်ဆိုရင် ဦးဘသာဆီကိုပဲလာတော့မယ်”
“အစရှိအနောင်နောင်ဆိုသလိုပဲ ဒါကြောင့် မင်းကိုငါဘာမှမပြချင်တာ အလတ်ကောင်ရ”
အရင်က ဟိုနေရာအောင့်တယ်ဆိုပေမယ့် အခုတော့ ခြေမထိပ်အောင့်လို့ လမ်းသွားရတာတောင်မှ ထော့နဲ့ထော့နဲ့ဖြစ်သွားတယ်၊ တစ်ခုတော့ ကောင်းသွားတာပေါ့ဗျာ၊ ဟိုနေရာမှာဆိုရင် ငန်းမန်းဝင်ပြီး ပုပ်နေမှ ဦးဘသာပြောသလို လူစဉ်မမှီဖြစ်သွားရမယ်မဟုတ်လား။
(၂)
ညနေရောက်တော့ အိမ်မှာလူစုံသွားတယ်၊ အညာရဲ့ဆောင်းညနေက လေတဝူးဝူးနဲ့အေးချက်ပဲဗျာ၊ အိမ်အောက်မှာ လူကြီးပေါင်လုံးလောက်ရှိတဲ့ ထင်းတုံးကြီးကို မီးရှို့ပြီး မီးဖိုထားရတယ်၊ လူကြီးတွေအကုန်လုံးလည်း ထင်းမီးဖိုနံဘေးထိုင်ရင်း ရေနွေးကြမ်းသောက်ကြနဲ့ပေါ့။ အဖေက မတ်တပ်ထရပ်လိုက်ပြီး
“ကျုပ်အခုလို လူကြီးတွေအားလုံးကိုခေါ်ခိုင်းလိုက်ရတယ်ဆိုတာက ရွာအပြင်သုဿန်က ဇရပ်ကြီးကိုပြင်ဖို့ အတွက် တိုင်ပင်ချင်လို့ပါ၊ အားလုံးသိတဲ့အတိုင်း ဟိုတစ်နေ့က အဘိုးသံအသုဘမှာ သုဿန်ဇရပ်က ဆင့််ကျိုးကျပြီးတော့ ပျက်စီးသွားတာကို အားလုံးသိကြမှာပါ၊ ဒီဇရပ်က ရွာရဲ့နာရေးအခမ်းအနားတွေမှာ အသုံးဝင်တဲ့ဇရပ်ဖြစ်တဲ့အတွက် ပျက်အစဉ်ပြင်ခဏဆိုသလို ဇရပ်ကြီးကိုပြန်ပြင်ဖို့အတွက် အားလုံးနဲ့တိုင်ပင်ချင်လို့ ခေါ်လိုက်ရတာပါ”
“ဒါတော့ ကျုပ်ကန့်ကွက်တယ်သူကြီးရာ”
လူကြီးတစ်ယောက်က ထပြောရောဗျ။
“ဘာကြောင့်ကန့်ကွက်ရတာလဲ”
“ဒီဇရပ်က သာမန်ဇရပ်မဟုတ်ဘူး၊ သုဿန်ကဇရပ်ဗျ၊ သုဿန်သချိုင်းကို ပြုပြင်ရင် ရွာခိုက်တယ်၊ ရွာနာတယ်ဆိုတာ သူကြီးမသိဘူးလား”
“ကျုပ်ကြားဖူးထားတာကတော့ သုဿန်မြေကို မတိုးချဲ့ကောင်းဘူးဆိုတာပဲ ကြားဖူးပါတယ်ဗျာ၊ သုဿန်ဇရပ် မပြင်အပ်ဘူးဆိုတာတော့ မကြားဖူးပါဘူး”
ဒီအခါ ကျန်တဲ့လူတွေက ထပြောတယ်။
“ဟုတ်တယ်လေ၊ ဒီဇရပ်ကိုမပြင်တော့ ကျုပ်တို့က နောက်တစ်ခါ အသုဘလုပ်ရင် သစ်ပင်ခြေရင်းမှာ သရဏဂုံတင်ရမှာလားဗျ”
လူတွေဝိုင်းပြောတော့မှ ထကန့်ကွက်တဲ့လူက ငြိမ်ကျသွားတယ်၊ ဒီအခါ ဆေးဆရာဦးမှတ်ကြီးက
“ပြင်တာတော့ ပြင်ပါသူကြီးရယ်၊ ဒါပေမယ့် စာဆိုတစ်ခုတော့ရှိသေးတယ်၊ ကျောင်းဝါဆို ဇရပ်ပြာသိုတဲ့၊ ဘုန်းကြီးကျောင်းတွေကို ဝါဆိုလမှာစပြီးမဆောက်ကောင်းသလို ဇရပ်ကိုလည်း ပြာသိုလမှာ မဆောက်ရဘူးတဲ့သူကြီးရဲ့”
အဖေက မျက်မှောင်ကြုတ်လိုက်ပြီးတော့
“ဟုတ်လား ဦးမှတ်ကြီး၊ ဒါဆို ဘာ့ကြောင့်မဆောက်ရတာလဲဗျ”
“ဒါတော့ ကျုပ်လည်းမသိဘူး၊ ရှေးလူကြီးတွေပြောခဲ့တာပဲ”
အဖေက မီးပုံထောင့်နားမှာ အေးအေးလူလူထိုင်နေတဲ့ ဦးဘသာကိုတစ်ချက်ကြည့်လိုက်တယ်၊ ကျုပ်အထင်ကတော့ ဦးဘသာကိုစစ်ကူတောင်းဖို့ဖြစ်မှာပါ။
“ဦးဘသာရော ဒီဆိုရိုးစကားကို ကြားဖူးသလားဗျ”
“ကြားဖူးပါတယ်သူကြီး၊ ဒီစကားက သူ့ခေတ်သူ့အခါနဲ့ဆိုရင်တော့ မှန်ပါတယ်၊ ကျောင်းကိုဝါဆိုလမှာမဆောက်နဲ့ဆိုတာက ဝါဆိုလဆိုတာ မိုးများတဲ့ကာလဖြစ်တယ်၊ ဒီတော့ ကျောင်းဆောက်ဖို့ သိမ်သမုတ်တဲ့အလုပ်တွေ၊ မြေသန့်တဲ့အလုပ်တွေလုပ်တဲ့အခါမှာ အခက်အခဲရှိနိုင်တယ်၊ ဒါတင်မကဘဲ ဝါဆိုလဆိုတာ ရဟန်းတော်တွေ ဝါဆိုဝါကပ်တဲ့လဖြစ်လို့ ကျောင်းစဆောက်တာ မသင့်တော်ဘူးလို့ ဆိုလိုတာပါ”
“ဒါဆို ဇရပ်ပြာသိုဆိုတာကရော”
“ရှေးက ဇရပ်ဆောက်တဲ့အခါ သစ်တွေလိုအပ်ပါတယ်၊ နတ်တော်၊ ပြာသိုလဆိုတာ တောထဲတောင်ထဲ သစ်ဆွဲကြတဲ့အလုပ်သမားတွေ အနားယူကြတဲ့လဖြစ်လို့ အဲဒီလတွေမှာ သစ်တွေရှားတတ်ပါတယ်၊ သစ်ကောင်းလည်းမရတတ်လို့ ပြာသိုလမှာ ဇရပ်ဆောက်ရင် တခြားလတွေထက် အကုန်အကျပိုများမှာမို့လို့ပါ၊ ခုခေတ်ကျတော့ သစ်ဆိုတာ ရာသီမရွေးရနိုင်ပြီမို့ ဒီဆိုရိုးက မမှန်တော့ပါဘူးသူကြီး”
ဦးမှတ်ကြီးက မကျေမနပ်နဲ့
“ဟေ့လူ ဘသာ၊ ခင်ဗျားက ဘာသိလို့ဝင်ပြောတာလဲဗျ၊ ရှေးထုံးဆိုတာ မပယ်ကောင်းဘူးနော်၊ ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မလွယ်နဲ့ဗျ”
“ရှေးထုံးမပယ်ကောင်းဘူးဆိုတာ တချို့အရာတွေအတွက်တော့မှန်ပါတယ်၊ ဒါပေမယ့် ခေတ်စနစ်နဲ့မညီတော့တာတွေကိုတော့ ပယ်သင့်ရင်ပယ်၊ မေ့သင့်ရင်မေ့လိုက်ကြရမှာပါ”
မီးပုံဘေးမှာ ဝိုင်းထိုင်နေတဲ့လူတွေက လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြပြီ၊ ဦးမှတ်ကြီးဆိုရင် ဒေါသထွက်ပြီး မျက်နှာကြီးနီရဲနေပြီဗျ။ ဦးဘသာက ဆက်ပြီးပြောတယ်။
“ပြီးတော့ ဇရပ်ဆိုတာ ခင်ဗျားတို့ထင်သလို ယုတ်ညံ့တဲ့အရာတစ်ခုမဟုတ်ပါဘူး၊ ဇရပ်ဆိုတာ ရှေးမြန်မာကြီးတွေအလွန်တန်ဖိုးထားကြတဲ့ အလှူတစ်မျိုးပါ၊ ဇရပ်ဆိုတာ သာရေးနာရေးကိစ္စအလုံးစုံအတွက်သုံးနိုင်တယ်၊ ဒါကြောင့် ရှေးကဆိုရင် တစ်ရွာမှာ ဇရပ်တစ်ခုတော့အနည်းဆုံးဆောက်လုပ်လှူဒါန်းကြတယ်၊ ဇရပ်ဆောက်တဲ့အခါလည်း သာမန်အိမ်တွေဆောက်တာထက်ကို သစ်ကောင်းဝါးကောင်းတွေသုံးပြီးတော့ ငွေကြေးအကုန်အကျခံပြီးဆောက်ကြတယ်ဆိုတာ နေရာထိုင်ခင်းအလှူအဖြစ် မွန်မွန်မြတ်မြတ်ဆောက်လုပ်လှူဒါန်းကြတဲ့သဘောပါ”
“ဇရပ်လှူထားတဲ့အလှူရှင်တွေဟာ ကိုယ်လှူထားတဲ့ဇရပ်မှာ ခရီးသွားတွေလာရောက်နားနေတဲ့အချိန်တိုင်း ကုသိုလ်ကောင်းမှုတွေရနေတတ်တယ်၊ ဒါကြောင့် တစ်ချို့သူဌေးတွေဆိုရင် ဇရပ်ကြီးတွေဆောက်လုပ်ပြီးတော့ လာရောက်တည်းခိုတဲ့သူတွေ အဆင်ပြေအောင် ဇရပ်အနားမှာ ရေချမ်းစင်တွေ တည်ထားကြတယ်၊ ရေသုံးနိုင်အောင်လို့ ရေတွင်းတွေတူးဖော်ပေးထားကြတယ်၊ ရှေးခေတ်ကဆိုရင် မြင်းစာ နွားစာအတွက်ပါ စီစဉ်ပေးထားရုံသာမက လူတွေအသင့်စားနိုင်အောင် စားအိုးစားခွက်တွေအပြင် ဆန်ဆီတွေကိုပါလှူဒါန်းထားတတ်ကြသေးတယ်၊ တစ်ချို့များဆိုရင် ဇရပ်မှာတည်းခိုတဲ့ မိန်းကလေးတွေအဆင်ပြေအောင်လို့ ကျောက်ပြင်နဲ့သနပ်ခါး၊ နံ့သာဖြူတုံးတွေကို ဒါနပြုထားကြပါသေးတယ်၊ ဒါကြောင့် ဇရပ်ဆိုတာ အလွန်ကုသိုလ်ရတဲ့ ကုသိုလ်ဖြစ်လို့ ရှေးမြန်မာကြီးတွေက တန်ဖိုးထားတည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်ဒါကြောင့် တိုင်းတစ်ပါးသား အင်္ဂလိပ်လူမျိုးတွေဆိုရင် မြန်မာပြည်က ဟိုတယ်မလိုတဲ့တိုင်းပြည်ဆိုပြီးတော့ကို ချီးကျူးခဲ့ကြပါတယ်”
“အခု သုဿန်ကဇရပ်ကြီးဆိုတာလည်း တစ်ချိန်က ခရီးသွားတွေ သွားရင်းလာရင်း နားခိုနိုင်ဖို့အတွက်ဆောက်ထားပေးခဲ့ကြတဲ့ဇရပ်ဆိုရင်မမှားပါဘူး၊ အကြောင်းအမျိုးမျိုးကြောင့်သာ သုဿန်ဇရပ်ဖြစ်သွားပေမယ့် ကျုပ်တို့တစ်သက်လုံးနီးပါး နာရေးကိစ္စအတွက် အသုံးပြုလာခဲ့ကြတယ်မဟုတ်လား၊ ဒီလိုဇရပ်ကို ကောင်းတဲ့ရည်ရွယ်ချက်နဲ့ပြင်မှာကို ခင်ဗျားတို့က ဘာတွေကန့်ကွက်နေကြအုံးမှာလဲဗျာ”
ဦးဘသာပြောတော့မှ အားလုံးပါးစပ်ပိတ်ကုန်တယ်ဗျ၊ အဖေက ပြုံးရင်း
“ကဲ၊ ဒါဆိုရင်တော့ သုဿန်ထဲက ဇရပ်ကြီးကိုပြန်ပြင်ဖို့အတွက် ကန့်ကွက်တဲ့လူမရှိလောက်တော့ဘူးလို့ထင်ပါတယ်၊ ဒီဇရပ်ကြီးဖြစ်မြောက်ရေးအတွက် ကျုပ်က ငွေနှစ်ရာကိုအရင်းတည်ပြီးထည့်ဝင်လှူဒါန်းပါမယ်”
အဖေက ကျုပ်ကိုမျက်စပစ်ပြလိုက်တော့ ကျုပ်က စားပွဲပေါ်တင်ထားတဲ့ ငွေဖလားကြီးပိုက်ပြီး အဖေ့အနားကိုလာခဲ့လိုက်တယ်၊ အဖေက ငွေနှစ်ရာထည့်တဲ့အခါ ကျန်တဲ့လူတွေကလည်း ငွေတွေထည့်ကြတယ်၊ ငွေမပါတဲ့လူကလည်း ဘယ်ရွေ့ဘယ်လောက်ထည့်ပါမယ်ဆိုပြီးတော့ ကတိပြုကြတယ်ဆိုပါတော့။
ရွာထဲတစ်အိမ်တက်ဆင်းအလှူခံလိုက်တာ ဇရပ်ပြင်ဖို့အတွက် အလှူငွေနှစ်ထောင်နီးပါးရခဲ့ပါတယ်၊ ရတဲ့ငွေနဲ့ သစ်တွေအသစ်ပြန်ဝယ်ရတယ်၊ ဇရပ်ကြီးက ရစရာမှမရှိတော့တာပဲဗျာ၊ ပြန်သုံးလို့ရတဲ့သစ်ဆိုတာ တစ်ချောင်းတောင်မရှိတော့ဘူး၊ တိုင်တွေကလည်း ပိုးထိုးလောက်ကိုက်တွေနဲ့ ချိနဲ့နေပြီပေါ့။
သစ်တွေဝယ်ပြီးတော့ သုဿန်ထဲမှာ ပုံထားလိုက်တယ်၊ လုပ်အားကတော့ အများကဝိုင်းကူညီကြမယ်လေ၊ ကျုပ်တို့လို ရွာခံကာလသားတွေက လုပ်အားစိုက်မယ်ပေါ့၊ ရွာက လက်သမားဆရာကြီးက ဇရပ်ဆောက်ဖို့အတွက်တိုင်းထွာပြီး သစ်တွေဖြတ်ကြတယ်၊ အရင်က သွားတဲ့လာတဲ့လူမရှိလို့ တိတ်ဆိတ်နေတတ်တဲ့ သုဿန်ကြီးက အခုတော့ လွှဖြတ်သံ၊ ဆောက်ထွင်းတဲ့အသံတွေနဲ့ ဆူညံနေတော့တာပါပဲ။
ဇရပ်ကိုသုံးရက်နဲ့အပြီးဆောက်ကြဖို့ စီစဉ်ထားတယ်၊ သစ်တွေအဆင်သင့်ဖြစ်တဲ့နေ့မှ ဇရပ်ကိုဖျက်ပြီးစဆောက်ဖို့အကုန်လုံးကတိုင်ပင်ထားကြတယ်၊ သစ်တွေကို သူ့နေရာနဲ့သူဖြတ်တောက်မှတ်သားပြီးတဲ့အခါမှာတော့ ဇရပ်ဟောင်းကြီးကိုဖျက်ဖို့အချိန်ရောက်လာပြီပေါ့ဗျာ။
ကာလသားတွေ သတိကြီးကြီးထားပြီး ဇရပ်ကြီးပေါ်တက်ကြတယ်၊ ဇရပ်အမိုးကိုတော့ သစ်သားပျဉ်ချပ်တွေနဲ့ မိုးထားတာဆိုတော့ အမိုးတွေခွာထုတ်၊ ပြီးရင် ဒိုင်းတန်းတွေ၊ မြားတန်းတွေကို တူတွေနဲ့ထုချ ချိုးချကြနဲ့ တက်ညီလက်ညီလုပ်နေကြတာပေါ့ဗျာ၊ ကာလသားတွေအများကြီးဝိုင်းလုပ်တာဆိုတော့ မြန်တာတော့အတော်မြန်တယ်၊ နေ့ခင်းထမင်းစားပြီးကတည်း စဖျက်လိုက်ကြတာ ညနေသုံးနာရီလောက်ရောက်တော့ အကုန်လုံးနီးပါး ဖျက်ပြီးသားဖြစ်နေပြီ၊ ကြမ်းခင်းတွေလဲအကုန်ခွာပြီးကုန်ပြီ၊ ကျန်နေတာဆိုလို့ တိုင်ဟောင်းကြီးတွေရယ် တန်းကလေးနည်းနည်းပါးပါးရယ်လောက်ပဲကျန်တော့တာ။
အဲဒီမှာ ပြဿနာစဖြစ်တာပဲဗျာ၊ တန်းတွေအကုန်လုံးကိုဖြုတ်ပြီးပေမယ့် လေးတန်းတစ်ခုရယ် မြှားတန်းတစ်ခုရယ်က ဘယ်လိုမှဖြုတ်ချမရဘူးဖြစ်နေတယ်၊ ကျန်တဲ့တန်းတွေက ဟောင်းပြီးဆွေးနေလို့ တူနဲ့တစ်ချက်လောက်ရိုက်လိုက်တာနဲ့တင် သူ့အလိုလိုကျိုးကျသွားပေမယ့် အဲဒီတန်းနှစ်တန်းကတော့ ဘယ်လိုမှကိုဖြုတ်လို့မရဘူးဗျာ။ အကိုကြီးက မယုံလို့ တိုင်ပေါ်ဖက်တက်သွားတယ်၊ ပြီးတော့ လေးတန်းကို တူနဲ့ထုချတာပါပဲ၊ သုံးနှစ်ပတ်လည်လောက်ရှိမယ့် တန်းကလေးကို တူတွေနဲ့ထု၊ သံတူရွင်းတွေနဲ့ ကလန့်ထိုးချပေမယ့် လုံးဝကိုကျမသွားဘူးဗျ။ ဒီတန်းနှစ်တန်းနဲ့မှ ကာလသားတွေအကုန်လက်မှိုင်ချရတော့တယ်၊ ကာလသားတွေတစ်ဖွဲ့ကြီး စိတ်ကြိုက်တက်ပြီး ထုကြ နှက်ကြတာတောင် ဘယ်လိုမှမနေပါဘူး။
ဒီလိုနဲ့ တဖြည်းဖြည်းညနေစောင်းလာတယ်၊ အချိန်က ညနေလေးနာရီခွဲ ငါးနာရီထိုးခါနီးလောက်ဖြစ်လာတယ်ဗျ၊ သုဿန်ထဲမှာ သစ်ပင်ကြီးတွေရှိတယ်ဆိုတော့ အပြင်ကထက်ပိုပြီးမှောင်ကျလာတယ်၊ ဒီအချိန်မှာပဲ ကာလသားတစ်ယောက်ဖြစ်တဲ့ မောင်ကွန့်တစ်ယောက် ထပြီးငိုတော့တာပဲ။
ငိုတာကမှ ငိုကြီးချက်မနဲ့ ရှိုက်ကြီးတငင်ကိုငိုတာဗျ၊ အစက ဒီကောင်ကျုပ်တို့ကို စနေတယ်ထင်တယ်၊ နောက်မှ ဒီကောင်တကယ်ငိုနေမှန်းသိလိုက်တာ၊ ကာလသားခေါင်း ကိုမြင့်က မောင်ကွန့်အနားကိုကပ်သွားပြီး
“မောင်ကွန့်၊ မင်းရည်းစား သူများနောက်ပါသွားလို့ ငိုနေတာလားကွ ဟား၊ ဟား”
မောင်ကွန့်ကို ကျုပ်တို့ဝိုင်းလှောင်ကြတယ်၊ မောင်ကွန့်က ငိုနေရာကနေရပ်သွားပြီးတော့ သူ့ဘေးချထားတဲ့ဓါးမကြီးကောက်ပြီး ကိုမြင့်ကို ပြေးခုတ်တာဗျာ၊ ကိုမြင့်က အရှောင်မြန်လို့သာပေါ့၊ မဟုတ်ရင်တော့ အဲဒီနေရာမှာတင် ခေါင်းပါပြတ်ထွက်မလားပဲ၊
“ဟေ့ကောင်မောင်ကွန့် မင်းဘာဖြစ်တာလဲ”
ကျုပ်တို့အလန့်တကြားဝိုင်းမေးကြတယ်၊ မောင်ကွန့်က ဓါးမကြီးနဲ့ မဲမဲမြင်သမျှကို လိုက်ခုတ်နေတာဗျ၊ စတာနောက်တာမဟုတ်ဘဲ တကယ်ကိုအားကြီးနဲ့လိုက်ခုတ်နေတာ၊ ကျုပ်စိတ်ထဲတော့ တစ်ခုခုမူမမှန်မှန်း သိလိုက်ရပြီလေ၊ ဒါနဲ့ အကိုကြီးနဲ့တိုင်ပင်ပြီးတော့ မောင်ကွန့်ကိုဝင်လုံးကြရတော့တယ်၊ မောင်ကွန့်က အရှေ့ကတစ်ယောက်ကိုမဲပြီးခုတ်နေတဲ့အချိန် အကိုကြီးနဲ့ကျုပ်နဲ့က မောင်ကွန့်ကိုပြေးလုံးကြတာ၊ မောင်ကွန့်လက်ထဲက ဓါးမကိုလုယူပြီး ချုံထဲလွှင့်ပစ်ပြီးတော့ မောင်ကွန့်ကို မနည်းချုပ်ထားကြရတယ်။
“မောင်ကွန့် မူမမှန်ဘူးဗျို့၊ အသားတွေလည်း ပူခြစ်နေတာပဲ၊ သရဲပူးတာလား၊ အပမှီတာလားပဲ”
“ဟာ၊ ဒါဆို သူကြီးသွားပြောမှထင်တယ်”
ကိုမြင့်က ထွက်သွားဖို့လုပ်တော့ ကျုပ်က ကိုမြင့်ကိုဝင်တားရတယ်။
“ကိုမြင့် ခင်ဗျားအဖေ့ကိုသွားပြောလို့မရဘူးဗျ၊ နဂိုကတည်းကမှ ရွာထဲကလူတွေက သုဿန်ဇရပ်ကိုပြင်လို့ ရွာနာမယ်၊ ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီးပြောနေကြတာ၊ မောင်ကွန့်ကို သရဲဝင်ပူးတယ်ဆိုတာများသိသွားလို့ကတော့ အကုန်လုံးဝိုင်းပြီးကန့်ကွက်ကုန်မယ်ဗျ”
“အေးနော်၊ မင်းပြောတာလည်းဟုတ်သား၊ ဒါဆို ဘယ်လိုလုပ်ကြမလဲ”
“ဒီအချိန် ဦးဘသာ ကွင်းထဲမှာပဲရှိအုံးမှာဗျ၊ မသကာ ရွာထဲကိုနွားတွေမောင်းသွင်းနေလောက်ပြီ၊ ဦးဘသာကိုသာ သွားခေါ်ပေးစမ်းပါဗျာ”
ကိုမြင့်က ခေါင်းကိုဆတ်ခနဲညိတ်ပြီးတော့ သုဿန်ထဲက ပြေးထွက်သွားတယ်၊ မောင်ကွန့်ကို ကျုပ်တို့လူလေးယောက် ဝိုင်းချုပ်ထားတာတောင်မှ တစ်ချက်တစ်ချက်ရုန်းရုန်းထွက်နေသေးတယ်ဗျာ၊ မောင်ကွန့်လိုဗလနဲ့ ကျုပ်တို့ချုပ်တာကို သာမန်ဆိုမရုန်းနိုင်လောက်ဘူး၊ ဒါက အပမှီတာ ကျိန်းသေတယ်။
ကိုမြင့် သုဿန်ထဲကိုပြေးဝင်လာတော့ အနောက်မှာ ဦးဘသာလည်းပါလာတယ်၊ ကျုပ်တို့ကိုတစ်ချက်ဝေ့ကြည့်ရင်း
“ဟေ့ကောင်တွေ ဘာဖြစ်ကြတာလဲကွ”
“မောင်ကွန့်တစ်ယောက် အပမှီသလိုဖြစ်လို့ ဦးဘသာ”
ဦးဘသာက ပြေးလာပြီး မောင်ကွန့်ခေါင်းကိုလက်နဲ့ပုတ်ထည့်လိုက်တယ်၊ ဒီတော့မှ အတင်းရုန်းကန်နေတဲ့မောင်ကွန့်တစ်ယောက် ငြိမ်ကျသွားပါတော့တယ်၊ ဦးဘသာက ကျုပ်တို့ကိုအနောက်ဆုတ်ခိုင်းပြီးတော့
“ကဲ ပြောစမ်း၊ နင်ဘယ်သူလဲ”
“ငါ့နာမည် ရွှေဥ”
“ဘယ်ကရွှေဥလဲ၊ ဒီနာမည်ကို ငါတစ်ခါမှမကြားဖူးဘူး”
“ငါက ဟောဒီဇရပ်ကြီးကို လှူခဲ့တဲ့ ရွှေဥ၊ ဖက်လိပ်ရွာက ရွှေဥပဲ”
ဦးဘသာက မျက်မှောင်ကြုတ်လိုက်ရင်း
“ရွှေဥဆိုတော့ သူဌေးဦးလူချောရဲ့မိန်းမ သူကြွယ်မ ရွှေဥလား”
“ဟုတ်တယ်”
“နေပါအုံး နင်ကဘာဖြစ်လို့ ဒီကောင့်ကိုဝင်ပူးရတာတုန်း”
“မကျေနပ်လို့၊ ဒီဇရပ်က ငါလှူထားတာ၊ ငါအခုထိလည်း ဒီမှာနေတုန်းပဲ၊ ငါလှူထားတဲ့ဇရပ်ကို ဒင်းတို့ကဖျက်တယ်၊ ငါနေတဲ့နေရာကနေလည်းေ မာင်းထုတ်ချင်တယ်၊ ဒါကြောင့် ငါတားရတာ”
“နင်ဘာလိုချင်လို့လဲ”
“ငါ့ဇရပ်ကိုမထိနဲ့၊ ငါ့ဇရပ်ကိုမဖျက်နဲ့၊ ငါ့ဇရပ်ကိုနင်တို့ဖျက်ရင် နင်တို့တစ်ရွာလုံးကို ငါကမီးတိုက်ပစ်မယ်ဟဲ့”
ဦးဘသာက သက်ပြင်းတစ်ချက်ချရင်း
“သြော်၊ ဒုက္ခ ဒုက္ခ အစွဲတွေဆိုတာ တော်တော်ကြောက်ဖို့ကောင်းပါလား၊ ဒီမယ်ရွှေဥ နင်ကတစ်ချိန်တုန်းက ကျိကျိတက်ချမ်းသာတဲ့ သူကြွယ်မကြီးဖြစ်ခဲ့တယ်၊ ဖက်လိပ်ရွာထိပ်က ဘုရားကိုလည်းနင်လှူခဲ့တယ်၊ အခု နင်ပြောသလိုသာဆို ဒီဇရပ်ကိုလည်း နင်လှူခဲ့တာပဲမဟုတ်လား၊ ဒီလိုကောင်းမှုတွေလုပ်ထားရဲ့သားနဲ့ ဒီဇရပ်ကြီးကိုစွဲနေတာတော့ မဖြစ်သင့်ပါဘူးဟာ”
“ဟဲ့ မစွဲလို့ရမလား၊ ဒီနေရာက ငါ့ယော်ကျား၊ ငါ့သမီး၊ ငါ့သား ခေါင်းချသွားတဲ့နေရာ၊ သူတို့နေရာကို ငါစောင့်ရှောက်ပေးရမယ်မဟုတ်လား”
ကျုပ်တို့ဘာမှနားမလည်တော့ဘူး။
“ဦးဘသာ သူဘာတွေပြောနေတာလဲ”
“ဒီလိုကွ၊ ဒီအကြောင်းတွေကို ငါသိပ်တော့မမီလိုက်ဘူး၊ ငါ့အမေပြောပြဖူးတာကတော့ အရင်က ဖက်လိပ်ရွာမှာ သူကြွယ်မ ရွှေဥဆိုတာရှိတယ်၊ မျိုးရိုးစဉ်ဆက်အမွေတွေကို ဆက်ခံရပြီးသူကြွယ်မဖြစ်သွားတာ၊ ခေတ်မကောင်းတဲ့အချိန်မှာ သူတို့အိမ်ကို ဓါးပြတွေဝင်တိုက်တော့ ဓါးပြတွေက သူ့ယောက်ျား၊ သူ့သားနဲ့၊ သူ့သမီးကိုဖမ်းသွားပြီး တစ်နေရာမှာသတ်ပစ်လိုက်ကြတယ်ဆိုပဲ၊ ဒါဆိုရင် အရင်ကဒီနေရာမှာရှိခဲ့တဲ့ အုတ်ဂူကြီးသုံးလုံးဆိုတာက နင့်ယောက်ျားနဲ့သားသမီးတွေရဲ့ အုတ်ဂူတွေလား”
“အဲဒါ ဒီနေရာပဲ၊ သူတို့ငါ့သားသမီးတွေကို ဒီဇရပ်ပေါ်မှာတင်သတ်ပစ်ခဲ့ကြတာ၊ ငါ့ကိုလည်း ဒီဇရပ်အပေါ်မှာ မဖွယ်မရာတွေလုပ်ပြီးတော့ သတ်ပစ်ခဲ့ကြတာ၊ ဒင်းတို့ကိုငါမကျေဘူး၊ ဒင်းတို့ကိုငါလက်တုန့်ပြန်မယ်”
“မကောင်းတာလုပ်ထားတဲ့လူက မကောင်းတာလုပ်တဲ့အကျိုးကို တစ်ချိန်ကျရင် ပြန်ခံစားရမှာပါ”
“ငါ့ကို ဓါးပြတိုက်တာ ဘယ်သူလဲဆိုတာနင်တို့သိကြလား”
ကျုပ်တို့ခေါင်းခါပြလိုက်တယ်။
“အဲဒါ သံခဲရဲ့အဖေ သံလုံးပဲ”
ဦးဘသာက ကြောင်အမ်းအမ်းနဲ့
“သံခဲဆိုတော့ တစ်လောက သေသွားတဲ့ အဘိုးသံကိုပြောတာလား၊ ဒါဆိုရင် အဘိုးသံအသုဘချတော့ ဒီဇရပ်ကြီးမှာဖြစ်ပျက်ခဲ့တာတွေက နင်လုပ်လိုက်တာလား”
“ဟား၊ ဟား ဟုတ်တယ်၊ ငါ့မိသားစုတွေ သေခဲ့ရသလိုမျိုး ဒင်းတို့ဆွေစဉ်မျိုးဆက် ပြန်ခံစားရအောင် ငါလုပ်မှာ”
“ဒါဆိုရင် ဘွားစိန်ကြီး ရူးသလိုလိုပေါသလိုလိုဖြစ်သွားတာကရော နင့်စနက်ပဲလား”
“သိပ်သေချာတာပေါ့၊ ဒီမိန်းမကြီးကိုလည်း ငါကသတ်ပစ်အုံးမှာ၊ ဒါပေမယ့် ဒီမိန်းမကြီးက ဘုရားတရားသိပ်လုပ်တော့ ရူးယုံပဲ ရူးသွားတာ”
ဦးဘသာ ဒေါသထွက်သွားတယ်။
“ဟယ်၊ နင်က သရဲဖြစ်နေတာတောင်မှ ဆက်ပြီးယုတ်မာနေတဲ့ လူတစ်ယောက်ပဲ၊ ငါဘာကောင်လဲဆိုတာ နင်သိတယ်မဟုတ်လား”
“သိတာပေါ့ မယ်ပျင်းရဲ့သားရဲ့”
“အေး၊ နင်အခု နင့်လုပ်ရပ်တွေကိုရပ်တန်းကရပ်ပြီး ဒီကောင်လေးကိုယ်ထဲကထွက်သွား၊ ပြီးတော့ ငါတို့ဇရပ်ဖျက်တယ်ဆိုတာ နင့်ဇရပ်ကိုပြုပြင်ဖို့ဖျက်တာ၊ အကောင်းလာဖို့ အဆိုးကိုဖျက်ရတာထုံးစံပဲ၊ နင့်ဇရပ်ကို နင်စိတ်စွဲမနေနဲ့တော့၊ ဇရပ်အသစ်ဆောက်ပြီးရင် ဟောဒီဇရပ်မှာပဲ အလှူအတန်းလုပ်ပေးမယ် နင့်ကိုအမျှပေးဝေမယ် နင်သာဓုခေါ်ပြီးတော့ ကိုယ်သွားလိုရာ ဘုံဘဝကိုသွားတော့”
မောင်ကွန့်က မှိုင်ကျသွားတယ်။
“မရွှေဥ၊ နင်ကတစ်ချိန်တုန်းက ကောင်းမှုတွေအများကြီးလုပ်ခဲ့တာပဲ၊ မကောင်းတဲ့စိတ်အစွဲအလန်းတွေနဲ့ မကောင်းတဲ့ဘဝမှာ မနေပါနဲ့တော့၊ သာဓုခေါ်ပြီးတော့ ဒီထက်မြင့်တဲ့ဘုံဘဝတွေကို တက်လှမ်းသွားပါတော့ဟာ”
မောင်ကွန့်က တစ်ခါထပ်ပြီးတော့ငိုပြန်တယ်။ ဒီတစ်ခါလည်း တော်တော်အူလှိုက်သည်းလှိုက်ကိုငိုတာဗျာ၊ ငိုပြီးတာနဲ့ မောင်ကွန့်တစ်ယောက် အရှေ့ကိုငိုက်ကျသွားတယ်၊ ခုနက ဖြုတ်ရခက်တယ်ဆိုတဲ့ တန်းတွေဟာလဲ သူ့အလိုလိုပြုတ်ကျပြီးတော့ တိုင်လုံးကြီးတွေလည်း တဝုန်းဝုန်းနဲ့လဲကျကုန်တယ်ဗျာ။
အတိုချုံးပြီးပြောရရင်တော့ ရွာဇရပ်က နှစ်ရက်ထဲနဲ့ ပြီးသွားပါတယ်၊ သုံးရက်မြောက်နေ့ကျတော့ အဖေနဲ့ရွာလူကြီးတွေလာကြပြီး ဆရာတော်တွေကိုပင့်ပြီးတော့ ဇရပ်ပေါ်မှာပဲ ရေစက်ချတရားနာကြတယ်၊ ကာလသားတွေကတော့ ဟိုနေ့ကအဖြစ်ကို ရေငုံနှုတ်ပိတ်ထားကြတယ်ဆိုတော့ လူကြီးတွေမသိလောက်ဘူးဗျ၊ သိချင်လည်း သိကြမှာပေါ့။ ရေစက်ချပြီး သာဓုအနုမောဓနာခေါ်ပြီး မြင်အပ်မမြင်အပ်သတ္တဝါတွေမှန်သမျှကို အမျှအတန်းပေးဝေလိုက်တယ်။
အမျှေ၀ သာဓုခေါ်ပြီးတဲ့အချိန်မှာပဲ ဇရပ်ကြီးက ဝုန်းခနဲအသံမြည်ပြီးတော့ တစ်ချက်သိမ့်ခနဲတုန်သွားပါရော၊ လူကြီးတွေအကုန်လုံး ခေါင်းတွေထောင်လာကြတယ်၊ ဆရာတော်တွေဆိုရင် တစ်ခါတည်းဆောင့်ကြောင့်ထိုင်ကုန်တယ်။ မကြာပါး နောက်တစ်ခါ သိမ့်ခနဲတုန်သွားပြီး ဝုန်းဆိုအသံကြီးထွက်လာပြန်တယ်၊ ကျုပ်အထင်တော့ ဒါ မရွှေဥဆိုတဲ့သူကြွယ်မက သူသာဓုရတဲ့အကြောင်း ပြတာဖြစ်မယ်ဗျ။
နောက်ဆုံးတစ်ချက် ဝုန်းခနဲအသံကြီးမြည်တဲ့အခါမှာတော့ ဇရပ်ပေါ်ကလူတွေအကုန်လုံးဆင်းပြေးကြတယ်။
“ပြေးကြဟေ့ ဇရပ်အသစ်ကြီးပြိုပြီဟေ့”
အားလုံးကြောက်လန့်တကြားနဲ့ ထပြေးကြတာ ဖိနပ်တောင်မဝတ်နိုင်ပါဘူးဗျာ၊၊ ဒီတစ်ခါတော့ ဦးဇင်းတွေက ထိပ်ဆုံးကနေပြေးကြတာဗျ၊ ဟိုလူပြေး ဒီလူပြေးနဲ့မို့လို့ ကျုပ်တို့လည်း ယောင်ယမ်းပြီးလိုက်ပြေးကြတာ သုဿန်ထဲမှာ ဖုန်တွေကိုထလို့ဗျို့။
ပြီးပါပြီ။
အဂ္ဂဇော်