*သူဘက်ကိုယ့်ဘက်*📖📖📖📖
**************************
°°°°°°°°°°°°°°°°°°°°°°°
အခန်း(တစ်)
“”ညည်းတို့သမီး ညည်းတို့ခေါ်ချင်သပဆို ပြန်ခေါ်ပေါ့..ငါက ငါးနှစ်သမီးထဲက ခေါ်ထားပေးတာ။
ညည်း လင်လည်းညည်းကို ကြည်ဖြူအောင်လို့ ခေါ်ထားတာ။
မိသက် ကို လက်တိုလက်တောင်းခိုင်းချင်လို့ခေါ်ထားတာလည်း မဟုတ်ဘူး။
ငါလည်း ငါ့သား မျိုးထွေးသိတတ်လို့ ပို့ဆွမ်းလေးနဲ့ စားနေရတာ။လှလှသိန်းနဲ့ ခင်သိန်းတို့ကလည်း ထောက်ကြလို့သာ…””
ဒေါ်ကြည်သိန်း စိတ်တိုတိုနဲ့သမီး ဖြစ်သူ မြမြသိန်းအားတဖျစ်တောက်တောက်ပြောလိုက်မိပါသည်။
မြမြသိန်း၏သမီးအကြီးမလေးဖြစ်သူ
မိသက်ကလေးတော့ မျက်နှာမကောင်းစွာအနားမှာထိုင်နေပါသည်။
မိသက်လေးကို လွန်ခဲ့သည့်သုံးနှစ်လောက်အထိရွာကျောင်းမှာ ဒေါ်ကြည်သိန်းထားပေးထားသည်။
ကိုဗစ်ကာလနောက်ပိုင်း ကျောင်းဆက်မတက်ဖြစ်သည့်အတွက် သုံးတန်းအောင်နှင့် ပညာရေးရပ်တန့်လို့နေခဲ့သည်။
လူကသာ..အသက်ဆယ်နှစ်နှစ်ဆိုပေမယ့် မိသက်တစ်ယောက်အခုနှစ်ပိုင်းမှာ အတော်လေးဖွံ့ထွားလာသည်။
ရန်ကုန်က သားအငယ်မျိုးထွေးက သည်တခါကျောင်းဖွင့်ချိန်၌ သူ့တူမ မိသက်ကို ကျောင်းပြန်ထားပေးပါလို့တောင် မနေ့ကဖုန်းပြောထားသေးသည်။
ဒါပေမယ့် ဟိုဘက်ရွာမှာနေသော မိသက်အမေ အလတ်မ မြမြသိန်းတစ်ယောက် ကိုယ်ဝန်ရင့်လာသည့်အတွက် သမီးဖြစ်သူမိသက်ကို သူတို့အိမ်မှာပြန်ခေါ်ထားလိုကြောင်း လာပြောနေခြင်းဖြစ်ပါသည်။
“”အမေသိတဲ့အတိုင်း ကိုသိန်းဇော် က သူ့အလုပ်နဲ့သူ အား ကို မအားဘူး။
သူ့အဒေါ်တွေက သူရင်းငှားသဘောမျိုးနဲ့ ကိုသိန်းဇော် ကို ခိုင်းတာမဟုတ်ဘူးအမေရဲ့။
ဝိုင်းလုပ်ဝိုင်းစား နဲ့ သူတို့တူကို ပေးသင့်တာထက်ပိုပေးထားတာ။
လယ်ဆင်းချိန်လည်း ကိုသိန်းဇော်၊ အင်းအလုပ်လည်းကိုသိန်းဇော်..လူယုံလို ထားပြီး ပေးကမ်းထောက်ပံ့နေတာမို့ သမီးတို့လည်းအခုဆို အဆင်ပြေနေပြီ။
အရင်တုန်းက သမီးတို့ မပြည့်စုံသေးလို့ အမေ့ကိုမထောက်ပံ့နိူင်ခဲ့တာ ဝန်ခံပါတယ်။
အခု သမီးတို့လည်း အဆင်ပြေစပြုလာပြီမို့
မိသက်ကို တလှည့်ပြန်ကြည့်ပေးချင်တာကြောင့်လည်းပါ ပါတယ်။
ခိုင်းချင်လို့သက်သက်ကြောင့် မိသက်ကို လာခေါ်တာမဟုတ်ပါဘူး။
အရင်ကိုယ်ဝန်တွေတုန်းက ဘာမှမဖြစ်ပေမယ့် ဒီကိုယ်ဝန်ကျတော့ လူက သိပ်နေမကောင်းဘူး…ချူချာတယ်။
မိသက်ကို အဖော်အဖြစ်လေးလည်း
ခေါ်ချင်တာပါ အမေရယ်””
မြမြသိန်းက အကြောင်းပြချက်တွေကို သူဘာသာသူပြောပြလို့နေပါသည်။
ဒေါ်ကြည်သိန်း ကတော့ မိသက်ကို ပြန်မထည့်လိုတာအမှန်ပင်။
ဘာလို့လဲဆိုတော့ သားမက်ဖြစ်သူ သိန်းဇော်ကသောက်တတ်စားတတ်သူမဟုတ်ပေမယ့်
မြမြသိန်းလို ကလေးတစ်ယောက်အမေတစ်ခုလပ် နဲ့ လာကြိုက်ပြီး ယူကြမယ်ဆိုတော့ မိသက်ကို စောင့်ရှောက်ရမှာ ငြိုငြင်ခဲ့သလို အိမ်ထောင်ဦးမှာ လင်မယားနှစ်ယောက်ထဲ ရုန်းကန်ချင်သည်ဟုပြောခဲ့တာကြောင့်ပါ။
သိန်းဇော်မှာမိဘတွေမရှိတော့ပေမယ့် အဒေါ်ဖြစ်သူက သူတို့ရွာမှာ လယ်ပိုင်ချောင်းပိုင်ဖြစ်သည့်အပြင် အင်းတွေလည်းလေလံအောင်ထားသူ။
သိန်းဇော်အိမ်ထောင်ပြုခဲ့ပါလျှင် ခြံဝိုင်းတစ်ခုနဲ့ အသင့်အတင့်အိမ်ကလေးပါထည့်ပေးမည်ဆိုလာတာကြောင့် ဒေါ်ကြည်သိန်းလည်း မြေးဖြစ်သူ မိသက်ကို တာဝန်ယူပြီးခေါ်ထားခဲ့ရသည်။
မြမြသိန်းတို့ လင်မယားအိမ်ထောင်ဦးမှာစီးပွားရှာနိူင်ပါစေဆိုပြီး တာဝန်တစ်ခုပေါ့အောင် ဒေါ်ကြင်သိန်းက မိသက်ကိုတာဝန်ယူလိုက်သည့်သဘောပါ။
သိန်းဇော်နှင့် သားတစ်ယောက် သမီးတစ်ယောက်ရခဲ့ပြီ။
အခုကိုယ်ဝန်ကတော့ သိန်းဇော်နှင့်ရသည့်တတိယမြောက်ကိုယ်ဝန်ပါပဲ။
မြမြသိန်းကလည်း လင်မျက်နှာကိုသာကြည့်သည့်မိန်းမ။
မိခင်ဖြစ်သူအိမ်ကို ထိုးတင်ထားရသည့် သမီးလေးကို ချစ်ရကောင်းမှန်းမသိ။
ထောက်ပံ့ပေးရကောင်းမှန်းလည်းမသိခဲ့သူပါ။
တခါတလေ ဒေါ်ကြည်သိန်းက စကားနာထိုးပါလျှင် မိသက်အဖေ သူရဲ့ပထမအိမ်ထောင်ကို စိတ်နာသလိုလိုစကားတွေသာပြောလာတတ်သည်။
“”သမီး မိသက်လေးကို ပစ်ထားတာမဟုတ်ပါဘူးအမေရယ်။
မှန်ရာပြောရရင် အရင်ဘက်နှစ်တွေက အပိုအလျှံမရှိဘူး။
အခုတော့ အဒေါ်တို့က လယ်လည်းပေးလုပ်တယ်။
အင်းအလုပ်လည်းအချိုးကျခွဲပေးတယ်။
အဲ့ဒါကြောင့် အဆင်ပြေလို့ အမေကိုလည်း သီတင်းကျွတ်က အရင်နှစ်တွေကန်တော့သလို မုန့်ကလေးနဲ့ မဟုတ်ပဲ ပိုက်ဆံကန့်တော့တာပေါ့..””
ဟုတ်တော့လည်းဟုတ်ပါသည်။
သီတင်းကျွတ်ရက်က ငွေသားတစ်သိန်းနဲ့ လာကန့်တော့လို့ အံသြဘနန်းဖြစ်ခဲ့ရသေးသည်။
ဒါပေမဲ့ မိသက်ကလေးကိုတော့ လက်ရှိ လင်စုံမယားဘက် နှင့် မွေးထားသည့်ကလေးတွေလောက် နေရာမပေးလို့သာ စိတ်ကခံစားမိနေသည်။
ဒါကြောင့်လည်း ဒေါ်ကြည်သိန်းနှင့် သားအငယ်မျိုးထွေးတို့က မိသက်ကိုအသနားပိုခဲ့ကြခြင်းဖြစ်သည်။
အခုတော့..ခိုင်းလို့ရသည့်အရွယ်ကလေးရောက်လာသည်နှင့် မိသက်ကို ပြန်ခေါ်နေချင်သည်ဟု ထင်နေမိသည်။
ဒေါ်ကြည်သိန်းတို့က အဖွားသာတော်စပ်ပြီး သူကမိခင်ဆိုတော့ ပြန်ထည့်ပေးရမည်သာဖြစ်သည်။
သို့ပေမယ့်…ဒေါ်ကြည်သိန်း စိတ်မချနိူင်ပေ။
“”အမေက ဘာကို စိတ်မချနေတာလဲ..””
မေးလာခဲ့ပါလျှင် အဖြေရခက်ပြန်သည်။
ပထွေး နှင့် အတူတူ ထားဖို့ရာ စိတ်မချဖြစ်နေသည့် မိမိ၏စိတ်ကို မည်ကဲ့သို့ ပြေလျော့စေရမည်နည်း။
“”ပြန်ခေါ်ထားမယ်ဆိုတာက ခိုင်းဖို့သက်သက်မဟုတ်ပါဘူး အမေရယ်…
ကျောင်းဖွင့်ချိန်ရောက်ရင် ကျောင်းပြန်ထားပေးမှာပါ..ကျောင်းတွေလည်းနောက်ကျနေပြီ မဟုတ်လား…””
နောက်ဆုံးတော့ ရန်ကုန်က သားဖြစ်သူကိုလည်းအကျိုးအကြောင်းလှမ်းပြောပြရသည်။
သားဖြစ်သူက ပြန်ထည့်ပေးလိုက်ပါအမေ..ဆိုတော့ ဒေါ်ကြည်သိန်းလည်း မထည့်ချင်ပဲ ထည့်ပေးလိုက်ရတော့သည်။
ရွှင်ရွှင်ပျပျ မဟုတ်ပဲ အမေဖြစ်သူနှင့် ပြန်လိုက်သွားရသည့် မြေးမလေးကို ကြည့်ကာ ရင်ထဲမကောင်းဖြစ်မိသည်။
ဘယ်တတ်နိူင်ပါမလဲ….
အစစအဆင်ပြေပါစေ မိသက်ရေ…လို့သာ ဆုတောင်းရင်း ကျန်နေရစ်ခဲ့ရတော့သည်။
@@@@@@@@@@@@@@@@@@@@
အခန်း(နှစ်)
မြမြသိန်း မီးဖွားပြီဖြစ်ကြောင့် သားမက်ဖြစ်သူကဖုန်းဆက်ပြောထားသည်မှာ သုံးရက်ခန့်ပင်ရှိနေပြီ။
ဒါကြောင့် ဒီဘက်ရွာကို မနက်ကရောက်လာခဲ့သည်။
ဟိုဘက်ရွာ၊ဒီဘက်ရွာ ဆိုပေမယ့် မြမြသိန်းတို့အိမ်ကို မရောက်ဖြစ်တာ တစ်နှစ်ပင်ကျော်ခဲ့ပြီဖြစ်သည်။
မြမြသိန်းတို့အိမ်မှာ ဘယ်သောအခါမှ ညအိပ်ညနေ မနေခဲ့ပေ။
အခုတခါတော့ သုံးရက်လောက်နေပေးမယ်လို့ တွေးပြီး လာခဲ့ပါသည်။
အိမ်ကလေးက ပြန်ပြုပြင်ထားပုံရပြီး သပ်သပ်ရပ်ရပ် ရှိနေတာမို့ စိတ်တော့ ချမ်းသာမိသည်။
“”အမေ နေ့လယ်စာ စားတော့မလား…
မိသက် အဖွားကို ထမင်းခူးခပ်ကျွေးစမ်း…””
“”အိုအေ….ညည်းဘာသာ ညည်း နေသာသလိုနေစမ်းပါ။
ငါက ဧည့်သည်မဟုတ်ဘူး။
ဆာရင် စားမပေါ့။
ငါအတွက် တကူးတကတွေ ဘာမှ ပူပန်မနေနဲ့””
မြမြသိန်း က ဒေါ်ကြည်သိန်းကို လစ်ဟင်းမှု့ ရှိမှာ စိုးနေပုံရပြီးအားနာနေသည်။
သားမက်ဖြစ်သူသိန်းဇော်လည်း ရောက်ကတည်းက ခဏပဲမြင် လိုက်ရသည်။
သူ့အဒေါ်တွေ ကွမ်းခြံ ၊ ကွမ်းခူးသည့်ရက်မို့ အလုပ်တွေရှုပ်နေသည်။
ကွမ်းဝယ်လက်တွေက ရွာထဲအထိ ကားတွေနဲ့ လာဝယ်တာမို့ သိန်းဇော် ကဦးစီးပြီးလုပ်ပေးနေရသည်။
“”အမေ့သားမက်က အမေစားချင်တာ ချက်ကျွေးပါတဲ့။
ကြက်သားဟင်းစားမလား၊ ဘဲသားဟင်းစားမလား
မေးပြီး ချက်ကျွေးလိုက်ပါတဲ့””
“”မစားပါဘူး အေ…
ညည်းတို့က ဝယ်ကျွေးမှာမဟုတ်ဘူး။
မွေးထားတာလေးတွေ ကိစ္စတုံးပြီး ချက်ကျွေးမှာ…မစားဘူး..မစားဘူး…
အသည်လာလို့ ဝယ်ကျွေးမှ ကျုပ်စားပါရစေ
တကူးတက တွေ ဘာမှ မလုပ်ပါနဲ့.. “”
ဒေါ်ကြည်သိန်း စကားကြောင့်မြေးတွေက ရယ်ကြသည်။
“”အဖွားကလည်း…အဖွားကို အကြောင်းပြုပြီး
ဟင်းစားလေးစားရမလားအောက်မေ့တယ်။
အဖွားလုပ်ပုံနဲ့ မိသက်တို့တော့ ငတ်ပါပြီ..””
မိသက်က ဝင်ပြီး ငတ်ကြီးကျနေပြန်သည်။
ဒေါ်ကြည်သိန်း ကတော့ မိသက်လေးအရွယ်နဲ့မလိုက်အောင်ဖွံ့လာတာကိုရော၊ ရုပ်ရည်လေးသန့်ပြီးချောလာတာကိုပါ သတိပြုမိသည်။
သားမက်ဖြစ်သူ မရှိတုန်းတော့ မြမြသိန်းကို
ပြောခဲ့ရပေတော့မည်။
@@@@@@@@@@@@@@@@@@@
အခန်း (သုံး)
“”အမေရယ် အဲ့ဒါတွေကို အရမ်းစိတ်မပူပါနဲ့။
သမီးကလေ မိသက်တို့အဖေနဲ့ လင်မယားကွဲပြီးကတည်းက နောက်အိမ်ထောင်ကိုအလျဥ်စလို ပြုဖို့ ရည်ရွယ်ချက်မရှိပါဘူး။
ကိုသိန်းဇော် ဆိုတာက သမီးတို့ရွာသားနီးပါးလောက်အထိရွာမှာနေဘူးတဲ့သူ…တစ်ယောက်အကြောင်း ၊ တစ်ယောက်သိနေတဲ့ သူမို့ ရွေးသင့်တယ်ထင်လို့ အိမ်ထောင်ဘက်အဖြစ်ရွေးလိုက်တာပါ။ အမေထင်သလို သမီးက လင်မျက်နှာပဲကြည့်ပြီး ဒီလင်ငြိုငြင်မှာစိုးလို့ မိသက်ကို အမေတို့ဆီထိုးထည့်ထားခဲ့တာမဟုတ်ပါဘူး။
သမီးကိုယ်တိုင်က သမီးမိန်းကလေးမွေးထားတော့
နောင်အိမ်ထောင်ပြုတဲ့အခါကျတော့ သမီးဆီမှာနေတာထက် အမေတို့ဆီနေတာက ပိုအဆင်ပြေမယ်ထင်ပြီး ထားခဲ့တာပါ..””
“”ဟင် ဒါဆို အခုကျတော့ ဘာလို့ပြန်ခေါ်တာလဲ…
မိသက်ကအရွယ်ရောက်တော့မယ်..
ပြီးတော့ ညည်းကိုယ်တိုင်က ငါ့သမီးရယ်ဆိုပြီး အလိုက်တသိနဲ့ ထောက်ပံ့ပေးခဲ့တာရှိလို့လား..””
“”သြော်…အမေရယ် အဲ့ဒါက မောင်လေးမျိုးထွေးက အလုပ်ကောင်းတော့ သူ့အားကိုးနဲ့ ပေါ့။
သမီးတို့လည်း အခုဒီဘက်နှစ်ပိုင်းတွေမှ နည်းနည်းအဆင်ပြေလာတာပါ။
မိသက်လေး ကျောင်းနားထားရတော့ ဒီတစ်နှစ် အမေတို့ ထားပေးမယ်မှန်းမသိဘူးလေ။
အဲ့ဒါ ကိုသိန်းဇော်က စိတ်မကောင်းလို့ သမီးမီးဖွားတာကိုအကြောင်းပြပြီး ပြန်ခေါ်လိုက်တာပါ။
ကိုသိန်းဇော်က အမေထင်သလို ကြံမယ့်ပထွေးမျိုးမဟုတ်ပါဘူး။
အခုတောင် အမေက မိသက်ကို ဒီမှာ မထားချင်ဘူးနဲ့တူတယ်တဲ့။
တခုခုကို စိုးရိမ်နေပုံရတယ်…တဲ့။
တကယ်လို့ အမေဆန္ဒ ရှိရင် မိသက်ကိုပြန်ထည့်ချင်ထည့်ပေးလိုက်ပါ..တဲ့။
ပြီးတော့လေ မိသက်ကို ပြန်ခေါ်လာတဲ့ အတောအတွင်း မျက်စိအောက်မှာထားတာပါ။
အမေစိတ်ရှင်းအောင် သမီးက ပြောပြတာပါ…””
မြမြသိန်းပြောပြသည့်စကားတွေကြောင့် သားမက်ဖြစ်သူကို အားနာမိသွားသည်။
သိန်းဇော်က သောက်တတ်စားတတ်သူလည်းမဟုတ်သည့်အပြင့် အလုပ်လည်းမပျင်းရိသူဖြစ်ပြီး သူ့အဒေါ်မိသားစု၏စီးပွားရေးတွင် လှည့်ကြည့်စရာမလိုအောင်မျက်နှာလွှဲခံထားရသူဖြစ်သည်။
အခုနှစ်တွေမှာ အဒေါ်ဖြစ်သူက ကိုယ်ပိုင်လုပ်နိူင်အောင် လယ်အချို့လည်းပေး၍ လုပ်ကိုင်စေခဲ့သည်။လုပ်ရသည့်လုပ်ငန်း၏ ငွေဝင်ငွေထွက်ပေါ် မူတည်၍ သိန်းဇော်တို့ကိုလည်း ပေးကမ်းသည်။
ဒါကြောင့်မို့ မြမြသိန်းမှာတောင် ရွှေနဲ့ငွေနဲ့ ဖြစ်လာပြီ။
မိသက်ကိုလည်း နားတောင်းလေးဆင်ပေးထားသည်။
ကိုယ့်သမီး ကလေးတစ်ယောက်အမေတစ်ခုလပ်ကို သားမှတ်မှတ်လုပ်ကိုင်ကျွေးနေတာကိုပင်ကျေးဇူးတင်ရပေမည်။
ဒါပေမယ့် ခေတ်ကာလ အရ မကြာခဏဆိုသလို
မထိတ်သာမလန့်သာ အမှု့အခင်းနှင့် အဖြစ်အပျက်များက နေ့တိုင်းလိုလို ကြားနေရသည်မို့ မြေးဖြစ်သူ မိသက်အတွက် ကြံဖန်တွေးပူနေမိသည့် ဒေါ်ကြည်သိန်းမှာ ကိုယ့်ကိုကိုယ် လွန်တယ်လို့တော့ မမြင်မိပေ။
ဒေါ်ကြည်သိန်းတို့ စကားကောင်းနေစဥ် သားမက်ဖြစ်သူ ထမင်းစားပြန်လာသည်။
“”အမေ ထမင်းစားပြီးပြီလား…””
“”စကားကောင်းနေလို့ မစားရသေးဘူး သိန်းဇော်ရေ…””
“”ဟာ အချိန်တွေ လွန်နေပြီလေ…ကဲ ကဲ ထမင်းခူးကြဟေ့..အမြ မင်းကရော စားပြီးပလား..”
“”စားပြီးပြီ ကိုသိန်းဇော် ကြက် က မလုပ်ဖြစ်ဘူး။
အမေက မလုပ်ပါနဲ့ ပြောနေလို့ ဘဲဥပဲချက်ပြီး မြင်းခွာရွက်ဟင်းခါးလေး ကို မိသက်က ချက်ပေးထားတယ်။
အမြ က အစောကြီးကတည်းက စားပြီးပါပြီ..””
“”အမေ မပြန်နဲ့ဦးနော် ညနေ ငါးဖော်မှာ…
အမေအတွက် ငါးဆားနယ်တွေ လုပ်ပေးလိုက်မယ်..””
သားမက် က ရွှန်းရွှန်းဝေပြီး ဝတ္တရားကျေပွန်နေတော့ ဒေါ်ကြည်သိန်း အဖို့ ကျေနပ်မိတာအမှန်ပါ။
“”အမေ မနက်ဖြန် မနက်ပြန်မယ် သိန်းဇော် “”
“”အဲ့ဒါဆို လည်း ညကျရင် ငါးဆားနယ် လုပ်ပေးလိုက်မယ် အမေ….
ပြီးတော့.. မိသက်ကိုလည်း ပြန်ထည့်ပေးလိုက်ပါ့မယ်။
အစကတော့ မိသက်ကို ဒီမှာပဲ ထားပြီး ကျောင်းပြန်တက်ခိုင်းမလို့ပါ။
ခိုင်းလို့ရတဲ့အရွယ်ရောက်မှ ပြန်ခေါ်လိုက်တာမျိုးတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ ပြန်တွေးကြည့်လိုက်တော့ အိမ်မှာ မိသက်ပြန်မလာခင်တုန်းကလည်း ဒီလိုပဲ အဆင်ပြေအောင် နေခဲ့ ကြတာပဲ။
ကိုယ့်အတွက်ပဲ ကိုယ် ကြည့်လို့မရဘူးလေ…
ဘာပဲဖြစ်ဖြစ် မိသက်ကို အမေဆီမှာ ထားသင့်တယ်လို့ ကျွန်တော် ထင်တယ်။
အမေ့အတွက်လည်း..လက်ကိုင်တုတ်ကလေးဖြစ်တာပေါ့။
အမေ့ဆီမှာဒီနှစ်ကျောင်းဖွင့်ချိန် ကျောင်းပြန်တက်ခိုင်းပြီး အမေတို့ကိုလည်း တတ်နိူင်သလောက်လေးစရိတ်ထောက်ပါ့မယ်…””
သိန်းဇော် စကားကြောင့် ဒေါ်ကြည်သိန်းရော၊ မိသက်လေးပါ အလွန်ပျော်သွားကြသည်။
မိသက်ကို မိမိမျက်စိအောက်မှာ စိတ်ချလက်ချထားချင်နေသော ဆန္ဒလေး ပြည့်ရလေပြီ။
သမီးဖြစ်သူနှင့် စပြီးအကြောင်းပါကတည်း စိတ်ထဲမတွေ့ခဲ့သည့် သားမက်။
မိသက်ကို ပြန်ခေါ်လိုက်လို့ အတွေးဆိုးတွေအထိတွေးပြီး စိတ်မချဖြစ်နေရသည့် အခြေအနေမှာ အခုလိုလေး အစီအစဥ်ဆွဲပေးသည့်သားမက်ကို ကျေးဇူးတင်မိသည်။
ဒေါ်ကြည်သိန်းတွေးနေမိတာက လူ့သဘော၊ လူမနောကို အပေါ်ယံလောက်နှင့် ကြည့်လို့မရပေ။
သမီးဖြစ်သူနှင့်အကြောင်းပါ ခဲ့သော်လည်း စိတ်ထဲသဘောမတွေ့ခဲ့သော သားမက်ဖြစ်သူ၏ စိတ်ထားလေးကို ပထမဆုံးသဘောကျမိသွားသည်။
လိုလိုလားလားခွင့်ပြုပြီဆိုတော့ မိသက်ကို ပြန်ခေါ်သွားရမည်။
ဒေါ်ကြည်သိန်းလည်း မနက်ဖြန် မပြန်သေးဖို့ဆုံးဖြတ်လိုက်သည်။
မြမြသိန်း..မီးထွက်ပြီး သုံးရက်လောက်နေမှ အိမ်ပြန်တော့မည်။
အိမ်ပြန်သည့်အခါမှာတော့ မြေးမလေး မိသက်ကိုပါ ပြန်ခေါ်သွားပေတော့မည်။
သားမက်ဖြစ်သူ ကျန်းမာချမ်းသာပါစေ။
အခုလိုပဲ…သူဘက်ကိုယ့်ဘက်မျှတစွာ နဲ့ သမီးဖြစ်သူ မြမြသိန်းအပေါ် ကြင်နာစွာပေါင်းသင်းနိူင်ပါစေလို့ ဆုတောင်းလိုက်မိပါတော့သည်။
#ယွန်းနှင်းဆီခိုင်