သူ့အသက် ကိုယ့်အသက်

သူ့အသက် ကိုယ့်အသက်(စ/ဆုံး)

—————————–

မိုးတစိမ့်စိမ့် ရွာနေသည်။ တိမ်မည်းညို အစိုင်အခဲများကလည်း အနောက်ရိုးမကို အဆက်မပြတ် ကျော်လွှားလာနေကြသည်။

ထို့ကြောင့် ဖောင်တွဲသမားလေး ခင်သန်းက ရေနွေးကြမ်းသောက်နေသော အဖွဲ့ခေါင်းဆောင် ဦးညိုကြီးဘက် လှမ်းကဲကြည့်ကာ-

“ဒီမိုးနဲ့မှ ဒီရေကျန်သစ်တွေ ထောက်ကြာပင်အိုင်က ဆည်တာ မရောက်ရင်တော့ နောက်ကို ဘယ်တော့မှ ရောက်မှာမဟုတ်တော့ဘူး အဘ”

ဟု ပြောလိုက်၏။

ဤသည်ကို ဦးညိုကလည်း –

“အေးလေကွယ်၊ ဒီမိုး ဒီရေမှာ ဒီသစ်တွေ ဆည်တာ ရောက်သွားရင်တော့ အဘတို့ မင်းတို့အဖွဲ့က ပိုပြီး နာမည်ကြီးကြဦးမှာပေါ့။ မဟုတ်ဘူးလား ဘသာတင့်ရယ်”

ဟု ကျန်တစ်ယောက်ဖြစ်သူ ဘသာတင့်ကို ပြောလိုက်ပြန်၏။ စကားနည်းသူ ဘသာတင့်ကလည်း –

“အဲဒါကြောင့် အဘတို့ ကျွန်တော်တို့အဖွဲ့ကို ဝန်ထောက်ကြီးက အားကိုးတကြီးနဲ့ တာဝန်ချထားခဲ့တာပဲ အဘရယ်၊ ကြိုးစားကြရမှာပဲ”

ဟု ပြန်ပြောလိုက်၏။

သူတို့ပြောသည်မှာ အမှန်ပင်ဖြစ်သည်။

ထောက်ကြာပင်ချိုင့်မှာ ဤရေကျန်ကျွန်းသစ်သုံးလုံးမှာ နှစ်စဉ်နှစ်တိုင်း မိုးဦးကျ မိုးတွင်းတစ်လျှောက်လုံး အဖွဲ့သုံးလေးဖွဲ့က မျှောချရန် ကြိုးစားစိုင်းပြင်းခဲ့ကြသော ကျွန်းသစ်များဖြစ်၏။

သို့သော် သုံးနှစ် သုံးမိုးနှင့် အဖွဲ့လေးငါးဖွဲ့သာ ပြောင်းသွားကြသည်။ ထောက်ကြာပင်ချိုင့်မှ ဤကျွန်းသစ်သုံးလုံးကား တစ်နှစ်မှ ဆည်တာမရောက်ဘဲ ထောက်ကြာချောင်းဝတွင် ပိုးလိုးပက်လက် တင်ကျန်နေခဲ့ကြ၏။

မနှစ်က ကြိုးစားခဲ့ကြသော ကျော်စံတို့အဖွဲ့ကမူ

“ဒီသစ်သုံးလုံးက အဖုအထစ်တွများပြီး ဟိုထောက် ဒီထောက်နဲ့ နာမည်နဲ့လိုက်အောင် ဒီထောက်ကြာချောင်းဝမှာ ကြာကြာကြီး ထောက်ခံနေတာဗျ”

ဟု ရယ်စရာ ပြောသွားခဲ့သေးသည်။

တစ်မြန်နှစ်က ကြိုးစားသွားခဲ့ကြသော ဦးလူမောင်တို့အဖွဲ့ကလည်း

“ကျောင်းတိုင်ကြီး ဝက်ချီးမှန် သုံးနှစ်ကြံလို့ တောကမထွက်ဆိုတာ ဒီလို သစ်မျိုးပေါ့ဗျ”

ဟု လက်လျှော့ထားပစ်ခဲ့ကြပြန်သည်။

ကျွန်းသစ်လုံးကြီးတွေမှာ တစ်လုံးတစ်လုံး နှစ်တန်ကျော်နှင့် နှစ်တန်နီးပါးရှိကြသော သစ်လုံးကြီးများဖြစ်၏။ သည်ကြားထဲ အဖုအထစ် အခေါင်းပေါက်တွေနှင့်မို့ ဦးညိုတို့အဖွဲ့ကမှ ဤတစ်ခါ ချမရရင်တော့ လွှစာပကာ ဖြစ်တော့မှာပဲဗျာဟု ချောင်းခေါင်းကြီးကလည်း ညည်းတွားသွားခဲ့သည်။

အမှန်တကယ်လည်း ဦးညိုတို့နာမည်ကြီးအဖွဲ့ကမှ ဆည်တာရောက်အောင် သည်မိုးသည်ရေနှင့် ချမရလျှင်တော့ ချောင်းခေါင်းကြီး ပြောသလို မုချ လွှစာပကာ ဖြစ်တော့မည်။

ထောက်ကြာပင်အိုင်ကလည်း တော်တော်တန်တန်မိုးနှင့် သစ်လုံးကြီးတွေ မျှောချရအောင် ရေကြီးပြင်းသောအိုင် မဟုတ်ဖြစ်ရာ ဤသစ်လုံးကြီးတွေမှာ ဤထောက်ကြာပင်အိုင်တောစတွင် သုံးနှစ်မျှ လဲလျောင်း နေခဲ့ကြရလေပြီ။

ထို့ကြောင့် အပြင်အသားများ ရွှံ့နစ်ကာ ထိပ်ဖြတ်များလည်း ရွှံ့လူးနေလေပြီ။ တောထဲမှ ခုတ်ဖြတ်ကာ ဆင်နှင့်တိုက်ပြီး တောစ ချောင်းဝကို ပစ်ချထားခဲ့ကြသော သစ်လုံးများ ဖြစ်ပေသည်။

မိုးက သဲသဲမဲမဲ ရွာလာသလို ချောင်းဖျားမှ မိုးရေများကလည်း တရမန်းကြမ်း စီးဆင်းလာနေသည်ကို လှမ်းကြည့်ကာ ဦးညိုတို့အဖွဲ့သားတွေမှာ ဝမ်းသာအားတက် ဖြစ်နေကြလေသည်။

သည်မိုး သည်ရေမှာ သည်ရေကျန်သစ်တွေ မုချ ဆည်တာကို ရောက်ရမည်ဟုလည်း အားခဲထားကြလေသည်။

မိုးက သုံးလေးရက် ဆက်တိုက်ရွာလာသောအခါ တောင်ကျချောင်းရေများက ဒလဟောစီးဆင်းလာပြီး ထောက်ကြာပင်ချောင်းဝချိုင့်ဝှမ်းသည်လည်း တဖြည်းဖြည်း ရေပြင်ကြီး ဖြစ်လာ၏။

“ရေများသည် တောစရှိ ရေကျန်ကျွန်းသစ်ကြီးများရှိရာသို့ပင် ပြည့်ရောက်လာသည်။

ထိုအခါ ဦးညိုနှင့် ဘသာတင့်၊ ခင်သန်းတို့က သစ်လုံးတစ်လုံးစီပေါ် သံငုတ်ရိုက်ကာ (ဇက်ခတ်) တွဲထားကြသည်။ ရေစီးသန်လာသည်နှင့် တစ်ပြိုင်နက် တွဲထားသော ရေကျန်သစ်လုံးသုံးလုံးကို သံကုလားအော်တွေနှင့် တွန်းကော်ကာ ရေစီးနှင့်အတူ မျှောချရန် အသင့်လုပ်ထားကြသည်။

ဧရပြင်ချိုင့်ဝှမ်းထဲ ငြိတွယ်တင်နေလျှင် ထိုးချ တွန်းချနိုင်သော ထိုးဝါးသစ်လုံးများကိုလည်း အသင့်ပြုလုပ်ထားကြသည်။

ချိုင့်ဝှမ်းတစ်ခုလုံး ရေပြင်ဖြစ်လာသောအခါ သစ်လုံးများလည်း ရေထဲပေါ် တက်လာသည်။ လူသုံးယောက်သည် ရေပေါ်ပေါ်နေသော ရေကျန်သစ်တွဲဖောင်ပေါ် လှမ်းတက်ကြကာ ရေစီးသန်သော ရေလယ်၊ ရေ ရိုး၊ ချောင်းရိုး၊ ချောင်းလယ်သို့ ထိုးဝါးနှင့် ထောက်ထိုးကာ တောစပ်မှ ရွှေ့ထုတ်လာကြ၏။

သည်အတိုင်းသာ မိုးဆက်ရွာပြီး ရေကျတိုးနေလျှင် အနှစ်နှစ်အလလက ထောက်ကြာပင်ချောင်းဝချိုင့်၌ ထောက်ခံနေသော ရေကျန်သစ်သုံးလုံးမှာ မုချ ဆည်တာ ရောက်ရပေတော့မည်။

သူတို့သုံးယောက်သည် အားမာန်အပြည့်သွင်းတာ ရေကျန်သစ်တွဲဖောင်ပေါ်တက်ပြီး ရေစီးသန်ရာရေလယ်သို့ ထိုးဝါးနှင့် ထိုးချလာကြ၏။

သစ်လုံးကြီးတွေ၏ အဖုအထစ်တွေက တစ်ချက်တစ်ချက် မြေပြင်တွင် သွားထောက်၍ တင်နေလျှင် အားခွန်အပြည့် စိုက်ထုတ်၍ ထိုးချကြရ၏။

ထိုအခါ သစ်လုံးများမှာ အပေါ်က လူတက်စီးထားသော အလေးအပြင် လူသုံးယောက်၏အားနှင့် တအားကန်ခြင်းကိုလည်း ခံနေရသဖြင့် တစ်ချက်တစ်ချက် ရေထဲလုံးလုံးမြုပ်သွားမတတ် ဖြစ်သွား၏။

သို့သော် ကိစ္စမရှိပေ။ ထောက်ကြာပင် ချိုင့်ဝှမ်းရေပြင်၏ ရေအနက်မှာ လူခါးသာသာခန့်သာ ရှိသေးသဖြင့် သစ်လုံးကြီးတွေပေါ်ကလူတွေ ရေထဲ အိုင်ထဲ လိမ့်ကျသွားသော်လည်း ရေမနစ်နိုင်ပေ

လူတစ်ယောက်ဖက်ခန့်ရှိသော ရေကျန်သစ်သုံးလုံးကို ရေစီးသန်ရာသို့ မျှောချလာကြစဉ် ချောင်းရိုးနားရောက်ခါနီးတွင် သစ်လုံးကြီးတွေက ရေအောက်တွင် ဘာနှင့်ငြိပြီး တစ်,နေပြန်သည်မသိ။ မရွေ့မလျားဘဲ ရုတ်တရက် ရပ်သွားပြန်၏။

“ဟဲ့- ဘသာတင့် ဘာနဲ့ငြိပြန်ပလဲကွ။ တစ်,နေပြန်ပါပကော”

“ဟုတ်တယ် အဘ၊ ဘာနဲ့ငြိနေပြန်ပလဲ မသိဘူး။ ရေတိမ်ပါသေးတယ်။ ဆင်းကြည့်လိုက်ရမလား”

“မဆင်းပါနဲ့ကွာ၊ ရေတိမ်ဆိုပေမင့် ရေရိုးနဲ့နီးနေပြီ။ ကဲ ခင်သန်း နင် နောင်နှစ် ယောက္ခမအိမ်မှာ ကျုံးမယ့် ရုန်းမယ့်အားတွေ ထုတ်စမ်းပါဦးဟ”

ဦးစီးခေါင်းဆောင်ဖြစ်သူ ဦးညို၏စကားအဆုံးမှာ သုံးယောက်သား တအားစိုက်ပြီး ထိုးကန်လိုက်ကြ၏။ တစ်ယောက်ဖက်လောက်ရှိသော ရေ ကျန်သစ်လုံးသုံးလုံးသည် ငြိနေသည့်အရာနှင့်တော့ လွတ်သွားသည်။ လူသုံးယောက်အားကြောင့် သစ်လုံးကြီးသုံးလုံးမှာ ရေထဲလုံးလုံးမြုပ်သွား သည်။ သစ်လုံးပေါ်တက်နေသည့် လူတွေ၏ ခြေမျက်စိများပင် မြုပ်သွားကြလေသည်။

ထိုအချိန်မှာပင် ကျိကျိ ကျိကျိ အော်မြည်သံနှင့်အတူ တောပင့်ကူကြီးတစ်ကောင်သည် ရေပေါ်ခုန်တက်လာပြီး ပြန်ပေါ်လာသော သစ်လုံးကြီးတစ်လုံး၏ အဖျားဆီသို့ ခုန်တက်လာသည်။

တောပင့်ကူကြီးမှာ အကြမ်းသောက်ပန်းကန်လုံးနီးပါး ရှိသဖြင့် ခင်သန်းက လန့်သွား၏။ ဟာ ခနဲဟု ပါးစပ်က အသံထွက်သွားသည်။

နှုတ်နည်းသလောက် လက်မြန်ခြေမြန်ရှိသူ ဘသာတင့်ကမူ လက်တွင် ဆုပ်ကိုင်ထားသော သစ်လုံးထိုးဝါးနှင့် တောပင့်ကူကြီးကို ရိုက်သတ်ရန် ချိန်ရွယ်လိုက်၏။

“ဟဲ့ဟဲ့ ဘသာတင့် မလုပ်နဲ့ … မလုပ်ပါနဲ့။ သူလည်း ဒီသစ်ခေါင်းထဲ နေနေတာ။ တို့ တအားကန်လိုက်တော့ သစ်ခေါင်းထဲ ရေဝင်လို့ ထွက်လာတာထင်တယ်။ တို့ကို အန္တရာယ်ပြုတာမှ မဟုတ်တာ။ နားပါစေ ခိုပါစေကွယ်။ တို့လည်း သစ်လုံးကြီးတွေပေါ် တက်ခိုလာကြသလို သူလည်း ခိုတာပေါ့။ ခိုပါစေ … ခိုပါစေ”

ဟု ဟန့်တားထားလိုက်သည်။

သစ်လုံးသုံးလုံးပါသော သစ်တွဲဖောင်လည်း ရေစီးထဲရောက်သွားရာ တအိအိလျှောမျှောပါလာ၏။

သူတို့တွေပင် ထိုးဝါးကူစရာ မလိုတော့။ တောပင့်ကူကြီးမှာလည်း ရေပြည့်သွားသော သူ့သစ်ခေါင်းအိမ်ထဲ ပြန်မဝင်တော့ဘဲ ဦးညိုတို့ သစ်တွဲဖောင်ကို စီးကာ ဦးညိုတို့နှင့်ပင် ခရီးဖော်လိုက်ပါ လာလေသည်။

လူတွေ အရပ်ထောက်မမီနိုင်သော ရေရိုးနားအရောက်တွင် ပြဿနာကြီးတစ်ခုနှင့် ဦးညိုတို့အဖွဲ့က တိုးနေကြပြန်သည်။

သူတို့ဖောင်နောက် ရေကူးလိုက်လာသော မြွေကြီးတစ်ကောင်ကို ဘသာတင့်က အရင်မြင်သည်။ မြွေကြီးသည် ခေါင်းထောင်ကာ သူတို့ဖောင်နောက် အပြေးလိုက်လာနေ၏။ ရေပြင်ပင် ရှဲရှဲ ရှဲရှဲ မြည်လာသ လား ထင်ရသည်။

ပင့်ကူကြီးတုန်းက မသတ်ပါနဲ့၊ မလုပ်လိုက်ပါနဲ့ဟု တားသူ ဦးညိုကြီးပင် ဤတစ်ခါတော့ ထိုးဝါးလုံးကို မြဲမြဲဆုပ်ကိုင်ထားမိ၏။ ရေကူးလိုက်ပါလာသော မြွေကြီးသာ သူတို့ဖောင်ပေါ် တက်လာလျှင်တော့ ရိုက်ကို ရိုက်ချကြရတော့မည်။ မရိုက်ချလျှင် မြွေကြီးသည် သူတို့အား မုချကိုက်ပေတော့မည်။

“အ … အဘ ဘယ့်နှယ်လုပ်ကြမလဲ၊ မြွေကြီးက အကြီးကြီးဗျ။ ကျွန်တော်တို့ဖောင်ဆီ တည့်တည့်ကူးလာနေတယ်။ ကြည့်ရတာ လူတွေကို အန္တရာယ်ပြုဖို့ လိုက်လာတာပဲဗျ”

ခင်သန်းက ကြောက်ကြောက်ရွံ့ရွံ့နှင့် အော်ပြော၏။

ဘသာတင့် ကလည်း လက်သီးဆုပ်ခန့်ပင် ရှိသော မြွေခေါင်းကြီးကို စိုက်ကြည့်ကာ ထိတ်လန့်နေ၏။

အမှန်မှာ ဘသာတင့်သာမဟုတ်။ ဦးညိုကြီးလည်း ကြက်သီးမွေးညင်းတွေ ချက်ချင်းထလာ၏။

ဦးခေါင်းပင် လူကြီးလက်သီးဆုပ်လောက်ရှိလျှင် မြွေကြီးမှာ အနည်းဆုံး သူတို့ပေါင်လုံးလောက်ရှိပေမည်။ တော်တော်တန်တန် ရိုက်သတ်၍ပင် ချက်ချင်းသေနိုင်သည့် မြွေကြီးမဟုတ်။

ဤထောက်ကြာပင်ချိုင့်တွင် သူတို့ တစ်စုံတစ်ခု တောမှားအိုင်မှားများ လုပ်မိခဲ့ကြလေသလားဟုလည်း ယခုမှ ကြောက်ကြောက်နှင့် တွေးမိလိုက်သည်။

ကြည့်နေကြရင်းမှာပင် မြွေကြီးသည် ဖောင်နှင့် ထိုးဝါးတစ်ရိုက်ခန့် အကွာအဝေးသို့ ရောက်လာ၏။ မာန်ဖီခေါင်းထောင်၍ ရေပေါ်ကူးလိုက်လာသည်မှာ ရိပ်ရိပ် ရိပ်ရိပ်နှင့် သူတို့ဖောင်ဘက် ဦးတည်လာနေ၏။

လူသုံးယောက်မှာ သစ်လုံးထိုးဝါးတွေ ကိုယ်စီကိုင်ကာ ရင်တထိတ်ထိတ်နှင့် စိုက်ကြည့်နေကြ၏။ ဒေါမာန်တကြီးနှင့် လိုက်လာသော မြွေကြီးသည် ချက်ချင်း သစ်ဖောင်နား ပြေးကပ်လာ၏။ လူသုံးယောက်မှ လန့်ဖျပ်ပြီး ဟိုက်ခနဲ အသံထွက်သွားကြ၏။

ထိုစဉ် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်အတွင်း သူတို့ဖောင်ပေါ် စီးလိုက်လာသော ပင့်ကူကြီးသည် ဖျတ်ခနဲ ခုန်ချလိုက်ပြီး မြွေခေါင်းကို ကိုက်ခဲလိုက်သည်။ မြွေကြီး၏ လူးလွန့်ရုန်းကန်လိုက်မှုကြောင့် ဦးညိုနှင့် ခင်သန်းတို့ကိုပင် သွေးတွေစဉ်သွားသည်။

ပင့်ကူကြီးအကိုက်ခံလိုက်ရသော မြွေကြီးသည် ရေထဲနစ်သွားရာမှ ဦးခေါင်းပြန်ပေါ်လာ၏။ ထိုအခါ ပင့်ကူကြီးက မြွေခေါင်းကို ခုန်ကိုက်လိုက်ပြန်၏။ ဤတစ်ခါလည်း မြွေကြီးသည် မချိမဆံ့ ရုန်းကန်ကာ ရေပြင်ထဲ ထွန့်ထွန့်လူးသွား၏။

ပင့်ကူကြီးကလည်း မြွေခေါင်းပေါ်နေရာသို့ ရေပြင်အတိုင်း ခုန်ဆွခုန်ဆွ ကူးသွားကာ လိုက်ကိုက်နေပြန်သည်။

မကြာခင်မှာပင် မြွေကြီးသည် ရေထဲနစ်သွားပြီး ပြန်ပေါ်မလာတော့ပေ။ သို့သော် ပင့်ကူကြီးကား မြွေကြီးနစ်မြုပ်သွားရာ ရေပြင်နားတစ်ဝိုက်တွင် ဟိုဟိုသည်သည် ခုန်ကူးကာ မြွေကြီး ခေါင်းပေါ် အလာကို လိုက်ရှာစောင့်ကြည့်နေလေသည်။

ဖောင်ပေါ်ရှိ လူသုံးယောက်မှာ သက်မပြိုင်တူချပြီး မြွေကြီးများ ပြန်ပေါ်လာလေဦးမလားဟု စောင့်ကြည့်နေကြ၏။ သို့သော် မြွေကြီးကား ရေထဲမှ လုံးဝကို ပြန်ပေါ်မလာတော့ပေ။ အသက်ပျောက်ကာ ရေစီးနှင့် မျောပါသွားပြီဟု ယူဆရ၏။

ခဏကြာ၍ မြွေကြီး ရေထဲက ပြန်ပေါ်မလာသောအခါ ပင့်ကူကြီးသည် ဦးညိုတို့ဖောင်ရှိရာသို့ ကူးလာပြန်၏။

“ဟာ အဘ ပင့်ကူကြီး ကျွန်တော်တို့ဖောင်ဘက် ပြန်ကူးလာနေတယ်ဗျ”

“လာပါစေကွယ်၊ ပင့်ကူကြီးဟာ အဘတို့အသက်ကို ကယ်လိုက်တာပဲ။ ပင့်ကူကြီးအသက်ကို အဘတို့ မသတ်ဘဲ ကယ်ခဲ့လို့ ပင့်ကူကြီးကလည်း ခု အဘတို့အသက်ကို ကယ်လိုက်တာ။ လာပါစေ … ဘာမှမလုပ်ကြပါနဲ့။ ပင့်ကူကြီးနဲ့ အဘတို့ဟာ တစ်ဖောင်တည်းစီး တစ်ခရီးတည်းသွား မိတ်ဆွေတွေ ဖြစ်သွားကြပါပြီ”

ဦးညို၏စကားအဆုံးမှာပင် ပင့်ကူကြီးသည် ဖောင်ပေါ်ခုန်တက်လာပြီး သူ စောစောက နေခဲ့သော သစ်လုံးဖျားတွင် ခိုနားလာနေလေ၏။

“မြွေကြီးက ကျွန်တော်တို့ သစ်ဖောင်ဆီ ဘာလို့လိုက်လာရတာလဲ မသိဘူးနော်။ ပင့်ကူကြီး ပါလာလို့များလား”

“အေးကွယ် ဒါတော့ အဘလည်း မစဉ်းစားတတ်အောင်ဘဲ။ ပင့်ကူကြီးကြောင့် လိုက်တာတော့ မဖြစ်နိုင်ဘူး။ ပင့်ကူကြီးက ဒီသစ်လုံးထဲ သူ့အခေါင်းရှိနေလို့ လိုက်လာတာပဲ”

မြွေကြီး သူတို့ဖောင်နောက် ရေကူးပြီး ဘာကြောင့်လိုက်လာရသည်ကို ဦးညိုသာ မဟုတ်၊ ဘသာတင့်နှင့် ခင်သန်းတို့ကလည်း တွေးမရကြပေ။

သို့သော် ဆည်တာရောက်၍ သစ်လုံးများကို ပြန်ဖြုတ် ဖောင်ကြီးတွဲကြရတော့မှ အဖြေပေါ်လာတော့သည်။

အလယ်သစ်လုံးကြီး ခွနားရှိ အခေါင်းပေါက်ကြီးတွင် ငန်းမြွေဥတွေ ပါလာသည်ကို တွေ့ကြရသည်။ စောစောက ပင့်ကူကြီး ကိုက်သတ်လိုက်သော ငန်းမြွေမကြီးသည် သူ့ဥတွေပါလာသဖြင့် ရေကူးလိုက်လာခြင်းဖြစ်၏။

အဘညိုတို့ ထောက်ကြာပင်ချောင်းဝမှ မျှောချလာကြသော သစ်လုံးကြီးတွေမှာ သုံးနှစ်သုံးမိုး ရေကျန်သစ်တွေဖြစ်သဖြင့် သစ်ခေါင်းကြီးထဲ ငန်းမြွေမကြီး ဝင်ဥထားသည်ကို ယခုမှ သိကြရလေတော့သည်။

– ပြီး –

စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ