သေကံမရောက်

သေကံမရောက်(စ/ဆုံး)
————————-

ကျွန်မတက်ရတဲ့ တက္ကသိုလ်က ကျွန်မတို့မြို့နဲ့ နေ့ဆိုရင် တနေ့လောက်၊ ညဆိုရင် တညလုံးလောက် ကားစီးရပါတယ်။

ကျွန်မက အိမ်ကို ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေ တိုင်းလိုလို ပြန်ပါတယ်။ စာမေးပွဲ ဖြေခါနီးတို့၊ စာအင်မတန် အရေးကြီးတဲ့ အချိန်တို့ကလွဲလို့ အပတ်စဥ်တိုင်းလိုလို ပြန်ဖြစ်ပါတယ်။

ပြန်တဲ့အခါတိုင်း အချိန်ကုန် သက်သာပြီး၊ အိမ်မှာ ကြာကြာနေရဖို့အတွက် Express ညကားကြီးတွေကိုပဲ ပြန်တိုင်း စီးဖြစ်ပါတယ်။ သောကြာညကို ကားစီး၊ စနေ မနက် အိမ်ရောက်၊ စနေ တနင်္ဂနွေ နှစ်ရက်လုံး အိမ်မှာနေ၊ တနင်္ဂနွေညမှာ ပြန်ကားစီးသွား၊ တနင်္လာ မနက် ကျောင်းရောက်၊ ခဏနားပြီး ကျောင်းတက်တာပေါ့။

ကျွန်မ ပြန်တဲ့အခါမှာလည်း သူငယ်ချင်း အဖော် မပါတတ်ပါဘူး။ ကျွန်မတို့မြို့ကနေ ကျောင်းကို လာတက်ရတဲ့သူတွေ ရှိပေမယ့် သူတို့တွေက ကျွန်မလောက် အိမ်မမင်ကြပါဘူး။ ကျောင်းပိတ်ရက် ဆိုရင် မရောက်ဖူးတဲ့ နေရာတွေကို လျှောက်လည်မယ်၊ လျှောက်သွားမယ်၊ လျှောက်စားမယ် လို့ပဲ စီစဥ်နေကြသူတွေပါ။ ပိတ်ရက်ဆိုရင် အိမ်ကို အမြဲ ပြန်ချင်နေတတ်သူဟာ ကျွန်မ တစ်ယောက်တည်းသာ ဖြစ်ပါတယ်။

အိမ်ပြန်တဲ့ သောကြာည တညမှာပေါ့။

*——–*——–*———*

အစက ကျွန်မ စာမေးပွဲလေး တခုရှိနေ့လို့ အိမ်မပြန်တော့ပါဘူးလေ ဆိုပြီး ကားလက်မှတ်ကို ကြိုမမှာထားဘူးပေါ့။

ဒါပေမယ့် ညနေလောက်ကျ အလွန်အမင်း ပြန်ချင်လာတဲ့အတွက် အိမ်ကျမှပဲ စာဆက်ကြည့်တော့မယ်လို့ စဥ်းစားပြီး အိမ်ပြန်ဖို့ ကျောင်းရှေ့က ကားလက်မှတ် အရောင်းဌာနခွဲ ဆိုင်လေးကို ဖုန်းဆက်ကြည့်တော့ ကားလက်မှတ်က မရတော့ပါဘူးတဲ့လေ။

မရဘူးဆိုမှ ပိုပြန်ချင်လာတာကြောင့် ထိုင်လို့ရရင်ပြီးရော၊ ရတဲ့နေရာက လိုက်ပါမယ်လို့ လက်မှတ်အရောင်း ဆိုင်ခွဲလေးကို ဖုန်းထပ်ဆက်တာပေါ့။

ကျွန်မက အမြဲပြန်နေကျသူ၊ ဖောက်သည်လို ဖြစ်နေသူ ဆိုတော့ “ညီမလေး လာသာလာခဲ့ပါ။ အစ်မ ကားဆရာကို ပြောပြီး၊ ထိုင်လို့ အဆင်ပြေအောင် စီစဥ်ပေးဖို့ ပြောပေးမယ်” လို့ လက်မှတ်ရောင်းတဲ့ အစ်မက ပြောတော့ လက်မှတ်မရ၊ အိမ်မပြန်ရတော့ဘူး ဆိုပြီး စိတ်ညစ်နေရာမှ အိမ်ပြန်ရတော့မယ် ဆိုတော့ ပျော်လိုက်တာမှ အင်မတန်ပါပဲ။ အမြဲပြန်နေတဲ့သူကများ အကြာကြီး မပြန်ရတဲ့သူ ကျနေတာပဲ၊ အဲလောက်တောင် ပျော်နေရသလား လို့ တွေးပြီးတော့ ကိုယ့်ကိုကိုယ်တောင် ကျွန်မ ပြန်ရယ်ချင်မိခဲ့ပါတယ်။

*———*———*———*

ကျွန်မ စောင့်နေတဲ့ လက်မှတ်ဆိုင်လေး ရှေ့ကနေ Express ကားရှည်ကြီးတွေ တစီးပြီးတစီး လျှင်မြန်လွန်းတဲ့ အရှိန်တွေနဲ့ ဝှစ်ကနဲ၊ ဝှစ်ကနဲ မောင်းနှင်သွားကြပြီး ခဏအကြာ ကျွန်မ စီးရမယ့်ကား ဆိုက်လာပါတယ်။

လက်မှတ်ဆိုင်က အစ်မ နဲ့ Express ကားဆရာ၊ စပယ်ယာတို့တွေဟာ ဂိတ်က ခရီးသည်တွေကို ကားပေါ် လူစစ်၍ တင်ပြီးတဲ့နောက် ကျွန်မအတွက် နေရာကို စီစဥ်နေကြပါတယ်။

“ရပြီ၊ ညီမလေး လာ လာ” ဆိုပြီး လက်မှတ်ဆိုင်ရဲ့ အစ်မက လှမ်းခေါ်လို့ ကျွန်မ သွားလိုက်တော့ ကျွန်မ ထိုင်ရမယ့် နေရာက ကားဆရာကြီးရဲ့ ဘေး အောက်နားလေးက ထိုင်ခုံအမဲရောင်လေးမှာ ဖြစ်ပါတယ်။ စပယ်ယာ ထိုင်ရတဲ့ နေရာလို့ ပြောပါတယ်။

အမှီမရှိတဲ့ ထိုင်ခုံလေးမှာ ကျွန်မ သေချာ ထိုင်လိုက်ပြီး ကျောပိုးအိတ်ကလေးကို ရှေ့ဘက်သို့ ပြောင်းပြီး လွယ်ထားလိုက်ပါတယ်။ အမှီမရှိတော့ ကားယိမ်းတဲ့အခါ တစ်ခုခုကို ကိုင်ပြီး တောင့်ထားမှ ခန္ဓာကိုယ် မယိုင်မှာမို့ ကိုင်စရာ ရှာတဲ့အခါ အတက်အဆင်းနားက သံတန်းတစ်ခုကို တွေ့တာကြောင့် ကျွန်မ သေချာ ကိုင်ထားလိုက်ပါတယ်။

နေရာကျပြီဖြစ်လို့ ကားအောက်က စောင့်ကြည့်ပေးနေတဲ့ လက်မှတ်ဆိုင်က အစ်မကို “ရပြီ အစ်မ၊ ကျေးဇူး တင်ပါတယ် အစ်မရေ၊ ညီမလေး အဆင်ပြေပါတယ်” လို့ လှမ်းပြောလိုက်တဲ့အခါ ကားအောက်ကနေ အစ်မက “အေး အေး ညီမလေး။ ကားဆရာကြီးရေ ကျောင်းသူလေး အိမ်ပြန်တာပါနော်။ သေချာ ဂရုစိုက် ခေါ်သွားပေးပါဦးနော်” လို့ ကျွန်မကိုလည်းပြော၊ ကားဆရာကြီးကိုလည်း အပ်ပေးလိုက်ပါတယ်။

*———*———*———*

ကားထွက်လာတော့ ကျွန်မက စယ်ယာရဲ့ နေရာကို ထိုင်လိုက်တဲ့အတွက် စပယ်ယာက ကားအဆင်း လှေကားထစ်အောက် ပိတ်ထားတဲ့ ကားတံခါးကို မှီပြီး လိုက်ရပါတယ်။ ပြီးတော့ မြင်သမျှကို ကားဆရာကြီးဆီ သတင်းပို့ပါတယ်။

“ရှေ့ကကားနောက်မှာ ဆိုင်ကယ်ပါတယ်၊ ရပြီ ကျော်လို့ရပြီ။ နေဦး နေဦး ဆရာရေ နောက်ဆိုင်ကယ်တစီး ဝင်လာပြန်ပြီ။ ရပြီ ဆရာ မြန်မြန်ကျော်လိုက်။ နောက်ကား လမ်းတောင်းနေတယ် ဆရာ၊ ခဏနေဦးလို့ အချက်ပြလိုက်ဦး၊ ဆရာရေ ရှေ့က လမ်းကျယ်ကျမှ ဘေးနည်းနည်း ချပေးလိုက်။ ရပြီလို့ ကျော်ခိုင်းလိုက်ပါ ဆရာရေ။ မရှိလို့ လုပ်စားကြတာ အေးဆေးပေါ့ လို့ လှမ်းပြောလိုက်ပါဦး ဆရာရေ၊ ဟား ဟား ဟား” စသည်ဖြင့် ကားဆရာကြီး နှင့် စပယ်ယာတို့ အတိုင်အဖောက်ညီညီ ပြောဆိုနေကြ၊ ကားမောင်းနေကြပါတယ်။

အခါတိုင်း အိမ်ပြန်ရင် ထိုင်ခုံနောက်မှီကို ခေါင်းတင်ပြီး အိပ်ငိုက်လိုက်တဲ့ ကျွန်မဟာ အခု တခါတော့ နောက်မှီမရှိတဲ့ ထိုင်ခုံမှာ ထိုင်ရတဲ့အပြင်၊ ကားဆရာကြီး နဲ့ စပယ်ယာတို့ရဲ့ အတိုင်အဖောက် အသံတွေကြောင့်လည်း အိပ်လို့ မရရုံမက မျက်လုံး အပြူးသားနဲ့ ထိုင်လိုက်နေရပါတယ်။

မျက်လုံးပြူးနေရတဲ့ နောက်ထပ် အကြောင်း တခုလည်း ရှိပါသေးတယ်။ အခါတိုင်းပြန်ရင် ကျွန်မ အိပ်ပျော်နေလို့ သတိမထားမိတာလား မသိပါဘူးရှင်။ ကျွန်မ အခုတခေါက်မှ သတိထားမိနေတာက ကားဟာ အလွန်ကို မြန်မြန် မောင်းတာပါလားရှင်။ မြန်လွန်းလို့ ကားသံက ဝှစ်ဝှစ်ဝှစ်ဝှစ်၊ ဖောက်ဖောက်ဖောက်ဖောက် အသံမျိုးပဲ ကြားရပါတော့တယ်။ ဘေးဘက်က သစ်ပင်တွေ၊ မြင်ကွင်းတွေဟာ ရိပ်ခနဲ၊ ရိပ်ခနဲ နဲ့သာ ကျန်ခဲ့ရပါတယ်။

ကျွန်မမှာ ကြောက်လွန်းလို့ မျက်စိမှိတ်ထားချင်သော်လည်း၊ မအိပ်လည်း မအိပ်ချင်ဘဲ မျက်စိမှိတ်ထားတာက ဘာမှ မမြင်ရတော့ ပိုကြောက်ဖို့ ကောင်းနေပြန်တဲ့အတွက် မျက်စိ မမှိတ်နိုင်တော့ဘဲ ပြူးနေအောင်သာ ကားရှေ့ကို ကြည့်ပြီး သဲထိတ်ရင်ဖို ကားစီး နေရပါတော့တယ်။ အမြဲ ရွတ်ဖတ် ပူဇော်နေကျ သံမ္ဗုဒ္ဓေ ဂါထာတော်ကိုလည်း စိတ်ထဲကနေ မပြတ်တမ်း ရွတ်ဖတ် ပူဇော်နေခဲ့ပါတယ်။

*———*———*———*

ခဏအကြာ ကြားရွာလေး တရွာမှာ ထမင်းစားနားပါတယ်။ ထမင်းစားပြီး ကားပြန်ထွက်တော့ ကားတစီးလုံးက ခရီးသည်တွေ အိပ်ကုန်ကြပြီ ဖြစ်လို့ အသံတွေ ငြိမ်သက် တိတ်ဆိတ်သွားတဲ့အခါမှာ ကားမောင်းတာ အရှိန်အရမ်း မြန်သည့် အသံဖြစ်သော ဝှစ်ဝှစ်ဝှစ်ဝှစ်၊ ဖောက်ဖောက်ဖောက်ဖောက် အသံဟာ ပိုပြီး ကျယ်လောင်စွာ ကြားနေရပါတယ်။ ​

ပြူးကျယ်သော မျက်လုံး အစုံနဲ့ ရှေ့ကို မြင်နိုင်သလောက်ထိ ကြည့်ရင်း၊ ရှေ့မှ သံတန်းကို တင်းကျပ်စွာ ကိုင်ထားသော ကျွန်မ နှင့် အတိုင်အဖောက်ညီညီ ပြောဆို မောင်းနှင်နေကြသော ကားဆရာ၊ စပယ်ယာ တို့သာ မအိပ်မနေ အသက်ရှည်ထုံးကို ကိုင်စွဲ၍ နေနေကြပါတယ်။

*———*———*———*

အဲဒီလိုနဲ့ ရင်တမမ ကားစီးလာရင်း ညဥ့်နက်လာတဲ့အခါ ခရီးသည်တင်ကားများ၊ ကုန်ကားများမှလွဲ၍ အခြားယာဥ်ငယ်လေးများ ရှင်းလာတာကို သတိထားမိ နေပါတယ်။ အဲဒီလို ရှင်းတဲ့အချိန် ဖြစ်နေတော့ ကားအရှိန်ကလည်း ပိုပြီးမြန်လာတာ သတိထားမိပါတယ်။ အရှိန် လျှော့မောင်းပေးဖို့ ပြောချင်ပေမယ့် ကျွန်မဟာ ကျောင်းသူအရွယ်လည်းဖြစ်၊ တစ်ယောက်တည်းလည်း ဖြစ်နေတော့ မပြောရဲခဲ့ပါဘူး။

ဒါကြောင့် အရှိန်မြန်လွန်းတဲ့အခါ အန္တရာယ် ဖြစ်မှာစိုး၍ ကားရဲ့ရှေ့ကိုပဲ မြင်နိုင်သလောက် ကြည့်နေမိပါတယ်။ အိပ်ဖို့နေနေသာသာ အိပ်ချင်တဲ့စိတ် တစက်မှတောင် မရှိဘဲ ကြောက်ရွံ့ ထိတ်လန့်သည့်စိတ် အပြည့်ဖြင့် ရင်ထဲမှာ လှပ်လှပ်လှပ်လှပ်နဲ့ ခံစားနေရပါတယ်။ သံမ္ဗုဒ္ဓေဂါထာကိုလည်း အထပ်ထပ် ဖိရွတ် နေမိပါတယ်။

ကျွန်မ အဲဒီလို ရှေ့ကို ကြည့်နေတုန်း မျက်နှာချင်းဆိုင် ဟိုးရှေ့ခပ်လှမ်းလှမ်းမှာ အနိမ့်ပိုင်းလောက်က လင်းနေတဲ့ မီးလုံးလေး နှစ်လုံးကို တွေ့လိုက်ပါတယ်။ ကားကြီးတွေလောက်လည်း မီးကမလင်းဘူး။ မီးလုံးလေး နှစ်လုံးကလည်း အောက်ဖက်နားက လင်းနေတယ်။ မီးလုံး နှစ်လုံးရဲ့ အကွာအဝေးကလည်း နီးနေတယ် ဆိုတော့ ကားအသေး ဖြစ်မယ် ဆိုပြီး ကျွန်မ စူးစိုက်ကြည့်နေပါတယ်။

မနီးမဝေး မြင်သာတဲ့ နေရာရောက်လာတော့ ထော်လာဂျီလေး ဖြစ်နေတာကို ကျွန်မ တွေ့ရပါတယ်။ ကျွန်မတို့ သွားနေတဲ့ ကားလမ်းက နည်းနည်း ကျဥ်းပါတယ်။ မျက်နှာချင်းဆိုင်က ကားအချင်းချင်း ရှောင်ချင်ရင် ကိုယ်စီ လမ်းဘေးကို တဝက်စီလောက် ချပေးမှသာ ရှောင်မောင်းလို့ ရပါတယ်။

ထော်လာဂျီက သေးတော့ ကျွန်မတို့ကား တဝက်လောက် လမ်းဘေးချပေးတဲ့ အချိန်မှာ သူက လမ်းဘေး ချစရာမလိုဘဲ မောင်းလို့ရမှာမို့၊ လမ်းဘေးမချဘဲ လမ်းပေါ်ကနေ မျက်နှာချင်းဆိုင် အတည့်မှ အေးအေးဆေးဆေး မောင်းလာနေပါတယ်။

ကျွန်မကလည်း ထော်လာဂျီ အသေးလေးကို အေးဆေး ရှောင်မောင်းလိုက်ရုံပဲလေ လို့တွေးပြီး စိတ်မပူမိလိုက်ပါဘူး။

ကြည့်နေရင်း ကြည့်နေရင်း မျက်နှာချင်းဆိုင်က ထော်လာဂျီဟာ ကျွန်မတို့ကားနဲ့ အလွန် နီးကပ်လာနေပါပြီ။ နီးလာလို့ ထော်လာဂျီ အရှိန် လျှော့မလျှော့တော့ မသိပါဘူး။ ကျွန်မတို့ကားရဲ့ အရှိန်ကတော့ ဒီလို နီးကပ်နေတဲ့ အချိန်ထိ ဝှစ်ဝှစ်မြည်အောင် မြန်ဆန်နေတုန်းပါ။

ကျွန်မ ကြောက်လှပါပြီ။ ထော်လာဂျီဟာ အလွန်ကို နီးကပ်လာပြီး ရှောင်မှ ဖြစ်တော့မယ့် အခြေအနေကို ရောက်ခါနီးနေတော့ ကျွန်မ ကြောက်လန့်တကြား ဖြစ်လာပြီး သတိပေးဖို့ ကားဆရာကြီးရဲ့ မျက်နှာကို ဘေးတစောင်း မော့ကြည့်လိုက်တဲ့ အခါမှာတော့….

လားလား…

ကားဆရာကြီးဟာ ကားမောင်းတဲ့ စတီရာရင် အဝိုင်းပေါ် လက်နှစ်ဘက်ကို တင်ထား၊ ကိုင်ထားပြီး မျက်လုံးတွေမှိတ်၍ အိပ်နေတာကို တွေ့လိုက်ရပါတော့တယ်။

ကျွန်မ ကြောက်လန့်နေသော်လည်း အရေးကိစ္စကြီးပြီမို့ လျှပ်တစ်ပြက်အတွင်း စဥ်းစားရပါတယ်။ ကြောက်စိတ်နဲ့ အော်ဟစ်ပြီး သတိပေးလိုက်ရင် ကားဆရာကြီးက လန့်ဖျပ်ပြီး လမ်းဘေး ဆွဲချလိုက်နိုင်တယ်၊ ကားနဲ့ သစ်ပင်နဲ့ ဝင်တိုက်နိုင်တယ်။ ဒီလောက် မြန်နေတဲ့ အရှိန်နဲ့ သစ်ပင်ကို ဝင်ဆောင့်ရင် ကားရှေ့မှာ ထိုင်နေတဲ့ ကျွန်မတို့ သုံးယောက်ရဲ့ အန္တရာယ်ဟာ မသေးလောက်ဘူး။ ဒါကြောင့် ကြောက်စိတ်ကို ထိန်းပြီး ပုံမှန်အသံလေးနဲ့ သတိပေးမှသာ၊ အိပ်ငိုက်နေပေမယ့် သတိထား မောင်းနေတဲ့ ကားဆရာကြီးဟာ ဖျတ်ခနဲ အသိဝင်လာမှာလို့ တွေးလိုက်ပါတယ်။

အဲဒီလို တွေးလည်းတွေး၊ ရှေ့ကတန်းကို တင်းကျပ်စွာလည်းကိုင်ပြီး ကြောက်စိတ်ကို ထိန်းကာ မအော်ဟစ်ဘဲ ပုံမှန်အသံ ဖြစ်အောင် အသံ အနေအထားကို သတိထားပြီး ကားဆရာကြီးကို ကျွန်မ တုန်တုန်ယင်ယင်ဖြင့် သတိပေးလိုက်ပါတယ်။

“ကားဆရာ၊ ရှေ့မှာ ထော်လာဂျီ”

“ကျွီ…. ဝှီး…ဖရော…ရှော…. ဒုန်း…. ဝူး..”

အဖြစ်အပျက်က မြန်မြန်ဆန်ဆန်ပါပဲ။

ကျွန်မ သတိပေးစကား အဆုံး၊ ကားဆရာ မျက်လုံးပွင့်လာ၊ နီးကပ်နေတဲ့ ထော်လာဂျီကိုတွေ့၊ အရှိန်သတ်ချိန် မရတော့တဲ့ကားကို ထော်လာဂျီအား ဝိုက်၍ ယိမ်းကနဲ အရှိန်ပြင်းပြင်းဖြင့် ရှောင်လိုက်၊ ကားကစောင်းသွား၊ ရှောကနဲဖြစ်သွား၊ ကားဆရာကြီး အရှိန်သတ်၍ ကားအနေအထားကို ပြန်ရအောင်ယူ၊ လုပ်နိုင်သွား၊ ပြန့်တည့်သွား၊ လေဟာနယ်ထဲ ရောက်သွားသလို အသဲထဲ အေးခနဲဖြစ်သွား၊ လမ်းပေါ်မှာ ပုံမှန် တည့်မတ်စွာ ပြန်နေရာယူ၊ ပြန်မောင်းနှင်နိုင်သွား။ အိုးးး ကျွန်မတို့ လွတ်သွားခဲ့ပါပြီ။ ထော်လာဂျီနဲ့ တိုက်မယ့် အခြေအနေကလည်းလွတ်၊ သစ်ပင်နဲ့ တိုက်မယ့် အခြေအနေကလည်း လွတ်ခဲ့ပါပြီ။

ကားဆရာကြီးလိုပဲ အိပ်ငိုက်နေတဲ့ စပယ်ယာလေးလည်း နိုးခဲ့ပါပြီ။

“ဒီကျောင်းသူကြောင့်သာ မဟုတ်ရင် ထော်လာဂျီ နဲ့ သစ်ပင် တခုခုကို တိုက်နေပြီကွ၊ ဒီအရှိန်နဲ့ဆိုရင် ကားတစီးလုံး တွေးတောင် မတွေးရဲဘူးကွ” စတဲ့ ကားဆရာကြီးရဲ့ စပယ်ယာကို ဆူနေတဲ့ အသံတွေကို ကျွန်မဟာ ကြောက်လွန်းပြီး တုန်ယင်နေသော စိတ်တွေနဲ့ ကြားနေရပါတယ်။

“ဘာဖြစ်တာလည်း ဘာဖြစ်တာလည်း” ဆိုပြီး နိုးလာကြတဲ့ ခရီးသည်တွေဟာ ကားပုံမှန် ဆက်မောင်းနေတာကို တွေ့ရတော့ ပြန်အိပ်သွားကြတာပါပဲ။ ရှေ့က ကျွန်မတို့ သုံးယောက်သာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားရတာပါ။ အထူးသဖြင့် မျက်မြင်ကိုယ်တွေ့ မြင်နေခဲ့ရပြီး၊ ဆုံးဖြတ်ချက်တွေချရ၊ ရင်ဆိုင်ခဲ့ရတဲ့ ကျွန်မမှာ အိပ်ပြန်ရောက်တဲ့ နှစ်ရက်လုံး လန့်ဖျား ဖျားခဲ့ရပါတယ်။ ကျောင်းပြန်တော့လည်း အမေ ပြန်လိုက်ပို့ရပါတယ်။

*———*———*———*

အဲဒီတခေါက်ကနေ ကျောင်းပြန်ရောက်ပြီး နောက် နှစ်ပတ်၊ သုံးပတ်လောက် အထိ ကျွန်မ အိမ်မပြန်ဖြစ်ခဲ့ပါဘူး။ ကားစီးရမှာ လန့်နေလို့ပါ။ လန့်ထားတဲ့ အရှိန်ကလည်း ရှိနေတာကိုး။

ဒါပေမယ့် တလလောက် အိမ်မပြန်ရတော့ ကျွန်မ မနေနိုင်တော့ပါဘူး။ ကျောင်းပြီးလို့ အလုပ်တွေ လုပ်ရင်လည်း ကားကစီးရမှာပဲ။ ကားရော၊ လေယာဥ်ရော၊ ယာဥ်မှန်သမျှ စီးပြီး သွားရတဲ့ အလုပ်ကိုရရင် စီးရမှာပဲ။ တိုက်ဖို့ရှိရင်လည်း တိုက်မှာပဲ။ တမလွန်သွားဖို့ ရှိရင်လည်း သွားရမှာပဲ။ ကြောက်နေရင် ဘာမှ အလုပ်တွေ မဖြစ်တော့ရုံဘဲ ဖြစ်နေလိမ့်မယ် လို့ ကိုယ့်ကိုကိုယ် အားပေးရင်း ကျောင်းမပြီးမချင်း ညကားစီးရင်း အိမ်ပြန်ခြင်း အလုပ်ကို လုပ်ခဲ့တာပါပဲရှင်။

သို့ပေမယ့်လည်း ခုံလက်မှတ် နှစ်ခုံစာကိုတော့ ရအောင်ဖြတ်ပါတယ်။ ပြီးတော့ ကျယ်ကျယ်ဝန်းဝန်း လဲလျောင်းထိုင်၍ လိုက်ကာ ရအောင်အိပ်ပါတယ်ရှင်။

အိပ်ပျော်သွားရင် ကျွန်မ အကြောက်ဆုံး၊ မကြားရဲတဲ့၊ အဲဒီအသံကြားရင် ကြောက်စိတ်တွေ ပြန်ပေါ်လာစေတဲ့ ဝှစ်ဝှစ်ဝှစ်ဝှစ်၊ ဖောက်ဖောက်ဖောက်ဖောက် အသံကို ကျွန်မ မကြားရတော့ဘူးလေ။ ။

. နွေအလင်း