သေမင်းတမန်မြင်းလှည်းနှင့်မရဏရေကန်(စ/ဆုံး)
—————————————————-
မှောင်လွန်းသော ညသည်ကျွန်တော့်ကို စိတ်တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ဘူတာသို့ ရထားစိုက်ရောက်ချိန်က ညအချိန်မတော်ဖြစ်နေ၍ လမ်းသွားလမ်းလာ အားလုံး ရှင်းလင်းကာ တိတ်ဆိတ်ခြောက်ကပ်နေ
သည်။ ကျွန်တော်ဒီနယ်မြို့လေးနှင့်ဝေးရာ ရန်ကုန်ရွှေမြို့တော်ကြီးကိုရောက်ရှိနေခဲ့သည်မှာ ကာလ အတန်ကြာခဲ့ပါ ပကော။ အခုတော့ ကျွန်တော့်ရဲ့မွေးရပ်ဇာတိမြေ ဒီနယ်မြို့လေးကို ကျွန်တော်တစ်ဖန်ပြန်လည်ခြေချခွင့်ရခဲ့ချေပြီ။ ကျွန်တော့်ဘဝ၏
တန်ဖိုးမဖြတ်နိုင်သော အနှိုင်းမဲ့ကျေးဇူးရှင်အမေနှင့်ချစ်လှစွာသော ကျွန်တော့်ချစ်သူ ဖြူနုခက်ကို ကျွန်တော်ပြန်တွေ့ ရတော့မည်။ ကျွန်တော့်၏ခြေလှမ်းတွေက နယ်မြို့လေး၏ အစွန်ဖက်မှမွေးရပ်ဇာတိရွာလေး ဆီသို့ ဦးတည်နေသည်။
အလုပ်မှ ခွင့်ရက်ရှည်ယူပြီး ပြန်လာခဲ့ခြင်း ဖြစ်သဖြင့်
ကျွန်တော့်၏မိသားစု ၊ ကျွန်တော်သိပ်ချစ်ရသူနှင့်ဆွေမျိုးမောင်နှမ များအားလုံးကိုတွေ့ချင်လှပေပြီ။
ရထားက အချိန်မတော်စိုက်သဖြင့်လူသူများကင်းရှင်းနေသည်။ ထိုအချိန်ကျွန်တော့်ရှေ့တွင်မြင်းလှည်းတစ်စီးကိုတွေ့လိုက်ရသဖြင့်ကျွန်တော်ဝမ်းသာ အားရ ဖြစ်သွားသည်။ ထို့ကြောင့်ကျွန်တော်ထိုမြင်းလှည်းမောင်း သမားကိုဝမ်းသာအားရ နှင့်အော်ဟစ်ခေါ်လိုက်
သည်။
“ဗျို့….နောင်ကြီး…မြင်းလှည်းအားလားဗျို့…”
ကျွန်တော့်အသံကို ကြားသောအခါ မြင်းလှည်းက ကျွန်တော်ရှေ့ ခပ်လှမ်းလှမ်းတွင်ရပ်တန့်သွားသည်။ ထို့ကြောင့်ကျွန်တော်မြင်းလှည်းနောက်အပြေးလိုက်သွားပြီး
“ဗျို့နောင်ကြီး…ကျွန်တော်…နန်းစိန်ရွာကို သွားချင်လို့ လိုက်ပို့ပေးလို့ရမလား…ကျွန်တော်နောင်ကြီးတောင်းသလောက်ပေးပါမယ်”
ကျွန်တော်ကမြေပြင်ပေါ်တွင်ရပ်ကာ မြင်းလှည်း
မောင်းသည့်လူကိုဘေးတစ်ဖက်မှလှမ်းပြောနေသောကြောင့်သူ၏ မျက်နှာ တစ်ခြမ်းကိုသာ လှမ်းမြင်ရသည်။ မြင်းလှည်းမောင်းသမား၏ မျက်နှာသည်မျက်တောင်ပင်တစ်ချက်မျှ မခပ်ဘဲ ဖြူလျှော်၍အေးစက်တည်ငြိမ်နေသည်။
ထိုမြင်းလှည်းမောင်း သမားက ကျွန်တော့်ဘက်ကိုပင်တစ်ချက်မျှ လှည့်မကြည့်ဘဲ
“တက်”
သူ၏တစ်ခွန်းတည်းပြောလိုက်သော ‘ တက်’ဆိုသည့်စကားက သြရှရှ နှင့်အေးစက်ပြတ်သားလှသည်။
အမိန့်သံပင်အနည်းငယ်စွက်နေသည်ဟု ထင်ရသည်။
ကျွန်တော့်စိတ်ထဲကျောရိုးများအေးစိမ့်သွားသလိုလို ၊
ကြက်သီးမွေးညင်းများ ထသွားသလိုလို ထင်လိုက်မိသည်။ ညအချိန်မတော်မို့ ခံစားရတာနေမှာပါဟု ကျွန်တော်ဖြေတွေးတွေးကာ ထိုမြင်းလှည်းနောက်မှ တက်ထိုင်၍ လိုက်ပါလာခဲ့သည်။
မြင်းခွာသံမှ လွဲ၍ မည်သည့်အသံမှ မကြားရအောင်တိတ်ဆိတ်နေသည်။ထို့နောက်တိတ်ဆိတ်ငြိမ်သက်နေမှု့သည်
ကျွန်တော့်ကို အနည်းငယ်စိတ်ခြောက်ခြားလာစေသဖြင့်ထိုတိတ်ဆိတ်မှု့ကို ဖြိုခွဲရန်ကျွန်တော်လှည်းမောင်းသမားကို စတင်မိတ်ဆက်စကားပြောဖို့ ကြိုးစားသည်။
“ဗျို့နောင်ကြီး….နောင်ကြီးက ဘယ်ဘက်မှာနေတာလဲ…ကျွန်တော့်ဇာတိကနန်းစိန်ရွာလေ….ကျွန်တော်ရွာပြန်မရောက်တာတောင်နှစ်အတော်ကြာပြီဗျ….
ကျွန်တော်က ရန်ကုန်မှာ အလုပ်သွားလုပ်နေတာလေ…”
ကျွန်တော်စကားပြောနေပေမယ့်မြင်းလှည်းမောင်းသမား ထံမှ ပြန်လည်တုံ့ပြန့်ပြောဆိုသံ ထွက်မလာ။ ထို့ကြောင့်သူစကားမပြောချင်လို့နေမှာပဲ ဟု ကျွန်တော်တွေးလိုက်မိပြီး
ဘာမှ ဆက်မပြောတော့ဘဲ ပါးစပ်ပိတ်နေလိုက်ရသည်။
စိတ်ထဲမှလည်း
“ဒီလူကြီးက ဘာလဲကွ…ဘာစကားမှလည်း မပြောဘူး…အေးစက်စက်ကြီး”
အတန်ကြာ ခရီး သွားပြီနောက်
“ဟဲ…ဟဲ…ဟဲ…ဟဲ”
တဟဲဟဲအော်နေသံများ ကျွန်တော့်နားထဲ ကြားလိုက်
ရသည်။ ထိုအချိန်တွင်ကျွန်တော်စီးလာသော မြင်းလှည်းက
တုန့်ခနဲ ရပ်သွားပြီး
“ငါ..ဒီနေရာထိပဲ လိုက်ပို့ နိုင်မယ်မင်းဆင်းတော့…ဒီကနေ ဆယ်မိနစ်လောက်ဆက်လျှောက်ရင်မင်းရွာကိုရောက်ပြီ”
မြင်းလှည်းမောင်းသူထံမှ သြရှရှအေးစက်စက်အသံကြီးက ပြတ်သားစွာ ထွက်ပေါ်လာသည်။
“ဟင်…ဘာဖြစ်လို့လဲ…ကျွန်တော့်ကို ရွာထိ လိုက်ပို့လို့ မရဘူးလား”
“မရဘူး.. ..ဆင်းဆို ဆင်းကွာ”
မြင်းလှည်းမောင်းသူ၏ စကားသံကာ အနည်းငယ်တင်းမာ ခက်ထန်သွားသည် ထင်သည်။ထို့ကြောင့်ကျွန်တော်လည်း ဘာမှ ဆက်မပြောချင်တော့ဘဲ လှည်းပေါ်မှ ဆင်းလိုက်ကာ
” ကျွန်တော်ဘယ်လောက်ပေးရမလဲ”
“မင်းပေးချင်သလောက်ပေးခဲ့”
ထို့နောက်ကျွန်တော်ထောင်တန်နှစ်ရွက်လောက်လှည်းပေါ်တင်ပေးခဲ့ပြီး ထွက်ခဲ့သည်။ ကျွန်တော့်စိတ်ထဲတွင်တော့
“ဘယ်လို လူလဲ မသိဘူး…ညကြီးသန်းခေါင်သူ့မြင်းလှည်း
တစ်စီး တည်းရှိလို့လေကြီးလေကျယ်လုပ်နေတယ်”
ထို့နှင့်ကျွန်တော်တစ်ယောက်တည်း ထိုမြင်းလှည်း
မောင်းသမား ညွှန်ပြလိုက်သည့်ဘက်သို့ခြေလျှင်လျှောက်ထွက်လာခဲ့သည်။ တစ်ဟဲဟဲ နှင့်အော်သံကြီးက ပို၍ ပီပီပြင်ပြင်ကြားလာရသည်။
“ဒါ ဘာသံပါလိမ့်”
ထိုစဉ်ကျွန်တော်လမ်းတစ်ဖက်တွင်ရေကန်ကြီး တစ်ကန်ကိုတွေ့လိုက်ရသည်။ တစ်ဟဲဟဲ အသံများက ထိုရေကန်မှ ထွက်ပေါ်နေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။ ကျွန်တော်တို့ရွာ မရောက်ခင်ရေကန်ကြီး တစ်ကန်ရှိတာကို ကျွန်တော်အမှတ်ရလိုက်မိသည်။ ထိုရေကန်ကြီးသည်ကျွန်တော်ငယ်စဉ်ကပင်ရှိနေခဲ့ပြီး ထိုရေကန်နှင့်ပတ်သတ်၍ ပါးစပ်ရာဇဝင်ပုံပြင်များစွာ ရှိခဲ့သည်။ ထိုရေကန်ထဲသို့ရှေးခတ်က
မင်းသမီး တစ်ပါးက မိမိကိုယ်ကို ခုန်ချကာ အဆုံးစီရင်ခဲ့သည်ဟု ဆိုသည်။ တစ်ချို့ကလည်း စစ်ရှုံး၍ ထွက်ပြေးလာသော မင်းသမီးက ဒီနေရာတွင်ကံကုန်ခဲ့သဖြင့်နောက်လိုက်နောက်ပါ များကာရေကန်တည်ဆောင်မည့်နေရာတွင်မြှပ်နှံထားခဲ့သည်ဟု ဆိုသည်။ ထိုသို့ဖြင့်ဤရေကန်၏ ကြမ်းပြင်တွင်စစ်ရှုံး၍ ထွက်ပြေး လာသောရှေးခတ်မင်းသမီးတစ်ပါး ၏ ရုပ်အလောင်းသည်လဲလျောင်းတည်ရှိနေသည်ဟု
ယုံတမ်း ပါးစပ်ရာဇဝင်များကပြောဆိုနေခဲ့ကြသည်။ ထိုစဉ်
“တော်….တီး….တီး…တော်”
“တုံ့….တုံ့…..တုံ့…..တုံ့”
“ဘုတ်…ဘုတ်…ဘုတ်….ချမ်း…”
အိုးစည်တီးသံ ၊ နှဲ မှုတ်သံ ၊ လင်ကွန်း တီးသံ များ ထွက်ပေါ်လာခဲ့သည်။ ထိုအသံများသည်ရေကန်ဘက်မှနေ၍ ထွက်ပေါ်လာခြင်းဖြစ်သည်။ ကျွန်တော်ညကြီး အချိန်မတော်ထိုကဲ့သို့သော အသံများ ကြားလိုက်ရ၍ ကြက်သီးမွေးညင်း များထကာခေါင်းမွှေးများပင်ထောင်ချင်ချင်ဖြစ်သွားရသည်။
ကျွန်တော်ထိုရေကန်ဘက်ကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်တော့
“ဟာ”
နန်းဝတ်နန်းစား များနှင့်လူများ၊ရှေးခတ်မင်းသမီး ဝတ်စုံနှင့်အမျိုးသမီး တစ်ယောက်ကဝေါယာဉ်လို အရာမျိုးပေါ်တွင်ထိုင်နေသည်။ ထိုအမျိုးသမီးက ဆံပင်ကို ဖားလျားချထားပြီး သူမ၏ မျက်လုံးများက မီးကျီခဲလို ရဲရဲနီနေသည်။ သူမက ကျွန်တော့်ကို မျက်လုံးကြီး ပြူးကာ လက်ညှိးထိုး၍ တစ်ခုခု လှမ်းပြောနေဟန်ရှိသည်။ ထိုအခါ သူမ နံဘေးမှ သူမ၏ အခိုင်းအစေ များကရေကန်ထဲမှ ကုန်းကုန်းကွကွနှင့်တက်လာပြီး ကျွန်တော့်ထံသို့ လာနေသည်။
“ဟင်…ငါ…ငါ့ဆီ လာနေပါလား…အို…ဘာတွေလဲ”
ကျွန်တော်ပြင်းစွာ တုန်လှုပ်ခြောက်ခြားသွားမိပြီးကြောက်ရွံ့ ထိတ်လန့်စွာနှင့်ဖနောင့်နှင့်တင်ပါး တစ်သားတည်း ကျအောင်ထွက်ပြေးလာခဲ့သည်။ ကျွန်တော့်နောက်မှပြေး လိုက်လာကြသူများကခေါင်းမပါသော နန်းတွင်းစစ်သည်ဝတ်စုံ များနှင့်လူများ ဖြစ်သည်။
“ဟေ့….ဟေ့….ဖမ်းကြဟေ့”
“လိုကျဟ…လိုကျဟ”
ကျွန်တော့်နောက်မှခေါင်းမပါသော နန်းတွင်းစစ်သည်များက သံပြိုင်အော်ဟစ်ကြွေးကြော်ကာပြေးလိုက်လာသည်။
ထိုသို့ပြေးလွှားနေစဉ်ကျွန်တော်ခဲလုံး တစ်လုံးအား ခလုတ်တိုက်၍ လဲကျ သွားသည်။
“အ”
ထိုအချိန်ကျွန်တော့်၏ လည်ပင်းကို ကြိုးတစ်ချောင်းက လာရောက်၍ ရစ်ပတ်သည်။
“အ…အ…အား…”
ထို့နောက်ကျွန်တော်အလွန်မှောင်မိုက်ေသာ အမှောင်တိုက်
တစ်ခုထဲသို့ထိုးကျ သွားပြီးလောကကြီးနှင့်အဆက်အသွယ်ပြတ်သွားသည်။
ကျွန်တော် သတိရလာတော့ ပတ်ဝန်းကျင်တစ်ခုလုံး
လင်းကျင်းနေပြီ။ ကျွန်တော့်နားထဲ ဆူညံ ဆူညံ အသံများကိုလည်း ကြားလိုက်ရသည်။
“ဟင်ကျွန်တော်…ခြုံပုတ်တစ်ခုထဲမှာ သတိမေ့နေခဲ့တာပဲ”
ထို့နောက်ကျွန်တော်အသံများ လာရာဆီ ထွက်ခဲ့သော အခါ ညကရေကန်ဘက်တွင်လူအုပ်ကြီး ကိုတွေ့လိုက်ရသည်။
“အီး….ဟီး…ဟီး…သားရယ်…အဖြစ်ဆိုးလှ ချည်လား”
” ကိုဇေယျ ရယ်….ရှင်ပြောတော့ ကျွန်မဆီ ကျိန်းသေ ပြန်လာခဲ့မယ်ဆို”
လူအုပ်ကြီး၏ရှေ့တွင်အမျိုးသမီး နှစ်ယောက်ကအော်ဟစ်ငိုကြွေးနေသည်။ ကျွန်တော့်နားထဲ ထို အမျိုးသမီးတွေ၏ အသံကို ရင်းနှီးနေသလိုလို။ လူအုပ်ကြီးက ကမ်းလုံးပြည့်မျှ ဝိုင်းအုံကြည့်ရှု့နေသဖြင့်ကျွန်တော်ရှေ့ကို တိုးကြည့်ချင်ပေမယ့်မရ။
“နောင်ကြီး…ဘာဖြစ်တာလဲဗျ…ကျွန်တော်လည်း ကြည့်ချင်လို့ နည်းနည်းလောက်ဖယ်ပေး ပါလား”
ကျွန်တော်ပြောနေတာကို မည်သူမှလည်း ဂရုမစိုက်။
ကျွန်တော့်ကို မည်သူမှလည်း အဖတ်လုပ်၍ ပြန်မဖြေကြ။
ထို့နောက်ကျွန်တော်စိတ်ပျက်လက်ပျက်နှင့်လက်လျော့ လိုက်ရသည်။
“ဟူး….ဘယ်သူမှလည်း ငါမေးတာ ပြန်မဖြေကြဘူး…ငါ့ဖာသာပဲ ရွာဆက်သွားတော့မယ်”
ထို့နောက်ကျွန်တော်ရွာဆီ သို့ ခရီးဆက်ထွက်လာခဲ့သည်။ အတန်ကြာသွားသည်အထိ ကျွန်တော့်ရွာကို မတွေ့ ။ ညက မြင်းလှည်းသမားပြောတော့ ဆယ်မိနစ်လောက်လျှောက်ရုံပဲတဲ့။ အခုတော့တော်တော်ကြာနေပြီ ကျွန်တော့်ရွာကို
မရောက်နိုင်သေး။လမ်းတွင်လည်း မည်သည့်ဈေးဆိုင်မည်သည့်လူမှ မတွေ့ရ။ တစ်ဖြည်းဖြည်း သွားရင်း သွားရင်းနှင့်နေပင်ခေါင်းပေါ်ရောက်၍ ပူပြင်းလာခဲ့ပြီ။
“ငါ့ရွာနဲ့က ဒီလောက်မဝေးပါဘူး…ဘာကြောင့်ဒီလောက်တောင်ကြာနေရတာလဲ”
တစ်ဖြည်းဖြည်း နှင့်နေလုံးပင်အနောက်ဖက်သို့ ကျလာခဲ့ပြီ။
“ဟာ မဟုတ်တော့ဘူး…တစ်ခုခု မှာယွင်းနေပြီ”
ထိုအချိန်မှာပင်ကျွန်တော်ရှေ့မှာ မှိန်ပျပျ ရွာတန်းရှည်တစ်ခုကို လှမ်းမြင်လိုက်ရသည်။ အချိန်အားဖြင့်အကျည်းတန်လှချိန်ဟုခေါ်သော တိမ်တောက်သည့်နေဝင်ရီတရောပင်ဖြစ်ခဲ့ပြီ။
“ဟင်…ရှေ့မှာ ….ငါ့ရွာ ထင်တယ်”
ကျွန်တော်ဝမ်းသာအားရဖြင့်ညောင်းညာနေပြီဖြစ်သော
ခြေလှမ်းများကို ကြိုးစားအားတင်း၍ ခပ်သွက်သွက်လျှောက်လိုက်သည်။
“ဟဲ…ဟဲ…ဟဲ…”
ကျွန်တော်ရွာထဲမဝင်ခင်ကြားလိုက်ရသည်က ရွာမရောက်ခင်ကျွန်တော်ညကတွေ့ခဲ့သည့်ရေကန်ကြီး ဆီမှ
တစ်ဟဲဟဲအော်မြည်သံပင်ဖြစ်သည်။
“ဝုတ်ဝုတ်ဝုတ်”
ရွာထဲမှခွေးများက ကျွန်တော့်ကို စူးစိုက်စွာ ကြည့်၍ဟောင်သည်။
“အူ….ဝူး..ဝူ…”
ကျွန်တော့်ကို ကြည့်၍ ဆွဲဆွဲငင်ငင်အူလိုက်သောခွေးတစ်ကောင်ကိုလည်း မြင်လိုက်ရသည်။
ထိုစဉ်ကျွန်တော့်ရှေ့မှ လမ်းလျှောက်လာသော လူတစ်ယောက်။ ကျွန်တော်သေချာကြည့်လိုက်မိတော့ ကျွန်တော့်ဦးလေး တစ်ဝမ်းကွဲ သာဒင်။ကျွန်တော်ဝမ်းသာ အားရဖြင့်
ဦးလေး သာဒင်အားအော်ခေါ် လိုက်သည်။
“ဟာ..ဦးလေးသာဒင်…ဦးလေးသာဒင်ရေ”
ထိုအခါ ဦးလေး သာဒင်ကဘေးဘီဝဲယာကိုဝေ့ကြည့်သည်။ သူ့ပုံစံက မျက်လုံးကျီးကန်းတောင်းမှောက်ဖြစ်နေပြီးရှေ့တည့်တည့်တွင်ရပ်နေသော ကျွန်တော့်ကို မြင်ဟန်မတူ။ ထို့ကြောင့်ကျွန်တော်နောက်ထပ်အားယူကာ အသံခပ်ကျယ်ကျယ်ဖြင့်လှမ်းအော်လိုက်သည်။
“ဦးလေး…သာဒင်”
ဒီတစ်ခါတော့ ဦးလေးသာဒင်က ကျွန်တော့် အသံကို ပီပီသသ ကြားသွားဟန်ရှိသည်။ သို့သော်ဦးလေး သာဒင်၏ မျက်လုံးများက ပြူးကျယ်ဝိုင်းစက်သွားပြီးခေါင်းမွှေးများပင်ထောင်သွားသယောင်ရှိကာ
“အမလေး…..သရဲ”
ဟု အသံဝါ ကြီးဖြင့်အော်ဟစ်၍ ကျွန်တော့်ရှေ့မှ လှည့်ပြေးထွက်သွားသည်။
“ဟင်…ဦးလေး သာဒင်က ဘာဖြစ်သွားတာလဲ”
ကျွန်တော်ဇဝေဇဝါ ဖြင့်ကျွန်တော့်အိမ်ဘက်သို့ ဆက်၍လျှောက်လာခဲ့သည်။ ကျွန်တော့်အိမ်တွင်လူများ စုရုံး စုရုံး ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
“ဟင်…ဘာဖြစ်လို့ပါလိမ့်”
ကျွန်တော်သိလိုဇောဖြင့်ခြံဝိုင်းထဲ အလျှင်အမြန်ပြေးဝင်သွားသည်။
“အမေ…အမေရေ….ကျွန်တော်ပြန်လာပြီ”
ကျွန်တော့်အမေသည်အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင်အငိုမျက်နှာနှင့်ငေးမှိုင်၍ ထိုင်နေသည်။ ရွာမှ လူများကလည်း ကျွန်တော်တို့ အိမ်ရှေ့တွင်စုရုံးစုရုံးနှင့်။ ကျွန်တော်ဒီလောက်အသံဝါကြီးဖြင့်အော်ခေါ်၍ပြေးဝင်လာတာကို သူတို့ မကြား။
ကျွန်တော်ဇဝေဇ၀ါ အတွေးများနှင့်အတူ ရင်ထဲတွင်လည်း ထိတ်ခနဲ ဖြစ်သွားသည်။ ထိုစဉ်အိမ်ခေါင်းရင်း ခြံကွက်ထဲတွင်ဝိုင်းထိုင်နေသည့်ရွာလူကြီး အဘအောင်နှင့်
ရပ်မိရပ်ဖ အချို့ ၏ စကားသံများကို ကျွန်တော်ကြားလိုက်ရသည်။
“ဇေယျ က သနားစရာကောင်းတယ်…သူကံဆိုးသွား ရှာတာပဲ…ရွာအဝင်က ကန်ကြီးကအော်နေတာ ၃ ရက်ရှိပြီ”
“ဟုတ်တယ်အဘအောင်…. ဒါ့ကြောင့်ကျွန်တော်တို့က
ညနေစောင်းတာနဲ့ ရွာပြင်တောင်သိပ်ထွက်ကြတော့တာ မဟုတ်ဘူး”
“ဇေယျက ညရထားနဲ့ ပြန်လာခဲ့ပုံ ရတယ်…. ညကြီး အချိန်
မတော်ကန်နားက ဖြတ်ခဲ့တာ ဖြစ်မယ်”
“အင်း….ဒါကြောင့်သူကန်ထဲမှာ လူစားခံလိုက်ရတာ”
“ဟုတ်ပါ့ဇေယျ အလောင်းကိုရေပေါ်မှာ ပက်လက်ကြီး
တွေ့လိုက်ရတော့ သူ့အမေ မတင်မြိုင်ဆိုတာ မနက်က တက်မတတ်ချက်မတတ်ဘဲ ငိုလိုက်တာမှ…အေးလေ သူလည်း ဒီသား တစ်ယောက်လုပ်စာ ပဲ ထိုင်စားနေရတာကိုး”
“အဘအောင်အဲ့ဒီ့ ကန်ထဲမှာရှေးခတ်မင်းသမီး တစ်ပါးသေခဲ့တာဆို”
“အင်း … အဘတို့ အဖေ အမေ အဘိုး အဘွားတွေပြောတာတော့ အဲ့ဒီ့ မင်းသမီးက စစ်ရှုံးပြီး တိုင်းပြည်ပျက်တော့ ဒီဘက်ကို ထွက်ပြေးလာတာတဲ့…ဒီနေရာရောက်တော့
နောက်က လိုက်သတ်တဲ့ ရန်သူတွေက မင်းသမီးနဲ့
အပေါင်းအပါတွေကို မိသွားပြီးခေါင်းဖြတ်သတ်ပစ်ခဲ့တယ်…ပြီးတော့ ဒီရေကန်ထဲ ပစ်ချ ပစ်ခဲ့တယ်တဲ့”
“အို…ကြောက်စရာ ကြီးပါလား”
“အင်း အဲ့ဒီ့လို အသေဆိုးနဲ့သေဆုံးခဲ့တဲ့ လူတွေက ဘယ်ကျွတ်လွတ်နိုင်မလဲ ဒီရေကန်မှာပဲ မှီတွယ်နေတာပေါ့….အဲ့ဒါကြောင့်၃ နှစ်တစ်ကြိမ်ကန်က လူစားတယ်…..၃နှစ်တစ်ကြိမ်ကန်ထဲမှာ လူသေပေးရတယ်ပေါ့ကွာ”
“အင်း …. အဘအောင်လွန်ခဲ့တဲ့ ၃ နှစ်ကလည်း မြို့ထဲကနေ ညဘက်ကြီး မြင်းလှည်းသိမ်းပြီး ပြန်လာတဲ့ဦးတင်ဇော်က ဒီကန်ထဲမှာပဲသေသွားသေးတယ်မလား”
“ဟုတ်တယ်…ခုတစ်ခေါက်တော့ဇေယျပေါ့ကွာ…ဇေယျ သနားပါတယ်”
ကျွန်တော်အဘအောင်တို့ စကားဝိုင်းမှ စကားသံများကို ကြားလိုက်ရသောအခါ ပြင်းစွာ တုန်လှုပ်ခြောက်ခြား သွားမိသည်။
“ဒါ..ဒါ..ဒါဆို..ဇေယျ ဆိုတဲ့ ကျွန်တော်က ဟိုရေကန်ထဲမှာ…ညတည်းကသေ သွားခဲ့ပြီပေါ့…မနက်က လူတွေ ဝိုင်းကြည့်နေကြတာ ကျွန်တော့်အလောင်းပေါ့…အို..အား….မဟုတ်ဘူး ”
ကျွန်တော်ပြင်းထန်စွာ တုန်လှုပ်ခြောက်ခြားသွား
ရသည်။
ရင်ထဲတွင်ဆို့နစ်၍ တက်လာသော နာကျင်ကြေကွဲမှု့ကြောင့်မျက်ဝန်းမှ မျက်ရည်တို့လည်း စီးဆင်းလာခဲ့သည်။ ထိုအချိန်ကျွန်တော့်ကိုနောက်မှ အင်အား ပြင်းထန်သော တစ်စုံ တစ်ခုက ဆွဲခေါ်သွားချေပြီ။ခြောက်ခြားဖွယ်ရယ်သံကြီးကို ကျွန်တော်ကြားလိုက်ရသည်။
“ဟီး…ဟီး….ဟား…ဟား…ဟိုး…ဟိုး…မင်းက ငါတို့လူ ဖြစ်သွားပြီ….ငါတို့နဲ့နေရတော့မှာ လာခဲ့”
“အား…မဟုတ်ဘူး….ကျွန်တော်မလိုက်ဘူး”
ကျွန်တော်ဘယ်လိုပင်ကြိုးစား၍ ရုန်းကန်ရုန်းကန်ထိုအင်အား ပြင်းထန်သော တစ်စုံ တစ်ရာက ကျွန်တော့်ကို ဆွဲခေါ်သွားခဲ့သည်။
သုံး နှစ်ခန့်ကြာပြီးနောက်။
နယ်မြို့လေး၏ ရထားဘူတာသို့ ညသန်းခေါင်ယံကြီး ရထား တစ်စင်း စိုက်လာသည်။ ထို ရထားပေါ်မှ ဂျင်းပန်လ်
ဘောင်းဘီနှင့်ပခုံးပေါက်အင်္ကျီအဝါရောင်လေး ဝတ်ထားသည့်ခပ်ချောချော မိန်းကလေး တစ်ယောက်
ဆင်းလာသည်။ သူမနောက်မှ သူမကဲ့သို့ပင်အပျံစား ဝတ်စား ပြင်ဆင်ထားသော မိန်းကလေးလေးယောက်ခန့်ထပ်၍ ဆင်းလာသည်။
“ဟဲ့…ကြည်ဖြူမေ…ည ၁၁ နာရီကျော်နေပြီ….နင့်ရွာကို သွားဖို့ ကားတွေ ဘာတွေ ရှိပါဦးမလား”
“ဟာ…ကားမရှိလည်း မြင်းလှည်းတွေ ရှိတယ်…လာ…ဘူတာ အပြင်ဘက်မှာ တစ်ခုခု ရှိမှာပါ”
“အမလေး…ကြည်ဖြူမေ ညီးက သိလို့လား…သူတောင်သူ့ရွာ မပြန်တာ ဘယ်နှနှစ်ရှိပြီလဲ…မသိဘူး”
ကြည်ဖြူမေ သူငယ်ချင်းမများ စကားကို ခပ်ဟဟ ရယ်မော လိုက်ရင်း
“ဟား..ဟား..ငါ က ဆယ်တန်းနှစ်မှာ ရွာက ထွက်ပြီး မြို့ကဘော်ဒါ မှာ လာတက်တည်းက တစ်ခါမှ မပြန်တော့တာ…အခု ငါတက္ကသိုလ်နောက်ဆုံး နှစ်တောင်ဖြေပြီးပြီ ဆိုတော့လေးနှစ်ကျော်ပြီပေါ့အေ…”
“ညီး ကိုယ့်ရွာကော ကိုယ်မှတ်မိသေးရဲ့လား”
“အမလေး…ကိုယ့်ရွာကို မမှတ်မိလို့ ဘယ်ရ မလဲ …ငါတို့
နန်းစိန်ရွာလေးက အရမ်း သာယာတာ…ရွာအဝင်မှာ
စိမ်းညို့နေတဲ့ရေကန်ကြီး တစ်ကန်လည်း ရှိတယ်”
“ဟယ်…ဟုတ်လား…ဒါဆို…ဓာတ်ပုံတွေ ရိုက်ကောင်းလိုက်မယ့်ဖြစ်ခြင်း…ဟား..ဟား”
ခေတ်လူငယ်မိန်းကလေး တစ်သိုက်ရယ်မောပျော်ရွှင်ကာ ရထားဘူတာ ထဲမှ ထွက်လာခဲ့သည်။
“ဟဲ့…လမ်းပေါ်မှာ လူတွေ ရှင်းနေတာပဲ…ဘယ်သူမှလည်း မရှိဘူး …”
“အေးလေ…ညသန်းခေါင်ကြီးမို့လား …မသိဘူး”
ထိုစဉ်
“ခွပ်…ခွပ်…ခွပ်”
မြင်းလှည်း တစ်စီးမောင်းလာသံကိုကြားလိုက်ရသည်။
“ဟဲ့…ဟိုမှာ မြင်းလှည်း….ခေါ်လိုက်လေ ကြည်ဖြူမေ”
“အေးအေး”
“ဗျို့ မြင်းလှည်းဆရာကြီး..ရပ်ပါဦး”
မိန်းကလေး တစ်သိုက်၏အော်ခေါ်သံကြောင့်မြင်းလှည်းမောင်း သမားက ခပ်လှမ်းလှမ်း မှာရပ်သွားသည်။ ကြည်ဖြူမေတို့ တစ်သိုက်မြင်းလှည်းထံ အပြေးအလွှားရောက်သွားကြပြီး
“နန်းစိန်ရွာကို.. ..သွားချင်လို့ပါ”
ကြည်ဖြူမေနှင့်သူငယ်ချင်းများက မြင်းလှည်းမောင်း သမားကိုမြေပြင်ပေါ်မှ ရပ်၍ စကားပြောလိုက်သည်။ဘေးတစ်စောင်းမှသာ မြင်ရသော မြင်းလှည်းမောင်းသမား၏
မျက်နှာသည်မျက်တောင်တစ်ချက်မျှ မခပ်ဘဲ ဖြူလျော်အေးစက်လျှက်။ ထိုမြင်းလှည်းမောင်း သမားက ကြည်ဖြူမေတို့ ဘက်သို့ တစ်ချက်မျှ ပြန်လှည့်မကြည့်ဘဲ။
“တက်”
ကြည်ဖြူမေတို့ သူငယ်ချင်းများ မြင်းလှည်းမောင်း သမား၏အေးစက်စက်သြရှရှ စကားသံကြောင့်စိတ်ထဲ တစ်မျိုးဖြစ်သွားပြီး တစ်ယောက်မျက်နှာ တစ်ယောက်ပြန်ကြည့်လိုက်မိကြပေမယ့်လမ်းပေါ်တွင်မည်သည့်ယာဉ်မှ မတွေ့။
ယာဉ်ဟူ၍ ဤ မြင်းလှည်းတစ်စီးသာ ရှိသောကြောင့်နောက်ဆုံး ဤမြင်းလှည်းပေါ်သာ တက်၍ လိုက်ပါလာကြရတော့သည်။
ထိုမြင်းလှည်းကိုမောင်းသည့်လူသည်လွန်ခဲ့သော သုံးနှစ်ခန့်ကနန်းစိန်ရွာ အဝင်ရေကန်ကြီးထဲတွင်သေဆုံးသွားခဲ့သောဇေယျ ဆိုသည့်လူငယ်လေးတစ်ယောက်ဖြစ်သည်ကို ကြည်ဖြူမေတို့ သူငယ်ချင်း တစ်သိုက်သာ သိခဲ့ပါလျှင်။ ထို့ပြင်ယခု ရက်ပိုင်း နန်းစိန်ရွာအဝင်မှရေကန်ကြီးသည်သုံးနှစ်ပြည့်၍ တစ်ဟဲဟဲ ထပ်အော်မြည်နေသေးသည်ဆိုတာကို သာ သူမတို့ သူငယ်ချင်းတစ်သိုက်သိနိုင်ခဲ့ပါလျှင်ထိုမြင်းလှည်းပေါ်သို့ တက်ကြလိမ့်မည်မဟုတ်ပါ။
သေမင်းတမန်မြင်းလှည်းနှင့်မရဏရေကန်ကြီး
(ပြီးပါပြီ)