သေမင်းနှင့်အတူ

*သေမင်းနှင့်အတူ*📖📖📖

*************************

ကျွန်တော်သည် (၁၂)ဗို့ နှစ်လုံးပြူးကျည်ဆံများ အစီအရီထည့်သွင်းထားသည့် ယမ်းခါးပတ်ကို ခါးတွင်ပတ်ရင်း ဦးခေါင်းကို ထောင်၊ နားစွင့်လိုက်မိ၏။ စခန်း၏ မြောက်ဘက် တစ်ဖာလုံခန့်ဆီမှ တဘူးဘူးအော်မြည်နေသော ငှက်ငနွားအုပ်၏ အသံက လေထဲတွင် ပျံ့လွင့်လာသည်။

“နေဝင်တော့မယ်နေ ဆရာ။ အခြေအနေကြည့်ရတာ မိုးရွာလိမ့်မယ်နဲ့ တူတယ်။ ဒီတစ်အုပ်တော့ ကြပ်တိုက်နဲ့ပဲ စားလိုက်ရောပေါ့ ဆရာရယ်”

နယ်စီးတောအုပ်ကြီး ဦးအောင်ဝင်းက သေနတ်တပြင်ပြင် လုပ်နေသော ကျွန်တော့်အား ပြောလိုက်၏။

“ကြပ်တိုက်စားရတာ မီးခိုးစော်နံလှပြီဗျာ။ ဘာပဲဖြစ်ဖြစ် ဒီညကတော့ အသားစိုစိုကလေး စားရအောင် လုပ်ဦးမှဗျ။ ကျုပ် ဝေးဝေးလံလံ မသွားပါဘူး။ စခန်းရဲ့ မြောက်ဘက်က လျှိုနားတင်ပါ။ ငှက်ငနွားအော်သံတွေ ကြားတယ်မဟုတ်လား”

ကျွန်တော်က ဦးအောင်ဝင်းအား ပြန်မေးလိုက်သည်။ ဦးအောင်ဝင်းက နားစွင့်ရင်း ခေါင်းညိတ်လိုက်၏။

“ကဲဗျာ … ပစ်မယ့်ပစ်လည်း တဝစားရအောင် ပစ်ခဲ့ပေတော့။ ကျုပ် မီးမွှေးပြီး စောင့်နေမယ်”

“စိတ်ချဗျာ။ အနည်းဆုံးတော့ ငှက်ငနွားတော့ စားရမှာပဲ။ ကဲ … ကျုပ်သွားမယ်”

ကျွန်တော်က ဦးအောင်၀င်းအား ပြန်ပြောပြီး စခန်းဆီမှ ထွက်ခဲ့၏။

နေဝန်းမှာ အနောက်ဘက်သို့ စောင်းလျက်ရှိနေချပြီ။ နောက်ထပ် တစ်နာရီဆိုလျှင်ဖြင့် မှောင်စပျိုးတော့မည်။

ကျွန်တော်က စခန်း၏မြောက်ဘက် တောအတွင်းသို့ တဖြည်းဖြည်း တိုးဝင်လာခဲ့၏။ နွေ၏ နောက်ဆုံးရက်များ ဖြစ်လေသောကြောင့် သစ်ပင်များမှာ စိမ်းနုနေသော ရွက်သစ်များနှင့် ဖုံးလွှမ်းနေသည်။

သစ်ပင်များအကြားမှ အနောက်ဘက်ကောင်းကင်သို့ မျှော်ကြည့်လိုက်သောအခါ တစ်အိအိတက်နေသော တိမ်ဆိုင်ကြီးတစ်ခုကို တွေ့ရ၏။

ငါးမိနစ်မျှ တောထဲတွင် လျှောက်မိသောအခါ ကျွန် တော်သည် ယခင်က မကြာမကြာ ရောက်ဖူးသော လျှိုကလေးတစ်ခုသို့ ရောက်ရှိလာ၏။ လျှိုကလေး မှာ အနက်ခြောက်ပေမျှရှိ၍ ဘေးတစ်ဘက်တစ်ချက် အကျယ်ဆယ်ပေကျော်ကျော်မျှရှိကာ ကိုက်နှစ် ရာခန့်ရှည်လျားလျက် အဆုံးတွင် ကြီးမားသော လျှိုကြီးတစ်ခုနဲ့ သွားဆက်နေသည်။

ကျွန်တော်က ခြောက်ပေမျှသာ အနက်ရှိသော လျှိုတွင်းသို့ ကိုယ်ကိုထိန်း၍ ဆင်းလိုက်သည်။ လျှို၏ တစ်ဘက်တစ်ချက် နံရံတွင် ကျောက်ကပ်ပင်များနှင့်ခြုံနွယ်ပင်များ ကပ်၍ ပေါက်နေသည့် လျှို၏ အောက်ခြေတွင်မူ ရေစီးရာမှ တင်ကျန်ရစ်ခဲ့သော သဲများ ထူထပ်စွာ ရှိနေသည်။

ကျွန်တော်သည် သေနတ်ကို အသင့်ကိုင်၍ လျှိုအတိုင်း တစ်လှမ်းချင်း လိုက်လာခဲ့၏။

ငှက်ငနွားအုပ်မှာ လျှိုကြီး၏ အတွင်းဆီမှ အော်မြည်နေသောကြောင့် အခြားတစ်ကောင်ကောင်အား မပစ်ခတ်ရလျှင် ငှက်ငနွားကိုသာ အပိုင်ပစ်ခတ်ရမည်ကို ကျွန်တော် တွေးမိသည်။

ဒရယ်နှင့် ဆတ်များသည် လျှိုအတွင်း၌ ပုန်းအောင်း၍ တစ်ဖျောက်ဖျောက် စားသောက်နေလေ့ ရှိတက်သောကြောင့် ကျွန်တော်က အစိမ်းရောင်ထဲမှ ကွဲပြား၍ ထွက်လာမည့် အခြားတစ်ရောင်ရောင်ကို မုဆိုးမျက်လုံးဖြင့် စူးစမ်းရင်း လိုက်ခဲ့လေရာ ကိုက်တစ်ရာခန့်မျှ လျှောက်မိသောအခါ သွေးကြောများ ရုတ်တရက် တန့်သွားသော မြင်ကွင်းတစ်ရပ်နဲ့ ရင်ဆိုင်တိုးရတော့၏။

ထိုမြင်ကွင်းမှာကား ကျွန်တော့်ရှေ့ ပေနှစ်ဆယ်အကွာရှိ ချုံငယ်တစ်ခုဘေး သဲပြင်ပေါ်၌ အိပ် စက်နေဟန်ရှိသော ကျားသစ်ကြီးတစ်ကောင်၏ မြင်ကွင်းပင်တည်း။

ရုတ်ချည်းပင် သေနတ်ကို မ၍ ထိုးချိန်လိုက်၏။ ထိုအချိန်ထိ ကျားသစ်သည် လှုပ်ရှားမှု မရှိပေ။ ကျွန် တော်က သေနတ်မောင်းကို ဖြုတ်အံ့ဆဲဆဲ အချိန်တွင် ကျားသစ်၏ သဘာဝ အနေအထား ပျက်ယွင်း နေမှုတစ်ခုကို ဖြတ်ကနဲ သွားတွေ့လိုက်၏။

ကျားသစ်၏ ဦးခေါင်းမှာ လန်နေသည်။ ရှေ့ လက်တစ်ဖက်မှာ လေထဲတွင် မြောက်လျက် ကွေး ကောက်နေပါ၏။

“ကျားသစ်သေ” ဟူသော အသိက ရုတ်ချည်းသိလိုက်သည်။ သေနတ်ကို ပြန်ချ၍ ရှေ့သို့ အနည်းငယ် တိုးလိုက်သောအခါ အပုပ်နံ့က နှာခေါင်းတွင်းသို့ တိုးဝင်လာ၏။ ကျွန်တော်၏ လှုပ်ရှားမှုကြောင့် ယင်မမဲရိုင်းတစ်အုပ် ဝေါကနဲ ထပျံသွား၏။

ကျားသစ်မှာ အခြားတစ်ကောင်ကောင်၏ တိုက်ခိုက်သတ်ဖြတ်ထားဟန်ရှိ၏။ နောက်ခြေတဖက်မှာမူ သတ္တဝါတစ်ကောင်က ကိုက်ဖြတ်စားသောက်ထားသဖြင့် တုံးတိတိ ဖြစ်နေသည်ကို တွေ့ရ၏။

ကျွန်တော်က ကျားသစ်သေ၏ အနီးပတ်ဝန်းကျင်ကို လှည့်ပတ်စူးစမ်းလိုက်၏။ ကျွန်တော်၏ မျက်လုံးများက ကျားသစ်သေနှင့် တည့်တည့် တစ်ဘက်ဘေးလျှိုစောင်းတွင်ရှိသော တစ်စုံတစ်ခုပေါ်သို့ ကျရောက်သွား၏။

ဦးခေါင်းရိုး၊ အရေခွံနှင့် နံရိုးအနည်းငယ်သာ ကျန် တော့သော ဒရယ်သေတစ်ကောင်ပင် ဖြစ်လေသည်။

အသေကောင်များမှာ နှစ်ရက်ခန့်ရှိပြီဖြစ်၍ အပုပ်နံ့ပြင်းထန်စ စပြုလျက်ရှိလေပြီ။ အသက်အောင့်ဖန်များ၍ ဦးခေါင်းများ မူးဝေစပြုလာပြီဖြစ်သော ကျွန်တော်သည် ထိုနေရာတွင် ကြာကြာမနေနိုင်တော့ပဲ ရှေ့ဆက်တက်ခဲ့သည်။

ခြေလှမ်း နှစ်ဆယ်မျှခန့် လျှောက်မိလျှင် အရွက်နီနီနှင့် အပင်တစ်ပင် လျှိုပေါ်သို့ ကန့်လန့် ဖြတ်လဲကျနေသည်ကို တွေ့ရသည်။ အနီးရောက်သောအခါ ထိုအပင်ကြီးမှာ အင်ကြင်းနီပင်ကြီး ဖြစ်နေလျက် နဂိုက ကျဉ်းမြောင်းလှသော လျှိုလမ်းကို လုံးဝ ပိတ်ဆို့ထားသကဲ့သို့ ရှိနေပါ၏။

သစ်ခက်များကြားမှ ကျော်ဖြတ်သွားလျှင်မူ တစ်ဘက်သို့ ရောက်နိုင်ပေမည်။ ထို့ကြောင့် ကျွန်တော်သည် သစ်ကိုင်းများကို ကျော်တက်၍ လေးလှမ်းသို့ မလှမ်းနိုင်မီ ကျွန်တော့်ခြေထောက်များ တုန့်ကနဲ ရပ်ဆိုင်းသွား၏။

ကျွန်တော့်မျက်လုံးအစုံကား အင်ကြင်းကိုင်းနှင့် အရွက်များကြားမှ တစ်ပိုင်းတစ်စ ပေါ်နေသော မည်းနက် သည့် သတ္တဝါတစ်ကောင်ပေါ်သို့ သတ္တဝါကောင်နှင့် ကျွန်တော်၏ အကွာအဝေးမှာ အလွန်တရာ နီးကပ်လျက်ရှိ၏။ အများဆုံးရှိပါမှ တစ်လံမျှသာ ကွာပေ မည်။

ဤကဲ့သို့ နီးကပ်စွာ မကြုံစဖူး၍ တစ်ကိုယ်လုံး ထူပူသွားကာ မည်သို့ပြုရမည်မသိ ဖြစ်သွား၏။

ကျွန်တော်သည် စက္ကန့်အနည်းငယ်မျှ အကြောများတုန့်ဆိုင်းတောင့်တင်းသွားသည်။ သို့သော် ကြာသည်တော့ မဟုတ်ပေ။ ပျံ့လွင့်သွားသော စိတ်အစဉ်ကို ပြန်ထိန်းသိမ်းနိုင်သောအခါ သတ္တဝါ၏ ထူးခြားသော လက္ခဏာကို ဖြတ်ကနဲ သတိထားလိုက်မိသည်။

ထိုထူးခြားမှုကို အခြေပြု၍ ကျွန်တော်က သေနတ်ကို ချိန်မိသည်အထိ အခွင့်အရေး ယူလိုက်၏။ သို့သော် သတ္တဝါကောင်က မထူးခြား။ ထို့အတွက် ကျွန်တော်က သေနတ်ကို တည့်မတ်စွာ ချိန်၍ ကိုယ်ကို အနည်းငယ် ငဲ့ကြည့်လိုက်၏။

ထိုအခါမှ သတ္တဝါ၏ အဖြစ်မှန်ကို တွေ့သိလိုက်ရလေသည်။ သတ္တဝါကား သေဆုံးနေပြီဖြစ်လေသော တောဝက်ကြီးတစ်ကောင်ပါတည်း။

တောဝက်ကြီးမှာ ကျားသစ်သေကဲ့သို့ ပုပ်သိုးခြင်းမရှိသေးသောကြောင့် မကြာသေးမီကမှ သေဆုံးကြောင်း ခန့်မှန်းရသည်။ တောဝက်ကြီး၏ တစ်ကိုယ်လုံးမှာ ဒဏ်ရာဒဏ်ချက်များနဲ့ ပြည့်နေ၏။

ဓားနှင့်ခွဲထားသကဲ့သို့ ဟက်တက်ကွဲနေသော လက်သည်းရာကြီးများနှင့် ကြီးမားစူးနစ်သော အစွယ်ရာကြီးများကို တွေ့ရသည်။

ဝက်ကြီး၏ ကော့ပျံနေသော သုံးမြောင့်စွယ်ကြီးနှစ်ဘက်တွင်မူ နီညိုရောင်ခြောက်သွေ့နေသော သွေး စွန်းများကို တွေ့ရခြင်းအားဖြင့် ရန်သူအား ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြောင်း ထင်ရှားလျက်ရှိပါလေ သည်။

ကျွန်တော်သည် တောဝက်သေကြီးကိုကြည့်ရင်း သတ္တဝါသုံးကောင် သေရခြင်းမှာ ကျားတစ်ကောင်၏ လက်ချက်ဖြစ်ကြောင်း ချက်ချင်းသဘောပေါက်မိ၏။ သဘောပေါက်မိသည်နှင့် တပြိုင်နက် ကျွန်တော်က မလုံမလဲ ဖြစ်လာရသည်။

တောကောင်ကြီးသည် သူ့အစာအား အနီးအပါးမှ စောင့်ကြည့်နေပေလိမ့်မည်။

စောစောပိုင်းက တဘူးဘူးအော်မြည်လျက်ရှိသော ငှက်ငနွားအုပ်ကြီးသည်ပင် ဘယ်ဆီသို့ ပျံသွားသည်မသိတော့။ တိတ်ဆိတ်နေမိ၏။

ချက်ချင်းပင် ကျွန်တော်သည် လျှိုအတွင်းမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်၏။ သေနတ်ကို ဂရုတစိုက်ကိုင်၍ လျှိုပေါ်သို့တက်ခဲ့၏။

ကျွန်တော်က သားရဲတွင်းအနီးမှ ခွာနိုင်သမျှ ခွာရန်သာ စိတ်စောနေ၏။ ထို့ကြောင့် လျှိုစောင်းပေါ်သို့ရောက်သည်နှင့် တပြိုင်နက် ကျွန်းပင်များရှိရာသို့ ဦးတည်ပြီး လျှောက်လိုက်၏။ ခြေလှမ်းများကား ကျွန်တော်၏ တစ်သက်တာတွင် မယုံကြည်နိုင်သော အဖြစ်အပျက်များဆီသို့ ဦးတည်ခဲ့ကြောင်း နောက်မှသိရလေသည်။

ကျွန်တော့်စိတ်အစဉ်တွင် အန္တရာယ်နဲ့ ဝေးကွာလိုသော ဆန္ဒက ကြီးစိုးနေသဖြင့် ကျွန်တော့်၏ မျက်စိတို့မှာ ဝေသီနေသည်လား မပြောတတ်။

စိတ်အမှတ်တွင် မပြတ်မသား ဖြစ်နေသည့်ကြားက ကျွန်တော်က ခြေလှမ်းကို မပြေးရုံတမယ် လှမ်းသည်။ လေးငါးဆယ်လှမ်းမျှ လှမ်းမိ၍ ကျွန်းပင်ပျိုများနှင့် ငါးကိုက်အကွာသို့ရောက်လျှင် ကျွန်တော့် တစ်သက်တာတွင် အထိတ်လန့်ဆုံး အဖြစ်အပျက်တစ်ခု နဲ့ ရင်ဆိုင်တွေ့ရလေတာ့၏။

ကျွန်းပင်ပေါက်များအနီးသို့ ကျွန်တော် ရောက်သည်နှင့်တပြိုင်နက် တောစပ်သို့ မြေတုန်ခမန်း ဝေါကနဲ အသံကြီးနှင့်အတူ လွှားကနဲ ခုန်ထွက်လာသော တောကောင်ကြီး တစ်ကောင်ကို ရိပ်ကနဲ တွေ့လိုက်ရ လေသည်။

ကျွန်တော်သည် လိပ်ပြာလန့်ခမန်း တုန်လှုပ်သွားလေ၏။ ကြောက်အားလန့်အားဖြင့် လက်မှ ကျည်ဆံလဲရန် ဆုပ်ကိုင်ထားသော ကျည်ဆံနှစ်တောင့်မှာ မြေပေါ်သို့ လွတ်ကျသွား၏။

ကျားကြီးမှာ ကျွန်တော်နှင့် ဆယ့်ငါးပေအကွာလောက်တွင် ဦးခေါင်းကို ငုံ့လျှိုး၍ တစ်ဟဲဟဲ မာန်ဖီနေတော့သည်။

အတွေ့အကြုံ ရှိပြီးဖြစ်လေသောကြောင့် ကစဥ့်ကရဲ မဖြစ်လေသော်လည်း ကျွန်တော့်အဖို့ အခြေအနေမှာအလွန်ဆိုးဝါးနေကြောင်း ရိပ်စားမိသည်။ မည်သည့်နည်းနဲ့မျှ လက်နက်မဲ့သကဲ့သို့ ဖြစ်နေလေသော ကျွန်တော်သည် အသက်ရှင်လျက် စခန်းသို့ ပြန်နိုင်လိမ့်မည် မဟုတ်တော့ပေ။

တောကောင်ကြီးက မြေကြီးနှင့် ဦးခေါင်းကပ် တဟဲဟဲမာန် ဖီနေရာမှ ဦးခေါင်းကို ပြန်ကြွ၏။ နောက် နားရွက်များကို နောက်ပြန်လျက် ကြီးမားသော အစွယ်ကြီးများကို ဖွင့်၍ ရှေ့လက်နှစ်ဘက်ကို လေထဲတွင် မြောက်ကာ ရုတ်တရက် ကုပ်ခြစ်ပုတ်ခတ်ဟန် လုပ်လိုက်သည်။

ကျွန်တော်က သတိကို မြဲနိုင်သမျှ မြဲအောင် ထိန်းထား၏။ ကျွန်တော် လှုပ်ရန် ဟန်ပြင်သည်နှင့် တပြိုင်နက် တောကောင်ကြီးက ခုန်အုပ်ပေလိမ့်မည်။

တောကောင်ကြီးသည် အပိုင်မိထားလေသော တောကောင်တစ်ကောင်ကို ဆော့ကစားနေသကဲ့သို့ ကျွန်တော့် ရှေ့တွင် အသည်းယားဖွယ် လှုပ်ရှားနေ၏။

ဦးခေါင်းကြီးကို ဘယ်ညာယိမ်းနွဲ့၍ ဘေးတစ်ဘက်တစ်ချက်သို့ ဖြတ်ကနဲ ဖြတ်ကနဲ ခုန်နေသည်။

ဦးခေါင်းကို မြေပြင်နှင့်ကပ်၍ နောက်ခြေများကို ကွေးညွှတ်အားယူကာ တစ်ရှိန်ထိုး ခုန်အုပ်တော့မည်ကဲ့သို့ ဆတ်ကနဲ ထသည်။

ကျွန်တော်သည် ထိုအခါမျိုးတွင် တောကောင်ကြီး၏ အမြီးကိုသာ အာရုံစိုက်မိ၏။ ကျားတို့မည်သည် နောက်ခြေကို ညွှတ်၍ အားယူဟန်ပြုနေလျှင် အမြီး ဆတ်ကနဲ မလှုပ်မချင်း ခုန်အုပ်လေ့မရှိ သည်ကို ကျွန်တော်က သိထားပြီး ဖြစ်ပါ၏။

ဒီအတိုင်းသာ ပုတ်ပုတ်ခံ နေရလျှင် တစ်ချီချီ၌ အအုပ်ခံရပေတော့မည်။ ထို့ကြောင့်လည်း ကျွန်တော်က စိတ်ကို အလုပ်ပေး၍ လွတ်မြောက်ရေးလမ်းစအား အပြင်းအထန် ရှာရတော့သည်။

ခါးပတ်အတွင်းမှ ယမ်းတောင့်ကို ထုတ်ယူ၍ သေနတ်အတွင်းသို့ ထည့်ကာ ပစ်ခတ်ရမည်မှာလည်း မည်သည့်နည်းနှင့်မျှ မဖြစ်။ ထိုလှုပ်ရှားမှုကို တောကောင်ကြီးသည် စောင့်ကြည့်နေမည် မဟုတ်ပေ။

ထွက်ပြေးရန်ဆိုသည်မှာလည်း မဖြစ်နိုင်။ ကျွန်တော် လှည့်လိုက်သည်နှင့် တပြိုင်နက် ခုန်အုပ်ပြီး ဖြစ်ပေလိမ့်မည်။ အကောင်းဆုံးမှာ တောကောင်ကြီး ခုန်ပေါက်လှုပ်ရှားနေခိုက် အခွင့်ကောင်းယူကာ တစ်လက်မပြီး တစ်လက် နောက်ဆုတ်လျက် တောစပ်သို့ ကပ်ရန်ပင်ဖြစ်၏။

ကျွန်တော်က ထိုအကြံအတိုင်း ဆောင်ရွက်ရန် ဆုံးဖြတ်မိလိုက်ပြီး မသိမသာ နောက်ဘက်သို့ ဆုတ်ခွာစ ပြုလိုက်၏။

ထိုအခိုက် ကျွန်တော့်အဖို့ ပို၍ တုန်လှုပ်ဖွယ်ရာကောင်းသော မြင်ကွင်းတရပ်ကို ကျွန်တော်၏ လက်ယာဘက် မျက်စိထောင့်စွန်းမှ ရိပ်ကနဲ တွေ့ လာရ၏။ ထိုမြင်ကွင်းကား ကျွန်တော်၏ လက်ယာဘက် တောစပ်မှ ကျားတစ်ကောင် ထွက်လာခြင်းပင်တည်း။

ကျားမသည် ကျားထီးကြီးနှင့် ကျွန်တော်တို့ ရန်ပွဲရှိရာသို့ ဝင်ရောက်မလာပဲ ကွင်းပြင်စပ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကျားထီး၏ လှုပ်ရှားမှုများကို ကြည့်နေလေသည်။ ကျားမရောက်လာပြီမှန်း သိသည်နှင့်တပြိုင်နက် တတ်အပ်သော ပညာစုံကို အစွမ်းကုန် ပြနေတော့၏။

ထိုအခါမှသာ ကျွန်တော်သည် ကျားတို့၏ မိတ်ချိန်မှန်း သတိရတော့သည်။ မိတ်ချိန်ဆိုလျှင် ကျားထီးသည် တွေ့ရှိသမျှ တောကောင်၊ သားကောင်များကို သတ်ဖြတ်ကာ ကျားမအနားတွင် ချ၍ အစွမ်းပြ လူပျိုလှည့်လေ့ရှိသည်။ သတ်ဖြတ်ခံရသော သတ္တဝါသုံးကောင်မှာလည်း ကျားထီး၏ အစွမ်းပြမှုပင် ဖြစ်လိမ့်မည်ဟု ကျွန်တော် တွေးမိ၏။

ယခုဆိုလျှင် တောသတ္တဝါသုံးကောင်၏ နောက်သို့ ကျွန်တော် လိုက်ရပေတော့မည်။

ကျားမမှာ ကျွန်တော်နှင့် ကျားထီး ရင်ဆိုင်ပွဲကို ထူးဆန်းလှသော မျက်နှာတစ်မျိုးဖြင့် ကြည့်ရှုနေ၏။ ကျွန်တော်သည် လှုပ်ရှားအစွမ်းပြနေသော ကျားထီးရှေ့မှ မသိမသာ ဆုတ်ခဲ့ရာ နောက်ဆုံး တစ်စုံတစ်ခုက ကျွန်တော့်ကျောသို့ လာထောက်နေသည်ကို သိရှိ လိုက်ရ၏။ ကျွန်တော်ကား တောစပ်သို့ ရောက်လျက်ရှိလေပြီ။

ထိုအခြေအနေကို ကျားထီးသည် ရိပ်မိသွားသည့်ဟန်ဖြင့် ကျွန်တော့်အား ခုန်အုပ်ကိုက်ချီ၍ ကွင်းလယ် သို့ ပြန်လည်ဆွဲသွင်းရန် အရိပ်အယောင်များပေါ်လာ၏။ ဒီတစ်ချီတော့ သွားပေပြီဟူသော အသိက ကျွန်တော့်အား လှိုက်ဖိုစွာ စိုးမိုးလာတော့၏။

သို့သော် လူတို့၏ ကံကြမ္မာမှာ အလွန်ဆန်းကြယ်ကြောင်း မမျှော်လင့်သော အဖြစ်တစ်ခုနှင့် သိလိုက်ရ၏။

တောကောင်ကြီးသည် ကျွန်တော့်ရှေ့ ဆယ့်ငါးပေအကွာမှ ခုန်အုပ်ရန် ပြင်ဆင်လိုက်သည်နှင့် တပြိုင်နက် တစ်တောလုံး၊ တစ်တောင်လုံး ရုတ်တရက်ဆူညံသွားကာ တဝေါဝေါ တိုက်ခတ်လာသော လေပြင်းကြီးနှင့်အတူ စောစောက အုံဖွဲ့တက်ရောက်နေသော တိမ်စိုင်တိမ်လိပ်တို့မှ မိုးပေါက်များ တဖြောင်းဖြောင်း ရွာချလေတော့၏။

ရုတ်ချည်း ဖြစ်ပေါ်လာခဲ့သော အခြေအနေကြောင့် တောကောင်ကြီးသည် ခုန်အုပ်ရန် ပြင်ဆင်နေရာမှ ကိုယ်ရှိန်သတ်လိုက်စဉ် ဝေါကနဲ၊ ဒိုင်းကနဲ အလွန်ပင် ပြင်းထန်စွာ ပစ်ခတ်လိုက်သော မိုးကြိုးသံကြီးကို ကြားလိုက်ရ၍ စွေ့ကနဲ အနောက်ဘက်သို့ ခုန် ထွက်သွားလေတော့၏။

မိုးသည် ပြာမှုံသွားသည်အထိ တစ်အုန်းအုန်း ရွာချလိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး ပိန်းပိတ်သွားလေတော့သည်။ ကျွန်တော်သည် သဘာဝ အကူအညီအဖြစ် ရရှိလိုက်သော အခွင့်အရေးအား လက်လွတ်မခံပဲ ထိုနေရာမှ ခြေကုန်သုတ်၍ ဆုတ်ခွာခဲ့ပါတော့သတည်း။

                              – ပြီး –

စာရေးသူ       –  အောင်ခင်စိုး