အကြွေစောခဲ့‌သောမိအေး

အကြွေစောခဲ့‌သောမိအေး(စ/ဆုံး)

——————————-

ကိုတင်အေးသည် “ဖြစ်မှဖြစ်ရလေမိအေးရယ်”ဟု စိတ်ရှိလက်ရှိအော်ဟစ်ကာ ငိုသံကြီးဖြင့် ရင်ကို ထုလေသည်။ ကိုတင်အေးအသံကြောင့် အိမ်နီးချင်းများပါ ထိတ်လန့်ချောက်ချားသွားကြပြီး အိမ်တံခါးပေါက်များမှ ခေါင်းပြူထွက်လာကြသည်။ မိအေးတစ်ယောက် ကလေးမွေးရင်း ဆုံးပါးသွားလေပြီတဲ့……

မိခင်ရော ကလေးပါ ဆုံးရှုံးရသဖြင့် ကိုတင်အေး ခမျာ နောင်တများစွာဖြင့် အော်ဟစ်ငိုကြွေးနေသည်။ မိအေးမွေးဖို့ ကိုတင်အေး၏ မိခင်ကြီးနှင့်လည်း တိုင်ပင်ခဲ့ဖူးသည်။ လက်သည်နှင့်‌ မွေးပါဆို၍ အလေးမထားမိခဲ့သလို ဗိုက်အပ်ရကောင်းမှန်းလည်း မသိခဲ့ပေ။ ကျေးလက်ဆေးခန်းကိုပင် အချိန်မီ မပို့ဆောင် နိုင်ခဲ့သဖြင့် ယခုလို အဖြစ်ဆိုးမျိုးနှင့် ကြုံခဲ့ရလေသည်။

ကိုတင်အေးသည် မိအေးအလောင်းကိုကြည့်လိုက်၊ လက်သီးဖြင့် ဘေးကခုန်ကို အားရပါးရရိုက်လိုက်ဖြင့် ရင်ထုမနာဖြစ်ကာ အော်ဟစ်ငိုကြွေးလျက်ရှိသည်ကို ဘေးအိမ်မှ အိမ်နီးချင်းဖြစ်သူ မသောင်းရင်မှ ဝမ်းနည်းစွာဖြင့် ငေးကြည့်နေသည်။ ထိုသို့ အသည်း အသန်ငိုကြွေးနေသည်ကိုမြင်ရသဖြင့် ပိုလို့ပင် စိတ်မကောင်းဖြစ်ရသည်။ မသောင်းရင် တစ်ယောက် မိအေးကို မျက်လုံးထဲ ပြန်မြင်ယောင်လာမိသည်။

မသောင်းရင်၏အမေ ဖြစ်သူက သူနာပြုလုပ်ဖူးသူမို့ မိအေးကို ပြောပြဖူးသည်။ ဗိုက်အပ်တာက စောစော အပ်နိုင်လျှင် ပိုမိုအကျိုးရှိမည့်အကြာင်း၊ မေးခိုင်ကာကွယ်ဆေးအပါအဝင် ကာကွယ်ဆေး များကို မမွေးခင် အချိန်မီထိုးရမည့်အကြောင်း၊ မိခင်တွင် ရောဂါအခံရှိ/မရှိနှင့် အသက်ကြီးကာမှ ပထမဆုံးရသည့် ကိုယ်ဝန်ဆိုလျှင် အန္တရာယ်ရှိသဖြင့် ကိုယ်ဝန်ကိုစမ်းသပ်ပြီး ဆေးရုံမှာမွေးသင့်သည့် အကြောင်းတို့ကို မိအေးကို သိသမျှ ပြောပြဖူးသည်။

ထိုမျှသာမက အာထရာဆောင်းကိုစောနိုင်သမျှစောစောရိုက်ကြည့်သင့်ကြောင်း၊ ထိုမှကလေးအနေအထားမှန်မမှန်၊ အချင်းနေရာမှန်မမှန် သိနိုင်ကြောင်းပြောပြရှာသည်။ “ဗိုက်ကြီးတုန်းဓာတ်မှန်ရိုက်တာလား” ဟုပြန်မေးတတ်သည်။ ဓာတ်မှန်ကက‌လေးကို ထိခိုက်နိုင်‌ကြောင်း၊ အာထရာဆောင်းက အသံလှိုင်းဖြစ်သဖြင့် မထိခိုက်နိုင်ကြောင်းပြန်ရှင်းပြရသေးသည်။ ဆယ်တန်းပင် မအောင်သော မိအေးတစ်ယောက်ကတော့ မျက်လုံးလေးပေကလပ် ပေကလပ်ဖြင့် နားထောင်ခဲ့ဖူးရှာပါသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်ဝန်ဆိပ်တက်ခြင်း၊ သွေးတိုးခြင်း၊ ဆီးထဲတွင် အသားဓာတ်ပါ/မပါတို့ကိုစစ်ရန် ပြောသော်လည်း မိအေးယောင်္ကျား ကိုတင်အေး အပါအဝင် ယောက္ခမဖြစ်သူများကပါ အချိန်တန်လျှင် သူလိုကိုယ်လို မွေးနိုင်မည်အထင်ဖြင့် ဂရုစိုက်ပုံမရခဲ့ကြ။ ဗိုက်အပ်ရကောင်းမှန်းမသိအောင်ပင်ဗဟုသုတနည်းခဲ့ကြသည်ထင်ပါသည်။

မသောင်းရင်တစ်ယောက် မိအေး၏အလောင်းကို စိတ်မကောင်းစွာဖြင့် ကြည့်မိ သည်။ အသက်ပျောက်သွားသော ခန္ဓာကိုယ်က မယုံနိုင်ချင်စရာ။ ဗိုက်ကြီးက ပိုမို ဖောင်းကားနေပြီး ခြေထောက်များပါ ဖောရောင်နေပုံကိုထောက်၍ ကိုယ်ဝန်ဆိပ်တက် သွားသည်ဟု ထင်မိသည်။ မချိမဆံ့နာကျင်သောဝေဒနာတို့ကို ခံစားခဲ့ရဟန်ရှိသည်။ မသေသင့်ဘဲ သေသွားခဲ့ရှာသော မိအေး၏ရုပ်အလောင်းကို ကြည့်ရင်း စိတ်မကောင်း ဖြစ်ရသည်။

ဝမ်းဆွဲသည်အပြောကတော့ ကလေးက လမစေ့သေးဘဲ အချင်းအရင်ကျခဲ့သည်တဲ့။ ပုံမှန်ဆို ကလေးမွေးပြီးမှ အချင်းကျရသည် မဟုတ်လား။ Abruptio Placenta ဟုခေါ်သည့် အချင်းအရင်ကျသဖြင့် ကလေးကို ဆုံးရှုံးပြီးမှ မိခင်မှာလည်း သွေးထွက် မတိတ်ဖြစ်ကာ ထိုသို့အဖြစ်ဆိုး ကြုံခဲ့ရပုံရသည်။ ယခုကဲ့သို့ အချင်းအရင်ကျသည့် အခြေအနေမျိုးတွင် သွေးမတိတ်လျှင် သားအိမ်အရင်ထုတ်ပြီး မိခင်၏အသက်ကို ကယ်ရ မည်ဟု မိခင်က ပြောခဲ့ဖူးသည်ကို သတိရမိသည်။ သားအိမ်ထုတ်ရန်အတွက် ဆေးရုံမှာ မွေးသည်လည်းမဟုတ်တော့ နောက်ကျခဲ့လေပြီ။ လမ်းပန်းဆက်သွယ်ရေးလည်းမကောင်းသောနေရာဖြစ်နေသည်။

မသောင်းရင်၏အတွေးများက အတိတ်ဆီသို့ လျောက်လှမ်းနေမိသည်။ မိအေးဆီ မှ ဆေးလိပ်နံ တခါတလေရသဖြင့် စိတ်တိုတိုနှင့်‌ အော်‌‌ငေါက်ခဲ့ဖူးသည်။ ထိုသို့အော်မိ တော့ “ဖွာနေကြမို့ တစ်ဖွာနှစ်ဖွာလောက် ဖွာမိတာပါ” တဲ့လေ။ ဆေးလိပ်သောက်ခြင်း ကြောင့် ပေါင်မပြည့်လမစေ့ စောမွေးပြီး အချင်းအရင်ကျတတ်တယ်လို့ ပြောခဲ့ဖူးသည်။ ယခုတော့ ဖြူဖတ် ဖြူရော်ဖြစ်နေသော မိအေး၏ အလောင်းကိုသာ မြင်နေရတော့သည်။

တဲထရံတွင် မှီထားသော မိအေး၏ထန်းခေါက်ဖာလေးကို မျက်လုံးအစုံက ရောက်သွားရာ ကလေး ပစ္စည်းများ ထည့်ထားသည်ကို မြင်ရသဖြင့် မသောင်းရင်လည်း မဖြေဆည်နိုင်တော့ဘဲ မျက်ရည်တောက်တောက်ကျလာသည်။ ထိုအချိန် တဲအတွင်းသို့ ဆံပင်ဖိုးရိုးဖားယားဖြင့် အမျိုးသမီးကြီးတစ်ယောက် ပြေးတက်လာပြီး မိအေး၏မိခင်ဟုဆိုကာ အော်ဟစ်ငိုကြွေးနေ‌တော့သည်။

မိအေးအလောင်းအနီး တွင် ယောင်္ကျားဖြစ်သူနှင့် မိခင်ဖြစ်သူတို့ အပြိုင်အော်ဟစ်ငိုယိုနေကြသည်။ ဗိုက်တော့ မအပ်ခဲ့ကြ။ ဗိုက်မအပ်သည်ကလည်း တစ်နေ့စာပင်တစ်နေ့ အနိုင်နိုင် ရှာစားနေကြရသူမို့တဲ့။ ရှိခဲ့စဉ်က မပြုစုနိုင်ခဲ့ဘဲ သေမှ အားကုန် အော်ဟစ်ငိုကြွေးနေကြသည်။ မသောင်းရင် နည်းတူ ရပ်ကွက်ထဲရှိ အိမ်နီးချင်းများလည်း ဆူဆူညံညံအသံများကြောင့် ထိတ်လန့် တကြားဖြစ်ကာ ရောက်လာကြသည်။ မိအေးအမေသည် အားရပါးရငိုပြီးမှ အငိုရပ်ကာ ရင်ထဲတွင် မမျိုသိပ်နိုင်၊ မဖုံးဖိနိုင်သော ရင်ဖွင့်စကားများကို မသောင်းရင်ဘက်သို့လှည့်ကာ ငိုမဲ့မဲ့ဖြင့် ‌ပြောရှာတော့သည်။
ကိုတင်အေးမှာလည်း အပြစ်ရှိသူတစ်ယောက်ကဲ့သို့ ခေါင်း ကို ငိုက်စိုက်ချထားသည်။

မိအေးမိခင်လည်း ကြိတ်မနိုင်ခဲမရ မျက်နှာဖြင့် “ကျုပ်ယောင်္ကျားကလည်း အရက်သောက်လို့ စောစောသေ၊ ကျုပ်သမီးကျောင်းဆက်ထားဖို့ ပိုက်ဆံမရှိလို့ စျေးရောင်း လိုက်၊ တစ်အိမ်တက်ဆင်းအိမ်အလုပ်တွေ ကူလုပ်ပေးလိုက်၊ အဝတ်လျှော်လိုက်နဲ့ အလုပ်ရှုပ်နေချိန်မှာ ဒီကောင်မက လင်နောက်လိုက်တော့တာပဲ။ လင်ကိုကျ အသေ ကြောက်ရပါ့။ ကျုပ်က တင်အေးကို မကြိုက်လို့ အဆက်အသွယ်မလုပ်နဲ့ဆိုတော့ ကျုပ်ကို ပါအဆက်အသွယ်ဖြတ်သွားသေးတာ။ နောက်ဆုံးတော့ ကျုပ်ပဲ ကျန်ရစ်ခဲ့တယ်။ ကျုပ်ကိုပဲ ထားသွားကြတယ်။ မိအေးတစ်ယောက် သူ့လင်နဲ့ အဆင်ပြေနေပြီထင်နေတာ။ ကလေး တွေက ကျောင်းမတက်ရတော့ ကြုံရာကျပန်း အလုပ်လုပ်ဖို့ထက် အိမ်ထောင်စောစောပြု လင်ယူဖို့လောက်ပဲသိတယ်။ ဒီလို နုံချာချာ နေရာတောင် ငှားစရိတ်တို့၊ စားစရိတ်တို့ အတွက် ဘယ်လိုရုန်းကန်ရတယ်ဆိုတာကို မသိကြဘူး။ တရားခံက ဒင်း။ တင်အေး ကြောင့်” ဟု လက်ညှိုးငေါက်ငေါက်ထိုးကာ ရန်တွေ့ လေသည်။ ကိုတင်အေးလည်း “ခင်ဗျားကြီးတော်တော့” ဟုဆိုကာ ဆတ်ခနဲထပြီး တဲအပြင်ဘက်သို့ ထွက်သွားသည်။

မသောင်းရင်တစ်ယောက်ကတော့ မိ‌အေးအမေ ပြောသမျှကို ခေါင်းတညိတ်ညိတ် ဖြင့် နား‌ထောင်နေသည်။ တင်အေးကိုယ်တိုင်ကလည်း မိအေးကို အရက်မူးပြီး ရိုက်နှက်သည့် အကြိမ်များလည်း ရှိသည်။ မိအေးအမေနှင့် ပြန်မဆက်သွယ်စေလို၍ ရိုက်နှက်ခဲ့သည်ဟု မိအေးက ရင်ဖွင့်ခဲ့ဖူးသည်။ အိမ်တွင်းအကြမ်းဖက်မှုဟု တိုင်ရအောင်ကလည်း ကာယကံရှင် မိအေးကိုယ်တိုင်က မတိုင်လို။ “ချစ်လို့ ရိုက်တာပဲ။ အမေနဲ့ဆက်သွယ်ရင် သူ့ကိုထားခဲ့မှာစိုးလို့” ဟုပင် ကိုတင်အေးဘက်က ပြောရှာသော မိအေး။ မိအေးကိုဘဲ အပြစ်တင်ရမလား။ သူ့ယောင်္ကျား ကိုတင်အေးကိုဘဲ အပြစ်တင်ရမလား ဆိုသည်ကို မဝေခွဲနိုင်ပါ။

ပညာရေးဆုံးခန်းတိုင်အောင် မသင်ခဲ့သည့်အတွက် ကျန်းမာရေးဗဟုသုတ အားနည်းခဲ့ကြသည်ဟု မသောင်းရင်တစ်ယောက် ကောက်ချက်ချမိသည်။ စားဖို့သောက် ဖို့ကိုပင် အနိုင်နိုင်ရုန်းကန်နေကြရသောကြောင့် ဗိုက်အပ်ဖို့ပင် မစဉ်းစားနိုင်ခဲ့ကြသလို အစိုးရဆေးရုံတွင် မွေးဖို့ပင်မသိခဲ့ကြ၊ ထိုသို့ အပ်ရကောင်းမှန်းလည်း မသိနိုင်အောင် ဗဟုသုတ အားနည်းခဲ့ကြသည်။ သွေးဆုတ်နေပြီဖြစ်သော မိအေး၏ရုပ်အ‌လောင်းကို စိတ်မကောင်းစွာဖြင့် ငေးကြည့်ရင်း လောက၌ မကြွေသင့်ဘဲ ပန်းကလေးတစ်ပွင့် ကြွေခဲ့ရပြန်လေပြီ။ ။
ညိုယမင်း