အချိန်မီပါတယ်မိကေသွယ်

အချိန်မီပါတယ်မိကေသွယ်(စ/ဆုံး)

————————————-

“မမ.ဘုရားခန်းထဲဝင်လို့ရပါပြီ”

“အေး..အေး၊ ပုစွန်ထုပ်ချက်မယ်နော်၊ရေခဲသေတ္တာထဲက ထုတ်ထားလိုက်”

“ဟုတ်ကဲ့ပါမမ”

လှစိန်ထွက်သွားတော့ မှန်ထဲက အလှပြင်ထားတဲ့ ကိုယ့်မျက်နှာလေး ကြည့်ပြီး တော်တော်လှတဲ့ငါပါလားတွေးရင်း ပြုံးလိုက်မိတယ်။

မနေ့က အလှပြင်ဆိုင်မှာ ဆက်ထားတဲ့မျက်တောင်ကော့ကော့တွေအောက်က ကြည်လင်နေတဲ့မျက်လုံး၊ နှာတံစင်းစင်းလေး၊ ပန်းရင့်သွေးနှုတ်ခမ်းနီလေးနဲ့ ရွှန်းစိုနေတဲ့ နှုတ်ခမ်းတစ်စုံ၊

ဝင်းပနေတဲ့ အသားအရေ ၊အချိုးကျကျကိုယ်လုံးလေးပေါ်မှာစိမ်းဝါရောင် ပြင်သစ်ဇာဝမ်းဆက်လေးက ချပ်ချပ်ရပ်ရပ်၊
အားလုံးပြည့်စုံနေပြီမို့ ဘုရားခန်းဘက်ထွက်ခဲ့တယ်။

အခန်းထဲရောက်တော့ အသင့်ပြင်ထားတဲ့ ဖုန်းကင်မရာခလုတ်ကိုဖွင့် videoရိုက်ဖို့ပြင်၊ လှစိန် ဆေးကြောသန့်စင်ပေးထားတဲ့ဘေစင်က ဘုရားပန်းတွေယူ၊ ရိုက်ကူးမှုစတင်ပါပြီ။

“ချစ်တို့ရေ၊ ဘုရားပန်းထိုးတော့မယ်၊ကေသွယ်နဲ့အတူကုသိုလ်ယူကြရအောင်၊

ဒီပန်းလေးက ပဲပန်းပါ၊အပွင့်လေးတွေက နှင်းဆီပန်းနဲ့ တူတယ်နော်”

လက်ထဲက ပန်းနုရောင် ပဲပန်းခိုင်တွေကို ဘုရားအိုးနှစ်အိုးထဲ လှလှပပ ဝေနေအောင်ထိုးလိုက်တယ်။ ကျည်ဆံခွံ ကြေးပန်းအိုး ကြီးတွေမို့ ပန်းအတော်ဆန့်တာ။ အားလုံးငါးသောင်းဖိုး၊

ဘုရားစင်ရှေ့ခင်းထားတဲ့ ကတ္တီပါကော်ဇောပေါ်အသာအယာထိုင် ဘုရားရှိခိုးနေပုံရိုက်ပြီး ဘုရားခန်းက ထွက်လာခဲ့တယ်။

အခန်းထဲ ပြန်ရောက်တော့ ဖုန်းထဲက videoကို လိုအပ်ချက်တွေဖြည့်စွက်ပြီး tiktok ပေါ်တင်လိုက်ပါပြီ။

အဲဒါ ကေသွယ်နေ့တိုင်းလုပ်နေကျအလုပ်၊ဟင်းချက်တာ၊ဧည့်ခံပွဲသွားတာ၊ ခရီးတွေထွက်တာ အမြဲတင်နေကျမို့ ဘယ်သွားသွား video ရိုက်ဖို့ မမေ့ဘူး။

ခဏကြာတော့ မန့်တွေ၊ လိုက် တွေတက်လာပါပြီ။

“မမရေ ပန်းတွေနဲ့အပြိုင်လှနေတယ်နော်”

“ပန်းတွေလှလိုက်တာမမရေ၊စျေးကြီးမှာပဲနော်”

“သာဓု သာဓု သာဓုပါမမ”

“အားကျလိုက်တာမမရယ်”

“နောင်ဘဝဒိထက်လှပါစေလို့ဆုတောင်းပေးတယ်နော်”

………….

…………..

မန့်တွေ၊ လိုက်တွေ အများကြီးရတာကြည့်ပြီး ပီတိတွေဖြစ် ရသလို

“နေ့တိုင်းမကြွားရမနေနိုင်တဲ့ အဖွားကြီး”

“ကုသိုလ်ကနည်းနည်း၊ ကြွားချင်တာကများများ”

အဲဒီလိုမန့်တွေဖတ်ရရင် ဒေါသက အလိပ်လိုက်ထွက်လာတယ်။

လိုင်းပေါ်တင်ကာစက မန့်တွေဖတ်ပြီး အတော်ခံစားရတာ၊ ခုတော့ ကေသွယ်ခံနိုင်ရည်ရှိလာပါပြီ။

အိပ်ခန်းထဲမှာ ကိုယ်ပေါ်က ဇာဝမ်းဆက်ကို ဂါဝန်လှလှလေးလဲပြီး မီးဖိုခန်းဘက်ထွက်လာခဲ့တယ်။

“ကေသွယ် ဒီနေ့ချက်မှာကတော့ ပုစွန်ထုပ်ဆီပြန်ရယ် ကန်စွန်းရွက်ချဥ်ရည်နဲ့ မင်းကတော်ငပိရည်ဖျော်ပြပါ့မယ်”

လှစိန်အဆင်သင့်ပြင်ပေးထားတဲ့ ငြုပ်၊ကြက်သွန်တွေ ထည့် ၊ပြောလည်းပြော

တစ်မျိုးပြီး တစ်မျိုး ကျွမ်းကျွမ်းကျင်ကျင် ချက်ပြအပြီးမှာ ဖုန်းကိုပိတ် အခန်းထဲဝင်ခဲ့လိုက်တယ်။ tiktokပေါ်တင်ရဦးမယ်လေ။

ငယ်ငယ်က လခစားအဖေတစ်ယောက်ရဲ့လစာနဲ့ လောက်ငအောင် စီမံချက်ပြုတ်ရတဲ့အမေ့ကို ကျေးဇူးတင်မိတယ်။

အမေက ဟင်းချက်ကောင်းတယ်။ကေသွယ့်ကိုလည်း ချက်ပြုတ်တတ်အောင် သင်ပေးခဲ့တာကိုး။ဇလုံထဲ ထမင်းနဲ့ဟင်း၊ငပိရည်နဲ့နယ် ကိုယ်စားလိုက် မောင်လေးကိုခွံ့လိုက်နဲ့ အားရပါးရစားခဲ့ကြတာပါ။

ငယ်ငယ်က မပြေလည်တဲ့မိသားစုမှာ ကြီးပြင်းလာခဲ့ပေမယ့် လှပတဲ့ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို လူတိုင်းငေးမောရအောင် ပိုင်ဆိုင်ခဲ့ပါတယ်။

နောက်ဆုံးနှစ် စာမေးပွဲအပြီးမှာ သူငယ်ချင်းတွေနဲ့ ငွေဆောင်ကိုခရီးထွက်ခဲ့တယ်။ ညဘက် သောင်ပြင်မှာ မီးပုံပွဲလုပ်ကြတယ်။

မလှမ်းမကမ်းမှာ ထိုင်နေကြတဲ့ ကိုကိုတို့အဖွဲ့တွေနဲ့ခင် ကေသွယ်နဲ့ကို့ ဇာတ်လမ်း စခဲ့ကြတယ်ပေါ့။

ရန်ကုန်ရောက်တော့ ခဏ ခဏ အပြင်မှာချိန်းတွေ့ သူ့အကြောင်းကိုယ်သိ၊ ကိုယ့်အကြောင်းသူသိနဲ့ ကုမ္ပဏီကြီးတစ်ခုရဲ့ အစုရှယ်ရာရှင် သူဌေးသား ကို့ကို ကေသွယ်ဘယ်အလွတ်ပေးတော့မလဲ။

ချစ်သူဖြစ်နေချိန် ကိုခေါ်တဲ့ တည်းခိုခန်း၊ဟိုတယ်မလိုက်ပဲ ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင်နေလိုက်တာ တစ်နှစ်လောက်တွဲအပြီးမှာလက်ထပ်မယ်ဖြစ်ရော၊ကေသွယ်လိုချင်တာအဲဒါပဲ၊

ကိုလိုချင်သမျှ ဆန္ဒတွေကို ကေသွယ်လိုက်လျောနေခဲ့ရင် အပျော်တွဲပြီးပစ်ထားခဲ့မှာ.

ရုပ်ရည်လေးပဲရှိတဲ့ ကေသွယ့်ကို ကို့မိသားစုအသိုင်းအဝိုင်းက သဘောမတူကြဘူး။

မင်္ဂလာဆွမ်းကပ်ပြီး ကိုဝယ်ထားတဲ့ ကျောက်ကုန်းကအိမ်မှာနေကြတယ်။

ခြံအကျယ်ကြီးထဲက နှစ်ထပ်တိုက်လှလှလေးဟာ ကေသွယ့်အတွက်တော့ နတ်ဘုံနတ်နန်းတမျှပါပဲ။

အသက် သုံးဆယ့်ငါးနှစ်ရှိပြီဖြစ်တဲ့ကိုက အသက်နှစ်ဆယ့်နှစ်နှစ် ကေသွယ့်ကို အစွမ်းကုန်အလိုလိုက်ထားတာပါ။

ကေသွယ့်မိသားစုကိုတော့ အဝေးကထောက်ပံ့ အိမ်တော့ခေါ်မထားနိုင်ဘူးတဲ့။လစဥ် ငွေပို့ပေးတယ်။ကေသွယ့်မိဘတွေအိမ်ကို တစ်လတစ်ခေါက်တော့ရောက်ဖြစ်ပါတယ်။

အဖေ၊ အမေနဲ့မောင်လေးက လူရိုး လူအေးတွေ၊ ကေသွယ်သူဌေးကတော်ဖြစ်သွားပေမယ့် ဘာတစ်ခုမှ မတောင်းဆိုဖူးဘူး။

လစဥ် ငွေကြေးထောက်ပံ့ပေးနေတာပဲ တာဝန်ကျေပြီလို့ ကေသွယ်ထင်ခဲ့တာပါ။

“ပြော..သူငယ်ချင်း”

“ငါတို့ဒီနေ့ အပြင်ထွက်ရအောင်”

“သွားမယ်လေ၊ ဘယ်ကိုလာရမလဲ”

“….ကိုလာခဲ့၊ တို့အားလုံးဆုံမှ ဘယ်သွားမလဲတိုင်ပင်ကြမယ်”

“ထွက်ခဲ့မယ်သူငယ်ချင်း”

အခန်းထဲဝင်ပြီး မိတ်ကပ်လိမ်း၊ အလှပြင် မနေ့တနေ့ကမှဝယ်ထားတဲ့ ပိုးသားစတိုင်ဘောင်းဘီနဲ့ အင်္ကျီဝမ်းဆက်ဝတ် ဒေါက်ဖိနပ်လှလှလေးစီးပြီး swifကား အနီရဲရဲလေးကို ကိုယ်တိုင်မောင်းပြီး ထွက်လာခဲ့လိုက်တယ်။

စုရပ်ကနေ Golden Park Spa မှာ မျက်နှာကနေ ခြေသည်းအဆုံး အလှပြင်ကြ၊ အစားအသောက်တွေမှာစားကြနဲ့ တနေကုန်ရော.

“ကေသွယ်ရယ် နင့်ကိုအားကျတယ်သိလား၊ ငါတို့က မျက်နှာလေးပဲလှတာ၊ ကိုယ်လုံးက နင့်လိုမလှဘူး”

“နင်လည်းချစ်စရာလေးပါဟယ်၊ ကိုဦးကတုန်နေအောင်ချစ်တယ်မို့လား”

“အေး.ဒါတော့ဟုတ်တယ်ဟ”

“ကေသွယ်ရော သူဇာရော ကလေးယူသင့်နေပြီနော်”

“ငါက ကလေးမယူတော့ဘူး၊ ကို ကလေးမချစ်တတ်တာငါသိတယ်”

“နင်မွေးလိုက်လေ၊ ကိုခင်မောင်ချို လက်ပေါ်ကကို ချမှာမဟုတ်ဘူး”

“ငါကတော့ အိမ်ထောင်ကျတာ နှစ်နှစ်ပဲရှိသေးတယ်၊ မယူချင်သေးဘူးဟာ”

“ကဲ..ကဲ အမိတို့သဘော၊ ပြန်ကြရအောင်”

ကေသွယ်တို့သူငယ်ချင်းလေးယောက် မကြာမကြာဆုံဖြစ်ကြတယ်။ငယ်သူငယ်ချင်းမဟုတ်ပါဘူး။

Gym တစ်ခုမှာ အတူကစားရင်းခင်ကြတာ၊ အတူသွား၊အတူစား၊စျေးဝယ်ထွက်လည်းအတူ သုံးနိုင် ဖြုန်းနိုင်သူတွေပေါ့။

“ကို ..ကေသွယ် ဗိုက်အောင့်နေတာ လေးရက်ရှိပြီ”

“ဘာလို့ခုမှပြောတာလဲ၊ဆေးခန်းသွားမယ်၊ အဝတ်အစားသွားလဲ”

ဒီနေ့ ကို့အလုပ်ပိတ်ရက်၊ဒီနေ့ကို စောင့်နေတာ၊

ကိုက အလုပ်များတော့ ဖြစ်ဖြစ်ချင်းနေ့က အနားကဆေးခန်းပဲသွားပြလိုက်တယ်။ မသက်သာဘူး။

Aryu ဆေးရုံရောက်တော့ အထွေထွေဆရာဝန်နဲ့ပြတယ်။ကုတင်ပေါ်မှာစမ်းသပ်တော့

“အောင့်တယ်ဆရာ”

“ဒီနေရာနော်”

စမ်းသပ်အပြီး

“လူနာက သွေးပေါင်လည်းကျနေတယ်၊ အောင့်တဲ့နေရာက အစာအိမ်မို့ ခွဲစိပ်အထူးကုနဲ့ ဆက်ပြပါ၊ ခုလောလောဆယ် ultrasound ရိုက်ရမယ်၊သွေးစစ်ရမယ်နော်”

အဲဒီလိုနဲ့ ultrasound နဲ့သွေးစစ်ထားတဲ့အဖြေရတော့ ခွဲစိပ်အထူးကုနဲ့ဆက်ပြရတယ်။

“အစာအိမ်မှန်ပြောင်းကြည့်ရမယ်၊ဆေးရုံတက်ပါ”

လွန်ခဲ့တဲ့လေးငါးရက်ကမှ ဖလန်း ဖလန်းထ သွားလာနေတဲ့ ကေသွယ်

ချက်ချင်း ဆေးရုံပေါ်မှာလူနာဖြစ်သွားပါပြီ။ အမေနဲ့လှစိန်ကို ဆေးရုံမှာခေါ်ထားရတယ်။ကိုက ကေသွယ့်လက်ကို တင်းတင်းဆုပ်ပြီး

“ဘာမှမကြောက်နဲ့၊ ကိုတစ်ယောက်လုံးရှိတယ်”

လို့ အားပေးရှာပါတယ်။

ဆေးနဲ့သွေးတွေသွင်းပြီး အစာအိမ်မှန်ပြောင်းကြည့်တော့ အဖြေထွက်ပါပြီ။ ကေသွယ့်အစာအိမ်မှာအကြိတ်တွေတွေ့သတဲ့။ သွေားစစ်တော့ ကင်ဆာ အဆင့် လေး .

ကေသွယ့်ဘဝ လမ်းဆုံးပြီ။ကိုက ထွက်လာတဲ့အဖြေကို သေချာအောင် ဘန်ကောက်ကို သွားထပ်စစ်ကြတယ်။

ဆရာဝန်က အကြိတ်တွေများလို့ ခွဲစိပ် ဖယ်ထုတ်ရင်လည်း အသက်ရှင်ဖို့က လေးဆယ်ရာနှုန်းပဲရှိသတဲ့။

သက်သာဖို့ဆေးတွေသောက်နေလိုက်ရင် ခြောက်လ လောက်နေရမတဲ့။

အိမ်ပြန်လာတဲ့လမ်းမှာ မြင်မြင်သမျှ ဝမ်းနည်းစရာ၊အိမ်ရောက်တော့ အမေလာနေပေးတယ်။

အမေတို့အတွက် လစဥ်ငွေကြေးထောက်ပံ့တာကလွဲရင် ဘာမှမလုပ်ပေးမိတာ တွေးပြီး ကေသွယ်ဝမ်းနည်းလိုက်တာ။

ပိုင်ဆိုင်တဲ့ လက်ဝတ်လက်စားတွေ အမေ့အပ်တော့ အမေငိုလိုက်တာ။

ကို့ဆီကတစ်ပြားမှထပ်မတောင်းပဲ ကေသွယ့်မှာ ရှိတဲ့ငွေနဲ့ taxi တစ်စီးဝယ်ပေးလိုက်တယ်။ကို့ကိုအသိပေးတယ်။

“စိတ်ချမ်းသာရင်ပြီးရော၊ကြိုက်တာလုပ်” တဲ့၊

တစ်ရက်တော့ အမေ့အစ်ကိုအကြီးဆုံး ဘဘုန်းကြီးအိမ်ကိုကြွလာတယ်။

ဘုရားခန်းထဲနေရာပေးပြီး ကေသွယ် တရားနာပါတယ်။

“ဒကာမလေး နေသာရဲ့လား”

“တခါတလေတော့ သက်သာပါတယ်၊ တခါတလေ မခံမရပ်နိုင်အောင်ပါပဲဘုရား”

“အသက်ဘယ်လောက်ရှိပြီလဲ”

“သုံးဆယ့်ခြောက်နှစ်ပါဘုရား”

“ခန္ဓာကိုယ်ရထားတော့ သေရမှာကြောက်တာပေါ့နော်၊

သေခြင်းနှစ်မျိုးရှိတယ်။ မဲ့သေနဲ့ ပြုံးသေ၊

ခု.ရတဲ့အချိန်လေးမှာ တရားမှတ်နေပါ။ ဒါမှ ပြုံးသေ သေရမှာ၊

ကိုယ်လှူခဲ့ဘူးတဲ့အလှူတွေရှိခဲ့မှာပေါ့”

“လှူခဲ့ပါတယ်ဘုရား၊ ငယ်သေးတယ်ဆိုပြီး ပေါ့ပေါ့တန်တန်ပဲလှူခဲ့မိပါတယ်”

“ပကာသနကြောင့်၊ဂုဏ်ကြောင့်လှူခဲ့တာတွေများမှာပေါ့၊

အဲဒီထဲကမှ နည်းနည်းများများ ရင်ထဲက စေတနာ သဒ္ဓါ ပေါက်ပြီး လှူခဲ့တာရှိရင်ပြန်စဥ်းစား၊ ထပ်ကာ ထပ်ကာ ပီတိဖြစ်ပြီးနေကြည့်ပါ”

ဘဘုန်းကြီးပြန်ကြွသွားတော့ အထပ်ထပ်အခါခါစဥ်းစားမိတယ်။

“ကေသွယ်၊ကို့ကုမ္ပဏီမှာ ကထိန်ခင်းမယ်၊ ရေစက်ချရမှာနော်၊ ဘာဝတ်မလဲစဥ်းစားထား”

“ကေသွယ်၊ငါတို့ ရေဘေးလှူရအောင်နင်ဘယ်လောက်ထည့်မလဲ”

“ငါတို့ . ..ကျောင်းမှာဝါဆိုသင်္ကန်းကပ်ကြရအောင်၊ နင်လည်းကုသိုလ်ရအောင် ထည့်ဟာ”

အဲဒီလိုတွေလှူခဲ့တာများတယ်၊ ငါ့ရင်ထဲက သဒ္ဓါပေါက်ပြီး ဘာလှူခဲ့ဖူးပါလိမ့်..သိပြီ။

အဲဒီနေ့က ကိုနဲ့နှစ်ယောက်သား မန္တလေးကပြန်လာတာ။

နေပြည်တော်ကျော်လာပြီး တောင်ငူမရောက်ခင် ကားဘီးပေါက်တယ်။ ညနေလေးနာရီလောက်၊မမှောင်သေးလို့ တော်ပါသေးရဲ့။

ဆိုင်ကယ်နဲ့လာတဲ့ လူနှစ်ယောက်ကို အကူအညီတောင်းပြီး ကိုက ဘီးလဲနေတုန်း ကေသွယ် လမ်းဘေးသစ်ပင်ရိပ်မှာသွားထိုင်နေတာ။

ခွေးမနဲ့ သူ့ကလေး သုံးကောင် အနားရောက်လာတယ်။သားအမိတွေပိန်လှီနေတာပဲ၊ဆာနေပုံရတယ်။

ကြည့်ပြီးသနားတာနဲ့ ကားထဲကပူတင်းကိတ်သွားယူကျွေးလိုက်တယ်။

အငမ်းမရစားနေတာကြည့်၊ ပီတိဖြစ်လိုက်တာ၊

မဝသေးဘူးထင်ပြီး ထပ်ကျွေး ၊ထပ်ကျွေးနဲ့ ကိတ်အကြီးသုံးလုံးကုန်တယ်။

ဘီးလဲပြီးလို့သာထွက်လာခဲ့ရတယ်။ခဏလေးနဲ့သံယောဇဥ်ဖြစ်မိပြီး လှည့်ကြည့်မိတယ်။

ရေမတိုက်ခဲ့ရပါလားတွေးပြီး စိတ်မကောင်းဖြစ်မိပြန်ရော။

အဲဒီကုသိုလ်လောက် စင်ကြယ်တာရှိပါဦးမလား။

နောက်ရက်တွေမှာ ဘုရားခန်းထဲအနေများတယ်၊ တရားနာတယ်၊တရားထိုင်တယ်။

ကိုနဲ့အမေက ဘုရားခန်းထဲ အိပ်ရာပြင်ပေးတယ်။နေ့လယ်လှဲအိပ်ပြီး တရားမှတ်လို့ရအောင်ပါ။

ခန္ဓာငါးပါးကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်ပြီးနေလိုက်တာ၊

ခုတော့ ဒီခန္ဓာငါးပါးက ငါ့ကိုယ်မဟုတ်ကြောင်းပြောလာပြီ။

ခုချိန်တရားအသိရှိရင် သောတပန်မဖြစ်တောင်မှ သောတပန်အငယ်စားလေးဖြစ်ပြီး သေရတဲ့အတွက် ငါဘာမှကြောက်စရာမရှိဘူးလို့ တွေးလိုက်တော့ စိတ်လက်တွေ ပေါ့ပါးသွားတယ်။

ဘန်ကောက်ဆေးသွားကုပြီး ရှစ်လအကြာမှာ ကေသွယ် ဝေဒနာကိုအံကြိတ်ခံရင်း ညင်ညင်ညင်သာသာနဲ့ ဆုံးသွားပါတော့တယ်။

ပြီးပါပြီ