” အငြိုးကြီးတဲ့ သုဘရာဇာကြီး “(စ/ဆုံး)

” အငြိုးကြီးတဲ့ သုဘရာဇာကြီး “(စ/ဆုံး)

=================≠=============

ကံလှရွာ……

ကံလှရွာဆိုတာက ဧရာဝတီတိုင်းထဲမှာပါဝင်တဲ့ ကျေးရွာတစ်ရွာပေါ့… ကံလှရွာလေးဟာ အရမ်းကိုသာယာပြီး တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြတဲ့ ရွာလေးတစ်ရွာဖြစ်ပါတယ်… ဗမာလူမျိုးကတော့ အများဆုံးနေထိုင်ကြပါတယ်…

ကံလှရွာလေးမှာ မှီတင်းနေထိုင်ကြတဲ့ ရွာသူရွာသားအများစုက လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြသလို ဧရာဝတီမြစ်ကမ်းနဖူးမှာ ရှိတဲ့ ရွာလေးဖြစ်လို့ တံငါလုပ်ငန်းနဲ့ အသက်မွေးကြသူတွေလည်း ရှိကြပါတယ်…

ရွာလေးရဲ့ ထိပ်မှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိနေပြီး…အဲဒီဘုန်းကြီးကျောင်းရဲ့ နံဘေးမှာတော့ ကံလှရွာရဲ့ င်္သချိုင်းကုန်းဆိုတာ ရှိပါတယ်…

အဲဒီ င်္သချိုင်းကုန်းမှာ ဦးထိန်ဆိုတဲ့ သုဘရာဇာကြီး တစ်ယောက်ရှိတယ်…ဦးထိန်ဆိုတဲ့ သုဘရာဇာကြီးက ကံလှရွာမှာ မွေးတဲ့ ရွာခံတစ်ယောက်တော့ မဟုတ်ပါဘူး… အရင်က ဦးထိန်ဘယ်မှာနေခဲ့တယ်ဆိုတာကိုလည်း ဘယ်သူမှ မသိကြပါဘူး…

ဒါပေမယ့် ဦးထိန်ကံလှရွာပြင်က င်္သချိုင်းကုန်းကို ရောက်နေခဲ့တာ ၁၀နှစ်ကျော်နေပါပြီ…ဦးထိန်က သဘောကောင်းတယ်…စကားနည်းတယ်…အရက်သောက်တတ်ပေမယ့်…ဘယ်သူ့ကိုမှ ပြဿ နာ မရှာဖူးသလို ဘယ်သူနဲ့မှလည်း ပြဿ နာမတက်ခဲ့ဖူးပါဘူး…ဦးထိန်အရက်မသောက်ထားတဲ့ အချိန်တွေဆို င်္သချိုင်းကုန်းဘေးနားမှာရှိတဲ့ ဘုန်းကြီးကျောင်းက ဝေယာဝိစ္စတွေကို ကူလုပ်ပေးကြပါ…

ကံလှရွာလေးက င်္သချိုင်းကုန်းကို ဦးထိန်ရောက်မလာခင်က သုဘရာဇာတစ်ယောက်တော့ရှိခဲ့ဖူးတယ်…ဦးထိန်အရင် ရှိနေခဲ့တဲ့ သုဘရာဇာကြီး ကွယ်လွန်သွားပြီး ဦးထိန်ရောက်မလာခင် အထိ အဲဒီင်္သချိုင်းကုန်းမှာ သုဘရာဇာ အဆက်ပြတ်နေခဲ့တယ်…အဲဒီလို သုဘရာဇာ မရှိခင် အချိန်တွေတုန်းကတော့ ရွာထဲက လူတွေသေရင်…ရွာခံတွေကပဲ သဂြိုလ်ပေးကြပါတယ်…

ဘယ်ကနေ ဘယ်လို ရောက်လာမှန်းမသိတဲ့ ဦးထိန် …ရောက်လာတော့ တာဝန်တစ်ခုပေါ့ သွားတယ်လို့ ရွာခံတွေက သတ်မှတ်ပြီး ဦးထိန် င်္သချိုင်းကုန်းနေပြီး လူသေတွေကို မြှပ်ပေးတဲ့ သုဘရာဇာအလုပ်လုပ်တာကို ဘယ်ရွာခံကမှ မကန့်ကွက်ခဲ့ကြပါဘူး…

ဦးထိန်ရောက်စကတော့ မကန့်ကွက်ပေမယ့် မယုံသင်္ကာနဲ့ စောင့်ကြည့်နေခဲ့ကြသူတွေတော့ ရှိတာပေါ့…

အချိန်တွေကြာလာတဲ့ အထိ ဦးထိန်မှာ အပြစ်ပြောစရာ တစ်ခုမှ မရှိလေတော့…ဦးထိန်ကို ထပ်ပြီး စောင့်ကြည့်မနေကြတော့ပါဘူး…တဖြေးဖြေးနဲ့ ရွာသူရွာသားတွေက ဦးထိန်ကို ခင်လာကြတယ်…

ဦးထိန်က ရွာထဲကို သိပ်မလာဘူး…သူ့ဘာသူ င်္သချိုင်းကုန်းမှာပဲ အေးအေးဆေးဆေးနေတတ်တယ်…ဦးထိန်လာတယ်ဆိုရင်လည်း သူသောက်စရာ အရက်ကုန်လို့ လာဝယ်တာပဲ ရှိတယ်…ဦးထိန်တစ်ယောက်ဘာတွေစားပြီး ဘယ်လိုနေတယ်ဆိုတာကိုတော့ ဘယ်သူမှမသိကြပါဘူး…

ဒီလိုနဲ့ နေလာကြရင်း တစ်ရက်မှာတော့…ကံလှရွာလေး… ရွာနာမည်နဲ့ မလိုက်အောင် ကံဆိုးမိုးမှောင်ကြစေမယ့် ကိစ္စတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်…

ဘာကိစ္စလည်းဆိုတော့ …

ကံလှရွာရဲ့ ကွမ်းတောင်ကိုင်ဆိုလဲ ဟုတ်…ရွာလူကြီးရဲ့ တူမဆိုလဲ ဟုတ်တဲ့…ခင်ခင်ထားဆိုတဲ့ မိန်းမချောလေးတစ်ယောက် အဓ္ဓမအကျင့်ခံရပြီး အသတ်ခံရထားရတာကို ခင်ခင်ထားပျောက်လို့ လိုက်ရှာကြတဲ့ ရွာသားတွေက င်္သချိုင်းကုန်းထဲမှာ ခင်ခင်ထားရဲ့ ရုပ်ပျက်ဆင်းပျက်နဲ့ အရှက်မဲ့နေတဲ့ အလောင်းကို တွေ့ရှိခဲ့ကြရာကနေ အစပြုခဲ့ခြင်းဖြစ်ပါတယ်…

ခင်ခင်ထားရဲ့ အရှက်မဲ့ အသက်မဲ့နေတဲ့ အလောင်းကိုကြည့်ပြီး ဒေါသထွက်နေတဲ့ ကံလှရွာသူရွာသားတွေက ခင်ခင်ထားကို အခုလို ရက်ရက်စက်စက်သတ်တဲ့ လူဟာ သုဘရာဇာကြီး ဦးထိန်ပါလို့ ဝိုင်းစွပ်စွဲကြပြီး ဦးထိန်က သူမဟုတ်ကြောင်း တောင်းပန်နေတဲ့ကြားက ဦးထိန်ကို ဝိုင်းရိုက်ပြီး မသေမရှင်ဖြစ်နေတဲ့ ဦးထိန်ကို အရှင်လတ်လတ်မီးရှို့ပြီး သတ်လိုက်ကြတယ်…

ဦးထိန်ကို သတ်နေတဲ့ အချိန်မှာ ရွာကျောင်းဆရာတော်က ဝင်တားခဲ့သေးပေမယ့် ဒေါသထွက်နေတဲ့ ရွာသူရွာသားတွေက ဆရာတော်ရဲ့ စကားကိုတောင် နားမထောင်ကြတော့ပဲ သူတို့လုပ်ချင်သလို လုပ်လိုက်ကြတယ်…

ဦးထိန်မသေခင်လေးမှာ သူ့ကို ရက်ရက်စက်စက် ဝိုင်းသတ်နေကြတဲ့… ရွာသူရွာသားတွေကို စကားတစ်ခွန်းပြောသွားတယ်…

*ဒီကိစ္စက ငါနဲ့မဆိုင်ဘူး…မင်းတို့တွေ ငါ့ကို ရက်ရက်စက်စက်အခုလို လုပ်ကြတယ်…မင်းတို့ကို ငါခွင့်မလွှတ်ဘူး…မင်းတို့လည်း ငါသေသလို အသေဆိုးနဲ့ သေရစေမယ် …*
လို့ပြောပြီး ဒဏ်ရာ ဗလပွနဲ့ မချိမဆံ့ခံစားရင်း အသက်ထွက်သွားခဲ့တယ် …

ဦးထိန်ကို ရွာသားတွေ သတ်လိုက်ကြတဲ့ နေ့က

***သောကြာနေ့…***

#####

ခင်ခင်ထားသေတဲ့ ကိစ္စကြောင့် ဦးထိန်ကို သတ်လိုက်ကြပြီး နောက်တစ်ပတ် …

သောကြာနေ့ ည…

အချိန်က ည၁၂ နာရီ တိတိ…

တိတ်ဆိတ်ငြိမ်သက်ပြီး အိပ်မောကြနေတဲ့ ကံလှရွာလေးမှာ… ရုတ်တရက် ခွေးတွေ ဆူညံစွာ ထိုးအူတဲ့ အသံကိုစတင်ကြားလိုက်ရတယ်….

ဝူးးးး အူးးး အုးးး အူးးးး

တစ်ရွာလုံးမှာ ရှိတဲ့ ခွေးတွေ တစ်ပြိုင်နက်ထဲ စူးစူးဝါးဝါး အူကြ ဟောင်ကြလို့ တစ်ရွာလုံး လန့်နိုးလာကြတယ်…

ဘာဖြစ်လို့ ခွေးတွေဒီလောက်ဟောင်နေကြတာလဲ လို့ တွေးနေကြရင်းပေါ့…တစ်ချို့ လည်း အိမ်တံခါးဖွင့်ပြီး အိမ်ပြင်ကို ထွက်ကြည့်ကြတယ်…

ဘာမှ မတွေ့ကြလို့ အိမ်ထဲ ပြန်ဝင်ကြတဲ့ အချိန်မှာပဲ…

ခွေးဟောင် သံတွေ ခွေးအူသံတွေ ပျောက်သွားပြီး…ရွာထိပ်ဘက်ဆီကနေ အသံတစ်သံကို စကြားလိုက်ရတယ်….

ကျွီ…ကျွီ…ဒလုံး…ဒလုံး…ကျွီ….

အဲဒီ အသံကို စကြားလိုက်ရတာက ရွာထိပ်ဘက်မှာ နေတဲ့ အိမ်တွေကပေါ့…

အချိန်မတော်ကြီး ဘယ်သူကများ လှည်းမောင်းလာတာလဲ… ခွေးတွေ အူပြီးကတည်းက ကြက်သီးတွေထပြီး ချက်ချင်းပြန်အိပ်မပျော်ကြသေးတဲ့ ရွာထိပ်ဘက်မှာ နေသူတွေက…သူတို့ကြားနေရတဲ့ ကျွီ…ကျွီ သံကို နွားလှည်းတစ်စီး မောင်းဝင်လာတာလို့ ထင်လိုက်ကြပြီး

ဘယ်သူဘယ်ဝါပါလိမ့်ဆိုပြီး ထွက်ကြည့်ကြတော့….

ရွာထိပ်ဘက်ကနေ လာနေတဲ့ သူတို့ထင်ထားတဲ့ အသံဟာ နွားလှည်းတစ်စီးမဟုတ်ပဲ…ရွာပြင်င်္သချိုင်းက ဇရပ်ကြီးမှာ ထားတဲ့ လူသေအခေါင်းတင်တဲ့ တွန်းလှည်းကို လူတစ်ယောက်က တွန်းပြီး ဝင်လာနေတာကို တွေ့လိုက်ကြရတယ်…

ဘယ်သူပါလိမ့်…ဒီအချိန်ကြီး ဘာလို့ ဒါကြီးကို တွန်းလာပါလိမ့်…ရွာထဲမှာ ဘယ်သူသေလို့လဲ…စတဲ့ အတွေးတွေနဲ့ မှောင်နေလို့ လှည်းတွန်းလာသူကို မမြင်ရသေးခင် အိမ်ထဲပြန်မဝင်ကြသေးပဲ… အတွေးကိုယ်ဆီနဲ့ စောင့်ကြည့်နေကြတုန်းမှာပဲ….

တဖြေးဖြေးနီးလာတဲ့ အသုဘတွန်းလှည်းကြီးကို တွန်းလာတဲ့ သူကို သဲသဲကွဲကွဲ မြင်လိုက်ကြတယ်…ပြီးတော့ တွန်းလှည်းပေါ်မှာလဲ လူလို့ထင်ရတဲ့ အရာတစ်ခုပါလာတာကိုပါ တွေ့လိုက်ကြရတယ်…

တွန်းလှည်းကို တွန်းလာတဲ့ သူက ပြီးခဲ့တဲ့ သောကြာနေ့က သူတို့တရွာလုံးက ရက်ရက်စက်စက် ဝိုင်းရိုက်ပြီး အရှင်လတ်လတ်မီးရှို့ သတ်ခဲ့တဲ့ ရွာပြင်င်္သချိုင်းမှာနေတဲ့ သုဘရာဇာကြီး ဦးထိန်…

ဦးထိန် တွန်းလာတဲ့ တွန်းလှည်းပေါ်မှာ ပါလာတဲ့ သူက… ခင်ခင်ထား…

#######

အဲဒီ မြင်ကွင်းကို မြင်လိုက်ကြသူတွေထဲမှာ တစ်ချို့က နေရာမှာပဲ မေ့လဲသွားကြတယ်…

တစ်ချို့က ကြောက်လန့်ပြီး အဲဒီမြင်ကွင်းကို ကြက်သေသေပြီး ကြောင်ကြည့်နေကြတယ်…

တစ်ချို့က ကြောက်လန့်တကြား အိမ်ထဲကို ဝင်ပြေးကြတယ်….

#####

တွန်းလှည်းကြီးကို ဦးထိန်က ရွာထဲအထိ ခေါက်တုန့်ခေါက်ပြန်တွန်းသွားနေတာ တစ်ညလုံးနီးပါးဆိုတော့..
ရွာသူရွာသားတွေ အကုန် ဦးထိန်နဲ့ သူ့ရဲ့ တွန်းလှည်းကြီး…နောက်တော့ လှည်းပေါ်မှာ လဲလျောင်းနေတဲ့ ခင်ခင်ထားကို မြင်လိုက်ကြရတယ်…

ရွာထဲမှာ တွန်းလှည်းကြီးကို လျှောက်တွန်းနေတဲ့ အသံကို တစ်ညလုံးကြားပြီး ဘယ်သူမှ အိပ်မပျော်ကြတော့ သလို… ဘုရားတရင်းကြာက်လန့်နေကြတယ်…

မိုးလင်းခါနီး ၃နာရီခွဲကျော်လောက်မှာ တွန်းလှည်းကြီးကို တွန်းနေတဲ့ အသံပျောက်သွားတယ်…ဒါပေမယ့် ဘယ်သူမှ ထွက်မကြည့်ဝင့်ကြဘူး…

######

တွန်းလှည်းကြီးကို တွန်းနေတဲ့ အသံပျောက်သွားပြီး သိပ်မကြာခင်မှာတော့…ရွာထဲက အိမ်တစ်အိမ်ကနေ အသံတစ်သံထွက်လာတယ်….

*ကယ်ကျပါအုံး…ကျမ ယောက်ျားဘယ်ဖြစ်တာလဲ မသိဘူး…ခေါ်လို့မရတော့ဘူး…ကယ်ကြပါ အုံး…ရှင်…. ကိုထွန်းရင် …ကိုထွန်းရင် ထပါအုံး…ကိုထွန်းရင်…*
*အဖေ …အဖေ…အီးးး…ဟီးးး ဟီးးး*

ကိုထွန်းရင်ရဲ့ မိန်းမနဲ့ ကလေးတွေရဲ့ အော်သံတွေ ငိုသံတွေကို ကြားလိုက်ရလို့…ကိုထွန်းရင်တို့ အိမ်နီးနားချင်းတွေက မနေသာလို့ အရဲစွန့်ပြီး ထွက်လာကြပြီး…ကိုထွန်းရင်ရဲ့ အိမ်ကို အသွား…ကိုထွန်းရင်ရဲ့ အိမ်ရှေ့မှာ…သူတို့တွေ့လိုက်ရတဲ့ အရာကြောင့်… ကိုယ့်အိမ်ကိုယ်ပြန်ပြေးသွားကြတယ်….

ကိုထွန်းရင်ရဲ့ အိမ်ရှေ့မှာ သူတို့တွေ့လိုက်ရတဲ့ အရာက….

သုဘရာဇကြီး ဦးထိန်…ခင်ခင်ထားကို တင်ပြီး ညက တစ်ညလုံးနီးပါး လျှောက်တွန်းနေတဲ့… အသုဘ တွန်းလှည်းကြီးကို ကိုထွန်းရင်ရဲ့ အိမ်ရှေ့တည့်တည့်မှာ ရပ်ထားခဲ့တယ် ဆိုတာကို တွေ့လိုက်ကြလို့ပါပဲ…

######

မိုးစင်စင်လင်းပြီး နေအတော်မြင့်မှ ရွာသားတွေလည်း ထွက်လာရဲပြီး ကိုထွန်းရင်ရဲ့ အသုဘကိစ္စကို ဝိုင်းဝန်းကူညီပေးကြတယ်…အသုဘ တွန်းလှည်းကြီးကို ရွာပြင် င်္သချိုင်းမှာ ပြန်ထားဖို့ တွန်းပြီး ရွှေ့ကြပေမယ့်… ဘယ်လိုမှ တွန်းမရဘူး ဖြစ်နေတယ်…

ရွာကျောင်းဆရာတော်ဆီ အပြေးအလွှားနဲ့သွားပြီး ညက ဦးထိန်ကိစ္စနဲ့ ကိုထွန်းရင်ကိစ္စ နောက်တော့ တွန်းလှည်းကြီးတွန်းမရတဲ့ ကိစ္စတွေကို လျှောက်တင်ကြတော့…ဆရာတော်ရဲ့ မျက်နှာပျက်သွားပြီး မကြည်မသာနဲ့ပဲ ကိုထွန်းရင်ရဲ့ အသုဘအိမ်ကို ကြွလာတယ်…

ဆရာတော်ကြီး ကိုထွန်းရင် အိမ်ရောက်တော့… ချက်ချင်း သရဏဂုံတင်ပေးပြီး…ကိုထွန်းရင်ရဲ့ အလောင်းကို တွန်းလှည်းပေါ်တင်ပြီး တွန်းတော့မှ တွန်းလှည်းကြီးက တွန်းလို့ရတော့တယ်…

ဆရာတော်ကပဲ…ကိုထွန်းရင်ရဲ့ အလောင်းကို တစ်ခါတည်း ရွာပြင် င်္သချိုင်းကို ရွေ့ထားကြဖို့နဲ့…နေ့မကူးခင် တစ်ခါတည်း သဂြိုလ်လိုက်ကြဖို့ မိန့်တာနဲ့ ဆရာတော်ရဲ့ စကားအတိုင်း ဆောင်ရွက်လိုက်ကြတယ်….

ကိုထွန်းရင်ကို သဂြိုလ်ပြီးတာနဲ့ ကြောက်လန့်နေကြတဲ့… ရွာသူရွာသားတွေက..ဆရာတော့်ကို…ဦးထိန်ကိစ္စကို ကူညီဖြေရှင်းပေးဖို့ လျှောက်တင်ကြတယ်…

ဆရာတော်က သတ္တဝါတစ်ခု ကံတစ်ခုပဲ ဒါကာတို့… မင်းတို့ ပြုတဲ့ ဒဏ်မင်းတို့ပြန်ခံရတော့မယ်…ဘုရားတရား မြဲကြပါ… ဦးထိန်နဲ့ သေသူတွေကို ရည်စူးပြီး ကုသိုလ်ကောင်းမှု့တွေလုပ်ကြပါ…အမျှအတန်းဝေပေးကြပါ…မေတ္တာပို့ပေးကြပါလို့… မိန့်ပြီး မျက်နှာမသာမယာနဲ့ ကျောင်းပေါ်ပြန်ကြွသွားပြီး ဘာစကားမှ ထပ်မပြောတော့ပဲ ဘုရားရှစ်ခိုး မေတ္တာပို့ နေတော့တယ်….

######

ပထမဆုံး သုဘရာဇာကြီး ဦးထိန်ရဲ့ အငြိုးကြောင့် စျေးဦးပေါက်သွားသူက ကိုထွန်းရင်..

ဒါပေမယ့် အဲဒီကိစ္စက ကိုထွန်းရင်နဲ့တင် ပြီးမသွားခဲ့ပါဘူး…

အပတ်စဉ်သောကြာနေ့ ည ၁၂နာရီထိုးတိုင်း… ခွေးအူသံတွေကြားရပြီးပြီဆိုတာနဲ့…တွန်းလှည်းကြီးကို တွန်းပြီး ရွာထဲကိုဝင်ဝင်လာတတ်တဲ့…သုဘရာဇာကြီး ဦးထိန်နဲ့…သူ့ရဲ့ တွန်းလှည်းပေါ်က ခင်ခင်ထားကို တွေ့ကြရပြီး…တွန်းလှည်းတွန်းသံပျောက်သွားတိုင်း ရွာထဲက အိမ်တစ်အိမ်မဟုတ် တစ်အိမ်ဆီက လူသေလို့ အော်ဟစ်ငိုကျွေးသံတွေ ထွက်လာတတ်တယ်…

အဲဒီလို ငိုသံထွက်လာပြီဆိုတာနဲ့ သွားကြည့်စရာမလိုပဲ…ဦးထိန်ရဲ့ အသုဘလှည်းကြီးက အဲဒီ ငိုသံတွေထွက်လာတဲ့ အိမ်ရှေ့မှာ ရပ်ထားခဲ့တယ်ဆိုတာ လူတိုင်း သိနေကြတယ်…

#######

တစ်ပတ်တစ်ယောက်နဲ့ အလှည့်ကြသေနေကြတော့…တစ်ချို့လည်း ကြောက်လန့်ပြီး ရွာပါပြောင်းပြေးကြတယ်…

ဘယ်လိုပဲ ပြောင်းပြေးပြောင်းပြေး…သောကြာနေ့ညရောက်လို့ ဦးထိန်ရဲ့ လှည်းကြီးက အဲဒီပြောင်းပြေးသွားသူတွေရဲ့ ရွာမှာကျန်ခဲ့တဲ့အိမ်ရှေ့မှာ ရပ်ထားခဲ့တယ်ဆိုရင်…အဲဒီပြောင်းပြေးသွားတဲ့ သူတွေထဲက ကြိုက်တဲ့နေရာကိုပြောင်း ပြောင်းတဲ့နေရာမှာ သေရောပဲ…

အဲလိုပြောင်းပြေးလူတွေအတွက် ပိုဆိုးတာက…လူသေယုံမကပဲ…သေသွားတဲ့ လူရဲ့အလောင်းကို မ မရ ရွှေ့မရဖြစ်နေတတ်တယ်…

အဲဒီလို မ မရ ရွှေ့မရ ဖြစ်နေလို့ တတ်သိနားလည်တဲ့ ဆရာတွေ…ဘုန်းကြီးတွေနဲ့ တိုင်ပင်ကြည့်တဲ့ အခါ…သေဆုံးသွားသူရဲ့ အဝတ်အစားတစ်စုံရယ် စီးတဲ့ ဖိနပ်ကိုယူပြီး…ကံလှရွာမှာ ကျန်နေခဲ့တဲ့ သူတို့အိမ်အဟောင်းရှေ့မှာ ရပ်ထားတဲ့ ဦးထိန်ရဲ့ တွန်းလှည်းကြီးပေါ် သွားတင်မှ တွန်းလှည်းကြီးကိုလည်း ရွာပြင် င်္သချိုင်းကို ပြန်ရွှေ့လို့ရကြပါတယ်…

တခြားနေရာမှာ သေသွားသူတွေရဲ့ အဝတ်အစားအသုံးဆောင်တွေကိုလည်း ကံလှရွာပြင် င်္သချိုင်းကုန်းမှာ အရင်မီးရှို့ သဂြိုလ်ပေးရတယ်… အဲဒီလို လုပ်ပေးမှ သေသူရဲ့ အလောင်းကို မလို့ ရွှေ့လို့ ရပြီး သေသူသေဆုံးသွားတဲ့ သက်ဆိုင်ရာ ရွာမှာ သဂြိုလ်လို့ရပါတယ်…

######

ကံလှရွာက ပြောင်းပြေးတာတောင်…အဲဒီလို အဖြစ်ဆိုးတွေ ကြုံနေရတယ်ဆိုတော့ ဘယ်သူမှ ထပ်မပြောင်းပြေးရဲတော့ဘူးပေါ့…

အထက်ပါကိစ္စတွေက အပတ်စဉ်သောကြာနေ့တိုင်း ဖြစ်ဖြစ်နေတာဆိုတော့ ကံလှရွာလေးဟာ အရင်လို နေချင်စရာမကောင်းတော့ဘူး…ရွာသူရွာသားတွေထဲက ကလေးကအစ လူကြီးပါမကျန်နောက်အပတ် သောကြာနေ့ည ရောက်ရင် ငါသေရတော့မှာလားဆိုတဲ့ အတွေးနဲ့ အသက်ရှင်နေကြရတာဆိုတော့… စိတ်ဆင်းရဲ ကိုယ်ဆင်းရဲပြီး ကျန်းမာရေးပါ ထိခိုက်လာကြတော့တယ်…

သုဘရာဇာကြီး ဦးထိန်ကိစ္စနဲ့ ကံလှရွာအကြောင်းကို ရွာနီး ချုပ်စပ်ပါမက…မြို့ပေါ်က လူတွေပါ သိကုန်ကြတယ်…

တတ်သိနားလည်တဲ့ ဆရာတော်တွေ … အထက်လမ်းဆရာကြီးတွေကပါ ကံလှရွာလေးကို ကယ်တင်ဖို့ရောက်လာကြပေမယ့်…

ရွာသားတွေ ကိုယ်တိုင်က အမှားကျူ းလွန်ထားခဲ့သလို… သူတို့သတ်လို့ သေသွားရတဲ့ သုဘရာဇာကြီး ဦးထိန်ရဲ့ အငြိုးအတေးကလည်း အရမ်းကြီးနေတော့…ဘယ်လိုမှ ကူညီဆောင်ရွက်ပေးလို့မရဘူးဖြစ်နေတယ်…

အငြိုးအတေးကြီးရဲ့ မကျွတ်မလွတ်သူ ဦးထိန်က ခင်ခင်ထားရဲ့ ဝိဥာဉ်ကိုပါ ဖမ်းချုပ်ထားပြီး ဘဝပေးမကူးဘူး တဲ့… နင့်ကြောင့် ငါ ဒီလိုသေရတာဆိုပြီး …ခင်ခင်ထားကိုပါ အငြိုးအတေးထားခဲ့တယ်…

ဦးထိန်ရဲ့ ဝိဥာန်နဲ့ ဆက်သွယ်ပြီး မေတ္တာရပ်ခံကြတာတွေ…ဘယ်လိုလုပ်ပေးမှ ကျေနပ်နိုင်မှာလဲ ဆိုတာတွေကို မေးမြန်းပြီး နားချဖျောင်းဖျတော့…

ဦးထိန်က ဘာပြန်ပြောသလဲဆိုတော့…

သူ့ကို သတ်နေတဲ့ အချိန်မှာ ရှိနေတဲ့ ရပ်ကြည့်နေကြတဲ့…ဝိုင်းသတ်ကြတဲ့ လူတွေ အကုန်သေမှ ဒီကိစ္စပြီးမယ်…အဲဒီလူတွေထဲမှာ သူ့ကို သတ်နေတုန်းက တားတဲ့ ဆရာတော်နဲ့ တခြားကျန်တဲ့ ရွာသားတစ်ချို့ကိုပဲ အသက်ချမ်းသာပေးမယ် တဲ့ လေ…

ဦးထိန်စကားကြားရတော့ ခက်ပြီပေါ့…ဦးထိန်ကို ဝိုင်းသတ်တဲ့ အချိန်မှာ ရှိနေကြတာက တစ်ရွာလုံးနီးပါးပဲ ဆိုတော့…အဲဒီလို မလုပ်ပါနဲ့ တစ်ခြားနည်းလမ်းရွေးပြီး သက်ညှာပေးဖို့ ထပ်ပြီး တောင်းပန်ကြရပြန်တယ်…

ရွာသားတွေကလည်း သူတို့ အမှားကို တောင်းပန်ပြီး ခွင့်လွှတ်ဖို့ ပြောကြတယ်…နောက်ဆုံး ဦးထိန်က အလျော့ပေးလိုက်လျောပြီး သူ့ကို သတ်ချိန်မှာ သူရောက်နေတဲ့ အသက်အရွယ်တိုင်း ကံလှရွာမှာ သူ့ကို သတ်စဉ်က ပါခဲ့သူတွေထဲက ကံဆိုးသူတွေ သေရမယ်…အဲဒီထက် ထပ်မလျော့နိုင်ဘူး လို့ ပြောလာတယ်….

ခက်တာက ဦးထိန်က သူ့အသက်ဘယ်လောက်မှာ သေသွားတယ်ဆိုတာ ပြောမပြသွားသလို…သိနေကြတဲ့ ဆရာကြီးတွေကိုလည်း မပြောပြဖို့ တားထားတယ်…

အဲဒီလို ညှိပြီးနောက်ပိုင်း ဦးထိန်ရဲ့ ဝိဥာဉ်ကို ပြန်ခေါ်လို့ကို မရတော့ပါဘူး…ဘယ်လိုခေါ်ခေါ် မလာဘူး…မလာတာကို အတင်းခေါ်လို့ စိတ်ဆိုးပြီး သူ့စိတ်ပြောင်းသွားမှာလည်း စိုးလို့ ထပ်မခေါ်ကြတော့ပါဘူး…

ပြောဖို့ မေ့သွားတာက ဦးထိန် ကလဲ့စားချေပြီး ပြန်သတ်တဲ့ သေအောင်လုပ်တာကို ခံရတဲ့ လူတွေထဲက ပထမဆုံး သေသွားတဲ့ လူ ၃ယောက်ဟာ ခင်ခင်ထားကို င်္သချိုင်းထဲ ခေါ်လာပြီး အဓ္ဓမ ကျင့်သတ်သွားတဲ့ သူတွေလို့ ဦးထိန်ဝိဥာဉ်ကိုခေါ်မေးတုန်းက ပြောသွားတယ်…

#####

ဦးထိန်ရဲ့ အသက်ကို အတိအကျ မသိလို့ ခန့်မှန်းကြည့်ကြတော့ ၅၀ ဝန်းကျင်လို့ ခန့်မှန်းကြတယ်…

ဦးထိန်သေပြီး ဦးထိန်တွန်းလှည်းရပ်လို့ သေသွားခဲ့ကြသူတွေက ၁၂ယောက်ပဲ ရှိသေးတော့… နောက်ထပ် လူ၄၀ကျော် ဒါမှ မဟုတ် လူ၄၀နီးပါး ကျန်နေသေးတယ်ဆိုပြီး… နောက်ထပ်သေပေးရမယ့် လူတွေဟာ ဘယ်သူဖြစ်မလဲ မသေချာတော့ စိတ်ဆင်းရဲနေကြရပြန်တယ်…

ဆရာတော်ကြီးတွေက စိတ်ဆင်းရဲနေယုံနဲ့ မပြီးကြောင်း…ဘုရားတရား လုပ်ပြီး ကုသိုလ်ကောင်းမှု့တွေ များများလုပ်ဖို့ တိုက်တွန်း မိန့်ကြားလို့… အဲဒီ အဖြစ်အပျက် ဖြစ်နေစဉ်မှာပဲ ကံလှရွာ တစ်ရွာလုံး…သတ်သတ်လွတ်စားကြတယ်…ဘုရားတရား အလှူ အတန်းတွေ လုပ်ကြတယ်…

ဦးထိန်နဲ့ ညှိပြီး နောက်ပိုင်းနောက်ထပ် လူ ၃ယောက် တိတိ ဦးထိန်ရဲ့ တွန်းလှည်းကြီးကြောင့် သေဆုံးသွားကြပေမယ့်…၁၅ယောက်ပြည့်ပြီး နောက်ပိုင်းမှာတော့… သောကြာနေ့ညတိုင်း ကံလှရွာသားတွေ ကြားနေရတဲ့ တွန်းလှည်းကြီးသံကို မကြားရတော့သလို…လူတွေလည်း ထပ်မသေကြတော့ပါဘူး….

ဦးထိန်ကြီးတစ်ယောက် စိတ်ကူးပြောင်းသွားတာလား…ဒါမှ မဟုတ် ကျွတ်လွတ်သွားတာလား…အငြိုးတွေ ကလဲ့စားတွေရဲ့ ပူလောင်မှု့ကို နားလည်သွားတာလား…ဘုရားတရားမြဲလာကြတဲ့ ကံလှရွာသားတွေကို မြင်ပြီးပဲ သူ့အငြိုးတွေကို ဖြေလျှော့လိုက်လေသလားဆိုတာကိုတော့ တိတိကျကျ သိသူမရှိကြပါဘူး….

အထက်ပါ ဖြစ်ရပ်တွေဖြစ်ခဲ့ပြီးနောက်ပိုင်းကစလို့ ယနေ့အချိန်အထိ ကံလှရွာလေးမှာ နေထိုင်ကြသူ ရွာသူရွာသားတွေဟာ သတ်သတ်လွတ်ပဲ စားကြတော့သလို… ဘုရားတရားကိုင်းရှိုင်းပြီး ဘာသာရေးအရမ်းလိုက်စားကြသူတွေ အဖြစ် ဆက်လက်နေထိုင်လျှက်ရှိကြပါတော့တယ်….

#######

ပြီးပါပြီ….

လေးစားလျှက်…မရဏဖွား

#crd