အစာတောင်းတဲ့သရဲကြီး

“အစာတောင်းတဲ့ သရဲကြီး”📖📖📖

***** ******

လောကမှာ လုပ်သင့်လုပ်အပ်တာ ရှိသလို၊ မလုပ်သင့်တာတွေလည်း အများသားပါ။ လူဆိုတာ ကံမြင့်နေချိန်မှာ အကြောင်းမဟုတ်ပေမဲ့ ကံနိမ့်သွားချိန်မှာတော့ အရင်ဦးဆုံး ထိခိုက်မှာက မိမိကိုယ်တိုင်ပါပဲ။ နောက်တော့ ပရလောက ဆိုတာဟာလည်း သူ့စည်းကိုယ့်စည်းဆိုတာ ရှိနေပါတယ်။ မှန်တာပြောရရင် ပရလောကသားတွေဟာ တကယ့်ကို စည်းနဲ့နေကြတာပါ။ သူ့ကို မစော်ကားရင် အကြောင်းမဟုတ်ပေမဲ့ စော်ကားမိရင်တော့ အန္တရာယ်များလှပါတယ်။

ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ။ ကိုယ့်ဘာသာကိုယ် အေးအေး ချမ်းချမ်းနေတာ မကောင်းပေဘူးလား။ မီးဆိုတာ ပူပါတယ်။ ကိုင်ကြည့်ရင် ပူမှာက အသေအချာပါပဲ။

ဒီဝတ္တုလေးမှာလည်း ပရလောကအကြောင်းကို သိပေမဲ့ အရဲကိုးမိတော့ ခြောက်ခြားဖွယ် ကြုံခဲ့ရတဲ့ လူတစ်ယောက်အကြောင်းပါ။ မယုံကြည်ရင်နေ အရဲကိုးပြီး မလုပ်တာ မလုပ်အပ်ကြောင်းကို ဖော်ပြလိုက်ရပါတယ်။

********** **********

ရိုးမတော အနီးမှာတော့ စဥ့်ကူးဆိုတဲ့ ရွာလေးတစ်ရွာ ရှိပါတယ်။ အိမ်ခြေက ၁၀၀ ကျော်လောက်တော့ ရှိပြီး ရိုးမနဲ့ နီးလေတော့ သစ်ခုတ်ဝါးခုတ်ကအစ တောတောင်ကိုပဲ အမှီသဟဲ ပြုနေရတာပါ။ ဒီရွာလေးမှာလည်း ရွာလူကြီး ဦးသာမြဆိုတာက တကယ့် လူအေးကြီး တစ်ဦးရယ်ပါ။ မသောက်မစားနဲ့ ရွာကိုအုပ်ချုပ်လာတာက အတော့်ကို ကြာနေပါပြီ။ သူ့လက်ထပ်မှာ ခိုးဆိုး လုယက်တာတွေလည်း အနီးအနားမှာ မရှိသလောက် ရှားပါတယ်။ ဦးသာမြက လူအေးကြီးဆိုပေမဲ့ အရင်တုန်းက ပြိုင်စံမပေါ်ခဲ့တဲ့ လက်ဝှေ့သမား ဟောင်းကြီးပါ။ လူကောင်ကထွားထွား ခြေဆံလက်ဆံ ကြီးကြီးနဲ့ပါ။ ရွာလေးက သူအုပ်ချုပ်တဲ့အချိန်မှာ တော်တော်လေး ငြိမ်ဝတ်ပိပြားနေတာပေါ့။

ထိုရွာလေးမှာ ရွာလူကြီး ဦးသာမြနဲ့ အပြိုင် လက်ဝှေ့သမားဟောင်း တစ်ယောက်ဖြစ်ခဲ့တဲ့ ဦးဖိုးအေးဆိုသူလည်း ရှိပါတယ်။ သူကလည်း လူကောင် ထွားထွားနဲ့ပါ။ ဒါပေမဲ့ သူကတော့ အမြဲတစေ ဆိုးဆိုးမိုက်မိုက်နဲ့ နေလေ့ရှိသူ တစ်ဦးပါ။ တခါတရံမှာလည်း လူတွေနဲ့ ဂလန့်တိုက်နေသူ တစ်ဦးပေါ့။ သရဲတစ္ဆေဆိုလည်း မကြောက်ဘူးလို့ ကြွေးကြော်ထားသူပါ။ ဘယ်နေရာပဲ ဖြစ်ဖြစ် ဦးဖိုးအေးတို့က သွားသွားလာလာ ရှိနေသူပါ။ သရဲခြောက်တယ် လို့နာမည်ရှိနေတဲ့ နေရာတွေကိုလည်း တစ်ယောက်ထဲ သွားလာဝံ့သူပါပဲ။

ပြီးတော့ ဦးဖိုးအေးက သတ္တဝါလေးတွေအပေါ်မှာလည်း ညှာတာတတ်သူ မဟုတ်ပါဘူး။ ကြောင်တွေ ခွေးတွေကအစ သူ့အရှေ့မှာ မျက်စိရှုပ်နေတာကို တွေ့လျင်ပင် ခြေထောက်နဲ့ ထထပြီး ကန်တတ်တဲ့ သူမျိုးပါ။

ထိုဦးဖိုးအေးက အသားကလည်း ဘာကြိုက်သလည်း မမေးနဲ့ အသားဟင်းမပါလျင် ထမင်းမစားသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဦးဖိုးအေးက တစ်ကိုယ်တည်း လူပျိုကြီးတစ်ယောက်ပါ။ မိန်းမ မယူပဲ နေနိုင်တာလား။ ဒါမှမဟုတ် ရွာထဲက ဘယ်မိန်းမကမှ သူ့ကို မယူတာလားတော့ မသိပေဘူးပေါ့။ ဦးဖိုးအေးရဲ့ အသက်ကတော့ ၅၀ ဝန်းကျင်နား ကပ်နေပါပြီ။ သူ့မှာ မိဘတွေလည်း မရှိကြတော့ပါဘူး။ မိဘတွေ ရှိတုန်းက ထားခဲ့တဲ့ တောခြံတွေ ငှက်ပျောခြံတွေနဲ့ လယ်တွေက အနည်းငယ် ရှိနေလေတော့ သူတစ်ယောက်ထဲအဖို့ အေးအေးဆေးဆေးတော့ နေနိုင်ပါတယ်။

ရွာလူကြီး ဦးသာမြနဲ့ ဦးဖိုးအေးတို့က နုစဥ်အခါက လက်ဝှေ့စင်ပေါ်မှာ ပညာစမ်းခဲ့ဖူးပါတယ်။ ဦးသာမြက ငယ်စဥ်ထဲက လက်ဝှေ့ထိုးခဲ့ပေမဲ့ စိတ်ကြမ်း လူကြမ်းတော့ မဟုတ်ခဲ့ပါဘူး။ ဝါသနာအရသာ ထိုးသတ်ခဲ့တာပါ။ ဦးဖိုးအေးကတော့ ငယ်စဥ်ထဲက ဆိုးမိုက်ခဲ့တာပါ။ သူ့ရဲ့ လက်ဝှေ့ပညာကြောင့်သာ လူတွေက မယှဥ်ရဲခဲ့တာပါ။ ဦးသာမြနဲ့ ဦးဖိုးအေးတို့ ငယ်ငယ်တုန်းက ပညာစမ်းခဲ့ခြင်း အကြောင်းကတော့ ဒီလိုပါ။

*****

တစ်နေ့မှာ ကိုဖိုးအေးတစ်ယောက် အရက်တွေမူးလာပြီး ရွာလမ်းအတိုင်း အော်ဟစ်ကာ လျောက်လာခဲ့ပါတယ်။ ဟိုလူ့ဆဲ ဒီလူ့ဆဲပေါ့။ ရွာထဲကလည်း သူ့ကို ကြောက်ကြတော့ သူလည်း ဂရုမစိုက်ပဲ သောင်းကျန်းနေခဲ့ပါတယ်။ သူနေတာက ရွာမြောက်ပိုင်းဖြစ်ပြီး ကိုသာမြက ရွာတောင်ပိုင်းမှာ နေတာပါ။ နှစ်ယောက်စလုံးက လက်ဝှေ့ချန်ပီယံတွေ ဖြစ်ကြပေမဲ့ မယှဥ်ဖူးခဲ့ကြပါဘူး။

ဒီလို ကိုဖိုးအေးလည်း သောင်းကျန်းလာလိုက်တာ ရွာတောင်ပိုင်းနား အထိ ရောက်လာခဲ့ပါတယ်။

“ဟေ့… ဖိုးအေးတဲ့နော်.. မိုက်တဲ့ကောင် ထွက်ခဲ့.. ငါ့လက်သီးကို စင်ပေါ်မှာ မြည်းချင်သလား ဒီမှာ မြည်းချင်သလားပြော.. ဟား.. ဟား..”

စသဖြင့် အော်ဟစ်ကာ လျောက်နေခဲ့ပါတယ်။ ဒါကို ကိုသာမြကလည်း ကြားသွားပါလေရော။ ကိုသာမြခမြာ ဒေါသထွက်သွားပေမဲ့ စိတ်ကို ထိန်းပြီး နေခဲ့ပါတယ်။ ကိုဖိုးအေးလည်း ကိုသာမြကို တွေ့သွားတဲ့အခါ စိန်ခေါ်ပါတော့တယ်။

“ဟ.. ဘယ်သူလည်းလို့ ကြည့်နေတာ သာမြပါလားကွ.. အေ့..”

“အေး ဟုတ်တယ် ဖိုးအေး.. မင်းမူးနေရင်လည်း ပြန်အိပ်ပါတော့ကွာ”

“ဘာ.. ဘာလိုပြန်ရမှာလည်းကွ.. အေ့.. ဘာလည်း မင်းက ကြောက်လို့လား”

ဒီတော့ ကိုသာမြလည်း ပြီးပြီးရောဆိုပြီး ပြန်ပြောလိုက်ပါတယ်။

“အေးကွာ ဟုတ်တယ်.. ကဲ မင်းလည်း ပြန်တော့ကွာ”

“ဟား.. ဟား.. မင်းအပိုမပြောနဲ့သာမြ.. မင်းလည်း လက်ဝှေ့သမား ငါလည်း လက်ဝှေ့သမား.. အေ့.. မင်းနဲ့ငါက အခုထိ မထိုးဖူးသေးဘူးကွ..”

ကိုသာမြလည်း ပြောမရတဲ့ အဆုံးမှာတော့..

“အေးကွာ.. ဟုတ်တယ် ဒီတော့ မင်းက ဘာလုပ်ချင်လည်း ပြော”

“ဟာ.. ကြိုက်ပြီကွာ.. ကြိုက်ပြီ.. အေ့.. မင်းနဲ့ငါ စင်ပေါ်မှာ ပညာစမ်းချင်တယ်ကွ.. အေ့.. ဖြစ်မလား”

“ဟ.. ဖြစ်တာပေါ့ကွာ.. အလောင်းအစားကရော ဘယ်လိုလည်း ပြော”

ကိုသာမြလည်း ဒေါထွက်နေတော့ မစဥ်းစားတော့ပဲ ပြောနေခဲ့ပါတယ်။ ကိုဖိုးအေးက..

“အေး.. မင်းရှုံးရင် တစ်သက်လုံး လက်ဝှေ့ထိုးတာကို စွန့်လွှတ်ရမယ်.. အေ့.. ငါရှုံးရင်လည်း ငါစွန့်မယ်.. ဘယ်နှယ့်လည်း”

ဒီလိုနဲ့ သူတို့ရဲ့ပြိုင်ပွဲက စခဲ့တာပါ။ ရှုံးသူကတော့ တစ်သက် လုံး လက်ဝှေ့မထိုးကြေးပေါ့။ ဒီတော့ သဘောတူပြီး နောက်တစ်ပတ်လောက်မှာပဲ ရွာအဝင် ကွင်းစပ်မှာ ပြိုင်ပွဲကို ပြုလုပ်ကြပါတော့တယ်။ သူတို့ရဲ့ သတင်းကိုကြားလေတော့ အနီးဝန်းကျင်ရွာက လူတွေ။ သူတို့ရွာကလူတွေ စသဖြင့် စုံလင်အောင် လာရောက် ကြည့်ရှု့ကြပါတော့တယ်။

ကိုသာမြနဲ့ ကိုဖိုးအေးဆိုတာက ရွာမှာ တကယ့်ကို လက်ဝှေ့ အကျော်အမော်တွေပါ။ ပြိုင်ဘက်ကင်းကင်းနဲ့ ထိုးသတ်လာတဲ့ နှစ်ဦးပေါ့။ ပညာချင်းမှာလည်း တန်းတူပဲလို့ လူတွေက ထင်နေကြပါတယ်။ ခန္ဓာကိုယ် အချိုးအဆစ်ကလည်း တန်းတူပါပဲ။ သူတို့နှစ်ဦးက တစ်ခါမှ ဒီလိုလည်း မထိုးခဲ့ဖူးလေတော့ အဲ့ဒီခေတ်အခါက ရွာတော်တော်များများမှာ ရေပန်းစားနေခဲ့တာပါ။

ဒါပေမဲ့ ကံကြမ္မာအလှည့်အပြောင်းက လူတွေကို မျက်လှည့်ပြနေသလိုပါ။ အကြောင်းကတော့ အဲ့ဒီပွဲမှာ ကိုသာမြတ်က အနိုင်ရခဲ့ပြီး ကိုဖိုးအေးကတော့ ရှုုံးနိမ့်ခဲ့တာပါ။ အစပိုင်းမှာတော့ သူမသာ ကိုယ်မသာ ထိုးလာခဲ့တာ နှစ်ဦးစလုံးလည်း မျက်နှာတွေမှာ သွေးတွေ ချင်းချင်းရဲနေခဲ့ပါပြီ။ နောက်ဆုံးမှာတော့ ကိုသာမြက ဘယ်လက်သီးကို အယောင်ပြပြီး ညာဝိုက်လက်သီးတစ်ချက်နဲ့ အားပါပါ ထိုးလိုက်တဲ့ အခါမှာတော့ ကိုဖိုးအေးခမြာ လဲကျပြီး ပြန်မထနိုင်တော့ပဲ အရှုံးပေးခဲ့ရပါတော့တယ်။ ကတိတည်သူတွေ ဖြစ်တဲ့အတိုင်း ကိုဖိုးအေးက နောက်ထပ် ဘယ်တော့မှ လက်ဝှေ့မထိုးတော့ပါဘူး။ ကိုသာမြကလည်း သူနိုင်ခဲ့ပေမဲ့ ကိုဖိုးအေးလို လူတစ်ယောက် ရှုံးသွားတာကို ခံစားခဲ့ရပြီး သူပါ လက်ဝှေ့ထိုးခြင်းကို အနားယူသွားခဲ့တာပါ။

ဒီလိုနဲ့ ကြာလာတဲ့အခါ ကိုသာမြကလည်း ဒီရွာလေးမှာ သူကြီး လုပ်ပြီး အုပ်ချုပ်ခဲ့ပါတော့တယ်။ သူ့ရဲ့ငယ်စဥ်က အရှိန်အဝါကြောင့် သူ့လက်ထက်မှာ လူဆိုးသူခိုးတွေ ကင်းနေခဲ့တာက ယနေ့တိုင်အောင်ပါပဲ။

~~~~~

ကဲ.. ဇာတ်လမ်းကို ပြန်စပါ့မယ်။ တစ်နေ့မှာတော့ ဦးဖိုးအေးတစ်ယောက် အသားစားချင်တဲ့ စိတ်တွေက ဖြစ်ပေါ်နေပါတယ်။ ပြီးတော့ ထူးဆန်းနေတာက သူစားချင်တဲ့ အသားကတော့ ဟောင်ကောင်သားပါ။ (ဟောင်ကောင်သားဆိုတာ သိကြတဲ့အတိုင်း ဟောင်တဲ့အကောင်ကို ဟောင်ကောင်သားဆိုပြီး ရွာမှာခေါ်ကြတာပါ။) အဲ့ဒီလို စားချင်စိတ် ဖြစ်ပေါ်နေတော့ သူလည်း ဘယ်လိုကြံရမလည်း မသိအောင် ဖြစ်နေမိပါတယ်။

ဒါနဲ့ပဲ သူ့အိမ်နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ အိမ်က ခွေးလေးတစ်ကောင်ကို အသာချော့ပြီး သူ့ရဲ့ တောခြံထဲကို ခေါ်သွားလိုက်ပါတယ်။ ခွေးလေးကတော့ သိပ်ပြီး မကြီးသေးတဲ့ အရွယ်ပါ။ ဦးဖိုးအေးလည်း ထိုခွေးလေးကို ခေါ်လာပြီး ခြံထဲရောက်တာနဲ့ အချိန်မဆိုင်းတော့ပဲ ခြံထဲမှာ အသင့်ရှိနေတဲ့ ပေါက်တူးနဲ့ ခွေးလေးရဲ့ ငယ်ထိပ်ကို တအား ထုချလိုက်တော့ ထိုအကောင်လေးခမြာ တဂိန်ဂိန်နဲ့ အော်ကာ ဒရွတ်ဆွဲလျက် အသက်ထွက်သွား ပါတော့တယ်။

အချိန်ကတော့ ညနေစောင်း မရှိတရှိ အချိန်ပါ။ တောထဲမှာဆိုတော့ အလင်းရောင်တော့ သိပ်မရှိပါဘူး။ ဒီလိုလုပ်ပြီးသွားတာနဲ့ ဦးဖိုးအေးလည်း အချိန်မဆိုင်းတော့ပဲ ဓားတစ်ချောင်းနဲ့ အသားကို ထိုင်ဖျက်နေပါတော့တယ်။

အပေါ်ယံ အရေခွံကိုတော့ ခွာပစ်လိုက်ပြီး အသားတွေကိုပဲ တဒုတ်ဒုတ်နဲ့ ခုတ်ထစ်နေပါတော့တယ်။ ဝမ်းတွင်း ကလီစာတွေနဲ့ အရေခွံကိုတော့ ခပ်လှမ်းလှမ်းမှာ ခန ပစ်ထားလိုက်ပါတယ်။ ညနေစောင်းအချိန် တောထဲမှာ သွေးသံရဲရဲနဲ့ အသားဖျက်နေတဲ့ ပုံကို အသည်းငယ်သူတွေ တွေ့ရှိသွားပါက လန့်အော်ရမဲ့ မြင်ကွင်း မျိုးပါ။ ခနကြာတော့ အသားတွေ ခုတ်ထစ်ပြီးသွားပါတယ်။ ဒီတော့ ဦးဖိုးအေးလည်း သွေးတွေကို ပြောင်စင်အောင် ဆေးကြော လိုက်ပါတယ်။ ပြီးတာနဲ့ မီးဖိုကာ တစို့ထိုးလျက် မီးကင်ပါတော့တယ်။

ဒီလိုနဲ့ အချိန်လည်း အတော်ကြာလာတော့ အသားကင်ဆီက မွှေးရနံ့တွေက ထွက်ပေါ်လာပါတော့တယ်။ ဒီတော့ ဦးဖိုးအေးလည်း ခြံထဲမှာ ထားတဲ့ အရက်ပုလင်းတွေထဲက တစ်လုံးကို သွားယူပြီး ခွေးသားကင်နဲ့ အရက်နဲ့ မြည်းကာ ဇိမ်ကြ နေပါတော့တယ်။ ဒီလို စားသောက်နေခဲ့တာ အတန်ကြာလာတော့ မှောင်လည်း မှောင်လာပြီပေါ့။ ဒါနဲ့ မီးအိမ်ကိုယူကာ မီးထွန်းလျက် ထပ်မံပြီး စားသောက်နေခဲ့ပါတယ်။ သူလည်း ခွေးသားစားချင်နေတဲ့ အာသီသက တော်တော်လေး ဆိုးနေလေတော့ အားရအောင် စားသောက်နေခဲ့တာပါ။ သူ့ရဲ့ခြံက ရွာနဲ့ အတန်ငယ် ဝေးနေတော့ ဘယ်သူမှလည်း မသိကြဘူးပေါ့။

ဒီလို စားသောက်နေတုန်းမှာပဲ တောထဲကနေ သစ်ရွက်ခြောက်တွေကို နင်းဖြတ်လာတဲ့ ခြေသံကို ကြားလိုက်ရပါတယ်။ ဦးဖိုးအေးလည်း ဒီလို တောထဲမှာ ကြားရတဲ့ ခြေသံက လူတစ်ယောက် မဟုတ်နိုင်ဘူး ဆိုတာကို သတိထားလိုက် မိပေမဲ့ ကိုယ်တိုင်က မကြောက်တတ်လေတော့ အေးအေးလူလူသာ နေခဲ့ပါတယ်။ စိတ်ထဲမှာတော့ ဒီအချိန်မှာ ကြားလိုက်ရတဲ့ခြေသံက သာမန်မဟုတ်ဘူး ဆိုတာကိုတော့ သိလိုက်ပါတယ်။

သစ်ရွက်ခြောက်တွေကို တဂျွတ်ဂျွတ်နဲ့ နင်းလာတဲ့ ခြေသံက သူ့ရဲ့ အနီးကို ရောက်လာတဲ့အခါမှာတော့ ရပ်သွားပါတော့တယ်။ ဦးဖိုးအေးလည်း လှမ်းကြည့်လိုက်တော့ မှောင်မှောင်မဲမဲက လွဲပြီး ဘာမှတော့ မတွေ့ရပါဘူး။ ဒီအချိန်မှာပဲ သူနဲ့ မနီးမဝေးကနေ…

”ငါ့… ကို… လည်း… နည်း… နည်း… ကျွေး”

ဆိုပြီး အသံဩဩကြီးကို ရုတ်တရက် ကြားလိုက်ရပါတယ်။ ဦးဖိုးအေးလည်း ဒီလိုကြားလိုက်ရတော့ နည်းနည်း လန့်သွားပေမဲ့ ခပ်ပေပေနဲ့ ဂရုမစိုက်ပဲ အေးဆေးစွာ ဆက်ပြီး စားသောက်နေခဲ့ပါတယ်။ ဒီတော့ ထိုအသံကြီးက အနီးနားကနေ ထပ်မံပြီး ပေါ်ထွက်လာပြန်ပါတော့တယ်။

”ငါ့… ကို… လည်း… ကျွေး… အုန်း… ငါ… လည်း… စား… ချင်… တယ်”

လို့ အသံဩဩ ကြီးကို ထပ်မံ ကြားလိုက်ရ ပြန်ပါတယ်။ ဒီတစ်ခါမှာတော့ ဦးဖိုးအေးလည်း ကြက်သီးနည်းနည်းတော့ ထသွားမိပါတယ်။ ဒီတော့ ပြီးပြီးရော ဆိုပြီး အသားကင် တစ်တုံးကို အရှေ့ခပ်လှမ်းလှမ်းမှာပဲ လှမ်းပစ်ပြီး ကျွေးလိုက်ပါတယ်။ ထိုအခါ ထိုအသားတုံးကို အမှောင်ထဲကနေ လက်မဲမဲကြီး တစ်ဖက်က ထွက်လာပြီး ဆွဲယူသွားတာကို ထိတ်လန့်ဖွယ်ရာ တွေ့လိုက်ပါတယ်။

ဒီလိုမျိုး အနီးကပ်မြင်လိုက်ရတော့ ဦးဖိုးအေးလည်း စိတ်ထဲမှာ အနည်းငယ်တော့ လန့်သွားမိပါတယ်။ ပြီးတော့ သူပစ်ပေးလိုက်တဲ့ အသားတုံးကို အရိုးပါမကျန် ကိုက်စားနေတဲ့ ဂျိုးဂျိုးဂျွတ်ဂျွတ် အသံတွေကိုပါ ဆက်တိုက် ကြားလိုက်ရပါတယ်။ သူ့လည်း တစ်သက်နဲ့တစ်ကိုယ် ဒါမျိုး တစ်ခါမှလည်း မကြုံခဲ့ဖူးပါဘူး။ သရဲဆိုတာကို ကြောက်စရာ မဟုတ်ဘူးဆိုပြီးလည်း တွေးထားခဲ့တာပါ။

အရင်ကလည်း ညဘက်တွေမှာ မူးပြီးပြန်လာရင် အရိပ်လိုလို အသံလိုလိုတွေတော့ ကြားနေမိပါတယ်။ ဒါကလည်း ကြောက်စရာ မဟုတ်တဲ့အတွက် သူ့မှာ အေးအေးဆေးဆေး ဘာသိဘာသာ နေနေခဲ့တာပါ။ အခုတော့အကောင်အထည်ကိုပါ ထင်ထင်ရှားရှားကြီး မဟုတ်ပေမဲ့ တွေ့နေခဲ့ပါပြီ။ စိတ်ထဲမှာတော့ မဖြစ်စဖူး ကြောက်ရွံ့စိတ်တွေက ဝင်ရောက်လာခဲ့ပါတော့တယ်။

ထို့နောက်မှာတော့ ဆက်လက်ပြီး အသံဩဩကြီးက ထပ်မံ ထွက်ပေါ်လာပြန်ပါတယ်။

”ငါ… မ… ဝ… သေး… ဘူး… ထပ်… ပေး… အုန်း”

ဆိုပြီး ထပ်ပြောလာပါတယ်။ ဦးဖိုးအေးလည်း စိတ်ထဲက ကြက်သီးတွေ အနည်းငယ်ထပြီး နည်းနည်းလည်း လန့်နေလေတော့ ပြောတဲ့အတိုင်းပဲ နောက်ထပ် အသားတုံးတစ်တုံးကို ထပ်ပြီး ပစ်ကျွေးလိုက်ပြန်ပါတယ်။ ထိုအခါမှာလည်း ဂျိုးဂျိုးဂျွတ်ဂျွတ်နဲ့ ကိုက်ဝါးနေတဲ့ အသံကြီးကို ထပ်ပြီး ကြားလိုက်ရပြန်တယ်။

ဒီအချိန်မှာပဲ ဦးဖိုးအေးလည်း ရဲဆေးတင်တဲ့ အနေနဲ့ အရက်တစ်ငုံကို ကောက်မော့ကာ စကား လှမ်းပြောလိုက်ပါတယ်။

”ဟေ့… ဒါကုန်ရင်တော့ ထပ်မကျွေးနိုင်တော့ဘူး… ဟိုးအရှေ့နားမှာ အူတွေနဲ့ အရေခွံတွေရှိတယ်… စားချင်ရင် အဲ့ဒီမှာ သွားစားတော့”

ဆိုပြီး လှမ်းအော် ပြောလိုက်ပါတယ်။ စိတ်ထဲမှာတော့ မဝံ့မရဲတော့ ဖြစ်နေတာပေါ့။ ဒါပေမယ့် စိတ်ကို တင်းထားပြီးတော့ ပြောလိုက်တာပါ။ ဒီတော့ ခနကြာတဲ့အခါမှာ အရေခွံတွေနဲ့ ဝမ်းတွင်းသားတွေ စုပုံထားရာဆီသို့ နင်းလျောက်သွားတဲ့ ခြေသံကြီးကို ကြားလိုက်ရပါတယ်။ ဦးဖိုးအေးလည်း နားစွင့်နေလိုက်တဲ့ အခါ ထိုနေရာကနေ တဟင်းဟင်းနဲ့ ညည်းသံတွေ၊ ပလုပ်ပလောင်းနဲ့ စားနေတဲ့ အသံတွေကိုပါ ထပ်မံပြီး ကြားလိုက်ရပါတော့တယ်။

ဒါနဲ့ပဲ ဦးဖိုးအေးလည်း ဘယ်လိုအကောင်လည်းဆိုတာကို ကြည့်ချင်လာတဲ့ စိတ်တွေက ဖြစ်ပေါ်လာပြီး စိတ်ထဲမှာတော့ ကြောက်နေမိပေမဲ့ ဒီလိုမျိုး အကောင်အထည်ကိုတော့ တစ်ခါမှ မမြင်ဖူးလေတော့ ကြည့်ချင်နေမိခဲ့တာပါ။ ဒီတော့ ဘာပဲဖြစ်ဖြစ် သွားကြည့်မယ်ဟု စိတ်ကူးလိုက်ပြီး ဓာတ်မီးကိုယူကာ ထိုနေရာအထိတော့ မသွားပဲ ခပ်လှမ်းလှမ်းအထိ သွားကာ မီးနဲ့ဖျပ်ခနဲ ထိုးကြည့်လိုက်ပါတော့တယ်။

ထိုအခါမှာတော့ ထိုအကောင်ကြီးက ဝမ်းတွင်းသားတွေ အရေခွံတွေကို စားနေရင်း မီးရောင်ကြောင့် အနောက်ကို လှည့်ကြည့်လိုက်ပါတော့တယ်။ ဒီအခါမှာတော့ ဦးဖိုးအေးလည်း သွေးပျက်ဖွယ်ရာ ပုံစံမျိုးကို မျက်ဝါးထင်ထင်ပဲ မြင်တွေ့လိုက်ရပါတော့တယ်။

သွေးသံရဲရဲနဲ့ အူတွေ အသည်းတွေကို လက်ကြီးနဲ့ ကိုင်ပြီး ပလုပ်ပလောင်း ကိုက်စားနေတဲ့ အစွယ်ပြူးပြူးကြီး ကြောက်စရာ အကောင်ကြီး တစ်ကောင်ကို မြင်လိုက်ရပါတယ်။ မျက်လုံးနှစ်လုံးက အပြင်ထိ ပြူးထွက်နေကာ နှာခေါင်းနေရာမှာ ဘာမှမရှိပဲ ချိုင့်ခွက်ကြီးပဲရှိနေတဲ့ မျက်နှာကြီးနဲ့ တစ်ကိုယ်လုံး အမွှေးအမြင်တွေ ဖုံးနေတဲ့ ထိတ်လန့်စရာ အကောင်ကြီး တစ်ကောင်ကို မြင်တွေ့နေရပါတယ်။ ထိုအကောင်ကြီးက အူတွေကို လက်ကြီးနဲ့ ကိုင်ထားပြီး သွေးသံရဲရဲနဲ့ စားနေတာပါ။

ဒီလို မြင်လိုက်ရတဲ့ အခါမှာတော့ ဦးဖိုးအေးလည်း ကြက်သီးတွေ တဖြန်းဖြန်းထလာပြီး ခေါင်းတွေလည်း ကြီးလာသလို ခံစားလိုက်ရပါတယ်။ ရုတ်တရက်လည်း ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိအောင် ဖြစ်သွားမိပါတော့တယ်။

ထိုအခိုက်မှာပဲ ထိုအကောင်ကြီးက အူတွေ အရေခွံတွေကို ကိုက်စားနေရင်းနဲ့ သူ့ဘက်ကို ရုတ်တရက် လှည့်လာခဲ့ပြီး သူရပ်နေတဲ့ဆီကို ခြေလှမ်းကြဲကြီးတွေနဲ့ လျောက်လာတာကို မြင်တွေ့လိုက်ရလေတော့ ဦးဖိုးအေးခမြာ တစိမ့်စိမ့်နဲ့ သွေးကြောတွေ ထောင်လာသလို ဖြစ်လာခဲ့ပါတယ်။ သူလည်း ထပြေးဖို့ ပြင်လိုက်ပေမဲ့ ထူးဆန်းစွာပဲ ပြေးလို့မရခဲ့ပါဘူး။ ခြေထောက်ကို တစ်ခုခုက ဆွဲထားသလို ဖြစ်နေခဲ့တာပါ။ ထိုအချိန်မှာပဲ ထိုအကောင်ကြီးဆီမှ အသံဩဩကြီးက ပေါ်ထွက်လာပါသေးတယ်။

“အ… သား… တွေ… ကျွေး… ပါ… ငါ… မ… ဝ… သေး… ဘူး”

ပြောလာတဲ့ အသံကြီးကလည်း တကယ့်ကို ကြောက်စရာကြီးပါ။ လက်ထဲမှာကလည်း အရေခွံတွေ အူတွေကို ကိုင်ထားပြီး အသားလိုချင်ကြောင်းကို ထပ်ပြောနေခြင်းပါ။ ပါးစပ်ထဲကလည်း သွေးလိုလို အရည်တွေကလည်း စီးကျနေပါတယ်။ မျက်လုံးပြူးပြူးကြီးကလည်း ပိုပြီး ကြီးနေသလိုပါပဲ။ ဒီတော့ ဦးဖိုးအေးလည်း မနေနိုင်တော့ပဲ အနည်းငယ်ကျန်သေးတဲ့ အသားကင်ကို လှမ်းပြလိုက်ပါတယ်။

“ဟို… ဟိုမှာ စားသွားပါ”

ဆိုပြီး ညွှန်ပြလိုက်ပါတယ်။ ဒီတော့ ထိုအကောင်ကြီးကလည်း ခြေလှမ်းကြဲကြီးနဲ့ အသားကင်ရှိရာကို သွားနေတာကိုလည်း မြင်နေရပါတယ်။ ဒီတော့မှ သူလည်း ဘုရားတရားတကာ အတင်းကို ရုန်းကုန်လိုက်ကာမှ ပြေးလို့ရသွားပါတော့တယ်။ ဒီတော့ အမယ်လေးဟု အော်ကာ ထိုနေရာကနေ တချိုးထဲ ရွာထဲကို ပြေးလာခဲ့ပါတော့တယ်။

ရွာထဲကို မောကြီးပန်းကြီးနဲ့ ပြေးချလာတဲ့ ဦးဖိုးအေးကို ရွာကလူတွေက ဝိုင်းမေးကြတော့ ဦးဖိုးအေးတစ်ယောက် ဘာမှတောင် မပြောနိုင်သေးပဲ ရင်ဖတ်ကြီးက ဖားဖိုကြီးလို ပိန်လိုက်ဖောင်းလိုက်နဲ့ အသက်ကို အမောတကော ရှူသွင်းနေရပါတယ်။ ဒီတော့ အသက်ကြီးကြီး အဖိုးကြီးတစ်ယောက်က ဒါ တောထဲကနေပြေးလာတာဆိုတော့ ဧကန ကြောက်လန့်စရာ တစ်ခုခုနဲ့ တွေ့လာတာပဲ ဖြစ်မယ်ဆိုပြီး ပုတီးတစ်ကုံးနဲ့ ပရိတ်ရေကို ပြေးယူကာ ဦးဖိုးအေးကို ပရိတ်ရေတွေနဲ့ လောင်းချပေးကာ ပုတီးကိုလည်း လည်ပင်းမှာ စွပ်ပေးလိုက်ပြီး ပရိတ်ရေကို သောက်ခိုင်းပါတော့တယ်။

ဒီတော့မှ ဦးဖိုးအေးလည်း အမောပြေ အကြောက်ပြေကာ ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောပြလိုက်လေတော့ ကြားရသူတွေကဟင်တွေ ဟာတွေ ဖြစ်သွားကြကာ အံ့ဩကုန်ကြပါတယ်။

ခနလောက်နေတော့ ဒီသတင်းကြောင့် ရွာလူကြီး ဦးသာမြတ်ပါ ရောက်လာခဲ့ပြီး သူ့ကို ဒီလိုမျိုး နောက်မလုပ်ဖို့ကို ပြောဆို ဆုံးမပါတော့တယ်။ ဒါမျိုးက အခန့်မသင့်ရင် လိပ်ပြာပါ လွင့်နိုင်ကြောင်းကို ပြောပြခဲ့တာပါ။

ထိုအချိန်ကစလို့ ဦးဖိုးအေးတစ်ယောက်လည်း ကြောက်စိတ်တွေဝင်လာကာ ထိုသို့ အပြုမူတွေ ရိုင်းစိုင်းတာတွေ မလုပ်သင့် မလုပ်ကောင်းတာတွေကို ထပ်ပြီး မလုပ်တော့ပါဘူး။

ဒီအဖြစ်ကတော့ အသက်ပါသေသွားနိုင်ကြောင်းကိုတွေးမိပြီး သူလည်း တော်တော်ကို ကြောက်လန့်ခဲ့ရပါတယ်။ ဒီအချိန်ကစပြီး ဦးဖိုးအေးလည်း သူတို့ရွာမှာ ကောင်းကောင်းမွန်မွန်နဲ့ပဲ နေခဲ့ပါတော့တယ်။

*********
..ပြီးပါပြီ..

စာရေးသူ= လင်းစက်ရာအားလေးစားလျက်