အစိမ်းသေမယားငယ်မ

*အစိမ်းသေမယားငယ်မ*📖📖📖

*******************************

ကျွန်တော်တို့အသက်က ပြောရရင် မငယ်တော့ပါဘူး။ အသက်( ၄၀ )ကျော် ဘီးကျဲအရွယ်ပေါ့။ အရင်းနှီးဆုံးသူငယ်ချင်းသုံးယောက်တည်း သွားသွားလာလာရိုင်းပင်းကူညီတယ်ပြောပါတော့။

ဒီနေရာမှာပြောချင်တာက ကျွန်တော်တို့သုံးယောက်
လုံးက အိမ်ထောင်သည်တွေ။ ကလေးတွေနဲ့ မိ
သားစုကိုယ်စီရှိကြတယ်။ ဒါပေမယ့် အငယ်အ
နှောင်းလည်းကိုယ်စီရှိတယ်ဗျ။

တစ်ယောက်ကို
တစ်ယောက်ဖုံးပေးဖိပေးကြလို့လည်း အတွဲညီတယ်ဆိုရမလားပဲ။ ကျွန်တော့နာမည်က ရဲဝင်း၊ ကျွန်တော့သူငယ်ချင်းနှစ်ယောက်က အောင်ကောင်း
ကျော်နဲ့ လှထွန်းအေးလို့ခေါ်တယ်။

တစ်ပတ်တစ်ခါ အငယ်လေးတွေဆီသွားချင်တဲ့အခါ အိမ်ကိုအကြောင်းအမျိုးမျိုးပြဖို့ အလှည့်ကျကူညီကြတယ်ဆိုရင်မမှားဘူး။ကျွန်တော်တို့ထဲမှာ အောင်ကောင်းကျော်ရဲ့မိန်းမကလွဲလို့ ကျန်တဲ့
မိန်းမတွေကပြဿနာသိပ်မရှာတတ်ဘူးဗျ။

သူ့မိန်းမကလူရည်နပ်တယ်။ လည်တယ်။ အပေါ်ယံလောက်သွားမလိမ်လေနဲ့။ တကယ့်ကိုအကွက်ကျကျအမှားအယွင်းနည်းမှ ရတာပဲ။ နောက်ပြီးဒီကောင်က
လည်း အငယ်သာထားချင်တာ၊ မယားကြတော့ကြောက်သား။

သူ့အတွက်ပဲခေါင်းရှုပ်နေရတာပဲဗျ။ မတော်လို့အလိမ်ပေါ်ရင် အကုန်လုံးတစီတတန်းမိမှာကိုး။

သူ့မိန်းမကဘယ်လောက်လည်သလဲဆို ကျွန်တော်တို့နဲ့အပြင်သွားမယ်၊ ညအိပ်မယ်ပြောရင် တခါခါ ဖုန်းလှမ်းဆက်တတ်သေးသဗျ။ဒီတော့ ကျွန်တော်တို့မှာလည်းအကြပ်ရိုက်ရတာပေါ့။

နောက်တော့
အထှာနပ်သွားပြီ။ တစ်ယောက်တစ်လှည့်မသွားဘဲ တစ်ရက်တည်းတူတူချိန်းသွားလိုက်ကြတယ်။ ကျွန်တော်တို့အိမ်ကိုဖုန်းလှမ်းဆက်ရင်လည်း အပြင်မှာညအိပ်တာပဲသိရမယ်မလား။

ကျွန်တော်တို့က
ညဖက် ဘော်ဒါတွေမိတ်ဆွေတွေနဲ့ အလုပ်ကိစ္စဘာညာသာရကာပြောရလို့ဖုန်းပိတ်ထားမယ့်အကြောင်းတညီတညွတ်တည်းပြောထားတာလည်းရှိတာကိုး။ ဒီတော့ တော်ရုံတော့မမိနိုင်သေးဘူးဆိုရမှာပဲ။

အဲ့ဒီညနေက ကျွန်တော်တို့ဆီ အောင်ကောင်းကျော်ဖုန်းဆက်လာတယ်။ သူ့မိန်းမက သူနဲ့အငယ်လေးနဲ့ message ပို့ထားတာကိုတွေ့သွားတယ်တဲ့။ ကျွန်
တော်တို့လည်းတိုင်ပတ်ပြီလေ။

စကားမညီလို့လည်းမရဘူး။ မသိဘူးခံငြင်းလည်းယုံမှာမဟုတ်ဘူး။ ဒီတော့အကြပ်ရိုက်ပြီးခေါင်းချင်းဆိုင်ရပြီပေါ့။ အောင်ကောင်းကျော်မိန်းမကထင်ထားတဲ့အတိုင်းပဲ ကျွန်တော်တို့ဆီဖုန်းဆက်လာတယ်။ အမှန်အတိုင်း
ပြောပြဖို့ပေါ့။ ကျွန်တော်တို့ကလည်း လိမ်ရင်
တောင်အမှန်တရားပေါ်လိမ်တာအကောင်းဆုံးလို့တွေးမိကြတယ်။

ဒီတော့ အမှန်အတိုင်းတော့မဟုတ်ဘူးပေါ့။ အောင်ကောင်းကျော်မှာ တခါတလေ
အီစီကလီအဆင့်စကားပြောတဲ့ကလေးမလေးတော့ရှိတယ်။ လွန်လွန်ကျူးကျူးပတ်သက်ကြတာမျိုးမဟုတ်ဘူးလို့ညာရတာပဲဗျ။

ဒါကို သူကဘယ်လိုများမယုံနိုင်သလဲမသိဘူး။ နောက်တစ်နေ့ဖေ့ဘုတ်ပေါ်မှာ မယားငယ်လေးပုံတွေတင်ပြီး အရှက်ခွဲပါလေရော။အောင်ကောင်းကျော်ရဲ့ မယားငယ်လေးက ငိုယိုပြီးဖုန်းဆက်လာပြန်၊မယားကြီးကလည်းသောင်းကျန်းနဲ့ ကျွန်တော်တို့မှာဘာလုပ်လို့ဘာကိုင်ရမယ်မသိဘူး။

မတော်လို့ကျွန်တော်တို့ကိစ္စပါပေါ်ကုန်ရင်မခက်လားဗျ။ အောင်ကောင်းကျော်ကတော့ ဘယ်တော့မှသစ္စာမဖောက်ဘူးပြောပြော နဲနဲတော့လန့်မိတာပဲ။ ကျွန်
တော်တို့မှာ မယားကြီးကိုပြေးဖာရ၊ မယားငယ်ကိုချော့မော့ရနဲ့ ရှင်းနေရတာ။ မယားကြီးကမယား
ငယ်အိမ်ကိုဘယ်လိုသိသွားတယ်မသိဘူး။

အိမ်အထိသွားသောင်းကျန်းတော့တာ။ မယားငယ်လေးကို ဆံပင်ဆွဲရိုက်နှက်တယ်ဆိုတာ ဗီဒီယိုဇာတ်လမ်းမှာပဲတွေ့ဖူးတာကိုး။ သူကအဝတ်အစားတွေအကုန်
ဆွဲဆုတ် ချွတ်ပစ်ပြီး လမ်းပေါ်ကို ဆံပင်ဆွဲခေါ်လာတာ။

တစ်လမ်းလုံးလူတွေအုတ်ကျတ်ကျတ်ဖြစ်ကုန်ကြတယ်။ မယားငယ်လေးလည်းတော်တော်အရှက်ကွဲသွားတာပဲ။ မယားငယ်ဖက်ကအမှုပြန်ဖွင့်မယ်အထိဖြစ်ခဲ့တယ်။ အောင်ကောင်းကျော်က ဟိုဖက်လည်း
ချော့မော့၊ ဒီဖက်လည်းချော့မော့နဲ့ ဒီကောင်ဘဝပျက်နေတာ။မျက်နှာငယ်လေးနဲ့။ မကြာပါဘူး။

မယားငယ်လေးကသူနေတဲ့အထပ်မြင့်တိုက်ပေါ်ကနေခုန်ချပြီးသတ်သေသွားပါလေရော။ ဖေ့ဘုတ်မှာ
လည်းပလူပျံ၊ အိမ်အထိလည်းအရှက်လာခွဲတဲ့ဒဏ်ကိုခံနိုင်ပုံမရဘူး။ မယားငယ်သတ်သေတယ်ကြားတော့ မယားကြီးက တုပ်တုပ်မလှုပ် ဘူး။ ဘယ်
လောက်တောင်နာကျည်းလဲမသိဘူးဗျ။
ခက်တာကအောင်ကောင်းကျော်။ သူကမယားငယ်လေးကိုအတော်သံယောဇဉ်ကြီးရှာတာ။ မယားကြီးကိုကြောက်လို့သာမကွဲရဲတာ။မယားကြီးသာကွာပေးရင် မယားငယ်လေးကိုအတည်ယူတော့မှာကိုး။

တိုက်ပေါ်ကခုန်ချသေပြီး အောင်ကောင်းကျော်လည်း စိတ်ထိခိုက်သွားတယ်။ အရင်လိုပျော်ရွှင်နေတာမျိုးသူ့မှာမတွေ့ရတော့ဘူး။ သူ့ကြောင့် လူ့အသက်တစ်ချောင်း၊ သူချစ်ရတဲ့သူတစ်ယောက်ဆုံးရှုံးရပြီဆိုတဲ့ခံစားချက်ကကြီးစိုးသွားပြီလေ။ ပြဿနာကခုမှစတာပဲဗျ။

တစ်ညနေကြတော့ အောင်ကောင်းကျော်က ကျွန်တော်တို့နဲ့အရေး
တကြီးတွေ့ချင်တယ်လို့ဖုန်းဆက်လာတယ်။ သူချိန်းတဲ့ ဘီယာဆိုင်ကိုထွက်လာကြတာပေါ့။

ဆိုင်ရောက်တော့ သီးသန့်ခန်းမှာဆိုလို့ အဲ့ဒီအခန်းကိုဝင်သွားတာ။သကောင့်သားက မူးလို့မွတ်နေပြီ။ သူ့ခေါင်းကဆံပင်ကိုလက်နဲ့မကြာမကြာထိုးဖွထားလို့ ဆံပင်ဘုတ်သိုက်နဲ့ကိုဖြစ်လို့။ ကျွန်တော်တို့ကို
လည်းမြင်ရော ငိုချလာပါလေရော။ ငိုရင်းနဲ့ပြောနေတာက

” မိုလေး မကျွတ်ဘူးဟ… ငါ့နားရှိနေတယ် ”ဆိုတဲ့စကားပဲ။ ကျွန်တော်တို့လည်း အစက ဒီကောင်မူးလို့လျှောက်ပြောနေတယ်ပဲထင်နေတာ။ နောက်တော့ အကြောင်းစုံသိရမှ ကျောချမ်းတယ်ဆိုတာ ဆိုဖွယ်ရာမရှိပဲဗျာ။ အောင်ကောင်းကျော်က သူ့
အငယ်လေးကို ‘ မိုလေး ‘ လို့အဖျားဆွတ်ခေါ်တယ်။

ကောင်မလေးနာမည်အပြည့်အစုံက’ပြည့်မိုမိုကျော်’ တဲ့။ သူ့အသက်ကခုမှ ( ၂၆)နှစ်ပဲရှိသေးတာ။ ကျွန်
တော်တို့နဲ့တော့အသက်အတော်ကွာတာရယ်။ရက်
လည်ပြီး နောက်ညကစတာလို့ပြောတယ်။ အောင်ကောင်းကျော်အပြင်သွားရင် ညဖက်တွေဆို ကားနောက်ခန်းမှာထိုင်လိုက်တတ်တယ်တဲ့။ ဖြစ်နိုင်ပါ့မလားဆိုတော့ သူ့မိန်းမလည်းမြင်တယ်လို့ပြော
တယ်။

ကျွန်တော်တို့မယုံရင် အခုသူကားမောင်းပြမယ်ဆိုလို့ နေပါကွာလို့တားရသေးတယ်။ အဲ့ဒါအပြင် သူ့အိမ်ထဲလည်း လျှောက်သွားနေတယ်တဲ့ဗျ။

” ပြည့်မိုမိုကျော် အိမ်မှမဟုတ်တာ မင်းကလဲ…
ဘယ်လိုဝင်လို့ရမှာလဲကွာ…”လို့ပြောပြသေးတယ်။ ဒီကောင်က တော်တော်လျှာရှည်တဲ့ကောင်။ အသုဘနားသွားပြီး

” မိုလေးကို…ကိုကိုမခွဲနိုင်ဘူး… ကိုကို့နားမှာပဲနေပါ… မိုလေးမရှိရင်ကိုကိုသေလိမ့်မယ် ”

ဘာညာနဲ့သွားပြောထားမိသတဲ့ဗျာ။ ပြီးတော့ အိပ်
မက်မက်တာကောင်မလေးက မျက်နှာနွမ်းနွမ်းနဲ့ လာပြောသတဲ့။

” ကိုကို…မိုလေးနေစရာမရှိဘူး…ဒုက္ခရောက်နေတယ် ”

လို့အိပ်မက်မက်တာကို အောင်ကောင်းကျော်က

” ဒါဆို ကိုကို့နားမှာပဲနေ… ဘယ်မှမသွားနဲ့ ”

ဆိုပြီး ကယောင်ကတမ်းပြောမိတယ်တဲ့ဗျာ။ အဲ့ဒီအချိန်ကစလို့ပြည့်မိုမိုကျော်ရဲ့ ဝိဥာဉ်ကို အိမ်မှာတမျိုး၊ ကားပေါ်မှာတမျိုးတွေ့လာရတာပဲ။ အခုနောက်ပိုင်းမှာပိုပြီးဆိုးရွားလာခဲ့တယ်။ သူတို့လင်
မယားနှစ်ယောက်အိပ်တဲ့ကုတင်မှာ နှစ်ယောက်ကြားထဲဝင်အိပ်လာတဲ့အထိဆိုတော့ အောင်ကောင်းကျော်လည်းတုန်လှုပ်လာပြီလေ။ ဘယ်လောက်ပဲချစ်တယ်ပြောပြော ဘဝကခြားနေပြီမလား။ သူ့မိန်းမဆိုညညမအိပ်ရဲလို့ လူလည်းကြောင်တောင်
တောင် တောင်ဖြစ်ချင်နေပြီဆိုပဲဗျ။ ကျွန်တော်တို့ကိုဘယ်လိုလုပ်သင့်သလဲဆိုပြီးအကြံဥာဏ်တောင်း
တာပေါ့။ ကျွန်တော်တို့မှာ ဒီလိုကိစ္စမျိုးကအတွေ့
အကြုံမရှိရုံမကဘူး၊ ကြားဖူးနားဝတောင်မရှိခဲ့ဘူး။

တစ္ဆေ၊ သရဲဆိုတာလည်းယုံလည်းမယုံသလို၊ မြင်လည်းမမြင်ခဲ့ဖူးဘူးလေ။ လှထွန်းအေးက

” မင်းမောင်းကွာ… ကားပေါ်တကယ်ပါ မပါ ငါလိုက်ကြည့်မယ် ”

လို့ပြောတယ်။ ကျွန်တော်ကမယုံပေမယ့် အဲ့လောက်တော့မစမ်းသပ်ရဲဘူး။ နောက်ဆုံး ကျွန်တော်က ကားမောင်းပေးတယ်။ လှထွန်းအေးကရှေ့ခန်းမှာ။ အောင်ကောင်းကျော်က ကားနောက်ခန်းမှာ ကားထိုင်ခုံကိုခေါင်းမှီပြီးထိုင်လာတယ်။ ဘာရယ်တော့မဟုတ်ဘူး။ သူပြောတာ ဟုတ်မဟုတ် သိချင်လို့ မြို့တစ်ပတ်မောင်းပြီးစမ်းသပ်ကြည့်ရုံလေးပဲ။ ဘီယာဆိုင်ကနေထွက်လာတော့ ည ၈ နာရီကျော်နေပြီ။

လမ်းပေါ်မှာလူတွေလည်း ကျဲစပြုနေပြီပေါ့ဗျာ။ ကားကိုပုံမှန်လေးပဲမောင်းလာခဲ့တယ်။ နာရီဝက်လောက်အထိတော့ အားလုံးပုံမှန်ပဲ။ဘာမှမထူးခြားဘူး။ နာရီဝက်လည်းကျော်လာရော၊ လူပြတ်တဲ့နေရာလည်းရောက်ရော air con ဖွင့်ထားတဲ့ကားထဲကနေ အပုပ်နံ့ကြီးက ရုတ်တရက်ထွက်လာလေရောဗျာ။ ဒါကို ကျွန်တော်တို့သုံးယောက်လုံးရတယ်။ အောင်ကောင်းကျော်ကကားနောက်ခန်းကနေ ရီဝေဝေအသံနဲ့ပြောလာတယ်။

ရကြလား… တခုခုလိုမျိုး ”

” အင်း ”

လှထွန်းအေးက မဖြေချင်ဖြေချင်နဲ့ အင်း သေးတာ။ ကျွန်တော်ကလည်း ဒီလိုအဖြစ်မျိုးမကြုံဖူးလေတော့ သိပ်ပြီးကြောက်မနေသေးဘူး။အနံ့ကပိုပိုပြီးနံလာတယ်။ ကားနောက်ကြည့်မှန်ကနေ အောင်
ကောင်းကျော်ကိုတော့ မကြာမကြာကြည့်ဖြစ်တယ်ဗျ။ ဒီကောင်ကမူးပြီးအိပ်ပျော်သွားပြီ။ လှထွန်းအေးကလည်း သူ့ခေါင်းကို မကြာမကြာစောင်းငှဲ့ပြီးနောက်ကိုလှမ်းလှမ်းကြည့်နေတာတွေ့တယ်။
နှစ်
ယောက်သားစကားမပြောဖြစ်ကြဘူး။ အခြေအနေကိုစောင့်ကြည့်ပြီး ကားကိုပုံမှန်အတိုင်းပဲမောင်းနေတာ။ ခဏနေတော့ ကျွန်တော်တို့ကားနောက်ကို လမ်းဘေးခွေးအုပ်ကြီးက ထိုးဟောင်ပြီးပြေးလိုက်
လာကြတာဗျ။ ခွေးအကောင် ၆ကောင် ၇ ကောင်လောက်ရှိမယ်။တဝုတ်ဝုတ်နဲ့ ထိုးဟောင်နေတာ။ ကားကပုံမှန်လေးပဲမောင်းနေတော့သူတို့ပြေးလိုက်တာ မှီနေတာပေါ့။

အဲ့ဒီအချိန်မှာပဲ ကျွန်တော့ခေါင်းကဆံပင်တွေထောင်သွားသလိုခံစားရပြီး ကျောလည်းချမ်းလာတယ်။ လူကချမ်းစိမ့်စိမ့်ဖြစ်လာတာ။ ကျွန်တော့
လိုပဲ လှထွန်းအေးလည်းခံစားရလို့ထင်တယ်။ air con ကိုလျော့လိုက်တယ်ဗျ။

ချမ်းလို့လား…ဟေ့ရောင် ”

” အေး… စိမ့်လာသလိုဖြစ်လာလို့ ”

သူနဲ့ကျွန်တော် မေးတစ်ခွန်းဖြေတစ်ခွန်းပဲပြောမိကြတာ။ air conလျော့လိုက်လည်း လူကအချမ်းမပြေဘူး။ ရင်လည်းတလှပ်လှပ်တုန်လာသလိုဖြစ်လာတယ်။ မဝံ့မရဲနဲ့ ကားနောက်ကြည့်မှန်ကိုလှမ်းကြည့်
လိုက်တော့ မျက်နှာတစ်ခြမ်းစုတ်ပြတ်နေတဲ့ ပြည့်မိုမိုကျော်က အောင်ကောင်းကျော်ပုခုံးကိုမှီပြီး ကျွန်တော့ကိုလှမ်းကြည့်နေတယ်ဗျာ။

အဲ့ဒီအချိန်ဘဝမှာအကြောက်ဆုံးအချိန်ပဲ။ ဘယ်လောက်တောင်
ကြောက်မိသလဲဆိုတာ ဆိုဖွယ်ရာမရှိတော့ဘူး။ အော်လို့လည်းမရ။နူတ်ကအာစေးမိနေသလိုဖြစ်ပြီး လက်တွေထုံလာတယ်။ စီယာတိုင်ကိုင်ထားတဲ့လက်ကမမြဲချင်လာတော့ဘူး။ ဒီပုံနဲ့ဆက်မောင်းနေလို့
မဖြစ်တော့ဘူးဆိုတဲ့အသိစိတ်က ခေါင်းထဲချက်
ချင်းရောက်လာတာ။

ရုတ်တရက်ဘရိတ်အုပ်ပစ်လိုက်တော့ လှထွန်းပေးလည်းကြောင်သွားပုံရတယ်။ ပြီးမှသူလည်းသတိရပြီးကားနောက်ခန်းကို အမြန်လှည့်ကြည့်တော့တာ။ လှထွန်းအေး မျက်လုံးအပြူးသားနဲ့ တုန်တုန်ယင်
ယင်ဖြစ်ပြီး ကားပေါ်ကနေဆင်းပြေးပါလေရော။ သူဆင်းပြေးတော့ ကျွန်တော်လည်းဘယ်နေလိမ့်မလဲ။ လိုက်ပြေးတာပေါ့။အောင်ကောင်းကျော်က အိပ်နေတာမှသိုးလို့လေ။ သူ့ကိုဘယ်လိုအားကိုးမလဲ။ မဟုတ်ဘူးလား။

လမ်းတစ်ဖက်စီကိုတစ်ယောက်တစ်နေရာပြေးနေရင်းက လမ်းကူးပြီး အတူဆုံတော့ နှစ်ယောက်လုံးမောနေကြတာ။ ဒူးတွေတုန်နေတာများ တဇတ်ဇတ်နဲ့ပေါ့။ ကားဆီလည်းပြန်မသွားရဲဘူး။ မသွားလို့လည်းမဖြစ်ဘူး။ လမ်းမှာတခြားကားလည်းမရှိ၊ အောင်ကောင်းကျော်ကိုဒီအတိုင်းထားခဲ့လို့လည်းမဖြစ်နဲ့။ သူ့ကားနဲ့ဘီယာဆိုင်ကိုပြန်ရမှာ။

ဆိုင်ရှေ့မှာကျွန်တော်တို့ကားတွေကကျန်နေတယ်လေ။ ဘာဆက်လုပ်ရမှန်းမသိ သွေးပျက်လာတော့တယ်။ နောက်ဆုံး ယောကျာ်းပဲကွာ ဘာကြောက်စရာလိုလဲ ဆိုပြီးအချင်းချင်းသတ္တိတွေပြန်မွေးပြီးတုန်တုန်ယင်
ယင်နဲ့ ကားဆီပြန်သွားကြတာပေါ့။

ကားရှေ့မှန်ကနေ ကားထဲကိုအရင်ချောင်းကြည့်ရသေးတယ်။ပြည့်မိုမိုကျော်ကိုမတွေ့တော့မှ စိတ်နဲနဲအေးသွားရတာဗျ။ ကားတံခါးဖွင့်ပြီးအောင်ကောင်းကျော်ကိုအရင်နိုးလိုက်ကြတယ်။ ဒီကောင်နိုးနေရင် ကျွန်တော်တို့လည်းကြောက်စိတ်နဲနဲတော့ပြေမယ်လေ။မနဲနိုးရတယ်ဗျာ။

မျက်နှာကိုရေသန့်ဗူးရေနဲ့ဖြန်းပြီး လှုပ်နိုးတော့မှနိူးလာတော့တယ်။ သူလည်းနဲနဲတော့အမူးပြေနေပြီ။ ကျွန်တော်တို့လည်းဖြစ်
ကြောင်းကုန်စင်ပြောပြတာပေါ့။ သူကတော့ မကြောက်နဲ့လို့ပြောရှာပါတယ်။ ဒါပေမယ့်ဒီကောင်လည်းကြောက်နေတယ်ဆိုတာ ကျွန်တော်သိတယ်။

အဲ့လိုနဲ့ လှထွန်းအေးက ကားတစ်လှည့်ပြန်မောင်း၊ ကျွန်တော်ကဘေးကထိုင်၊ အောင်ကောင်းကျော်ကနောက်ခန်းမှာပဲ။ သူကပါးစပ်ကနေပြောနေတယ်။

” မိုလေး… ကိုကို့ကားပေါ်မလိုက်ပါနဲ့ကွာ ”

တဲ့။ လှထွန်းအေးကတော့ ကားထဲထည့်ထားတဲ့ တရားခွေကိုထဖွင့်လိုက်သေးသဗျ။ ကြောက်တာကိုး။ ဘီယာဆိုင်ဖက်ကိုပြန်လှည့်မောင်းလာကြတယ်။ မကြောက်ဖို့အားတင်းထားပေမယ့် ကျောကမလုံဘူး။ မောင်းလာရင်း ကားနောက်ခန်းကိုပဲအာရုံစိုက်နေကြတာမလား။ဘယ်လောက်တောင်သွေးပျက်ဖို့ကောင်းသလဲဆိုရင် လှထွန်းအေး
မောင်းနေတဲ့ဖက်ခြမ်း ကားဘေးကနေအသံကြားလို့ အကုန်လုံးလှည့်ကြည့်လိုက်တော့ မျက်နှာတစ်ခြမ်းစုတ်ပြတ်ဒဏ်ရာကြီးနဲ့ ပြည့်မိုမိုကျော်က ဘေးချင်းယှဉ်ပြီးပြေးလိုက်နေတာပဲ။ ကျွန်တော်တို့လည်း
ငယ်သံပါအောင် အော်ဟစ်မိကြတယ်။

လှထွန်းအေးကလီဗာကုန်နင်းပြီးမောင်းတော့တာ။ သာမာန်ကားမပြောနဲ့ ပြိုင်ကားတောင် မှီအောင်မလိုက်နိုင်တဲ့နှုန်းထားဗျ။ ပြည့်မိုမိုကျော်ကတော့ ထပ်ချပ်မကွာလိုက်ပါလာနေတုန်း။ နောက်ဆုံး ကားပလက်ဖောင်းကိုဝင်တိုက်မိပြီး ကားလည်း‌မှောက်ပါလေရော။ ကျွန်တော်တို့လည်းသေပြီလို့တွက်လိုက်ပြီ။ ဆေးရုံမှာသတိလစ်နေတာ တစ်ည။နောက်ရက်ညနေခင်းမှ သတိပြန်လည်တယ်။ ကံကောင်းလို့မသေတာပဲ။ သတိပြန်ရလာတော့ လူကကြောင်
တောင်တောင်ကိုဖြစ်လို့။ဘယ်နေရာကြည့်ကြည့်
ပြည့်မိုမိုကျော်ပဲမြင်နေသလိုဖြစ်နေတာ။ပရိတ်ရေတွေရေမန်းတွေ အနည်းမနောသောက်လိုက်ရသေးတယ်။

အဲ့ဒီကိစ္စဖြစ်ပြီး အောင်ကောင်းကျော်လည်း ဘုန်း
ကြီးဝတ်သွားတာခုဆို ၃ဝါတောင်ရတော့မယ်။ တခါတခါ ဥူးဇင်းဆီသွားတွေ့ဖြစ်ရင်မေးမိပါတယ်။

” မိုလေး ရှိသေးလားဘုရား ”

ဆိုတော့…

” ကျောင်းထဲက ပိန္နဲပင်ကြီးမှာထိုင်နေတုန်း ဒကာ ”

” ဥူးဇင်း… သူ့အစွဲကိုမချွတ်ဘူးလား… အမျှမပေးဘူးလား ”

” နေ့ရက်တိုင်းလည်းအမျှပေးတယ်… အလှူဒါနလုပ်တိုင်းလည်းအမျှဝေတယ်ဒကာ… သူကအမျှမလိုချင်ဘူးဆိုတော့ ဥူးဇင်းလည်းမတတ်နိုင်ဘူး
ပေါ့ ”

တဲ့။ ဥူးဇင်းကိုတွေ့ချင်ပေမယ့် ဝေးဝေးမှတစ်ခါပဲသွားတွေ့ရဲတော့တယ်။ သွားတိုင်းလည်း ပိန္နဲပင်ကြီးကို ဝေးဝေးကရှောင်ဖြစ်ပါတော့တယ်။

သော်တာလမင်းစန္ဒာ