“အစိမ်းသေ မိဝိုင်း”📖📖📖
****************************
~~~~~~~~~
ညလေးတစ်ည ဖြစ်လေသည်။ လရောင်က သိပ်မရပေမယ့် ကြယ်ရောင်စုံ၏ အရောင်လေးများနှင့် ထိုညကား အတန်ငယ် လင်းနေသယောင်ပင်။ ရွာလေးတစ်ရွာတွင်တော့ လမ်းဘေးရှိ လျှပ်စစ်မီးရောင်တွေကတော့ ထိုကြယ်အလင်းရောင်ထက် ပိုမိုလင်းလက်နေလေသည်။ အချိန်က သန်းခေါင်ယံ အချိန်လောက်ပင်။ တစ်ရွာလုံးလည်း အိပ်မောကျနေကြပြီး တိတ်ဆိတ် ငြိမ်သက်နေလေသည်။ ထိုရွာလေး၏ ရွာအစွန်အိမ်လေး တစ်လုံးအတွင်းမှာတော့…
”အား…ကျွတ် ကျွတ်…ဗိုက်ကလည်းနာလိုက်တာ… ဒီအချိန်ကြီးကျမှကွာ”
ဆိုပြီး ချက်ကြီးလည်း ညည်းညူလိုက်မိသည်။ မထလို့ကလည်း မဖြစ်ပြန်။ ဗိုက်ကလည်း တအားနာလာနေပြီ။ ဒီတော့မဖြစ်တော့။ အိပ်ရာထဲကနေ လူးလဲထလိုက်ကာ ခေါင်းရင်းရှိ လက်နှိပ်ဓာတ်မီးကို စမ်းယူလိုက်လေသည်။ အရေးထဲ ဓာတ်မီးကပျောက်နေသေးသည်။ အရေးထဲအရာပေါ်ကွာ ဆိုပြီး စိတ်ညစ်ညစ်နဲ့ ရှာလိုက်တော့မှ ခေါင်းအုံးအောက်နားမှာ ဓာတ်မီးကို တွေ့လေတော့ အမြန်ယူဖွင့်လိုက်ကာ အိမ်အောက်သို့ မပြေးရုံတမယ် လှမ်းလာခဲ့လိုက်တော့သည်။
ဒီလိုတောရွာတွေမှာက အိမ်သာကို အိမ်နောက်ဖေးခပ်လှမ်းလှမ်းတွင်သာ ဆောက်လေ့ရှိကြတော့ ချက်ကြီးလည်း အပြေးတပိုင်းလှမ်းလာကာ အိမ်သာ ဆီရောက်တော့မှသာ စိတ်ကို ဖြေချနိုင်တော့သည်။
ချက်ကြီးတို့ရွာလေးကား အိမ်ခြေ ၅၀ ကျော်လောက်သာရှိသည့် ရွာလေးတစ်ရွာပင်။ ချက်ကြီးအိမ်က ရွာအရှေ့ဖျားတွင် ရှိသည်။ တစ်ရွာလုံးကတော့ ဆွေရိပ်မျိုးရိပ် မကင်းကြသူများပင်။ လက်လုပ်လက်စား လယ်သမား ယာသမားတွေတော့ ပေါပါသည်။
ချက်ကြီးလည်း ခနအကြာမှာတော့ ပေါ့ပါးသွားကာ အိမ်သာထဲကနေ ထွက်လိုက်၏။ ညကြီးမိုးချုပ်ဆိုပေတော့လည်း ဓာတ်မီးနှင့် ဟိုဟိုဒီဒီ လိုက်လံထိုးကြည့်မိသည်။ ရွာကလူအားလုံးကတော့ ဓာတ်သိတွေ ဖြစ်လေတော့ ညရေးညတာ သူခိုးသူဝှက်ရန်တော့မရှိ။ တစ်မြန်နှစ်က လျှပ်စစ်မီး ရထားသည့်အတွက် ရွာလမ်းမှာ မီးရောင် တဝင်းဝင်းနဲ့တော့ မြင်နေရသည်။ ထိုစဉ်မှာပင် သူ့နှုတ်ဖျားဆီမှ…
“ဟင်…ဘယ်သူလည်းဟ …”
ဆိုပြီး ရေရွတ်လိုက်မိလေသည်။ လမ်းမဆီမှ ဖျပ်ခနဲအရိပ်တစ်ခု ဖြတ်ပြေးသွားသလို တွေ့လိုက်ရ၍ အံ့ဩသွားမိသည်။ ဘာလို့လည်းဆိုတော့ ဒီအချိန်ကြီးမှာ အချိန်မတော် ဘယ်သူမှလည်း လမ်းမှာသွားမနေနိုင်ဘူး ဟုလည်း ထင်လိုက်မိပါသေးသည်။ တွေ့လိုက်ရသည်က ဖျပ်ခနဲဆိုတော့ သူပဲ အမြင်များမှားတာပဲလား ဆိုတာတော့ သူလည်းမဝေခွဲတတ်တော့ပေ။ အဲ့ဒီနောက် စိတ်ထင်တာပဲဖြစ်မှာပါလေ ဆိုကာ ဖြေတွေးလိုက်ပြီး အိမ်ပေါ်ပြန်တက်ဖို့ ပြင်လိုက်လေသည်။
ဒီလိုနဲ့ နောက်ဖေးပေါက် တံခါးကို ဖွင့်လိုက်လေတော့ ဖွင့်မရပေ။ ဒီတော့ ချက်ကြီးလည်း…
“ဟင် တံခါးက ဖွင့်မရပါလားဟ”
ဆိုကာ ညည်းလိုက်မိသည်။ နောက်မှ သတိရသည်ကတော့ အိမ်ပေါ်ကနေ ဆင်းချလာတုန်းက အပြေးဆင်းလာတာဆိုတော့ အိမ်ရှေ့ကနေ ဆင်းလာမှန်းတွေးမိလိုက်သည်။ ငါ့လည်းမေ့ပ။ နောက်ဖေးတံခါးက ပိတ်ထားတာပဲ။ အိမ်ရှေ့ကဆင်းလာတာကိုမေ့ပြီး နောက်ဖေးတံခါးသွားဖွင့်ရတယ်လို့ ဆိုကာ မိမိကိုယ် မိမိ အပြစ်တင်ရင်း အိမ်ရှေ့ဆီကိုလှမ်းလာခဲ့လိုက်သည်။ ချက်ကြီးလည်း အိမ်ရှေ့ကို ရောက်တော့ အမှတ်မထင်လမ်းပေါ်ကို ရုတ်တရက် ကြည့်လိုက်မိတဲ့အခါ …
“အမယ်လေး…”
ဆိုပြီး လန့်သွားကာ အော်လိုက်မိသည်။ အကြောင်းကတော့ သူ့အိမ်ရဲ့ မျက်စောင်းထိုးလောက်မှာ လူတစ်ယောက်လိုလို ပုံသဏ္ဍာန်တစ်ခုက မတ်တပ်ရပ်နေတာကို ရုတ်တရက် လှမ်းတွေ့လိုက်တော့ လန့်သွားပြီး အော်လိုက်မိခြင်းပင်။
“ဟိတ် ဘယ်သူလည်း… ဘာလုပ်နေတာလည်း”
ဆိုပြီး စိတ်ကိုထိန်းကာ မေးကြည့်လိုက်မိသည်။ တဖက်လူဆီကတော့ ဘာအသံမှထွက်မလာခဲ့ပေ။ ဟုတ်ပါတယ် ဒါလူမှလူအစစ်ပါ။ ဘာလို့များ ဘာမှပြန်မပြောတာပါလိမ့်။ စိတ်ထဲကနေ တွေးလိုက်မိ၏။ ထိုသူရပ်နေတဲ့နေရာက မီးရောင် သိပ်မရတာကြောင့် ဘယ်သူလည်းဆိုတာကိုတော့ သဲသဲကွဲကွဲ မမြင်ရချေ။ ထိုသူကလည်း မလှုပ်မယှက် ရပ်နေခြင်းပင်။ ခနကြာတော့ ချက်ကြီးလည်း အခြေအနသိရဖို့ မီးနှင့် လှမ်းထိုးလိုက်တော့သည်။ ဒီတော့ သူတွေ့ရသည်ကို အံ့ဩလျက် ရေရွတ်လိုက်မိသည်။
“ဟင်…မိန်းမတစ်ယောက်ပါလား…ဘယ်သူလည်းဟ”
သူတွေ့လိုက်ရသည်က မိန်းမတစ်ယောက်။ သူ့ကိုစိမ်းစိမ်းကြီးကြည့်ကာ ဘာစကားမှမပြောပဲ မတ်တပ်ရပ်နေခြင်းပင်။ ချက်ကြီးလည်း အသွေးသားထဲက သွေးကြောတွေ ထောင်ထလာကာ ကြက်သီးမွှေးညှင်းလေးတွေတော့ အနည်းငယ် ထသွားမိသည်။ ဒါပေမဲ့ စိတ်ကိုပြန်စုစည်းကာ တွေးလိုက်မိလေ၏။ ဒါအကြောင်းမဲ့တော့ ဟုတ်ဟန်မတူ။ ဘယ်သူများလည်းဆိုတာကို တွေးနေမိသည်။
စောစောက မီးထိုးကြည့်လိုက်တဲ့အခါ ထိုမိန်းမကို မြင်ဖူးသလိုလိုတော့ ရှိသားလို့လည်း ထင်မိလိုက်သည်။ နောက်တစ်ခေါက် မီးနဲ့ထပ်ထိုးကြည့်ရင် ကောင်းမလား အိမ်ထဲပဲ ပြန်ဝင်ပြေးရင် ကောင်းမလား ဆိုတာကို ချက်ကြီးလည်းတွေးမရ။ ညဘက်ကြီးဆိုတော့ လန့်မိတာလည်း ပါသည်။ ပြီးတော့ ထိုမတ်တပ်ရပ်နေတဲ့ အမျိုးသမီးကလည်း ဘာမှမပြောပဲ စိမ်းစိမ်းကြီး ရပ်ကြည့် နေလေတော့ သူလည်းဘာလုပ်ရမယ်မသိ။ ထိုစဉ် ထိုအမျိုးသမီးထံမှ စကားသံတစ်ခုက ထွက်ပေါ်လာခဲ့ပါသည်။
“ဟဲ့…ချက်ကြီး ငါလေဟာ မိဝိုင်းလေ…နင်မမှတ်မိဘူးလား”
ထိုအမျိုးသမီးက ထိုသို့ စကားလှမ်းပြောလိုက်တဲ့အခါ ချက်ကြီးလည်း အံ့ဩသွားခဲ့ရသည်။ ဒီတော့ တွေးရင်းနှင့် စဉ်းစားနေခဲ့လေတော့…
“ဟာ … မိဝိုင်း အေးအေး သိပြီ သိပြီ.. နင်ကလည်း ငါကဘယ်သူလည်းလို့ဟာ”
ထိုအခါမှ မှတ်မိသွားလေတော့သည်။ မိဝိုင်းက သူတို့ရွာသူပင်။ သို့ပေမဲ့ တခြားမြို့မှာ အလုပ်သွားလုပ်နေတာ ကြာပြီဆိုတော့ သူလည်း ရုတ်တရက်မမှတ်မိခြင်းပင် ဖြစ်လေသည်။ ချက်ကြီးလည်း ထိုသို့ပြောလိုက်တော့ မိဝိုင်းလည်း ဝမ်းနည်းသည့်အသံနှင့်..
“အေးဟာ ငါလည်း ရွာမရောက်တာ ကြာတော့ နင်လည်း မေ့နေမှာပေါ့”
“ဒါနဲ့နေပါအုန်း နင်က ညကြီးအချိန်မတော် ဘာလုပ်နေတာလည်းဟ”
“အမေ နေမကောင်းဘူးလို့ သတင်းကြားလို့ဟ ညတွင်းချင်းထွက်လာခဲ့တာ… ပြီးတော့ လမ်း လမ်းမှာ …”
ဆိုပြီ ပြောရင်းနှင့် မိဝိုင်းအသံက တိုးညှင်းသွားလေသည်။ စိတ်မကောင်းဖြစ်သွားသည့် အမူအရာပင်။ ဒီတော့ ချက်ကြီးလည်း ပြန်မေးလိုက်လေ၏။
“လမ်းမှာ ဘာဖြစ်လို့လည်း… ပြောစမ်းပါဟ”
“ဒီလိုပါဟာ လမ်းမှာ ဆိုင်ကယ်လဲသွားလို့ နည်းနည်းကြာသွားတာဟ ဒါတောင်မှ ကားတစ်စီးနဲ့ လမ်းကြုံလိုက်ခဲ့ရတာ ဒါ့ကြောင့် ညနက်သွားတာ”
ထိုအခါ ချက်ကြီးလည်း စိတ်မကောင်းတော့ ဖြစ်သွားမိသည်။ ဟုတ်သား မိဝိုင်း၏အမေဖြစ်သူ ဒေါ်မိစိန်လည်း တော်တော်နေမကောင်းဖြစ်နေတာပဲ ဟု သတိရလိုက်မိသည်။
“ဒါနဲ့ နင်ပြောတာက ဆိုင်ကယ်မှောက်တာဟုတ်လား… ဘယ်လိုမှောက်တာလည်း ဘာဖြစ်သွားသေးလည်းဟ”
“ထားလိုက်ပါဟာ ဘာမှမဖြစ်ပါဘူး… ငါကောင်းပါတယ်”
ချက်ကြီးလည်း မိဝိုင်းကို ကြည့်နေရင်း တစ်ခုခုတော့ထူးပြီဟု မသိစိတ်ထဲကနေ ခံစားမိလိုက်သည်။ ထို့ကြောင့် …
“မိဝိုင်း ဒီနားက မှောင်တယ်ဟ… ဟိုနားမှာ မီးရောင်ရှိတယ် လာ.. ဒါနဲ့ နင့်အိမ် ငါလိုက်ပို့ပေးရမလား”
‘”ရပါတယ်ဟာ လိုက်မပို့ပါနဲ့တော့ ခနနေငါသွားတော့မှာ နင့်ကိုလာနှုတ်ဆက်တာ”
မိဝိုင်းပုံစံကြည့်ရတာ အေးတိအေးစက်နဲ့ဆိုတော့ ချက်ကြီးလည်း စိတ်ထဲမှာ တမျိုး တော့ဖြစ်လာသည်။ ဒါနဲ့ပဲ အရဲစွန့်ပြီး မိဝိုင်းကို သေသေချာချာလေး ကြည့်နေမိတဲ့ အခါမှာတော့ ချက်ကြီးတစ်ယောက် မျက်လုံးပြူးရလေပြီ။ ကြည့်နေရင်းနှင့် မိဝိုင်း နှဖူးအလည်လောက်မှာ သွေးတွေစိမ့်ကြလာတာကို တွေ့လိုက်ရသည်။ ဒီတော့ သူလည်း ဘာရယ်မဟုတ်ပဲ ကျောရိုးထဲအေးစက်လာကာ ကြက်သီးလေးတွေပင် ထလာခဲ့လေသည်။
“မိဝိုင်း.. နင့် နင့်..နှဖူးမှာ သွေးတွေထွက်နေပါလား”
ချက်ကြီးလည်း လန့်လည်းလန့်လာသည့်အတွက် အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလိုက်၏။ ထိုအခါ မိဝိုင်းက အေးတိအေးစက်ပင်။
“အေးလေ… သွေးထွက်နေတာ ကြာနေပြီပဲ နင်ခုမှတွေ့တာလား”
“ဟုတ်တယ်.. ဘာဖြစ်လို့လည်း”
“ဪ.. နင်ကလည်း လမ်းမှာ ဆိုင်ကယ်မှောက်လဲပါတယ်ဆိုမှ သွေးတော့ထွက်မှာပေါ့ဟ”
“ဒါဖြင့် နင့်ဆိုင်ကယ်ကရော ဘယ်မှာလည်း”
“နင်ကလည်း လျှာရှည်တာဟာ ငါစိတ်တိုလာပြီ သွားတော့မယ်”
“မဟုတ်ဘူးလေဟာ ငါက စိုးရိမ်လို့ မေးတာပါ”
“အေး.. လမ်းမှာ ငါ့ဆိုင်ကယ်နဲ့ ကားနဲ့ဝင်တိုက်တာဟေ့ သိပြီလား… အဲ့ဒါကြောင့် ဆိုင်ကယ်လည်းမှောက်တယ် ငါလည်းနှဖူးကွဲ သွားတယ် … ဆိုင်ကယ်ယူလို့မရတော့လို့ ကားကြုံနဲ့ လိုက်တာတာ ရှင်းပြီလား”
ဆိုပြီး မိဝိုင်းက ပြောလိုက်တဲ့အခါ ချက်ကြီးလည်း အနည်းငယ်ပင် ထိတ်လန့်သွားခဲ့ရသည်။ ဆိုင်ကယ်နဲ့ ကားနဲ့တိုက်တယ်လို့ပြောပြီး သူက ဘာမှမဖြစ်သွားဘူးလား ဆိုကာ တွေးရင်းနှင့် ချက်ကြီး အူတွေအသည်းတွေ ပြောင်းပြန်လန်ကုန်သလိုပင်။ နှဖူးမှာလည်း အကွဲရာကြီးက သွေးတွေ တစိမ့်စိမ့်နဲ့ ကျနေလေသည်။ ချက်ကြီးလည်း ကြည့်နေရင်း မိဝိုင်းပုံစံက တဖြေးဖြေး ပြောင်းလာခဲ့တာကို အမှတ်မထင် မြင်လိုက်ရသည်။
ဆံပင်တွေက ဖွာလန်ကြဲလာပြီး နှဖူးအလည်မှာ အကွဲရာကြီးက ပိုမိုထင်ရှားလာသလိုပင်။ ပြီးတော့ သွေးတွေကလည်း တစက်စက်နဲ့ စိမ့်စိမ့်ကျလာတာကိုလည်း ပိုပြီး မြင်လိုက်ရလေသည်။ ချက်ကြီးလည်း ဒါ မရိုးသားလောက်ဘူး။ ဧကနတော့ မိဝိုင်းဟာ ဆိုင်ကယ်မှောက်တုန်းက ဘာများဖြစ်ခဲ့ပါလိမ့်။ မပြောကောင်းမ မဆိုကောင်း သေသွားပြီး လာခြောက်နေတာပဲလားဆိုတာ တွေးမိကာ ချက်ကြီးခမျာ ကြောက်လာ၍ ဒူးတွေပါ တုန်ချင်လာပြီ။ ထိုစဉ်မှာပင် … မိဝိုင်းထံမှ အသံဩဩကြီး ထွက်ပေါ်လာလေသည်။
“ဟား…ဟား…ဟား…ချက်ကြီးရယ် နင်ကကြောက်တတ်လိုက်တာ … ကဲ ငါသွားတော့မယ် အမေစောင့်နေမှာဟ”
ထိုသို့ ပြောအပြီးမှာတော့ မိဝိုင်းလည်း ဖျပ်ခနဲ ပျောက်သွားတော့လေသည်။
“ဟင် ဘယ် ဘယ်ရောက်သွားတာလည်းဟ”
ဆိုပြီး ပြောလိုက်မိကာ လန့်လည်း လန့်သွားမိတော့လေသည်။ ချက်ကြီးလည်း ယခုမှ အံ့ဩနေကာ ဘာလုပ်ရမှန်းပင်မသိတော့။ ခနအကြာမှာ မိဝိုင်းတို့ အိမ်ဘက်မှ ဆွဲဆွဲငင်ငင် အူလိုက်တဲ့ ခွေးအူသံတွေကို ရုတ်တရက် ကြားလိုက်ရလေတော့ … ဒါ ဒါဆို သေချာပါပြီ။ ငါ့ ငါ့ကို မိဝိုင်း လာခြောက်သွားတာလားမသိဘူး။ ဘုရား ဘုရား။ ကံကြီးပေလို့ပေါ့။
ဒါဆိုမိဝိုင်း ဘာဖြစ်လာတာလည်းမသိဘူး ဟု တွေးလိုက်ကာ ချက်ကြီးတစ်ယောက် ကြောက်လန့်လာပြီး အသည်းတွေတုန်လာကာအိမ်ပေါ်ကို အတင်းပြေးတက် ပုတီးတစ်ကုံးကို လည်မှာဆွဲလျက် ကြောက်ကြောက်နှင့်ပင် ပြန်အိပ်နေခဲ့တော့သည်။ မျက်လုံးထဲမြင်နေသည်က မိဝိုင်း၏ သွေးတွေစိမ့်ထွက်နေသော မျက်နှာကြီးက ပေါ်ပေါ်လာလေတော့ အတင်းပင် ဘုရားစာတွေ ရွတ်ဆိုကာ ကြိတ်မှိတ်အိပ်လိုက်ရလေသည်။
~~~~~
ထိုအချိန် မိဝိုင်း အမေဖြစ်သူ ဒေါ်မိစိန်၏ အိမ်မှာတော့…
ထိုညမှာ ဒေါ်မိစိန်တစ်ယောက် အိပ်ပျော်နေရင်း နားထဲမှာ ခေါ်သံလိုလို သဲ့သဲ့ ကြားမိ၍ ဖျပ်ခနဲ လန့်နိုးသွားခဲ့သည်။ ဒေါ်မိစိန်လည်း အိပ်ရာထဲကနေ လူးလဲ ထလိုက်ကာ ဘာမှန်းမသိပဲ ဟိုကြည့်ဒီကြည့် လိုက်ကြည့်နေမိသည်။ စိတ်ထဲမှာလည်း ငါ့ကို ခေါ်နေတာ ဘယ်သူလည်းမသိဘူးဆိုကာ တွေးနေမိပါသည်။ ခွေးအူသံတွေလည်း တစ်ချက်တစ်ချက်တော့ ကြားနေရ၍ ကြက်သီးပင် ထမိလာသည်။ သူ့နာမည်ကို ခေါ်နေတာတော့ မဟုတ်ပေမဲ့။ တစ်စုံတစ်ယောက်က သူ့ကိုခေါ်နေမှန်းတော့ သိလိုက်သည်။ ဒီတော့ ခဏ ထကာ ရေဆာလာခဲ့၍ ရေထသောက်လိုက်သေးသည်။
ထိုစဉ်မှာပင် … …
“…………”
အသံကတစ်ခုက နားထဲတိုးဝင်လာခဲ့သည်။ အသံက အက်ရှရှ အက်ကွဲကွဲ မပီမပင် အသံမျိုးပင်။ စိတ်ထဲမှာလည်း ကြက်သီးထသလိုလို တမျိုးတော့ ဖြစ်သွားမိသည်။ သေချာနားစိုက်ထောင်လိုက်တော့ ခေါ်နေသည့် အသံကိုတော့ကြားရသည်။ ဘယ်လိုခေါ်နေသည် ကိုတော့ သေချာမကြားရပေ။ တိုးတိုးညှင်းညှင်း အာလုပ်သံ အက်ရှရှ ပဲ ကြားနေရလေသည်။
ဒီတော့ ဒေါ်မိစိန်လည်း ဟိုဟိုဒီဒီလိုက်ကြည့်မိတဲ့အခါ အိမ်ရှေ့မှာ ရိပ်ခနဲ ရိပ်ခနဲ လူရိပ်လိုလိုတွေ့လိုက်ရတော့ အံ့သြသွားမိသည်။ သူ့အိမ်က တံခါးရှိပေမဲ့ သံဇကာ ကာထားတော့ အိမ်ရှေ့ကို မြင်နေရခြင်းပင်။
”ဟင်…ဘယ်သူလည်းမသိဘူး…”
ဆိုပြီး အိမ်ရှေ့ကိုထွက်ကာ ကြည့်မိတော့လည်း ဘယ်သူမှ ရှိမနေခဲ့။ စိတ်ထင်တာများလား ဟုလည်း တွေးလိုက်မိပြန်သည်။ သူတို့အိမ်ရှေ့မှာက မီးတိုင်နှင့်နီးတဲ့အတွက် အလင်းရောင် ကောင်းကောင်းရနေတော့ ပတ်ဝန်းကျင်ကို မြင်နေရသည်။ ထိုအခိုက်မှာပင် …
”အူ……အူ……အူ……အူ……”
ခွေးအူသံတွေက ဆက်တိုက်ပေါ်ထွက်လာခဲ့ပြီး ဒေါ်မိစိန်လည်း ခွေးအူသံတွေကို ရုတ်တရက်ကြားလိုက်ရတဲ့အခါ ကြက်သီးမွှေးညှင်းလေးတွေ အနည်းငယ်ထသွားမိသည်။ ဒီခွေးတွေကလည်း အူလိုက်တာ ဟုတောင် ညည်းတွား လိုက်မိသေးသည်။
”ဟင်…ဘယ်သူလည်း ဘယ်သူလည်း”
အရိပ်လိုလို ပုံရိပ်သဏ္ဍာန် တစ်ခုကို မျက်လုံးထဲ ဖျပ်ခနဲ လှမ်းတွေ့လိုက်တဲ့ အခါ ဒေါ်မိစိန် လှမ်းမေးလိုက်ခြင်းပါ။ အိမ်ရှေ့မှာ ဖြတ်သွားသည့် အရိပ်တစ်ခုကို ခွေးတွေက ကြည့်ပြီး အူနေတာကို တွေ့လိုက်တဲ့အခါမှာတော့ ကျောရိုးထဲ စိမ့်သွားကာ ကြက်သီးတွေထလျှက် အိမ်ထဲပြန်ဝင်နေလိုက်ပြီး ဘုရားစာတွေသာ ရွတ်လျက် ကြောက်ကြောက်နှင့်ပဲ စောင်ကို ခေါင်းမြှီးခြုံလျှက် ပြန်အိပ်နေလိုက်ပါတော့သည်။
မနက်ရောက်တော့မှသာ အကြောင်းစုံကို သိလိုက်ရ လေတော့သည်။ လမ်းတစ်နေရာမှာ ဆိုင်ကယ်နဲ့ ကား မျက်နှာချင်း ဆိုင်ဝင်တိုက်သည့်သတင်း။ သေဆုံးသူက သူတို့ရွာမှ မိဝိုင်းဖြစ်နေလေသည်။ ဒီလိုကြားလိုက်ရတဲ့အခါ မိဝိုင်းအမေလည်း ငိုမဆုံးတော့။ ချက်ကြီးမှာလည်း စိတ်မကောင်းဖြစ်မိသည်။
ချက်ကြီးစိတ်ထဲမှာတော့ တွေးနေမိသည်က ညက တွေ့ခဲ့တာ မိဝိုင်းရဲ့ ဝိညာဉ်ပဲပေါ့။ ဒါဆို မိဝိုင်းက အစိမ်းသေ သေခဲ့တာပေါ့ ဆိုပြီး တွေးလိုက်ကာ အစိမ်းသေမိဝိုင်းရဲ့ မျက်နှာကို မျက်လုံးထဲပင် ဖျောက်မရ။ ချက်ကြီးကတော့ ထိုအကြောင်းကို ဘယ်သူ့ကိုမှတော့ ပြန်မပြောဖြစ်တော့ပေ။ ပြန်ပြောနေရင်လည်း အားလုံးက စိတ်မကောင်းဖြစ်ရမည်လေ။
မိဝိုင်းအသုဘ ရက်လည်သည် အထိတော့ မည်သည့်ခြောက်လှန့်မှု့မျိုးကိုမှ မကြုံခဲ့ရပေ။ သို့ပေမဲ့ ဘုန်းကြီးဆွမ်းကပ်လုပ်ပြီးတဲ့ ညမှာတော့ တစ်အိမ်လုံး အမွှေးနံ့သာတွေ ရကြကာ အိမ်ပေါ်မှ တစ်စုံတစ်ယောက် ဆင်းသွားသလို ခြေသံတွေကိုတော့ အသေအချာ သိလိုက် ကြားလိုက်ကြရသည်။ ဒေါ်မိစိန်ကတော့ ငါ့သမီးလေး ကောင်းမွန်တဲ့ ဘဝမှာ နေပျော်ပါစေဟု ဆုတောင်းနေရင်းဖြင့်သာ …။
~~~~~
..ပြီးပါပြီ..
ရွင်လန်းချမ်းမြေ့ကြပါစေ
စာရေးသူ လင်းစက်ရာအားလေးစားလျက်