အစွဲ

အစွဲ(စ/ဆုံး)

———

“‌ချက်…ချက်…ချက်…ချက်…ကျွီ”

ရာသီဥတုပူလွန်းတာကြောင့် ဒေါ်မိမိလေးတစ်ယောက် ညသန်းခေါင်‌ကျော်သည်အထိအိပ်မပျော်နိုင်သေးချိန် အိမ်ရှေ့ဧည့်ခန်းကရှေး‌ဟောင်းနာရီကြီးရဲ့ချိန်သီးလွှဲသံတစ်ချက်ချက်ကိုနားစွင့်နေရင်း တစ်ဆက်တည်းမှာကြားလိုက်ရတဲ့ ကျွီကနဲအသံကြောင့် ဇောချွေးတွေပြန်လာခါ အိပ်ယာပေါ်မှာ ခန္ဓာကိုယ်ကိုမလှုပ်ရဲပဲ တစ်စုံတစ်ရာကို‌မျှော်လင့်ရင်း ငြိမ်ငြိမ်လေးဆက်ပြီးနားစွင့်နေမိသည်။

“ညသန်းခေါင်ကျော်ပြီဆို‌တော့သူလာတော့မယ်ထင်ပါရဲ့”

စိတ်ထဲကသာတီးတိုးရွတ်ဆိုလိုက်မိပေမယ့် အမှတ်မဲ့စွာပဲ ပါးစပ်ကပါထုတ်ပြောမိလျက်သားဖြစ်သွားကာ မှောင်မိုက်ပြီးတိတ်ဆိတ်ငြိမ်သက်နေတဲ့အခန်းလေးထဲမှာ တုန်တုန်ရီရီဗလုံးဗ‌ထွေးစကားသံအဖြစ်သာထွက်ပေါ်လာတော့သည်။ ‌

ကိုယ်တစ်ခြမ်းလေဖြတ်သွားတာဆယ့်ငါးနှစ်ကျော်တောင်ကြာပြီဖြစ်ပေမယ့် လေ့ကျင့်ခန်းဆိုလည်းမှန်မှန်မလုပ်ချင်၊ အစားဆိုလည်းမရှောင်ချင်၊ ဆေးတွေလည်းဆရာဝန်ညွှန်ကြားချက်အတိုင်းမဟုတ်ပဲ ကိုယ့်စိတ်တိုင်းကျလျှော့ချင်တာတွေလျှော့၊ တိုးချင်တာတွေတိုးသောက်တတ်သောသူမို့ အခုထက်ထိစကားသံမပီသသေးပေမယ့် လေဖြတ်ပြီးခါစ ပါးစပ်ကြီးရွဲ့သွားပြီးသွားရည်တောင်မထိန်းနိုင်တဲ့အခြေအနေကနေဆိုရင်တော့တိုးတက်လာသည်ပဲပြောရမည်ပေါ့။ သည်ကြားထဲ နှလုံးရောဂါအခံကလည်းရှိတော့ အလွန်အမင်းကြောက်တဲ့စိတ်ဝင်လာရင် နှလုံးကထိန်းမရအောင်တစ်ဒိန်းဒိန်းခုန်လာတတ်သေးသည်။

အိပ်ခန်းကိုကာထားတဲ့ အရိပ်ပန်းခန်းဆီးလိုက်ကာစ ပါးပါးလေးကိုကျော်ပြီး အိမ်ရှေ့ခန်းကိုလှမ်းမျှော် ကြည့်လိုက်မိတော့ မှောင်ထဲမှာကျင့်သားရနေတဲ့မျက်လုံးအစုံက မမကြီးသိပ်နှစ်သက်ပြီး သူ့တစ်ဘဝလုံးအသုံးပြုသွားခဲ့တဲ့ ကျွန်းသားလှုပ်ကုလား ထိုင်ကြီးကို တိုင်ကပ်နာရီကြီးအောက်တည့်တည့်မှာထီးတည်းကြီး ဝိုးတစ်ဝါးမြင်နေရပါသည်။

မမကြီးသည် ဘုရားဝေယျာဝစ္စ၊ အိမ်ကိုဆွမ်းခံကြွသောဥူးပဥ္ဇင်းလေးတွေဆွမ်းကပ်လှူရန်ကိစ္စ၊ နိစ္စဓူဝအိမ်မှုကိစ္စတို့လုပ်ဆောင်ပြီးပြီဆိုလျှင် ရေမိုးချိုးသနပ်ခါးခြေဆုံးခေါင်းဆုံးလိမ်းပြီး လက်ဖက်အစ်နှင့်‌‌ရေနွေးကြမ်းအိုးကို နံဘေးက
စားပွဲပုလေးပေါ်မှာအသင့်ဆောင်ထားကာ လှုပ်ကုလားထိုင်ကြီးကို‌ကျောမှီ၍ရှေ့တိုးနောက်ငင်တလှုပ်လှုပ်ထိုင်ရင်း၊ သိုးမွှေးထိုးရင်း၊ အိပ်ခန်းထဲလှမ်းမြင်နေရတဲ့လူမမာဒေါ်မိမိလေးကိုစောင့်ကြည့်ပေးလေ့ရှိပါသည်။

ဒေါ်မိမိလေးတို့ အပျိုကြီးညီအစ်မနှစ်ဦးတည်းနေထိုင်တဲ့အိမ်အိုကြီးမှာ ညအချိန်ဆို အိမ်ရှေ့ဧည့်ခန်းနဲ့တစ်ဆက်တည်း ဇာခန်းဆီးကာရန်ထားတဲ့ဘုရားခန်းမှ ဆီမီးအသေးတစ်လုံးကိုသာဖွင့်ထားတတ်ပြီးအကြောင်းကြီးငယ်မရှိပါပဲ အိမ်တွင်းအိမ်ပြင် အခြားမည်သည့်မီးကိုမှဖွင့်လေ့မရှိခဲ့ပါ။

ခပ်မြင့်မြင့်တောင်ကုန်းလေးအထက်မှာ‌ ဆောက်လုပ်ထားတဲ့ဘိုးဘွားအ‌မွေအနှစ်တစ်ထပ်တိုက်အိမ်နှင့်အ‌တော်ဝေးဝေးအောက်ဘက်နားဆီက လမ်းမီးတိုင်တို့ရဲ့အားကောင်းလွန်းလှတဲ့အလင်းရောင်က အိမ်တံခါးမှန်ပြူတင်းပေါက်မှတစ်ဆင့် အိမ်အတွင်းသို့အလင်း‌ရောင်ပျပျကို ဆောင်ကြဥ်း‌ပေးနေလေသည်။ ဤအလင်းရောင်လောက်နှင့်ပင် နှစ်ပေါင်းများစွာကျင့်သားရနေပြီမို့ အိမ်တွင်းမီးတစ်လုံးတစ်လေတောင်ဖွင့်စရာမလိုပဲ အိမ်ထဲမှာကျင်လည်ဖြောင့်တန်းစွာသွားလာနိုင်ကြပါသည်။ ဒီအပြင် သူတို့တွေက အိမ်မှာအပန်း‌ဖြေစရာတီဗွီတစ်လုံး‌တောင်မှဝယ်မထားပေမယ့်
ညရှစ်နာရီ‌ရေဒီယိုသတင်းပြီးတာနဲ့ စောစောအိပ်ယာဝင်တတ်ကြတဲ့အကျင့်ရှိကြတာမို့လည်းအံကိုက်ပါ‌ပေ။

ပင်စာလစာတွေခေတ်နှင့်အညီတိုးမြှင့်မပေးခင်နှစ်များစွာကပင် ညီအစ်မနှစ်ဦးစလုံးကပင်စင်စားခဲ့သည်မို့ မလောက်မငှပင်စင်လစာလေးကို ခြိုးခြံခြွေတာကြရကာ ဒေါ်မိမိလေးရဲ့ကျန်းမာရေးစရိတ်ကလည်းထောင်းလှတာကြောင့် မငတ်ရုံတမယ်
ခြစ်ခြစ်ကုပ်ကုပ်နေထိုင်ကြရပါသည်။
သည်ကြားထဲ တစ်ဦးတည်းသောဆိုးသွမ်းလှတဲ့မောင်လေးက မထင်ရင်မထင်သလို သူတို့ဆီကလက်ဝတ်လက်စား၊ ငွေကြေးစတာတွေကို အနိုင်ကျင့်ယူဆောင်သွားလေ့ရှိပြန်တာကြောင့် အတော်လေးကိုကြပ်တည်းရလေသည်။

နာတာရှည်လူမမာညီမဖြစ်သူကို ကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးနေသော၊ “ဗိုက်နာသည်၊ ခေါင်းကိုက်သည်” ဟူ၍ပင် တစ်ခါမျှညည်းညူသံမကြားခဲ့ရဖူး‌သော ကျန်းမာရေးဒေါင်ဒေါင်မြည်လှသည့်ဒေါ်မိမိကြီးသည် လွန်ခဲ့သောအပါတ်က နေ့လည်ထမင်းစားချိန် ညီမဖြစ်သူကိုထမင်းကျွေး၊ ဆေးတိုက်မည်အကြံဖြင့် သိုးမွှေးထိုးခဏနားပြီး ထိုင်ခုံကြီးပေါ်ကအထ ဗြုန်းဆိုနောက်ပြန်ဖင်ထိုင်လျက်လဲကျကာသတိလစ်သွားပြီး ဘေးဘီအကူအညီတွေလှမ်းခေါ်လို့ရောက်လာချိန်မှာတော့ ဒေါ်မိမိကြီးအသက်မရှိတော့လေပြီ။ ရုတ်တရက်သွေးဆောင့်တိုးပြီး ဦးနှောက်သွေးကြောပေါက်ကာ‌သေဆုံးရသည်လို့ဆရာဝန်ကကောက်ချက်ချပါသည်။

“ကျွီ..ဒေါက်..ဒေါက်…ဒေါက်..ဒေါက်”

ကျွီဆိုတာက နှဲ့ပါများလို့ချောင်နေတဲ့သစ်သားချင်းပွတ်တိုက်ရာကထွက်လာတဲ့အသံဖြစ်ပြီး….
တစ်ဒေါက်ဒေါက်နဲ့စည်းချက်မှန်မှန်ထွက်ပေါ်နေတဲ့အသံကတော့ ထိုင်ခုံမှာလူဝင်ထိုင်ပြီးရှေ့နောက်လှုပ်ရှားကစားလျှင်ထွက်လာသည့်အသံဖြစ်တာမို့ ဒေါ်မိမိလေး ဆံပင်‌မွေးညင်းတွေထောင်ထကာ ခေါင်းနပမ်းကြီးသွားရသည်။

ဒေါ်မိမိကြီးရုတ်တရက်ဆုံးပါးသွားကာ အသုဘရက်လည်ပြီးနောက်တစ်ရက်ကစလို့ အိမ်မှာဆွေမျိုးနီးစပ်တွေတစ်ယောက်မျှမရှိကြတော့ပဲ အပြုံးအရယ်မရှိတဲ့ယောင်းမဖြစ်သူသာ တစ်ဘက်ခြံကနေ တစ်နေ့နှစ်ကြိမ်ကူးလာပြီး ဒေါ်မိမိလေးရဲ့ဝေယျာဝစ္စလာရောက်လုပ်ကိုင်ပေးကာပြန်သွားတတ်သည်။ တူ၊ တူမတွေရှိပေမယ့် မပေးနိုင်မကမ်းနိုင်တဲ့ကြီးတော်မိကြီးတွေမို့ ညရေးညတာ ဒုက္ခိတကြီးတော်တစ်‌ယောက်တည်းရယ်လို့စိုးရိမ်ပူပန်စိတ်နဲ့ တစ်ယောက်မှ ညအိပ်ညနေတောင်လာစောင့်ပေး ဖော်မရကြပါ။

ညီမလုပ်သူကို နေ့လည်ဆယ်နှစ်နာရီမှာထမင်း‌ကျွေးဆေးတိုက်ရမယ်ဆိုတာ‌ကိုတွေးရင်းဆုံးပါးသွားခဲ့ရတဲ့‌ ဒေါ်မိမိကြီးဟာ ဆယ်နှစ်နာရီကိုစွဲသွားရှာသည်ထင့်….
ရက်လည်ဆွမ်းသွပ်အမျှဝေခဲ့ပေမယ့် ကုသိုလ်အမျှ ဝေတာကိုမရလိုက်ရှာလေသလားမသိပါ… ရက်လည်ပြီးချိန်ကစလို့ ဆယ်နှစ်နာရီသန်းခေါင်ကျော်ဆို ညစဉ်ရောက်လာတတ်ပြီး
ထုံးစံအတိုင်းသူ့အကြိုက်ဆုံးကုလားထိုင်ကြီးပေါ်မှာ ရှေ့တိုးနောက်ငင်ထိုင်ရင်း ဒေါ်မိမိလေးရှိရာအိပ်ခန်းထဲကိုလှမ်းကြည့်နေတဲ့ မပီဝိုးတဝါး
ပုံသဏ္ဌန်ကိုမြင်ရတဲ့အပြင်၊ အသံတွေကိုလည်းပီပီသသကြီးကြားနေရတာမို့ ကြောက်ရွံ့ထိတ်လန့်စိတ်ကြောင့် နှလုံးတွေပေါက်ကွဲထွက်လုမတတ်
အပြင်းအထန်လှုပ်ခုန်ရင်း ချွေးတွေကတစ်ကိုယ်လုံးရေချိုးထားသလိုရွှဲနစ်ကာ အသက်ကိုတောင်မောပန်းတကြီးမနည်းရှုနေရပါသည်။

“မမကြီးရေ… နင်နဲ့ငါက ဘဝခြားသွားပြီ… သွား…သွား… မလာနဲ့…လာမခြောက်ပါနဲ့…
နင့်ကိုငါရှစ်ကြီးခိုးပါရဲ့ဟယ်…အီးဟီးဟီး”

ကြောက်လန့်တကြား ငိုရင်းရှိုက်ရင်း စောင်ကိုခေါင်းမြီးဆွဲခြုံရင်း တဆတ်ဆတ်တုန်ရီနေရာက ဘာအသံမှထပ်မကြားရတော့ချိန်မှာတော့
ဒေါ်မိမိလေးစောင်ခြုံထဲကမထွက်ရဲပဲ နှလုံးခုန်သံတစ်ဖြည်းဖြည်းပြန်မှန်လာတော့မှစိတ်‌လျှော့ပြီး‌ မောမောနဲ့အိပ်ပျော်သွားတတ်ပါသည်။

************

ဒေါ်မိမိလေးတို့မိဘနှစ်ပါးသည်ရိုး‌သားအေးဆေးသောအငြိမ်းစားဝန်ထမ်းများဖြစ်ကြပြီး မိမိကြီး၊ မိမိလေး၊ မောင်ငယ်ထွေးဆိုသော သားသမီးသုံးယောက်ထွန်းကားခဲ့ပါသည်။

အစဉ်အဆက်ကဝန်ထမ်းမျိုးရိုးဖြစ်ခဲ့ကြပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာက အဘိုးအဘွားတို့ခြစ်ခြုပ်စုဆောင်းထားသောလစာငွေလေးများဖြင့် ရန်ကုန်မြို့နယ်နိမိတ်အတွင်းရှိ တောအုပ်ကလေးတစ်ခုပမာနေပြောက်တောင်မထိုးနိုင်အောင် သစ်ပင်ဝါးပင်ထူထပ်သော၊ အင်းအိုင်ငယ်လေးတွေပေါများသော၊ ရံဖန်ရံခါ တောရိုင်းကောင်တို့‌၏ အော်မြည်သံကိုပင်ကြားရ‌လေ့ရှိသော‌‌အရပ်၌ တောင်‌ပူစာလေးတစ်နေရာကို အရစ်ကျစနစ်နှင့်ဝယ်ယူခဲ့ကြသည်။
ခြံကျယ်ကျယ်မှာတစ်ထပ်အုတ်တိုက်အိမ်ခပ်တန်တန်‌လေးတစ်လုံးကိုအတွင်းဘက်ကပ်ဆောက်ကာ လွတ်နေသောမြေမှာစားပင်သီးပင်တွေဝေဝေဆာဆာစိုက်ပျိုးပြီးနေထိုင်ခဲ့ကြပါသည်။ အဘိုးတို့မှာသားသမီးဆိုလို့ဖေဖေတစ်ယောက်ပဲရှိတာကြောင့်
ဖေဖေ့ကိုကောင်းမွန်စွာပညာသင်ကြားပေးနိုင်ပြီး အိမ်ထောင်ရက်သားကျတော့လည်းအိမ်မခွဲစေပဲမိသားစုတစ်စုတစ်စည်းတည်းပျော်ရွှင်ရောင့်ရဲစွာနေထိုင်ခဲ့ကြပါသည်။

တစ်ခေတ်‌တစ်ခါက အနှီလူ‌နေကျဲပါး‌ခဲ့သောရပ်ကွက်သည် နောင်နှစ်ပေါင်းငါးဆယ်ကျော်ခန့်ကြာသောအခါ ရန်ကုန်မြို့၏အထင်ကရငွေကြေးချမ်းသာသူ ကြေးရတတ်လူတန်းစားများသာနေထိုင်နိုင်သော “ရွှေတောင်ကြား”ဟူသည့်ရပ်ကွက်အဖြစ်ပြောင်းလဲတိုးတက်သွားကာ မြေဈေးတွေကအဆမတန်ထိုးတက်သွားတော့သည်။
အဘိုး၊ အဘွားတွေကွယ်လွန်ပြီး ဤအိမ်နှင့်ခြံမြေကိုဖေဖေတစ်ဦးတည်းအမွေဆက်ခံရကာ ဘိုးဘွားပိုင်အမွေအနှစ်စစ်စစ်မို့ဖေဖေကအလွန်တန်ဖိုးထားမြတ်နိုးလေသည်။

ဒေါ်မိမိလေးတို့မောင်နှစ်မသုံးယောက်သည် နှစ်နှစ်၊သုံးနှစ်စီသာကွာကြသည်မို့ ကြီးပြင်းလာသောအခါ တစ်ဦးနှင့်တစ်ဦးအသက်အရွယ်မတိမ်းမယိမ်းရှိကြ‌ လေသည်။ ယဉ်ကျေးသိမ်မွေ့ပြီးအေးဆေးသောမိသားစုထဲတွင် မောင်ငယ်ထွေးသည် ဘယ်လိုနက္ခတ်နှင့်ယှဥ်ပြီး ဘယ်လိုသန္ဓေမျိုးနှင့်‌ မွေးဖွားလာသည်မသိ၊ မကောင်းသည့်ဘက်တွင်အထူးမွေ့လျော်ကာ လူကြီးမိဘဆိုဆုံးမစကားကို
နားမထောင်၊ အတန်းကျောင်းပြီးဆုံးအောင်မတက်၊ အရက်သောက်၊ မူးယစ်ဆေးဝါးသုံးစွဲ၊ လောင်းကစားလိုက်စား၊ မိန်းမပွေရှုတ်ရင်း အလွန်ပင်ဆိုးသွမ်းကာ တစ်ကိုယ်‌ကောင်းဆန်လွန်းလှသူတစ်ဦးဖြစ်လေသည်။ သူ့အတွက်ငယ်စဥ်ကတည်း က မိဘများမှာ ရုံးရောက်ဂါတ်ရောက်နှင့်အရှက်ကွဲခဲ့ရပေါင်းလည်းမနည်းပါပေ။

သို့ပေမယ့် မိဘဆိုသည်မှာ “တောင်းဆိုးပလုံးဆိုးသာပစ်ရိုးထုံးစံရှိသည်၊ သားဆိုးကိုတော့မစွန့်ပစ်နိုင်”သည့်အပြင်ပိုလို့တောင်အချစ်ပိုလေသေးသည်။ သမီးအကြီးနှစ်ယောက်ဘွဲ့ရပြီးအသီးသီးလုပ်ငန်းခွင်ဝင်ကြကာ မိဘများကိုတစ်ဖက်တစ်လမ်းကပြန်လည်ထောက်ပံ့နိုင်နေချိန်မှာ
မောင်ငယ်ထွေးသည် ဘယ်ကမှန်းမသိ ကိုယ်ဝန်‌ဆောင်ရိုးရိုးအအမိန်းမငယ်လေးတစ်ဦးကိုအိမ်ခေါ်တင်လာကာ မိန်းမခိုးလာသည်ဟုပြောထားခဲ့ပြီး လေးငါးခြောက်လစုပ်စမြုပ်စပျောက်သွားပြန်ကာ အိမ်ပြန်ပေါ်မလာတော့ပေ။

ကောင်မလေးကိုမေးကြည့်တော့ သူမသည်
ရန်ကုန်-မန္တလေးကားလမ်းမကြီးနံဘေးရှိ မြို့ငယ်လေးတစ်မြို့ကဖြစ်ပြီး မောင်ငယ်ထွေး သူမတို့မြို့ကတိတ်တိတ်ပုန်းလောင်းကစားဝိုင်းတစ်ခုမှာလာရောက်ပျော်ပါးနေစဉ်က ငြိစွန်းခဲ့ကြပြီး ကောင်မလေးမှာ ကိုယ်ဝန်ကျန်ခဲ့လေသည်။ အတန်ကြာအဆက်အသွယ်ပြတ်သွားပြီးနောက် ထိုမြို့ကို မောင်ငယ်ထွေးမထင်မှတ်ပဲပြန်ရောက် လာချိန်မှာ သူတို့နှစ်မကိုကျောရရုံကြံပြီးကိုယ်ဝန်ကြီးနှင့်ချန်ထားခဲ့သောမောင်ငယ်ထွေးကိုသတ်ရန်အစ်ကိုမောင်တစ်စုကဆိုင်းပြင်းကြချိန် ကောင်မလေးကသတင်းကြိုရပြီးမောင်ငယ်ထွေးဆီအရင်ရောက်လာတာမို့ မထူးဇာတ်ခင်းပြီး ရန်ကုန်ကိုခိုးလာခဲ့တာဖြစ်သည်တဲ့။

မောင်ငယ်ထွေးအိမ်ပြန်လာချိန်မှာတော့ သူ့မိန်းမမီးဖွားပြီးလို့ သားဦးလေးပင်အခါလည်ပြည့်ပေတော့မည်။ ဒီတစ်ကြိမ်မှာတော့ သူတို့အိမ်မြေနေရာသည် သိန်းပေါင်းထောင်ချီတန်နေပြီဆိုတာသိသောမောင်ငယ်ထွေးက မိဘငုတ်တုတ်ကြီးရှိ‌နေပါသေးလျှက် အမွေခွဲပေးရန်ခြိမ်းခြောက်တောင်းဆိုလေတော့သည်။ မိဘများကလည်း သူ့ဒါဏ်ကိုမခံနိုင်တော့သည်ကတစ်ကြောင်း၊ သူတို့ရှိစဉ်တုန်းမှာ
မျှမျှတတခွဲဝေပေးသွားခဲ့လျှင် သမီးနှစ်ယောက်အတွက်ပါစိတ်အေးရမည်ဟုတွေးမိသည်ကတစ်ကြောင်းကြောင့် ပေတစ်ရာပတ်လည်ခန့်ခြံကို ပေသုံးဆယ်ခြမ်းရောင်းလိုက်ပြီး လိုငွေကို အမေကြီး၏လက်ဝတ်လက်စားများပါထုခွဲရောင်းချကာ မောင်ငယ်ထွေးစိတ်တိုင်းကျ အချိုးကျခွဲဝေပေးလိုက်သည်။ ကျန်‌သောအိမ်နှင့်ခြံကို သမီးနှစ်ယောက်ကိုအမွေစားအမွေခံပေးအပ်ကြောင်းစာချုပ်စာတမ်းနှင့်လွှဲအပ်ထားခဲ့လေသည်။
မည်မျှပင်မကြာလိုက်…မောင်ငယ်ထွေးသည်
ငွေထုပ်ကြီးပိုက်ပြီး မိန်းမနှင့်ကလေးကိုမိဘနှင့်ထားခဲ့ပြန်ကာ ပျောက်သွားပြန်လေတော့သည်။

နောင်ငါးနှစ်ခန့်အကြာမှာ မောင်ငယ်ထွေးကြောင့်စိတ်ဆင်းရဲခဲ့ကြတဲ့မိဘနှစ်ပါးဟာအဲဒီစိတ်‌တွေနှင့်ပဲရှေ့ဆင့်နောက်ဆင့်ဆိုသလိုဆုံးပါးသွားကြပြီး မရှေးမနှောင်းမှာ မောင်ငယ်ထွေးတစ်ယောက် လက်ဗလာနှင့်အိမ်ပြန်ရောက်လာလေသည်။
ဒီတစ်ခါမှာလည်း နောက်ထပ်မိန်းမလည်တစ်ယောက်ကိုပါလက်ဆွဲပြီး အစ်မတွေအိမ်ပေါ်သို့ခပ်တည်တည်ခေါ်တင်လာလေတော့သည်။

ဒေါ်မိမိကြီးက အလယ်တန်းပြကျောင်းဆရာမတစ်ဦးဖြစ်ပြီး၊ ဒေါ်မိမိလေးကဝန်ကြီးဌာနတစ်ခုရဲ့စီမံရေးရာဌာနမှာ အထက်တန်းစာရေးတစ်ဦးအဖြစ်လုပ်ကိုင်‌နေကြတဲ့ဝန်ထမ်းတွေမို့ ဟန်မပျက်နေထိုင်နိုင်ရုံသာရှိပြီး ညီအစ်မနှစ်ယောက်၊ ယောင်းမနဲ့တူကလေးအပါ မိသားစုလေးယောက် လစဉ်အလျဥ်မီ‌အောင်ရုန်းကန်နေကြရသည့်အထဲ မောင်ဖြစ်သူလူဆိုးလူမိုက်ကို‌ပါကြောက်ရတာကြောင့်
မောင်နှင့်‌သူ့နောက်မိန်းမကိုပါထပ်ပြီးတင်‌ကျွေးထားရပြန်လေတော့သည်။

************

မောင်ငယ်ထွေး၏နောက်မိန်းမသည်လောဘကြီးပြီးလူ‌အရိပ်အကဲနောကျေနေသူဖြစ်တာတစ်ကြောင်း၊ ပါးရည်နပ်ရည်ရှိပြီးမွှတ်‌နေအောင်လည်တာကတစ်ကြောင်းတို့ကြောင့် အကြီးမနှစ်ယောက်အားနွဲ့တာ၊ ရှက်တတ်ကြောက်တတ်တာကိုအခွင့်ကောင်းယူပြီး ယောက်ျားကိုအမွေထပ်တောင်းရန်သွေးထိုးလေ တော့သည်။ အကျင့်တူ၊ စရိုက်တူမိန်းမနှင့်ကျမှကြိုးကိုင်ခံနေရသောမောင်ငယ်ထွေးသည် သူ
ရသင့်ရထိုက်သောအမွေတွေကိုရယူပိုင်ဆိုင်ပြီးဖြစ်ပါလျှက် မသိကျိုးကျွံပြု၍ အစ်မနှစ်ယောက်ကိုအိမ်တွင်းအကြမ်းဖက်ပြီး လူမသိသူမသိနှိပ်စက်ကာ အစ်မနှစ်ဦးပိုင်မြေကိုထပ်မံခွဲစိပ်ပေးရန်တောင်းခံပြန်လေသည်။

အစပိုင်းကတင်းခံထားခဲ့ပါသော်လည်း အချိန်ကြာလေလေအသက်အန္တရာယ်အထိပါခြိမ်းခြောက်လာသောမောင်ကိုဆက်ပြီးရင်မဆိုင်ရဲတော့တာကြောင့် အိမ်မကြီးတည်ထားတဲ့ပေလေးဆယ်ကိုချန်ကာမီးဖိုချောင်အ‌ဆောက်အဦငယ်ပါတဲ့ပေသုံးဆယ်ကိုပိုင်းပြီး နောက်နောင်ထပ်ပြီးမပတ်သက်တော့ရန်ကတိကဝတ်စာချုပ်ချုပ်ဆိုကာပေးလိုက်ရလေတော့သည်။

အစ်မကြီးနှစ်ယောက်မှာပိုက်ဆံမရှိတာကြောင့်
ခြံနှစ်ခြံကြားအလယ်ကအုတ်တံတိုင်းမခပ်နိုင်ပဲ သွပ်ပြားတွေသာကာရန်ပြီးခြံနှစ်ခြံနယ်နမိတ်စည်းခြားထားလိုက်ကြသည်။
မောင်ငယ်ထွေးက မီးဖိုဆောင်ကိုလူနေလို့ရအောင်မွမ်းမံပြင်ဆင်ဆောက်လုပ်ပြီး မယားကြီး၊ မယားငယ်နှစ်ယောက်နှင့်အတူနေထိုင်လေသည်။
မိဘတွေကိုခြေစုံကန်ပြီးထွက်လာခဲ့သောသူ၏မယားကြီးသည် မိဘရပ်ရွာသို့လည်းမပြန်ရဲရှာပဲ မယားငယ်ခိုင်းသမျှအိမ်ဖော်တစ်ယောက်လို ကျိုးကျိုးနွံနွံလုပ်ကိုင်ပေးရင်း သူ့သားလေးကိုကျောင်းထားပေးတာကိုပဲကျေးဇူးတင်နေရလေသည်။ မောင်ငယ်ထွေးနှင့်မယားငယ်ကမွေးဖွားသောကလေးနှစ်ယောက်ကိုလည်း သူ့ကလေးတွေလိုပင် ချီးကလူသေးကလူအနွံတာခံပြီးပြုစုစောင့်ရှောက်ပေးရသော ‌မယားကြီး၏ဝဋ်ကြွေးမှာလည်းကြီးလှချေသည်။

************

ဒေါ်မိမိလေးတို့ညီအစ်မနှစ်ယောက်သား
အေးအေးချမ်းချမ်းနေလာကြရင်း မထင်မှတ်ပါပဲ
ဒေါ်မိမိလေး‌ လေဖြတ်ပြီး အလုပ်နားခဲ့ရစဉ်က အသက်လေးဆယ့်ငါးနှစ်ခန့်သာရှိပါသေးသည်။
လူပို‌လည်းတင်ကျွေးမထားနိုင်တာမို့ ဒေါ်မိမိကြီးတစ်ယောက်တည်း ကျောင်းတစ်ဖက်၊ လူမမာတစ်ဖက်၊ အိမ်အလုပ်တစ်ဖက်နှင့် ပင်ပင်ပန်းပန်းရုန်းကန်ရင်း ငါးနှစ်ခန့်အကြာမှာတော့ သူလည်းအသက်အရွယ်လည်းရလာပြီမို့ သက်ပြည့်ပင်စင်ထက်စောပြီး ကျန်းမာရေးအကြောင်းပြကာဆေးပင်စင်ယူလိုက်လေတော့သည်။

မောင်ငယ်ထွေးတို့လင်မယားသည် တက်ညီလက်ညီနဲ့ဘာမကောင်းမှုတွေများလုပ်နေကြသည်မသိ ပြောင်ပြောင်ရောင်ရောင်ပြန်ဖြစ်လာကြတာကို ဖြတ်သွားဖြတ်လာမြင်တွေ့နေရပေမယ့် အစ်မတွေအိမ်ဖက်ဟင်းတစ်ခွက်တောင်ယောင်လို့မှမပို့တတ်ပါ။ ဒီကြားထဲ တစ်ခါတစ်ရံ မူးရူးကာ အိမ်‌ပေါ်အတင်းတက်လာပြီး လူရိုသေရှင်ရိုသေလေးဝတ်စားထားတဲ့ ရွှေဆွဲကြိုးလေး၊ ရွှေလက်ကောက်လေးတွေကိုပါ အနိုင်အထက်ဖြုတ်ယူသွားတတ်သေးတာမို့ သူတို့ညီအစ်မမှာ “ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်” ဆိုသလို အိမ်နှင့်ခြံကလွဲ၍ ဘာဆိုဘာမှမကျန်တော့အောင်ဖြစ်နေရှာသည်။

ဒါတွေကို သိနေမြင်နေရတဲ့ ဒေါ်မိမိလေးတို့အကျိုးကို လိုလားသူမိတ်ဆွေတစ်ချို့က အခုအချိန်မှာ သိန်းသောင်းချီတန်နေပြီဖြစ်တဲ့အိမ်နဲ့ခြံကိုရောင်းချပြီး ညီအစ်မနှစ်ယောက် ကွန်ဒိုတိုက်ခန်းလေးတစ်ခန်းဝယ်‌နေ၊ ကျန်ငွေကိုဘဏ်ထဲမှာထည့်ထားပြီး ဘဏ်တိုးချည်းထုတ်စားမယ်ဆိုရင်တောင်
ဒီတစ်သက်အေးအေးချမ်းချမ်းနေနိုင်ပြီး၊ ကျန်းမာရေးအတွက်လည်းပူပင်စရာမရှိတော့မယ့်အပြင်၊ စိတ်တိုင်းကျလှူနိုင်တန်းနိုင်ဦးမည့်အကြောင်းစေတနာဖြင့်တွက်ချက်ပြကြသည်။

ငွေပုံကြီးပေါ်ဖင်ခုထိုင်ပြီး ညဘက်မီးချောင်းတစ်ချောင်းတောင်မီတာတက်မှာစိုးလို့မဖွင့်ရဲတဲ့ဒုက္ခ၊ ကိုယ်တိုင်က ထမင်းသုတ်လေး၊ ပဲပြုတ်ထမင်းဆီဆမ်းလေးသာစားနေရပြီး၊ နေ့စဉ်ဆွမ်းလောင်းလှူတာတောင် ကြက်ဥကြော်တစ်လှည့်၊ ပဲပြုတ်သုတ်တစ်လှည့်သာလှူနိုင်လို့စိတ်မချမ်းသာရတဲ့သောက၊ လူမမာမဖြစ်မနေရသောက်ရမယ့်ဆေးတွေအဆမတန်ဈေးတက်ကုန်လို့သက်ပြင်းချနေရတဲ့ဘဝ၊ မောင်လူရမ်းကားကနှောက်ယှက်နှိပ်စက်တာခံရတဲ့ဘဝတွေကလည်း အထိုက်အလျောက်လွတ်မြောက်နိုင်မည်လို့ရှင်းပြကြသည်။

သင့်တော်မည်ထင်ရာ‌အကြံဉာဏ်ပေးကြသောမိတ်ဆွေတွေသာအာ‌ပေါက်ပြီးမောသွားကြရသည်။ ညီအစ်မနှစ်ယောက်လုံးက မိဘအမွေမို့ဆိုတဲ့အစွဲအပြင် သူတို့လက်ထက်ကျခါမှ “ရွှေတောင်ကြား”လိုရပ်ကွက်မျိုးမှာလုံးချင်းတိုက်အိမ်နဲ့တစ်သက်လုံးနေလာရာကနေ သူတစ်ပါးနဲ့အုတ်ရောရောကျောက်ရောရောအတူယှဉ်တွဲပြီးနေရမယ့်ကွန်ဒိုတိုက်ခန်းတွေမှာမနေနိုင်တော့ပါတဲ့လေ။

************

ဒေါ်မိမိလေးတစ်ယောက် အိပ်ယာပေါ်မှာပက်လက်လှဲနေရင်းက တစ်ဖြည်းဖြည်းညမှောင်ရီသန်းလာမှာကိုတွေးပြီးကြောက်နေတတ်ကာ နေ့အလင်းတွေကျော်လွန်ပြီးရင် ညအ‌မှောင်ရောက်လာမယ့်သဘာဝကိုလွန်ဆန်ချင်လို့မရတာကိုသူမေ့နေလေသည်။
ဘဝမှာ သူ့အပေါ် အစ်မလိုတစ်မျိုး၊ အမေလိုတစ်သွယ်၊ သူငယ်ချင်းလိုတစ်ဖုံ အနွံတာခံအဖော်ပြုကာချစ်ခင်စောင့်ရှောက်ပေးခဲ့ရှာတဲ့မမကြီး….. သေဆုံးချိန်မှာတောင် ဝိဉာဉ်အဖြစ်သူ့အနားမှာ
တစ်ဝဲလည်လည်ရှိနေသေးတဲ့ တစ်ဦးတည်းသောကျေးဇူးရှင်မမကြီးသည် သူ့ကိုအန္တရာယ်တစ်စုံတစ်ရာပြုမိသူမဟုတ်မှန်းသိပါလျက်ကယ်နှင့် ဘာလို့များကြောက်ရွံ့နေမိသည် ကိုယ်တိုင်စဉ်းစားမရပါလေ။

ဒေါ်မိမိလေးဘဝတစ်လျှောက်လုံး စိတ်အလိုဆန္ဒကိုထိန်းချုပ်သည်လို့မရှိပဲ ငယ်ငယ်ရွယ်ရွယ်နဲ့သွေးတိုး၊ နှလုံးရောဂါတွေရှိတာသိပါလျက် စားချင်တာတွေမဆင်မခြင်စားသောက်ကာ၊ နေချင်သလိုနေခဲ့မိသည်။ ဝက်သားဟင်း၊ ဒူးရင်းသီးနှင့်အုန်းနို့ ခေါက်ဆွဲကိုတစ်နေ့တည်းစားပြီး ညအချိန်မတော်ဆံပင်ရှည်ကြီးကိုလျှော်ကာ ဆံပင်မခြောက်ခင်
ပြူတင်းပေါက်တံခါးဖွင့်ပြီးအိပ်မိရာက
နောက်တစ်နေ့မနက်မှာ ကိုယ်တစ်ခြမ်းလေဖြတ်သွားခဲ့ရသည်။

အိပ်ယာပေါ်ပက်လက်နေရချိန်မှာတောင် ပင်ပန်းမည်စိုး၍ ကိုယ့်စိတ်ကိုအလိုလိုက်မြဲလိုက်ကာလေ့ကျင့်ခန်းမှန်မှန်မလုပ်၊ ဆေးမှန်မှန်မသောက်ချင်၊ စားချင်တာတွေမကျွေးပဲ တည့်တဲ့အစားအစာကိုသာကျွေးတဲ့ မမကြီးကိုဒေါသထွက်အော်ဟစ်ငေါက်ငမ်း၊ အားလပ်နေချိန်မှာ ဝေဒနာကိုရှုပြီးတရားလေးမှတ်နေရမယ့်အစား စိတ်သွားတိုင်းကိုယ်မပါလို့ အလိုမကျစိတ်တွေနှင့်နပန်းလုံးပြီးဒေါသ‌မောဟတွေသာပွားနေခဲ့သည်။
လှုပ်ရှားနိုင်တဲ့လက်တစ်ဖက်နဲ့ပုတီးစိပ်ရင်လည်း စိတ်ကိုတည်ငြိမ်အောင်မထားနိုင်ပဲ စိတ်တွေက
ဟိုရောက်ဒီရောက်၊ ကယောက်ကယက်နဲ့မို့
မအေးချမ်းနိုင်ခဲ့ပါ။

မမကြီးသည် သူ့ထက်တောင် ဘုရားတရားကြည်ညိုပြီး နေ့စဉ်အလှူအတန်းတွေလုပ်၊
ပုတီးစိတ်၊ သုတ္တန်တွေရွတ်ဖတ်သရဇ္ဇါယ်၊
သားသတ်လွတ်စားအဓိဌါန်တွေဝင်သူဖြစ်ပါသော်လည်း သေငယ်‌ဇောနဲ့မျော‌နေချိန်ကလေးမှာ ငါ့ညီမ၊ ငါ့အိမ်၊ ငါ့ထိုင်ခုံဆိုတဲ့ “ငါ”အစွဲတွေကြောင့် ကွယ်လွန်သွားချိန်မှာ မကျွတ်မလွတ်ဖြစ်နေရရှာသည်။ ဆိုတော့ကာ သူဆုံးပါးသွားခဲ့ရင်ကော ဘယ်လိုဖြစ်မိပါလိမ့်ဆိုပြီး ဒေါ်မိမိလေးတွေးကြောက်လာပြန်သည်။

ဒီမနက် မမကြီးရှိစဉ်ကတည်းက အိမ်ကိုဆွမ်းခံကြွနေကျဥူးပဉ္ဇင်းလေးက ဒေါ်မိမိလေးရဲ့ကျန်းမာရေးအခြေအနေလာရောက်မေးမြန်းစဉ်မှာ မမကြီးမကျွတ်မလွတ်သေးတဲ့အကြောင်းလျှောက်တင်မိတော့ ဥူးပဉ္ဇင်းလေးကတရားပြပါသည်။

“ဒကာမကြီး….ဆရာတော်ကြီးတွေဟောပြောနေတဲ့ #အသေမဦးခင်ဉာဏ်ဦးအောင်ကြိုးစားအားထုတ်ပါ ဆိုတဲ့နေတတ်သေတတ်အောင်လမ်းညွှန်ဩဝါဒ‌ ပေးကြတာကို ဒကာမဒေါ်မိမိကြီးက အသေအချာသဘောမပေါက်ခဲ့ရှာဘူးထင်ပါရဲ့…. ကုသိုလ်ကောင်းမှုတွေပြုခဲ့တာမှန်ပေမယ့် ဝိပဿနာတရားကျင့်ကြံအားထုတ်မှုမရှိတဲ့၊ တရားမသိတဲ့ပုထုဇဉ်လူသားတွေဟာ သေအံ့မူးမူးအချိန်မှာ ခန္ဓာကိုယ်ရုပ်‌ကောင်ကြီးရဲ့ဖောက်ပြန်နာကြင်မှု‌ဝေဒနာတွေနောက်လိုက်ပါခံစားပြီး၊ စိတ်အစွဲတွေနဲ့ဘဝကူးသွားကြတဲ့အတွက် ‌အပ္ပါယ်ဘုံတစ်ခုခုကိုလားနိုင်တာပေါ့ဗျာ… ဒါကြောင့်မို့ ဒကာမကြီးလည်း ဘဝလက်ကျန်နေ့ရက်တွေမှာ ပေါ့ပေါ့ဆဆမနေပဲ အချိန်တိုင်း သတိလေးကပ်ပြီး ကမ္မဌာန်းတရားစီးဖြန်းပြီးသာနေဖို့ ဥူးပဉ္ဇင်းကတိုက်တွန်းပါရစေ”

သက်တော်ငယ်ပြီး ဝါတော်နုသေးပေမယ့်
ဒေါ်မိမိလေးရဲ့ဉာဏ်အလင်းကိုဖွင့်ပေးလိုက်တဲ့
ဥူးပဉ္ဇင်းလေးကို လှုပ်ရှားနိုင်တဲ့လက်တစ်ဖက်ကအကြောသေနေတဲ့လက်တစ်ဖက်ကိုဆွဲထူမရင်းလက်အုပ်အနိုင်နိုင်ချီကာ “ကျေးဇူးကြီးလှပါတယ်ဘုရား”လို့ မပီမသရှိခိုးဦးတင်မိပါသည်။

************

နောက်တစ်နေ့နံနက်နေမြင့်ချိန်မှာ ဒေါ်မိမိလေးကို ကိုယ်လက်သန့်စင်ပြီး နံနက်စာကျွေးဆေးတိုက်ဖို့လာတဲ့ ယောင်းမကြီးသည် အိပ်ခန်းထဲလှမ်းအဝင်မှာ မျက်လုံးအစုံကပြူးကျယ်ပြီး ပါးစပ်ကြီးအဟောင်းသားဟလျက်၊ လက်တစ်ဖက်ကရင်ဘတ်ပေါ်ကစောင်ကိုတင်းတင်းဆုပ်ကိုင်ထားရင်း ကြောက်လန့်တကြား နှလုံးရပ်သေဆုံးသွားပုံရတဲ့အသက်မဲ့နေသောဒေါ်မိမိလေးရဲ့ခန္ဓာကိုယ်ကိုသာတွေ့လိုက်ရပါတော့သည်။

အဆုံးသတ်မှာတော့ ဦးမောင်ငယ်ထွေးသည်
တစ်ဦးတည်းသောကျန်ရစ်သူဆွေမျိုးရင်းချာအဖြစ် အပျိုကြီးအစ်မနှစ်ယောက်၏အမွေအိမ်ကြီးကိုဆက်ခံပိုင်ခွင့်ရသွားလေသည်မို့ သူတို့မိသားစုအကြောင်းခ‌ရေစေ့တွင်းကျသိသူတွေက ညီအစ်မနှစ်ယောက်အတွက်မချင့်မရဲကြိတ်မနိုင်ခဲမရဖြစ်ကြရပါသည်။

ဆရာကောင်းသမားကောင်းကြောင့် အချိန်နှောင်းမှ ဉာဏ်အလင်းလေးတစ်ချက်ပွင့်သွားခဲ့ပေမယ့် ဝိပဿနာတရားကျင့်ကြံအားထုတ်ချိန်မရလိုက်တော့ပဲ ကွယ်လွန်သွားရရှာသောဒေါ်မိမိလေးလည်း အဘယ်ဘုံသို့လားရှာလေသည်မသိ။ စိတ်ရင်းကောင်းမွန်ပါသော်လည်းအစွဲအလမ်းကြီးခဲ့ကြပါသောညီအစ်မတို့သည် ကျွတ်လွတ်ပြီး ကောင်းရာမွန်ရာဘုံဘဝသို့‌ရောက်နိုင်ကြပါရဲ့လား မည်သူမျှအတပ်မသိနိုင်ပါပေ။

တစ်ဘဝလုံး မကောင်းမှုဒုစရိုက်ချည်းသာပြုခဲ့ပါသော ဦးမောင်ငယ်ထွေးကတော့ ပြုခဲ့သမျှအကုသိုလ်တွေ တန်ပြန်အကျိုးပေးချိန်မတိုင်သေးလေသလားတော့မသိ ယခုထက်ထိတော့ ကံကြမ္မာ၏မျက်နှာသာပေးမှုကိုရနေဆဲပါပေ။

မည်သို့ပင်ဖြစ်စေကာမူ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် ပစ္စုပ္ပန်၌ မကောင်းမှုတို့ဖြင့်အသက်‌မွေးပါ‌ သော်လည်း အပြစ်ဒါဏ်လက်ငင်းမခံစားရပဲ
မပျက်စီးသည့်အပြင်၊ ပို၍ပင်ကြီးပွားတိုးတက်‌နေရခြင်းသည်

၁)။ ယခင်ဘဝက ထိုသူပြုခဲ့‌သည့်ကြီးစွာသောကောင်းမှုကုသိုလ်ကံ၏အရှိန်မကုန်‌သေး၍လည်းဖြစ်နိုင်သလို

၂)။ ယခင်ဘဝကအကုသိုလ်အလုပ်ဖြင့်အသက်‌ မွေး၍ရရှိလာသောဥစ္စာဓနကိုအရင်းတည်၍ ကုသိုလ်ကောင်းမှုတို့တစ်ဖန်ပြန်လည်ပြုဖူးခဲ့သည် ရှိသော် အကြင်သူသည် ယခုဘဝတွင်လည်းအကုသိုလ်အလုပ်တို့ဖြင့်ဆက်ပြီးအကျိုးပေးနေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

သို့ပါသော်လည်း… ထိုကုသိုလ်ကံအကျိုးပေးတို့
ကုန်ဆုံးချိန်တန်လာခဲ့လျှင်တော့ မိမိပြုခဲ့ဖူးသောအကုသိုလ်ကံတို့က မိမိကိုတစ်ဖန်ပြန်လည်ဖိစီးနှိပ်စက်ခြင်းကို မလွဲဧကံခံရမည်မှာမုချဖြစ်ပါကြောင်း…..

လူမိုက်တို့၏ဘဝနေဝင်ချိန်ဇာတ်သိမ်းပိုင်းကို
ငွေရောင်ပိတ်ကားပေါ်မှာဆက်လက်စောင့်မျှော်ကြည့်ရှုကြရန်သာရှိပါတော့သည်။

“ပြီးပါပြီ”

#Way
11052024