အတုံ့အလှည့်

အတုံ့အလှည့်(စ/ဆုံး)

——————

“” ဒေါ်လေးရေ ဒေါ်လေး “”

စိတ်ညစ်ညစ်နှင့် လှဲအိပ်နေရာမှ
ခင်မွန် လူးလဲထလိုက်သည်။
ခင်မွန်တို့နေတဲ့ အိမ် နှင့် တလမ်းကျော်
ယောက္ခမအိမ်မှ ခင်မွန်ယောကျာ်း ကိုဝင်းမော် အမ ၏ သားဖြစ်သူ အသက်ဆယ်နှစ်အရွယ်ကောင်လေး အတူးက အိမ်ရှေ့မှ လှမ်းခေါ်နေခြင်းဖြစ်ပါသည်။

“”အတူး အိမ်ပေါ်တတ်လာလေဟယ်””

“”ဒေါ်လေးခင်မွန် ဒီမှာ ဦးလေးဝင်းမော်စားဖို့ အဖွားက ငါးသလောက်ပေါင်း လာပို့ခိုင်းလို့””

ကော်ဟင်းဘူးလေးနှင့် ထည့်လာသောငါးသလောက်ပေါင်း ဟင်းကို အငမ်းမရ
ခင်မွန်ဖွင့်ကြည့်လိုက်ပါသည်။
အနေတော် ဟင်းတုံးတတုံး ထဲသာဖြစ်ပါသည်။
ဟင်းတုံးကိုမြင်မှ ခင်မွန် ဗိုက်က တဂွီဂွီမြည်လို့လာပါတော့သည်။

“”ဟဲ့ အတူး ဟင်းက တတုံးထဲလားဟယ်
ဒေါ်လေးခင်မွန်အတွက်မပါဘူးလား
ချက်တာနည်းလို့လား ဒီ ငါးက နင့်အဖေငါးဒိုင်က
ရလာတဲ့ ငါးမဟုတ်လား “”

“”ဟုတ်တယ်လေဗျာ…အိမ်မှာ
တအိုးကြီးပေါင်းထားတာ အဖွားနဲ့ အမေက
ဦးလေးဝင်းမော် စားဖို့ပဲ ထည့်ပေးလိုက်တာလေ
ဒေါ်လေးခင်မွန်အတွက်မပါဘူး
ပြီးတော့ အဖွားက မှာလိုက်သေးတယ်
ဦးလေးဝင်းမော်က ငါးသလောက်အရမ်းကြိုက်တယ်တဲ့ ဦးလေးကိုပဲ ကျွေးပါတဲ့
ဒေါ်လေးခင်မွန် မစားပစ်ပါနဲ့ တဲ့””

“”အ မ လေး မစားပါဘူး
မစားပါဘူး နင့်အဖွားနဲ့ နင့်အမေကို ပြောလိုက် ဒေါ်လေးခင်မွန်က ငါးသလောက်မကြိုက်ဘူးလို့ “”

“”ဟုတ်ကဲ့ ပြောလိုက်မယ် ကျနော်ပြန်ပြီဗျာ””

အတူး ပြန်သွားတော့ ဟင်းခွက်ကိုကြည့်ပြီး
ဆာလောင်မူ့ကြောင့် မျက်ရည်ပင်ကျချင်လာမိသည်။
သမီးလေး ရွှေသွန်းခမျာလည်း ခင်မွန်ဝယ်ကျွေးထားသည့် တစ်ရာတန်မုန့်လေးကို စားပြီး
အိပ်ပျော်နေရှာပါသည်။
နာရီက ဆယ်နှစ်နာရီခွဲနေပါပြီ။
ခင်မွန်တို့အိမ်မှာ ထမင်းအိုးတလုံးနှင့်
ညကကျန်သည့် ငပိရည်လက်ကျန်ခွက်လေးတခုသာရှိသည်။
ကိုဝင်းမော်က ဒီနေ့မှ ထမင်းစားပြန်နောက်ကျနေသည်။
ကိုဝင်းမော်ပြန်လာမှ ကန်ထရိုက်ဆီက ထမင်းစားဖို့ဆိုပြီး ငွေ နှစ်ထောင်သုံးထောင်လောက်ယူလာမည့် ပိုက်ဆံလေးဖြင့် ဟင်းဝယ်စားရမည်ဖြစ်သည်။

ကိုဝင်းမော် သွားလုပ်ရသည့်ဆိုဒ်က ဝေးဝေးလံလံမှာ မဟုတ် လမ်းထိပ်ကလေးတင်ပါ။
ပန်းရံဆရာသံလျှက်ကိုင်မို့ နေ့စားခက တစ်သောင်းနှစ်ထောင်ရမှာဖြစ်ပါသည်။
အလုပ်က အိမ်ရှင် ငွေ အနည်းငယ်ပြတ်နေ၍ ခဏရပ်ထားရသည်မှာ လေးငါးရက်ရှိပြီ
အခုမနက်မှ အလုပ်က ပြန်ဆင်းရခြင်းဖြစ်သည်။

လင်မယားနှစ်ယောက် ခလေးလေးတစ်ယောက်တည်းဆိုပေမယ့် ခင်မွန်တို့စီးပွားရေးအဆင်မပြေပါ။
အလုပ်က ရှိတဲ့အခါရှိပြီး မရှိတဲ့အခါ
မရှိခြင်းကြောင့် အမြဲလိုလို ကြပ်တည်းနေခဲ့ရပါသည်။
အခုကျတော့ အိမ်ငှားခကပေးရပြန်သည်မို့
ခင်မွန်ဆီမှာ အပြင်သွားလျှင်ဝတ်စရာတူတူတန်တန် အဝတ်ပင်မရှိတော့ပေ။
ခင်မွန် ဆီမှာ မရွေးနိူင်၍ ဆုံးသွားသော အပေါင်လက်မှတ်များ။
သုံးလပြည့်ခါနီး၍ အတိုးသတ်ရမည့် လက်မှတ်များ မှာ အထပ်လိုက်ရှိနေပါသည်။

ခင်မွန် တို့လင်မယား အိမ်ငှားနေရသည်မှာ
သုံးလခန့်ရှိပါပြီ။
ယောက္ခမတွေက ပေနှစ်ဆယ်ခြံမှာ
သွပ်မိုးပျဥ်ထောင်သုံးပင်အိမ်လေးဖြစ်သည်။
အိမ်မှာ ခြံအပြည့်ကို ခြေရင်းဘက်မှာ လူသွားလျှောက်လမ်းလေးချန်ပြီးဆောက်ထားသည့်အတွက် အတော်အသင့် ကျယ်ဝန်းပါသည်။
ခင်မွန်တို့ အိမ်ထောင်စကျပြီးခလေးတယောက်
ရသည့် သုံးနှစ်တာလုံးလုံး ယောက္ခမအိမ်မှာသာ
နေလာခဲ့ခြင်းဖြစ်သည်။

ခင်မွန်တို့ကဲ့သို့ပင် ခင်မွန်ယောကျာ်း ကိုဝင်းမော်၏ အမဖြစ်သူ မဝင်းအေးတို့ မိသားစုလည်းအတူနေထိုင် ပါသည်။
ခင်မွန် ယောင်းမ မဝင်းအေးသည်အမြဲလိုလို
ခင်မွန်ကိုရန်ဆောင်နေတတ်သူဖြစ်သည်။
ခင်မွန်တို့ သမီးယောင်းမ မကြာခဏ စကားများရန်ဖြစ်ဘူးကြသည်။
ပြီးခဲ့သည့်သုံးလကတော့ စကားများရန်ဖြစ်သည့်
အဆင့်ထက်ကျော်လွန်ပြီး နပန်းလုံးကြသည့်အထိဖြစ်ခဲ့ကြရာ တရပ်ကွက်လုံး
တလမ်းလုံး ပွဲဆူသွားသည့်အထိ ဖြစ်ခဲ့ကြသည်။
အတူနေ သူအချင်းချင်းမသင့်မြတ်ကြသောအခါ တစ်မိသားစုက အိမ်ပေါ်မှ မဖြစ်မနေဆင်းရလေသည်။
ထိုကဲ့သို့ ဆင်းရသူမှာ ခင်မွန်တို့ လင်မယားသာဖြစ်ခဲ့တော့သည်။

ခင်မွန်သည် မဟုတ်မခံစိတ်ရှိတတ်ပေမယ့်
စကားမရှုပ်တတ်ပေ။
မဝင်းအေးက အိမ်လည်တတ်ပြီး စကားရှုပ်ရာမှ အိမ်တွင်းရေးများအထိပါလာပြီးနောက်ဆုံးမှာ ခင်မွန်နှင့် ရန်ပွဲအထိဖြစ်လာခဲ့ခြင်းဖြစ်သည်။

မခံချင်စိတ်ဖြင့်သာ ဆင်းလာခဲ့ရတာ။
ခင်မွန် တို့ ပြေလည်နေ၍မဟုတ်။
ယောက္ခမနှင့် အတူနေစဥ်က စျေးဖိုးတနေ့
လေးထောင်ပေးပြီး ပေါင်းစားခဲ့သည့်အတွက် တော်ရုံ အလုပ်ပျက်လည်း အိန္ဒြေရေမပျက်ခဲ့ရပေ။
အလုပ်မရှိသည့် ရက်နှင့် အလုပ်ရှိသည့်ရက်ကိုမျှတပြီးလည်ပတ်လို့ ရနေခဲ့သေးသည်။
အခုတော့ အိမ်လစာကတမျိုး မီတာခကတမျိုး ချာလည်ရိုက်နေပါတော့သည်။
မပြေလည်၍ တစ်ရာကွက်နှစ်ရာကွက်နှစ်လုံးထီလေး ကို ဆော့ကြည့်မိသည်။
စ ထိုးခါစက မထင်မှတ်ပဲ တစ်ကွက် နှစ်ကွက်လောက်နှင့် ပေါက်ဘူးလိုက်၍ လောင်းကစားကို စိတ်ကပါသွားမိသည်။
အလုပ်က ရှိတရက် မရှိတရက်မှာ လောင်းကစားလေးက ပါလာတော့ အနီးအနားမှာ
ဆွဲလို့လွဲလို့ရမျှ ရှာဖွေချေးငှားမိ၍
အခုတော့
ထမင်းစားဖို့တောင် ခက်နေရသည့်
အဖြစ်မျိုးဆိုက်လို့နေပါတော့သည်။

“”ဟေ့ ခင်မွန်ရေ ခင်မွန်””

“”လာပြီ….ကိုဝင်းမော်ရေ ရှင်ကလည်းနောက်ကျလိုက်တာ သမီးလေးတောင်ဗိုက်ဆာဆာနဲ့ အိပ်ပျော်နေရှာပြီ””

“”အပိုတွေကွာ ဒီနေ့က စနေနေ့မို့
မင်းဗိုက်ဆာတာပါ နှစ်လုံးထီထွက်တဲ့နေ့ဆို
ဆာမှန်းတောင် မင်းမသိပါဘူး
ရော့.. ကြည်မော်တို့ဆိုင်မှာ ဟင်းသွားဝယ်ချေ ထမင်းစားရအောင်””

“”ခုနက အတူးရယ် ဟင်းလာပို့သေးတယ်
ငါးသလောက်ပေါင်း ထည့်ပေးလိုက်တာတစ်တုံးတည်းရယ် ရှင်စားဖို့တော့ရမှာပေါ့””

“”အေး အဲဒါဆို အဲ့ဟင်းနဲ့ ငါစားမယ်
မင်းတို့သားအမိ စားဖို့ ငါးရာဖိုးလောက်ပဲ
ဝယ်လာခဲ့
ပေးတဲ့သူက လာပေးတာတောင်
တတုံးတည်း တစ်ဖဲ့တည်း လုပ်နေတယ်
အဲ့ဒါတွေကြောင့် မင်းနဲ့အမေတို့နဲ့ မတည့်တာ””

“”ဖြစ်ရလေ…..ကိုယ့်မအေတွေ အမတွေ
သဘောယုတ်တာကျထည့်မပြောဘူး””

“”ဟာ…..ဒီမိန်းမ လျှာရှည်နေလိုက်တာ
ငါမြန်မြန်ပြန်ရမှာ ငါထမင်းစားနှင့်တော့မယ်””

ကိုဝင်းမော်ကမ်းပေးတဲ့ ပိုက်ဆံတစ်ထောင်ကို
လက်ကမ်းယူပြီး လမ်းထိပ်က
ကြည်မော်ဟင်းဆိုင်မှာ ဟင်းလာဝယ်ရပါသည်။
ဟင်းက အသားဟင်းတပွဲ တစ်ထောင်မို့
မဝယ်စားရက်ပဲ ဘဲဥအချဥ်ရည် ဟင်းလေးတလုံးကို လေးရာပေးဝယ်ပြီး ပြန်လာခဲ့လိုက်ပါသည်။
အိမ်ပြန်ရောက်သောအခါ ကိုဝင်းမော်က ထမင်းစား၍ပင် ပြီးနေခဲ့ပါပြီ။

“”ရှင်ကလည်း ဘယ်လိုများတောင်စားလိုက်တာလဲ မြန်လိုက်တာ ပြီးပြီလား””

“”အေးပြီး ပြီ အမြန်ပြန်ရမှာ အလုပ်ကစိတ်မရှိတော့ဘူး လူလျှော့တဲ့အထဲ ကိုယ့်မပါဖို့အရေးကြီးတယ်ဟ””

“”ဒါနဲ့ကိုဝင်းမော် ဟိုရက်က မြင့်သိန်းတို့နဲ့
အလုပ်ငါးရက်လိုက်ဆင်းတာလေ
လေးရက်ခပဲရတယ် တရက်ခက
အခုထိမရတော့ဘူးလား
နည်းနည်းပါးပါးတောင်းကြည့်ဦးလေ
အိမ်မှာ စားဖို့တောင်မရှိဖြစ်နေတာသိရဲ့နဲ့””

ခင်မွန်က ပွစိပွစိပြောနေရင်းထမင်းဇလုံကြီးထဲ ထမင်းတွေခူးငပိရည်ဆမ်း၍ ဘဲဥလေးတခြမ်း နှင့် ကိုဝင်းမော်လက်ကျန်ငါးသလောက်ဟင်းလေးကိုထည့်စားမည်ကြံလိုက်ပါသည်။
သို့သော်…ငါးသလောက်ဟင်းမှာ ပန်းကန်ပေနေသော ဆီသာကျန်နေပါတော့သည်။

“”ရှင် မလဲနော်နည်းနည်းပါးပါးတောင်မချန်ထားဘူး အကုန်စားပစ်ရလား
ဟင်းတုံးအကြီးကြီးကို””

“”ဟာ…ငါ့ကိုစားစေချင်လို့ ငါအမေနဲ့ငါ့အမကလာပို့ပေးတဲ့ဟာ ဘာလဲ ငါကနမ်းပြီးစားရမှာလား
အစားအသောက် လည်းစမန်အရမ်းခုတ်နေတယ်
ကဲ…..ငါသွားတော့မယ် သြော် မြင့်သိန်းနဲ့တကယ်လို့ လမ်းမှာတွေ့ရင် ဟိုတရက်ခကိုသွားမတောင်းနဲ့နော်
နောက်အလုပ်ရှိရင်မခေါ်တော့ပဲနေမယ်နားလည်လား””

“”အေးပါတော်””

အိမ်ပေါ်မှ ဆင်းသွားသောလင်ယောကျာ်းကို
ငေးကြည့်ရင်း ငပိရည်နယ်ထားသော
ထမင်းနှင့်ဘဲဥတခြမ်းထည့်ထားသော
ထမင်းဇလုံကိုငေးကြည့်နေမိသည်။
အပျိုဘဝက ကြီးကျယ်တယ်ဆိုလေမလား
ဘဲဥ ကြက်ဥ ကိုဟင်းလို့ပင် မထင်ခဲ့ပေ။
ခင်မွန် အပေါ် သိတ်မကြင်နာသောယောကျာ်း အစေးမကပ်သော ယောက္ခမ
မနာလိုစိတ်ကြီးသောယောင်းမတို့ ကို တလှည့်စီမြင်ယောင်ရင်း
ခင်မွန်ရဲ့ အပျိုဘဝကို ပြန်ပြောင်းသတိရနေမိပါသည်။

ခင်မွန် အိမ်ထောင်မကျခင်က ခင်မွန်မိဘများနှင့် သတ္ထုတွင်းဝန်ကြီးဋ္ဌာန လိုင်းခန်းတခုတွင်
ခင်မွန်တို့မိသားစုနေထိုင်ခဲ့ကြသည်။
ခင်မွန်ဖခင်မှာ သတ္ထုတွင်းဝန်ကြီးဋ္ဌာန တခုမှ စာရေးဝန်ထမ်းဖြစ်သည့်အတွက်
အစိုးရပေးသော လိုင်းခန်းတွင်နေထိုင်ခွင့်ရခြင်းဖြစ်သည်။
ခင်မွန်မှာ အကိုတယောက်ရှိသည်။
ခင်မွန် ဆယ်တန်းမအောင်မြင်ခဲ့ပေမယ့်
ခင်မွန်အကို ကိုမျိုးသောင်းသည်စာတော်ပြီး
YIT ကျောင်းသားဖြစ်ခဲ့ပါသည်။

ခင်မွန်မိခင်က ဘောလီချုပ်ကျွမ်းကျင်သူဖြစ်ပါသည်။
အော်ဒါအပ်သော ဘောလီများကို လက်ရာကောင်းကောင်းချုပ်နိူင်သဖြင့် မိသားစုအပိုဝင်ငွေဖြစ်ပြီး မိသားစုပြေလည်ခဲ့ပါသည်။
ခင်မွန်အကို ကိုမျိုးသောင်းက ရန်ကုန်စက်မှု့တက္ကသိုလ်ကျောင်းသားမို့
ကျောင်းစရိတ်မှာအလွန်ကုန်လှသည်။
ခင်မွန်က စာသာမကြိုးစားတာ အမေရဲ့ အတတ်ပညာကိုလည်းစိတ်မဝင်စားခဲ့ပေ။

တနေ့ တနေ့ ခင်မွန် လှတ ပတ လေးနေပြီး
အဝတ်အစားအသစ်အဆန်းကိုအမြဲဝတ်ချင်ခဲ့သည်။
စျေးသွားသည့်အခါအထည်ဆိုင်ရှေ့ကဖြတ်လျှောက်တိုင်း ခင်မွန်လိုချင်သည့် ပိတ်စကိုငေးရသည်မှာအမောပင်။
မိခင်ကိုပူဆာ၍ မိခင်က

“”နေပါဦးခင်မွန်ရယ်””

ပြောလျှင်

“”အကိုမျိုးသောင်းကျတော့ အကုန်ခံတယ်
သားသမီးချင်းအတူတူ မျက်နှာလိုက်တယ်””

ဟု ခင်မွန်စကားနာထိုးပစ်တတ်သည်။
ထိုအခါ မိခင်မှာမနေသာတော့ပဲ ခင်မွန်လိုချင်တာကို ဝယ်ပေးရစမြဲဖြစ်ပါသည်။
မိခင်က အကိုမျိုးသောင်းကို
အတော်လေးမျှော့်လင့်ထားပုံလည်းရပါသည်။
ခင်မွန် အဖေနှင့်အမေမှာ
အသက်အတော်လေးရပြီး
လူပျိုကြီး အပျိုကြီးဖြစ်မှ အကြောင်းပါခဲ့သဖြင့် ခင်မွန် အရွယ်ရောက်ချိန်မှာ အသက်ငါးဆယ်ကိုတော်တော်လေးလွန်နေခဲ့ပြီဖြစ်ပါသည်။

သိတ်မကြာခင် နှစ်အနည်းငယ်တွင်
ဖခင် ပင်စင်ယူရပါတော့မည်။
ထိုအခါ ခင်မွန်တို့ နေထိုင်သည့် ဝန်ထမ်းအိမ်ယာလိုင်းခန်းမှ ဖယ်ရှားပေးရမည်ဖြစ်သည်။
ရန်ကုန်မြို့မှာအနေကြာနေပြီဖြစ်သည့်
မိခင်ဖခင်နှစ်ပါးမှာ နယ်မြို့အသီးသီးရှိသူတို့၏မွေးရပ်မြေရွာငယ် လေးများတွင်လည်းပြန်လည်အခြေချမနေထိုင်လိုကြပေ။
ရန်ကုန်မြို့တွင်သာ နေသားကျနေပြီမို့
မြို့ပြတွင်သာနေလိုကြသည်။
ပညာတတ်အကို ကို အားကိုးချင်ကြသည်။
ထို့ကြောင့်အစစအရာရာ အကို့ကို ပံ့ပိုးပေးနေကြခြင်းဖြစ်ပါသည်။

ခင်မွန်မှာ ဆယ်တန်းကလည်းမအောင်
ခင်မွန်နှင့်အံဝင်သည့်အလုပ်ကလည်းမရနှင့်
အိမ်တွင် လူပိုတယောက်အဖြစ် သောင်တင်နေပါသည်။
ခင်မွန်လည်း အပျိုအရွယ်မို့လှချင်သည်။
ထည်ထည်ဝါဝါကြီးမဟုတ်တောင့် ဆွဲကြိုးလေး လက်စွပ်လေးလောက်တော့ ဝတ်ချင်ပါသည်။

ခင်မွန် ပူဆာသည့်အခါတိုင်း ခင်မွန်ကို ဘောလီကူချုပ်ဖို့သာ အမေက တုန့်ပြန်တတ်ပါသည်။
မကောင်းတတ်၍ နားကပ်လေးတရံနှင့်လက်စွပ်လေးတကွင်းတော့ ဆင်ထားပေးပါသည်။
အကိုမျိုးသောင်းအတွက်ဆိုလျှင် လိုလေသေးမရှိ။
တော်ကြာပုဆိုး တော်ကြာအကျီ်
လက်စွပ် နာရီ ဆွဲကြိုး ဆင်ယင်ပေးပြီး
စက်မူ့ကျောင်းသားဟူ၍ အလိုလိုဂုဏ်ယူနေတတ်ကြပါတော့သည်။

အကိုမျိုးသောင်း ကျောင်းပြီး၍ယူထားသောဘွဲ့နှင့်ကိုက်ညီအောင်အလုပ်ရှာနေစဥ်အတွင်းမှာပင်
မထင်မှတ်ပဲ မိန်းမရသွားပါသည်။
ယူလိုက်သောမိန်းမမှာ သူလိုကိုယ့်လို
သာမာန်မိန်းမတယောက်ပါ
ခင်မွန်ကဲ့သို့ပင် ဆယ်တန်းမအောင်သော
သူတယောက်ဖြစ်ပါသည်။
မိန်းခလေးရှင် ကျေနပ်အောင် မဂ်လာကို
လုပ်ပေးရပါသည်။
အလုပ်မရသေးသည့်အတွက်
အတူနေပြီးတင်ကျွေးထားရပါသည်။
ထိုအထိ ခင်မွန် ဘက်က အဆင်ပြေသေးသည်။

အကိုမျိုးသောင်းက သူ့လည်ပင်းမှဆွဲကြိုးကို
သူ့မိန်းမ မနေခြည်ကိုဆင်ပေးလိုက်သည်။
ထိုနေ့မှစ၍ ခင်မွန်စိတ်က ယောင်းမအပေါ်ဘဝင်မကျတော့ပေ။
ခင်မွန်ကဲ့သို့ပင် ဝိုင်းလုပ်ဝိုင်းစားပေမယ့်
ခင်မွန် ဖက်လှဲတကင်းမလုပ်ခဲ့။
တခုခုဆို ကွယ်သည့်နှင့် အပြစ်ရှာပြီး
အမေ့ကိုအတိုအထောင်လုပ်ပစ်သည်။
ကြာလာတော့ အမေကိုယ်တိုင်လည်း ချွေးမကို ဖက်လှဲတကင်းရှိမလာတော့ပေ။

နောက်ပိုင်းမှာ အကိုမျိုးသောင်းအလုပ်ရသွားသည်။
အလုပ်ရခါစမို့ လစာကလည်းနည်းပါးပြီး
အိမ်ထောင်ကျကတည်းက အိမ်မှာ
ကပ်စားနေရသလိုဖြစ်နေခဲ့၍ အကိုက ရလာသည့်လစာထဲမှ အနည်းငယ်သာဖယ်ပြီး မိခင်ကိုအကုန်ပြန်အပ်ပါသည်။

မနေခြည်က ဘာဆိုဘာမှမပြောပါ။
ထို့သို့မပြောသည်ကိုပင် မကျေနပ်သည့်အချိုးဟု မိခင်ကို ခင်မွန်က အတို့အထောင်လုပ်မိပါသေးသည်။
မိခင်ကတော့ ဘာမှ မပြောပဲနေလိုက်ပါသည်။
အကိုမျိုးသောင်းကို ပြုစုပျိုးထောင်လာသည့်
မိဘနှစ်ပါးက မည့်သည့်အကျိုးကျေးဇူးမှ မရခဲ့ပါပဲ မိန်းမယူခဲ့သည့်အတွက် ယောင်းမဖြစ်သူကို ခင်မွန် မုန်းပါသည်။

ဖခင်လစာထုတ်ရက် မုန့်ပဲသရေစာလေးများ
ဝယ်စားကြလျှင် ခင်မွန်က ဆရာကြီးလုပ်ပြီး
ယောင်းမကို ချန်လှပ်၍ စားတတ်သည်။
မနေခြည်က တခါမှ စကားနာမထိုးခဲ့။
ခင်မွန် ရန်စောင်လျှင်လည်း သီးခံပြီးနေတတ်ပြန်သည်။
မျက်နှာငယ် မျက်နှာသေဖြင့်အတွင်းပုတ်သူ ဟု ခင်မွန်က မိခင်ကို ကွယ်တိုင်းပြောတတ်ပါသည်။
ထိုသို့သောအခြေအနေအရပ်ရပ်ကြောင့်
အကိုမျိုးသောင်းတို့လင်မယား
အိမ်ခွဲနေလိုကြောင်းခွင့်တောင်းပြီး
ဆင်းသွားကြပါတော့သည်။

အကိုမျိုးသောင်းမရှိတော့သည့်နောက်
ကုန်ကျစရာငွေကုန်ကြေးကျလည်း
များများစားစားမရှိတော့သည့်နောက်
ခင်မွန် ကို မိခင် ဖခင်တို့က ပိုပြီးကျွေးမွေးဆင်ယင်နိူင်ခဲ့သည်ဟု ခင်မွန်မြင်လာမိသည်။
ရွှေတိုငွေစလေးတွေလည်း ခင်မွန်ကို ဆင်ယင်ပေးခဲ့ကြသည်။
နဂိုကမှ အလှကြိုက်သည့် ခင်မွန်တယောက်
သူငယ်ချင်းအပေါင်းသင်းများနှင့်
ဝတ်ဟယ်စားဟယ် လမ်းကြောင်းပေါက်ပြီးနောက်ဆုံးမှာ ကိုဝင်းမော်နှင့်
ချစ်ကြိုက်ခဲ့ကြသည်။
ခင်မွန်သူငယ်ချင်းအိမ်ကို
ဆွေးမျိုးနီးစပ်တော်သည့်
ကိုဝင်းမော်က လာလည်ရာမှ
အောင်သွယ်ကျေးဇူးနှင့် ရည်းစားရခဲ့ခြင်းဖြစ်သည်။

ခင်မွန်တို့ ချစ်သူဖြစ်ပြီး သိတ်မကြာခင်မှာပင်
ခိုးရာလိုက်ခဲ့တော့သည်။
ကိုဝင်းမော်မှာ ခင်မွန်ကဲ့သို့ပင် အမတယောက်ရှိပြီး အိမ်ထောင်ကျနေပေမယ့်အိုးမခွဲ အိမ်မခွဲပဲ အတူတူနေထိုင်ကြခြင်းဖြစ်ပါသည်။
ခင်မွန်က ယောက္ခမအိမ်မှာ မနေလိုပေမယ့်
ကိုဝင်းမော်က ဘယ်လိုမှ ခေါ်မရသည့်အဆုံး
ခင်မွန်သာ ကိုဝင်းမော်တို့အိမ်မှာလိုက်နေရပါတော့သည်။

ခင်မွန်အိမ်ထောင်ကျတော့ ခင်မွန်ကိုဆင်ထားတဲ့ ပစ္စည်းလေးတွေကို အဖနှင့်အမေက တခုမှ
ပြန်မတောင်းပဲထည့်ပေးလိုက်သည်။
ခင်မွန်ဆီမှာ ရွှေစ ငွေစလေးလေးပါလာတော့ ယောက္ခမနဲ့ရော ယောင်းမနဲ့ပါ အဆင်ပြေနေပါသည်။
သမီး…. သမီး
ညီမလေး…ညီမလေး စသည်ဖြင့်
ပါးစပ်ဖျားကမချခဲ့ပေ။
အိမ်ထောင်ပြုပြီးမှ အလုပ်ရှာရသည့်အဖြစ်ကြောင့် ကိုဝင်းမော် အလုပ်မရှိသည့်ကာလအတွင်း မရှိဝမ်းစာလေးများအဖြစ် ပါလာတာလေးတွေ
ကုန်လွန်ခဲ့ပါသည်။

ခင်မွန်အဖေမှာလည်း ပင်စင်ယူရသည်မို့
လိုင်းခန်းမှ ဖယ်ရှားပေးရတော့မည်။
စုထားဆောင်းထားသည်ကလည်း
သားနှင့်သမီး ဆီမှာ ကုန်ခဲ့ပြီ။
ပင်စင်လစာ နှင့်က အဆင်မပြေနိူင်။
မိခင်မှာလည်း ဒူးနာရောဂါကြောင့်စက်မချုပ်နိူင်တော့ပေ။
မိဘတွေ အဆင်မပြေသည့်အခြေအနေကိုသိပေမယ့် ခင်မွန်မကူညီနိုင်ခဲ့ပေ။
ပါလာတာလေးတွေလည်းကုန်ပြီမို့
ယောက္ခမနှင့်ယောင်းမက အရင်လို
ဆက်ဆံရေးမျိုးမရှိချင်ကြတော့။
ဒီကြားထဲ ကိုယ်ဝန်ကရလာသည့်အတွက်
ပို၍ခက်ခဲလာပါတော့သည်။

အလုပ်ရွေးနေသည့် ကိုဝင်းမော်လည်း
နောက်ဆုံးမှာ ပန်းရံလုပ်လိုက် လက်သမားလုပ်လိုက်နှင့် စားဝတ်နေရေးကိုဖြေရှင်းရပါတော့သည်။
အိုးခွဲချက်စားကြခြင်းမဟုတ်ပဲ စျေးဖိုးသုံးထောင်လေးထောင် ပေးရသည့်အတွက်
အနည်းငယ်အဆင်ပြေပါသည်

မိဘနှစ်ပါးမှာ နောက်ဆုံးတွင် အကိုမျိုးသောင်း၏ အိမ်တွင် အတူတူနေထိုင်ကြရပါသည်။
အကိုမျိုးသောင်းမှာ ကုမ္ပဏီ တွင် အလုပ်ဝင်သည့်လုပ်သက်နှင့်ရာထူးရာခံလည်းရသွားပြီမို့ မိခင်ဖခင် နှစ်ပါးကို အိမ်ဦးခန်းမှာထားပြီးအလုပ်အကျွေးပြုပြီး မနေခြည်ကလည်းတရိုတသေ ဆက်ဆံကြောင်းကို ခင်မွန်ကြားသိခဲ့ရပါသည်။

ခင်မွန်အခက်အခဲ အရမ်းဖြစ်သောအခါ အကိုဆီ၌ ငွေကြေးအကူအညီသွားယူတိုင်းယောင်းမကိုယ်တိုင်ထုတ်ပေးပါသည်။
ကြိမ်ဖန်များလာ၍ ခင်မွန်ဘာသာအားနာရှက်ရွံပြီး မသွားရဲလောက်သည့်အထိ ဖြစ်နေခဲ့သည်။

ခင်မွန် ပြန်တွေးမိတိုင်း လိပ်ပြာမလုံခဲ့ပေ။
မနေခြည်အပေါ် မလိုမုန်းထားမိသည်။
ခွဲ ခြားဆက်ဆံခဲ့သည်။
အစားအသောက်ကအစ အကို့ကိုသာ သဒ္ဒါပြီး ယောင်းမကို မသဒ္ဒါခဲ့သူပါ။
သို့သော်မနေခြည် မှာစိတ်ထားပြည့်ဝသည့်
သူမို့ အတေးအမှတ်လည်းမထား
လင်သားအပေါ်ချစ်ခင်သလို
ပညာတတ်လင်သားကို မွေးထုတ်ပေးခဲ့သည့် ယောက္ခမနှစ်ပါးကိုလည်း
ရိုကျိုးဦးညွုတ်ခဲ့သည်။
ခင်မွန် ဆက်ဆံခဲ့သည့် အပြုအမူအတွက်
ပြန်တွေးပြီးရှက်ခဲ့ရသည့်အထိ ပါ။

ခင်မွန် ဝဋ်လည်ခဲ့ခြင်းလေလား…….
ခင်မွန် ယောကျာ်းအိမ်တွင် ခင်မွန်အတတ်နိူင်ဆုံး အဆင်ပြေလိုက်လျှောအောင်နေခဲ့ပါသော်လည်း အချိန်ကြာလာသည့်နှင့်အမျှ
ယောက္ခမနှင့် ယောင်းမ၏ ငြုစူ မူ့
ခွဲခြားဆက်ဆံခံရမူ့ ကို သာကြုံတွေ့လာရသည်။
ခင်ပွန်းဖြစ်သူကလည်း မိခင်ကို စျေးဖိုးပေးပြီးသည်နှင့် ခင်မွန်ကို တိုင်းတာတွက်ချက်ပြီးအစေးကပ်စွာပေးပြန်သည်။
အလုပ်မရှိသောအခါကျပြန်တော့လည်း သူကိုယ်တိုင်တွင်လည်း စုထားဆောင်းထားသည်ရယ်လို့မရှိပြန်ပေ။

ယောက္ခမနှင့် ယောင်းမ လမ်းစဥ်အတိုင်း
သူမလည်း နှစ်လုံးထီလေးဆော့မိသည်။
နောက်ဆုံးမှာ အလုပ်မရှိမှီခိုတယောက်ဖြစ်ပြီး
လင် သိသောအကြွေး လင် မသိသောအကြွေးဟူ၍အကြွေးနှစ်ရပ်ကြားမှာ ဗျာများရပါတော့သည်။

အခုတော့…ယောက္ခမအိမ်ကလည်းဆင်းလာခဲ့ရပြီ။
အကို့ဆီက ယူရသည့်အကူအညီတွေမှာလည်း
တေ ထပ်လို့နေပြီမို့ ခင်မွန်ဖြစ်တည်မူ့ကို
ခင်မွန်ကိုယ်တိုင်ရှက်ရွံလို့ နေခဲ့ရပါပြီ။
ကိုယ့်ဘဝအကြောင်း ကိုယ့်တွေးမိတိုင်း
စိတ်ပျက်အားငယ်မိသည်။

ဆာလောင်မူ့ကြောင့်သာ
စားခဲ့ရပေမယ့် စားခဲ့တဲ့ ထမင်းလုတ်တွေက
လည်ချောင်းဝမှာ တစ်ဆို့ပြီးမှ ဝင်သွားကြခြင်းဖြစ်သည်။
စားလက်စကို ရပ်ပြီး လက်ဆေးလိုက်သည်။
သမီးလေးကတော့ အခုထိ အိပ်နေတုန်းပါ။
သူမ စိတ်ညစ်ညစ်နဲ့ လမ်းရိုးပေါ်ကြည့်နေစဥ်
ကိုဝင်းမော်နှင့် အရင်ရက်က အလုပ်လုပ်ခဲ့သည့်
ကိုမြင့်သိန်းကို လှမ်းတွေ့လိုက်သည့်အတွက် ကပျာကယာ အိမ်ပေါ်မှ ဆင်း၍
ကိုမြင့်သိန်းကို လှမ်းခေါ်လိုက်ပါသည်။

“”ကိုမြင့်သိန်း….ကိုမြင့်သိန်း ခဏလေး””

“”ဘာလဲ ခင်မွန်””

“”ကိုမြင့်သိန်းကို ပြောရတာအားနာတယ်
ကိုဝင်းမော်ကလည်း မတောင်းပါနဲ့ပြောထားတယ်
ဒါပေမယ့် ခင်မွန်အရမ်းကြပ်တည်းနေလို့ လုပ်ခတရက်စာ ကျန်တာလေးပေးပါလားအကိုရယ်””

ခင်မွန်စကားကြောင့် ကိုမြင့်သိန်းက မျက်လုံးကြီးပြုးပြီး

“”နင့်ယောကျာ်းက ငါ့ဆီမှာ တရက်ခ ရစရာရှိတယ် ပြောထားလို့လားခင်မွန်
ဘယ်ကလာ ကျန်ရမှာတုန်း
ငါတောင် နင့်လင်ဆီမှာ သုံးသောင်းစွန်းနေသေးတယ်
ပြီးခဲ့တဲ့လက သူ့အမေဒေါ်သိန်းနု သိတ်နေမကောင်းလို့ ငါဆီကယူပြီး
ငါ့ရှေ့တင်ပေးလိုက်တာဟဲ့
ငါပြောတယ်လည်း မပြောနဲ့ဦး
နင်ပြောလို့ ငါကပြန်ပြောပြတာ””

ခင်မွန် ခေါင်းငိုက်စိုက်နှင့် အိမ်ထဲပြန်ဝင်လာပါတော့သည်။
အကယ်၍ ခင်ပွန်းပြန်လာခဲ့လျှင် အစဖော်ပြီးလည်း ရန်မလုပ်တော့ပါ။
အကိုမျိုးသောင်းတို့ အိမ်မခွဲခင်က
ခင်မွန်ကိုယ်တိုင်လည်း ယောင်းမ မသိအောင်
ငါ့အကိုပဲ ငါ့အကိုက ငွေရှာနေတာ ယောင်းမကိုဂရုစိုက်စရာမလိုဘူးဆိုပြီး မကြာခဏပိုက်ဆံတောင်းခဲ့ဘူးသူမို့ပါ။
သူ့မိခင်မို့ သူပေးချင်၍ ပေးခဲ့ခြင်းသာ
ဖြစ်ပါလိမ့်မည်။
ခင်မွန်အကို ကလည်း ညီမလေးမို့ ပေးခဲ့ခြင်းသာဖြစ်သည်။
သို့သော် ကွာဟမူ့တော့ရှိပါသည်။
ခင်မွန်ယောကျာ်းက ခင်မွန်ကိုအကျ်ုးအကြောင်း
မပြောပြခဲ့ပေမယ့်
ပညာတတ်အကိုကတော့ သူ့ဇနီးကို
ပြောပြခဲ့မှာပါ။
မနေခြည်က သိပါရဲ့နှင့် မသိယောင်ဆောင်ခဲ့ခြင်းလည်းဖြစ်နိူင်ပါသည်။

လက်ရှိကြုံတွေ့နေရသည့် အခက်အခဲနှင့်
ခင်မွန်တချိန်က ပြုမူမိသော အပြုအမူတို့သည် အကြောင်းအကျိုးဆက်စပ်ပြီး တန်ပြန်နေခြင်းသာဖြစ်သည်။
လူသည် စိတ်ဓာတ်ကောင်းလေးရှိဖို့လိုပါသည်။
ကံကောင်းမှ အလုပ်ကောင်းမည်။
ကိုယ်၏ အလုပ်(အပြုအမူ) မကောင်းခဲ့မူ့ကြောင့် ကံ မကောင်းခြင်းဖြစ်သည်။

ခင်မွန်…လောင်းကစားလုပ်ခြင်းကိုစွန့်လွှတ်ပါတော့မည်။
သူ့ဘက် ကိုယ့်ဘက်မျှတာစွာတွေးပြီး
စိတ်ကောင်းနှလုံးကောင်းနှင့် ကံကောင်းအောင်နေထိုင်ပါတော့မည်။
တဘက်တလမ်းမှ အကြွေးမြီလေးများကြေစေရန် ခေါင်းရွက်ဗျပ်ထိုးလေးတခုခု ရောင်းနိုင်ရန်ကြိုးစားကြည့်ပါမည်။
ခင်မွန်အတွေးနဲ့ ခင်မွန် အတွေးလွန်နေစဥ်
ခင်မွန်နှင့်ကပ်လျှက်အခန်းမှ မစောက ဖုန်းကိုင်ပြီးရောက်လာပါသည်။

“”ခင်မွန်ရေ နင့်အကို ဆီက ဖုန်းလာနေတယ်””

“”ဟလို… အကိုမျိုးသောင်း ညီမခင်မွန်ပါ
ဘာလို့လဲဟင်””

“”သြော်…ငါညီမ အဆက်အသွယ်ပြတ်နေလို့ အဆင်ပြေရဲ့လား
စိတ်ပူလို့ လှမ်းဆက်လိုက်တာ””

“”ပြေတယ်လည်းမဟုတ်ပါဘူး အကို
အဖေနဲ့အမေ နေကောင်းရဲ့လား””

“”ကောင်းတယ်ညီမလေး
အကို ငွေတစ်သိန်း လှမ်းလွှဲပေးလိုက်မယ်
ညီမလေး သုံးဖို့ “”

ခင်မွန်ပျော်လွန်းလို့ မျက်ရည်ကျမိသည့်အထိပါပဲ။
အကိုလှမ်းလွှဲပေးတဲ့ ငွေလေးကို ထုတ်ပြီး ပြန်လာတော့ အိမ်ပေါက်ဝမှာ
သမီးလေးနဲ့ အတူးကငုတ်တုတ်လေးထ်ုင်နေကြပါသည်။

“”အတူး…..ဘာလာလုပ်တာလဲ””

“” ဒေါ်လေး ငါးသလောက်စားချင်ပုံရတယ်လို့
အိမ်ရောက်တော့ အဖွားကိုပြောပြလိုက်တယ်
အဲ့ဒါ အဖွားက ဒေါ်လေးစားချင်နေပုံရတယ်ဆိုပြီး ဟင်းလာပို့ခိုင်းလိုက်တာ
အဖွားက နှစ်တုံးလောက်ထည့်ပေးလိုက်လို့
အမေကိုပြောပေမယ့် အတူးအမေကသဘောကောင်းပြီး သုံးတုံးတောင် ထည့်ပေးလိုက်တယ် ဒေါ်လေးရေ””

ခင်မွန် ချိုင့်လေးထဲက ငါးသလောက်သုံးတုံးကို
ကြည့်ပြီး တကယ့်ကို ပီတိဖြစ်နေမိပါသည်။
သမီးလေးကို ဘဲဥတခြမ်းဖြင့်ထမင်းခွံပြီး
ညကျမှ ခင်ပွန်းဖြစ်သူကိုဝင်းမော်ပြန်လာလျှင် မိသားစု အတူတူ ငါးသလောက်ပေါင်းဟင်းလေး
ဖြင့် ထမင်းလက်ဆုံ စားမည်ဟု
တွေးရင်းပြုံးလိုက်မိပါတော့သည်။

ဆက်လက်ကြိုးစားပါမည်

ယွန်းနှင်းဆီခိုင်