အနင်းချေခံပန်းတစ်ပွင့်

အနင်းချေခံပန်းတစ်ပွင့်(စ/ဆုံး)

——————————–

” သီတာ မနက်ဆယ်နာရီ အစည်းအဝေးတဲ့ ”

” ဟုတ်မမခိုင် ”

အခန်းထဲ၌ ချိတ်ဆွဲထားသောနာရီအားကြည့်လိုက်ရာ မနက် ၉နာရီ ၄၀မိနစ်။
အစည်းအဝေးစရန် မိနစ်နှစ်ဆယ်ကျန်သေးသည်မို့ သီတာ တစ်ယောက် သင်္ချာပုစ္ဆာကို ကလေးများအား ဆက်လက်ရှင်းပြလိုက်၏။

” ကဲ သားတို့သမီးတို့ရေ ဒီပုစ္ဆာတွေတွက်ထားပါ ၊ အတန်းခေါင်းဆောင်သူရိန်က စာမလုပ်ပဲ ဆော့နေတဲ့သူတွေကိုနာမည်မှတ်ထား၊ ခေါင်းလောင်းတီးမှ အပြင်ထွက်ပြီးမုန့်စားကြ ကြားလား ”

” ဟုတ်ကဲ့ပါဆရာမ ”

သီတာလဲ ရုံးခန်းဘက်သို့ထွက်လာခဲ့၏။
လက်ထဲ၌ အစည်းအဝေးအတွက်မှတ်စရာရှိသည်များအားမှတ်ရန် မှတ်စုစာအုပ်လေးနှင့်ဘောပင်အား အသင့်ကိုင်ဆောင်ထား၏။

ရုံးခန်းထဲ၌ ဝန်ထမ်းများ လူစုံသလောက်ရှိနေလေပြီ။ သူလာသည်ကပင် နောက်ဆုံးဖြစ်ချေမည်။

ဆရာမကြီးသည် လက်မှနာရီအား တစ်ချက်ကြည့်ကာ ” ကဲ ဆယ်နာရီလဲထိုးပြီဆိုတော့ အစည်းအဝေးစမယ်၊ ဒီနေ့အစည်းအဝေးကတော့ အရေးပေါ်အစည်းအဝေးပါပဲ ၊ ဆရာထွန်းမင်းလတ်ကိုတော့ ဂိတ်စောင့် တာ၀န်ပေးထားတယ်”

ထိုအခါမှ ဆရာထွန်းမင်းလတ် အစည်းအဝေးခန်းမထဲ မရှိမှန်း သတိထားမိတော့သည်။
ကျောင်း၌ တစ်ဦးတည်းသော ‌ယောက်ျားဆရာမို့ နေရာတကာ၌ ဆရာထွန်းမင်းလတ်အား အားကိုးကြရ၏။
အထူးသဖြင့် အသက်ကြီးသော ကျောင်းအုပ်ဆရာမကြီးက ရုံးသွားသည့်ကိစ္စမှစ၍ ဆရာထွန်းမင်းလတ်အား ခိုင်းတတ်သည်။ဆရာကလဲ တစ်ကျောင်းလုံး ဆရာမများအကူအညီတောင်းသမျှ မညည်းမညူ လုပ်ပေးရှာသည်။

ဤ အစည်းအဝေး၌ ဆရာထွန်းမင်းလတ်မပါ၀င်သည်မှာ ထူးဆန်းသည်ဟု သီတာခံစားလိုက်ရ၏။

” အင်း ဆရာ့ကို ဒီအစည်းအဝေးမတက်ခိုင်းတာကလဲ အကြောင်းရှိတယ်၊ ဒီမှာက အပျိုဆရာမလေးတွေလဲရှိတော့ ဆရာ့ရှေ့ကြ မဆွေးနွေးရဲမှာစိုးလို့ ”

ဆရာမကြီး၏ စကားကြောင့် ဆရာမများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကုန်ကြ၏။

” အင်းပြောရရင် ကျောင်းသူလေးတစ်ယောက်ရဲ့ပြဿနာအတွက် ဆရာမတွေတိုင်ပင်ပြီး အကောင်းဆုံးနည်းလမ်းကိုရွေးချယ်ရအောင်ပါ ၊ ကျောင်းသူလေးက ဆရာမ မြမြခိုင်အတန်းကပါ ၊ ကဲ ဆရာမ မြမြခိုင်ကပဲ ကလေးမရဲ့ပြဿနာကို ကျန်တဲ့ဆရာမ‌တွေသိအောင် ပြောပြလိုက်ပါ”

ဆရာမ မြမြခိုင်သည် ကလေးတစ်ယောက်အမေဖြစ်ကာ စတုတ္ထတန်းအခန်း၏ အတန်းပိုင်ဆရာမဖြစ်၏။

” ခိုင့်အတန်းထဲက ဂျာမှိုင်း ဆိုတဲ့ကလေးမလေးကို ပြီးခဲ့တဲ့တစ်ပတ်ကတည်းက သတိထားမိတယ်၊ သူက မနက်ဆိုကျောင်းကိုအစောကြီးလာတတ်တယ်၊
ထမင်းစားဆင်းဆိုလဲ အိမ်ပြန်ပြီးထမင်းမစားချင်ဘူးတဲ့ ၊ ညနေကြရင်လဲ နောက်ဆုံးမှ အိမ်ပြန်လေ့ရှိတယ်၊
ကြည့်ရတာ ကလေးမလေးက အိမ်ကိုပြန်ရမှာကြောက်နေတယ်၊ သူ့အမေက သူငယ်ငယ်လေးကတည်းက ဆုံးသွားတာ၊ ဖအေက အရက်သမား၊ အမြဲမူးနေတာ ၊ ကလေးမက ညနေပိုင်းအသီးအရွက်လေးတွေ ခူးရောင်းရင်း စား၀တ်နေရေးက်ု တတ်နိုင်သလောက်ဖြေရှင်းရှာတာ၊ ဖအေက သူများအိမ်မှာ တောက်တိုမယ်ရလုပ်ရင်း သူများပေးစာကမ်းစာနဲ့ သားအဖနှစ်ဦး စားကြတာ၊ ပိုက်ဆံရရင်တော့ ရတဲ့ပိုက်ဆံနဲ့ အရက်၀ယ်သောက်တယ် ၊ နောက်ပိုင်း သူ့အဖေကိုခိုင်းရင် ဆန်လေးဆီလေးပေးပြီးခိုင်းကြတာများတယ်၊ ပိုက်ဆံဆိုအရက်၀ယ်သောက်လိုက်လို့”

မြမြခိုင်၏ စကားကို ဆရာမအားလုံးက စိတ်၀င်တစားနားထောင်နေကြ၏။
မြမြခိုင်သည် ပြောနေရင်းမှ အားလုံးကို တစ်ချက်ဝေ့ကြည့်ကာ

” ခုပြောမှာကိုတော့ ဆရာမတွေ နားနဲ့မနာ ဖဝါးနဲ့သာနာကြပါ၊ ဂျာမှိုင်းအိမ်မပြန်ချင်တဲ့အကြောင်းကတော့ သူတို့အိမ်ကိုလာလည်ပြီး သူ့အဖေနဲ့အရက်အတူတူသောက်တဲ့ ဦးဂမ်းနာဆိုတဲ့လူကြီးက ဂျာမှိုင်းအဖေလစ်တာနဲ့ ဂျာမှိုင်းကို လိင်ပိုင်းဆိုင်ရာစော်ကားဖို့ကြိုးစားတာပဲ၊ ပြီးတော့…”

မြမြခိုင်သည် ပြောနေရင်းအသံများတိမ်၀င်သွား၏။

” ကျန်တာတွေပါ ပြောပြလိုက်ပါ ဆရာမ”

ကျောင်းအုပ်ကြီးသည် ဆရာမမြမြခိုင်အား ဆက်ပြောရန် စကားထောက်၏။

” အင်းပြီးတော့ ကလေးမကို သဘာ၀မကျတဲ့ပုံစံနဲ့ လိင်ဆက်ဆံခဲ့တယ်၊ သူ့ရဲ့ ကျောင်းစိမ်းထမီမှာ ပေကျန်နေတာတွေကြောင့်သိခဲ့ရတယ် ၊ ဒီကိစ္စကို သူ့အဖေကရိပ်မိပေမဲ့ ဂမ်းနာဆိုတဲ့သူက သူ့အဖေကို အရက်ဖိုးတွေပေးနေတော့ ဖအေဖြစ်သူကလဲ ဘာမှမပြောဘူး နောက်ပိုင်းဂမ်းနာဆိုတဲ့လူကြီးက ဂျာမှိုင်းတို့အိမ်မှာ အချိန်ပြည့်ရှိနေတာပဲ၊ ဒါကြောင့် ဂျာမှိုင်းက အိမ်ပြန်ရမှာကြောက်နေတာ ”

ထိုအခါ ဆရာမကြီးက ခေါင်းတစ်ချက်ငြိမ့်ကာ ဆရာမမြမြခိုင်၏စကားကို ထောက်ခံလိုက်ပြီးနောက်

” အဲ့ဒါကြောင့် ဆရာမကြီးက အစည်းအဝေးခေါ်ရတာ ၊ ဂမ်းနာဆိုတဲ့သူကို သက်ငယ်မုဒိမ်းမှုနဲ့ ဖမ်းဖို့၊ ဆရာထွန်းမင်းလတ်ကလဲ သူ့သူငယ်ချင်း ရဲအရာရှိကိုအကူအညီတောင်းပြီး ဂမ်းနာဆိုတဲ့သူကို တရားစွဲဖို့ကြိုးစားမှာ ဖြစ်တယ်”

သီတာတစ်ယောက် ထိုအသံများသည် နီးလာလိုက်ဝေးသွားလိုက်ဖြင့် ၊ သူ့မျက်၀န်းထဲ၌ သူ့ငယ်ဘ၀၏ အရိပ်ဆိုးများကို ပြန်လည်မြင်ယောင်လာရင်း ချွေးစေးများက တစ်ကိုယ်လုံး ပျံလာသည်။

” အဲ့ဒီလူကို ဖမ်းယုံနဲ့မလုံလောက်ဘူး သတ်ပစ်သင့်တာ ၊ ကလေးတစ်ယောက်ရဲ့ ဘ၀ကို အညွန့်ချိုးတဲ့ ခွေးလိုယုတ်မာတဲ့လူကြောင့် ဘ၀တစ်ခုလုံး သေဆုံးမတတ်ခံစားခဲ့ရသူတွေ ဘယ်လောက်များပြီလဲ၊ ဂမ်းနာဆိုတဲ့ သူက သေသင့်တာ ”

သီတာ၏ နာနာကျင်ကျင် တုန့်ပြန်မှုကြောင့် ဆရာမများအားလုံးက သီတာ့အား နားမလည်သလိုကြည့်နေကြ၏။
သီတာ၏ အသားများတဆတ်ဆတ်တုန်ရင်ကာ ချွေးစေးများပျံလျှက် ပစ်လဲကျသွားလေတော့သည်။

” သီတာ သီတာ …”

ဆရာမများသည် သီတာ့အား စိုးရိမ်တကြီး ခေါ်ဆိုနေကြလေသည်။
သီတာတစ်ယောက်၏ အသိအာရုံထဲ၌ အရာရာသည် အမှောင်တိကျသွားလေသည်။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း(၂)

“မမ မေမေရောဟင် ”

” မေမေက ကောင်းကင်ပေါ်တက်သွားပြီလေညီမလေး ၊မေမေက နတ်သမီးဖြစ်သွားပြီ”

ကောင်းကင်ကြီးအား မော့ကြည့်နေသည့် ညီမဖြစ်သူအားကြည့်ကာ သီတာ့မျက်၀န်းမှမျက်ရည်များက အတားအဆီးမရှိစီးကျလာသည်။
အခန်းထောင့်တစ်နေရာ၌ တခူးခူးဖြင့်အိပ်ပျော်နေသောဖခင်ဖြစ်သူအားကြည့်ကာ သီတာတစ်ယောက် မျက်ရည်များအားသုတ်ကာ ညီမဖြစ်သူအား ရင်ခွင်ထဲဆွဲသွင်းလိုက်၏။

မေမေဆုံးတော့ သီတာ၏အသက်မှာဆယ့်နစ်နှစ်အရွယ်ခန့်သာရှိသေး၏။ညီမလေး၏အသက်က ငါးနှစ်။
သီတာက ငါးတန်းကျောင်းသူအရွယ်မို့ အတော်အတန်ကိစ္စရပ်များအား နားလည်နေပြီဖြစ်၏။
ဖေဖေသည် ၀န်ထမ်းမို့ သီတာတို့သည် ၀န်ထမ်းလိုင်းခန်းအတွင်း၌သာ နေထိုင်ကြ၏။
အမေဆုံးတော့ ဖခင်ဖြစ်သူက အရက်အားဖိသောက်လာခဲ့သည်။

” အောင်ညိမ်း မင်းသမီးတွေရှိသေးတယ် ဒီလိုမနေပါနဲ့ကွာ ”

” ဆရာကျော်ရာ ကျုပ်အရမ်းစိတ်ညစ်လို့ အရက်လေးနဲ့ ဖြေသိမ့်နေရတာ၊ ကျုပ်မိန်းမ မယ်တင်ကို ကျုပ်အရမ်းသတိရတယ်ဆရာ၊ ကျုပ်မယ်တင်အပေါ် တာ၀န်မကျေခဲ့ဘူး ”

” အင်းလေ ကျုပ်က ခင်ဗျားအတွက်ပြောတာပါ ၊ ရော့ သမီးသီတာ ဒီမှာသမီးတို့စားဖို့ ခေါက်ဆွဲကြော်၊ သမီးအဖေအတွက် ခွဲထားပေးလိုက်၊ ဒီမှာက သမီးရဲ့ အချိန်ပိုကြေး ”

” ကျေးဇူးပါ ဦးကျော်”

သီတာ့ဖခင်၏ ဆရာဖြစ်သူ အရာရှိဦးကျော်ဆိုသည့်သူကြီးအား သီတာက ကျေးဇူးတင်စွာကြည့်နေမိ၏။

ဦးကျော်သည် အတော်လေးသဘောကောင်းသူတစ်ယောက်ပင်၊ အပေးအကမ်းရက်ရော၏။

သို့သော် သီတာတစ်ယောက် ခြောက်တန်းနှစ်တက်သည့်အချိန်၌ ဦးကျော်တစ်ယောက် အိမ်သို့အလာများကာ ညည့်နက်မှပြန်တတ်၏။တစ်ခါတစ်ရံ အိမ်၌ပင်ညအိပ်တတ်၏။
ဦးကျော်သည် သူ့မိန်းမနှင့်ကွဲနေသည်ဟု မကြာခဏပြောတတ်လေသည်။
ထိုအချိန်၌ သီတာသည် အပျိုဘော်၀င်ပြီဖြစ်၏။

” သမီးသီတာ ဦးကိုနှိပ်ပေးပါဦးကွယ်”

” နှိပ်ပေးလိုက်သမီး ဆရာကျော်ကျေးဇူးတွေ အဖေတို့အပေါ်အများကြီးရှိတယ်၊ သမီးအမေ‌ဆုံးပြီးကတည်းက ဆရာကျော်က သမီးတို့ညီအစ်မအပေါ် အတော်လေး ကြည့်ရှုစောင့်ရှောက်ပေးခဲ့တာ ”

သီတာ့ရင်ထဲ၌ မွန်းကြပ်နေ၏။
ဦးကျော်၏ အပြုအမူများအား သီတာမနှစ်မြို့။
သူ့အားပွတ်သီးပွတ်သပ်လုပ်၏။
သူ၏ မိမွေးဖမွေးနေရာအား သူ၏လက်ကြမ်းကြီးများဖြင့် ကိုင်တွယ်တတ်၏။

“အော်ရင် ညည်းအဖေကို အလုပ်ကထုတ်ပစ်မည်”ဟု ခြိမ်းခြောက်၏။

သီတာ၏ ဖခင်နှင့် ညီမလေးသည်ကား အိပ်ပျော်နေကြ၏။
သီတာဟူသော အရိုင်းပန်းလေးမှာမူ လူမဆန်သော သူတစ်ဦးကြောင့် ကြွေလွင့်ခဲ့ရလေသည်။

” ဒါ ဘာ ဘာကြီးလဲ ဦးကျော် ”

” ဒါက သီတာလေး ကိုယ်၀န်မရှိအောင် ထိုးရမယ့်ဆေးပဲ …သုံးလကို တစ်ကြိမ်ထိုးရမယ် ….မဟုတ်ရင် သီတာ ဗိုက်ကြီးလာမယ်…ဗိုက်ကြီးလာရင် သီတာတို့ မိသားစုကို ဦးကျော်က အခြားအဝေးတစ်နေရာကို ရောက်အောင်ပြောင်းခိုင်းရင်ပြောင်းခိုင်း၊ မပြောင်းရင် သီတာ့အဖေကို အလုပ်ထုတ်ရမယ် ”

” အဟင့် ဟင့် ”

အခန်းထောင့်၌ ငိုနေသော သီတာ့အား ညီမဖြစ်သူက နားမလည်နိုင်စွာ ကြည့်နေလေသည်။

တခူး …ခလူး …ဖြင့် အိပ်ပျော်နေသော ဖခင်အား ကြည့်ကာ သီတာ အံကိုကြိတ်ထားလိုက်သည်။

တစ်ကယ်ဆို ဖခင်သည် သမီးပျိုလေးအား သူစိမ်းယောက်ျားကြီးဖြင့် နီးစပ်အောင် မထားသင့်ဟု တွေးကာ ရင်နာရ၏။

ထိုအချိန်မှစ၍ သီတာ၏ နုနယ်သောနှလုံးသား၌ ဦးကျော်ဟူသည့် လူကြီးအား ရွံ့မုန်းကြီး ဖြစ်ကာ သတ်ပစ်ချင်လောက်သည်အထိ နာကျည်းမိ၏။

သူ၏ဦးနှောက်ထဲ၌ သုံးလ၌ တစ်ကြိမ် ‌ဒစ်ပို ဟူသောဆေးအား ထိုးရမည် ဟု စွဲမြဲသွား၏။

” သီတာရယ် နင်ကလဲ ၀လာလိုက်တာ ”

သူငယ်ချင်း၏ ပြောစကားကြောင့် သီတာ ပြုံးမိသည်လား မဲ့မိသည်လားမပြောတတ်။သေချာသည်က သီတာ၏ မျက်၀န်း၌ မျက်ရည်များက ရစ်သိုင်းနေလေသည်။
ထိုမျက်ရည်များအား အခြားသူများမမြင်အောင် မျက်ခွံများအား ခပ်မြန်မြန်ပုတ်ခတ်ပစ်လိုက်၏။

သီတာတစ်ယောက် ဆယ်တန်းအောင်သောအခါ ညီမဖြစ်သူအား လက်ဆွဲလျက် အားလုံးနှင့်ဝေးရာ တောင်တန်းမြေလေးဆီသို့ ထွက်ခွာလာခဲ့၏။

သီတာ့ဖခင်သည် ဦးကျော်၏ အပြုအမူအား ရိပ်မိသော်လည်း တားဆီးခြင်းမရှိခဲ့။

သီတာ၏ဘ၀သည် ပြည့်တန်ဆာ တစ်ယောက်နှင့်ပင် တူသည်ဟု ခံစားခဲ့ရ၏။
အထူးသဖြင့် ညီမလေး နှင်းနှင်းအား မိမိကဲ့သို့ အဖြစ်မခံနိုင်။
ထို့ကြောင့် သီတာတစ်ယောက် အမေ၏ ညီမရှိရာ ဒေသသို့ ထွက်လာခဲ့၏။

ထို့နောက် ညီမလေးအား စောင့်ရှောက်ရင်း ကျောင်းဆရာမ အလုပ်အား ၀င်လုပ်ခဲ့၏။

ယခုဆိုလျှင် ညီမလေး နှင်းနှင်းပင် ဘွဲ့ရပညာတတ်လေးဖြစ်နေ၏။

” မမ ဒါဘာလုပ်တာလဲ ”

” ဆေးထိုးတာလေ ညီမ ၊ မမ နေမကောင်းရင် ကိုယ်တိုင်ပဲ ဆေးထိုးတာ အဟိ ဟိ ”

သီတာသည် လက်ထဲမှ ဆေးထိုးအပ်အားကြည့်ကာ အကြောင်းမဲ့ ရယ်မောနေ၏။
ထိုဆေးသည် ဒစ်ပို ဟူသော ဆေးမှန်း နှင်းနှင်းတစ်ယောက် မသိရှာပေ။

သီတာသည် တစ်ခါတစ်ရံ တစ်ဦးတည်းလည်း စကားပြောနေတတ်သလို တစ်ခါတစ်ရံ အခန်းထောင့်လေး၌ တစ်ဦးတည်း ငိုနေတတ်၏။

” ဦးကျော် မ မလုပ်ပါနဲ့ သမီးကြောက်တယ် ၊ သမီးကို လွှတ်ပေးပါ သမီးအရမ်းကြောက်လို့ပါ ”

သီတာတစ်ယောက် နိုးလာသောအခါ တစ်ကိုယ်လုံး၌ ချွေးများက ရွှဲနစ်နေလေသည်။
ငယ်ဘ၀ကတည်းက မက်သည့် အိမ်မက်ဆိုးက အခုထိ နှိပ်စက်နေဆဲ၊ အဖြစ်အပျက်များက မနေ့တစ်နေ့ကလို ခံစားနေမိဆဲပင်။
တစ်ခါတစ်ရံ မိမိ၏ ဤဘ၀ကြီးအား အဆုံးသတ်လိုက်ချင်မိသည်။

XXX xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း(၃)

” သီတာ ညီမလေး သီတာ သတိရပြီလားဟင် ”

နားထဲမှ ‌တိုးလျသော အသံကြောင့် သီတာမျက်လုံးအား အားယူကာ ဖွင့်လိုက်၏။

မျက်နှာကျက်ပေါ်မှ အလင်းရောင် စူးစူးကြောင့် မျက်လုံးကို ပြန်ပိတ်ထားမိ၏။

” ညီမလေး မျက်လုံးကို ဖြည်းဖြည်းဖွင့်ပါ ”

သူလည်း မျက်လုံးအား ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်၏။

” မမခိုင် သီတာဘယ်ရောက်နေတာလဲဟင် ”

” ညီမလေး ဆေးရုံရောက်နေတာ တစ်ပတ်ရှိပြီ ”

” ဟင် ဟုတ်လား ”

” ဟုတ်တယ်ညီမ၊ ညီမနှလုံးက အတော်လေးအားနည်းနေတုန်း စိတ်ထိခိုက်စရာသတင်းကြားလိုက်ရလို့ shock ဖြစ်သွားတာတဲ့ ”

” မမခိုင် ဂျာမှိုင်းကိစ္စက…..”

” အင်း သူ့အဖေသူငယ်ချင်းကို ဖမ်းသွားပါပြီ၊ အဲ့ဒီလူကို သက်ငယ်မုဒိမ်းမှုနဲ့ ဖမ်းလိုက်ပြီ”

” တော်သေးတာပေါ့ မမခိုင်၊ ဂျာမှိုင်းလေးရောဟင် ”

” အင်း သူ့အဖေဆီမှာပဲလေ ”

” ဟာ မထားနဲ့တော့လေ သူ့သမီးတစ်ယောက်ကိုတောင် မကာကွယ်နိုင်တဲ့ ဖခင်လက်ထဲမှာ သမီးမိန်းခလေး ဆိုတာ မရှိသင့်ဘူး ”

” စိတ်ထိန်းပါ သီတာရယ်၊ ညီမက ခုမှ သတိပြန်ရလာတာမို့လား ၊ ခဏနေ နှင်းနှင်းလေး ထမင်းဘူးလာပို့တော့မယ် ၊ နှင်းနှင်းတောင် နောက်လထဲ မွေးမှာနေမှာ ”

” ဟုတ်တယ် မမခိုင် ၊ နှင်းနှင်းရဲ့ ယောက်ျားက နှင်းနှင်းကို ဂရုစိုက်သား ၊ ညီမလေး အိမ်ထောင်ကျပြီးတာနဲ့ သီတာ့‌တာ၀န် ကျေသွားသလိုပဲ၊ သီတာ အပြောင်းအရွှေ့တင်ထားတယ်မမခိုင် ၊ နောက်လထဲ အပြောင်းအရွှေ့တွေ ထွက်တော့မယ်နော်”

” အင်း မမခိုင်လဲ အပြောင်းတင်ထားတယ် ဇာတိမြေကို ပြောင်းမလို့ ”

” အင်း သီတာက စေလိုရာစေ လျှောက်ထားတာ ”

တစ်ကယ်တန်း အပြောင်းအရွှေ့အော်ဒါများ ထွက်လာသည့်အခါ

” ဟင် ငါ ငါ ငါ့အဖေရှိတဲ့ မြို့ကို ပြောင်းရမှာပါလား ၊မတွေ့ချင်ဘူး အဖေ့ကို စိတ်နာတယ်၊ ဟိုလူကြီးကို မုန်းတယ် ”

သို့သော် သီတာတစ်‌ယောက် ဝန်ထမ်းဟူသည့်အ‌ေတွးဖြင့် ဖခင်ရှိသည့် နယ်မြေသို့ ပြောင်းရွှေ့လာခဲ့ရ၏။

” သမီး အဖေ့ကိုခွင့်လွှတ်ပါ၊ ဦးကျော်ကြီးလဲ ဆုံးသွားပါပြီ ”

” တော်ပါတော့ ၊ခင်ဗျားကြီး ကျုပ်ဆီကို မလာနဲ့၊ ဦးကျော်ဆိုတဲ့ သူကြီးအကြောင်းလဲ မကြားချင်ဘူး…ကျုပ်ကိုစိတ်ဒဏ်ရာတွေ မပေးပါနဲ့၊ ခင်ဗျား နေသာသလိုနေခဲ့တယ်မဟုတ်လား၊ ခင်ဗျား က သောက်သောက်စားစား လူ့မင်းသားဘ၀နဲ့ သာယာခဲ့တယ်မို့လား ၊ ခင်ဗျားက သမီးတွေကို ဘာများတာ၀န်ကျေလဲ၊ သမီးအပျိုလေးကို လုံခြုံမှုပေးနိုင်ရဲ့လား ၊ ဖခင်ကောင်းတစ်ယောက် အဖြစ် တာဝန်ကျေခဲ့ဖူးလား ”

” အင်းပါ သမီးစိတ်ပြေတဲ့နေ့ အဖေ့အိမ်ကို အချိန်မရွေးပြန်လာခဲ့ပါ၊ အဖေ လဲ သမီးတို့ ညီအစ်မ ထွက်ပြေးသွားပြီးတဲ့နောက် နောင်တတွေနဲ့ ကျန်ခဲ့တာပါ…ကဲပါ ပြောပြလဲ သမီးက နားထောင်ချင်မှာမဟုတ်ဘူး ၊ သမီးအတွက် အဖေ့အိမ်က အမြဲတံခါးဖွင့်ထားပါတယ် သမီးရယ် ”

ဖခင်ဖြစ်သူ၏ ထွက်ခွာသွားသည့်ကျောပြင်အား ကြည့်ကာ သီတစ်တစ်ယောက် ရှိုက်ကြီးတငင် ငိုကြွေးနေမိ၏။

ထို့နောက် သေတ္တာထဲမှ ဆေးထိုးအပ်ထဲသို့ ဆေးရည်များစုပ်ယူကာ သူ၏တင်ပါးအား စိုက်ချလိုက်၏။

” သီတာရယ် နင့်မလဲ တစ်နေ့တစ်ခြား ၀လာလိုက်တာ ”

လုပ်ဖော်ကိုင်ဖက်ဆရာမများ၏ စကားအား သီတာက အရေးမလုပ်တော့။

သူ၏ ခန္ဓာကိုယ်သည် ထိုးဆေးများ၏ အရှိန်ဖြင့် ပုံပျက်ပန်းပျက်ဖြစ်နေ၏။

မကြာခဏလဲ နေမကောင်းဖြစ်လာ၏။

” ဒီလောက်ခန္ဓာကိုယ်နဲ့ဆို သက်ဆိုးရှည်ဖို့မလွယ်ဘူး ၊ ဝိတ်ချမှ ရမယ် ”

ဆရာ၀န်၏ မှာကြားချက်အား သီတာ အရေးမလုပ်တော့ ။

ကျန်းမာရေးမကောင်းသဖြင့် အလုပ်မှလဲ မကြာခဏ ခွင့်ယူနေရ၏။

သီတာသည် ၀န်ထမ်းအိမ်ရာ အခန်းကျဉ်းလေး၌ အထီးကျန်စွာဖြင့် တစ်ဦးတည်းလဲလျောင်းနေ၏။

” ဆရာမသီတာ ဧည့်သည် ”

အသိပေးသံနှင့်အတူ သူ့အိမ်ပေါ်သို့ လူတစ်ဦးတက်လာ၏။

” အဖေ ”

သူ့နှုတ်မှခပ်တိုးတိုးခေါ်လိုက်၏။

” သမီးသီတာ၊ ဒီလောက်ထိ ကျန်းမာရေး မကောင်းတာတောင် အဖေ့ဆီမလာဘူးလား၊ အဖေ တောင်းပန်ပါတယ်သမီးရယ် ၊ အဖေ့ဆီ ပြန်လာခဲ့ပါ၊ အဖေတို့တွေ မိသားစု စုံစုံညီညီ ပြန်နေကြမယ်၊ နှင်းနှင်းလေးလဲ ဒီကိုပြောင်းလာတော့မယ်တဲ့သမီး ၊ အဖေ့မြေးလေးရောပါမှာ ၊ အဖေ့ကို အခွင့်အရေး တစ်ကြိမ်လောက်ပြန်ပေးပါသမီးရယ်”

” ဩ နှင်းနှင်းလဲ လာမယ်တဲ့လား ”

” ဟုတ်တယ်သမီး မနက်ဖြန် ရောက်မယ်တဲ့ ”

” အင်းလေ ဒါဆိုလဲ သမီး အဖေ့အိမ်လိုက်ခဲ့ပါ့မယ်၊ မသေခင်တော့ အမုန်းတွေပယ်ဖျက်မှ ငြိမ်းချမ်းမယ်မဟုတ်လား”

” ၀မ်းသာလိုက်တာ သမီးရယ် ”

သီတာ၏ မျက်၀န်းများသည် မှိန်ဖျော့နေ၏။

” မမ သက်သာရဲ့လားဟင် ”

သူသည် ခပ်ယဲ့ယဲ့ပြုံးရင်း ညီမဖြစ်သူအား ခေါင်းညိမ့်ပြလိုက်၏။

” အဖေ အဖေ့သားမက်က အဖေ့အတွက် ပုဆိုး၀ယ်လာတာ ကြိုက်ရဲ့လား ”

ဖခင်ဖြစ်သူနှင့် ညီမဖြစ်သူတို့ ပြုံးရယ်ကာ စကားပြောနေသည်ကိုကြည့်ရင်း သီတာတစ်ယောက် ခပ်ယဲ့ယဲ့ပြုံးလိုက်၏။

” မမရေ မမအတွက်တော့ ၀မ်းဆက်အစ၀ယ်လာတယ်၊ မမအတွက် နှစ်၀မ်းဆက်စာ အထူးအော်ဒါမှာလာတယ်သိလား ၊ တစ်၀မ်းဆက်စာကြ မမနဲ့သေးနေမှာမို့ ၊ ဒီမှာ လေ လှလားမမ ….ဟင် မမ….မမ …အဖေ ရေ ဒီမှာ မမသီတာကို ခေါ်မရတော့ဘူး အဟင့် ဟင့် ”

” သမီး သမီး လေးသီတာ အဖြစ်ဆိုးလိုက်တာသမီးရယ် ၊ ခုမှ မိသားစုတွေ ပျော်ပျာ်ကြီးနေမယ် ကြံခါမှ ဖြစ်ရတယ်လို့ ”

သီတာဟူသော အသက်သုံးဆယ်ကျော်မိန်းခလေးသည် ကြွေချိန်မတန်ပဲ အကြွေစောခဲ့ရလေသည်။

“မမရယ် မမကိုသနားလိုက်တာ၊ ဒီဆေးတွေကို မမတစ်ချိန်လုံးထိုးနေခဲ့တယ်ပေါ့၊ ညီမလေး ငယ်ငယ်တုန်းက မမကအခန်းထောင့်မှာ ခဏခဏ ငိုနေခဲ့တာတွေ၊ ဟိုလူကြီးက မမကိုဆေးထိုးပေးတာတွေဟာ ဘာကြောင့်ဆိုတာ ညီမလေး နားမလည်ခဲ့ဘူး ၊ ခုတော့မှ ညီမလေးသဘောပေါက်လာမိတယ် တစ်ကယ်တော့ မမဟာ မကြွေလိုပေမဲ့ နင်းချေခံခဲ့ရတဲ့ ပန်းတစ်ပွင့်ပါ၊ မမဘ၀တစ်လျှောက်လုံး ဒီစိတ်ကြီးနဲ့ ရှင်သန်ခဲ့ရတာ ဘယ်လောက်များ ပင်ပန်းရှာလေမလဲ ၊ မမသီတာ ရောက်လေရာဘ၀တိုင်း နင်းချေခံရသော ပန်းအဖြစ်မှ ကင်းဝေးကြပါစေလို့ နှင်းနှင်းဆုတောင်းပေးပါတယ်မမရယ် ”

နှင်းနှင်းတစ်ယောက် သီတာ၏ သေတ္တာထဲမှ ဒိုင်ယာရီ စာအုပ်လေးအား ရင်ခွင်ထဲ၌ ပိုက်ကာ ရှိုက်ကြီးတငင်ငိုနေမိ၏။
ဆေးထိုးအပ်နှင့် တားဆေးများအားကြည့်ကာ ရင်နာနေမိသည်။
မမသီတာသည် ငယ်စဉ် ကလေးဘ၀၌ အနင်းချေခံလိုက်ရသည့်စိတ်ဒဏ်ရာသည် စိတ်ရောဂါအဖြစ် စွဲကပ်ခဲ့ပုံရ၏။
ထို့ကြောင့်သီတာသည် ထိုအဖြစ်ဆိုးအား တွေးမိလေတိုင်း မိမိခန္ဓာကိုယ်ထဲသို့ ဆေးများထိုးသွင်းခဲ့သဖြင့် ခန္ဓာကိုယ်သည်လဲ ပုံပျက်ပန်းပျက်ဖြစ်ကာ ကျန်းမာရေးလဲ ချို့ယွင်းလျက် အသက်တိုခဲ့ရရှာလေသည်။

မိန်းခလေးတိုင်း မမသီတာကဲ့သို့ အနင်းချေခံပန်းများ မဖြစ်ပါစေနှင့်ဟု နှင်းနှင်းတစ်ယောက် ဆုတောင်းရင်း…

လေးစားလျက်
စာရေးသူနန်းကြာညို