အပယ်ဘုံသူ(သို့)မပန်းဝေ(စ/ဆုံး)
————–——————
ဤဇာတ်လမ်းမှာ စာရေးသူကိုယ်တိုင် တွေ့ကြုံခံစား
ခဲ့ရသော ဖြစ်ရပ်မှန် ဇာတ်လမ်းပင် ဖြစ်၍ စာဖတ်သူအပေါင်း စိတ်ကျေနပ်စေမည်မှာ အမှန်ပင် ဖြစ်၏
ဇတ်လမ်းထဲ၌ ကျွန်တော် လေလွင့်လူ(တွံတေး)၏
အမည်ကို အမည်လွှဲဖြင့် “စောကြီး”ဟုထည့်သုံးထား၍ အားပေးသူ တစ်ယောက်ခြင်းစီကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် နောက်ထွက်မည် ဝထ္ထု ကဗျာများအား အားပေးဖို့ တိုက်တွန်းလိုက်ပါသည်
__________________________________
လွန်ခဲ့သော (၈)နှစ်ခန့်လောက်က ဖြစ်သည်…
နွေ၏ နံနက်ခင်းက ခြောက်သွေ့တယ်ဆိုပေမယ့်
ကျွန်တော် နေထိုင်ရာ တွံတေးမြို့၏ ရွာလေးမှာ
တော့ အလှူပွဲ မင်္ဂလာပွဲများဖြင့် စည်းကားလျှက်
ရှိသည်
`စောကြီး´ညီလေး..ထတော့ လာထမင်းစားပြီး
ထင်သွားခုတ်ရအောင်…ကျွန်တော်နှင့် ညီအကိုလို
ချစ်ခင်သော…ကိုကြီးကျော်၏ အသံဖြစ်သည်
ဟုတ်ကဲ့ ကိုကြီး…ကျွန်တော် အိပ်ယာမှလူးလဲ
ထလိုက်ပြီး မျက်နှာသစ်ခါ…ထမင်းစားပြီး
ကိုကြီးကျော်နှင့် ဓားတစ်လက်ဆီဆွဲရင်း သင်္ချိုင်း
တောဘက်သို့ ထွက်ခဲ့တော့သည်…
ရွာမှာကလဲ EPC မီးက မရသေးသော အချိန်
ဖြစ်၍ ထင်းမီးဖြင့်သာ ချက်ပြုတ်ကြရသည်
မဟုတ်ပါလား…စကားတစ်ပြောပြောနဲ့လျှောက်
ရင်း….သင်္ချိုင်း တောထဲရောက်လာခဲ့ပြီဖြစ်သည်
ကိုကြီးကျော်တို့ခြံ၀ိုင်းသည် သင်္ချိုင်းတောနှင့်
ကပ်လျှက်ဖြစ်၍ ပေါက်ပန်းဖြူပင်များ ကို
အများအပြား စိုက်ထားပြီး နွေအခါ အပင်တွေ
ခြောက်သွားသည်နှင့် ထင်းအဖြစ်ခုတ်ကြရသည်
မှာ နှစ်စဥ်နှစ်တိုင်း မရိုးတဲ့အလုပ်တစ်ခုပါပဲ….
ခြံအနောက်ဘက်မှ ကိုကြီးကျော် အပင်ခုတ်လှဲ
သံကို သဲ့သဲ့ ကြားရသည် ကျွန်တော်လဲ ပေါက်ပန်း
ဖြူပင် အကြီးတစ်ပင်ကို စတင်ခုတ်လှဲလိုက်သည်နှင့်
ရုတ်တရက် တွေ့လိုက်ရသည်က ……
မြေကြီးထဲမှ လက်တစ်ဖက်ထွက်နေသော အရုပ်လေး
လက်ထဲမှ ဓားနှင့် ကလော်ကြည့်မိသောအခါ…
လက်ရာ သေသပ်လှပလွန်းသော မင်းသမီး သို့မဟုတ်
ကခြေသည် အရုပ်လေး တစ်ရုပ်ပင် ဖြစ်နေတော့၏…
ကိုကြီးကျော်ရေ…ဝေ့..ဒီဘက်ကိုလာဦးဗျ…
ခါးထဲမှရေဗူးကိုမော့သောက်ရင်း..ဘာတုန်းဟ
မင်းကလဲ အလန့်တကြားနဲ့…ဒီမှာကြည့်ဗျ..
လက်ထဲမှ အရုပ်လေးကို..သူ့အားကမ်းပေးရင်း
သူထိုအရုပ်အား စိတ်၀င်တစား ကြည့်ရှူ့ရင်း….
စောကြီးရေ..အရုပ်လေးက လက်ရာမြောက်သားဟ
အိမ်ယူသွားမယ်ကွာ…ဖြစ်ပါ့မလား ကိုကြီကျော်…
ကျွန်တော်စကားကြောင့် ကိုကြီးကျော် အနည်းငယ်
စဥ်းစားလိုက်ပြီး…ဖြစ်ပါတယ်ကွာ..အိမ်ကဒါမျိုး
တွေ အယူမရှိပါဘူးကွ…ဒါဆိုလဲယူသွားတာပေါ့…
အပင်ကြီး တစ်ယောက်တစ်ပင်ထမ်းပြီး ရွာဘက်သို့
ကျွန်တော်နဲ့ကိုကြီးကျော် ပြန်ခဲ့ကြလေသည်…..
အိမ်ရောက်တော့ ကျွန်တော်ယူလာသော အရုပ်အား ကိုကြီးကျော်၏ဖခင်ဖြစ်သူ ဦးမြငြိမ်းက
အသေအချာကြည့်ပြီး လှတော့လှသားကွ ဒါပေမဲ့
စိတ်ထဲတော့ ခပ်လေးလေးပဲဟေ့…ကျွန်တော်လဲ
အရုပ်လေးအား ရေဆေး ဆပ်ပြာတိုက် သေချာ
သန့်ရှင်းနေအောင် တိုက်ချွတ်ပြီးနောက်မှ ထိုအရုပ်
လေး၏ အလှမှာ ပို၍ ပေါ်လွင်လာတော့သည်….
ပြေပြစ်လှပပြီး ကနေသော ဟန်အမူရာနဲ့ ရင်ထဲ
အေးချမ်းလှသည်….အရုပ်လေး တောက်ပြောင်
သွားသည်နှင့် ကျွန်တော်အိပ်နေကြဖြစ်သော….
အခန်း ခေါင်းရင်းထောင့်၌ထောင်ထားပြီး ရေချိုး
ထမင်းစားရတော့သည်……
ရုပ်ရှင်ဇာတ်ကားများ ကြည့်ကြရင်း ည၁၀နာရီ
အချိန်ခန့်ဖြစ်လာ၍ ကိုယ်ဆီ အိပ်ယာ၀င်ကြရင်း
ကျွန်တော် အိပ်သော အခန်းမှာ စတိုခန်းနှင့်
ကပ်လျှက်ဖြစ်၍ စတိုခန်းထဲ၀င်ချင်ပါက ကျွန်တော်
အခန်းကိုဖွင့်ပြီးမှ ကျွန်တော့်ခြေရင်းမှသွားကာ
စတိုခန်းအား ဖွင့်၍၀င်လို့ရသည် အခြား ၀င်ပေါက်
မရှိတော့ပါ ထို့ကြောင့် ကျွန်တော်လဲ အိပ်ခါနီး တံခါးများ အသေအချာ ဂျက်ထိုးထားလေသည်…..
နွေးဦးညသည်…တိတ်ဆိတ်လျှက်ရှိပြီး လရောင်
ရေးရေးဖြင့်အလှဆင်ထား၏ ညဥ့်နက်လာပြီဖြစ်၍
ကျွန်တော်လဲ နေ့လည်က ပင်ပန်းထားသောကြောင့်
ငိုက်မြည် အိပ်ပျော် သွားလေတော့သည်……
ရှပ်…ရှပ်….ရှပ်…ကျွန်တော်နားထဲ၌ ခြေသံများ
ကြားနေရသည်…ကျွန်တော်လဲ အာရုံဏ်စိုက်၍နားစွင့်
နေရင်း….ကျွီ….ခြေရင်းမှ စတိုခန်းတံခါး ပွင့်လာသောကြောင့် ကျွန်တော် ခေါင်းထောင်ကြည့်မိသည်
လူတစ်ယောက် ခြင်ထောင် အပြင်၌ တင်ပါးလွှဲထိုင်
နေတာကို တွေ့ရသည် အသေအခြာကြည့်သောအခါ
ထိုသူမှာ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အမည်မသိသော ပန်းရနံ့များ တစ်ခန်းလုံး မွှေးကြိုင်ထုံးသင်း
လျှက်…ခြင်ထောင်ထဲ နောက်ကျောပေး ၀င်လာတော့
သည်….ကျွန်တော် သိနေသည် မြင်နေသည် သို့သော်
ပါးစပ်က ဘာမှ ပြောလို့မရ ဟ လို့ မရဖြစ်နေပြီး
သူအလိုတိုင်းသာ မြောပါနေ၏….ကျွန်တော်အနား
ကျောပေး၍ လှဲအိပ်နေပြီး သူမမျက်နှာအား မမြင်ရ
သို့သော်…ခေါင်းမှာ ပန်းတွေဝေနေအောင် ပန်းထားတာကိုတော့ ကျွန်တော် တွေ့နေရ၏ သူမှထံမှထွက်လာသော ရနံ့သည် ကျွန်တော်၏ စိတ်နဲ့ခန္ဓာကို ထိန်းချုပ်မရ ဖြစ်နေလေတော့သည်….သူမအား နောက်ကျောမှ သိုင်းဖက်လျှက် နှစ်ဦးသား သာယာယစ်မူးသွားကြလေတော့သည်……
ကောင်လေး.. ထတော့….၇နာရီထိုးနေပြီကွ…..
ဦးမြငြိမ်း အသံပင်ဖြစ်သည် ကျွန်တော် ညက ကိစ္စအား သတိရသွားရင်း ဘေးနားကို စမ်းကြည့်တော့
ညကလာသော ပန်းတွေနှင့် အမျိုးသမီး မရှိတော့…..
အံ့သြဆန်းကြယ်ခြင်းတွေနဲ့ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည် ကျွန်တော်အိပ်ယာမှလူးလဲထရင်း လက်က ခေါင်းရင်းမှ ထောင်ထားသော အရုပ်
လေးအား တိုက်မိသွားပြီး လဲကျသွား၍ အမှတ်တမဲ့ ပြန်ကောက်လိုက်သည်…..ဟင်….သူ…သူ….သူ….
ဟုတ်ပါသည် သူပါပဲ…ခေါင်းမှာ ပန်းတွေပန်းထားတာကို ကျွန်တော်အခုမှ သတိထားကြည့်မိသည်…..
ထိုအကြောင်းအရာများအား ကျွန်တော်ပြောပြလို့
မည်သူမျှ ယုံမည်မထင်ပေ သွေးလေခြောက်ခြားပြီး
အိမ်မက် မက်တာပဲဖြစ်မှာပါလို့ စိတ်ထဲထားရင်း
ဘယ်သူ့ကိုမှမပြောဖြစ်ခဲ့ပါ သေခြာအောင် ဒီတစ်ည ထပ်စောင့်ကြည့်ရမည်ဟုသာ စိတ်ဖြေခဲ့တော့သည်
လုပ်စရာရှိသည်များလုပ်ရင်း တစ်နေကုန်ခဲ့လေပြီ
ညအိပ်ယာ၀င်ချိန်အထိ ကျွန်တော် လုံး၀သတိမရခဲ့ပါ
အံ့သြဖို့ သိပ်ကောင်းအောင် မနေ့ကညလိုပဲ ဒီညလဲ ထပ်ဖြစ်လာပြန်၏ ကျွန်တော် အရုပ်လေးအားထပ်ခါ ထပ်ခါကြည့်နေရရင်းကပင် စိတ်ထဲမှာ လေးလံလျှက်
ကြက်သီးမွှေးညှင်းများ ထသွားပြီး အရုပ်လေးအား
နေရာတကျ ပြန်ထားလိုက်ပြီးနောက် ခြံထဲမှာ အမှိုက်လှဲနေသော ကိုကြီးကျော်ထံသို့ ဆင်းလာခဲ့သည်…..
ကိုကြီးကျော်….အေးညီလေး…ပြောလေ..ခဏထိုင်ပါဦးဗျ…တံမြက်စီးအားချပြီး ခြုံ၀ိုင်းကွပ်ပစ်ပေါ်သို့
၀င်ထိုင်လိုက်ကြ၏…..
ကဲပြောကွာ…ဘာများအရေးကြီးလို့တုန်း…ဒီလိုဗျ…
ညက ကျွန်တော်တွေ့ကြုံခဲ့ရသော အရာများကို
မခြွင်းမချန် ကျွန်တော်ပြောပြီးနောက်…
..ဟုတ်မှဟုတ်ရဲ့လားကွာ….အမှန်ပဲ..ကိုကြီးကျော်….
ကျွန်တော် မယုံလို့ စောင့်ကြည့်နေတာ နှစ်ညရှိပြီဗျ
…အေးကွာ ဒါဆို ဒီည အဲ့ဒီအရုပ်ကို ငါ့အခန်းထဲ ထားပြီး အိပ်ကြည့်မယ်…လာမလာ စောင့်ကြည့်ကြတာပေါ့ကွာ…အဲ့ဒါကောင်းတယ် ကိုကြီးကျော်…
ထို့နေ့က ထင်းခုတ်ရေခပ်နဲ့ ပင်ပန်းကြတော့ အိပ်ယာ၀င် စောကြလေသည် ကျွန်တော်အခန်းထဲမှအရုပ်လေးအား သူ့အခန်းထဲသို့ ပို့ခဲ့ပြီး ကျွန်တော်လဲ
ပင်ပန်းခြင်းကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့ပါတော့သည်…..
မနက်ခင်း၏နေရောင်ခြည်သည် ပြတင်းတံခါးဆီမှ
အိမ်ထဲသို့..တိုး၀င်လျှက် အိပ်ယာမှမထသေးသော
ကျွန်တော်အား…ကိုကြီးကျော်..လာလှုပ်နှိုးလေသည်
စောကြီး…ညီလေး…စောကြီး…ဗျာ..ကိုကြီးကျော်
အေးညီလေး ထတော့ ၇ နာရီထိုးနေပြီကွ ဟုတ်ကိုကြီး
ကျွန်တော် အိပ်ယာမှလူးလဲထလိုက်ပြီး မျက်နှာသစ်ကာ ကော်ဖီတစ်ခွက်ဖျော်ပြီး ခြံထဲဆင်းခဲ့၏….
ကွပ်ပစ်ပေါ်၌ အသင့်စောင့်ဆိုင်းနေသော ကိုကြီးကျော်အနား ၀င်ထိုင်လိုက်ရင်း …. ကိုကြီးကျော် ဘယ်လိုလဲ ညက အခြေအနေ… အေးကွာ မင်းပြောတာ မှန်နေပြီ ငါ့ညီရေ ညက ငါလဲ မင်းလိုပဲ ကြုံရတယ်ကွ ငါသိနေပေမဲ့ ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကို ထိန်းချုပ် မရဘူးဖြစ်နေတာပါပဲကွာ ကျွန်တော်ပြောသားပဲဗျ
မယုံမှာစိုးလို့ စမ်းကြည့်ခိုင်းတာ အခုတော့ ကိုကြီးကျော်လဲ ကြုံရပြီမဟုတ်လား …အေးကွာ ဒါနဲ့ ငါတို့ ဒီအကြောင်းတွေကို ဖေကြီးကို ပြောပြရင်ကောင်းမလားလို့ကွ …ဖေကြီးဆိုသည်မှာ ကိုကြီးကျော်၏
ဖခင်ဖြစ်သည် ဦးမြငြိမ်းပင် ဖြစ်သည်…ကောင်းတာ
ပေါ့ ကိုကြီးရာ လူကြီးဆိုတော့ အတွေ့အကြုံ ဗဟုသုတ ရှိလောက်တယ်ဗျ…အေးဒါဆို သွားပြောရအောင်ကွာ ဟုတ်ကဲ့ကိုကြီးကျော်….
ဦးမြငြိမ်းအား အကြောင်းစုံပြောပြလိုက်ပြီးနောက် …အေးကွယ် မဆုံးနိုင်တဲ့ သံသရာ၀ဲဂယက်ထဲမှာ ချစ်ကြခင်ကြ ကြင်နာကြနဲ့ မိဘ ဆွေမျိုး သားသမီး သားမယား ဥစ္စာပစ္စည်း အဆွေခင်ပွန်း များမကုန်တဲ့ လောကိရေးရာ အဖြာဖြာတို့ကို စွဲလမ်းနှစ်သက်ကြရင်း လောဘ ဒေါသ မောဟတွေ ဖုံးလို့ ဘ၀အမှောင်ကြပြီး မကောင်းတဲ့ နိမ့်ကြတဲ့ အပယ်ဘုံဘ၀မှာ ကျင်လည်ကြရတယ်ကွ မင်းတို့ပြောပုံဆိုရင် ဒါဟာ လက်ရာမြောက်တဲ့ အရုပ်တစ်ခုကို အချက်ကြကြ ထွင်းထုနေချိန်မှာပဲ အပယ်ဘုံသူတစ်ယောက်ဟာ ကပ်တွယ်နေခဲ့တာပဲကွဲ့ လူတွေဟာ အသက်နဲ့ခန္ဓာတွဲလျှက်ရှိစဥ်ဆော့ အလှမာန်တွေ ဓနမာန်တွေ ငါ ဆိုတဲ့မာန်မာနတွေ ထောင်လွှားရင်း ဘ၀ရဲ့အချိန်တွေကို
အလျှင်အမြန် ကုန်မှန်းမသိ ကုန်ဆုံးစေခဲ့တာပဲကွဲ့
ဘယ်လောက်ပဲ လှပနေပါစေ အလှမှာပြိုင်းစံရှားပြီး ကုသိုလ်အမှု့ကို နေ့စဥ်နေ့တိုင်းပြုခဲ့ဘူးတဲ့ ၀ိသာခါလို ကျောင်းအမ ရဟန်းအမကြီးတောင် သေမင်းနဲ့တွေ့တော့လဲ အသုဘခန္ဓာကြီးကို မလွန်ဆန်နိုင်ခဲ့ဘူး မဟုတ်လား….အင်း ဆန်းကြယ်ရှုပ်ထွေးလှတဲ့ ဒီသံသယာ ၀ဋ်ဒုက္ခအတွင်းမှ သတ္တဝါအပေါင်း လွတ်ကင်း နိုင်ကြပါစေကွယ် …ငါသားတို့…မင်းတို့ပြောတဲ့ ဒီအရုပ်လေးကို ရွာအပြင် နတ်ရေကန်ကြီးက ညောင်ပင်ကြီးအောက်မှာ ကုသိုလ်ကောင်းမှု့ပြုပြီးတော့ သွားပြန်ထားပေးလိုက်ပါကွယ်…ဟုတ်ကဲ့ပါ
ဦးလေး…ကိုကြီးကျော်…ကျွန်တော်တွေ့လာတာဆိုတော့ ကျွန်တော်ပဲ သွားထားလိုက်ပါ့မယ်..အေးညီလေး ကျွန်တော်လဲ ရွာထဲမှ ပန်းဆီမီးရေချမ်းယူပြီး ရွာအပြင် နတ်ရေကန်ကြီးဆီသို့ ထွက်လာခဲ့တော့
သည်
ဒီနေရာမှာ ကျွန်တော်နေထိုင်ရာ ရွာရဲ့ (နတ်ရေကန်ကြီးအကြောင်း) နည်းနည်းလောက်ပြောပါရစေ…..
ကျွန်တော်နေထိုင်ရာ တွံတေးမြို့၏ အစွန်ဘက်ကြသော ရွာလေးမှာ (ကန်ကြီး)လို့ အများကသိတဲ့ နတ်ရေကန်ကြီး ရှိလေသည် ငှင်းရေကန်မှာ သောက်သုံး
ရေကန်ကြီးဖြစ်ပြီး နှစ်ပေါင်း ၂၀၀ ဝန်းကျင်ခန့် ရှိပြီဟု သက်ကြီးစကားများအရ ကြားသိရပြီး ရေကန်မှာ သိပ်တော့ မကျယ်လှပေ ပေနှစ်ရာပတ်လည်ခန့်သာ ကျယ်၀န်းပြီး နွေမိုးဆောင်း ရေခန်းခြောက်ခြင်းမရှိပေ ကန်၏ ယာဘက်ခြမ်း၌ ရှေးဟောင်းလေးမျက်နှာ စေတီတစ်ဆူတည်ထားပြီး စေတီ၏ အနောက်ဘက်၌ ကန်ပိုင်ရှင်ဇနီးမောင်နှံဟု ရှေးလူကြီးများပြောသော အုတ်ဂူအိုဟောင်းကြီး နှစ်လုံး ရှိနေပြီး ညအချိန် ဤကန်ကြီးဘက်သို့ မည်သူမျှ မလာရဲကြပေ အဘယ့်ကြောင့်ဆိုသော် ညဘက်ကန်ထဲသို့ ငါးခိုးဖမ်းရန်လာသူများ ကန်ဘောင်အပေါ် အရက်သေစာသောက်စား သူများ မဖွယ်မယာ ပြုလုပ်သူများ ဆဲဆိုကြမ်းတမ်းသူများအား ကန်ဘောင်နားရှိ အပင်ကြီးများမှ အလွန်ကြီးမား၍ ကြောက်မက်ဖွယ်ရာ တစ္ဆေကြီးများက ခြောက်လှန့်ကြကုန်သောကြောင့် အကြောင်းအမျိုးမျိုးဖြင့် ဤကန်ဘက်သို့ မသွားအဖော်မပါပဲ မသွားရဲကြပေ……ရွာ၏ အစွန်ဘက် လယ်ကွင်းပြင်များ ကြား၌ တည်ရှိပြီး နွေရာသီရောက်တဲ့အခါ ပတ်၀န်းကျင်ရွာများမှာ သောက်သုံးရေပြတ်လပ်ခြင်းဒုက္ခကို ခံစားရပေမယ့် ကျွန်တော်တို့ရွာကတော့ ထိုရေကန်ကြီး၏ ကျေးဇူးကြောင့်ရေပြတ်လပ်ခြင်း မရှိသည့်အပြင် ဘေးရွာမှ လှေများလှည်းများဖြင့် လာရောက်ခပ်ယူ ကြရသည့် အထိပင် ကန်ရေ မခန်းသွားပေ ထိုသည်
မှာ ဤ နတ်ရေကန်ကြီး၏ အံသြဖွယ်ရာပင်ဖြစ်၏ ထိုထက်ထူးခြားသည်မှာတော့ ကန်ရေခပ်စဥ် မိန်းကများ ကန်အတွင်းသို့ ခြေချော်ကျမိပါက ကန်တစ်ခုလုံး ရေများ ချက်ချင်း နောက်ကျိသွားပြီး ရေထဲ ကျမိသူ အမျိုးသမီးမှာလဲ ပယောဂ တစ်ခုခု ဖြစ်လေ၏ ထိုသို့မဖြစ်လိုပါက ရေထဲကျသော မိန်းကလေးသည် လက်ဖက်ကွမ်းယာနှင့် အမြန် တောင်ပန်းရပြီး ထိုကဲ့သို့ တောင်းပန်ပါမှ ကန်ရေများ ကြည်လင်လျှက် အမျိုးသမီးမှာလဲ ကျမ်းကျမ်းမာမာရှိလေသည်…
နှစ်စဥ်နှစ်တိုင်း ကန်တော်ရှင် မောင်နှမကို ပူဇော်တဲ့ပွဲ ကျင်းပပေးရပြီး နတ်၀င်သည်မှ ကြက်သားအစိမ်းများ နှစ်တိုင်း စားသောက်တတ်လေ၏ ဤသည်မှာ ကျွန်တော်တို့ရွာ၏ နတ်ရေကန်အကြောင်း ဖြစ်သည်
ကျွန်တော် နတ်ရေကန်သို့ ရောက်ရှိပြီး လေးမျက်
နှာစေတီ ၀န်းကျင်၌ အမှိုက်သရိုတ်များလှဲကျင်းပြီး
သန့်ရှင်းသပ်ရပ်အောင် ပြုလုပ်လိုက်သည် ပြီးနောက် ကျွန်တော် အရုပ်လေးအား ဘေးနားမှာထောင်ထား၍
ဘုရားပန်များ ဆီမီးအမွှေတိုင်းများ ရေချမ်းများကို
ကပ်လှူပူဇော်၍ ၃၁ဘုံသားများအား မေတ္တာပို့ အမျှဝေပါတော့သည်…ဤကနေ့ပြုလုပ်သော အဖို့ပါခကို
၃၁ဘုံကျင်လည်ကုန်သော လူနတ်ဗြမ္မာ သတ္တဝါအပေါင်းတို့နှင့်တကွ ဤအရုပ်လေး၌ တွယ်ငြိနေသော အပယ်ဘုံသူအား အမျှပေးဝေလိုပါသည် သင်တို့သည် ကြားရာ အရပ်က သားဓုခေါ်ကြပါ……
အားလုံးကြားကြားသမျှ…အမျှ….မျှ…အမျှ ယူတော်မူကြပါကုန်လော…သာဓု..သာဓု…သာဓု….ကျွန်တော် သုံးကြိမ်သုံးခါအမျှဝေနေစဥ် ကျွန်တော်အနောက်မှ
သားဓုခေါ်သံ သဲ့သဲ့အား ကြားနေရ၍ ကြက်သီးမွှေး ညှင်းများထလျှက် ကျွန်တော်အမျှဝေပြီးသည်နှင့် ထူးဆန်းသည်မှာ ဘုရားရင်ပြင်ထောင့်မှာ သေချာ
ထောင်ထားခဲ့သော ထိုအရုပ်လေးသည် ကျွန်တော် အနားမှာ လှဲလျှက်ရောက်ရှိနေသည်ပင် ဖြစ်သည်
ကျွန်တော်လဲ အရုပ်အား ကောက်ယူပြီး ဘုရားခြေ ဆင်းနားရှိ ညောင်ပင်ကြီးအောက်တွင် ထောင်၍သာ ထားခဲ့၍ အိမ်သို့ အမြန်သုတ်ခြေတင်လိုက်ပါတော့
သည်…….
နွေဦး၏ လပြည်ညသည် ထိန်ထိန်သာလျှက် ပတ်ဝန်းကျင်အား အထင်းသားပင် တွေ့မြင်နေရသည် ညနေက အိမ်ပြန်ရောက်သည်နှင့် ကိုကြီးကျော်နှင့်အတူ မြို့ထဲသွားပြီး ရုပ်ရှင်ဇာတ်ကားခွေများ ဝယ်လာခဲ့သောကြောင့် ရွာစက်မီးမောင်းသည်နှင့် ရုပ်ရှင်ကြည့်ကြလေသည် ၉နာရီခွဲစက်မီးပိတ်ချိန်မှသာ အိပ်ယာ ၀င်ကြတော့၏ ဒီနေ့ည လပြည့်ည၏ အာနိသင်ကြောင့်လားမသိ နည်းနည်းအေးနေသလိုပင် ရှိသည်
ငိုက်မြည်၍တစ်ဝါးဝါးသန်းလာသော ကျွန်တော် ဒီနေ့ည ထူးထူးဆန်းဆန်း အစောပင် အိပ်ပျော်လေတော့သည် …အဟင့်…ဟင့်..ဟင့်..ကျွန်တော်နားထဲ၌ မိန်းမတစ်ယောက်၏ငိုသံကို ကြားနေရသည်….ကျွန်သေချာ ကြည့်လိုက်တော့ ကျွန်တော်အား နောက်ကျောပေးထိုင်လျှက် ပန်းရနံ့များ တစ်ခန်းလုံးမွှေးနေပြီး ရှိုက်ကြီးတငင် ငိုနေရှာ၏ ဟိတ်..မင်းဘယ်သူလဲ….ကျွန်တော်အကြိမ်ကြိမ်မေးနေပေမယ့် ပါးစပ်က အသံထွက်မလာပါ ခဏကြာတော့ သူမ
ကျွန်တော်ဘက်သို့ လှည့်လာပြီး လက်အုပ်ချီလျှက် သုံးကြိမ်ကန်တော့လေသည် သူမမျက်နှာဟာ နက်မှောင်နေသော သာမဆံပင်များ ဖုံးအုပ်နေခြင်း
ကြောင့် အသေအခြာ မမြင်ရပေ သူမကန်တော့ပြီးနောက် ကျွန်တော်အမြင်အာရုံမှ တစ်ဖြေးဖြေး မှုန်ဝါး ပျောက်ကွယ်သွားတော့သည်…ဟေ့…နေဦးလေ..နေဦးလို့…ကျွန်တော် လန့်နိုးသွားခဲ့သည် တစ်ကိုယ်လုံး ခြွေးစေးများထွက်လျှက် အိပ်ယာဘေးမှ ရေဘူးအား လှမ်းယူကာ မော့လိုက်ပြီး ဒီညတွေ့ကြုံခဲ့ရသော အကြောင်းအရာများကို ဘယ်သူကိုမှမပြောပြဖြစ်တော့တာ အခုချိန်ထိပါပဲ ….မနက်မိုးလင်း သောက်
ရေခပ်ဖို့ နတ်ရေကန်ဆီသွားတော့ ကျွန်တော် အရုပ်လေးထားခဲ့ရာ ညောင်အောက်သို့ သွားပြန်ကြည့်မိ၏
ဟင်…မ..မရှိတော့ပါလား ဟုတ်ပါသည် မနေ့ကကျွန်တော် ထားခဲ့သော အရုပ်လေး မရှိတော့ပါဘူး..
သြော်…တွေ့ဆုံကြုံကွဲ ဖြစ်မြဲ ဓမ္မတာပါပဲလေ ရေပုံးလေးထမ်းလျက် ရွာအ၀င်လမ်းဆီသို့သာ ဦးတည်လိုက်ပါတော့သည်…ထို့နေ့မှစ၍ သူမလဲ ကျွန်တော်ဆီ မလာတော့ပဲ ပျောက်ခြင်းမလှပျောက်ကွယ်သွားတာ အခုချိန်ထိပါပင် ဖြစ်တော့၏…..
ပြီးပါပြီ
လေလွင့်လူ(တွံတေး)28.4.2021
မှတ်ချက်: :ဤဇာတ်လမ်း၌ပါ၀င်သောသူများသည်
ယခုအချိန်အထိ သက်ရှိထင်ရှား ရှိနေကြပြီး တစ်ချို့သော အကြောင်းအရာများသည် အမည်လွှဲထားပြီး
အကြောင်းအရာကို အတတ်နိုင်ဆုံးစီလျှော်အောင် ဇာတ်လမ်းအဖြစ် ပုံဖော်ထားခြင်းကြောင့် တစ်စုံတရာ မှားယွင်းမှု့များရှိခဲ့ပါက စာရေးသူ ကျွန်တော်
#လေလွင့်လူ(တွံတေး)# ၏ ပညာမစုံခြင်းကြောင့်သာ ဖြစ်ပါသည် (မူပိုင်ဖြစ်သည်)