အပုပ်အသိုး

အပုပ်အသိုး(စ/ဆုံး)
—————–

” ဆရာ . . . ကျွန်တော် နောက်တစ်ယောက် ခေါ်လိုက်ရ‌တော့မလား ”
လက်ထောက်ဖြစ်သူ တပည့်တစ်ယောက် က ဦးမောင်ဝင်း၏ ခွင့်ပြုချက်ကို မတ်တတ် ရပ်ကာ စောင့်နေသည်။ လိုအပ်နေသော အတွင်းရေးမှူးနေရာအတွက် လူတွေ့စစ်ဆေး မေးမြန်းရသည်။ နံနက်ကတည်းက အင်တာ ဗျူးလုပ်ပြီး စစ်ဆေးနေသော်လည်း ဦးမောင်ဝင်း စိတ်ကြိုက် တစ်ယောက်မှ မတွေ့။

အားလုံးက အလုပ်လာလျှောက်ကြသော် လည်း အလုပ်နှင့်ပတ်သက်တာ မှန်သမျှကို ဘာမှမလေ့လာခဲ့ကြ။ နောက်ဆုံးတစ်ယောက် သာ စစ်ဆေးဖို့ ကျန်တော့သည်။

” ကျွီ ”

တံခါးဖွင့်ပြီး မိန်းကလေးတစ်ယောက် ဝင်လာသည်။ ပင်ပန်းနေပြီမို့ ဦးမောင်ဝင်း သည် စားပွဲပေါ် မျက်နှာအပ်ထားလိုက်သည်။

” ဆရာ ”

မိန်းကလေးတစ်ယောက်၏ အသံ။ ဦးမောင်ဝင်း ခေါင်းထောင်ကြည့်လိုက်တော့ နက်မှောင်ရှည်လျားသော ဆံကေသာနှင့် မြန်မာဆန်ဆန် ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်ဖြစ်သည်။ လှပ ကြော့ရှင်းသော သူ့အလှကို ခဏတာမျှ ဦးမောင်ဝင်း ငေးမောနေမိသည်။ ပြီးမှ သတိ ဝင်လာပြီး
” ထိုင်လေ သမီး ”
” ဒါနဲ့ သမီးနာမည်က ”
” ဧကရီပါ ဦး ”
” အသက်ကရော ”
” နှစ်ဆယ့်လေးပါ ”
မေးခွန်းအနည်းငယ်သာ ဟိုဟိုဒီဒီ မေးပြီး ပင်ပန်းနေသည်မို့ ပြန်လွှတ်လိုက်သည်။

” နောက် တစ်ရက်နှစ်ရက်ကြာရင် ဦးတို့ အလုပ်ခန့်၊ မခန့် သမီးဆီ ဖုန်းဆက်လိုက်ပါ့ မယ်”

“ဟုတ်ကဲ့ ကျေးဇူးပါရှင့်၊ သမီးကို ပြန်ခွင့်ပြုပါဦး ”
ဧကရီ၏ ကျောပြင်ကို ကြည့်ရင်း သက်ပြင်းအခါခါ ချနေမိသည်။ တကယ်တော့ ဦးမောင်ဝင်း၏ စိတ်ထဲမှာ ဧကရီကို အလုပ် ခန့်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်သည်။ အသက် ငါးဆယ်ခန့်ရှိသည့် ဦးမောင်ဝင်းသည် ချမ်းသာကြွယ်ဝမှုနှင့် အများအကျိုးသယ်ပိုး ဆောင်ရွက်မှုများကြောင့် ဒီမြို့လေးမှာတော့ ထင်ရှားကျော်ကြားလှသည်။ လူတကာက လေးစားအားကျရသော ဘဝမျိုးကို ပိုင်ဆိုင် ထားသည်။

“ဧကရီ . . . စားလေ။ ဘာတွေ တွေးနေ တာလဲ။ ဘာလဲ ဦးနဲ့ အခုလို စားရတာ မပျော် လို့လား ”

“မ . . . မဟုတ်ပါဘူး ဦးရယ်၊ ဧကရီ အလွန်ပျော်ပါတယ်။ အခုလိုပွဲမျိုး တစ်ခါမှ မတက်ဖူးတော့ ခပ်ရှိန်းရှိန်း ဖြစ်နေလို့ပါ ”
” နောက်ဆို ဦး ဘယ်ပဲသွားသွား ဧကရီကို ပါ ခေါ်သွားမှာပါ။ အခုလို ပွဲမျိုးတွေလည်း ခဏခဏ တက်ရမှာပဲလေ။ ကဲ ဘာမှစဉ်းစား မနေနဲ့ စားတော့ ”

အချိန်တိုလေးအတွင်းမှာပင် ဧကရီနှင့် ဦးမောင်ဝင်းတို့ ဆက်ဆံရေးက ရင်းနှီးလာ ခဲ့ကြသည်။ ဧကရီ၏ ညှို့မျက်ဝန်းများ နှောင်ကွင်းမှ ရုန်းမထွက်ချင်တော့။ ချိုသာ သော ရယ်သံသဲ့သဲ့လေးများကို သာယာတွယ်ငြိ လာသည်။ ဧကရီအကြောင်းကို စိတ်ထဲက တွေးကြည့်ရုံဖြင့်ပင် နှလုံးသားက နွေးထွေး လာသည်။ ဘဝ၏ ပျော်ရွှင်စရာ အလင်းတန်း လေးအဖြစ် စွဲစွဲလမ်းလမ်း ဖြစ်လာသည်။ နှလုံး သားများက ဧကရီ၏ အလှတရားများအောက် တွင် ဒူးထောက်ခဲ့ကြသည်။

” ဆရာ . . . ဒီနေ့ နေ့လယ်ခင်း အစည်း အဝေး ရှိတယ်နော်။ သုံးနာရီမှာ ချိန်းထား တယ်။ ဆရာသွားဖို့ ကားဒရိုင်ဘာကို ကျွန်တော် ပြောထားပြီးပြီ ”

” မောင်ညွန့် . . . ငါ မသွားနိုင်လောက်ဘူး ကွ၊ အစည်းအဝေးက ကြာမယ်ထင်တယ်။ အဲဒီ အချိန် ငါ သွားစရာရှိတယ်။ ငါ့အစား မင်းပဲ သွားလိုက်ကွာ ”

” ကျွန်တော် သွားလို့ အဆင်ပြေပါ့မလား ဆရာ ”
” ပြေပါတယ်ကွာ၊ မင်းပဲ သွားလိုက် ”

အခုရက်ပိုင်း ဦးမောင်ဝင်းတစ်ယောက် မည်သည့်အစည်းအဝေးကိုမှ မတက်ဖြစ်တော့။ ဧကရီနှင့် အတူသွားရခြင်းကသာ သူ့အတွက် အပျော်ဆုံး ဖြစ်လာသည်။ လုံးဝမဖြစ်မနေ ပွဲတွေလောက်သာ ကိုယ်တိုင် တက်တော့သည်။ အသက်ကြီးမှ စန်းထသည်ပဲပြောပြော ဧကရီ လည်း သူ့ဘက်ကို ယိမ်းလာသည်ဟု ထင်မိ သည်။ နောက်အပတ်ထဲ ဧကရီနှင့် ချောင်းသာ အထိ သွားဖို့ကိုပင် အစီအစဉ် ဆွဲထားလိုက် သည်။ နှစ်ယောက်သား လွတ်လွတ်လပ်လပ် နေချင်သည်လေ။

အိပ်ရာကထတော့ ဟိုတယ်တံခါးက ပွင့်နေသည်။ ညက သောက်တာများသွား၍ ခေါင်းကလည်း ကိုက်နေသည်။ အခန်းထဲ ကိုတောင် ဘယ်လိုပြန်ရောက်လာမှန်း မသိခဲ့။ ဧကရီပဲ အခန်းထဲ ပို့ပေးတာဖြစ်ရမည်။ အခန်း ထဲ ဝင်လာသော နေရောင်ခြည်ကြောင့် မျက်စိ က မဖွင့်ချင်သော်လည်း အိပ်ရာက ထခဲ့ပြီး မျက်နှာသွားသစ်လိုက်သည်။
ကမ်းခြေ၏ လေကောင်းလေသန့်များကို ရှူရှိုက်ရတော့ လူက လန်းလန်းဆန်းဆန်း ဖြစ်လာသည်။ စိတ်တွေလည်း ပေါ့ပါး လန်းဆန်းလာသည်။ ခန္ဓာကိုယ်ကို ခဏတာ လေ့ကျင့်ခန်းလုပ်ရင်း ကမ်းခြေမှာ စိတ်အေး လက်အေး လမ်းလျှောက်နေလိုက်သည်။

” မင်း . . . မင်း မောင်ဝင်း မဟုတ်လား ”
အသံကြား၍ နောက်လှည့်ကြည့်လိုက် သည်။

” ဟာ သူငယ်ချင်း၊ မင်း အောင်စိုးမင်း နော် ”
” ဟုတ်ပါတယ်ကွ အောင်စိုးမင်းပါ ”
” တွေ့ရတာ ဝမ်းသာလိုက်တာ သူငယ်ချင်းရာ ”

ငယ်သူငယ်ချင်းနှင့် မထင်မှတ်ဘဲ ကမ်းခြေမှာ တွေ့ရ၍ အလွန်အံ့ဩဝမ်းသာ သွားသည်။ ကွဲကွာနေခဲ့တာ နှစ်ပေါင်း သုံးဆယ်ကျော် ရှိခဲ့ပြီ။ အလုပ်မအားလပ်မှု များကြောင့် ငယ်သူငယ်ချင်းများနှင့် အဆက် အသွယ်ပြတ်ခဲ့သည်။

” မင်းက ဒီကမ်းခြေမှာ ဘာလာလုပ်တာ လဲ ”

” စီးပွားရေး အဆင်မပြေတော့ ဒီမှာ လာပြီး ပုစွန်ကြော်လေး ဘာလေး ရောင်းရ တာပေါ့ကွာ။ မင်းကတော့ သူဌေးကြီး ဖြစ်သွား ပြီဆိုတော့ အေးအေးဆေးဆေးပေါ့။ မင်း ဂုဏ်သတင်းတွေကတော့ တို့နယ်ဘက်မှာ သင်းပျံ့နေတယ်ဟေ့။ မင်းဆောက်လုပ် လှူဒါန်းထားတဲ့ စာသင်ကျောင်းလေးကြောင့် အခုဆို ရွာက ကလေးတွေ အေးအေးဆေးဆေး စာသင်နိုင်ပြီကွ။ မင်းကျေးဇူးတွေပေါ့ကွာ ”
သူက အားရပါးရ ဦးမောင်ဝင်းကို ချီးမွမ်း ခန်းဖွင့်လေသည်။ ကျောင်းအတူတူတက်ခဲ့ သော သူငယ်ချင်းတွေမို့ စကားများက ပြောမကုန်နိုင်အောင် ရှိလှသည်။ အခုလို မိမိဂုဏ်သတင်းတွေကို ကြားရပြန်တော့ ဦးမောင်ဝင်းမှာ ကျေနပ်လျက်ရှိသည်။

“ငယ်ငယ်က ဆရာမကဆို မင်းနဲ့ အမြဲတမ်းနှိုင်းတယ်။ မင်းက စာလည်း တော်သလို ကိုယ်ကျင့်တရားလည်း ကောင်း တယ်။ အများအကျိုးဆိုလည်း မင်းက ထိပ်ဆုံးကပဲကွ။ ငါတို့ကို မင်းလို နေထိုင်ဖို့ အမြဲဆုံးမတယ်”

သူငယ်ချင်း၏ စကားများကြောင့် ဦးမောင်ဝင်း စိတ်ထဲမှာ မလုံမလဲ ဖြစ်မိသည်။ အများက ကိုယ်ကျင့်တရားကောင်းသည်ဟု ထင်ထားသော မိမိက ယခုအခါ မိန်းကလေး တစ်ယောက်နှင့် လာခဲ့သည် မဟုတ်ပါလား။ ခဏတာ ပျော်ရွှင်မှုအတွက် တစ်ဘဝလုံး ထိန်းသိမ်းလာခဲ့သော ဂုဏ်သိက္ခာများ ထိခိုက် သွားလျှင် မတွေးဝံ့စရာ။

” မဖြစ်ဘူး . . . မဖြစ်ဘူး။ ဒီသံယောဇဉ် နှောင်ကြိုးကို အမြန်ဖြတ်မှ ဖြစ်မယ်” ဟု ဦးမောင်ဝင်း ဆုံးဖြတ်လိုက်သည်။

” လူတွေက ချမ်းသာလာရင် အပျော်အပါး လိုက်စားတတ်တယ်ကွ။ လူအများစုပေါ့ ကွာ။ မင်းလိုကောင်က ခပ်ရှားရှားရယ် သူငယ်ချင်း ”
သူပြောသော စကားများက မိမိကို ပြောနေသလား ထင်ရသည်။ တော်ပါသေးရဲ့ ဧကရီလေးနှင့် ဘာမှမဖြစ်သေးလို့။ မမှားခင် နောက်ပြန်ဆုတ်ခွင့် ရှိသေးသည်။ တည်ငြိမ် ရင့်ကျက်သော ပင်ကိုစိတ်လေး ပေါ်လာ သည်။ အမှောင်တကာ့ အမှောင်ကြီးထဲ သက်ဆင်းမိတော့မလို့ပါလားဟု တွေးမိပြီး ထိတ်လန့်လာသည်။

“ငါ့မှာဆို မင်းကို လေးစားလွန်းလို့ ငါ့သားနာမည်ကိုတောင် မင်းနာမည်ပါအောင် လင်းမောင်မောင်လို့ နာမည်ပေးထားတာကွ။ ချမ်းသာပြီး မင်းလို အရှုပ်အရှင်းကင်းတဲ့သူ က လက်ချိုးရေလို့ ရတယ်လေ ”
ဦးမောင်ဝင်းမှာ ဘာဆက်ပြောရမှန်း မသိတော့။ သူငယ်ချင်း၏ စကားများကိုသာ နားထောင်နေမိသည်။ သူထင်သလို မိမိဘဝ က မဖြူစင်ပါ။
” ဆရာတော်တစ်ပါး ဟောထားတာ ရှိတယ်ကွ။ အိမ်ထောင်ရှိလျက်နဲ့ သူတစ်ပါး သားမယားကို ဖောက်ပြန်ရင် အပုပ်အသိုးကို စားတာနဲ့ အတူတူပဲတဲ့။ အပုပ်အသိုးကို စားတဲ့ သူတော့မဖြစ်စေနဲ့ သူငယ်ချင်း ”
သူငယ်ချင်းနှစ်ယောက် နှုတ်ဆက်ပြီး လမ်းခွဲထွက်လာခဲ့ကြသည်။ အတွေးများက ဦးမောင်ဝင်း စိတ်ထဲမှာ ပြည့်နှက်လျက် ရှိသည်။ ဧကရီအပေါ်ထားသည့် စိတ်ထားကို ရိုးသားမှုအဖြစ် အရောင်ပြောင်းဖို့ ဆုံးဖြတ် လိုက်သည်။ မနက်ဖြန်ဆိုလျှင် ပြန်မှဖြစ်တော့ မည်။ နှစ်ယောက်ထဲ ခရီးထွက်လာတာ အခု တွေးကြည့်မိတော့ မသင့်တော်မှန်း သိလာ သည်။
ကိလေသာ အမှောင်ကြောင့် အမှန်တရား တည်းဟူသော အလင်းရောင်များ ကွယ်ပျောက် ခဲ့ရသည်။ အတွေးများနှင့် လမ်းလျှောက် ပြန်လာစဉ် . . .
” ဧကရီ မင်း အဘိုးကြီး အခြေအနေက ဘယ်လိုလဲ။ ကိုယ်တော့ တို့နှစ်ယောက် ရှေ့ရေး အတွက်မို့သာ ခိုင်းနေရတာ။ သိပ်စိတ်ချတာ မဟုတ်ဘူး။ ဒီကိစ္စကို ဒီညပြီးအောင် စီစဉ် လိုက်တော့ ”

” အင်းပါ ကိုရယ်၊ မလောပါနဲ့။ ဒီကိစ္စကို ဧကရီတာဝန်ထားစမ်းပါ ”
ဦးမောင်ဝင်း ရပ်၍ သေချာစွာ နားထောင် လိုက်သည်။
” ဒီည သူသောက်မယ့် ဘီယာထဲမှာ အိပ်ဆေးခတ်ပြီး ဒီအဘိုးကြီးကို ပညာပြလိုက် မယ်လေ ”

” ငွေတင်မကဘူး။ လက်စွပ်၊ ဆွဲကြိုးတွေ ပါ မေ့နေမယ်နော်။ ဒီတစ်ညပြီးရင် ကိုယ်တို့ နှစ်ယောက် တစ်ဘဝလုံး ချမ်းချမ်းသာသာ နေနိုင်ပြီ ”
ကြားရသော စကားများကြောင့် ဦးမောင်ဝင်း ထိတ်လန့်သွားမိသည်။ ကိုယ့် နောက်ကျောကို ဓားနှင့် ထိုးမယ့်သူကို အတွင်းရေးမှူး ခန့်ထားမိတာပါလား။ အမလေး . . . ဘုရား ဘုရား။

“ကို . . . ဧကရီ သွားတော့မယ်။ ခဏနေ သူ့အတွက် နံနက်စာ စီစဉ်ပေးရဦးမယ်။ ကိုကို့ကို တကယ်ချစ်တာပါ”
လမ်းပေါ်သို့ ထွက်လာသော ဧကရီ မမြင်အောင် ဦးမောင်ဝင်း သစ်ပင်နောက်ကို ကွယ်လိုက်ရသည်။ ထို့နောက် သက်ပြင်း အခါခါချရင်း ” သူငယ်ချင်းရေ . . . မင်းပြောတဲ့ အပုပ်အသိုးကို စားမိတော့မလို့။ မင်းကို ကျေးဇူးတင်တယ်ကွာ။ အခုချိန်ကစပြီး ဘဝ တစ်လျှောက်လုံး အပုပ်အသိုးကို မစားမိအောင် ငါ ရှောင်ကြဉ်ပါတော့မယ်”ဟု တွေးရင်း ပြုံးလိုက်မိတော့သည်။