အပေါင်းအသင်း

*အပေါင်းအသင်း*📖📖📖

************************

ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်ကို အခြေပြု၍ ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။

ကာယံကံရှင်များ ထိခိုက်မည်စိုးသောကြောင့် အမည်များအား လွှဲပြောင်းရေးသားပါသည်။

သက်ထားသည် ဌာနဆိုင်ရာတစ်ခုမှအစိုးရဝန်ထမ်းဖြစ်သည်။

သက်ထားသည် ငယ်စဥ်ကတည်းက အနေအေးဆေးပြီး တည်ငြိမ်သောကြောင့် ချစ်သူခင်သူများသောသူတစ်ယောက်လည်းဖြစ်သည်။

သက်ထားအား ငယ်စဥ်ကလေး ဘဝကတည်းက တစ်ဖက်သတ် စွဲလမ်းချစ်နေသူကား သက်ထား၏အိမ်နီးချင်း ဖိုးကျော်ဆိုသူဖြစ်သည်။

သို့သော် ဖိုးကျော်၏မိသားစုကားလက်လုပ်လက်စား မိသားစုမို့ သက်ထားအားဖွင့်မပြောရဲချေ။

သက်ထားတို့အိမ်ဘေး၌ အိမ်ငှားနေသော ဖိုးကျော်တို့က အခြားနေရာသို့ ပြောင်းသွားပြီး ဖိုးကျော်၏ဖခင်သည် အရက်သောက်သောကြောင့် ကွယ်လွန်သွားလေသည်။

ဖိုးကျော်တစ်ယောက် အဖေမရှိတော့ အစ်ကိုကြီးဖြစ်သူပီပီ မိသားစုတာဝန်ယူရန် ကျောင်းမှ ထွက်ကာ တွင်ခုံ လုပ်ငန်းတွင်ပညာသင်ယူလိုက်သည်။

သက်ထားတက္ကသိုလ်တက်နေချိန်တွင် ဖိုးကျော်မှာ မပန်ထိုက်သော ပန်းလေးမို့အလှကြည့်နေရင်း သက်ထား၏ အိမ်ထောင်ကျသော သတင်းကို ကြားလိုက်ရသည်။

ဖိုးကျော်အတွက် အချစ်ဆိုသည်ကား အလှကြည့်နေရုံသာ ။

သက်ထားကား ကလေးတစ်ယောက်နှင့် ဝတုတ်တုတ်လေးပင် ဖြစ်နေလေပြီ။

ဖိုးကျော် သက်ထားကိုမရမှတော့ လူပျိုကြီးပဲ လုပ်မည်ဟုဆုံးဖြတ်ရင်း ညီမလေး နှစ်ယောက်နှင့်အမေကို သာအလုပ်အကျွေးပြုသော သားလိမ္မာလေး အဖြစ်သာ နေထိုင်လာတော့သည်။

ဖိုးကျော်၏ညီမလေးများပင် ဆယ်တန်းအောင်ကာ အလုပ်ကိုယ်စီနှင့် ဖြစ်နေပြီ။

ရရစားစားဘဝမို့ အိမ်ပိုင်ကိုမဝယ်နိုင်သေးပေ။

မြို့ကြီးပြကြီးပေမို့ အိမ်လခပေးရရုံနှင့်စားဝတ်နေရေးပြေလည်ရုံသာရှိလေသည်။

မိမိကိုယ်ပိုင်လုပ်ငန်းလေး လုပ်ရန်ငွေစုနေရသူမို့လည်း မိသားစုလေးယောက် အိမ်ငှားနေထိုင်ရာဘဝလေး၌သာ တစ်ဝဲဝဲတလည်လည်ပင်။

ငယ်ကတည်းက ကြီးပြင်းရာ ပတ်ဝန်းကျင်ကို ခင်တွယ်သူမို့ သက်ထားတို့အိမ်ဘေး သို့ ပြန်လည်ပြောင်းကာ ငှားရမ်းနေထိုင်ကြ​​ပြန်သည်။

သက်ထားနှင့် ဖိုးကျော်ကား ငယ်စဥ်ကတည်းက အတူသွား အတူဆော့ကြသော်လည်း ကြီးလာသောအခါ မာနကြီးသော သက်ထားအား ဖိုးကျော်က နှုတ်ပင်မဆက်ရဲ။

သက်ထားက နယ်ဝေးသူနှင့် အိမ်ထောင်ကျသွားသူမို့ သူ့ယောက်ျား ရှိရာ အခြားတစ်နယ်သို့ လိုက်ပါပြောင်းရွှေ့သွားသောကြောင့် တစ်ခါတစ်ရံ အစိုးရပိတ်ရက်ရှည်များတွင်သာ သူ့အမေအိမ်သို့ ပြန်လာလည်သည်ကို တွေ့ရှိရတတ်သည်။

ဖိုးကျော်ကတော့ တွင်ခုံလုပ်ငန်းတွင်ဆရာပင်ဖြစ်နေလေပြီ။

သဘောကောင်းသော ဖိုးကျော်လူပျိုကြီး သည် အမေအိုနှင့်ညီမလေး နှစ်ယောက်၌သာ ဘဝကိုမြှုပ်နှံထားလေသည်။

ဖိုးကျော်နှင့် သက်ထားအဖေကား အတော်လေး ခင်မင်သည်။
ဖိုး​​ေကျာအဖေဆုံးသွားပြီးနောက် ထိုဝန်းကျင်ပြန်ပြောင်းလာသော ဖိုးကျော်တို့မိသားစုကို သက်ထားမိသားစုက အရင်ကတည်းက အိမ်နီးချင်းမို့အခင်အမင်မပျက်ပေ။

သဘောကောင်းသော သက်ထား အဖေထံသို့ ဖိုးကျော်ကား မကြာခဏ သွားရောက်လည်ပတ်ကာ စကားစမြည်ပြောတတ်လေသည်။

သက်ထားနှင့် ဖိုးကျော်က ရွယ်တူမို့ ဖိုးကျော်အား သက်ထားအဖေမှဆုံးမစကားများ ပြောတတ်သောကြောင့် အဖေမရှိသော ဖိုးကျော်အတွက် သက်ထားအဖေက တွယ်တာစရာ လူတစ်ဦး ဖြစ်နေလေတော့သည်။

ဖိုးကျော်က သူ့လုပ်ငန်းတွင် ပညာလာသင်သော သားတပည့်လေးများ အပေါ်တွင် အစ်ကိုတစ်ယောက်ပမာ ဆက်ဆံတတ်လေသည်။

“ဟျောင့် မောင်စိုင်း မင်းအလုပ်ချိန်မှာ ဘယ်တော့မှအရက်မသောက်လာနဲ့ကွာ….
မင်းသောက်ချင်ရင် အလုပ်ပိတ်ရက် လပြည့်လကွယ်တွေမှာ တစ်နေကုန်အမူးသောက်ကွာ၊ အေ မင်းပိုက်ဆံမရှိတောင်ငါဝယ်တိုက်မယ်ကွာ “

“ကိုရီးဖိုးကျော် သူ့တစ်ယောက်တည်းတော့ ဝယ်မတိုက်နဲ့ဗျာ တိုက်ရင် ကျွန်တော့်တို့ကိုပါဝယ်တိုက်ဗျာ၊
ဒီတစ်ခေါက်ပိတ်ရက် ကျွန်တော်တို့ကို အရက်ဝယ်တိုက်ဗျာ”

” အေးအေး ဝယ်တိုက်ပါ့မယ်ငါ့ညီတို့ရာ ခုအလုပ်ဖွင့်ရက်တော့ အလုပ်ကြိုးစားလုပ်ကြပေါ့ကွာ”

အရက်မသောက်တတ်သော ဖိုးကျော် လုပ်ဖော်ကိုင်ဖက် တွေအား လိုက်လျောရင်း ပိတ်ရက်များတွင် အရက်သောက်တတ်လေပြီ။

ကျန်သူများက ဖိုးကျော်ထက် အသက်ငယ်ကြသူမို့ ဖိုးကျော်က ထိန်းထိန်းသိမ်းသိမ်းသဘောမျိုး သောက်သည်ကများလေသည်။

ဖိုးကျော်ကအမေတူသားတစ်ဦးမို့ အသားညိုကာ သူ့ညီမနှစ်ဦးက တော့အသားဖြူလေသည်။

တစ်ခါတစ်ရံ လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုများက ယောက်ဖဟု မကြားတစ်ကြား စလျှင် ဖိုးကျော်အင်မတန်မှစိတ်ဆိုးတတ်သည်။

ဖတစ်စိုး ညီမလေးတွေကို ငယ်ကတည်းက အဖေလိုတစ်မျိုး အစ်ကိုလိုတစ်ဖုံ ပြုစုလုပ်ကျွေးခဲ့ရသည်။

လက်ကြောမတင်း အရက်ကလေးတစ်မြမြနှင့်ကောင်တွေရဲ့ ယောက်ဖဟု အပြောပင်မခံနိုင်။

ပိတ်ရက် အရက်သောက်လျှင် ဖိုးကျော်အား

“ကိုဖိုးကျော် မိန်းမမယူဘူးလား”

ဟုမေးလျှင် သူကသက်ထားအကြောင်းတစ်ဖွဖွပြောနေသည်။

ကြေကွဲ နေသော ဖိုးကျော်အား

“တော်ပါတော့ ကိုဖိုးကျော်ရာ ဟိုကယောက်ျားရလို့ ကလေးအမေ ဝတုတ်မတောင်ဖြစ်နေပြီ ကိုဖိုးကျော်က feel ကောင်းတုန်း”

“ဟျောင့်တွေ အချစ်ဆိုတာ ရယူခြင်းမဟုတ်ဘူးကွ၊
ပေးဆပ်ခြင်း၊ စွန့်လွှတ်ခြင်းကွ သက်ထား အဖွားကြီးဖြစ်သွားပါစေကွာ ငါ့ရင်ထဲက သက်ထားကို ဘယ်သူမှ ဆွဲထုတ်လို့မရဘူးကွ ငါဖွင့်ပြောခွင့်မရှိလည်း ထာဝရ ချစ်နေမှာကွ”

ဟု ဆွေးဆွေး မြေ့မြေ့ပြောရင်း အရက်ကို တစ်ခွက်ပြီးတစ်ခွက် သောက်လေတော့သည်။

တစ်နေ့ ရုံးပိတ်ရက်ရှည်မို့ သက်ထား အမေအိမ်သို့ ပြန်ရောက်နေသည်မို့ ဖိုးကျော်ပျော်မဆုံးတပြုံးပြုံး။

ဖိုးကျော်တပည့် မောင်မောင်ကား ဖိုးကျော် အားလုံးထဲမှ အချစ်ဆုံး။

မောင်မောင်ကလည်း ဖိုးကျော်တို့အိမ်နားကပဲမို့ သက်ထားအား အရင်ကတည်းကသိနေသည်။

မောင်မောင်က

“ကိုဖိုးကျော် မမသက်ထားသူ့အမေအိမ်ပြန်ရောက်နေတယ်နော် ဝတာက လွဲရင်အရင်လိုလှတုန်းပဲ သူ့ယောက်ျားတော့ ပါမလာဘူးနေမှာ မတွေ့ဘူး”

“အေးငါလဲ တွေ့တယ်သူ့ကို၊ နက်ဖြန်လပြည့်နေ့ အလုပ်နားရင် သက်ထား အဖေဆီသွားလည်ဦးမလို့ ၊ငါ့ကို ညနေအလုပ်နားရင် ဂျင်းဘောင်းဘီအသစ်လေး သွားဝယ်ဦးမယ် ငါ့နောက်လိုက်ခဲ့မောင်မောင် “

“ဘာလဲ မသက်ထားဆီလူပျို့လှည့်လား “

“မဟုတ်ပါဘူးညီရာ သက်ထား အမြင်မှာ ငါ့ကိုမြင်ရင် နဲနဲသပ်သပ်ရပ်ရပ်လေး မြင်စေချင်ရုံပါကွာ အိမ်ထောင်ရှိမိန်းမ တစ်ယောက်ကိုတော့ လူပျိုမလှည့်ရဲပါဘူးကွာ “

ဟုပြောရင်း နှစ်ဦးသား ရယ်မောမိကြလေသည်။

ပိတ်ရက်လ​ပြည့်နေ့ မနက်တွင် သက်ထား အဖေဆီအလည်လာသော ဖိုးကျော်က ဂျင်းဘောင်းဘီအသစ် ဂျင်းအင်္ကျီအသစ် ရှိုးစမိုး အပြည့်နဲ့။

သက်ထားက သူ့ကလေး အဝတ်လျှော်ရင်းအလုပ်ရှုပ်နေလေသည်။

သက်ထား ကလေးအဝတ်တွေလှမ်းရင်း ဖိုးကျော်ကို မြင်တော့ အသားမဲသောဖိုးကျော် အဝတ်သစ်တွေဝတ်ထားတာ သိသာလွန်းနေသည်လား မ​ပြောတတ်
လှမ်းပြုံးပြရင်း

“ဖိုးကျော်နင်က အဝတ်အသစ်တွေနဲ့ ပါလား ။နင်မိန်းမမယူသေးဘူးလား”

ဟု မမေးစဖူး အမေးထူးသော ကြောင့်

“မယူပါဘူး သက်ထားရယ် ငါ့ကြိုက်ရမယ့်သူမရှိဘူးလေ၊ ငါကြိုက်တဲ့ သူတစ်ယောက်က ငါ့ကြိုက်နေတာလဲ မသိပါဘူး၊ သူလဲ အိမ်ထောင်တွေ ဘာတွေ ကျနေရောပေါ့”

” ဩ ဟုတ်လား”

ဟုတစ်ခွန်းသာ ပြန်ပြောရင်း သက်ထားကလုပ်စရာရှိနေသည်များအား ဆက်လုပ်နေလေသည်။

သက်ထားအဖေက

“ဖိုးကျော်ရာ မင်းအရက်တော့ မသောက်နဲ့ပေါ့ကွာ၊ အပေါင်းအသင်းလဲ ကြည့်ပေါင်း မင်းပေါင်းနေတာတွေက အရက်သမားတွေချည်းပဲ၊ မင်းအဖေလဲ အရက်ကြောင့်သေတာ လေကွာ “

ဟုဆုံးမသည်။

ဖိုးကျော်လဲ စကားစမြည်ပြော​ပြီး သက်ထား အဖေအား နှုတ်ဆက်ကာ ပြန်ခဲ့၏။

ဘာဖြစ်ဖြစ် ဖိုးကျော်ပျော်မဆုံး၊ သက်ထားနှင့်စကားပြောခွင့်ရခဲ့သောကြောင့် ဖြစ်သည်။

တစ်ခါတစ်ရံ အချစ်ဆိုသည်မှာ ဘာမဟုတ်တာလေးနှင့်လည်း ပျော်ရွှင်ရတတ်သည်မဟုတ်လား။

ဖိုးကျော်က မောင်မောင့်အိမ်ရောက်တော့

“မောင်မောင်ရေ ဟိုကောင်တွေ အားလုံးခေါ်ကွာ ငါအရက်တိုက်မယ် ကွာ ဒီနေ့သက်ထား ငါ့ကို စကားတွေဘာတွေပြောလို့ကွ ငါ့ကိုတစ်ခါမှ စကားမပြောဖူးတဲ့ သက်ထားက ငါ့ကိုစကား တွေဘာတွေပြောလာတာကွ”

“ဟုတ်လား မသက်ထားက ကိုဖိုးကျော်ကို ဘာတွေများ ပြောလိုက်တာလဲ “

ဟုမေးရာဖိုးကျော်က သက်ထားပြောတာ တွေ ပြန်ပြောပြလျှင်

“ဟမ် ဒါ ပြောတာလေး ကိုများ ကိုဖိုးကျော်ရယ် ၊အဲ့လောက်ပျော်နေတာ၊ ဟိုက မကောင်းတတ်လို့ နှုတ်ဆက်တာ နေမှာပေါ့ “

” သက်ထား ဘယ်လိုပြောပြောကွာ၊ ငါပျော်တယ် ဟိုကောင်တွေစုလိုက် ငါ အရက်အဝ တိုက်မယ် “

ထိုနေ့က သက်ထားနှင့်နောက်ဆုံးစကား ပြောခွင့်ရမှန်း သူတိုက်သောအရက်ဖြင့် သူ့အသက်ဇီဝိန်အား အခြွေခံရမယ်မှန်း ဖိုးကျော်ကြိုသိနေပါမူ။

မောင်မောင်က အားလုံးကို လိုက်ခေါ်ပြီး စေတီလေး အောက်ဖက် တွင်အရက်စုသောက်ကြလေသည်။

ဖိုးကျော်တို့ ရောက်တတ်ရာရာ စကားပြောရင်း တိုက်ခတ်လာသော လေရဲ့ အရသာကို ခံစားရင်း ပါလာသော အရက်များလည်း ကုန်ပြီမို့ ဖိုးကျော်မှ ပိုက်ဆံ ထပ်ထုတ်ပေးကာ မောင်မောင်အား အရက်ထပ်ဝယ်စေသည်။

စေတီ၏ အောက်ဘက်တွင် ပေ၂၀၀ခန့်နက်သော ချောက်တစ်ခုလဲ ရှိသည်။

မောင်မောင်အရက်သွားဝယ်သောအချိန်၌ ဖိုးကျော်တို့ငါး ယောက်ကျန်ခဲ့၏။

အတော်လေး မူးနေပြီမို့ ထိုလေးယောက်မှ ဖိုးကျော် အားအာလေးလျှာလေးဖြင့်

“ကိုဖိုးကျော်ကလဲ ယောက်ျားရသွားတဲ့ သူများမယားကြီးကို ကြွေမနေပါနဲ့၊ အပျိုလေး ဖြစ်တဲ့ဖိုးကျော်ညီမတွေကို ကျုပ်တို့လို ကြွေတာက တော်သေးတယ် ဟားဟား ဟား”

“ဟျော့င်တွေ ငါက သူများမယားကို ကြာခိုနေတာမဟုတ်ဘူး၊ ငါ့ရဲ့ငယ်ချစ်မို့ တန်ဖိုးထားတာ၊ အေ သက်ထားလဲ ငါသူ့ကိုကြိုက်ခဲ့မှန်းလဲ မသိဘူး၊ ငါလဲ ဘယ်တော့မှသူ့ကို ချစ်တယ်လို့ မပြောခဲ့ဘူး၊ သူ့ဟာသူ အိမ်ထောင်ကျတာမကျတာနဲ့ ငါတန်ဖိုးထားတာ နဲ့ဘာမှမဆိုင်ဘူး၊ ငါ့နှမတွေကိုလဲ လာမပြောနဲ့ ငါတိုက်တဲ့အရက်သောက်ပြီး ငါ့ကိုလာမစော်ကားနဲ့ အေးဆေးနေကွာ “

“ပြော​ေတာ့ဘာဖြစ်လဲကွာ”

အရက်ပုလင်းခွံနှင့် ဖိုးကျော်ခေါင်းအား ကောက်ရိုက်လိုက်ရာ ဖိုးကျော်၏ခေါင်းတွင် သွေးများဖြာကနဲ စီးကျလာလေသည်။

ဖိုးကျော်လဲ ပြန်ဆွဲထိုးရာ လေးယောက်တစ်ယောက်မို့ ဖိုးကျော် ပြန်မချနိုင် ထိုစဥ် မောင်မောင်မှ အရက်ဝယ်ပြီး ပြန်လာရာ သွေးများ ပေကျံကာ လဲနေသော ဖိုးကျော်ထံ ပြေးလာတော့ ဦးခေါင်းတစ်ခုလုံး သွေးထွက်လွန်ကာ ဖိုးကျော် သတိလစ်ချင်နေပြီ ကျန်လေးယောက်ကလဲ ဖိုးကျော်အခြေအနေမကောင်းတော့ မောင်မောင်အား

“ဟေ့ကောင် မင်းပါးစပ်ပိတ်ထား၊ မင်းဖော်ကောင်လုပ်ရင်တော့ မင်းကိုပါ သတ်ပစ်မယ်”

ဟုဆိုကာမသေသေးသော ဖိုးကျော်အား လေးယောက်သားမကာ ချောက်ထဲပစ်ချလိုက်တော့သည်။

ထို့နောက် အရက်ပုလင်းများအား မည်သူမှ မမြင်ရန်မောင်မောင်အား ခြေရာလက်ရာ ဖျောက်ခိုင်းကာ အိမ်သို့ပြန်ခဲ့ကြသည်။

ထိုနေ့ည၌ ခွေးများအလွန်အူသောကြောင့် သက်ထား တစ်ယောက် အပြင်ထွက်ရင်း

“ကျက်သရေမရှိ ခွေးတွေက အူတာဟု ပြောရင်း‌ ရေအိမ်သို့သွားကာ ပြန်လာစဉ် သူ့အိမ်ပေါက်ဝနှင့်မျက်နှာချင်းဆိုင်အုတ်နံရံတွင် ဂျင်းဝမ်းဆက်ဝတ်ကာ ခေါင်းကြီး စိုက်ကာ မှီရပ်နေသော ဖိုးကျော်ကို တွေ့လိုက်ရသောအခါ

“လန့်ပါတယ်ဆို ဖိုးကျော်က တစ်မျိုး မူးနေတာလားမသိဘူး၊ ေခါင်းတောင် မဖော်နိုင်ဘူး အိမ်မပြန်ပဲ အိမ်ရှေ့လာရပ်နေတယ် “

ဟုတီးတိုးရေရွတ်ပြီး အိမ်ထဲဝင်ကာ အိပ်လိုက်၏။

မနက်လင်းသောအခါ သက်ထား၏မိခင်က
“ညက ခွေးတွေအရမ်းအူတာပဲ ဘာဖြစ်တာလဲ မသိဘူး “

ဟု မနက်စာစားရင်းပြောမှ သက်ထားလဲ ညကအဖြစ်အားသတိရကာ

“အဖေညက ခွေးတွေအရမ်းအူလို့ ကြောက်ပါတယ်ဆို ဖိုးကျော်လေ နေ့လည်ကသူဝတ်တဲ့ ဂျင်းဝမ်းဆက်နဲ့ အိမ်ရှေ့လာရပ်နေတာတွေ့တယ်၊ မူးနေတာလားမသိဘူး ခေါင်းကြီး ငိုက်စိုက်နဲ့ ၊အဖေကသာ အရက်မသောက်ဖို့ တရားဟောနေတာ “

ဟု ပြောလိုက်လေသည်။
သက်ထားအဖေက

“ဟေ ဟုတ်လား “

ဟုဆိုကာ စဥ်းစားနေလေသည်။

ဖိုးကျော်တို့အိမ်က နီးသည်မို့ သက်ထား အဖေ က ဖိုးကျော် အိမ်ဘက်ထွက်ခဲ့ကာ

“မငွေခင်ရေ ညကဖိုးကျော်ပြန်လာလား ၊အရက်တွေသောက်ထားလား၊ နေ့လည်ငါ့ဆီလာတုန်းက အရက်မသောက်ဖို့ ပြောသေးတယ် ။ညက သမီးသက်ထားက အိမ်ရှေ့မှာဖိုးကျော်လာရပ်နေတာ မူးနေလား မသိဘူး ပြောလို့ဟေ့”

“ဟင်ဟုတ်လား ညကတစ်ညလုံး ဖိုးကျော်အိမ်ကိုပြန်မလာဘူး၊ ကျွန်မအိပ်နေတုန်း ဖိုးကျော်အခန်းဘက်က အသံတွေကြားတော့ သားပြန်ရောက်နေပြီထင်နေတာ၊ မနက်ကျမှ အခန်းထဲ ဘယ်သူမှရှိမနေဘူး၊ ဒုက္ခပဲ သက်ထားကလည်း ညကတွေ့တယ်ဆိုတော့ သားလေး များတစ်ခုခု ဖြစ်နေပြီလားမသိဘူး ၊လုပ်ကြပါဦး ၊
ဒီနေ့သားအလုပ်ဖွင့်ရက်လေ ၊
သူပြန်မလာတာထူးဆန်းတယ် ၊
အလုပ်အပေါ် အင်မတန်ချစ်တဲ့သူက ပြန်မလာဘူးဆိုတော့ တစ်ခုခုဖြစ်နေလို့လား မသိဘူး”

ဟုဆိုကာ ငိုရှာသည်။
သက်ထား အဖေက

“ငိုမနေနဲ့မငွေခင် စခန်းကိုသွားပြီး လူပျောက်တိုင်လိုက်တော့၊ ဖိုးကျော်တစ်ခုခု ဖြစ်ပြီနေမှာ”

ဒေါ်ငွေခင်လည်း သမီးနှစ်ယောက်ခေါ်ကာ စခန်းသို့ လူပျောက်သွားတိုင်တော့သည်။

စခန်းမှတာဝန်ရှိသူတွေလဲ လိုက်လံစုံစမ်းရာ သက်ထားအဖေက ဖိုးကျော်သည် နေ့လည်က မိမိဆီမှထွက်ကာ မောင်မောင်အိမ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများအား ပြောကြားလေသည်။

စခန်းမှအရာရှိများကလည်း မောင်မောင်အား စစ်ဆေးရာ မောင်မောင်မှ အမှန်တရားအတိုင်းဝန်ခံထွက်ဆိုလေသည်။

ကျန်လေး ယောက်အားစုံစမ်းရာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဝရမ်းထုတ်ကာ လူသတ်တရားခံများအား ရှာဖွေကြ၏။

ဖိုးကျော်အလောင်းအား ပေ၂၀၀ခန့်နက်သော ချောက်အတွင်းမှ ခက်ခက်ခဲခဲ သယ်ယူခဲ့ကြရတော့သည်။

မကြာမီ လူသတ်တရားခံများအားလုံးအား ဖမ်းဆီးမိသွားတော့သည်။

ဖိုးကျော်၏ဝိညာဉ်သည် သူအသတ်ခံရ‌သောည၌  သက်ထားအား ကိုယ်ထင်ပြကာ လာနှုတ်ဆက်ခဲ့လေသလား (သို့မဟုတ်) သူအသတ်ခံရကြောင်း သက်ထားအား ပြောပြလိုသောကြောင့် သက်ထားအိမ်ရှေ့၌ လာရပ်နေခဲ့လေသလား…

မည်သို့ဆိုစေကာမူ သက်ထား၏ပြောစကားကြောင့် သက်ထားဖခင်မှ ဖိုးကျော်အဖြစ်အားရိပ်မိကာ လူသတ်သမားများအား အမြန်ဆုံးဖမ်းဆီးရမိခဲ့ခြင်းကတော့ သေချာသည်ပင်။

အပေါင်းအသင်းအား အရက်တိုက်မိပြီး ထိုအရက်ကြောင့်ပင် အသက်ပေးလိုက်ရရှာသော ဖိုးကျော်အား ကောင်းရာသုဂတိလားပါစေဟုသာ ဆုတောင်းပေးရင်း…

လေးစားလျက်
စာရေးသူ Nan Kyarnyoအား