အပျက််မ(စ/ဆုံး)
—————-
အဲဒီနေ့က မကွေးမြို့ရဲ့ ကမ်းနားလမ်းပေါ်မှာ ကျွန်တော်တစ်ယောက်တည်း စီးကရက်ကိုသောက်ရင်း လမ်းလျှောက်နေခဲ့ပါတယ်။ အသက်၁၇နှစ်သာ ရှိပေမဲ့လို့ ၃တန်းနဲ့ကျောင်းထွက်ပြီး ရရာအလုပ်ကို လုပ်ကိုင်ခဲ့ရင်း မိသားစုဝမ်းရေးကို တစ်ထောင်တတ်နိုင်တစ်ထောင် ထောက်ပံ့၍ နေလာခဲ့ရပါတယ်။ လောကဓံရဲ့ ရိုက်ချက်ကို ကျွန်တော်စောစောစီးစီး ခံလိုက်ရတယ်လို့ပဲ ပြောရပါမယ်။
ကျွန်တော့်ရဲ့ဘဝအကြောင်းကို ကျွန်တော်စဉ်းစားရင်းနဲ့ လမ်းလျှောက်နေတုန်းမှာ ပလက်ဖောင်းပေါ်ထိုင်ပြီး မြစ်ရေပြင်ဘက်ကို မျက်နှာလှည့်ရင်း ငိုနေတဲ့ မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။ ပုံစံကတော့ ဂျင်းပြာဘောင်းဘီနဲ့ အောက်ကအနီရောင်တီရှပ်ကို အပေါ်ကအဖြူရောင် လက်ရှည်တစ်ထည် ထပ်ဝတ်ထားတယ်။ အသက်အားဖြင့်တော့ ၂၀ကျော်မယ်ထင်မိတယ်။
ကျွန်တော်က ဘာအကူညီလိုမလဲလို့ မေးလိုက်ပေမဲ့ သူကတော့ လက်ကာပြီး ခေါင်းကိုပဲရမ်းပြတယ်။ ကျွန်တော်လည်း တစ်ယောက်တည်းနေချင်တယ်တူပါတယ်လို့ တွေးမိပြီး သူ့အနောက်က ဖြတ်အသွား သူကမေ့လဲသွားပါတယ်။ ကျွန်တော်လည်း ဆွဲထူပြီး သတိရအောင်ပြုစုပေးပါတယ်။ ဘေးကလူတွေကတော့ ကျွန်တော်တို့သမီးရည်းစား စိတ်ဆိုးနေတယ်အထင်နဲ့ ကြည့်ရုံပဲကြည့်သွားကြတယ်။ ခဏလောက်နေတော့ ဒီမိန်းကလေး ပြန်သတိရလာတယ်။ ဒါပေမဲ့ မျက်ရည်တွေပြန်ကျလာပြီး ကျွန်တော့်ကိုဖက်ငိုပါတော့တယ်။
ကျွန်တော်လည်း အလိုက်သင့် ကျောကိုပြန်ပုတ်ပေးရင် ခဏနေတော့ သူမျက်ရည်တွေကိုသုတ်ပြီး စကားစလာတယ်။
“Sorry နော်။ အစ်မ အရမ်းဝမ်းနည်းနေလို့ပါ။”
“ရပါတယ်အစ်မရယ်။ ဒါပေမဲ့ အစ်မမှာ ဘာအခက်ခဲရှိလို့လဲ ကျွန်တော်ကူညီနိုင်တာဆို ကူညီပါ့မယ်။”
“အစ်မအခက်ခဲကို မင်းမကူညီနိုင်ပါဘူးကွယ်။”
“ဘာလို့တုန်း။”
“အစ်မက မိန်းမပျက်တစ်ယောက်လေ။ လူတွေရဲ့အထင်အမြင်သေးချင်းကို ခံထားရတာ။ သူတို့အမြင်တွေကို မောင်လေးပြောင်းလဲပေးနိုင်လို့လား။”
“ဗျာ။”
သူဟာ ငိုသံလေးနဲ့ တစ်ချက်ရယ်လိုက်တယ်။ အဲဒီနောက်မှာတော့ သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းလေးတွေကို ကျွန်တော့်ဆီ ရင်ဖွင့်လာတယ်။
“ဟင်းဟင်း မောင်လေးအံ့ဩသွားတယ်မလား။ အစ်မလည်း တစ်ခါတစ်ခါ ဘာတွေပြောမိမှန်းမသိပါဘူးကွယ်။ ဒါပေမဲ့ လူတွေကအရမ်း တစ်ကိုယ်ကောင်းဆန်တယ်၊ သူတို့အမြင်တစ်ခုတည်းနဲ့ ဆုံးဖြတ်ကြတယ်။ အစ်မက အပျက်မတစ်ယောက်ဖြစ်တာနဲ့ လမ်းဘေးကခွေးတစ်ကောင် ဖြစ်သွားပြီလား။ ဒီဘဝကြီးကိုရော အစ်မက မတရားလိုချင်တယ် ထင်နေကြလားမသိဘူး။ အစ်မက ကျူးကျော်တဲမှာနေခဲ့ရတယ်။ အစ်မမိသားစု၉ယောက်တိတိစားဖို့ကို အစ်မလိုပညာမတတ်တဲ့မိန်းမက ဘယ်အလုပ်ကိုလုပ်ပြီး ရှာကျွေးရမလဲမောင်လေး။ ပညာတတ်ပြီး အလုပ်မရတဲ့သူတွေများတဲ့ခေတ်မှာ အစ်မလို အတန်းပညာမတတ်တဲ့ မိန်းမက ဘယ်အလုပ်ရမလဲ။ ဝင်ငွေကောင်းကောင်းနဲ့ မိသားစုအဆင်ပြေဖို့အတွက် အစ်မဒီဘဝကို မလိုချင်ပေမဲ့ ယူခဲ့ရတယ်။ ကို့အသွေးအသားနဲ့ သူများဆန္ဒကိုဖြည့်ဆည်းပြီးမှ ရလာတဲ့ေငွတွေကို ယူရတာ အစ်မကအရမ်းပျော်နေတယ်မှတ်နေကြတယ်။ ဒီခေတ်ထဲ ေငွကဘယ်လောက်အရေးပါလဲဆိုတာ မောင်လေးလည်းသိတယ်။ ဒီမိသားစုကြီးကို အစ်မဒီအလုပ်လုပ်မှပဲ ထောက်ပံ့နိုင်မယ်မှန်းသိလို့ လုပ်ခဲ့ရတာ။ အစ်မဒီဘဝကြီးကို ကျေနပ်နေတာမဟုတ်ပါဘူး။ အစ်မကိုဆို အထင်သေး၊။ အမြင်သေးနဲ့ ကြည့်တယ်။ အရင်ကပေါင်းခဲ့တဲ့ သူေတွတောင် နင်နဲ့ပေါင်းတာ ငါတို့နာမည်ပျက်တယ်ဆိုပြီး တစ်ယောက်မှမပေါင်းကြတော့ဘူး။ ဒီအလုပ်ကိုလုပ်စားနေတာဆုိတော့ အမူးသမားတွေကပါ မစားရအညှော်ခံ ပြောဆိုတာတွေကို ခံရတယ်။ အစ်မဒီအလုပ်ကိုလုပ်တာနဲ့ပဲ အစ်မမှာ အရှက်တရားမရှိရတော့ဘူးလား၊ အစ်မဘာကြောင့်လုပ်နေရတာလဲဆိုတာကိုရော သူတို့ဘာလို့မေတွးပေးနိုင်ကြရတာလဲ။ အစ်မမှာလေ.. အစ်မမှာ ငရဲခံရတဲ့ညတွေလို ခံစားရတာတွေကို သူတို့ဘာလို့မသိကြရတာလဲ။ ဟင့်ဟင့်ဟင့်ဟီးဟီးဟီး။”
သူဟာ အဲဒီလိုပြောပြီး ပြန်ငိုနေပါတယ်။ ကျွန်တော့်မှာတော့ နှစ်သိမ့်စရာ စကားဆိုတာ ရှာမရနိုင်ပဲ သူ့ကိုသနားတဲ့မျက်ဝန်းနဲ့ကြည့်ပြီး ပုခုံးကိုပုတ်ပေးနေလိုက်တယ်။ နောက်တော့ သူကစကားပြန်စတယ်။
“သူတို့အဲဒီလိုနှိမ်တာတွေ၊ ပြောဆိုတာတွေ အစ်မသည်းခံနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အစ်မချစ်ရတဲ့သူ၊ အစ်မကိုနားလည်ပေးနိုင်ဆုံးချစ်သူကပါ အခုအစ်မကို စကားလုံးအကြမ်းတွေ ပြောထွက်လာတယ် ငါ့မောင်ရယ် ဟင့်ဟင့်။ အစ်မတို့ချစ်လာခဲ့ကြတာ ဟိုးအရင်ထဲကပါ။ မနက်က သူအစ်မကို လက်ထပ်ဖို့ပြောလာတယ်။ ကို့ချစ်သူက ကို့အခြေအနေကို သိသိကြီးနဲ့ လက်ထပ်ဖို့ပြောတာ ဘယ်မိန်းမက မပျော်ပဲနေမလဲ၊ အစ်မအရမ်းပျော်တယ်။ ဒါပေမဲ့ အစ်မ မိသားစုက အစ်မဝင်ေငွနဲ့ရပ်တည်နေတာလေ၊ သူနဲ့လက်ထပ်လိုက်ရင် အစ်မဒီအလုပ်ကိုစွန့်လွှတ်ရမှာ။ အစ်မ မိသားစုခက်ခဲသွားမှာစိုးလို့ အစ်မမှာငြင်းခဲ့ရတယ်။ သူ့ဘက်ကလည်း စိတ်တိုရှာမှာပေါ့။ မင်းကိုငါကနားလည်ပေးထားတာတွေ ကောင်းခဲ့တာတွေေရာ ဖွင့်ထုတ်ပြောပြီး မင်းကတကယ့်*ာသည်ပဲ၊ အလကားမိန်းမဆိုတဲ့ စကားတွေထွက်လာတယ်။ အစ်မမနာပါဘူး။ ပတ်ဝန်းကျင်ကပြောသံတောင် အစ်မသည်းခံနေရတာပဲလေ၊ အစ်မဘဝမှန်လည်းဖြစ်တာကို၊ ဒါပေမဲ့ မင်းကိုလက်ထပ်ဖို့ ငါငွေဘယ်လောက်ပေးရမလဲပြောတော့ အစ်မရင်ထဲအရမ်းပူလောင်သွားတယ်။ အစ်မစကားတစ်ခွန်းမှမပြောပဲ ပါးရိုက်ပြီးထွက်လာခဲ့တယ်။ သူ့ရဲ့အဲဒီစကားက အရမ်းဖောင်းတယ်ကွာ။ အစ်မလိုအပျက်မက ငွေပေးမှ သူ့ကိုလက်ထပ်မှာတဲ့လား၊ အပျက်မတစ်ယောက်ဖြစ်တာနဲ့ အစ်မမှာ ချစ်ခွင့်မရှိတော့ဘူးလား။ ဒီအလုပ်ကို လုပ်နေတဲ့သူတိုင်းက လုပ်ချင်လွန်းလို့ လုပ်နေကြတာမဟုတ်ဘူး၊ သူတို့နောက်မှာ သူတို့ကိုမှီခိုအားကိုးနေတဲ့ မိသားစုတွေရှိလို့ ရုန်းလေနစ်လေဘဝနဲ့ နေနေကြရတာ။ အစ်မဒီဘဝကြီးမှာ မပျော်တော့ဘူးငါ့မောင်ရယ် … အစ်မလည်းအေးအေးချမ်းချမ်းနဲ့ သူများတွေလို မိသားစုနဲ့အတူတူ ပျော်နေချင်တာပေါ့… ဘဝပေးကံကိုကဆိုးလွန်းပါတယ်။ *ာသည်ဆိုတာနဲ့ နှာခေါင်းရှုံ့ကြတယ်။ အစ်မတို့ သူများပိုက်ဆံ အလကားလည်းမယူသလို၊ ခိုးယူတာလည်းမဟုတ်ဘူး။ ကို့အသွေးအသားကို ပေးဆပ်ပြီးမှ ရလာကြရတာ… ဒါကို.. ဟင်းဟင်း ညည်းတို့က ခံရုံနဲ့ငွေဝင်နေတာပဲတဲ့… ခင်ဗျားတို့လည်း ကျုပ်လိုငွေဝင်ချင်ရင် ခံပေါ့ဆိုတော့.. မိုက်ရိုင်းလိုက်တာတဲ့လေ.. သူတို့ချိုးနှိမ်ပြောတာကြ မမြင်ကြဘူး။ တော်ပါပြီ တော်ပါပြီ အစ်မမှာ ငိုဖို့လည်းအားမရှိတော့ဘူး.. ငါ့မောင်အခုလိုနားထောင်ပေးတာ ကျေးဇူးတကယ်တင်တယ်။ အစ်မရင်ဖွင့်ဖို့ ဖွင့်ရမဲ့သူလိုအပ်နေတာအမှန်ပဲ။”
“ရပါတယ် ကိစ္စမရှိပါဘူးအစ်မရယ်။ တစ်ခုတောင်းဆိုချင်တာက ကိုယ့်ကိုယ်ကိုယ်တော့ ဘာမှမလုပ်နဲ့နော်အစ်မ။”
“ဟင်း စိတ်ချပါ။ အစ်မက ပျော့ညံ့တဲ့ မိန်းမတစ်ယောက်မှမဟုတ်ပဲ။ ပြန်အုံးမယ်ကွာ.. အစ်မကိစ္စေတွရှိသေးလို့.. ဒါနဲ့မင်းနာမည်ဘယ်လိုခေါ်လဲ။”
“ထွန်းသူရကျော်ပါ။ ရာဇမုနိဘုရားနားမှာနေတယ်။”
“ဪ သိတယ်အဲဒီနားလေး။ အစ်မနာမည်က ငွေနှင်းသုန်တဲ့ အရင်ကကျူးကျော်မှာနေပေမဲ့ အခုအောင်မေတ္တာမှာနေတယ်။ အလယ်လာချင်လာခဲ့ပေါ့။”
“ဟုတ်အစ်မ။”
သူကနှုတ်ဆက်ပြီး ထွက်သွားတဲ့အခါမှာတော့ ကျွန်တော့်ဆီမှာ အတွေးပေါင်းစုံ ကျန်ခဲ့ပါလေတယ်။ မိန်းမပျက်တစ်ယောက်ဆိုတာနဲ့ တန်ဖိုးမရှိတဲ့ မိန်းမလို့ တစ်သက်မှတ်တည်း ခံယူထားကြတာဟာ ဘာကြောင့်လဲ။ လူတွေက လူအချင်းချင်း ဘာလို့မကူညီပေးနိုင်ကြတာလဲ။ အပျက်မဆိုတာနဲ့ သူ့အလုပ်ကိုပဲကြည့်ပြီး သူ့မိသားစု ဘယ်လိုခက်ခဲနေလို့ ဒီအလုပ်လုပ်ရတဲ့အထိ ဖြစ်သွားရတာလဲဆိုတာ ဘာလို့ကိုယ်ခြင်းစာမပေးနိုင်ကြတာလဲ။ လူတွေဟာ အတော်ရယ်စရာကောင်းပါတယ်။ သူတို့ကိုယ်တိုင်ပဲ အချင်းချင်းဖေးမကူညီဖို့ပြောပြီး အချင်းချင်းဖိနှိမ်ကြတယ်။
ဪ ဒါကြောင့်လည်း လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းဝေးကြပါစေလို့ မေတ္တာပို့ထဲမှာ ပါနေခဲ့တာ။
~~~~
ပြီးပါပြီ။
#မိုးထွန်း(မကွေး)