အပြန်လမ်း

အပြန်လမ်း(စ/ဆုံး)

——————-

ရေဖြူမြို့”မဂ္ဂင်ရိပ်သာ”သီလရှင်စာသင်တိုက်တွင်ဖြစ်သည်။
“ချစ်သမီး ခေမာရံသီ…ခုလို ကျေးဇူးတစ်ခုဆပ်ဖို့အရေး လူ့လောကကို တဖန်ပြန်သွားဖို့ဆိုတော့ ဆရာကြီးခွင့်ပြုပါတယ်လေ….
လူ့ဘောင် လူ့လောကဆိုတာ သာသနာ့ဘောင်လို မအေးချမ်းတာ ချစ်သမီးသိမှာပါ…ဒုက္ခနဲ့ကြုံရင်ပဲဖြစ်ဖြစ် သုခနဲ့ဆုံရင်ပဲဖြစ်ဖြစ် ကျင့်ကြံခဲ့တဲ့ တရားတွေကို နှလုံးသွင်းပြီး တည်ညိမ်စွာရင်ဆိုင်ပါ။ ကြွေးဆပ်စရာဆပ်ပြီးရင် ဆရာကြီးဆီသမီးပြန်လာမယ်လို့ ဆရာကြီးယုံကြည်တယ်…အသိ သတိ လက်မလွှတ်နဲ့ ချစ်သမီး ခေမာရံသီ”
တိုက်အုပ်ဆရာကြီး ဖွားသီလ သီရိမာလာ၏ ဆုံးမစကားဆုံးတော့ ဆရာကြီးကို ဦးသုံးကြိမ်ချပြီး ကျောင်းတိုက်ကနေ ဖြေးဖြေးခြင်း နန်းငယ် ထွက်လာခဲ့ပါတော့သည်။

(၄)လဆိုတဲ့ သီလရှင်ဘဝရဲ့ အေးချမ်းသောတရားရိပ်အောက်မှာ
ကျွန်မ နန်းငယ် ကာလတစ်ခုထိ အေးချမ်းခဲ့ပါသည်။
လူမှန်းသိတတ်စအရွယ်ထဲက အဖေနဲ့အမေ ကွဲသွားပြီး နှစ်ဖက် ဖိုးအေ ဖွားအေတွေလက်မှာ
လူလုံးမလှ ကြီးပြင်းခဲ့ရသော ကျွန်မဘဝ
အတန်းပညာအဖြစ်(၈)တန်းအထိသာနေခဲ့ရသည်။ ဘဝတလျှောက် ပူပင်သောကဆိုတာကျွန်မရဲ့ ကဗ္ဗလာ ဆင်းရဲဒုက္ခဆိုတာ ကျွန်မရဲ့မွေ့ယာပါ..
အသက် ၁၈နှစ်ပြည့်တော့ အဖေရှိတဲ့ ထိုင်းနိုင်ငံကို အရဲစွန်ပြီး လိုက်သွားကာ အဖေသွင်းပေးတဲ့ အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ် လုပ်ခဲ့ပါသည်။
အားကိုးမိတဲ့အဖေလုပ်သူကလည်း ဖေးမကူညီဖို့ဝေးစွ လစာထုတ်ရက်မှသာ မိမိလစာကို အရံသင့်ထုတ်ပြီး တစ်လအသုံးစရိတ်မျှသာ ပြန်ပေးပါသည်။
မိထွေးနဲ့မနေချင်လို့ အခြားအလုပ်ပြောင်းပြီး မိမိအစီစဉ်နဲ့မိမိ ရပ်တည်ဖို့ကြိုးစားပေမဲ့
ပတ်စပို့စာအုပ်ကို မိထွေးလုပ်သူက ယူထားတော့ ခက်ချေရဲ့။
ဒီတော့ တစ်နှစ်လောက် သီးခံနေပြီးနောက် မြန်မာပြည်ကို အောက်လမ်းကနေ ခက်ခက်ခဲခဲ ပြန်လာခဲ့ရသည်။ ရွာပြန်ရောက်တဲ့အခါ အရင်မှီခိုခဲ့တဲ့ အဖေ့မိဘတွေက ရှေ့ဆင့်နောက်ဆင့် ဆုံးသွားရှာတော့ အမေ့မိဘတွေဆီ သွားနေရတော့တာပေါ့။
ဖိုးအေ ဖွားအေဆိုတော့ နေခွင့်ပေးပေမဲ့ သိပ်ပြီး သောင်မာကြတာမဟုတ်လို့ ကြုံရာအလုပ်လေးလုပ်ရင်း တစ်ဖက်တစ်လမ်းက မိသားစုဝင်ငွေကိုရှာဖွေပေးခဲ့ရသည်။
ကြုံရာအလုပ်လေးတွေလုပ်ရင်းက ရွယ်တူ သူငယ်ချင်း အပေါင်းအသင်းလေးတွေ ရှိလာသည်။ အသက်အားဖြင့် ၂၀စွန်းလာတော့ အပျိုတစ်ယောက်ရဲ့ ရှိုက်ကြီးဖိုငယ်အစုံတို့ဟာ သဘာဝအတိုင်း ဖွံ့ဖြိုးရှင်သန်လျှက် တင့်တင့်တယ်တယ်ကြီးပေါ့လေ။ သို့သော် မိစုံဖစုံ သူများ သားသမီးတွေလို
အလှအပကို ခုံမင်ပြီး
နန်းငယ် နေလို့မရပါ…ဒါ့ကြောင့် မိမိကျွမ်းကျင်ခဲ့သည် အထည်ချုပ်ပညာနဲ့ အင်္ကျီ၊ထဘီများကို ကြိုးစားပြီး ချုပ်ရပါသည်။
ပင်ပမ်းလိုက်တာရှင်….
အဖိုးနဲ့အဖွားကတော့
နန်းငယ် ကိုချစ်ကြပါတယ် သူ့ရဲ့ သမီးအရင်း ကျွန်မအမေထက်ပင် ပိုချစ်ကြသည်။ အမေဆိုတာလည်း
ကျွန်မငယ်ငယ် အဖေနဲ့ကွဲပြီး ပင်လယ်ဘက်ကလူတစ်ယောက်နဲ့အိမ်ထောင်ကျသွားတာ ကျွန်မအသက်၂၁နှစ်အရွယ်မှပဲ သူ့ယောင်္ကျားနဲ့ပြန်ရောက်လာတယ် ။ ဒါတောင် နာဂစ်မုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ အခြေမဲ့အနေမဲ့ဘဝနဲ့ပြန်ရောက်လာတာပါ။ ဒီတော့ ကျွန်မအဖို့ တစ်ပူပေါ် နှစ်ပူဆင့်ရပြန်ပေါ့နော် ပထွေးလုပ်သူက ပင်လယ်မှာ တံငါလုပ်တာလောက်ပဲလုပ်တတ်တော့ လက်တလော အလုပ်မယ်မယ်ရရမလုပ်တတ်
အလုပ်သာ မလုပ်တတ်တာ အရက်လေးက တမြမြ။ ဒီလိုနဲ့ ၃လလောက်ကြာတော့ ပထွေးပီပီ ပထွေးစိတ်ပေါက်လာပြီး ကျွန်မကိုရိတိပတ်တတ်လုပ်လာပါတော့တယ်
ကျွန်မလည်း အမေနဲ့ ပြဿနာမတက်ချင်လို့
သီးခံပြီးရှောင်ပါတယ် ဒါကိုအခွင့်ကောင်းယူပြီး

တစ်ည…အိမ်မှာ အဖိုးနဲ့အဖွား ဥပုသ်စောင့်သွားချိန်..အမေဈေးသွားချိန်
ပထွေးက ကျွန်မအခန်းထဲ မူးမူးနဲ့ဝင်လာပြီး ခွေးကြံ ကြံပါတော့တယ်။ တစ်နေ့ဒီလိုဖြစ်လာမယ့ဆိုတာကြိုတွက်ထားတဲ့ကျွန်မက အသင့်ဆောင်ထားတဲ့ စက်ကက်ကြေးနဲ့ ထိုးလိုက်တာ ငနဲ တစ်ချက်သာအော်နိုင်ပြီး ခွေကျသွားတယ်
အဲ့နောက် အဝတ်တစ်စုံ ငွေးအနည်းငယ်ယူပြီး ရေဖြူမြို့ကို ထွက်ပြေးလာခဲ့ပါတယ်။ မြို့ပေါ်ရောက်တော့ ဘယ်မှာနေရမှန်းမသိ ကြံရာမရတဲ့အဆုံး သီလရှင်ကျောင်းတစ်ကျောင်းကိုဝင်ပြီး ခေတ္တနေခွင့်ပြုဖို့တောင်းပန်ရာက
ဖွားသီလ ဆရာကြီး ရဲ့ခွင့်ပြုချက်နဲ့ တစ်ပတ်လောက် တည်းခိုရင်း ရွာဘက်ကအခြေအနေကို နားစွင့်နေခဲ့ပါတယ်။
ကြားရသလောက် ပထွေးက ကက်ကြေးထိုးခံရတဲ့ဒဏ်ရာက သေကွင်းကိုမထိုးမိလို့မသေခဲ့ပါဘူး။အမှုအခင်းမဖြစ်ပုံထောက်ရင် အမေနဲ့ ပထွေးပေါင်းပြီး ကိစ္စကို ဖုံးလိုက်ပုံရတယ်။ အမေကလည်း ကျွန်မအိမ်မှာရှိတာမကြိုက်ဘူးလေ… သူ့လင်နဲ့စိတ်မချလို့ထင်ရဲ့….ဒီတော့ ကျွန်မသဘောနဲ့ကျွန်မ အိမ်ကဆင်းသွားတယ်ဆိုပြီး အဖိုးနဲ့အဖွးကိုလှိမ့်လိုက်တာပေါ့။ ဒါက ကျွန်မသူငယ်ချင်းစာဥ ပြန်ပြောလို့သိတာပါ။
စာဥနဲ့က တစ်ယောက်အကြောင်း တစ်ယောက် မကွယ်မဝှက် ရင်ဖွင့်နေကျ သူငယ်ချင်းညီအမတွေ။
အဲ့နောက် လူ့လောကကို စိတ်ပျက်ပြီး ယခုသီလရှင်ကျောင်းမှာပဲ သီလရှင်ဘဝခံယူပြီး
ပတ္တိယတ္တိစာပေတွေကို စတင်လိုက်စားခဲ့ပါတယ်။
ဒီလိုနဲ့ ၄လပြည့်ခါနီးမှာ ရွာကစာဥ ကျောင်းကိုရောက်လာပါတော့တယ်။
အိမ်မှာ ပထွေး နဲ့အမေရန်ဖြစ်ပြီး ပထွေးက အိမ်ကို မီးရှို့လိုက်တာ ကျွန်မဖိုးအေနဲ့ အမေ မီးထဲပါပြီး ဆုံးသွားပြီဖြစ်ကြောင်း.. အဖွားက ဘေးလူကောင်းလို့ မီးလောင်ဒဏ်ရာအချို့ရပြီး
ဆေးရုံတင်ထားရကြောင်း…ပထွေးကတော့ ညတွင်းချင်းအဖမ်းခံရပြီး အချုပ်ထဲရောက်သွားကြောင်း ကျွန်မကြားသိရပါတယ်။ ဒီတော့ လက်ရှိအခြေအနေက ကျွန်မလူပြန်ထွက်ပြီး
ဆေးရုံတက်နေတဲ့အဖွားကို ကြည့်မှ ရတော့မယ်။ ဒါ့ကြောင့် ဖွားသီလကို အကျိုးအကြောင်း လျှောက်ထားပြီး ခွင့်ပြုချက်နဲ့အတူ လူ့လောကကို တစ်ဖန်ပြန်ရောက်လာခြင်းဖြစ်ပါတော့တယ်။
=======================
အခန်း(၂)
ဆေးရုံမှာတစ်ပတ်လောက်ကြာတော့
အဖွားရဲ့မီးလောင်ဒဏ်ရာတွေသက်သာလာပြီး
ဆေးရုံဆင်းခွင့်ရပါတယ်။ ဆေးရုံဆင်းတာတော့ဟုတ်ပါပြီ ရွာပြန်ရောက်တော့ ခြံဝိုင်းလေးထဲမှာ မီခခဲ့သည့်အိမ်က အုတ်ခုံလေးသာကျန်တော့တယ်။ သြော် ရွာကလူတွေကိုလည်း ကျေးဇူးတင်ပါတယ်ရှင် တစ်ရွာလုံးစုပြီး ဝါးတိုင်၊ သစ်လျှို ၊ပျဉ်ခင်း၊သက္ကယ်မိုး အိမ်လေးတစ်လုံးကို ဝိုင်းဆောက်ပေးကြရှာတယ်။ တစ်ရွာလုံး အမျိုးမကင်းကြဘူးလေ။ နေစရာလေးရှိတော့ ဝမ်းရေးအတွက် အထည်ပြန်ချုပ်ရပြန်ပြီပေါ့
သူငယ်ချင်းစာဥရဲ့ အပ်ချုပ်စက်အဟောင်းလေးကို ပြင်ပြီး အထည်တွေကို နေ့ရော ညပါ ကြိုးစားချုပ်ရင်းက လအတန်ငယ်အကြာမှာ တော်တော်လေးအဆင်ပြေလာပါတော့တယ်။
အထည်ချုပ်ကောင်းတဲ့ ကျွန်မလက်ရာကြောင့် ဘေးရွာတွေကပါ လာအပ်ကြတယ်။ အထည်တွေ ချုပ်မနိုင်လောက်အောင်များလွန်းလို့ စာဥကို
အိမ်မှာခေါ်ပြီး သူငယ်ချင်းညီအမတွေ အတူချုပ်ရတဲ့အဆင့်ထိ အလုပ်လေးကောင်းခဲ့ပါတယ်။ ကျွန်မဟာ သီလရှင်လူထွက် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည့်အလျောက် ကျွန်မရှာလို့ရသမျှထဲက သံသရာပါမဲ့ ကောင်းမှုအလှူဒါနတွေကိုလည်း လက်မရွံ့တမ်းလှူဒါန်းပါတယ်။ ဝါတွင်း၊ဝါပ ဥပုသ်ရက်တိုင်း ရွာဦးကျောင်းမှာ သီလခံယူရင်း ဝေယျဝစ္စကုသိုလ်ဒါနကို မပျက်တမ်း လုပ်လေ့ရှိပါတယ်။ ရွာဦးကျောင်းမှာ
“မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ(၁၈၅)”
(၇)ရက်တရားစခန်းပွဲကို နစ်စဉ် နှစ်ဆန်း(၁)ရက်နေ့မှာ စတင်ဖွင့်လှစ်သလို အချိန်ပိုင်းယောဂီအဖြစ် ဝေယျဝစ္စလုပ်ရင်း
ဝိပဿနာပိုင်းကို ကျင့်ကြံလိုက်စားခဲ့ပါတယ်။
လက်ရှိအခြေအနေဟာ ကျွန်မဘဝတလျှောက် မိမိအသက်အရွယ်၊ မိမိဝင်ငွေနဲ့ ချောင်ချောင်လည်လည်နေနိုင်သော
စိတ်ချမ်းသာစရာ အခြေနေလေးတစ်ခုရောက်ရှိခဲ့ပါပြီ။ အဖွားကိုလည်း ဆေးဝါး၊အစားအသောက်ကအစ လိုလေသေးမရှိ၊ကျွန်မကိုယ်တိုင်လည်း တောက်တောက်ပြောင်ပြောင်လေး နေနိုင်ခဲ့ပါသည်။

ဒီလို့နဲ့ တစ်နေ့….. စာဥဆီက ထင်မထားတဲ့စကားတွေကြားခဲ့ရပါသည်။
“နန်းငယ်….
ပြောလေ စာဥ….
နင်…ကိုပြောစရာရှိတယ်…
နင်အရမ်းလှလာတယ်နန်းငယ်
ဟေ….ဘယ်လို…ငါကလှလာတယ်
ဟား…..ငါ့ဘဝနဲ့ အလှအပဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်းပါစာဥရယ်….
ရယ်စရာမပြောပါနဲ့…..
….မဟုတ်ဘူးနန်းငယ်…
နင့်ကိုယ်နင်မှန်ထဲသေသေချာချာကြည့်….
အသားလေးကလည်းဖွေးဥနေတာပဲ၊
အရပ်ကလည်းငါတို့လိုမပုဘူး…
အချိုးအဆစ်လည်းလှတယ်၊
မျက်နှာလုံးလုံးလေးနဲ့တကယ်ချစ်စရာလေး…
ဒါ့ကြောင့်…ကိုထွေးက ငါ့ကို ပြောခိုင်းတာ…..

“ဘယ်လို…ဘယ်…ဘယ်က ကိုထွေးလဲ…
..အိုဟယ်…ငါတို့ ၈တန်းတုန်းက အတန်းခေါင်းဆောင်လုပ်တဲ့တစ်ယောက်..
ငါတို ဇီးကုန်းရွာကို မိသားစုလိုက်ပြောင်းလာတာ တစ်ပတ်လောက်ပဲရှိသေးတယ်။
ငါတို့ရွာနားက ဘကြီးမှုံတို့ရဲ့
လယ် ဧက၃၀ကိုသူတို့ပဲဝယ်တာ…အခု ရွာမှာ အခြေလာချတာ…..ရွာတောင်ဘက်က အသစ်ဆောက်နေတဲ့ သွပ်မိုးပျဉ်ထောင်အိမ်က သူတို့အိမ်ပေါ့….မနေ့က နင် သူတို့ခြံရှေ့ကဖြတ်သွားတာမြင်လို့ လိုက်ကြည့်နေတာတဲ့…..
….နေ….. နေပါဦးစာဥရ….ခုမှ ရောက်တဲ့သူ နင်က ဘယ်လို သိသွားတာလဲ….
…သိဆို ငါက ရွာစလောင်းလေ…အဲ့ကောင်က ကျောင်းနေဖက်ဆိုတော့ မြင်ဖူးနေသလိုရှိတာလည်းပါတယ်။ ခု ကျောင်းနေဖက်သူငယ်ချင်းမှန်းသိတော့ စကားပြောရင် နင့်ကိုမေးတော့တာ…
သူပြောပြတဲ့ပုံစံအရ ဒီရွာမှာနင်ပဲရှိတာ….

“ထားပါလေ…..
သူငယ်ချင်းတစ်ယောက်တိုးတာပေါ့။
==========================
အခန်း(၃)
အဲ့နောက် ကိုယ်ထွေးတစ်ယောက် သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်နဲ့အိမ်ကိုချောင်း
ပေါက်မတတ်ရောက်လာပါတော့တယ်။ လာတိုင်းလည်း
ကျွန်မအတွက် ပန်းတွေယူလာတတ်တယ်။ မလိုချင်ဘူးငြင်းလည်းမရ ။ သီလရှင်လူထွက်တာ ၂နှစ်ကြာပြီဆိုတော့ ဆံပင်က ကျောလောက်ထိတော့ ရှိနေပါပြီ
ပန်းပန်မယ်ဆို ပန်လို့ရပေမဲ့ ကျွန်မဘဝ အလှအပတွေကို ကိုယ်နဲ့မဆိုင်သလိုနေသားကျ
နေပြီဖြစ်လို့ ကိုထွေးယူလာတဲ့ပန်းတိုင်းကို အိမ်က ဘုရားမှာပဲ လှူဖြစ်ပါတယ်။ ကိုထွေးက သူခူးလာတဲ့ပန်းလေးတွေကို အရမ်းပန်စေချင်ပါသည်။ ဒါပေမဲ့ ကျွန်မက သူ့နဲ့သူငယ်ချင်းအဆင့်မို့ စည်းတစ်ခု ထားသည့်အနေဖြင့် လုံးဝမပန်ခဲ့ပါ။ စာဥကလည်း ကိုထွေးနဲ့ကျွန်မကို အရမ်းနီးစပ်စေချင်သဖြင့် ကျွန်မစိတ်ယိုင်အောင် အမျိုးမျိုးပို့ပေးသည်။
ဟုတ်တော့ဟုတ်ပါတယ် ကိုထွေးက တစ်ဦးတည်းသောသား သူ့မိဘတွေက လူရိုးလူအေး တောင်သူကြီးတွေ ဘာသာရေးကိုင်းရှိုင်းတဲ့မိသားစု။ သိရသလောက် ကိုထွေးက ကျွန်မလို ၈တန်းနဲ့
ကျောင်းထွက်ပြီး မိဘတွေနဲ့အတူ တောင်သူအလုပ်ကို ကျိုးကျိုးကုတ်ကုတ်လုပ်နေသူ၊ အပျော်အပါး၊အသောက်အစား၊လောင်းကစား၊မိန်းမရှုပ်တာမျိုးမရှိ အသားမဖြူမညို အရပ်၅ပေ၉လက်မလောက် ထောင်ထောင်မောင်းမောင်းရယ် ပြုံးပြုံးရွှင်ရွှင် ရွာက လူကြီး လူငယ်တွေနှင့်အချိန်တိုအတွင်း ခင်မင်ရင်းနီးသွားအောင် အနေတတ်သူ။ ရွာကပျိုဖြူတွေ မျက်စိကျ သလောက် မိဘတွေရဲ့ အိမ်ထောင်ရေးပြိုကွဲမှုကြောင့် ငယ်စဉ်ထဲကဒုက္ခပင်လယ်ဝေခဲ့တဲ့ကျွန်မအဖို့
အချစ်တို့၊အိမ်ထောင်ရေးတို့ဆိုတာကို စိတ်ကူးမယဉ်ချင်တော့ပါ။ ဒါပေမဲ့ ကိုထွေးက ကျွန်မမှ ကျွန်မ အရမ်းကို သဲသဲလှုပ် ဖြစ်နေလေတော့သည်။
တစ်နေ့သောမနက်
ကိုထွေးတစ်ယောက် လာနေကျအချိန်ကျွန်မဆီရောက်လာသည်။
သူ့တစ်ကိုယ်လုံး ပွန်းရာ ပဲ့ရာတွေနဲ့ ခြေတစ်ဖက်နဲနဲဆာနေသလို မျက်နှာတစ်ခုလုံး ယောင်အမ်းအမ်းဖြစ်နေသည်။ လက်ထဲမှာတော့ စကားဝါပန်းအချို့ကို ငှက်ပျောဖက်နှင့်ထုပ်ထားသည်။
“ကိုထွေး…..နင် တစ်ခုခုဖြစ်လာတာလား
ဘယ်သူနဲ့ရန်ဖြစ်လာတာလဲ…
“မဖြစ်ပါဘူးဟာ”
“ဒါဖြင့် နင့်ကိုယ်က ဒဏ်ရာတွေက ဘယ်လိုရလာတာလဲ…မညာနဲ့နော်
ငါ ညာတာမကြိုက်ဘူး…
ဟင်….ဟို……ပန်း…..စကားဝါပန်းတက်ခူးရင်း
အပင်ပေါ်က…ပြုတ်…ပြုတ်…ကျတာ…
” ဟယ်…….နင်…..
ကျွန်မရင်ထဲ ဆို့သွားသည်…..
ရော့….နင့်ဖို့ ခူးလာတာ…..နင်ပန်တာလေး မြင်ချင်လိုက်တာ နန်းရယ်….
…..အွန်း……
ပြီးတော့….နင့်ကိုငါ…ချစ်တယ်…
….ဟာ…..
ငါပြန်တော့မယ်…..
..ဖျော….ဖရော…အ……
ကိုယ်ထွေး ပြောချင်တာ မျက်စိမှိတ်ပြောပြီး အတင်းထပြန်ပေမဲ့ ခြေထောက်နာနေသည့်ဒဏ်ကြောင့် ပြစ်လဲကျသွားသည်။

ကိုထွေး….နာသွားလား……သတိထားမှပေါ့

ကျွန်မပြေးထူရင်းပြောလိုက်သည်။
…နောင် အပင်ပေါ်တက်ပြီး ပန်းမခူးနဲ့…

ဒါဆို ငါပေးတဲ့ပန်း ပန်ပေးပေါ့…ပန်စေချင်လို့ အမြဲလာပေးတာ….ပြီးတော့ ငါနင့်ကို အရမ်းချစ်တယ် လက်ထပ်ဖို့ထိရည်ရွယ်တာ၊ အဖေနဲ့အမေကိုလည်းပြောပြီးပြီ နင့်ကို တင့်တောင်းတင့်တယ် တောင်းယူမှပါဟာ။

ပြောမဲ့ပြောတော့ တစ်ဆုံးထိ ကျွန်မမျက်နှာ ထူပူပြီး ထပြေးချင်သော်လည်း ကိုထွေးက လက်ကိုဆွဲထားသည်။
နေပါဦးနန်းရယ် နင့်ခေါင်းမှာ စကားဝါပန်းလေး ငါပန်ပေးပါရစေ…
…ဟာ…ကိုထွေး….
ပြောပြောဆိုဆို ကျွန်မလက်ထဲက စကားဝါတစ်ပွင့်ကိုယူပြီး ကျွန်မနားမှာထိုးလိုက်သည်။
ကျွန်မဖယ်မယ်လုပ်တော့ လက်ကို ထပ်ဆွဲထားပြန်သည်
..မဖယ်ပါနဲ့ဟာ ငါ့တစ်သက် တစ်ချစ်တည်းနဲ့ နင့်ကိုချစ်တာပါ…..ငါ့အချစ်ကိုလက်ခံပါ နန်းရယ်…….
….အေးဟာ….ဟယ်…
….ဟာ…တကယ်….
ကျွန်မယောင်ပြီးပြန်ဖြေလိုက်သည်။
အဲ့နောက် အရမ်းရှက်ပြီး ကိုထွေးကို တွန်းပြီး အိမ်ပေါ်အပြေးတက်လိုက်တော့သည်။
အိမ်ပေါ်ရောက်တော့ ကျွန်မရင်တွေ ဖားဖိုကြီးလို့ နိမ့်ချည်မြင့်ချည်နဲ့….ရင်တွေ တဒိန်းဒိန်းခုန်နေသည်။ လဲကျန်ခဲ့သော ကိုထွေးကို ပြန်ချောင်းကြည့်လိုက်တော့ မှိုရတဲ့မျက်နာကြီးလို ပြုံးနေတာပဲ ပြီးတော့ အိမ်ဘက်လှည့်ကြည့် လှည့်ကြည့်နဲ့ ထွက်သွား
လေတော့သည်။
====================
အခန်း(၄)
ဒီလိုနဲ့ ကျွန်မနဲ့ကိုထွေး သမီးရီးစားဘဝကို အချိန်တိုအတွင်းရောက်သွားသည်။ ကျွန်မကို တော်တော်ချစ်ရှာပါသည်။ အချစ်ဆိုတာ ဘာမှန်းမသိခဲ့တဲ့ကျွန်မ ကိုထွေးနဲ့ချစ်သူဖြစ်ခါမှ
အချစ်ရဲ့ သဘောသဘာဝကို ခံစားတတ်လာသည်။ အချိန်တန် သူမလာရင် မျှော်တတ်နေပြီ ၊ အရင်ထက်အလှအပလေးတွေ ပိုစိတ်ဝင်စားလာသည်၊အရင်ထက် ပြင်ပြင်ဆင်ဆင် လှလှပပလေးနေဖြစ်လာတော့ ကိုထွေးတစ်ယောက် သဲသထက်သဲပြီး စိတ်မချနိုင်တော့။ ထူးခြားတာတစ်ခုက သူနဲ့ကျွန်မ အသက်အတူတူ အသက်တူယုံမက မွေးနေ့ပါတစ်ထပ်တည်း
ခုနှစ် သင်္ကြန်အတက်နေ့ဆို သူနဲ့ကျွန်မ အသက်၂၃နှစ် အတူတူပြည့်မှာ။
“နန်း
ပြောလေ ထွေး…
နန်းရဲ့မွေးနေ့ကျ ဘာလက်ဆောင်လိုချင်လဲဟင်…
ရှင်….
ကျွန်မ တစ်သက် မွေးနေ့နဲ့ပက်သပ်ပြီး ပထမဆုံးကြားရတဲ့စကားတစ်ခွန်း။
မိခင်ဝမ်းကကျွတ် ဆိုထဲက ကျွန်မမွေးနေ့နဲ့ပက်သက်လို့ မည်သူတစ်ဦးတစ်ယောက်ကမှ စကားထဲတောင်ထဲ့မပြော ခု ကျွန်မချစ်သူကကျွန်မမွေးနေ့နဲ့ပက်သက်ပြီး အရေးတယူပြောလာတော့ ကျွန်မရင်ထဲ လှိုက်လှိုက်လဲလဲကြီးကို ကြည်နူးမိသွားတယ်။
ကျွန်မ ကိုထွေးကို သံယောဇဉ်ဖြစ်ပြီးချစ်မိသွားခဲ့ပါပြီ သူကျွန်မကို တကယ်ချစ်တာ ကျွန်မအမျိုးမျိုးသုံးသပ်ပြီးမှ
အဖြေပြန်ပေးခဲ့တာ။ သူက တောသားပီပီ ရိုးသားတယ် အပျော်ချစ်တာမဟုတ်ဘူး
ချစ်ခွင့်ပန်ထဲက လက်ထပ်ဖို့ပါ ရဲရဲဝံ့ဝံ့ထဲ့ပြောခဲ့သူ ချစ်သူဖြစ်ပြီးနောက်ပိုင်း
ကျွန်မလက်ကို ခွင့်မတောင်းပဲ မကိုင်ဖူးသူ
ကျွန်မကိုကြည့်တိုင်း မျက်ဝန်းထဲမှာ ရမ္မက်ကင်းပြီး အကြင်နာတွေသာလွှမ်းနေသောအကြည့်။
ကျွန်မဘဝ ကျွန်မကိုချစ်တဲ့ချစ်သူကို ပထမဆုံး ပိုင်ဆိုင်ခွင့်၊နီးစပ်ခွင့်လေးတော့ ရသင့်ပြီထင်ပါတယ်။ ကျွန်မဘဝ ဆန္ဒနဲ့ထပ်တူ.တစ်ကြိမ်တော့ ကျကောင်းပါရဲ့နော်။ ယခု ကျွန်မတောင် သတိမမူမိတဲ့ ကျွန်မရဲ့(၂၃)နှစ်ပြည့်မွေးနေ့ကို
သူက အရေးတယူရှိနေလေရဲ့ ဘာလက်ဆောင်ယူမလဲတဲ့လေ။ ဒီတော့ ကျွန်မခေါင်းထဲ သူ့အချစ်ကို နောက်ဆုံးစမ်းသပ်ချင်တဲ့စိတ်နဲ့အတူ၊
ကျွန်မအဖြစ်ချင်ဆုံးဆန္ဒလေးတစ်ခုကို ထုတ်ပြောလိုက်သည်။
“ပြောလေ နန်း ဘာလက်ဆောင်ယူမလဲ”
ကျွန်မပြုံးလိုက်သည်…..”နန်း ခုတောင်းဆိုမဲ့အရာ ထွေးတကယ်ပေးနိုင်ပါ့မလား ဘယ်အရာပဲဖြစ်ဖြစ် လုပ်ပေးမယ်လို့ ထွေး စိတ်ထဲမှာ အာသီသရှိပါ့မလား။
“နန်း….နန်း ထွေးကိုချစ်တာသိတယ်
ထွေးမတက်နိုင်တာ မလုပ်နိုင်တာ ထွေးအတွက်
လုံးဝလုပ်မပေးနိုင်တာမျိုး နန်းတောင်းဆိုမှာမဟုတ်ဘူး…
ပြောမှာသာပြောပါ….
ကျွန်မအကြောင်းသိတဲ့သူက စကားတွေနဲ့ပြန်ချည်နေပြန်သည်။ မှန်ပါတယ် ကျွန်မချစ်သူ အခက်တွေ့စေမှာမျိုး ကျွန်မဘယ်လုပ်ပါ့မလဲ…ဒီတော့ ကျွန်မ တစ်ချင်ပြုံးလိုက်သည်။
” နန်း ရဟန်းအမဖြစ်ချင်တယ် ထွေး
ဟင်…..
“ဟုတ်တယ်ထွေး နန်းရဲ့မွေးနေ့လက်ဆောင်အဖြစ် နန်းရဲ့မွေးနေ့
သင်္ကြန်အတက်နေ့မှာ ဒုလ္လဘရဟန်းဝတ်ပေးပါ့လား….နန်းက ပရိက္ခရာ(၈)ပါး တာဝန်ယူပြီး ရဟန်းအမဖြစ်ချင်တယ်ထွေး…နန်းတောင်းတဲ့မွေးနေ့လက်ဆောင် ကိုထွေးပေးနိုင်မှာလား”
ကျွန်မစကားကြားတော့ ပထမ ထွေး အံသြသွားသည်။ အဲ့နောက် အကြင်နာလွှမ်းသော မျက်ဝန်းအစုံနဲ့
ဖြစ်စေရမယ်နန်း
ထွေး အရမ်းကံကောင်းတယ် ထွေးယူမဲ့ဇနီးလောင်းက ဗုဒ္ဓဘာသာဝင်စစ်စစ် အမျိုးကောင်းသမီးတစ်ဦး….ကြည်နူးလိုက်တာနန်းရယ်….ပြီးတော့ ရှင်လိင်ပြန်ရင် တစ်ခါတည်းလက်ထပ်ဖို့ အဖေနဲ့အမေကို လာပြီး နားဖောက်ခိုင်းလိုက်တော့မယ်နော်နန်း”
…..ရှင်…..
ဒီတစ်ခါ အံ့သြသွားရသူက ကျွန်မကိုယ်တိုင်ပင်ဖြစ်လေတော့သည်။
=====================
(အခန်း၅)
ပြောပြီးရင်တကယ်လုပ်တတ်သော ကိုထွေးက နောက်တစ်နေ့မှာပဲ လူကြီးစုံရာနဲ့ လာတောင်းပါတော့တယ်။ တစ်ဦးတည်းသော သားလိမ္မာမို့ သူ့မိဘက ပိုင်ဆိုင်သမျှစီးစိမ်အားလုံးကိုပုံပြီး တင်တောင်းပါတယ်။ လယ်ဧက၃၀၊ထွန်စက်၊ရွှေ၈ကျပ်သား၊အိမ်၊
ခြံဝိုင်း စသည်ဖြင့် သူတို့ပိုင်ဆိုင်တာအားလုံးထဲ့တင်ပါသည်။ ဒီတော့ လူတွေကြား မျက်နှာငယ်ရပြန်သောကျွန်မ…..
” ဟို…ကျွန်…ကျွန်မဘဝကတော့ အားလုံးသိတဲ့အတိုင်းမို့…..ဘာမှ တန်ဘိုးကြီးတာ မထဲ့…..နိုင်…..
“ဟား…ဟား……..အာဘောင်အာရင်းသန်သန်ထရယ်လိုက်သော ယောက္ခထီးလောင်း….
…အမလေး ငါ့ချွေးမရယ်…..သမီးလို ချွေးမတစ်ယောက်ရမှာ အဖေတို့အတွက် ဘယ်အရာနဲ့မှမလဲနိုင်ပေါင် တက်နိင်ရင် အဖေက သမီးကို ရွှေနဲ့ချိန်ပြီးတောင်တင်ချင်တာကွ….
“ဟေ့….နေကြဦး….
…..ဟင်……
အခန်းထဲမှာ
ဖင်တရွတ်ဆွဲပြီးထွက်လာသော အဖွား….
…အားလုံး အသံတိတ်သွားပြီး အဖွားကိုဝိုင်းကြည့်ကြသည်။
….ဟဲ့…ဘာတဲ့….ခုန ရွှေနဲ့ချိန်ပြီး တောင်းမယ်ဆိုတာ ကြားလို့ ထွက်လာတာတော်….ဒီမယ်….ရွှေဆိုတာ စိန်နဲ့မွှန်းမှ မြတ်တာဟဲ့….ရော့ ဒီမှာ….ငါကလည်း ငါ့မြေး အလိမ္မာတုံးလေးအတွက် စိန်နားကပ်တစ်ရံထဲ့ပါသတဲ့တော်….
ပြောပြောဆိုဆို အတွင်းခံပိတ်အင်္ကျီထဲမှ ကတ္တီဘာအိပ်ဖြင့်ထုပ်ထားသော စိန်နားကပ်တရံကို ရွှေ၈ကျပ်သားထဲ့ထားသော ငွေပန်းကန်ပေါ် ထုတ်ချလိုက်သည်။
“ဟာ…
ဟင်..
..အလို….
လူတိုင်းမျက်လုံးပြူးသွားကြသည်…ကာလတန်ကြေးအရ တစ်ပွင့်ကို သိန်းရာချီတန်မည်ဖြစ်သော စိန်ပွင့်ကြီးနှစ်ပွင့် က ရွှေပုံပေါ်မှာ ခန့်ခန့်ထည်ထည်ကြီးရယ်ပါ။
သြော် အချစ်ဆုံးမြေးအတွက် သူထိန်းသိမ်းထားတဲ့ လက်ကျန် ပစ္စည်းတဲ့လေ။

အကြိုနေ့မတိုင်ခင် ကိုထွေးနဲ့ ရေဖြူကိုတက်ပြီး အလှူအတွက်လိုအပ်သည့် ပရိက္ခရာ၈ပါး၊ဧည့်ခံကျွေးမွေးရေးအတွက် လိုအပ်တာတွေတက်ဝယ်ဖြစ်ပါတယ်။ ပစ္စည်းတွေကို ကားကြုံနဲ့တင်ပေးပြီး ကျွန်မတို့၂ယောက်
ဆိုင်ကယ်နဲ့ပြန်လာကြတယ်။လမ်းမှာ သင်္ကြန်လက်ဆေးမိုးရွာသဖြင့်….
…နန်းရေ ဒီအတိုင်းဆို ဒီနှစ်သင်္ကြန် ပိတောက်တွေပွင့်ပြီနော်….
…ဒါပေါ့…နန်းလေ….နန်းမွေးနေ့ အာရုံမတက်ခင် ပိတောက်ပန်းလေးနဲ့ ဘုရားအရမ်းလှူချင်တာပဲ”
….ဟား…စိတ်…ချ….နန်း…..
….အဲ့အချိန် ကျွန်မရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။ ဘာကိုထိတ်လို့ထိတ်မှန်း အဲ့အချိန်တုန်းက မစဉ်းစားမိခဲ့တာအမှန်ပါ။

ဘုရားစင်အောက်မှာ စားပွဲနဲ့ ကျကျနန တင်ထားသော ပရိက္ခရာ၈ပါးကိုကြည့်ပြီး အရမ်းကြည်နူးရပါသည်။ ကျွန်မခင်ပွန်းလောင်း အမျိုးကောင်းသားကြီး ရဟန်းဘောင်တက်ရင်သုံးရမဲ့အရာတွေပေါ့။
ကျွန်မ ဦးချလို့မဝနိုင်အောင်ပါ ကျွန်မဘဝ အမြဲ ဒုက္ခတွေသာပင်လယ်ဝေခဲ့သူပါ။ ဒီလိုလူမျိုးဘဝထဲကို သုခတွေတစ်ပွေ့တပိုက်ကြီးနဲ့ ဖြောင့်ဖြောင့်တန်းတန်းကြီးဝင်လာခဲ့သူကြီး။
ကျွန်မဘဝ ဒီတစ်ကြိမ်တော့ ဒုက္ခတွေအဆုံးသပ်သွားပြီထင်ပါရဲ့နော်။ ချစ်လိုက်တာ ထွေးရယ် ပရိက္ခရာတွေကို ဦးချတိုင်း ရဟန်းဘဝဖြင့် ကျွန်မကိုပြုံးပြုံးကြီးကြည့်နေသော ကျွန်မခင်ပွင်းလောင်းကြီး၏ ကျက်သရေရှိလှသော မျက်နှာတော်ကြီး ကျွန်မဖြင့် ဖူးလို့မဝနိုင်ပါရှင်။ ဒါ့ကြောင့် ကျွန်မရဲ့ သုခဘုံလေး အချိန်ကြာကြာ ရှိနေပါစေလို့ မရဲတရဲလေး ဆုတောင်းနေမိတော့သည်။
=====================
(ဇာတ်သိမ်းပိုင်း)
ထိုည…သင်္ကြန်အကြတ်နေ့ည

…ဒိန်း…ဂျလိန်း…..ဝေါ……

ရွာလိုက်တဲ့မိုး….လေရော မိုးရော လျှပ်နွယ်လျှပ်ပန်းတစ်ဝင်းဝင်းနဲ့ တစ်ညလုံးရွာနေသည်။ မနက်ဖြန် ကျွန်မမွေးနေ့ ချစ်သူရဟန်းလောင်းကြီးကို ရဟန်းဘောင်မှ မြင်ရတော့မဲ့နေ့….တစ်ညလုံး အိပ်မပျော်ပဲ ဘုရားစင်ရှေ့ ပရိက္ခရာ၈ပါးတင်ထားသောခုံရှေ့မှာ ပုဆစ်တုတ်ထိုင်ပြီး တရားထိုင်ခြင်း၊မေတ္တာသုတ်ရွတ်ခြင်း၊အမျှဝေခြင်းတွေကို အကြိမ်ကြိမ်ပြုလုပ်ရင်း အာရုဏ်တက်မည့်အချိန်ကို
စောင့်ဆိုင်းနေခဲ့သည်။
ဒီလိုနဲ့ မနက်၄နာရီထိုးတော့….

အူစျ…..ဝူးးး….အူး……

ရွာခွေးတစ်အုတ်၏ ဆွဲဆွဲငင်ငင်အူသံကြီးကြောင့် ကျွန်မကျောထဲစိမ့်သွားသည်။

…ဖတ်…..ဖတ်…..

ဟင်…ခြံရှေ့ကတံခါးကို တစ်ယောက်ယောက်လှုတ်နေသလို အသံကြားသဖြင့် တံခါးဖွင့်ကြည့်လိုက်သည်။
…ဒိန်း….ဂျလိန်း….
ဟင်…..ထွေး…..
ဟုတ်ပါတယ် လျှပ်နွယ်ဝင်းခဲနဲ့တစ်ချက်လက်လိုက်ချိန်
တစ်ကိုယ်လုံး ရွှံ့တွေပေကျန်ပြီး ပါးစပ်ထဲမှ သွေးစိမ်းရှင်ရှင်ထွက်ကျနေသောကိုထွေး
တွေတွေကြီးရပ်နေသလို သူ့လက်ထဲမှာလည်း ပိတောက်ပန်းတွေ ပွေ့ပိုက်ထားသည်။
ကျွန်မ တစ်ချက်သာအော်နိုင်ပြီး အိမ်တံခါးဖွင့်ပြိ်ီး ခြံရှေ့သို့အပြေးထွက်ကြည့်လိုက်သည်။
ဟင်….ဘယ်ရောက်သွားပါလိမ့်……
ကျွန်မအသံကြားတော့ ဘေးအိမ်တွေကပါနိုးလာပြီး ကျွန်မဆီရောက်လာကြသည်။
“ခလေးမ ဘာဖြစ်တာလဲ…..
ကိုထွေး….ကိုထွေး….
…ဘယ်မှာတုန်းဟ……
…ခုန…ဒီမှာ တွေ့လိုက်လို့….
အကျိုးအကြောင်းပြောပြတော့ အားလုံး ထိတ်သွားကြသည်။
သိပ်မကြာလိုက် ရွာအရှေ့ပိုင်းမှ လူတစ်ချို့ ကျွန်မတို့ဘက် အပြေးရောက်လာကြသည်…
” နန်း…နန်း..ငယ်…..
ကို…ကိုထွေး…ပိတောက်ပင်ပေါ်ကပြုတ်ကျလို့
…ဘယ်….ဘယ်…မှာလဲ…
….ရွာထိတ်ကပိတောက်ပင်အောက်မှာ…
…ရှင်……….
ကျွန်မရောက်သွားချိန်…ကျွန်မခင်ပွန်းလောင်း
အမျိုးကောင်းသားကြီးရဲ့ အသက်မဲ့နေသော
ခန္တာကိုယ်နဲ့အတူ ကျစ်ကျစ်ပါအောင်ပွေ့ပိုက်ထားသော ပိတောက်ပန်းများက သွေးရောင်လွှမ်းလျှက် မဝင်းပနိုင်တော့ပါ။

ဖောင်း…ဒိုင်း…..

အရှိန်ကောင်းသော မီးတောက်တို့က ကိုထွေးအလောင်းကို စတင်ဝါးမြိုနေပါပြီ။
ငိုချလိုက်နန်း…ငိုလိုက်လေ…တင်းမထားနဲ့
….အစ်…..ဟင့်…..အီး….ဟီး…….
ငိုချင်ပေမဲ့ လည်ချောင်းဝမှာဆို့နေသော ကျွန်မအသံက အပြင်ကိုထွက်မလာ….သတိတွေလစ်ရလွန်းလို့ ကျွန်မဦးနှောက်တွေလည်း ဗလာဖြစ်နေပါပြီ
ရေတောင်မဝင်တဲ့ ကျွန်မခန္တာကြီးက လူတွဲနှင့် မှ ထိုင်နိုင်သည်။
မကျေနပ်ဘူး…ကံကြမ္မာကိုမကျေနပ်ဘူး
…ငါပိုင်ရမှာလေ….ဒီတစ်ကြိမ်တော့ ငါပိုင်ရမှာလေ…….ငါ့ချစ်သူကို ငါပိုင်ရမှာလေ
ငါတို့မှာ ဘာအပြစ်ရှိလို့လဲ…..ကိုထွေး….ကိုထွေး….
ရှိသမျှအားသုံးပြီး အာခေါင်ခြစ်အော်လိုက်မိသည်။

ထိုအချိန်…ကျွန်မနောက်မှ ထွက်လာသော အေးချမ်းသည့်အသံတစ်ခု….

” တော်လောက်ပြီ ချစ်သမီး ခေမာရံသီ”
ဟင်….ဖွားသီလ သီရိမာလာ…
ဟုတ်တယ်သမီး သမီးရဲ့အဖြစ်ကိုကြားလို့ ဆရာကြိ်ီးရောက်အောင်လာခဲ့တာ
နားထောင်ချစ်သမီး သတ္တဝါတိုင်း မွေးပြီးသေကြတယ်…သူ့အကြောင်းနဲ့သူ သူ့ကံနဲ့သူ ခရီးဆက်နေကြတာ…ငါ့ကြမှ ဒီလိုဖြစ်ရသလားလို့မမှတ်လေနဲ့….
သတ္တဝါတိုင်း လာခြင်း ပြန်ခြင်း ၄မျိုးရှိတယ်
၁။နိမ့်တဲ့နေရာကနေ နိမ့်တဲ့နေရာပြန်သူ
၂။နိမ့်တဲ့နေရာကနေ မြင့်တဲ့နေရာပြန်သူ
၃။မြင့်တဲ့နေရာကနေ နိမ့်တဲ့နေရာပြန်သူ
၄။မြင့်တဲ့နေရာကနေ မြင့်တဲ့နေရာပြန်သူ
ဆိုပြီးရှိသကွဲ့….ဒကာလေးကိုထွေးဟာ မြင့်မြတ်တဲ့ လူ့ဘဝရစဉ်တလျှောက် အကုသိုလ် နည်းပြီး ကောင်းမှုကုသိုလ်လေးတွေ နှလုံးသွင်း
နေထိုင်ခဲ့လေတော့ ကောင်းမွန်တဲ့ဘဝ ရောက်နေလောက်ပါပြီ။ ချစ်သမီးလည်း ကံမကုန်ခင် ကိုပြန်မဲ့လမ်းအတွက် အကောင်းဆုံးပြင်ဆင်နိုင်ဖို့ ဆရာကြီးနဲ့အတူ ပြန်လိုက်ခဲ့ပါ….ခုဖြစ်နေတဲ့ သောကမီးတွေကို
အနိစ္စ၊ဒုက္ခ၊အနတ္တဆိုတဲ့ မမြဲသောတရားတွေကိုနှလုံးသွင်းပြီးဖယ်ရှားလိုက်ပါ။
ကြည့်စမ်းချစ်သမီး မီးတောက်တွေထဲမှ ဒြွါရ၉ပေါက်ကနေ အပုပ်ရည်တွေထွက်နေတဲ့ သမီးချစ်လှပါတယ်ဆိုတဲ့ ဒကာကိုထွေး
ရှစမ်းသမီး အသုဘကမ္မဌာန်းကိုရှုစမ်း….
ကျွန်မစိတ်တွေ အေးချမ်းလာပါပြီ..

“စာဥ”
..ပြောလေ နန်းငယ်….
အဖွားကိုနင်တာဝန်ယူ….ပစ္စည်းအားလုံးကို နင်ပဲ လက်ခံလိုက်…ငါ့လမ်း ငါသွားတော့မယ်”

ဘယ်အရာမှမမြဲသောခန္တာကြီးပါလေ….
မီးတောက်ထဲမှကိုထွေးရဲ့အလောင်း တဖြေးဖြေးပြာကျနေပြီဖြစ်သလို ကျွန်မခေါင်းမှ ဆံပင်တို့သည်လည်း ဆရာကြီးရိတ်နေသော သင်တုန်းဓားချက်အောက်မှာ တစ်ဖွဲဖွဲကြွေကျလျှက် ကျွန်မရဲ့ အပြန်လမ်းအတွက် ကြိုးစားပြင်ဆင်ရမည့် အကောင်းဆုံနေရတစ်ခုကို စစ်မှန်စွာ ရွေးချယ်နိုင်ခဲ့ပါပြီတကား……

/ မောင်ဂေါ်လီ(ဟင်္သာတ)
#credit