အဖော်မဲ့လိပ်ပြာငယ်

အဖော်မဲ့လိပ်ပြာငယ်(စ/ဆုံး)
………………………

မမီးမီး.. ခလေးကို အိမ်ရှေ့ခန်းက ပုခက်ထဲ လွှဲသိပ်ထားခဲ့ပြီး မီးဖိုချောင်မှာ
ချက်စရာ ဟင်းအမယ်များနှင့် အလုပ်
ရှုပ်နေသည်။

ဆီသတ်ရန် ကြက်သွန်နီကိုလှီး
ကြက်သွန်ဖြူ အခွံခွာ၍ ငရုတ်ဆုံထဲ
ငရုပ်သီးနှင့်ရောထောင်း နေသည်။

အိမ်ရှင်မသည် ဟင်းတစ်မယ် ဖြစ်ဖို့
အရေး တစ်ယောက်တည်း လက်မလည်ရအောင် အလုပ်များပါ၏။

အိမ်ဦးနတ်တို့ ခံတွင်းလိုက်စေဖို့
ဟင်းအမယ်ကလည်း အစပ်အဟပ်
တည့်ဦးမှ။

မဟုတ်ရင် ကိုယ်က ချွေးတလုံးလုံးနဲ့ ဘယ်လောက်အပင်ပန်းခံ ချက်ထား ချက်ထား ကိုရွှေယောက်ျားတို့က အပြစ်တင်ကြစမြဲ။

ချို ချဉ် ဖန် ခါး စိမ့်ဆိုတဲ့ လျှာဖျားမှာ ရသာရင်း မြက်စေဖို့ မမီးမီး ချက်ပြုပ် နေရခြင်း ဖြစ်သည်။

ယနေ့အဖို့ ယောကျာ်းအကြိုက် ဆိတ်သားခါးပတ်ကို ဆီပြန်နေအောင် ချက်မည်။

ချဉ်ပေါင်ရွက် အရိုးသင်ထား၏။ချဉ်ရည် ကျိုမည်ဖြစ်သည်။

ငရုတ်သီးခြောက် ထောင်း၍ ဆားငံပြာရည် ချက်မည်။

အတို့အမြုပ်ကတော့ ရှောက်ရွက်နုနုလေးတွေ တွေ့၍ ၄/၅စီး ဝယ်လာခဲ့သည်။

ထိုအချိန် အိမ်နီးချင်းဖြစ်သော် အန်တီ
သီတာတို့အိမ်က အငယ်မ နိုနိုသည်
သူမတို့အိမ်သို့ ဆော့ကစားရင်း အလည် ရောက်လာပါသည်။

နိုနို၏ အသက်က ၁၁နှစ်ခန့် ရှိလိမ့်မည်။နိုနိုသည် မီးမီး၏အချစ်တော်လေးလည်း ဖြစ်ပါ၏။အရွယ်နဲ့မလိုက်အောင် သိတတ် လိမ်မာသည်။

မီးမီး၏ အိမ်မှုကိစ္စများကိုလည်း မခိုင်း
ပဲ ကူညီတတ်၏။ဂါဝန်ဖားဖားလေးနှင့် ကျစ်ဆံမြီးလေး ဘယ်ညာ အမြဲချထားတတ်သည်။

အိမ်ရှေ့ခန်းထဲကို နိုနို ရောက်သည်
နှင့် ပုခက်ဆီသို့ တန်းသွားတတ်သည်။
ပုခက်ထဲက မမီးမီး၏ သားငယ် ဗူစီပေါင်းကို အသေအချာ ကြည့်၏။ပြီးလျင် ပုခက်ကို ဖြေးညင်းစွာ လွဲပေးသည်။

ဧည့်စားပွဲပေါ်က သတင်းစာများ ပြန့်ကျဲနေသည်ကို သေချာပြန်စီ၏။ခုံများကို ကြက်မွှေးဖြင့် သုတ်၏။

အားလုံးပြီးသွားတော့ နောက်ဖေး မီးဖိုချောင်ထဲက မမီးမီးဆီသို့ သွား၍၊

” အန်တီလေး သမီး ဘာကူရမလဲ၊
ဗူစီပေါင်းလေးကလည်း အိပ်နေတာ၊
သမီး တစ်ယောက်တည်း ပျင်းတာကိုပဲ”

မီးမီးက ဟင်းချက်ရင်းတန်းလန်း၊

“နိုနို့မောင်လေးက ခဏနေ နိုးတော့မှာပါကွယ်။ သူ နိုးရင် အန်တီလေးက
ရေချိုးပေးမလို့လေ ..အဲ့တာ .. ..”

မီးမီး၏စကားမဆုံးသေးပါ။ သွက်လက် ချက်ချာလွန်းသော နိုနိုက ..

“သမီး.. မောင်လေးရေချိုးပြီးရင် လိမ်းဖို့
သနပ်ခါးသွေးထားလိုက်မယ်နော်။ပြီးတော့ သမီးလည်း မောင်လေးနဲ့ ရေအတူတူ ချိုးမယ်နော် အန်တီလေး”

ဟုပြောကာ သနပ်ခါးကျောက်ပြင်ရှိရာသို့ ပြေးသွားလေတော့သည်။

သနပ်ခါးကျောက်ပြင်က မမီးမီးတို့
အိပ်ခန်းဝ နံဘေးက ကွပ်ပြစ်လေးပေါ်
မှာ။

နိုနိုသည် စိတ်ပါလက်ပါဖြင့် သနပ်ခါးကို
တဂျစ်ဂျစ် သွေးရှာ၏။

နိုနိုက အဲသလိုတွေ အလိုက်သိလွန်းလို့ မီးမီး အချစ်ပိုရခြင်းပင်။

တကယ်တော့ နိုနို ကျောင်းပိတ်ရက်ဆို သူ့မောင်လေး ဗူစီပေါင်းပါးပေါ်က သနပ်ခါးကို လုံးဝ အပျက်မခံ။ပျက်တာနဲ့ သနပ်ခါးကို ချက်ချင်းသွေးကာ လိမ်းပေးတတ်၏။

ဗူစီပေါင်းလေးက ဝဝကစ်ကစ်လေး၊
ပါးလေးက ဆွဲညှစ်ချင်စရာ ၊ နမ်းချင်စ
ရာဆိုတော့ လာသမျှဧည့်သည်တွေက
နမ်းလိုက်ကြ ဖဲ့လိုက်ကြနဲ့။

ပါးပေါ်က သနပ်ခါးက ကြာကြာမခံ။တခဏနဲ့ ပျက်လေ၏။

နိုနိုက သနပ်ခါး ဘယ်လောက်သွေးပေးရ ပေးရ၊ညောင်းတယ်လို့ မငြီးရှာ။

စနေတနင်္ဂနွေကျောင်းပိတ်ရက်ဆို၊
ဗူစီပေါင်းလေး ပါးပေါ် သနပ်ခါးမြဲ၏။

ကျောင်းပိတ်ရက် နိုနို အိမ်ကိုလာသည့်ရက်များဆို မီးမီးသည် နေ့ခင်း တရေး
တမော စိတ်ချလက်ချ အိပ်နိုင်၏။ကလေးကို နိုနိုက ပေါင်ပေါ်က မချတမ်း ထိမ်းတတ်၏။

နိုနိုနှင့်ဆို သူမ၏သားငယ်ကို စိတ်ချ
ရသည်လေ။ နိုနိုက နို့ဘူးလည်း ဖျော်တတ်သလို၊ဆန်မှုန့်လည်း အချိုးအစား မျှတစွာ ကျိုတတ်သည်။

မီးမီး ကျေနပ်နေပါသည်။ သူမတို့ လင်မယား ဤအိမ်လေးကို ငှားနေဖြစ်
သွားသည်မှာ အလွန်မှန်၏ဟု တွေးကာ
ကျေနပ်နေခြင်းပင်။

……………………..
၂။

နိုနိုတို့အိမ်က မိသားစုဝင်များ၏။နိုနို၏
ဖခင်က အိမ်ရှေ့မှာ အဖီလေးချကာ
ဆံပင်ညှပ်ဆိုင် ဖွင့်ထား၏။

နိုနို အမေကတော့ အိမ်မှုကိစ္စများနှင့်သာ လုံးချာလည်နေတတ်၏။နိုနိုအပါအဝင် ကျောင်းနေအရွယ် သားသမီး၄ယောက်ကို ဆံသဆိုင်လေးမှ ရသော ဝင်ငွေဖြင့်သာ ရုန်းကန်နေရသည်။

နိုနိုအထက်မှာ တက္ကသိုလ်တက်
နေသော ကျောင်းသားတစ်ယောက်။
၉တန်းတက်နေသော ကျောင်းသား
တစ်ယောက်နှင့် ၇တန်းကျောင်းသား
တစ်ယောက် ၊ အစ်ကို ၃ယောက် ရှိ၏။

နိုနိုက အငယ်ဆုံး။၅တန်း ကျောင်းသူ ဖြစ်သည်။စီးပွားရေး အဆင်မပြေသည့် မိသားစုဖြစ်သည်။နိုနိုတစ်ယောက် မီးမီးတို့အိမ်မှာလာပျော်နေသည်က ထို့ကြောင့်ပင်။

နိုနိုတို့အိမ်က တီဗွီက မိုဒယ်ဟောင်း
နေပြီ။တီဗွီက အိုဟောင်းနေ၍ ရုပ်သံ
များက ကြည်လင်ပီသခြင်း မရှိတော့။

အခွေထိုးကြည့်တဲ့ ဒီဗွီဒီစက်ဆိုတာကလည်း ကြည့်ရသည်မရှိ။

ထစ်ငေါ့နေ၍ ခွေကို ခဏခဏ အဝတ်ဖြင့် ပွတ်နေရသည်။ နိုနိုက ကလေးဆိုတော့ ကာတွန်းကားလေးတွေ သိပ်ကြိုက်သည်။

မီးမီးတို့အိမ်က စကိုင်းနက်ရှိတော့ ကာတွန်းကားကို သူမအကြိုက် မပြတ်
ကြည့်နိုင်သည်။

ပြီးတော့ တီဗွီကလည်း သူမအိမ်က
ထက် ပိုလည်းကြီး ပိုလည်းကောင်း၏။

ဗူစီပေါင်းလေး နေ့ခင်းဘက် အိပ်လျင်
သူမ စိတ်ကြိုက် ကာတွန်းကား ကြည့်
ရုံသာ။ ဒါတင်လားဆိုတော့ မဟုတ်သေး။မမီးမီးက သူ့အိမ်မှာ ရှိသော မုန့်မျိုးစုံကိုလည်း အနှမျော မရှိ ကျွေးတတ်သေး၏။

တစ်ခါတစ်ရံ မမီးမီးတို့မိသားစု အပြင်
ထွက်လည်ရင်လည်း နိုနိုလေးကို တကူးတက ခေါ်သွားပေး၏။ကျွေး၏။

အပြင်မှာ အကင်တို့၊ဟော့ပေါ့တို့၊ကြေး
အိုးတို့ စားကြသည်။ထိုအခါမျိုးတွင် နိုနိုအတွက် စားချင်ရာ တစ်ဝကြီး စားခွင့်ရ၏။

ထို့အပြင် မီးမီးယောက်ျားက ကားပွဲစားဆိုတော့ အရောင်းအဝယ်တည့်တိုင်း စားစရာများ ဝယ်လာတတ်သည်။

ထိုအခါ နိုနိုအတွက် ဗိုက်ကားသော နေ့ပင်ဖြစ်သည်။ မီးမီးက စက်ချုပ်တတ်၍ အားသည့်အခါများမှာ နိုနိုလေးအတွက် ဂါဝန်လှလှလေးတွေ၊ အင်္ကျီလှလှလေးတွေ ချုပ်ပေးတတ်သေးသည်။

မီးမီး ပြောတာကတော့ အစတွေပိုနေတာရယ်၊ သူမ၏အပ်ချုပ်ပညာ မမေ့
သွားစေဖို့ ပြန်နွှေးတာဟု ရယ်ရယ်မောမော ဆိုတတ်၏။

ဘာပြောပြော သိတတ်သော လိမ္မာ
သော နိုနိုလေး၏ စေတနာကို မေတ္တာ
ရောင်ပြန်ဟပ်ခြင်းသာ။

မီးမီးတို့ ပြောင်းမလာခင်ကဆို နိုနို တစ်ယောက် ကျောင်းပင် မတက်ချင်။

ဘာလို့လဲဆိုတော့ ကျောင်းသုံးစာရေး
ကိရိယာ မပြည့်စုံ၍ ဖြစ်သည်။

ဗလာစာအုပ်ကုန်၍ ဝယ်ပေးရန် မိဘအား ပြောပေမယ့် သူ့အလှည့်ကို
မရောက်နိုင်။ အစ်ကိုကျောင်းသားကြီးများအား ဦးစွာ ဖြည့်ဆည်းနေရ၏။

အခုတော့ ဤသို့ မဟုတ်တော့ပါ။နိုနိုလေး လိုအပ်သမျှကို မိဘထံ မပူဆာ
တော့ပါ။မီးမီးက သူမအတွက် စာအုပ်၊ ဘောပန် ဒါဇင်လိုက် ဝယ်ပေးထားသည်လေ။

အခု နိုနို ကျောင်းတက် ပျော်နေပါပြီ။ ကျောင်းဖွင့်ရက်များမှာတောင် နိုနို ကျောင်းက ပြန်ရောက်သည်နှင့် မီးမီးတို့
အိမ်ဘက်ကို ရောက်နေတတ်၏။

ညနေစာကို မီးမီးနှင့်အတူစားပြီးမှ
အိုးခွက်ပန်းကန်များ ဆေးကြောပေး
ကာ အိမ်ပြန်တတ်သည်။

မီးမီးအတွက်လည်း အဖော်ရသည်။
မီးမီးယောက်ျား ကားပွဲစားက ညနေစာ
ကို အပြင်မှာပဲ စားသည်ကများတော့
နိုနိုက အဖော်ကောင်း ဖြစ်နေပါ၏။

နိုနို အပျော်ဆုံးအချိန်သည် အန်တီ
မီးမီး၏သားငယ် ဗူစီပေါင်းလေးနှင့်အတူ
ရေချိုးရသည့် အချိန် ဖြစ်ပါသည်။

လေထိုး ရာဘာရေကန်လေးထဲ ဗူစီ
ပေါင်းကလေး နှင့် သူမ ရေအတူဆော့
ကစားရတိုင်း အရမ်းပျော်၏။

ဗူစီပေါင်းကလေးက သူမအား ရေပက်
သလို သူမကလည်း ရေပြန်ပက်တတ်၏။တခစ်ခစ်နှင့် သဘောကျစွာ ရယ်တတ်သည့် ဗူစီပေါင်းလေးသည် သူမရဲ့ အသည်းနှလုံးပင် ဖြစ်လေ၏။

ထို့အတူ အခါလည်အရွယ် ဗူစီပေါင်း
လေးကလည်း နိုနိုအား မပီကလာ ပီကလာဖြင့် မမဟုပင် ခေါ်တတ်နေလေပြီ ဖြစ်သည်။

……………………….

၃။

ဒီကနေ့မှ စော၍ ပြန်လာသော
ကားပွဲစား ကိုထွန်း၊ သူ့မိန်းမ မျက်နှာ
သိပ်မကောင်းတာကို ရိပ်မိသဖြင့် ..

” မီးမီး မင်း ဘာဖြစ်နေတာလဲ၊
မျက်နှာလည်း မကောင်းပါလား ”

မီးမီး သက်ပြင်းချရင်း ..

” နိုနိုလေး ဆေးရုံတင်ထားရတယ် မောင်”

” ဟင် ဘာဖြစ်လို့လဲကွာ။ ဟုတ်ပါ့ မောင်လည်း သတိထားမိတယ်၊
နိုနိုလေးကို မတွေ့တာ ၃ရက်လောက်
ရှိပြီထင်တယ်နော် ။ အခုရော ဘယ်လို
နေသေးလဲ။ သက်သာပြီလား ”

” မသက်သာလို့ ဆေးရုံတင်လိုက်ရတာ မောင်ရဲ့။ အဆုတ်အအေးမိတာ
လို့ ပြောတာပဲ။ ပြီးခဲ့တဲ့ ၃ရက်လောက်
က သူ့အစ်ကိုနဲ့ ရန်ဖြစ်ပြီး မိုးရေထဲ
ငုတ်တုတ်ထိုင်နေသတဲ့ ”

“ဟာ ဘယ်သူမှ သူ့ကို အိမ်ထဲမခေါ်
ကြဘူးလားကွာ ၊ ခလေးလေး သနားပါ
တယ် ”

” အဲ့ဒီနေ့က ၇တန်းကျောင်းသား
သူ့အစ်ကိုအငယ်ကောင်နဲ့နိုနိုပဲ ရှိတာ
လို့ပြောတယ် မောင်။ သူ့အစ်ကိုက
နိုနိုရဲ့ဗလာစာအုပ်ထဲက စာရွက်အလွတ်တွေ ၄/၅ ဆယ်ရွက်ဖြဲပြီး ယူလို့
ရန်ဖြစ်ကြတာတဲ့ ..”

” မိုးရေထဲ အတော်ကြာသွားလား”

” ၂နာရီလောက် ကြာသတဲ့။ သူ့အမေ
မသီတာ အိမ်ပြန်ရောက်တော့ နိုနိုလေး
က နုတ်ခမ်းတောင်ပြာနေပြီတဲ့လေ ၊
နိုနိုက သိပ်စိတ်အစွဲအလန်းကြီးတာ၊
စာရွက်တွေကို နှမျောတာနေမှာပေါ့”

မမီးမီး ပြောရင်း စိတ်မကောင်းဖြစ်နေ
ရှာ၏။ ဟိုတစ်နေ့စီက သူမ နိုနိုအား
ပြောခဲ့မိတာ မှားများသွားလားဟု ပြန်
တွေးနေမိ၏။

အဲဒီနေ့က နိုနို သူမတို့အိမ်လာစဉ်က
စာရွက် ၄/၅ရွက် ကိုင်လာတယ်။

စာရွက်တွေပေါ်မှာ သူ ပန်းချီဆွဲထား
တဲ့ ပုံလေးတွေပါတယ်။နိုနိုက မီးမီးကို
သူဆွဲထားတာလို့ လာကြွားပုံပဲ။

ပုံတွေက နိုင်ငံတော် အလံလွင့်ထူထားတဲ့ စာသင်ကျောင်းပုံရယ်၊ တိမ်တွေ
ကြားမှာ ပျံသန်းနေသော လေယာဉ်ပျံပုံ
ရယ်၊ နောက်တစ်ပုံကတော့ ရေကန်ထဲ
မှာ ကလေး၂ယောက် ရေကစားနေတဲ့ပုံ။

အဲဒီပုံမှာ သူက စာရေးထားတယ်။မမနိုနိုနဲ့မောင်လေးဗူစီဗောင်းတဲ့။

နိုနိုက အားရဝမ်းသာ ပြပေမယ့် မီးမီး
က စိတ်သိပ်မကြည်တဲ့နေ့နဲ့ သွားတိုးနေသည်။

မနက်က အိမ်ပြန်နောက်ကျတဲ့ ယောက်ျားနဲ့မီးမီးတို့ ရန်ဖြစ်ထားကြ၏။

စိတ်တိုနေတဲ့ မီးမီးက ..

” နိုနို ..နောက်ကို စာရွက်တွေဖြဲပြီး
အဲ့သလို ဆော့နေရင် အန်တီ နိုနို့ကို
စာအုပ် ဝယ်မပေးတော့ဘူး ကြားလား၊
အလကားရတယ်ဆိုပြီး အဲသလို
ပစ္စလက္ခတ် မလုပ်နဲ့ အန်တီမကြိုက်ဘူး

အဲ့သလို လေသံမာမာ မျက်နှာထား
တင်းတင်းနဲ့ မီးမီးက ပြောလိုက်တော့
နိုနို အတော် ဝမ်းနည်းသွားပုံရသည်။

ငိုမဲ့မဲ့လေး ဖြစ်သွားရှာ၏။ဘာမှ
ပြန်မပြောရှာပဲ ခပ်ကုပ်ကုပ်လေး ပြန်
သွားရှာသည်။

မပြန်ခင် ပုခက်ထဲမှာ အိပ်ပျော်နေတဲ့
သူ့မောင်လေး ဗူစီဗောင်းကို ခဏ ကြည့်သွားရှာသေး၏။

နိုနိုက ပန်းချီဆွဲထားတဲ့စာရွက်လေးတွေကို လိပ်ပြီး ပုခက်ထဲ ထည့်
ထားပြီးမှ ပြန်သွားတာကို မီးမီး မြင်လိုက်မိသည်။

မီးမီးလည်း ပြောလိုက်ပြီးမှ မဆိုင်တဲ့ ကလေးကို ဆူမိပြီဟု စိတ်မကောင်း ဖြစ်မိပေမယ့် နောက်တစ်နေ့ အိမ်လာမှ သူမအတွက် ဂါဝန်လှလှလေး ချုပ်ပေး
ပြီး ချော့မယ်လို့ပဲ တွေးထားလိုက်သည်။

ဒါပေမယ့် ဖြစ်ချင်တော့ နိုနိုလေးက
အဲ့ဒီနေ့ကစပြီး အိမ်ကို မလာတော့ဘူး။

နိုနို မလာဖြစ်တာက မီးမီးတို့အိမ်က အပြန် သူမ၏ အစ်ကိုငယ်နှင့် စိတ်ဆိုး ရန်ဖြစ်ပြီး မိုးရေထဲ ငုတ်တုတ်ထိုင်နေမိလို့ အဖျားကြီးကာ မထနိုင်တော့လို့ပါ။

နိုနို ဖျားနေရင်း ယောင်ယမ်း စကားပြောသတဲ့။ သူမပါးစပ်က မောင်လေး မောင်လေးလို့ ခေါ်နေသတဲ့။

နိုနိုရဲ့စိတ်ထဲ အန်တီမီးမီးက စိတ်ဆိုးသွားရင် ဗူစီဗောင်းလေးနဲ့ ပေးမတွေ့မှာကို စိုးရိမ်နေပုံရသည်။

ကလေးဆိုတော့ သူ ချစ်တဲ့မောင်လေးကို ခွဲထားမှာ ကြောက်တာပေါ့။

နောက်တစ်ရက်မှာ မမီးမီး မနေနိုင်ဘူး။ နိုနိုတို့အိမ်ဘက် ကူးလာခဲ့သည်။

ဗူစီဗောင်းကို ချီပွေ့ပြီး နိုနိုလေးဆီကို ရောက်လာတော့ နိုနိုက အဖျားကြီးပြီး သတိရတစ်ချက် မရတစ်ချက် ဖြစ်နေပြီ ဖြစ်သည်။

မမီးမီးက နိုနိုတို့ အိမ်အခြေအနေကို သိတာနဲ့ သူပဲ ပိုက်ဆံ စိုက်ထုတ်ပေးပြီး နိုနိုကို ဆေးရုံတင်ခိုင်းခဲ့သည်။

ဆေးရုံကို ပို့ဖို့ နိုနိုကို သူ့အစ်ကိုက
ပွေ့ချီတော့ နိုနို မျက်လုံးလေး ဖွင့်ကြည့်ရှာသည်။

မမီးမီးနဲ့ ဗူစီဗောင်းလေးကို မြင်တော့
အားတင်း ပြုံးပြရှာသည်။ အရောင်ဖျော့နေတဲ့ နိုနိုမျက်လုံးလေးတွေက မမီးမီးကို တောင်းပန်နေသလိုပါပဲ။

မမီးမီးက ” နိုနို နေကောင်းအောင်နေနော်။ သမီးမောင်လေးက သမီး မလာလို့ ငိုနေတာ “ဟု ပြောလိုက်၏။

နိုနိုက ခေါင်းငြိမ့်ပြသွားသည်။

…………………………

၄။

နိုနို ဆုံးပြီဟု အိမ်ကို အငယ်ကောင် လာပြောတော့ မမီးမီး မယုံနိုင်ဘူး။

အငယ်ကောင်ဆိုတာ နိုနို၏အစ်ကို
၇တန်းကျောင်းသား။

ဈေးက ပြန်လာခါစ ဈေးခြင်းတောင်းကို
ပစ်ချပြီး မီးမီး မှိုင်တွေသွားခဲ့သည်။ဘာမှ မလုပ်ချင်မကိုင်ချင်သလို အားအင်ကုန်ခမ်း လက်ပန်းကျသွားခဲ့သည်။

အိပ်ယာထဲမှာ အိပ်နေတဲ့ ယောကျာ်းနဲ့သားလေး ဗူစီဗောင်းကို သွားနိုးပြီး ပြောပြကာ ငိုချလိုက်ပါတော့သည်။

ဗူစီဗောင်းလေးကတော့ ဘာသိမှာလဲ။ ကိုထွန်းက မီးမီးကို ချော့၏။

သို့ပေမယ့် ကိုထွန်းကိုယ်၌ကလည်း နိုနိုလေးအတွက် စိတ်မကောင်း ဖြစ်နေရှာပါသည်။

မမီးမီး အဲသည်နေ့က ဝယ်လာသော အသားများကို မချက်ဖြစ်တော့။ရေခဲသေတ္တာထဲ ထည့်ထားလိုက်၏။

ကိုထွန်းကလည်း အလိုက်သိရှာ၏။
သူ့မိန်းမ မီးမီးကို အမေတို့အိမ် ပို့ထားပြီး သူက ကားပွဲစားဝိုင်းကို သွားခဲ့သည်။

ညနေကျမှ အမေတို့ အိမ်ဝင်၍ မမီးမီးတို့သားအမိကို ခေါ်ပြီး အိမ်ကို အတူပြန်ကြ၏။

ထိုညက မမီးမီး ကောင်းစွာ အိပ်မပျော်ပါ။ နိုနိုလေးကို မြင်ယောင်ပြီး စိတ်မကောင်း ဖြစ်နေရှာ၏။

နိုနို ဆုံးတာ သောကြာနေ့မနက်
ဖြစ်ပြီး ဆေးရုံကနေပဲ သင်္ဂြိုလ်လိုက်ကြသည်ဟု သိရ၏။

……………………

၅။

မီးမီး အရမ်း ကြောက်တတ်သည်တော့မဟုတ်ပါ။

သို့ပေမယ့် အခုရက်ပိုင်းအတွင်း သူမအိမ်၌ ထိတ်လန့်စရာတွေ တစ်ခုပြီး တစ်ခု ဆက်တိုက် ဖြစ်ပျက်နေ၏။

ကိုထွန်း ကားဝိုင်းကို ထွက်သွားလျင်၊ အိမ်မှာ မီးမီးနှင့်သားငယ် ဗူစီပေါင်းသာ ကျန်ရစ်စမြဲ။

ဗူစီဗောင်းကို ပုခက်ထဲ ထည့်ထားပြီး
မီးမီးက အိမ်မှုကိစ္စတွေ လုပ်ရ၏။

တစ်နေ့မှာ မီးမီး နောက်ဖေးမီးဖို၌
ဟင်းချက်နေစဉ် သူမတို့အိပ်ခန်းဝ ကွပ်
ပြစ်ပေါ်မှ သနပ်ခါးသွေးသံ တဂျစ်ဂျစ်
ကြားလိုက်ရသည်။

သူမ အစက နားကြားမှားတာလားဟု တွေးမိပေမယ့် တဂျစ်ဂျစ်အသံက ကွပ်ပြစ်ပေါ်မှ ဆက်တိုက်ထွက်ပေါ်နေ၏။

ထို့ကြောင့် ဟင်းအိုးကို ပစ်ကာ အိပ်ခန်းရှေ့ ထွက်ကြည့်လိုက်၏။

ကွပ်ပြစ်ပေါ်က သနပ်ခါးကျောက်ပြင်
နှင့် သနပ်ခါးတုံးသည် ပကတိ ငြိမ်သက်နေ၏။

အသံကလည်း သူမ ထိုနေရာ ရောက်သွားချိန်၌ တိကနဲ ရပ်တန့်သွား၏။

မီးမီး ဟိုဟိုဒီဒီ ရှာဖွေကြည့်သေး၏။
ဘာကိုမျှ မတွေ့ရ။

ထိုအခိုက် သားငယ်လေး ဗူစီဗောင်း
ရှိရာ ပုခက်ဆီမှ တခစ်ခစ် ရယ်သံကြားလိုက်ရပြန်သည်။

ဟင်! ခုနကမှ ငါ ကလေးကို ချော့သိပ်ထားခဲ့တာပဲ။ အခု ကလေးက နိုးနေတာများလား …

မီးမီး ဧည့်ခန်းက ပုခက်ဆီ ပြေးသွားလိုက်သည်။ပုခက်ကို တစ်ယောက်ယောက်က လွှဲပေးနေသလို …

” ကျွီ ကျွီ ကျွီ …”

ပုခက်က ဟိုဘက်သည်ဘက် လွှဲနေ၏။ ပုခက်အနီးမှာတော့ လူတစ်ယောက်မျှ ရှိမနေပါချေ။

” ခစ် ခစ် ခစ် ”

ပုခက်ထဲက ရယ်သံ ထွက်ပေါ်လာ၏။

မီးမီး သူမ၏ ရင်ဘတ်ကို လက်ဖြင့် ဖိထားမိလိုက်သည်။

ဗူစီဗောင်းလေး ဤသို့ ရယ်တတ်သည်မှာ နိုနိုနှင့်ဆော့ကစားသည့်အချိန်
အရမ်းပျော်ရွှင်တတ်သည့်အခါများမှသာ။

” ဘုရား ဘုရား ငါ အမြင်များ မှားနေတာလား ..”

မီးမီး အံသြထိတ်လန့်သွားသည်။

သူမ မြင်နေတာက သားငယ်ဗူစီဗောင်း
သည် အိပ်နေလျက်သား မျက်စိ စုံမှိတ်လျက် တခစ်ခစ် ရယ်မောနေခြင်းပင်။

အထူးသဖြင့်တော့ နိုနိုနှင့်အတူ ရာဘာကန်လေးထဲမှာ ရေချိုးသည့်အခါတိုင်း ဤသို့ ရယ်မောတတ်၏။

မီးမီး ပုခက်ထဲက ကလေးကို ကမန်းကတန်း ပွေ့ယူ ချီထားလိုက်သည်။

သူမ အိမ်ထဲမှာ ဆက်၍ နေရမည်ကိုပင် ကြောက်လာ၏။

ထို့ကြောင့် မီးဖိုက မီးကို ပိတ်၍ အပြင်သို့ ထွက်နေရန် ဆုံးဖြတ်လိုက်၏။

ဟင်းအိုးက လျှပ်စစ်မီးဖိုနှင့်တည်ထားခြင်းကြောင့် မီးပိတ်ရန် မီးဖိုချောင်သို့ အမြန်ပြေးလာလိုက်သည်။

မီးဖိုမီးကို ပိတ်ရန် သူမ လက်လှမ်းလိုက်စဉ် …

မီးဖိုချောင်နှင့်ကပ်လျက် ရေချိုးခန်းထဲမှ တဖန်းဖန်းနဲ့ ရေပက်သံကို ကြားလိုက်ရသည်။

မီးခလုပ်ကို ပိတ်၍ ၊ မီးမီး ရေချိုးခန်း
ဘက်သို့ မျက်နှာမူလိုက်သည်။

” ဖန်း ဖန်း ဖန်း …”

ရေပက်နေသံက ဆက်တိုက် ထွက်
ပေါ်လာ၏။

ပြီးတော့ သူမ၏ ပခုန်းပေါ်က သား
ငယ်ဗူစီဗောင်း နိုးလာပြီး .. အော်လိုက်သံက..

” မမ …….”

မီးမီး သားငယ်၏ကျောကို လက်တစ်
ဖက်ဖြင့် ဖိထားရင်း အပြင်သို့ ပြေးထွက်ရန် ပြင်လိုက်စဉ်…

ရေချိုးခန်းတံခါးက သူ့အလိုလို ပွင့်
လာ၏။ မီးမီး ရေချိုခန်းထဲ ကြည့်လိုက်မိသည်။

ရေချိုးခန်းထဲက ရာဘာလေထိုးရေကန်ငယ်လေးထဲက ရေများသည် ကလေးတစ်ယောက်ဝင်ဆော့နေသလို ဘောင်ဘင်လှုပ်ခတ်နေပါ၏။

ဖန်း ဖန်း ဖန်း

ရေပက်သံသည် ထိုရာဘာကန်လေးထဲမှ ထွက်ပေါ်နေခြင်း ဖြစ်၏။

ရေမှုန်အချို့သည် မီးမီးနှင့်ကလေးရှိရာသို့ လွင့်စင်လာ၏။

မီးမီး ကြောက်လန့်တကြား မီးဖိုချောင်မှ ပြေးထွက်ခဲ့ရာ သနပ်ခါးကျောက်ပြင်နားရောက်ချိန် …

” ဂျစ် ဂျစ် ဂျစ် ..”

သနပ်ခါးကျောက်ပြင်ပေါ်က သနပ်ခါးတုံးက လူမပါပဲ ကျောက်ပြင်ကို
လှည့်ပတ်သွေးနေလေ၏။

မီးမီး အိမ်အပြင်သို့ ထွက်ရန် ဧည့်ခန်းကို အဖြတ် …

” ကျွီ ကျွီ ကျွီ …”

ပုခက်သည်လည်း လူကလွှဲနေသလို
လှုပ်ခတ်လျက် ရှိသည်။

မီးမီး အရဲစွန့်ကာ ပုခက်ကို ငြိမ်သွားအောင် လက်ဖြင့် သွားကိုင်လိုက်သည်။

ပုခက်က ငြိမ်သက်သွားပါ၏။ သို့သော် ပုခက်ထဲက စာရွက်လိပ်လေးက
သူ့အလိုလို ပြေလာပြီး လေဝေ့တိုက်
လိုက်သလို ဝဲပျံသွားသည်။

စာရွက်များက မီးမီး ခြေထောက်နားသို့ ပြန့်ကျဲသွားလေ၏။

ထိုစာရွက်များမှာ နိုနို ရေးဆွဲထားသော ကလေးပန်းချီပုံကားချပ်လေးများသာ ဖြစ်လေသည်။

အထူးသဖြင့်တော့ မမနိုနိုနှင့်မောင်လေးဗူစီဗောင်းဟူသော ပန်းချီစက္ကူလေးသည် မီးမီးခြေထောက် အရှေ့မှာ
တဖျပ်ဖျပ်နဲ့ လှုပ်ခတ်နေပါ၏။

ကြောက်စိတ်တို့ အဝေးသို့ လွင့်စင်သွားလေသည်လား မသိ။

မီးမီး ဝမ်းနည်းလွန်း၍ …စိတ်မကောင်းလွန်း၍ …ထို ပန်းချီစက္ကူလေးအနီး ထိုင်ချလိုက်ပါသည်။

ပန်းချီစက္ကူလေးကို လက်တစ်ဖက်ဖြင့် ကိုင်ကြည့်ရင်း မျက်ရည်များက ထိမ်းမရနိုင်အောင် ကျလာသည်။

မီးမီး ငိုရှိုက်ရင်းဖြင့် ….

” နိုနိုလေးရေ ..နောက်ဘဝဆိုတာများ
ရှိခဲ့ရင် ..အခုလို အဖြစ်မျိုးနဲ့ မကြုံတွေ့ပါစေနဲ့လို့ အန်တီ ဆုတောင်းပေးလိုက်ပါတယ်ကွယ် ..၊ကောင်းရာဘုံဘဝကိုသာ သွားလိုက်ပါတော့ ကလေးရယ်”

………………………..

၆။
ကုန်တင် ကားပေါ်ကို အိမ်ထောင်ပရိဘောဂများ တင်နေကြသည်ကို သားငယ် ဗူစီဗောင်းလေးအား ချီပွေ့ထားရင်း
မမီးမီး နှင့် သူ့ယောက်ျားကိုထွန်းတို့
ကြည့်နေကြသည်။

သူတို အိမ်ငှားထားတာ လ မပြည့်သေးခင် ပြောင်းရွေ့ကြခြင်း ဖြစ်ပါ၏။

သူတို့ ဤအိမ်လေးမှာ မနေလိုတော့ပါ။

ဘာကြောင့် မနေလိုပါသည်ဟုလည်းအိမ်ရှင်ကို ပြောပြမနေတော့ပါ။ အိမ်ရှင်ကလည်း မမေးပါ။

ပစ္စည်းတွေ အားလုံးတင်ပြီးကြောင်း
ကားသမားက လာပြောတော့ အိမ်ရှင်က ကြားသွားပြီး..

” ဘာကျန်နေအုံးမလဲ အိမ်ပေါ်တက်စစ်ပါအုံးလား မီးမီး ”

ကိုထွန်းရော မမီးမီးပါ ခေါင်းခါပြလိုက်ကြသည်။

သို့ဖြင့် ကိုထွန်းနှင့်မမီးမီးတို့သည်
ကားပေါ်တက်လိုက်ကြသည်။

ကားပေါ်ရောက်တော့ မမီးမီးချီထားသော ဗူစီဗောင်းလေးက လူးလဲ
ထလာပါ၏။

ကုန်တင်ကားကြီး စက်နိုး၍ ဘီးစလိမ့်ပါပြီ။

ဗူစီဗောင်းလေးက မမီမီးပေါင်ပေါ်မှ ဇွတ်အတင်း ထ၍ အိမ်ဟောင်းလေးဘက်သို့ လက်ပြနေ၏။

ကလေး လက်ပြရာဘက်သို့ မမီးမီးနှင့်ကိုထွန်းတို့ လှမ်းကြည့်လိုက်၏။

အိမ်ဟောင်းလေးရှေ့မှာ အိမ်ရှင်အန်တီကြီးသာ ရပ်နေပါ၏။

ဗူစီဗောင်းလေးနှင့်အန်တီကြီးက ခင်မှ မခင်ကြပဲလေ။

မမီးမီး သူမ၏ယောက်ျားမျက်နှာကို
ကြည့်၍ သက်ပြင်းချလိုက်သည်။

ကိုထွန်းကတော့ ကားနောက်မှီပေါ်
လှန်ချလိုက်ပြီး ဘာတစ်ခုမှ မှတ်ချက်မပေးတော့ပါ။

ကားကြီးက တရွေ့ရွေ့နဲ့ ဝေးသွားပြီ။
အိမ်ရှင် အန်တီကြီးလည်း သူ့အိမ်လေးထဲ ဝင်၍ မီးပိတ်စရာ ကျန်ဦးများလားလို့ တက်စစ်ကြည့်၏။

အန်တီကြီးသည် နောက်ဖေး မီးဖိုချောင်သို့ အရင်သွား၏။ မီးခလုပ်များကို
စစ်ဆေး၍ ပိတ်ရန်ကျန်သည့်ခလုပ်များကို ပိတ်၏။

ရေချိုးခန်း တံခါးက ပွင့်လျက်သားမို့
ပိတ်ရန် သွားလိုက်သည်။

အန်တီကြီး ပါးစပ်က ဗျစ်တောက်တောက်ဖြင့် …

” အော် မီးမီးနယ် အိမ်ပေါ်လေး
တက်စစ်ပါဆိုတာ စစ်မသွားဘူး…။
ရေချိုးခန်းထဲမှာ ကလေး ရေကူးကန်လေး ကျန်သွားပြန်ပြီ ..”

အန်တီကြီး တံခါးကို ပိတ်၍ အပြင်သို့
ထွက်လာခဲ့သည်။

အိမ်မကြီးတံခါးကို သော့ခတ်ပြီးနောက်
အန်တီကြီး ထွက်သွားပါ၏။

အန်တီကြီး ထွက်သွားပြီးနောက် ထိုအိမ်ဟောင်းလေးထဲမှ …

ဖန်း ဖန်း ဖန်း ဟူသော ရေပက်သံနှင့်အတူ အဖော်မဲ့လိပ်ပြာလေးတစ်ကောင်၏ ငိုရှိုက်သံ သဲ့သဲ့လေးတစ်ခုသည်
တိုးသက်ညှင်းညံ့စွာ အိမ်ထဲမှ ပျံ့လွင့်လာပါ၏။

 

ပြီးပါပြီ။

#PePe
2.6.2020
ပီပီ(မန္တလေး)