အမေ

*အမေ *📖📖📖

**************
🌿🌿🌿

.
အိပ်ယာကနိုးပေမယ့် ရုံးပိတ်ရက်မို့ မထသေးပဲ နှပ်နေသော သူ မိန်းမရဲ့ ခပ်တိုးတိုးစကားကြောင့် ခေါင်းထောင်သွားသည်။

“ဘာဖြစ်လို့လဲမိန်းမရဲ့ “

“ဘုရားပန်းတွေဝယ်လာတာတဲ့ ၊ ကျူးလစ်ပန်း. တွေလေ.. တခက်တခက်ကိုစျေးကြီးပေးပြီး ပန်း ကျတော့ ပွင့်အာပြီးကြွေကျတော့မယ် ရှောက်ရွက် ကလည်း နွမ်းဖက်နေတာပဲ စိတ်ညစ်တယ်”

” အော်… မိန်းမရယ်။ ဘာများဖြစ်တာလည်းလို့ ..တခါတခါရောင်းမှားဝယ်မှားဖြစ်တာနေမှာပေါ့ “

“အဲ့လိုမဖြစ်စေချင်လို့ပေါ့ မောင်ရယ် ။မောင့်ကိုသာ အခုမှပြောပြတာ။အမေအဲ့လိုဖြစ်နေတာ ကြာပြီ။ ဘာလုပ်လုပ်စိတ်ထဲကမပါတာလား မသိဘူး ၊ဟိုတခါလည်းဝက်သားဝယ်လာတာ ဝက်သိုးသားဖြစ်နေတော့ အနံ့နဲ့တင်ချက်နေရင်း ခေါင်းတွေကိုက်လာလို့ သွန်ပစ်လိုက်ရတယ်။ နုငယ်တို့က လခစားဝန်ထမ်းတွေလေ၊တလ တလ အလျင်မီအောင်သုံးရစွဲရတာ …အခုဆို ရက်ကြာ ကြာ ထားရမယ့်ဘုရားပန်းကိုထပ်ဝယ်ရတော့မယ် ၊လေလွင့်တာပေါ့..ကဲ ထ၊ ရှင့်အကိုရောက်နေတယ် ။ နုငယ် အိမ်ယာတွေသိမ်းလိုက်ဦးမယ်”

မိန်းမဖြစ်သူရဲ့အပြောကလည်းမှန်နေသဖြင့် သူဘာမှစောဒကတက်မနေတော့ ။ နောက်မျက်နှာ သစ်ရန်အိပ်ယာမှထပြီးဖေးကိုထွက်လာတော့ အမေက သူ့ကို ပြုံးရွှင်စွာဖြင့်

“သား မျက်နှာသစ်၊ မင်းအကိုကြီးလည်းအိမ်ရှေ့မှာရောက်နေတယ် …အမေ ထမင်းကြော်ထားတယ်။ငယ်ငယ်က သားတို့ကြိုက်သလို ဆနွင်းလေးနဲ့ဝါဝါလေး။ အမေနွှေးထားလိုက်မယ်နော် “

အမေ့ကိုခေါင်းညိတ်ပြရင်း မျက်နှာမြန်မြန်သစ်ကာ ထမင်းစားပွဲမှာထိုင်တော့ အမေက အငွေ့ ထောင်း ထောင်းထနေသော ထမင်းကြော်ကို ငါးနီတူ ခြောက်ကြော်လေးနှ့င့်တွဲကာလာချပေး သည်။ စားနှင့်နေပြီဖြစ်သော အကိုကြီးနှင့်အမေ့ကို ပြုံးပြပြီး သူတဇွန်းခပ်စားလိုက်တော့ ဆနွင်းနံ့မပျောက်သေးသော ခပ်ငံငံ ထမင်းကြော်က သူ့ကိုစိတ်ညစ်သွားစေသည်။ ကြိတ်မှိတ်မြိုချရင်း အမေ့ကိုကြည့်လိုက်တော့  အမေ့မျက်နှာက သားဖြစ်သူစားကောင်းမကောင်းကို အကဲခတ်ဟန်ဖြင့်

“ကောင်းရဲ့လားသား ၊ ဘာလိုသေးလည်း”

“မလိုပါဘူးအမေရဲ့ …အမေ့လက်ရာက ဟိုးအရင်ကအတိုင်းပဲ စားကောင်းနေကျ “

သူမဖြေခင် အကိုကြီးကအရင်ဖြေသည်။ အကိုကြီးရဲ့မျက်နှာကို သူတအံ့တသြကြည့်မိသည်။ အသက်ခုနစ်ဆယ်အရွယ် အမေ့မျက်နှာက ပီတိတဝေဝေနှင့် ပြုံးရွှင်စွာ။သူကတော့ ဆက်မစားလိုတာကြောင့် ကော်ဖီခွက်ကို ယူကာသောက်ရင်း အမေ့အလစ်ချောင်းနေမိတော့သည်။

—————–

“အမေကလည်းနော် …စောစောစီးစီး သတိထားမှပေါ့ အမေရယ် ၊စိတ်တွေညစ်လိုက်တာ “

မိန်းမဖြစ်သူရဲ့ အသံကြောင့် သူပက်လက်ကုလားထိုင်မှာထိုင်ပြီး သတင်းစာဖတ်နေရာက နားစွင့်လိုက်မိသည် ။ မိန်းမရဲ့ ခပ်တိုးတိုးရေရွတ်သံကိုကြားသော်လည်း အမေ့အသံကိုမကြားရတာမို့ သူထိုင်နေရာက အသာထကာ မီးဖိုချောင်ဖက်သွားကြည့်တော့ ထမင်းစားပွဲမှာ ထမင်းချိုင့်ထည့်နေသော မိန်းမက သူ့ကိုတစ်ချက်ကြည့်ရင်း

“မောင်ရေ ၊ ရုံးသွားခါနီးမှ အလုပ်ပေါ်ပြီ ။ အမေရယ် အိမ်သာသွားရင်းလမ်းမှာ ထွက်ကျလို့ “

သမီးဖြစ်သူ အိအိက အမေ့ခြေထောက်တွေကို ရေဆေးပေးနေသော်လည်း မျက်နှာကမကျေနပ် သလို ပါးစပ်ကလည်း ပွစိပွစိပြောနေတာကြောင့် သူအခန်းထဲကနေ ထမီတစ်ထည်ယူကာ အမေ့ကို လှမ်းပေးလိုက်သည် ။ သူ့ကိုမြင်တော့ အိအိက ဘာမှဆက်မပြောတော့ ။ အိမ်နောက်ဖေး အိမ်ပေါက်ဝမှာ ရပ်နေသောအမေက သူ့မျက်နှာကို အားနာစွာကြည့်နေသဖြင့်

“အမေ..ဘယ်လိုဖြစ်တာလည်း ။ ကလေးမဟုတ်သူငယ်မဟုတ် ထွက်ကျရတယ်လို့”

“အမေလည်း အိမ်သာကို အမြန်သွားတာပဲ သားငယ်ရယ် ..ဘယ်လိုဖြစ်သွားလည်းမသိပါဘူး “

အမေ့အသံက ခပ်တိုးတိုးရှိလှသည် ။ ချွေးမကိုအားနာစိတ်၊သားဖြစ်သူကိုရှက်သောစိတ်ကြောင့် မျက်နှာကခပ်နီနီ ။

သူဘာမှ ဆက်မပြောတော့ ။အိမ်ရှေ့မှာ ရုံးက လာကြိုသော ဖယ်ရီရောက်လာသဖြင့် စကားဖြတ် ကာ သူနှင့်တပါတည်း ယူစရာရှိတာတွေကို ယူပြီး ရုံးကားပေါ်တက်ထိုင်လိုက်သည် ။ ခဏနေမှ မိန်းမက သုတ်သုတ်ပြာပြာနှင့်ကားပေါ်တက် လာသည် ။

” ဒီနေ့ မမနု နောက်ကျတယ် “

စုစုက ခပ်ပြုံးပြုံးစသည် ။

“နေ့တိုင်းနောက်ကျတယ် စုရေ ..အိမ်က ယောက္ခမကြီးလည်းဘာဖြစ်မှန်းကိုမသိဘူး ။အခုတလော ဆီးထွက်ကျ ဝမ်းထွက်ကျနဲ့ …၊ အလုပ်ကပင်ပန်းပြီး ပြန်လာရင် ကိုစိုးမောင်တို့က အိတ်ကလေးချ ပန်ကာလေးဖွင့်ပြီး နားနေရော ။ ကိုယ့်မှာသာ ဖတ်သီဖတ်သီနဲ့ သေးစိုဝတ်တွေလျှော် ညနေစာချက် သိမ်းဆည်း ။အားလုံးလည်းပြီးရော အိပ်ချိန်ရောက်ပြီ ။ တနေ့တနေ့ဆိုတာ ဘယ်လိုနေဝင်ပြီး ဘယ်လိုနေထွက်မှန်း မသိတော့တာကြာပေါ့ စုစုရေ “

သူမိန်းမဖြစ်သူကို လှမ်းကြည့်လိုက်သည် ။

မိန်းမက သူ့ကိုပြန်မကြည့် ။ပြောချင်ရာပြောလိုက်ရလို့စိတ်ပေါ့သွားဟန်ဖြင့် ကားပြတင်းပေါက်ကနေ အဝေးကို ငေးနေတာကို တွေ့ရသည် ။ စိုးမောင် သက်ပြင်းဖွဖွချမိသည် ။

အခုတလော အမေ့ပုံစံက ချူချာသလိုထင်ရသည် ။တခါတခါ ဟိုးအရင်သူတို့ငယ်ငယ်က အကြောင်း လေးတွေကို ပြန်သတိရချင်ရနေတတ်ပြီး လက်ရှိမှာ ထမင်းစားပြီးသလားကိုပင် မေ့နေတတ်ပြန်သည် ။ ကြာတော့မိန်းမဖြစ်သူဆီကနေ အသံထွက်လာတော့တာကြောင့် အမေ့ပုံက အားနာသလို နေရခက်နေသလို ဖြစ်နေသည်ဟု သူခံစားရသည် ။

ရုံးပိတ်ရက်ကျရင်တော့ ဆေးခန်းလေးဘာလေးပြကြည့်ဖို့ သူစိတ်ကူးလိုက်သည် ။ သို့သော် သူ့စိတ်ကူးတို့သည် စိတ်ကူးသာဖြစ်ပြီး လက်တွေ့မှာ ဖြစ်မလာနိုင်ခဲ့ ။

~~~~~~~~~~~~~~

” ဟိုတနေ့ကဆို သူ့သားစားမယ့်ထမင်းပန်းကန်ထဲ ရွှေဖရုံသီးဟင်းတွေထည့်ပြီးနယ်ထားတာ ။ ဘေးကနေ မန်းကျီးသီးစိမ်းကြော်လေးပုံပြီး ဇွန်းတပ် ၊ ရေနွေးကြမ်းတစ်ခွက် အဆင်သင့်ချထားတာ …နုငယ်က ဘုရားပန်းလဲနေလို့ မသိလိုက်ဘူး ။အိမ်နောက်ဖေး ဝင်ကြည့်တော့မှ …. တအိမ်လုံးပွစာကြဲနေတာပဲ အကိုကြီးရယ် ။ အမေဘာလုပ်နေတာလည်းဆိုတော့မှ ဒါ..သားငယ်လေး အကြိုက်တဲ့ ၊ ငယ်ငယ်ကဆို အမြဲချက်ကျွေးရတယ်..ချက်ပြီး အဲ့လိုနယ်ဖတ်ပေးမှ သူကစားတာတဲ့ …ဟင်းဟင်း ။သူ့သားက တလုပ်စားပြီးငံလွန်းလို့ဆိုပြီး ဆက်မစားဘူး “

မိန်းမဖြစ်သူရဲ့ အပြောကို အကိုကြီးက ပြုံးကာ နားထောင်သည် ။ ပြီးမှ အမေ့ဖက်ကိုကြည့်ပြီး

” အမေက ဘက်လိုက်တယ် ။သူ့သားကျ ချက်ကျွေးတယ်.. သားကိုကျတော့ အဲ့လိုမျိုးလုပ်မကျွေးဘူး “

အကိုကြီးရဲ့ စကားကြောင့် အမေလှုပ်လှုပ်ရှားရှားဖြစ်သွားသည် ။ သူ့သားကိုအတော်လေးအားနာသွားဟန် ဖြစ်သွားတာကိုလည်း တွေ့ရသည် ။

“အမေ သွားပြင်လိုက်မယ် …”

အမေ ထိုင်နေရာက ထတော့ အကိုကြီးက လက်ပြကာတားရင်း

” သူတို့အိမ်မှာ ချက်ထားတာတွေ မစားချင်ပါဘူး အမေရာ … သားက အမေကိုယ်တိုင်ချက်ပြုတ်ပြီး ကျွေးတာကို စားချင်တာ ။အမေ ..သားနဲ့ အိမ်လိုက်ခဲ့နော် ..။သားနဲ့တလှည့်နေပြီးသားကို ငယ်ငယ်တုန်းကလို ထမင်းနယ်ပြီးကျွေးမယ် မဟုတ်လား “

“ကျွေးမှာပေါ့ …”

အမေ့အသံက ရွှင်လန်းလာသည် ။

ကျွန်တော် အကိုကြီး ဝင်းမောင်ရဲ့မျက်နှာကို ကြည့်မိသည် ။ အကိုက မျက်စိတစ်ဖက်မှိတ်ပြရင်း အမေ့ဖက်လှည့်ကာ

” အမေ ၊ အမေ့အင်္ကျီတွေ သွားယူလေ ..သား တော်ကြာနေပြန်တော့မှာ “

“အေး ၊ အေး “

အမေ ထိုင်နေရာမှ ခပ်သွက်သွက်ထကာ အိပ်ခန်းထဲဝင်သွားမှ အကိုကြီးက သူ့ဖက်လှည့်ပြီး

” အမေ့ကို အကိုခေါ်သွားလိုက်မယ် ။ မင်းတို့လည်းဝန်ထမ်းတွေဆိုတော့ ကသီလင်တနိုင်မှာပဲ ။ အကိုလည်း တပါတ်တခါ လာလာကြည့်ရတာ ခရီးထောင့်တယ် .. အိမ်ခေါ်ထားလိုက်တော့ အားလုံးအဆင်ပြေတာပေါ့ ၊ အကို့အလုပ်က စာရေးတာဆိုတော့ အပြင်သွားစရာလည်း သိပ်မလိုဘူး။ ခြံထဲမှာ ငါ့တပည့် ဖိုးကဲတို့ မိသားစုရှိနေတော့ အမေလည်း ပျော်မှာပါ “

မိန်းမမျက်နှာက ပျော်သွားသလို ဝင်းကနဲ ဖြစ်သွားတာကို သူမြင်လိုက်သည် ။သူလည်း စိတ်အေးသွားတာကြောင့် မခေါ်ပါနဲ့ ဘာညာ ပြောမနေတော့ ။ ကြာရင် မိန်းမနှင့်အမေ့ကြား အဖုအထစ်လေးတွေ ရှိလာမယ့်အရေးမှ ကင်းသွားသည်ဟု ဆိုရပေမည် ။ ခဏကြာတော့ အမေ အထုတ်လေးဆွဲကာ ပြန်ထွက်လာသည် ။ ဒါပေမယ့် သူ့ဖက်ကို သိပ်မကြည့် ။

စိုးမောင် အမေ့နားကပ်ကာ အမေ့လက်ကလေးကို အသာဆွဲယူပြီး အမေ့ပါးတစ်ဖက်ကို နမ်းတော့ အမေ မျက်ရည်ဝဲသည် ။

“ကျန်းမာရေးဂရုစိုက် “

အမေ့စကားက သည်လောက်သာ ။ ဒါပေမယ့် အမေ့မျက်လုံးတွေကတော့ စကားတွေအများကြီးပြောနေသလိုပင် ။ အိမ်ထောင်ကျကတည်းက သူချစ်သောသားဆီမကြာမကြာလာနေရင်း ကလေးဝေယျာဝစ္စတွေကြောင့်စိတ်မချဘူးဟုဆိုကာ မပြန်တော့ပဲအတူတူနေတာမို့ သူ့ကို အမေဘယ်လောက်ချစ်မှန်း သူအသိဆုံးပင် ။ ဒါပေမယ့် အမေက သူ့ကို သိပ်မကြည့်သလို ခံစားရတော့လည်း သူစိတ်မကောင်း။

ပြန်ခါနီးကျတော့ အကိုကြီးက သူ့ပခုံးကိုဖက်ကာ ခပ်တိုးတိုးပြောသွားသည် ။

“မင်း အမေ့မေတ္တာနဲ့ နယ်ထားတဲ့ ထမင်းကို ကြိတ်မှိတ်စားသင့်တယ် ငါ့ညီ”

အကိုကြီးမျက်နှာကိုကြည့်ပြီး သူ ဘာစကားမှ မဆိုမိ ။

ဒီလောက်ငန်တဲ့ထမင်းကို ဘယ်လိုလုပ်စားမလည်းဟုသာ စိတ်ထဲက စောဒဂတက်မိသည် ။  အကိုကြီးကလည်း သူတို့ကို ဘာစကားမှ ဆက်မပြောတော့ ။အမေ့ကိုသာ အငှားကားပေါ်တင်ပြီး သူ့အိမ်ပြန်သွားသည် ။

“တော်ပါသေးရဲ့ ၊ရှင့်အကိုသာလာမခေါ်ရင် ကျွန်မလည်း ဖုန်းဆက်ပြောမိတော့မှာ။ သူကလူလွတ်မို့ ပြသနာမရှိဘူး ၊အမေဒီလို ဖြစ်နေတာကြာလာလေ ကျွန်မတို့နဲ့အဆင်မပြေဖြစ်လေ ဖြစ်တော့မှာ”

“အဲ့လိုတော့ မပြောပါနဲ့မိန်းမရယ် ၊အမေလည်းသူတာဝန်ယူနိုင်တဲ့အချိန်က အားလုံးလုပ်ပေးခဲ့တာပဲမဟုတ်လား”

“အမလေး….. ကိုမျိုးချစ်။ အမေကိုထိလို့ကိုမရပါလား။ကျွန်မက အဖြစ်ပြောတာပါတော်။ကျုပ်လည်း ယောက္ခမကို ချီးကလူသေးကလူ ပြုစုရတာ ပါပဲ၊ကိုယ့်မအေတောင်လုပ်ပေးခွင့်ရတာမဟုတ်ဘူး”

မိန်းမဖြစ်သူကိုကြည့်ပြီး သူစိတ်ပျက်စွာခေါင်းယမ်းမိသည်။ ထိုနေ့ကစပြီး အမေရော အကိုကြီးပါ သူ့အိမ်ကို သိပ်မလာတော့ ။

သူလည်း အမေ့ဆီကို မရောက်ဖြစ်တော့ ။

တခါတလေ သွားကန်တော့လျှင်တော့ သနပ်ခါးတွေဖွေးနေအောင်လိမ်းထားသောအမေက ပြုံးပြုံးကြီး ဆုတွေပေးသလို ပျော်နေဟန်ကလည်းအတိုင်းသားပင်။

အကိုကြီးကတော့ အမေ့ဆီမကြာမကြာလာဖို့ သတိပေးရှာသည်။

“အမေ ငယ်မူပြန်ချင်နေသည်”ဟုလည်း ခပ်တိုးတိုးသတင်းပေးပေမယ့် အစိုးရဝန်ထမ်းဖြစ်သူ သူ့မှာ အမြဲမရောက်နိုင်။

ဒါပေမယ့်အမေကတော့ သူလာခြင်းမလာခြင်းကို စောင့်ဆိုင်းမနေတော့ ။အိပ်ယာထဲလှဲနေရင်း ဦးဏှောက်သွေးကြာပြတ်ကာ နှုတ်ဆက်သွားလေတော့သည်။

——————————————–

မျက်နှာပေါ်တဖွဲဖွဲနှင့် မသိမသာစင်သောအထိအတွေ့ကြောင့် သူ အိပ်ယာက လန့်နိုးလာသည်။ မိုးကလည်းသည်းလိုက်တာဟုတွေးရင်း ပွင့်နေသောပြတင်းပေါက်ကို တယောက်ယောက်များလာပိတ်မလားဟု မသိမသာမျှော်နေပေမယ့် တအိမ်လုံး ဘာသံမှမကြားရတာကြောင့်သူ စိတ်လျှော့လိုက်သည်။ ပြတင်းပေါက်တံခါးကိုလေတိုးသံနှင့်အတူ မိုးက တရစပ်ပက်လာသော့ကြောင့် သူ့အောက်ပိုင်းတစ်ခုလုံး စိုထိုင်းလို့လာသလို အပေါ့သွားချင်စိတ်တွေကလည်းထိန်းမရအောင်ဖြစ်၍လာလေသည်။ မဖြစ်။ အိပ်ယာထဲဆီးသွားလို့မဖြစ် ။ အိပ်ယာခင်းစိုထိုင်းထိုင်းနှင့်သူမနေနိုင်။ ဘယ်သူကမှလည်း တခုတ်တရ လာလဲပေးမှာမဟုတ်။ ကိုစိုးမောင် အတင်းချုပ်တီးထားသည့်ကြားမှ ဆီးကထိန်းမရပဲ ထွက်ကျလေတော့သည်။

“………..”

လေဖြတ်ထားသဖြင့် ဝူးဝူးဝါးဝါးဖြစ်နေသောသူ့အော်သံက မိုးသံတွေကြားမှာ ပျောက်သွားလေသဖြင့် ဆက်ပြီးကြိုးစားမနေတော့။ ဝမ်းနည်းစိတ်က လှိုက်ကနဲတက်လာသလိုမိန်းမဖြစ်သူရဲ့မျက်နှာကိုလည်း ပြေးမြင်မိသည်။တဖန် သမီးဖြစ်သူအိအိရဲ့ ငြူစူသံ၊ သားမက်ဖြစ်သူရဲ့ နင်ပဲငဆပြောသံတွေကို နားထဲကြားမိပြန်သည်။ “အမေ့ဝဋ်တွေလည်နေပါပြီ အမေရယ်”ဟု စိတ်ကတွေးရင်း အကိုကြီးမဆုံးခင်ပြောခဲ့သောစကားကိုကြားကာ ဝမ်းနည်းစွာ ငိုမိတော့သည်။

“ဒီတံမြက်စည်းကိုကြည့် ငါ့ညီ ၊အသစ်တုန်းကမင်းအိမ်ရှေ့ခန်းမှာထားတယ်၊ ကြာလာတော့ အမွှေးတွေတုံးလာပြီးလှဲမကောင်းတော့ဘူး။အဲ့တော့ နောက်ဖေးမှာလှဲပြီး အိမ်ရှေ့အတွက်အသစ်ဝယ်တယ်။အဲ့တံမြက်စည်းလည်းဟောင်းလာရင် မင်းနောက်ဖေးပို့ဦးမှာပဲ။ နောက်အသစ်ဝယ်ဦးမှာပဲ။အဲဒီအသစ်ကလည်း တနေ့ကျ ဟောင်းလာဦးမှာပဲ …သံသရာဆိုတာ လည်နေတာငါ့ညီ ။ဒါကြောင့် မင်းတို့တွေ အမေ့အပေါ် နိုင့်ထက်စီးနင်းကြီးမပြောပါနဲ့ ကွာ….။မိဘဆိုတာ အစားထိုးစရာလည်းမရှိဘူး။ရှိနေတုန်းကျေးဇူးဆပ်ခွင့်ရတာ..ဝအောင်ဆပ်ကြပါ ။ မင်းတို့တွေလည်း အိုကြ နာကြဦးမှာပဲ။ တနေ့ကျရင် အသစ်မှန်သမျှဟောင်းကြရတာပါ ။မင်း တရားရစမ်းပါ”

“ကျွန်တော်တရားတွေလည်းကျ ၊ တရားတွေလည်းရပါပြီ အကိုကြီးရယ်။ သေမင်းရယ်…..ကျွန်တော့ကို မြန်မြန်သာလာခေါ်ကြပါတော့ ”

#အမေ
#အညို

*ဆရာအညို အား လေးစားစွာဖြင့် Credit ပေးပါသည်။