အမျှရကြပါစေ

အမျှရကြပါစေ (စ-ဆုံး)
———————

ကျွန်မတို့မြို့လေးကတောင်ပေါ်မြို့လေးဆိုတော့ဒီလိုဆောင်းရောက်ချိန်ဆိုမြူတွေနှင်းတွေကျလွန်းလို့တခါတခါဘေးပတ်၀န်းကျင်ကိုတောင်မမြင်ရပါဘူး။

ကျွန်မကရုံးတစ်ရုံးမှာစာရင်းကိုင်လုပ်တော့ညနေငါးနာရီမှအလုပ်ဆင်းရပါတယ်။

တခါတလေစာရင်းစစ်စရာရှိတာမျိုး၊လချုပ်စာရင်းမျိုးလုပ်ရတဲ့နေ့ဆိုညခြောက်နာရီ၊ခုနှစ်နာရီမှပြန်ရတတ်တယ်။

ကျွန်မတို့ရုံးကလုံးချင်းအိမ်တစ်အိမ်ကိုငှားထားပြီးရုံးမှာစာရင်းကိုင်မိန်းကလေးနှစ်ယောက်၊ ငွေကိုင်နှစ်ယောက်နဲ့ ကျန်တဲ့သုံးယောက်ကယောကျာ်လေးတွေပါ။ယောကျာ်းလေးသုံးယောက်ကတော့ရုံးမှာညအိပ်ကြတာပေါ့ရှင်။

ကျွန်မတို့ရုံးကအဲ့ဒီအိမ်ကိုငှားထားတာတစ်ပါတ်လောက်ပဲရှိပါသေးတယ်။အရင်ရုံးကငှားရမ်းခစျေးမြင့်လို့ဆက်မငှားတော့ပဲအခုလုံးချုင်းနှစ်ထပ်တိုက်လေးကိုငှားလိုက်တာပါ။

တစ်ပါတ်လောက်ရောက်တော့ညအိပ်စောင့်တဲ့ကောင်လေးတွေကပြောကြတယ်။

သရဲခြောက်တယ်ဆိုပြီး..။ကျွန်မကသရဲဆိုတာအယုံအကြည်မရှိဘူးလေ။သူတို့ကိုလျှောက်မပြောပါနဲ့လို့ပြောတော့…သူတို့သုံးယောက်က အစ်မရယ်..တကယ်ခြောက်ခံရတာပါတဲ့။ဘယ်လိုခြောက်လဲလို့မေးတော့…..။

သူတို့သုံးယောက်ညအိပ်နေတာမနက်ရောက်တော့လှေကားရင်းနားရောက်နေတယ်တဲ့။

ကျွန်မလည်းရယ်ချင်မိတယ်။ဒါမျိုးတွေရိုးနေပြီ..လာနောက်မနေကြနဲ့လို့…။

နောက်ရက်ရောက်တော့သူတို့သုံးယောက်လုံးမနေရဲတော့ဘူးလို့လာပြောတယ်။ကျွန်မကနောက်နေတယ်ပဲထင်ခဲ့မိတာ။

” နင်တို့မနေချင်ရင်ဂျာကြီးဆီကိုယ်တိုင်ပြောကြ.. ” လို့ပဲပြောလိုက်တယ်။

သူတို့သုံးယောက်ကတကယ်ပဲမန်နေဂျာဆီဖုန်းဆက်ပြီးမနေရဲတော့တဲ့အကြောင်းပြောလိုက်တယ်တဲ့။

မန်နေဂျာလည်းဒါဆိုရန်ကုန်ရုံးကလူနဲ့ချိန်းပေးမယ်..ဒါပေမယ့်နှစ်ပါတ်လောက်တော့ဆက်နေရဦးမယ်လို့ပြောလာတယ်ပေါ့…။

သုံးယောက်သားမျက်စိမျက်နှာပျက်ပြီးစိတ်ဓါတ်တွေကျနဲ့..ကျွန်မကိုအကူအညီလာတောင်းကြတော့တယ်။

” အစ်မ..ကျွန်တော်တို့တော့ဒီမှာဆက်မနေရဲတော့ဘူး..။ညညဆိုတအားခြောက်တယ်ကျွန်တော်တို့ကိုအကြံပေးပါဦး..”

ကျွန်မလည်းရုံးထဲအပြင်လူခေါ်ပေးမအိပ်ရဲတဲ့အကြောင်း..၊ကြောက်စရာမလိုကြောင်း..၊နှစ်ပါတ်လောက်တော့သည်းခံပြီးနေပေးဖို့အကြောင်းပဲပြောပြီးအားပေးရတော့တာပေါ့။

ဒါနဲ့သူတို့က အစ်မတို့လေးယောက်ဖြစ်နိုင်ရင်ညနဲနဲနောက်ကျမှပြန်ပေးပါလားလို့အကူအညီတောင်းလာတော့ကျွန်မတို့လေးယောက်ထဲကနှစ်ယောက်ကပြန်ရတာဝေးလို့အဆင်မပြေဘူးတဲ့။

ဒါနဲ့ကျွန်မနဲ့ငွေကိုင်ကောင်မလေးတစ်ယောက်နဲ့နှစ်ယောက်ပဲနဲနဲနောက်ကျမှပြန်ပေးပါ့မယ်လို့ပြောပြီးကူညီပေးရတော့တယ်။

ကျွန်မတို့မိန်းကလေးနှစ်ယောက်ကဆိုင်ကယ်တစ်ယောက်တစ်စီးနဲ့ဆိုတော့ပြန်ရတာအဆင်ပြေတော့နောက်ကျမှပြန်ပေးကြတာပေါ့။

ဒီညတော့အဆင်သင့်မဖြစ်လို့မနက်ဖြန်ညကစပြီးညရှစ်နာရီခွဲထိစောင့်ကူမယ်လို့ပြောခဲ့ရတယ်။သူတို့သုံးယောက်ကတော့တရားခွေတွေဖွင့်ပုတီးတွေစိပ်နဲ့ခုမှဘုရားတရားတွေလုပ်ဖြစ်နေလိုက်ကြတာလို့နောက်လိုက်သေးတယ်။

နောက်နေ့မနက်ရောက်တော့သူတို့သုံးယောက်ကညမအိပ်လို့နေ့လည်နားတဲ့အချိန်အိပ်နေကြတာသိုးလို့..။ကျွန်မလည်းအနောက်သွားချင်လို့တစ်ယောက်တည်းပျာယာပျာယာနဲ့ထွက်လာခဲ့မိတယ်။

အိမ်သာကအိမ်ရဲ့အပြင်ခြံထဲမှာလေ။ကျွန်မတံခါးဖွင့်ဖို့လက်လှမ်းရုံပဲရှိသေးတယ်အိမ်သာတံခါးကလူထွက်လာသလိုအလိုလိုပွင့်လာတော့အံ့သြပြီးငေးနေမိတော့တာပဲ…။

ဒါပေမယ့်ကျွန်မကသိပ်မကြောက်တတ်တော့လေတိုက်တာတံခါးချောင်နေတာလို့ပဲတွေးလိုက်တယ်။ဒီလိုနဲ့ညနေရောက်လာတော့ကောင်မလေးနှစ်ယောက်ကပြန်ကြပြီ။

ကျွန်မတို့ငါးယောက်ပဲကျန်တော့တယ်။ကျွန်မတို့လည်းအလုပ်တွေသိမ်းပြီးဟိုဟိုဒီဒီဝိုင်းဖွဲ့လို့စကားတွေပြောနေကြတာပေါ့။

ရယ်လိုက်မောလိုက်သူတို့အကြောက်ပြေအောင်ဟာသတွေပြောလိုက်နဲ့တဝါးဝါးပွဲကျနေလိုက်တာညရှစ်နာရီထိုးတောင်ထိုးလာပြီ။

ကျွန်မနဲ့ငွေကိုင်ကောင်မလေးနဲ့ပြန်ဖို့ထမင်းချိုင့်တွေအိတ်တွေထယူပြီးဆိုင်ကယ်ရပ်ထားတဲ့နေရာနားအရင်ထားထားလိုက်တယ်။

ထမင်းချိုင့်ကိုဆိုင်ကယ်ပေါ်တင်ခဲ့ပြီးသူတို့သုံးယောက်ကိုနှုတ်ဆက်ရင်းကျန်တဲ့ပစ္စည်းတွေ၀င်ယူလိုက်တာပေါ့။

သုံးယောက်သားအားငယ်တဲ့မျက်နှာလေးတွေနဲ့ကျွန်မတို့ရပ်ထားတဲ့ဆိုင်ကယ်နားလိုက်ထွက်လာကြတယ်။

အဲ့မှာငွေကိုင်ကောင်မလေးထမင်းချိုင့်ကပွင့်လျှက်သား…။

ကျွန်မတို့အကုန်အံသြသွားကြတာပေါ့။

ဘယ်လိုလုပ်ထမင်းချိုင့်ကြီးကပွင့်နေရတာလဲဆိုပြီး..။

ဟိုကောင်လေးသုံးယောက်ကတော့မျက်နှာမှာသွေးမရှိတော့ဘူး။

ကျွန်မတို့မိန်းကလေးနှစ်ယောက်ကမကြောက်တတ်ပေမယ့်နဲနဲတော့သံသယ၀င်လာပါပြီ။

ဒါပေမယ့်သူတို့ကြောက်နေမှာစိုးလို့ဘာမှပြောမနေပဲထမင်းချိုင့်ပြန်ဆင့်ပြီးနှစ်ယောက်တူတူပြန်လာကြတယ်။

ကျွန်မကရှေ့ကငွေကိုင်ကောင်မလေးကနောက်ကလိုက်မောင်းတယ်။လမ်းဆုံရောက်တော့သူနဲ့ကျွန်မလမ်းခွဲရတော့မှာဆိုတော့သူကဟွန်းတီးနှုတ်ဆက်ရင်းကျွန်မဆိုင်ကယ်ကိုကျော်တက်ပြီးတောင်ဘက်ကိုချိုးတော့မှာ…။

ဒါပေမယ့်ကျွန်မဆိုင်ကယ်ကိုသူကျော်တက်တော့ကျွန်မသူ့ကိုလှမ်းကြည့်လိုက်တာခေါင်းနပန်းတွေကြီးပြီးအာခေါင်တွေခြောက်ကပ်လာတယ်..။

ပြောရင်းနဲ့ကြက်သီးတွေထလာမိတဲ့အထိပါပဲ။လူလည်းဆိုင်ကယ်လီဗာကိုတင်ပြီးအိမ်ပြေးပြန်တော့တာပဲ…။

နောက်ကိုတောင်မလှည့်ကြည့်ရဲတဲ့အထိပါ။ကျွန်မတွေ့လိုက်တာကငွေကိုင်ကောင်မလေးဆိုင်ကယ်နောက်မှာလူတစ်ယောက်..။

သူ့ကိုကျောပေးပြီးပြောင်းပြန်ထိုင်လိုက်သွားတာ…ကျွန်မကိုရယ်ပြနေတယ်လေ..။

မြူတွေကလည်းကျလမ်းကလည်းမှောင်မည်းနေတော့ဖြတ်သွားတဲ့အချိန်လေးပဲမြင်မိလိုက်တာပါ။

ကျွန်မတစ်ကိုယ်လုံးတုန်နေပြီ။အိပ်ကိုဘယ်လိုရောက်သွားမှန်းတောင်မမှတ်မိတော့ပါဘူး။

အိမ်ရောက်တော့အိမ်ရှိလူအကုန်အော်ခေါ်ပြီးပြန်ပြောပြနေတုန်းတစ်အိမ်လုံးအပုပ်နံ့တွေနံလိုက်တာ..။အမေကအမျှပေးလိုက်မှအနံ့တွေပျောက်သွားတော့တယ်။

နောက်နေ့ရုံးရောက်တော့ငွေကိုင်ကောင်မလေးမလာဘူး။ကျွန်မမနေ့ညကသူ့နောက်ပါ

သွားတာတွေ့လိုက်ရတော့သူ့ကိုစိတ်ပူပြီးသူ့အိမ်ဖုန်းဆက်တော့ဆိုင်ကယ်မှောက်လို့ဆေးရုံရောက်နေတယ်လို့သိရတာနဲ့ဆေးရုံလိုက်သွားကြည့်တာပေါ့…။

ဆေးရုံရောက်တော့သူကခြေထောက်ပဲထိသွားလို့တော်ပါသေးတယ်။

သူပြောပြတာကသူကျွန်မနဲ့လမ်းခွဲပြီးမကြာဘူးသူ့နောက်မှာယောကျာ်းတစ်ယောက်ရယ်နေသံကြားလို့လှည့်ကြည့်လိုက်တာဘယ်သူ့မှမရှိဘူးတဲ့။

နောက်ထပ်တခါရယ်သံကြားလို့ထပ်လှည့်ကြည့်လိုက်တော့သူ့ကိုကျောပေးထားတဲ့ယောကျာ်းတစ်ယောက်ကိုတွေ့လိုက်လို့လန့်ပြီးဆိုင်ကယ်မထိန်းနိုင်ပဲမှောက်တော့တာပဲတဲ့။

သူကံကောင်းတာကသူမှောက်တဲ့နေရာမှာဂစ်တာတီးနေတဲ့ကောင်လေးတွေရှိလို့သူ့ကိုကူညီပြီးဆေးရုံလိုက်ပို့ပေးတာပါတဲ့။

ကျွန်မလည်းတော်တော်ထိတ်လန့်သွားပြီးမန်နေဂျာဆီဖုန်းဆက်ပြောပြတော့အလှူအဒါန်းလေးလုပ်ပြီးအမျှဝေပေးလိုက်ပါဆိုတာနဲ့ရုံးရှိတဲ့လူနဲ့ပဲဘုန်းကြီးငါးပါးပင့်ဖိတ်ပြီးတော့
အမျှအတန်းပေးဝေလိုက်ပါတယ်။

အမျှဝေတော့အိမ်ထဲကနေအသံမျိုးစုံထွက်လာတော့တာပါပဲ။ကျွန်မတို့လည်းကြောက်တော့အနောက်ကိုလှည့်မကြည့်ရဲကြပါဘူး။

အမျှဝေသံအဆုံးမှာတော့အသံတွေကတဖြည်းဖြည်းတိတ်သွားပြီးထပ်မကြားရတော့တာယနေ့ထိတိုင်ပါပဲရှင်။

သော်တာလမင်းစန္ဒာ