အမျှလိုချင်သူ
******
ဘော်ဒါဆောင်မှာ ခြေသံနဲ့ ခြောက်လှန့်မှုကြုံပြီးတဲ့နောက်ပိုင်း ညိုတစ်ယောက် ဘုရားတရားပိုပြီး လုပ်ဖြစ်လာတယ်။
ညစဥ် ဓမ္မစကြာရွတ်အမျှဝေပြီးမှ အိပ်တယ်။
ကလေးတွေ ညစာကျက်ဝိုင်းကို အလယ်က ထမင်းစားဆောင်မှာ ကျက်စေပြီး မိန်းခလေးအဆောင်မှာတော့ ရွာထဲက အပြင်ဖြေ ကလေး ခုနစ်ယောက် စာကျက်ကြတယ်။
ကျောင်းက အထက်တန်းပြတွေအလှည့်ကြ လာသင်ကြတာမို့ မူလတန်းပြ ဆရာမ ညိုတစ်ယောက် အားလပ်နေတာပေါ့။
အပြင်ဖြေကလေးတွေကိုတော့ လယ်ပြဆရာမတွေ ကူသင်ပေးကြတယ်။
ညိုက တစ်ခါတစ်ရံမှသာ စာကြည့်ပေးရတာပါ။
ညိုက အသက်ငယ်တော့ အပြင်ဖြေကလေးတွေနဲ့ အသက်က မတိမ်းမယိမ်းပဲ။
ဒါပေမဲ့ရွာက ကလေးတွေက ဆရာမ ကိုအရမ်းလေးစားကြတာ။
ညိုတို့ရွာက မီးစက်က ၈နာရီခွဲလောက်အထိပဲ စက်မောင်းပေးတယ်။
အဲ့ဒီအချိန်ပြီးနောက်ပိုင်းကလေးတွေက ဖယောင်းတိုင်မီးနဲ့ပဲ စာကြည့်ကြရတာ။
တစ်ရက်တော့ အခန်းထဲမှာ ညိုတစ်ယောက်တည်းရှိနေချိန် ဘုရားမီးပူဇော်ပြီး ဘုရားရှိခိုးဖို့လုပ်နေတုန်း နေ့စဥ်မှတ်တမ်းရေးဖို့သတိရသွားတယ်။
တနင်္လာနေ့မှာ သင်ခန်းစာပြင်စဥ်မှုစာအုပ်ကို ကျောင်းအုပ်ဆရာကြီးဆီတင်ပြရပြီး သောကြာနေ့ မနက်မှာတော့ နေ့စဥ်မှတ်တမ်း စာအုပ်တင်ရတယ်။
ညိုကကြာသပတေးညမို့ မီးမဖြတ်ခင် နေ့စဥ်မှတ်တမ်းရေးမယ်ဆိုတဲ့ အသိကြောင့် ဘုရားမီး ပူဇော်မယ်လုပ်ပြီးမှ ဖယောင်းတိုင်ပြန်ငြိမ်းလိုက်တယ်။
အဲလိုလဲ ငြိမ်းလိုက်ရော ညိုရဲ့အရှေ့ဘက်ကပ်လျက် မှန်ပြတင်းပေါက်ကို လက်နဲ့ခပ်ပြင်းပြင်းသုံးချက်တိတိပုတ်သံကြားလိုက်တယ်။
ညိုလည်း ကလေးတွေလာစတယ် ထင်လို့ ချက်ချင်းပြတင်းပေါက်ဖွင့်ပြီး
“ငါ့ကို လာမစနဲ့ ငါမကြောက်ဘူး”
လို့ အော်ပြောလိုက်တယ်။
အပြင်ဝိုင်းကိုထွက်ကြည့်တော့ ကလေးတွေ ခုနစ်ယောက်လုံး စာသင်နေတယ်။
ညိုလဲ စိတ်ကပေါက်တာနဲ့ ထမင်းစားဆောင်ဖက်ထွက်လာတယ်။
အဲဒီနေ့က ဘောဂသင်နေကြတာ ။
ဘောဂဆရာမကို ခွင့်တောင်းပြီး အစောတုန်းက အပြင်သွားတဲ့ ကလေးရှိမရှိ မေးကြည့်တော့ ဆရာမကိုယ်တိုင်ရော ကျောင်းသားကျောင်းသာတွေ ကိုယ်တိုင်ပါ တစ်ဦးတစ်ယောက် မှ မထွက်ကြဘူးလို့ ဖြေကြတယ်။
အဲဒီအခါမှ ညိုစဥ်းစားမိလိုက်တာက ဘုရားရှိခိုးမယ့် အချိန်ကို စောင့်နေတဲ့ မမြင်ရတဲ့ အရာက ဘုရားရှိခိုးမယ်လုပ်ပြီးမှ ရှိမခိုးဖြစ်လို့ တံခါးကို လာရိုက်တာနေမှာ ဆိုတာတွေးမိတယ်။
ညိုလည်းချက်ချင်းဘဲ ဘုရားမီး ပူဇော်ပြီး ဘုရားရှိခိုး အမျှဝေလိုက်တယ်။
အဆောင်က ဆရာမတွေကို ပြောတော့ မယုံကြဘူး။
ညိုကလုပ်ကြံပြောတယ်ပဲ ထင်ကြတယ်။
ညိုလဲ ဆက်ရှင်းပြမနေ ပါဘူး။
ကလေးတွေကိုတော့ မပြောပြဘူး ကြောက် မှာစိုးလို့ပေါ့။
အဲလိုနဲ့ နောက်တစ်ညမှာတော့ ညိုဘုရားရှိခိုးမို့ ဖယောင်းတိုင်ထွန်းနေတုန်း ထက်ပြဆရာမတစ်ယောက် စကားလာပြောတော့ အားနာလို့ ဖယောင်းတိုင်မီးမှုတ်လိုက်တယ်။
အဲဒီခါမှာပဲ ညို့ဘေးက ပြတင်းပေါက်မှန်ကို ခဲလုံးသေးသေးလေးတွေနဲ့ ပစ်တယ်။
ခဲလုံးနဲ့ မှန်နဲ့ထိသံ “တ တင် တင်”နဲ့ပေါ့။
အဲဒါမှ ထက်ပြဆရာမက
“ညို ဘာဖြစ်တာလဲ”လို့
ပြူးပြူးပြာပြာမေးတော့ မှ ညိုလဲရှေ့ရက်က အဲလိုဖြစ်တဲ့ အကြောင်းကုန်စင်ပြောပြလိုက်တယ်။
အဲဒီအခါမှသူကယုံပြီး
“ဘုရားရှိခိုးတော့ မြန်မြန်ဘုရားရှိခိုးတော့”
လို့ ညို့ကိုပြောပြီး အခန်းထဲက ထွက်သွားတယ်။
ညိုလဲ ချက်ချင်းပဲ ဘုရားမီးပူဇော် ဘုရားရှိခိုးပြီး အမျှဝေလိုက်တယ်။
ဘုရားရှိခိုးပြီးသွားလဲ အဲဒီဆရာမ ညို့ဆီစကားလာမပြောတော့ဘူး။
သူဘာပြောမယ်ဆိုတာတောင် သတိရမယ်ပုံ မပေါ်တော့ဘူးလေ။
နောက်ထပ်ရေးမှာလေးတွေကိုလဲ အားပေးကြပါဦးနော်။
စာရေးသူ Nan kyarnyo