အမျှဝေသံ

အမျှဝေသံ (စ/ဆုံး)

————-

ချောင်းရေစီးသံနှင့်အတူ အုပ်လိုက် မြူးနေသည့်
ငါးအုပ်ကြီး။တဝုန်းဝုန်း ။ တဗွမ်းဗွမ်း အသံကို
ကြားနေရဆဲဖြစ်သည်။ ကိုပိန် ငါးအုပ်ကြီးကို
ကြည့်ပြီး ရင်တဒိန်းဒိန်း ခုန်သွားမိသည်။

“ငါး…ငါး…ငါးတွေ”

ကိုပိန် ထူးထူးခြားခြား တွေ့လိုက်ရသည့်
ငါးအုပ်ကြီးကို ကြည့်ပြီ ပါးစပ်က အသံပင်
ထွက်သွားမိသည်။

“ကိုပိန်…ကိုပိန်…ဘာဖြစ်တာလဲ သတိထားပါဦး”

ကိုပိန်ဇနီးဖြစ်သူ မသီ၏ စိုးရိမ်တကြီး အသံနှင့်အတူ
လှုပ်နှိုးလိုက်မှ ဖျပ်ခနဲ လန့်နိုးသွားသည်။

သည်တော့မှ ကိုပိန် မိမိအဖြစ်ကို ပြန်တွေးကြည့်မိသည်
ခုတလော ကိုပိန် ရက်ဆက်ပင် ထူးထူးခြားခြား ငါးအုပ်ကြီးကို
အိပ်မက် မက်နေခြင်းဖြစ်သည်။

“ကိုပိန် အိပ်မက် မက်နေတာနဲ့ တူတယ်”

“ဟုတ်တယ် မသီ အိပ်မက်ထဲက ငါးအုပ်ကြီးကို
တွေ့တိုင်း ငါ့သူငယ်ချင်းဖိုးစီကို သတိရမိတယ်
ဟာ…ဒီကောင်ကြီး ခုဆို ဘယ်ဘဝရောက်နေမှန်း
မသိတော့ဘူး”

ကိုပိန် အိပ်မက်နှင့်အတူ သူငယ်ချင်းဖိုးစီအဖြစ်ကို
ပြန်သတိရပြီး စိတ်မကောင်းဖြစ်သွားမိသည်။
ကိုပိန်နှင့်ဖိုးစီက ငယ်စဉ်ကတည်းကစပြီး
အရွယ်ရောက်သည်အထိ ငါးရှာ ဖားရှာ
ကျွမ်းကျင်ကြသည်။

ဖိုးစီက ပိုပြီးကျွမ်းကျင်သည်။ငါးဖမ်းရာတွင်
ငါးမျှားတံမလို ပိုက်ကွန်မလို။ချောင်းထဲတွင်
ရေငုတ်ပြီး ငါးဖမ်းခြင်းဖြစ်သည်။

တစ်နေ့ ချောင်းထဲတွင် ဖိုးစီ ရေငုပ်ပြီး ငါးရှာရင်း
သစ်ငုတ်နှင့်ငြိပြီး အသက်ဆုံးပါးခဲ့ခြင်း ဖြစ်သည်။
သည်ကတည်းက ကိုပိန် ငါးဖားမရှာခဲ့တော့ပေ။
ခုတော့ ကိုပိန် ထူးထူးခြားခြား ငါးအုပ်ကြီးကို
အိပ်မက် မက်နေခြင်းက စဉ်းစားမရနိုင်အောင်
ဖြစ်နေမိသည်။

“ငါ…အိပ်မက်ထဲမှာ တွေ့တဲ့ ငါးအုပ်ကြီးရှိတဲ့နေရာကို
ငါသိနေသလိုပဲ မသီ ။ ငါ ဒီည အခြေအနေသိရအောင်
သွားကြည့်ဦးမယ်”

“ကိုပိန်…တစ်ယောက်တည်းသွားလို့ ဖြစ်ပါ့မလားတော်”

ကိုပိန် ဇနီးသည်မသီ၏ စိုးရိမ်တကြီးစကားသံနှင့်အတူ
ဖိုးစီမျက်နှာကို အလိုလိုမြင်ယောင်သွားမိသည်။

“မစိုးရိမ်ပါနဲ့ မသီရာ ဒီနေရာတွေက ငါနဲ့ဖိုးစီ ဟိုတုန်းက
သွားနေကျ လာနေကျ နေရာတွေပါ ”

ကိုပိန် ဇနီးသည်မသီကို ပြောပြီး တဲအပြင်သို့
ထွက်ကြည့်လိုက်သည်။တဖြည်းဖြည်း နက်ရှိုင်း
လာသည့် ညအမှောင်ထု။ကွင်းတစ်လုံး
ဖုံးလွှမ်းနေဆဲဖြစ်သည်။ကိုပိန် ညအမှောင်ထုကို
ကြည့်ရင်း ဖိုးစီကို သတိရသွားမိသည်။

ဖိုးစီရှိစဉ်က ချောင်းမြောင်းအနှံ့ မြွေမကြောက်
ကင်းမကြောက် နှစ်ယောက်သား ငါးဖားရှာခဲ့သည့်
အဖြစ်များ။ကိုပိန် တွေးရင်း အိပ်မက်ထဲတွင်
တွေ့ခဲ့ရသည့်ချောင်းနှင့် ငါးအုပ်ကြီး။
ကိုပိန် ငါးအုပ်ကြီးကို တွေ့လိုဇောဖြင့်
ချောင်းရိုးဆီသို့ လှမ်းနေမိသည်။

“ဝုန်း…”

“ဗွမ်း…ဗွမ်း…”

ရုတ်တရက် ကြားလိုက်ရသည့် ငါးပွက်သံများကြောင့်
ကိုပိန် ချောင်းရိုးဘေးအရောက် ခြေလှမ်းများ
တုန့်ခနဲ ရပ်သွားမိသည်။ကိုပိန်နားစွင့်ကြည့်လိုက်သည်။
ချောင်းရိုးအနှံ့ ငါးများ မြူးနေသည့်အသံက
ဆက်တိုက်ပေါ်လာသည်။

“ငါ …အိပ်မက်ထဲမှာ တွေ့ရတဲ့ ချောင်းရိုးပါလား
ဒါဆို ငါးအုပ်ကြီးကို တွေ့မှာ သေချာတယ်”

ကိုပိန် တွေးပြီး သေချာစေရန် လက်နှိပ်ဓါတ်မီးဖြင့်
လှမ်းထိုးကြည့်လိုက်သည်။ လမုပင်နှင့် ဓနိပင်များ
အုပ်ဆိုင်းနေသည့် ချောင်းရိုးကွေ့။

ကိုပိန်လက်နှိပ်ဓါတ်မီးရောင်ဖြင့် ရုတ်တရက်
တွေ့လိုက်ရသည်။ဝိုးတဝါးသဏ္ဌာန်တစ်ခု။
ကိုပိန်ကြည့်ရင်း ရင်အလိုလို ထိတ်သွားမိသည်။

မကြာမီ လမုပင် ဓနိပင်များကို တိုးဝှေ့သံပေါ်လာပြီး
ချောင်းထဲသို့ တဗွမ်းဗွမ်းခြေသံနှင့် ဆင်းသွားသည်ကို
ကြားလိုက်ရသည်။

“ဒီလူ ချောင်းရိုးထဲကို ဆင်းပြီး ငါးရှာတဲ့သူပဲ ဖြစ်မယ်”

ကိုပိန်တွေးရင် ချောင်းရိုးကွေ့ဘေးရှိ လမုပင်ဘေးတွင်
ရပ်ပြီး အခြေအနေကို စူးစမ်းကြည့်လိုက်မိသည်။

“ဘုတ်…”

ကိုပိန် လမုပင်ဘေးတွင် ရပ်နေစဉ် ရုတ်တရက်
ကြားလိုက်ရသည့်အသံကြောင့် ရင်တုန်သွားသည်။
ကိုပိန် ကမန်းကတန်းပင် အသံကြားရာဆီသို့
လက်နှိပ်ဓါတ်မီးဖြင့် ထိုးကြည့်လိုက်သည်။

ကိုပိန်လက်နှိပ်ဓါတ်မီးအလင်းရောင်အောက်တွင်
လူးလွန့်လှုပ်ရှားနေသည့် ငါးဘတ်ကြီးတစ်ကောင်။

“ဟင် ငါးဘတ်ကြီးပါလား”

ကိုပိန် ထူးထူးခြားခြား တွေ့မြင်လိုက်ရသည့်
ငါးဘတ်ကြီးကို ကြည့်ပြီး အံ့သြနေမိသည်။
ထိုစဉ် ဆက်တိုက်ပင် ချောင်းကမ်းပါးပေါ်သို့
ပစ်တင်နေသည့် ငါးမျိုးစုံ ။ ကိုပိန် ငါးမျိုးစုံကို
ကောက်ပြီး ပုံထားလိုက်သည်။

“ဟေ …ငါးဖမ်းတဲ့လူ ခင်ဗျား ငါးတွေ အများကြီး
ရနေပြီဗျ ။ ငါးဖမ်းတာ မရပ်သေးဘူးလား
ကျုပ်ပြန်တော့မယ်”

ကိုပိန် ချောင်းရိုးထဲတွင် ငါးဖမ်းပြီး ချောင်းကမ်းပါး
ပေါ်သို့ ငါးပစ်တင်နေသူကို လှမ်းပြောလိုက်သည်။
ကိုပိန်၏ စကားကို ကြားလိုက်ဟန်တူသည်။

ချောင်းထဲကလူ ငါးဖမ်းရပ်ပြီး ချောင်းကမ်းပါးပေါ်သို့
တက်လာသည့်ခြေသံကို ကြားလိုက်ရသည်။

ကိုပိန် ငါးဖမ်းသူကို သိလို၍ လက်နှိပ်ဓါတ်မီးဖြင့်
လှမ်းထိုးကြည့်လိုက်သည်။တစ်ကိုယ်လုံး
အမွေးအမျှင်များ ဖုံးလွှမ်းပြီး ပါးစပ်တွင်
ငါးတစ်ကောင် ကိုက်ထားသည်ကို တွေ့လိုက်ရသည်။
ကိုပိန် ဖျပ်ကနဲ သတိရသွားမိသည်။

“ဖိုးစီ …ဖိုးစီ…”

ကိုပိန်ခေါ်သံနှင့်အတူ ရုတ်ချည်းပင် ဓနိတောထဲသို့
ပြေးဝင်ပျောက်ကွယ်သွားသည်။ကိုပိန်မယုံနိုင်အောင်
ဖြစ်သွားမိသည်။

ဖိုးစီကို သည်လိုဘဝမျိုးနှင့် တွေ့ရလိမ့်မည်ဟု
မထင်ခဲ့။ ကိုပိန် ငါးမျိုးစုံကို ထုတ်ပြီး တဲဆီသို့
ပြန်လာမိသည်။

“ကိုပိန် ငါးတွေ အများကြီးပါလား။တော် အိပ်မက်ထဲမှာ
တွေ့ခဲ့တဲ့ငါးတွေ”

“မဟုတ်ဘူး မသီ ။ ငါ့သူငယ်ချင်း ဖိုးစီ ဖမ်းပေးလို့
ငါယူလာတာ…”

“ဟို…ဟို …ဟို …ကိုဖိုးစီ တော့်ကို ငါးဖမ်းပေးတာ”

ကိုပိန်စကားကြောင့် မသီ မယုံနိုင်အောင် ဖြစ်သွားမိသည်။
ကိုဖိုးစီက ဆုံးပါးခဲ့ပြီ မဟုတ်ပါလား။

“ဖိုးစီက သူ မကျွတ်မလွတ်တဲ့ဘဝ
ရောက်နေတာကို ငါသိအောင် အိပ်မက်ပေးပြီး
ငါးအုပ်ကြီးကို ပြနေတာမသီ။ ငါသွားတော့
ဖိုးစီက ချောင်းထဲက ငါးတွေကို ဖမ်းပြပေးတာ။
ငါမယုံတော့ သူ သရဲဖြစ်နေတာကို ပြပြီး
တောထဲကို ဝင်သွားတာ”

“ကိုပိန်က ဖိုးစီမှန်း ဘယ်လိုသိတာလဲ ပြောစမ်းပါဦး”

ဇနီးသည် မသီစကားကြောင့် ကိုပိန်လည်း ဖိုးစီ၏
ကြောက်ရွံ့စဖွယ် မျက်နှာကို မြင်ယောင်သွားမိသည်။

“ငါသိတာပေါ့ မသီရယ် ဖိုးစီက ငါးဖမ်းရင်
ပထမဆုံးရတဲ့ ငါးကို ပါးစပ်မှ ကိုက်ထားပြီး
ငါးရှာတာ ။ ခု သူ့ကို ငါတွေ့တော့ သူ့ပါးစပ်ထဲမှာ
ငါးကိုက်ထားတာ တွေ့ရတယ် အဲဒါကြောင့်
ငါ ဖိုးစီမှန်း သိခဲ့ရတာ ဖိုးစီကို ဒီဘဝကျွတ်လွတ်အောင်
ငါ ကုသိုလ်ပြုပြီး အမျှဝေရမှာ မသီ။ ဖိုးစီ သာဓုခေါ်မှာ
သေချာတယ်”

ကိုပိန် စကားပြောရင် တဲအပြင်သို့ ကြည့်လိုက်မိသည်။
ညအမှောင်ထုက ဖုံးလွှမ်းထားဆဲ ဖြစ်သည်။
ထိုညအမှောင်ထုနှင့်အတူ ဖိုးစီတစ်ယောက်
ချောင်းရိုးဘေးတွင် အမျှဝေသံ စောင့်စားနေမည်ကို
ကိုပိန်တစ်ယေက်က လွဲ၍…

ပြီးပါပြီ