အမှောင်တော

အမှောင်တော(စ/ဆုံး)

—————————————-

ခင်ခင်သန့်တို့မေမြို့ကို ပြောင်းလာတော့ အစိုးရ၀န်ထမ်းအိမ်လေးများတွင် နေရ၏။ ဌာနဆိုင်ရာ၀န်းဖြစ်သဖြင့် ၀န်းကျယ်ကြီးထဲ၀င်လာလျင် လမ်းမအတိုင်းမောင်းပြီး အရာရှိအိမ်တွေရှိသည့်ဘက်က ခင်တို့အိမ်ဖြစ်သည်။ ဆက်မောင်းသွားလျင် ရုံးတွေ၊မူလတန်းကျောင်း၊ ဆေးပေးခန်းနှင့် အရာထမ်းအိမ်တေွစသဖြင့်ရှိသည်။

ပြင်ဦးလွင်ခေါ်မေမြို့သည် ခင်ငယ်စဥ်ထဲကနေချင်သောမြို့လေးဖြစ်ခဲ့သည်။ ဘဂ်လားစစ်တပ်မှ ဗိုလ်မှူးကြီးမေကို အစွဲပြုခေါ်‌ေ၀ါ်ခဲ့သည် သည်မြို့လေးသည် လှပသာယာသောကြောင့် စိတ်ကူးယဥ်သမားလေးခင်တစ်ယောက် စိတ်ကူးယဥ်ခဲ့ရသောမြို့လေးဖြစ်ရာ မောင်တစ်ယောက် မေမြို့ပြောင်းရမည်ဆိုတော့ပျော်သွားသည်။ ရှမ်းစာလေးတွေစားမည်။ အနွေးထည်လှလှ၀တ်မည်။ ရန်ကုန်မှာက နွေလည်းနွေ၊ မိုးလည်းနွေ၊ ဆောင်းလည်းထူးမခြားနား အနွေးထည်လှလှဘယ်ခါမှ ၀တ်ရသည်မရှိခုတော့ ၀တ်ရတော့မည်။ အကြံကြီးသည့်ခင်ပင်ဖြစ်သည်။ သားနှစ်ယောက်တော့ခုမှ မူလတန်းကျောင်းသားတွေဆိုတော့ မြို့ထဲကျောင်းသွားစရာမလို ၀န်းထဲကကျောင်းမှာပင်အဆင်ပြေသည်။ ကိုယ်ကတော့အိမ်ရှင်မသက်သက်ဆိုတော့ ရောင့်နောက်ဆံထုံးပါယုံပင်ဖြစ်၏။

“မောင်ရေသေတ္တာစုစု‌ပေါင်းဆယ်လုံးတော့ဖြစ်သွားပြီလျော့တော့လျော့တာဘဲ”
“ရပါတယ်၊ ခင့်သဘော”
“အနည်းဆုံးနှစ်နှစ်သုံးနှစ်တော့နေရမှာဘဲ”

သာကေတရှိခင်တို့မိဘအိမ်များအပေါ်ထပ်တွင် ကျန်ပစ္စည်းများထားခဲ့သည်။ လိုလျင်လည်းထပ်လာယူယုံဖြစ်၏။
သားကြီးနှင့်သားငယ်ကလည်း ခင်တစ်ခွန်းဘဲဖြစ်သည်။
“မေမေရေ၊ မေမြို့ကလှတယ်ဆို”
“ဟုတ်တယ်၊ သားတို့ဟိုရောက်ရင်လည်းဒီမှာလိုဘဲ စာကြိုးစားရမှာနော်”
“ဖွားဖွားတို့နဲ့လည်းမနီးဘူး’
‘မေမေ့ကို အိမ်အလုပ်၀ိုင်းကူရမှာနော်”
သူတို့လုပ်ပေးမှန်းသိရက်နှင့် ခင်က ချည်တုတ်နေခြင်းဖြစ်သည်။ကျား၃ မ၁ ဆိုတော့ ကြိုလုပ်ထားမှတော်မည်ဖြစ်၏။ ငယ်ငယ်ကသား ကြီးတော့ကျားမဟုတ်ပါလား။

‘မေမေ့သားလည်းလုပ်ပေးတယ်နော်”
‘ဟုတ်တယ်”
ခုမှ သူငယ်တန်းတက်မည့်သားငယ်လေးရယ်၊ တတိယတန်းတက်မည့်သားကြီးရယ် ခင်ကချုပ်ကွက်တွေလုပ်နေသည်တော့မဟုတ်။ ခုထဲက ကိုယ့်တာ၀န်ကိုယ်သိပါမှ၊ အရွယ်ရောက်လျင် ကိုယ့်တာ၀န်ကိုထမ်းနိုင်ကြပေမည်။

သွားတာက မေလထဲဆိုတော့ ခလေးတွေ ကျောင်းအပြောင်းအလဲ အဆင်ပြေသွားသည်၊ ၀န်ထမ်းသားသမီးဘ၀ ကျောင်းပညာသင်နှစ်အလည်ထဲပြောင်းရပါက ပိုအဆင်မပြေဖြစ်တတ်သည်။
ခုတော့ ကံကောင်းထောက်မစွာဖြင့်မောင့် အမိန့်စာကမေလထဲဆိုတော့ ခင်တို့သားအမိတွေ အပြောင်းအရွေ့အတွက်လုပ်ရကိုင်ရသည်မှာအလွန်ပင်အဆင်ပြေနေတော့သည်။

ဖေဖေ၊မေမေတို့ကတော့
‘မေမြို့ဆိုတော့လည်း အ‌ေ၀းကြီးလည်းမဟုတ်၊ နီးတော့လည်းမနီး’ ဟုပြောရှာသည်။
“အိုမေမေကလည်း၊ အမြန်လမ်းမကြီးအတိုင်း တက်လား၊ ပြီးရင်မေမြို့ဆက်တက်လာလို့အဆင်ပြေတာဘဲလေ”
‘အင်းပဲခူးဘာညာလောက်မနီးဘူးပြောတာပါကွယ်”

‘သမီးကမေမြို့မှာနေဖူးချင်နေတာ၊ ခုမှဆန္ဒပြည့်သွားတာ၊ မေမေတို့လည်းငယ်တုန်းလေ”
“ကြီးလာရင်၊ မေမေတို့နားနီးမှကောင်းမှာမဟုတ်လား”
“အင်းပါအေ၊ ညည်းကျေနပ်ရင်ပြီးရော”
“ခင့်သဘော၊ ခင့်သဘော” နှင့်‌မောင်ကလည်း၀င်နောက်လိုက်ပြန်သည်။

မိသားစုအားလုံးပျော်ပျော်ရွှင်ရွှင်နှင့်မေမြို့သို့ပြောင်းလာခဲ့ကြလေတော့သည်။
**************
မေမြို့ရောက်တော့ နေရမဲ့အိမ်လေးကို ခင်က အလွန်ကြိုက်သည်။ စိတ်ကူယဥ်တတ်သူ ခင်တစ်ယောက်
အိမ်လေးက ခြံနှင့်၀န်းနှင့်မို့သီးသန့်ဖြစ်တာကိုလည်းကြိုက်သည်။
ဘေးအိမ်တွေကလည်း မနီးမ‌ေ၀းသီးသန့်ခြံကိုယ်စီဖြစ်သည်။ အိမ်က အဂ်လိပ်ခေတ်ကဆောက်ထားသည်မို့ အနီရောင်အုတ်တိုက်လေးဖြစ်သည်။ အိပ်ခန်းသုံးခန်း၊ ထမင်းစားခန်း၊ မီးဖိုခန်း၊ ဧည့်ခန်း၊ ဆင်၀င်ခန်း၊ ရေချိုးခန်းအိမ်သာနှင့်ဖြစ်ရာ အတော်လေးအဆင်ပြေသည်။ ဧည့်ခန်းတွင် မီးလင်းဖိုနှင့် မီးခိုးခေါင်းတိုင်က အဂ်လိပ်ခေတ်စတိုင်မှန်းသိသာလှသည်။ မီးလင်းဖိုနှင့် မီးခိုးခေါင်းတိုင်ပတ်လည်တွင် စင်လေးများရှိပြီး ထိုစင်လေးများပေါ်တွင် မိသားစုဓါတ်ပုံလေးများ၊ ပန်းအိုးလေးများ ကယုကယင်တင်ထားရသည်ကိုပင် ခင်က ကြိုက်လွန်းလှသည်။

မေလဆန်းထဲရောက်သည်မို့ မေမြို့သည် ရန်ကုန်လိုပင် ပူသည်။ ရန်ကုန်လောက်တော့မဆိုး၊ ခင်စိတ်ကူးသော အနွေးထည်များမ၀တ်နိုင်သေးချေ။ သားတို့ကလည်း ကျောင်းမစသေးဆိုတော့ အိမ်လေးကို သေသေချာချာ သန့်သန့်ရှင်းရှင်းလုပ်နိုင်သည်။ သားနှစ်ယောက်ကို ထုံးစံအတိုင်း တခန်းထဲ တစ်ယောက်တစ်ကုတင်ထားပေးလိုက်သည်။

ခင်တို့အိပ်ခန်းကတော့ နှစ်ယောက်ခန်း၊ အခန်းကကျယ်သည်၊ ရေချိုးခန်းအိမ်သာပါသည်။ မာစတာအိပ်ခန်းဖြစ်သည်။ ရေကတော့ ရန်ကုန်ရေနှင့် မတူ။ အ၀ါရောင်တွေပါသည်။ ဘေးအိမ်က အစ်မပြောသည်ကတော့ ရေထဲကို ကျောက်ချဥ်ထည့်လျင် အနယ်ကျသွားပြီးထိုအခါမှ ချိုးလျင် ပိုအဆင်ပြေသည်ဟုပြောသည်။ ထို့ကြောင့်ကျောက်ချဥ်၀ယ်၊ ရေတိုင်ကီတွေထဲ ကျောက်ချဥ်ထည့်လိုက်တော့မှ အဆင်ပြေသွားသည်။

ရောက်ခါစက ကလေးတွေက ခြံထဲကို အရင်ဆင်းကြသည်။
ရန်ကုန်သာကေတ သူ့အဖိုးတွေလည်းခြံနှင့်ဖြစ်၏။ ခြံကအိမ်နှင့်ကပ်နေသဖြင့် မေမြို့သည်အိမ်များလောက်မကျယ်ပေ။
‘မေမေရေ”
“ဘာလဲသား’
သားကြီးကလှမ်းခေါ်သည်။
“ငှက်ပျောပင်တွေအများကြီးဘဲ”
ခင်လည်းနောက်ဖေးပြတင်းပေါက်မှ သူတို့ကိုလှမ်းကြည့်လိုက်သည်။
ကလေးနှစ်ယောက်ကတော့ ဟိုလျောက်သည်လျောက် ပြေးကစားနေကြသည်။ ဘောလုံးတစ်လုံးကို ကန်နေကြခြင်းဖြစ်သည်။
‘ဘောလုံးကန်ရင်သတိထားနော်”
“အ‌ေ၀းကြီးရောက်ပြီးထိကုန်ဦးမယ်နော်”

‘ဟုတ်မေမေ၊”
သူတို့အမေကို သူတို့ကတော့အမြဲဟုတ်ဘဲ.၊ ချစ်ရပါသည်။
သူတို့ပြောသည်လဲအဟုတ်ဘဲ၊ ခြံထောင့်မှာ ငှက်ပျောပင်တွေတော်တော်များများ၊ ငှက်ပျောဖူးလေးတွေလည်းထွက်လို့။ အပင်တွေကလည်းစိမ်းစိုလို့,၊ နဂိုနေသွားသူများ တော်တော်ဂရုစိုက်ပုံရသည်။ အောက်ခြေကိုလည်း မြေဆွေးမြေသြဇာများပေးထားပုံရသည်။ အောက်ခြေသည်ကုန်းကဲ့သို့မို့မို့လေးပင်ဖြစ်နေသည်။ မြေဆွေးမျာကဲ့သို့မြက်များ၊အမှိုက်လေးများပုံထားသည်။

“ဒါကြောင့်လည်းငှက်ပျောပင်တွေစိမ်းနေတာဘဲ’ ဟုခင်ကတွေးလိုက်သည်။
‘”ဒီမှာလည်း အိမ်သာ, ရေချိုးခန်းမေမေ”
သူက ပစ္စည်းများနှင့် အလုပ်ရှုပ်တုန်း
ကလေးတွေက ကစားရင်း လေ့လာရေးဆင်းနေကြပြီ။
သူတို့ပြောမှပင်
ထိုငှက်ပျောပင်များရှေ့တွင်
အခန်းကျယ်ကျယ်နှင့် အဆောက်အဦရှိလေသည်ကို တွေ့၏။
“ရေချိုးခန်း၊ အိမ်သာအပိုပါတာကိုး”

သူများအိမ်တွေဘက်လှမ်းကြည့်သော်
သူတို့ခြံထဲတွင်လည်း ထိုသို့ရေချိုးခန်းအိမ်သာလိုအဆောင်ပိုလေးများရှိသည်။ အားလုံးပုံစံတူလေးတွေကြီးဖြစ်သည်ကို တွေ့ရလေ၏။
ကလေတွေပြောသဖြင့် အိမ်ပေါ်ကအလုပ်အသာထားကာ
နောက်ဖက်ခြံထဲဆင်းလာလိုက်သည်။

သားကြီးက
“ဒီမှာကြည့်မေမေ”
နောက်ဖက်တံခါးမှထွက်လာရင်း
‘သားကြီးသတိထားနော်၊ အကောင်ဗလောင်တွေရှိနေဦးမယ်၊ လူမနေတာဘယ်လောက်ကြာမှန်းမသိ”
သားကြီးကတော့ တခါးကို လက်ကကိုင်ရင်းသူ့ကိုစောင့်နေသည်။
သားငယ်ကတော့ သူ့ဘော်လုံးကိုဖက်ထားသည်။

တခါးကို ကျယ်ကျယ်လေးဖွင့်လိုက်ရင်း အတွင်းကိုကြည့်လိုက်သော်
ထိုအဆောင်လေးထဲမှာ တစ်ခုက ရေချိုးခန်းဖြစ်သည်။ ရေကန်က သိပ်မသန့်တော့၊ လူသိပ်မသုံးလို့ဖြစ်မည်။
နောက်မှ တဖြည်းဖြည်းလှယ်ပြီးသန့်ရှင်းလိုက်မည်ဟုခင်ကတွေးသည်။
ရေချိုးခန်းနံရံမှာ အနီစက်တချို့တွေ့ရာ
ဘာများပါလိမ့်ဟုခင်တွေးမိပြီး လက်နှင့်ထိကြည့်မိသည်။
ခြောက်နေပြီ၊ ဆေးနီတွေဘာတွေသုတ်ထားလို့ ကျန်တာမျိုးလားစဥ်းစားသော် ဘာအနီရောင်ဆေးမှမသုတ်ထား၊ ခေါင်မိုးမှာလည်း ရိုးရိုးသွပ်ပြားမိုးထားခြင်းဖြစ်သည်။

တဖက်ခန်းအိမ်သာက ရိုးရိုးအိမ်သာဖြစ်ပြီး အသင့်အတင့်သန့်ရှင်းလေ၏။ အိမ်ထဲရှိအိမ်သာနှစ်လုံးမှာတော့ ဘိုထိုင်အိမ်သာများသာတတ်ဆင်ထားခြင်းဖြစ်လေသည်။
ရေချိုးခန်းနှင့် ကပ်ရက်တွင် မူလကစိုက်ထားသည်ထင်ရသော ဇော်စိမ်းပန်း၊ ရွက်လှပန်းပင်များရှိနေသည်။
ခင်လည်း သည်အပင်လေးတွေရေလောင်း၊ ပေါင်းသင်လိုက်လျင် ပြန်တက်လာမည်ကိုသိနေ၏။
ထို့ကြောင့်ပင် ရေယူလွယ်ရန်ရေချိုးခန်းကို ထပ်လုပ်ပေးထားသည်ထင်၏။ ဘေးကအိမ်များတွင်လည်း အပင်များ စိုက်ပျိုးထားသဖြင့် အောက်ရေချိုးခန်းက ထိုအတွက် ဖြစ်လိမ့်မည်ကို တွေးမိသည်။
ငှက်ပျောပင်များကတော့ အထူးကို သန်စွမ်းက စိမ်းမြနေသည်မှာ အားရစရာအကောင်းဆုံးဖြစ်လေသည်။

‘သားတို့နောက်နေ့မှ လေ့လာ‌‌ရေးဆက်ဆင်းကျ၊ မှောင်လာပြီ”
‘ဗိုက်တောင်ဆာလာပြီ”
‘ပြောခါမှသတိတွေရပြီ”
“လာသားငယ်ရော’
သူတို့အပေါ်ရောက်ချိန် လူကြီးအိမ်သွား၊ ရုံးသွားသတင့်ပို့ပြီးပြန်လာသော ခင့်ရဲ့မောင် သားတို့အဖေပြန်လာသဖြင့် ညစာပြင်ကာ သားအမိ၊ သားအဖတွေညစာစားကြလေတော့သည်။

*******************************
ထိုညက ပင်ပန်းသဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားကြလေ၏။
အိပ်လို့ကောင်းလွန်းသဖြင့် မျက်ခွံများပိကျမတတ်ပင်ဖြစ်သည်ကို ခင်သိသည်။
စားသည်ကလဲ မစားစဖူးပဲပုတ်ချက်သည်။ ကြက်သားကြော်သည်။ ဂေါ်ရခါးညွန့်လေးတွေကျော်သည်။
ပဲပုတ်ချက်က ငြုတ်သီးလေးစပ်စပ်နှင့် တို့စရာ ခရမ်းကစော့သီးလေးများကလည်းပါသေးရာ
ဗိုက်ခွေးနမ်းအောင်စားကြသည်။
ညရောက်တော့
“ပဲပုတ်ထောင်းစားပြီးခေါင်းပြားအောင်အိပ်”
ဆိုသလို အားလုံးအိပ်နေကြသည်မှာ တုတ်တုတ်ပင်မလှုပ်။

ထိုအခိုက် ခင့်ကို တစ်ယောက်ယောက်က အနားကပ်ပြီးတစ်ခုခု ပြောသလို ခံစားရလိုက်ရသည်။
သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်ကို သူသိသည်။
တစ်ယောက်ယောက်နားနားကပ်ခါပြောသည်ကိုလည်း သူကြားသည်။

တကဲ့တိုးတိုးလေးလိုဘဲမို့မည်သူမျှမကြားနိုင် သူကကောင်းကောင်းကြားသည်။
ဘေးနားကမောင်တစ်ယောက်တော့ တရှူးရှူးနှင့် အသက်မှန်မှန် ရှူနေ၏။ သူကရော
ခင်ကအိပ်ပျော်နေသည်။ မျက်လုံးများမှိတ်ထားသည်ဘဲ။ အသံက သူ့နားနားလေးမှာ နားကိုကပ်လျက်ပြောခြင်းဖြစ်သည်။ သူများကြားစေချင်ပုံမရသည့်အသံမျိုးဖြစ်သည်။

‘တဆိတ်ကူညီပါ” တဲ့
“ရှင်”

ခင့်နှုတ်ကရှင်ဟုထွက်သွားသည်။

ထို့နောက်ခင်နိုးလာသည်ဟုထင်သည်။

ဘေးမှ မောင့်အသက်ရှူသံကိုကြားနေရသည်။

သူတစ်ခုခုကြားလိုက်သဖြင့်ထူးလိုက်ခြင်းဖြစ်သည်။ ဘာကြားလို့ကြားမှန်းသေချာမမှတ်မိပြန်။

 

အခန်းထဲမှာ မီးကထွန်းမထား။ ခင်ကမီးမှောင်နေမှအိပ်တတ်သည်။ မောင်က ယခင်ကဆို မီး၀ါကျင့်ကျင့်လေးထွန်းထားမှအိပ်ပျော်သဖြင့် သူကမီးလင်း၊ ခင်ကမီးလင်းနေလျင်မအိပ်တတ်နှင့်အိမ်ထောင်ကျပြီးတစ်နှစ်ကျော်လောက်မှမောင်ကခင့်ကို ချစ်ပြီး အလျော့ပေးလေ့ကျင့်ရင်းအမှောင်ထုထဲကျင့်သားရသွားရှာသည်။ သားတွေလည်းမွေးလာရောခင်က အမှောင်ကို ကျင့်ပေးလိုက်သည်။ ဘာမီးမှိန်မှိန်တောင်မထွန်းရဘူး။ ညပါဆိုမှောင်မှပေါ့။ မဟုတ်ဘူးလား။

အမှောင်ထဲမှာနေတာကြာလျင် ပိုတောင်မြင်ရသေးသည်။ ငြိမ်ငြိမ်လေးနေပြီးမျက်လုံးကို အမှောင်ထဲကျင့်လိုက်လျင် အလင်းရောင်ကို မြင်လာရသည်။ အသံမထွက်ဘဲတိတ်တိတ်လေးနေလိုက်လျင် ညငှက်တွေအသံကအစ၊ အကုန်ကြားရသည်။

 

ခင်သူ့ကိုသူ သေချာအောင် ခနနေလိုက်သည်။ သူအသံတစ်ခုခုကြားလို့နိုးလာသည်ဟုထင်သောကြောင့်ဖြစ်သည်။

ဘာသံမှမကြားရ။ အမှောင်ထဲကမျက်လုံးက အခန်းထဲကစားပွဲ၊ ထပ်ထားသောသေတ္တာများ။ အခန်းတွင်နဂိုကပင်ပါသော ဘီရိုနှစ်လုံး၊ ထိုအထဲတွင် ခင်နှင့်မောင့်အ၀တ်အစားတွေခုတော့ထည့်ထားသည်။

ကန့်လာကာတတ်ထားသော အိမ်နောက်ဖက်ပြတင်းပေါက် အပြင်မှ မီးရောင်၀င်နေသဖြင့်ပိုလို့ပင်မြင်ရသေးသည်။ ဘာမှမရှိပါ။ သူမစိတ်ထင်လို့ဖြစ်မည်ထင်၏။

 

အိမ်ရှေ့ဧည့်ခန်းကို တော့ပြတင်းပေါက်ရှိသော်လည်း သစ်သားပြတင်းပေါက်ဖြစ်သဖြင့်ပိတ်လိုက်လျင် ဧည့်ခန်းမှလည်း အိမ်တွင်းခန်းကိုမမြင်အောင်လုပ်ထားခြင်းဖြစ်ရာ ပြတင်းပေါက်နှင့်ကန့်လန့်ကာ ရှိနေသည်ကို တော့မြင်ရသည်။ ဧည့်ခန်းကိုတော့မြင်ရခြင်းမရှိပါချေ။ သူတို့အိပ်ခန်းမှထွက်လျင် ထမင်းစားခန်းနှင့်၊ နောက်ဖက်ဆက်သွားလျင်၊ မီးဖိုချောင်၊ ထမင်းစားခန်းနှင့်တဆက်တည်းက မီးလင်းဖိုနှင့် ရှေးခေတ်က စာဖတ်ခန်းလိုအခန်းမှတဆင့်ဧည့်ခန်းကိုကူးနိုင်ခြင်းဖြစ်သည်။ သားတို့အခန်းနှင့် အခြားအခန်းလည်း ထိုအခန်းမှပင် သွားနိုင်လေ၏။ သီချင်းဆို၀ါသနာပါသော မောင်တစ်ယောက်တော့ သူ့ဆောင်းပေါက်နှင့်စတီရီယိုများကိုနေရာချထားလေပြီဖြစ်၏။

သားတို့အခန်းမှလည်းလှုပ်လှုပ်ရှားရှားမရှိလေရကား ခင်တစ်ယောက်အိပ်မက်လိုလိုဘာလိုလိုနှင့် မျက်လုံးများငိုက်စင်းပြီးပြန်လည်အိပ်ပျော်သွားပြန်ပါတော့သည်။ သူမသေချာသည်ကတော့ အသံကနားနားကပ်ခါ တိုးတိုးလေး

“တဆိတ်ကူညီပါ” ဟုပြောခဲ့သည်မှာအမှန်ဖြစ်၏။

 

***********************************

 

“မောင့်ကို ကော်ဖီအရင်ဖျော်ပေးခင်”

“ရုံးကစောသေးတာမဟုတ်ဖူးလား”

“စောစောလာခဲ့ဘို့ပြောထားလို့ခင်”

“ပြီးရော၊ ဒါဆိုလဲ၊ ပဲပြုတ်သည်လဲလာတာမတွေ့ဘူးနော်”

 

“ရပါတယ်၊ ထမင်းကြော်နဲကြက်ဥကြော်နဲ့၊ ဆီတို့ဟူးလေးနဲ့စားလိုက်မယ်”

“ငြုတ်သီးအတောင့်ကြော်လည်းရှိတယ်မောင်”

‘ကြက်သွန်ချဥ်လေးတွေရော၊ မေမြို့ကဒါလေးတွေသိပ်ကောင်းတာဘဲ”

‘သားတို့လည်းအိပ်တာလေ”

 

“အိပ်ပါစေ’

“နောက်မှခင်နှိုးလိုက်မယ်၊ ကျောင်းပိတ်တုန်းအိပ်ရတာ”

မောင်လည်း စားစရာ၊ စားသောက်ပြီးနော်က အလုပ်သို့ထွက်သွားလေသည်။ မောင်ကကားရသဖြင့်သူ့ဒရိုင်ဘာလေးအချိန်မှီရောက်လာပြီးအတူတူထွက်သွားကြလေ၏။

သားတို့နိုးလာပြီးနောက် မနက်စာ စားသောက်ပြီး ခင်တို့၏ အိမ်သန့်ရှင်းရေးနှင့် ပစ္စည်းများ နေရာချ ထားရေးလုပ်ငန်းကို ဆက်လုပ်ကြပြန်လေ၏။ ခင်က ငယ်စဥ်ထဲက သပ်သပ်ရပ်ရပ်နေရသည်ကို အလွန်ကြိုက်သည်။ သန့်သန့်ရှင်းရှင်းအမြဲထားသည်။ မျက်နှာကြည့်မိတ်ကပ်၊ ပေါင်ကြည့်တော့ သေးကြောင်းဆိုသည့် မိန်းကလေးမျိုးမဟုတ်၊ အတွင်းအပြင်သန့်ရှင်းအောင်အမြဲဂရုစိုက်သည်။ သားတို့ကိုလည်း အလေ့အကျင့်စလုပ်ထားပေးရာ အကြီးလေးကတော့ အတော်ရလာပြီဖြစ်၏။

 

သူတို့အိမ်အလုပ်တွေလုပ်နေကြပြီး ချက်ပြုတ်နှင့် နေ့လည်စာစားချိန်လောက်မှ ခင် အချိန်ရသွားသည်။

ဘေးအိမ်တွေကို နှုတ်ဆက်ရပါဦးမည်။

“သားတို့နှစ်ယောက် အိမ်မှာနေဦး၊ မေမေဘေးအိမ်တွေကို လက်ဆောင်သွားပေးလိုက်ဦးမယ်”

‘ဟုတ်မေမေ၊”

‘သားကြီးညီလေးကို သေချာကြည့်နော်”

“စိတ်ချမေမေ”

နေ့လည်မို့ သူတို့ အရုပ်ဆက်ကလေးတွေကစားဘို့ခင်စီစဥ်ပေးခဲ့သည်။

မဟုတ်လည်း တစ်ခုခု သူတို့ရှာကြံကစားမည်မှာတော့သေချာသည်။

 

ခင်ဘေးချင်းကပ်ရက်ညာဘက်အခြမ်းက ခြံကို အရင်သွားလိုက်သည်။

တံခါးကဖွင့်ထားပြီး သူတို့အိမ်လည်း လူသိပ်တော့ဆူညံမနေပေ။

‘အိမ်ရှင်တို့”

တံခါးပွင့်နေသည်မို့ အမျိုးသမီးတစ်ယောက်ထွက်လာသည်။ ခင့်ထက်တော့ကြီးပုံပေါ်မည်။

ခင်သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။

 

“လာလာညီမလေး၊ ရောက်ပြီးပစ္စည်းတွေချနေတုန်းမို့ မမလည်းခနစောင့်နေတာ။ လာနှုတ်ဆက်မလို့ဘဲ”

‘ဒီမှာ ရန်ကုန်ကနေ ငါးရံ့ခြောက်ဖုတ်အရံသင့်စားလေးတွေလက်ဆောင်ယူလာတာ”

“အယ်ကွယ်၊ ကျေးဇူးတင်လိုက်တာ၊ ဒီမှာကရတော့ရတယ်၊ အောက်ပြည်ကဆိုတော့ပိုကောင်းတာပေါ့ခင်”

သူမကိုယ်သူမမိတ်ဆက်ထားလို့ ခင် မမနွယ်ဟုဘဲခေါ်လိုက်သည်။

“အစ်မက သားကြီးက ဆယ်တန်းရောက်ပြီလေ၊ မေမြို့စိုးစံမှာဘဲအပ်လိုက်တယ်၊ မဟုတ်ရင် ကျုရှင်အပ်ရ၊ ကြိုရပို့ရ ပိုဒုက္ခများလို့လေ၊ တစ်ခါထဲပြီးရော”

‘ဟုတ်မမ၊ ကျောင်းတွေ၊ ဘော်ဒါတွေတော့ အများကြီးဘဲနော်”

‘ဆယ်တန်းဆို မေမြို့ကို ဘော်ဒါတွေပို့ကြတာ”

‘တခြားနာမည်ကြီးတွေအများကြီးဘဲ၊ စာပန်းအိမ်တို့လိုကိုယ်ပိုင်ကျောင်းတွေပေ့ါ”

“မမက ညီမ၀မ်းကွဲတစ်ယောက်ကလည်း စိုးစံမှာလုပ်တော့ အပ်တာချင်းအတူတူ အတွင်းမှာလူရှိတော့ပိုစိတ်ချအောင် စိုးစံဘဲအပ်လိုက်တာ၊ ရွေးစရာတွေမှအများကြီး”

 

“ကလေးတွေကြီးလာရင်တော့ အဲ့ဒါတွေ အကုန်စဥ်းစာရတော့မှာမမနွယ်ရေ”

စကားစမြည်ပြောကြရင်း

“ရောက်ခါစအိပ်ယာအပြောင်းအလဲ၊ အိပ်လို့ရောကောင်းရဲ့လား’

“မမရေ၊ ညီမတို့တော့ တုန်းခနဲဘဲ မိုးလင်းမှဘဲနိုးတယ်၊ အိပ်ကောင်းတာအရမ်း”

 

ပြောရင်းနှင့် ခင်သတိရသွားသည်၊ ညကကြားထဲသူအသံတစ်ခုခုကြားပြီးတစ်ချက်နိုးလိုက်သည်ဘဲ။

ဒါပေမဲ့ထိုအကြောင်းတော့မပြောဖြစ်ပေ။

“နောက်ဘက်မှာ‌ရေချိုးကန်သပ်သပ်နဲ့ဆိုတော့ အပင်လေးတွေစိုက်ကောင်းတာနော်”

‘ဟုတ်တယ်ခင်ရေ၊ မမတို့လည်း စိုက်လို့ရတာတွေအကုန်စိုက်တယ်၊ ဒီမှာတော့ ဂေါ်ရခါးပင်တွေကလည်း အရမ်းဖြစ်လွယ်တာ၊ နောက်မှမမလာပေးမယ်၊ ဂေါ်ရခါးညွန့်တွေ”

‘ညီမတောင်ကြိုက်လို့စျေးက၀ယ်ပြီးကြော်စားပြီးပြီမမရေ’

 

‘ညီမတို့ခြံထဲ အရင်နေခဲ့သူတွေစိုက်ထားတာလည်းဆက်ဂရုစိုက်ရမယ်’

“ဒီကြားထဲလူနေတာပြတ်သွားလို့ညီမရေ”

‘ဟုတ်လားမမ၊ ဘယ်ပြောင်းသွားကြတာလဲ”

 

“ဒိလိုညီမရေ”

‘ကိုတင်အောင်ပေါ့။ ညီမအမျိုးသားလိုဘဲရာထူးက”

“သူ့မိန်းမနဲ့စကားများတယ်၊မကြာခနပေါ့။ မမတို့လည်းကြားတယ်”

“ကလေးရှိလားမမ’

‘သားလေးတစ်ယောက်လို့ပြောတယ်”

 

“သူတို့မှာလဲ၊ ဒရိုင်ဘာရှိတယ်လေ’

‘ထင်တာတော့၊ သူကသူ့အမျိုးသမီးကို ဒရိုင်ဘာနဲ့ပေးစားတယ်”

‘ဟိုကလည်းကတ်ကတ်လန်ဘဲ”

“နောက်တော့ရှက်တယ်ဆိုပြီးထွက်သွားတယ်တဲ့”

 

“အဲ့ဒီထဲက သတင်းအစအနမရတာလေ”

“ဌာနရာထူးကြီးနဲ့လေ၊ ဟုတ်ပါ့မလားမမ”

“မသိပါဘူးညီမခင်ရယ်”

“ရှက်တာလဲပါရင်ပါမှာပေါ့”

 

‘ကလေးနဲ့မိန်းမကို ထားခဲ့တော့တာဘဲ”

“အလုပ်ကောဘာမှအကြောင်းမကြားဘဲထားတော့, ဌာနကင်းကွာဖြစ်မှဆိုတော့၊ အိမ်မှာ မိန်းမက တော်တော်ကြာကျန်နေခဲ့တယ်၊ ကလေးနဲ့အမေနဲ့ပေါ့”

‘သူပြန်လာတာစောင့်ရင်းနဲ့အချိန်ကုန်တာရောပေါ့”

‘အပင်တွေဂရုစိုက်တဲ့ကိုတင်အောင်လဲ အကုန်လုံးကို ပစ်ထားသွားတာ”

 

‘ရှက်ရှက်နဲ့ဘုန်းကြီးဘဲ၀တ်သွားလား’

‘အကုန်လုံးကိုလိုက်စုံစမ်းပေမဲ့မရဘူးဆိုပြီး၊ သူ့မိန်းမဆက်စောင့်နေရင်းနောက်တော့ သူ့မြို့သူပြန်သွားတယ်။”

‘မြစ်ကြီးနားဘက်ကလို့ပြောတယ်”

‘မမတို့လည်း၀န်ထမ်းမိသားစုအချင်းချင်းဆိုတော့စိတ်ကမကောင်းပါဘူး’

‘ကိုတင်အောင်စိတ်ပျက်၊ ရှက်တယ်ထင်တယ်”

‘ပျောက်ချင်းမလှကိုပျောက်သွားတာ’

“ဒီရာထူးနဲ့တော့မလုပ်သင့်ပါဘူးကွယ်”

‘ဟုတ်တာပေါ့မမ”

 

‘သူ့မိန်မပြန်သွားပြီး၊ သူတို့နဲ့အတူလုပ်ခဲ့တဲ့ ဒရိုင်ဘာလဲအလုပ်ထွက်သွားတယ်”

“သူကတော့ရန်ကုန်ကဘဲလို့ပြောတယ်”

“လိပ်စာတော့ရှိမှာပေါ့နော်မမ”

‘အလုပ်တွေ၀င်ရင်လိပ်စာတွေပေးကြရတာဘဲ”

 

ခင်သူ့အသံကိုအံ့သြသွားသည်။ ဘာကြောင့်ဒီဒရိုင်ဘာလိပ်စာကို သူကထည့်ပြောမိသနည်း။

စကတည်းကအံ့သြစရာတွေကလာနေပြီဖြစ်သည်။ လူတစ်ယောက်လုံးခြေရာဖျောက်သွားသည်ကို သည်အတိုင်းထားလိုက်သည်တဲ့ဖြစ်နိုင်ရဲ့လား။ဘာမှမလုပ်ကြဘူးလား။ အမျိုးသမီးကရောရဲမတိုင်ဘူးလား။

လားပေါင်းများစွာဖြင့် ခင်နောက်တစ်အိမ်ကို လက်ဆောင်ပေးပြီး အိမ်ပြန်လာခဲ့တော့သည်။ သူတို့ဌာနကလည်းပေါ့လွန်းသည်ဖြစ်မည်။ သူ့အမျိုးသမီးကလည်း နေနိုင်လွန်းသည်။

 

**********************************

 

‘မေမေ၊ သားတို့ ကစားချင်တယ်”

အိမ်ထဲမှမရောက်သေး၊ တမျိုးကစားနေရင်းက နောက်တစ်မျိုးလှမ်းပြောနေ၏။

ဘေးအိမ်နှစ်အိမ်မှာတော့ ရွယ်တူမရှိ။ တစ်အိမ်က ကြီးလို့ ဆယ်တန်းပင်ရောက်နေပြီ။

တစ်အိမ်က ပုခက်ထဲမှာဘဲရှိသေးသည်။ ညီအစ်ကို နှစ်ယောက်သာအဖေါ်လုပ်ပေတော့။

 

‘သားတို့ခုလည်းကစားနေတာဘဲမဟုတ်ဘူးလား”

‘ခြံထဲမှာ ဘောလုံးကန်ချင်တယ်လို့ပြောတာပါ”

ခြံအရှေ့ကနေ၀င်ပြီး အိမ်ဘေးကပတ်ကာ အိမ်နောက်ဖက်ကိုလည်း တန်းသွားလို့ရသည်။

အိမ်ရှေ့မှာကလည်း မြေကွက်လပ်လေးအနည်းငယ်ရှိသော်လည်း နောက်ဖက်ကပိုကျယ်သည်။

ဘယ်နေရာမှာ ပေးကစားရမည်နည်း၊ ခင်စဥ်းစားကြည့်သည်။

 

“နောက်ဖက်မှာသွားကစားကြ၊ ဒါဆိုလဲ၊’

“ဘော်လုံးတွေ၊ ခြံမကျော်အောင်တော့သတိထားနော်”

‘ဟုတ်မေမေ”

 

ညီအစ်ကိုနှစ်ယောက်ကစားရင်းနှင့် ရွက်လှပင်တွေကြားထဲ မြေကြီးအတွင် တလက်လက်တောက်နေသည့်အရာတွေ့သော်စပ်စုကြ၏။

“ဟာာလက်စွတ်ဘဲ’

“မေမေရေ၊ မေမေ”

‘ဆေးကြော၊ ချက်ပြုတ်၊လျော်ဖွတ်နှင့် အသန့်ကြိုက်အကောင်းကြိုက်ခင်တစ်ယောက် မအားနိုင်မပြိးနိုင် အလုပ်ရှုပ်နေစဥ်သားနှစ်ယောက် အသံပြဲကြီးများနှင့်၀င်လာပြန်သည်။

 

“မေမေ၊ဒီမှာအပင်တွေကြားထဲက မြေကြီးမှာမြုပ်နေတာ၊ လက်စွတ်”

‘ဟဲ့၊ ညစ်ညစ်ပတ်ပတ်တွေ”

‘လက်အရင်ဆေးပါဦး”

အမည်ကိုက ခင်ခင်သန့်မို့ အသန့်ကြိုက်ပါသည်ဆို မြေကြီးထဲကဘာပစ္စည်းအစုတ်တွေကောက်လာသနည်း။

 

‘လက်ဆေးစမ်း”

သားကြီးကဘေစင်မှာ သူ့လက်ရောကောက်လာသည့်လက်စွတ်ဆိုသည်ကိုရောဆေးလိုက်သည်။

ပြီးမှ

“ဒီမှာမေမေ”

“မှန်း၊ မေမေ့ကို ပြစမ်းပါဦး’

သားကြီးက ရွှေရောင်တောက်တောက်အမျိုးသား၀တ်လက်စွတ်တစ်ကွင်းကို ကိုင်ထားသည်။

တခါတခါရွှေအတုများကလည်း အစစ်များကဲ့သို့တောက်ပတတ်သည်။ အစစ်ဆိုလည်း မည်သူက မြေကြီးထဲထည့်ထားသနည်း။

ခင်တစ်ယောက် ဗူးအလွတ်လေးတစ်ခုယူလိုက်ကာ

‘သားလေးသည်ထဲထည့်လိုက်၊ ပြီးရင်လက်ကိုဆပ်ပြာနဲ့သေသေချာချာဆေး’

 

အငယ်သားလေးက

‘ရွှေလားမေမေ”

‘မသိသေးဘူးလေ၊ ဘယ်သူကရွှေဆို ဒီအတိုင်းပစ်ထားမှာလဲ”

“ရွှေဆိုရင် သားတို့တော့ပွပြီ။ ကိုကို ညီလေးအရင်တွေ့တာနော်”

သားငယ်လေးက ၀မ်းသာအားရဆိုလာပြန်သည်။

 

လက်စွတ်ကအမျိုးသား၀တ်ဖြစ်ပြီးရွှေဖြစ်လျင်လည်း ရွှေသားချည်းသက်သက် ကွင်း၀တ်ထားသကဲ့သို့ဖြစ်သည်။

 

“ဘယ်သူ့ပစ္စည်းမှန်းမသိဘဲ ယူလို့မရဘူးနော်’

‘ဟင်သားတို့ခြံထဲမှာလေ”

 

လူဆိုတော့လည်း လောဘလေးကရှိသား။ သူ့ခြံထဲဆိုတော့ သူပိုင်သည်ဟုသားကြိးကဆိုလာပြန်သည်။

 

“အဲ့ဒီလိုလည်းမဟုတ်သေးဘူးလေ”

 

‘မေမေတို့အရှေ့မှာနေသွားတဲ့သူတွေရှိတယ်လေ။ သူတို့ပျောက်သွားတာလည်းဖြစ်နိုင်တာပေါ့”

 

‘ဒါဆိုသူတို့ကဘာလို့မရှာလဲ’

‘ခုက သားကမြေကြီးထဲကထွက်နေတာတွေ့တာလေ”

သားငယ်လေးကလည်း သူ့အသိနှင့် သူ့ရပိုင်ခွင့်ဟုယူဆနေပုံရသည်။

သားတို့ကို ထပ်မံသင်ပြစရာတွေရှိနေပါသေးသည်။ မှားသလားဆိုတော့လည်းမမှား။မှန်သလားဆိုတော့လည်း မမှန်ဖြစ်၏

ဆက်ရန်——–