အမှောင်ထု လွန်သော်(စ/ဆုံး)
——————————
ကိုယ့်ရဲ့ မွေးဖွားရာ ဇာတိဖြစ်တဲ့ ” ဓမ္မဂါမ်” ရွာသို့ရောက်ရှိစဉ်ကပေါ့။
မရောက်တာ ဆယ်စုနှစ်တောင်ရှိပြီမို့၊
၂၀၁၆ ရဲ့ ဆောင်းရာသီ၏ တစ်ခုသော ညနေအေးအေးလေးမှာ
ရောက်ရှိခဲ့တယ်။
မြို့ပြပေါ်မှာနေရတာမကြိုက်ပဲ၊ တောအလှတောသဘာဝတွေကိုသာ
ချစ်မြတ်နိုးတဲ့ ကိုယ့်ရဲ့ မကြီးက ရွာအဝင်လမ်းထိပ်ထိ ထွက်ကြို
နေတာဗျို့။
ကိုယ့်ရဲ့ ဇာတိရွာဆိုတော့လဲ အကုန်လုံး လွမ်းစရာဆွေးစရာတွေ
ဖြစ်ကုန်ရော။
တစ်ချို့ငယ်ပေါင်းတွေဆို ရှေးနှောင်းအကြောင်းတွေပြောပြီး
မျက်ရည်ဝဲလိုဝဲ၊
တစ်ချို့ဆို ကျွန်တော် ရွာကို တစ်ခါမှ အလည်မလာလို့
အပြစ်တင်လိုတင်နဲ့၊
မြင်မြင်သမျှ တွေ့တွေ့သမျှတွေက ကြည်နူးစရာပဲပေါ့။
ဒါပေမဲ့
ဇာတိကိုရောက်တုန်း ကိုယ်ရလိုက်တဲ့ သင်္ခန်းစာ တစ်ခုက
” တစ်ရွာလုံးရဲ့ အပယ်ခံဖြစ်တာဟာ ဘယ်လောက်ဆိုးရွားလဲ”
ဆိုတာကိုပဲ။
အဲဒါက ဒီလိုဗ်။
**** **** **** ***** ***** *****
ညနေ ထမင်းသားပြီးတော့ နေမင်းကြီးက ဝင်လုလုဖြစ်နေပြီ။
ကိုယ်လည်း ပြင်ဆင်ဖြီးလိမ်းပြီး။
” မကြီးရေ ကျွန်တော် အပြင်ခဏ သွားလိုက်အုန်းမယ်ဗျို့”
လို့ပြောတော့၊
မကြီးက ” ရှုး တိုးတိုး ” ဆိုပြီးပြောတယ်ဗျ။
” ခုတလော နေဝင်တာနဲ့ ဘယ်မှ အပြင်မထွက်ကြဘူး မောင်လေးရဲ့”
တဲ့။
” ဘာလို့လဲဗျ၊ ဟိုတုန်းက ဆို နေဝင်တာနဲ့ ဟိုအိမ်သည်အိမ်မှာ
လူကြီးတွေ မီးလေးမွှေးပြီး စကားပြောနေကြတာ ညနက်တဲ့အထိပဲ
ခုဘာဖြစ်လို့လဲ မကြီးရ ”
” အောင်မလေး၊ ခုမပြောရဲပါဘူးတော်၊ မနက်ရောက်မှပြောပြမယ်”
ကိုယ်ကလဲ ရွာထဲ သွားချင်နေတော့ မရမက ပူဆာရတာပေါ့ဗျာ။
ဒီတော့မှ မကြီးက
” နင်ကတော့လေ ပြောမရဆိုမရနဲ့ ဒီလောက်ထိ သွားချင်နေရင်လဲ
သွား သွား သိပ်မကြာစေနဲ့ မြန်မြန်ပြန်လာခဲ့” တဲ့။
ကိုယ်ကလဲ သွားချင်နေတော့ ဝန်ခံကတိပေးခဲ့ရတာပေါ့ဗျာ။
**** **** ***** ***** ****
” ဟာ တိတ်ဆိတ် လိုက်တာဗျာ၊ လမ်းမှာ လူလည်းတစ်ယောက်မှ
မတွေ့ရသလို၊ ဆိုင်တွေရော၊ အိမ်တွေရော၊ အကုန် တံခါးပိတ်၊
မီးမှိတ်လို့ဗျ။
မီးကို ရေနဲ့ပက်လိုက်သလို တိတ်ဆိတ်နေတာဗျို့။
ရွာထဲ မနည်းလျှောက်လျုက်တာတောင် တစ်ယောက်မှမတွေ့တော့
အချစ်ဆုံးငယ်သူငယ်ချင်းဖြစ်တဲ့၊
” ချစ်ဦး” ရဲ့ အိမ်ကိုပဲ ဦးတည်ခဲ့တော့တယ်။
သူတို့ အိမ်က ဂဏာန်းဝယ်တယ်ဗျ။
ပြောရရင် ဂဏာန်းဒိုင်ပေါ့ဗျာ။
ချစ်ဦး ရဲ့ ခြံသို့ ရောက်လုလုမှာပဲ နောက်က တစ်ယောက်ယောက်
လိုက်လာနေသလို ခြေသံတွေကြားလာရပြီး၊
ကျောထဲစိမ့်တတ်လာကာ ကြက်သီးထလာတယ်ဗျ။
ကျွန်တော်လဲ နောက်လှည့်ကြည့်တော့ ဘယ်သူမှမရှိဘူးဗျ။
ကျွန်တော်လဲ ” ငါစိတ်ထင်တာနေမှာပါ” လို့ တွေးပြီး၊
ဆက်လျောက်တော့ ခြေသံက ကြားရပြန်ရော။
ဒီတစ်ခါလှည့်ကြည့်ပြန်တော့လဲ ဘယ်သူမှမရှိပြန်။
ကျွန်တော်လဲ စိတ်ထဲ နည်းနည်းကသိကအောင့်ဖြစ်လာတာနဲ့။
ခြေမနှောင့်ဆောင့်ပြီး အသံပိုမြည်အောင် လျှောက်လိုက်တော့၊
ဟော၊ နောက်ကလဲ ကျွန်တော်လလျှေက်သလို ခြေဖနှောင့််ဆင့်
ပြီး လျှောက်တယ်ထင်တယ်၊
ခြေသံက ကျယ်လောင်စွာကြားရတယ်ဗျ။
ကျွန်တော်လည်း မလျှောက်ပဲ ရပ်တော့ နောက်ကခြေသံလည်း
ရပ်သွားတယ်ဗျ။
ကျွန်တော် အလျင်အမြန်လှည့်ကြည့်တော့လဲ ဒီတစ်ကြိမ်လည်း
ဘယ်သူမှမရှိပြန်။
အဲဒါနဲ့ ကျွန်တော် ခြေလှမ်းအနည်းငယ်အလျင်အမြန်လျောက်ပြီး
ရပ်လိုက်တယ်။
အဲဒီအချိန်မှာပဲ လွန်စွာဆိုးရွားလွန်းတဲ့ အပုပ်အနံ့တစ်ခုက
စူးစူးရှရှ ဝင်ရောက်လာပြီး၊ နောက်ကခြေသံကလည်း မရပ်တော့ပဲ
ကျွန်တော့ တည့်တည့် တစ်ရမ်းတကြမ်း လျောက်လာတယ်ဗျ။
ကျွန်တော် ကြောက်ကြောက်နဲ့ ရပ်နေလိုက်တယ်။
တံတွေးမျိုချရတာခဏခဏပေါ့ဗျာ။
ခြေသံက ကျွန်တော့အနားကို အရောက်မှာပဲ အရဲစွန့်ပြီး၊
နောက်လှည့်ကြည့်လိုက်တော့၊
” ဘယ် ဟုတ်မလဲ၊ ဖိုးလေးထွန်းသာ” ဖြစ်နေတော့တာပဲ။
” ဟာ၊ လန့်လိုက်တာ ဖိုးလေးရာ၊ ကျွန်တော်က သရဲထင်နေတာဗျ၊
ဖိုးလေးနေကောင်းပါတယ်နော်”
ဖိုးလေးက ဘာမှ မပြောပဲ၊ ကျွန်တော့ကို စိမ်းစိမ်းကြီးကြည့်နေတယ်ဗျ။
ဖိုးလေးကိုကြည့်ရတာလဲ ဖြူဖတ်ဖြူရော် ဖြစ်နေသလိုပဲ။
ပြီးတော့ ပုဆိုးကို ခေါင်းကိုတစ်စခြုံထားပြီး၊ တစကိုလက်နှစ်ဖက်နဲ့
ကိုင်ထားသေးတယ်ဗျ။
ပထမတော့ ဖိုးလေးကို သဲသဲကွဲကွဲမြင်ရပေမယ့် ကြည့်နေရင်း
မှုန်ဝါးလာသလိုပဲဗျ။
ကျွန်တော်ကသာ စကားတွေပြောနေပေမဲ့ ဖိုးလေးကဘာမှ
ပြန်မပြောဘူးဗျ။
ခဏနေတော့
” ထူးမြတ်၊ အဲဒါမင်းလားကွ” လို့ ချစ်ဦးအသံထွက်လာတာကြောင်း
ကျွန်တော်လှည့်ကြည့်လိုက်တော့၊
ဖန်မီးကလေးကို ကိုင်ပြီး ရပ်နေတဲ့ ချစ်ဦးကိုတွေ့လိုက်ရတော့တယ်။
” ဟုတ်တယ်ဟ၊ ငါပါ ထူးမြတ်”
” ထူးမြတ် မင်း ဘယ်သူနဲ့ ပြောနေတာလဲ”
” ဒီမှာလေ၊ ဖိုးလေးထွန်းသာ နဲ့ ပြောနေတာ” ဟု ပြောပြီး၊
လှည့်ကြည့်လိုက်တော့၊ ဖိုးလေး ရှိမနေတော့ဘူးဗျ။
ကိုယ်က ကြောက်ရကောင်းမှန်းမသိပဲ၊ ဟိုဟိုဒီဒီလှည့်ကြည့်ပြီး၊
ခေါင်းကုတ်နေလိုက်သေးတယ်။
ချစ်ဦး က ခြံပြင်သို့ အမြန်ထွက်လာကာ ကျွန်တော့ကို ဆွဲခေါ်ပြီး၊
အိမ်ပေါ်အလျင်အမြန်တတ် အိမ်တံခါးပိတ်လိုက်တယ်။
ပြီးမှ
မီးအိမ်ကိုချကာ၊ ကျွန်တော့ဘေးနားကပ်လျက်ထိုင်ပြီး၊
” ထူးမြတ်၊ စောနက မင်းဘယ်သူနဲ့ ပြောနေတာလဲ” တဲ့။
ကျွန်တော် က ” ဖိုးလေးထွန်းသာ နဲ့ ပြောနေတာလေ၊
ဘာဖြစ်လို့လဲ၊ မင်းကလည်း သရဲကိုတွေ့လိုက်ရတဲ့အတိုင်းပဲ၊
ဘာဖြစ်တာလဲ” ပြောတော့၊
ချစ်ဦးခမျာ မျက်လုံးပြူးမျက်ဆံပြူးနဲ့။
” ခွေးကောင်ရ၊ အဲဒါ လူမဟုတ်ဘူး သရဲဟ သရဲ၊
မင်းရဲ့ ဖိုးလေးထွန်းသာ သေသွားတာ ရက်ပေါင်း ၁၀ ကျော်ပြီ” တဲ့။
” ဟာ၊ ဟုတ်လို့လားကွာ၊ ဖိုးလေးကိုကြည့်ရတာ နည်းနည်းထူးဆန်း
နေပေမဲ့ ပုံမှန်ပဲကွ”
” ဖျန်း ”
ချစ်ဦးက ကျွန်တော့နားထင်ကို ရိုက်တော့တာပဲဗျ။
” ခွေးကောင်ရ၊ တစ်ရွာလုံး သုဿာန်တစပြင်လို တိတ်ဆိတ်နေတာ
မတွေ့ဘူးလား၊
အဲဒါ မင်းရဲ့ ဖိုးလေးကြောင်းပဲကွ”
ကိုယ်ကလဲ နားရှုပ်သွားတာနဲ့ သူ့ကိုရှင်းပြခိုင်းရတော့တာပေါ့။
***** ***** *****
‘ တကယ်တော့ ဖိုးလေးကို သူ့မိသားစုကရော၊ တစ်ရွာလုံးကပါ
ပယ်ထားတာကွ၊
ဘယ်သူမှ အခေါ်အပြော အဆက်အဆံမလုပ်ကြဘူး၊
အဲ အရက်သမားတွေနဲ့ အရက်သည်မ မိငယ်ကလွဲရင်ပေါ့၊
မိန်းမနဲ့ သားနှစ်ယောက်ကလဲ ပစ်ထားခဲ့တော့ ပိုဆိုးသွားတာပေါ့ကွာ၊
အချိန်ရှိတိုင်း မူးရူးရမ်းကားနေတော့တာပဲ။
တွေ့သမျှမြင်သမျှ လူတိုင်းကိုပြဿနာရှာတယ်၊
ညည ဆိုလည်း ရွာထဲ အယုတ္တ၊ အနတ္တအော်ဆဲတယ်၊
သူ့ကို တားတဲ့ သူတိုင်းကို ရန်ရှာတယ်၊ ပြောလိုက်ရင် သတ်မယ်
ခုတ်မယ်နဲ့၊
ဒါပေမဲ့ တစ်ခါတော့
သုံးရက်ကြာတဲ့အထိ ဖိုးလေးကိုမတွေ့ရဘူးကွ၊
ရွာသားတွေကလဲ နားအေးပါးအေး ဆိုတော့ ဘယ်သူမှ လိုက်မရှာ
ကြဘူးလေ၊
အဲ တစ်ခုတော့ ရှိတယ်၊
ဖိုးလေး ထွန်းသာ ပျောက်သွားတဲ့ နေ့ကတည်းက နေညိုတာနဲ့
အူလိုက်တဲ့ ခွေးကွာ တစ်ရွာလုံး ဆူညံနေတော့တာပဲ၊
တစ်ချို့ကတော့ ညဘက်မှာ ဖိုးလေးကို တွေ့တယ်လို့ ပြောကြ
တာပဲကွ၊
အထူးသဖြင့် အရက်သမားတွေပေါ့။
ဒါပေမဲ့ ဖိုးလေးက စကားတစ်ခွန်းမှ မပြောဘူးတဲ့။
အဲဒီအချိန်ထိ တော့ ဘာမှ မဖြစ်သေးဘူး ကွ”
ကျွန်တော် တို့ စကားပြောနေကြတုန်း အပြင်က
” ကျွတ် ကျွတ် ခြွင်း ခြွင်း ” မြည်သံတွေ ကြားလာရတယ်ဗျ။
ချစ်ဦး က ” ရှုး တိုးတိုး ” လို့ ပြောပြီး၊ မီးအိမ်ကို မီးငြိမ်းလိုက်တယ်။
” ဖိုးလေးလာရင် ဒီလို အသံတွေ ကြားရတယ် ကွ၊ ပြီးတော့
ခွေးအုပ်ကြီးလည်း ပါလာတတ်တယ်”
တစ်ခြား ဟာတွေကို သိပ်မယုံချင်သေးပေမဲ့ ခွေးအုပ်ကြီးတော့
တကယ်ဗျ။
” ကျွတ် ကျွတ် ကျွတ် ” မြည်လို့ မကြာပါဘူး၊
ခွေးအုပ်ကြီးက နားကွဲမတတ် အူပြီး ချစ်ဦး ရဲ့ အိမ်ရှေ့လမ်းက
ဖြတ်သွားတယ်ဗျ။
ခွေးအူသံအတော်လေး ဝေးတော့မှ ချစ်ဦး က မီးစာမြှင့် (မီးထွန်း)
လိုက်တယ်။
ပြီးတော့ မှ
” ထူးမြတ်၊ ငါထင်တာတော့ မင်းရဲ့ ဖိုးလေးက သူ့သားနှစ်ယောက်
နဲ့ သူ့မိန်းမကို ရှာနေတာလား မသိဘူး” တဲ့။
ပြီးတော့မှ ဆက်ပြောတယ်ဗျ။
” ဖိုးလေးကို မတွေ့ရတဲ့ သုံးရက်မြောက်နေ့မှာ အရက်သည်မ
မိငယ် က မနက်မလင်းမီကတည်းက ဖိုးလေးဆီ အရက်ကြွေး သွား
တောင်းချင်နေတယ်တဲ့ကွ၊
တစ်ယောက်ယောက်က သူ့ကို တိုက်တွန်းနေသလိုပဲတဲ့၊
အဲဒါနဲ့ မနက်လင်းချင်း ပိုက်ဆံသွားတောင်းတော့တာပေါ့၊
ပထမတော့ သူက ခြံဝင်းအပြင်ကပဲ အော်ပြီးတောင်းတာပေါ့။
ယောကျာ်းတစ်ယောက်တည်းနေတဲ့ အိမ်ဆိုတော့ မိငယ်လည်း
မဝင်ရဲဘူးပေါ့ကွာ၊ သူ့မှာလည်း အိမ်ထောင်နဲ့လေ၊
အဲဒါနဲ့ မိငယ်လည်း ” သေများသေနေပြီလားမသိ” လို့ပြောပြီး၊
အဲက ပြန်ခဲ့တော့ ဖိုးလေးရဲ့ အစ်မဝမ်းကွဲနဲ့ လမ်းမှာတွေ့သတဲ့ကွ၊
သူ့အစ်မ ဝမ်းကွဲနာမည်က ခင်သန်းနု ဆိုလားပဲကွ၊
ဒေါ်ခင်သန်းနုလည်း မနက်မလင်းမီ ကတည်းက အလိုလိုနေရင်း
ဖိုးလေးဆီကို သွားချင်နေတာတဲ့၊
အဲဒါနဲ့ သူမနဲ့ မိငယ် လမ်းမှာဆုံတော့ မိငယ်လည်း အဖော်ရတာနဲ့၊
တစ်ခေါက်ပြန်လာခဲ့တယ်တဲ့၊ အဲမှာ တွေ့တော့တာပဲ။
ပထမတော့ ဒေါ်ခင်သန်းနုက ဖိုးလေး အိပ်နေတယ်အထင်နဲ့
ပခုံးကို ကိုင်လှုပ်ပြီးနှိုးတာတဲ့၊
ဖိုးလေး အိပ်နေတဲ့ ပုံစံက ဘေးတစ်စောင်းပဲကွ၊
အိမ်အတွင်းဖက်ကို မျက်နှာမူပြီးအိပ်နေတာ၊ ပြီးတော့
ဒေါ်ခင်သန်းနု လည်း သိပ်မျက်လုံးမကောင်းဘူးကွ၊
အနီးကပ်ကြည့်မှ မြင်တာ၊
ဒေါ်ခင်သန်းနုက ” ဟေ့ ထွန်းသာ ထတော့ ” လို့ ပြောပြီး
တွန်းလိုက်မှ သေနေမှန်းသိရတာကွ၊
မိငယ်ဆို နေရာမှာတင် သတိမေ့သွားတာဟ”
အဲမှာ ဒေါ်ခင်သန်းနု အော်တော့မှပဲ လူတွေ ရောက်လာကြပြီး
တစ်ရွာလုံး သိသွားတာပေါ့ကွာ၊
ငါ့ကောင်ရေ မိငယ်မပြောနဲ့ ငါတောင် ဖိုးလေးရဲ့ အလောင်းကို
မြင်ပြီး မအိပ်နိုင်မစားနိုင် ရင်နည်းနည်းကြာအောင်ဖြစ်သွားတာကွ”
” ဟာ၊ အဲလောက်တောင် ဆိုးလို့လားကွာ”
” ဆိုးပါပြီလားဗျာ၊ ဖိုးလေး ရဲ့ တစ်ခန္ဓာလုံးဖြူဆွတ်နေပြီး
ရောင်တတ်နေတာမှ ပေါက်ကွဲလုမတတ်ကွ၊
မျက်လုံးတွေဆို၊ အောင်မလေး ပြူးထွက်နေတာ ပြုတ်ကျလုမတတ်ပဲ၊
မင်းယုံးမလားတော့မသိ၊ ဦးခေါင်းကြီးသွားတာမှ ဆံပင်တွေကို
တပင်ချင်းရေတွက်လို့ရလောက်တဲ့အထိကွ၊
ပြောရင်း တောင်ငါပြင်မြင်ယောင်လာပြီဟ”
ချစ်ဦး က ပြောရင်း ကျွန်တော့ အနားကပ်လာပြန်၏။
” ဒါနဲ့ ဘယ်လိုသေသွားတာလဲကွ၊ ပြီးတော့ စောနက ငါနဲ့တွေ့
တုန်းက ဖိုးလေး ပုဆိုးကို ခြုံထားတယ်ကွ ချစ်ဦးရ”
” ဘယ်လိုသေရမလဲဟ၊ အိပ်နေရင်းသေသွားတာနေမှာပေါ့၊
ပြီးတော့ မင်းပြောသလိုပဲကွ၊ ဖိုးလေးက ပုဆိုးကို
တစ်စခြုံထားပြီး၊ တစ်စကို လက်နဲ့ဖိထားတယ်၊
အေးဒါပေမဲ့ အပုပ်နံ့တော့ မထွက်သေးဘူးကွ၊ လက်နဲ့ထိကြည့်ရင်
ပျော့အိနေတယ်တာကွ၊ နောက်တစ်ရက်လောက်မှသာ သိရင်တော့
ပုပ်တော့မယ်ထင်တယ်ကွ၊”
” ဖိုးလေးရဲ့ နောက်ဆုံးခရီးက အကျဉ်းတန်လွမ်းတယ်ကွ၊
သူ့ခမျာ အခေါင်းတောင်မရခဲ့သလို၊ လိုက်ပို့တဲ့သူကလည်း
နည်းနည်းပဲကွ၊
ဖိုးလေးကို မြေမြှပ်အပြီးမှာတော့ သူနေတဲ့ အိမ်ကလေးကို ဖျတ်ပြီး၊
မီးရှို့လိုက်ကြတယ်”
” ဒါနဲ့ ဖိုးလေးရဲ့ သားနှစ်ယောက်နဲ့ ဖိုးလေးမိန်းမ က ဘယ်မှာတဲ့
လဲ”
” အင်း၊ ကြားတာတော့ သုံးယောက်လုံး ထိုင်း မှာတဲ့ကွ၊
ဆိုတော့ ရွာသားတွေကပဲ ကျန်တဲ့ ကိစ္စတွေကို ဆောင်ရွက်ရ
တော့တာပေါ့၊
အမျှဝေ ရေစက်ချပြီးတာတောင် သူ့ခမျာ မကျွတ်လွတ်ရှာသေးဘူး၊
အဲဒီကတည်းက ရွာလည်း ဒီလိုဖြစ်သွားတော့တာပဲ”
” သူ့မိသားစုကိုကော အကြောင်းမကြားကြဘူးလား”
” ကြားပါပြီလားဗျာ၊ ငါတော့ အသေအချာမသိပေမဲ့ လာခွင့်
မရသေးဘူးဆိုလားပဲကွ”
ကိုယ်လည်းကြောက်လာတော့ ဆက်ပြီးနားမထောင်ချင်တော့တာနဲ့
” ဟေ့ကောင်၊ ငါအခုမှ သတိထားမိတယ် မင် အမေနဲ့အဖေ ကိုလည်း
မတွေ့ပါလား” လို့
စကားလွှဲလိုက်ရပါတော့တယ်။
” အေးကွ၊ အဖေနဲ့အဖေက ရွာတစ်ပါးမှာရှိတဲ့ ငါ့ အကိုရဲ့မိန်းမ
ကလေးမွေးဖားလို့ကွ၊ အဲကိုသွားကြတယ်၊
အိမ်မှာက ဒီအတိုင်းထားခဲ့လို့မရတော့ ငါပဲကျန်ခဲ့ရတာပေါ့၊
အေး၊ မင်းရောက်လာနဲ့ အတော်ပဲ၊
ဟေ့ကောင် ဒီညတော့ ဒီမှာပဲ အိပ်လိုက် ငါလည်းအဖော်ရတာပေါ့”
အဲဒီညတော့ လုံးဝ အိပ်မပျော်ပါဘူးဗျာ။
အိပ်မယ်ကြံတိုင်းအိပ်မက်ဆိုးပဲ မက်နေတယ်၊
ဒီကြားထဲ ကျိုးကျိုးကျွတ်မြည်သံနဲ့ ခွေးအုပ်ရဲ့အူသံက ချစ်ဦး ရဲ့
အိမ်အနီးအနားမှ ခဏခဏ ထွက်ပေါ်နေလို့ မိုးလင်းပေါက်
အလာပ သလာပပဲ ထိုင်ပြောနေလိုက်ကြတယ်။
မနက်ရောက်လို့ အိမ်ပြန်တော့ မကြီးက ကျွန်တော့ကိုတွေ့တာနဲ့
တန်းဆူတော့တာဗျို့။
ဒါပေမဲ့ နောက်နေ့တွေမှာတော့ သူငယ်ချင်းတွေစုပြီး ချစ်ဦး ရဲ့
အိမ်မှာပဲ အိပ်ကြတယ်။
ဒီကြားထဲ သရဲကိုအကြောင်းပြပြီး ခိုးတဲ့သူခိုးတွေကရှိသေး။
ကျွန်တော်ရောက်လို့ ၃/၄ ရက်လောက်ကြာတော့မှ ဖိုးလေးရဲ့
သားကြီးတစ်ယောက်ပဲ ရောက်လာတယ်ဗျ။
သားငယ်နဲ့ ဖိုးလေးရဲ့ မိန်းမတော့ပါမလာဘူး။
ဘယ်လောက် သံဝေဂရစရာ သင်္ခန်းစာယူစရာကောင်းလိုက်သလဲဗျာ။
ဖိုးလေးရဲ့ သားကြီးရောက်လို့နောက်တစ်နေ့မှာပဲ ဖိုးလေးရဲ့
သားကြီးက ဓမ္မဂါမ်ကရော တစ်ခြားရွာတွေကပါသံဃာတော်အပါး
သုံးဆယ်တိတိပင့်ဖိတ်ပြီး ဆွမ်းကပ်လှူတယ်။
ပြီးတော့ ရွာလုံးကျွတ်ပရိတ်တရားတော်ကိုနာယူကာ၊
ရွာတစ်ပတ် ပရိတ်ရည်ပတ်ဖြန်းပြီး၊
ဖိုးလေးရဲ့ သားကြီးကပဲ ဦးဆောင်ကာ သုံးညဉ့်သုံးရက်
အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲကျင်းပကာ၊
အဆုံးနေ့မှာပဲ ရေစက်ချ၊ ဖိုးလေးအတွက်အမျှပေးဝေတယ်။
ကိုယ်ဒွေကတော့လုပ်အားပေးပေါ့။
အဲနေ့ကစပြီး အခြောက်အလှန့်လုံးဝလုံးဝ မရှိတော့ဘူးဗျ။
သူ့ဆန္ဒတွေပြည့်ဝသွားတာနေမှာပေါ့ဗျာ။
ဖိုးလေး ရဲ့ သားကြီးဆိုရင်သူ့အဖေနေခဲ့တဲ့နေရာမှာ ယာယီတဲအိမ်
ကလေးထိုးကာ ရက်ပေါင်းအနည်းငယ်ကြာနေခဲ့ပြီးမှ၊
ထိုင်းကိုပြန်သွားတာဗျ။
ကျွန်တော်တို့ သူငယ်ချင်းတစ်စုတောင် လေဆိပ်ထိလိုက်ပို့လိုက်
သေးတယ်။
အမှောင်ထုရောက်ရင်ရော အမှောင်ထုလွန်ရင်ရော
အရာအားလုံးက အရင်အတိုင်းပုံမှန်ဖြစ်သွားပေမဲ့၊
ဖိုးလေးထွန်းသာရဲ့အကြောင်းကတော့ ပြောစမှတ် ပုံပြင်လေး
တစ်ပုဒ်အဖြစ်ကျန်ရစ်နေခဲ့တော့တာပေါ့ဗျာ။။
*************************
×× × ×× × ×× ×× ×× ×× ×× ×× ×××× ×× ×× ×× × × ×
{ ပြီးပါပြီ။ }
ရွှင်လန်းချမ်းမြေ့ကြပါစေ။
အစဉ်ထာဝရ လေးစားစွာဖြင့် = wizard