အမှောင်ထဲကရယ်သံ ( အစ / အဆုံး)
————————-
ကျုပ်တို့အညာကနွားဆိုတာ အားကြီးသနားဖို့ကောင်းတာဗျ။
ယာထဲလဲလုပ်ရတယ်။ ရေစည်လည်းတိုက်ရတယ်။
ဆီဆုံလည်းကြိတ်ရတယ်။ ကုန်ပစ္စည်းလည်းသယ်ရ၊ ဟိုနားဒီနားသွားတော့လည်း လှည်းဆွဲရနဲ့ ဒင်းတို့ခမျာ နားရတယ်ကိုမရှိရှာတာဗျ။ လူကလည်း ဂရုစိုက်ပါမှ အစာမှန်မှန်ကျွေး၊
ရေမှန်မှန်တိုက်၊ ရေမှန်မှန်ချိုးပေး။ နေထိုင်မကောင်းတော့လည်း ဆေးလေးဝါးလေး ဂရုစိုက်တိုက်ပေးရတာပေါ့ဗျာ။ ကျုပ်ကတော့ အဘနွားကြီးတွေကို လွှတ်ဂရုစိုက်တာဗျ။ အစာရေစာမှန်မှန်တိုက်ကျွေးနေတော့ နွားကြီးတွေက ကျန်းကျန်းမာမာ၀၀ဖြိုးဖြိုး ဖြစ်နေတော့တာပေါ့ဗျာ။
အခုလည်းနွားစာကျွေးပြီးလို့ နွားတင်းကုတ်ရှေ့က သရက်တုံးပေါ်မှာထိုင်ပြီးဆေးလိပ်ကလေးဖွာနေတာဗျ။ တာတေမြို့ကျောင်းမှာတုန်းက ဆေးလိပ်ရဲ့ဆိုးကျိုးတွေသင်ခဲ့ရပါတယ်။ ဒါပေမဲ့ မောနေတဲ့အချိန်မှာ ဆေးလိပ်ကလေးဖွာလိုက်ရရင် အမောကိုပြေသွားတာဗျို့။
“တာတေ အိမ်ရှေ့မှာ ဆန်စေ့လုံးရောက်နေတယ်။ ဆရာတော်လွှတ်လိုက်တာထင်တယ်၊ လာတွေ့လိုက်ဦး”
အမေက အိမ်ဘေးပြတင်းပေါက်က ခေါင်းပြူးပြီး ကျုပ်ကိုအော်ပြောတယ်။ အဘက ရွာတောင်ပိုင်းက အရီးမယ်ကျင်တို့ ဝိုင်းကိုသွားလို့ဗျ။
ဆန်စေ့လုံးဆိုတာ ပုဗ္ဗာရုံကျောင်းက ကျောင်းသားကလေးဗျ။ လူလေးက သေးသေးညှက်ညှက်ကလေးမို့ သူ့ကို ဆန်စေ့လုံးလို့ ခေါ်ကြတာ။ ဆန်စေ့လုံးဆိုတဲ့ကောင်က လူကောင်ကသေးသေး၊ မျက်လုံးကပြူးပြူး ၊ ပါးစပ်က ပြဲပြဲဗျ။ ဒါပေမဲ့ လွှတ်လျင်တဲ့ကောင်ပါဗျာ။ ဆရာတော်ဦးဂုဏရဲ့ လက်စွဲပေါ့ဗျာ။ ဆရာတော့အလိုက်အထိုက်ကို လွှတ်သိတာဗျ။ အားကြီးလူကင်းပါးတဲ့ကောင်။
ကျုပ်က အိမ်ဘေးကပတ်ပြီး အိမ်ရှေ့ပေါက်ကနေ
အိမ်ပေါ်တက်လိုက်တယ်။
“ကိုကြီးတာတေ ဘာတွေလုပ်နေတုန်းဗျ”
“ဆန်စေ့လုံး ဘာလုပ်လာတာတုံး”
ကျုပ်က ပြုံးပြပြီးမေးလိုက်တယ်။ ဆန်စေ့လုံးက မျက်လုံးပြူးကြီးတွေနဲ့ကြည်ြ့့ပီး…..
“ဆရာတော်က ကိုကြီးတာတေကိုခေါ်ခိုင်းလို့ဗျ”
“ဟေ….ဟုတ်လားကွ ဆန်စေ့လုံးရဲ့၊ ဘယ်တော့လာခဲ့ရမှာတဲ့တုန်း”
“အခုလိုက္ခဲ့ပါတဲ့ဗ်”
“ဟေ…..အခုဟုတ်လား၊ မင်းဆရာတော် ဘာတွေများအရေးပေါ်နေလို့တုန်းကွ”
“ဧည့်သည်တွေရောက်နေလို့ဗျ ဆရာတော်ရဲ့ ညီနဲ့တူလို့ပြောတယ်၊ ဘယ်ကလာတာလဲတော့ ကျုပ်မသိဘူး”
“ဆရာတော်ညီဆိုတော့ ဟိုတစ်ခါလာတဲ့အရပ်ပုပုနဲ့ သျှောင်ထုံးနဲ့လူလား”
“ဟာ အဲဒါက ဘိုးလူနီပါ အခုလာတဲ့ဘိုးတော်က တစ်ခါမှမလာဖူးဘူးဗျ၊ သျှောင်ထုံးနဲ့မဟုတ်ဘူး”
“သြော် အေးအေး ဒါဆိုရင် ညီ၀မ်းကွဲဖြစ်လိမ့်မယ် ကဲ မင်းပြန်နှင့် ငါနောက်ကလိုက်ခဲ့မယ်”
“ဟာ…. မဖြစ်ဘူးဗျ ၊ ဆရာတော်က ကိုကြီးတာတေကို တပါတည်းခေါ်ခဲ့လို့ မှာလိုက်တာ”
“ဟေ… ဒါဆိုရင်တော့ ခဏစောင့်ကွာ၊ ပုဆိုးလေး အင်္ကျီလေးလဲလိုက်ဦးမယ်”
ကျုပ်က ကျုပ်အခန်းထဲ၀င်ပြီး ပုဆိုးနဲ့အင်္ကျီ လဲလိုက်သည်။
“ကဲ ဆန်စေ့လုံးသွားကြမယ်၊ အမေရေ ကျုပ်ကို ဆရာတော်ခေါ်လုိ့ ကျောင်းလိုက်သွားလိုက်ဦးမယ်”
“အေးအေး လိုက်သွား လိုက်သွား၊ ကိစ္စရှိလို့နေမှာပေါ့”
ပုဗ္ဗာရုံကျောင်းကိုရောက်တော့ ပန်းခြုံတွေကြားက အုတ်လမ်းလေးအတိုင်း၀င်လာခဲ့တယ်။ ဆရာတော်သီတင်းသုံးနေတဲ့ နှစ်ထပ်တိုက်ကျောင်းကြီးထဲကို၀င်လိုက်တယ်။ ဆရာတော်က ကျောင်းကြီးရဲ့အပေါ်ထပ်မှာဗျ။ ပွတ်လုံးတိုင်ကြီးတွေနဲ့ ပြောင်ပြောင်လက်လက် လက်ရမ်းကြီးတွေတပ်ထားတဲ့လှေကားကြီးအတိုင်း ကျောင်းကြီးအပေါ်ထပ်ကို ကျုပ်တက်လာခဲ့တယ်။
ဆရာတော်ရှေ့မှာ လူနှစ်ယောက်ဗျာ။ ကြုံ့ကြုံ့ကလေးတွေ
ထိုင်နေကြတယ်။
တစ်ယောက်က အသက်ခြောက်ဆယ်လောက်ရှိပြီ။ တစ်ယောက်က အသက်လေးဆယ်လောက်ရှိမယ်။ ဆရာတော်ရော ဧည့်သည်နှစ်ယော်စလုံးကရောကျုပ်ကိုလှည့်ကြည့်ကြတယ် ။ ကျုပ်နဲ့ဆန်စေ့လုံးက ဆရာတော်ကို၀တ်ဖြည့်လိုက်ကြတယ်။
“အေး… အဲ့ဒါ ကျုပ်ပြောတဲ့မောင်တာတေပဲ၊ ဆန်စေ့လုံးမင်းသွားလို့ရပြီ”
“တင်ပါ့ဘုရား”
ဆန်စေ့လုံးက ဆရာတော်ကို ကန်တော့ပြီးနောက်ဆုတ် နောက်ဆုတ်သွားတယ်။
“ဆန်စေ့လုံး သိပ်မဆော့နဲ့နော်”
“တင်ပါ့ဘုရား … မဆော့ပါဘူးဘုရား”
“တာတေရေ၊ နင့်အကောင် ဆန်စေ့လုံးက အားကြီးဆော့တာကွ၊ မနေ့ကလည်းသရက်ပင်ပေါ်ကပြုတ်ကျတာ ကံကောင်းလို့ မကျိုးတာဟေ့၊ ငါ့မှာ ဒဏ်ကြေလိမ်းဆေးတွေ လိမ်းလိုက်ရတာကွာ”
ကျုပ်ရော ဧည့်သည်တွေရော လှေကားထိပ်ကို ရောက်နေတဲ့ ဆန်စေ့လုံးကို ပြုံးပြီးကြည့်နေကြတယ်။
“တာတေရေ ဟောဒီဘက်က ဦးညွန့်တဲ့ကွ၊ ကျုပ်ညီတစ်၀မ်းကွဲတော်တယ်၊ ဟိုဘက်က သူ့သား မောင်ညိုမောင်တဲ့၊
ကျုပ်တုပေါ့ကွယ်”
“မှန်ပါ့ဘုရား”
“သူတို့ကကျောက်ဆည်နယ်ကကွ၊ သရက်ခြံလုပ်တယ်၊ သရက်ခြံမှအကျယ်ကြီးဗျ၊ အဲ့ဒါ ခု ဒုက္ခကြုံနေလို့ဟေ့၊ ကျုပ်ဆီကို အားကိုးတကြီးလိုက်လာကြတာ။ အေး…..ဖြည်းဖြည်းပြောကြတာပေါ့ကွယ်၊ မောင်တာတေလည်း… လာ…ရှေ့ကိုတိုး၊ ရေနွေးကြမ်းလေးသောက်ရင်းပြောကြတာပေါ့”
“မှန်ပါ့ဘုရား”
ကျုပ်က ရှေ့ကိုထိုးထိုင်တယ်။ ဦးညွန့်က ကျုပ်ကိုရေနွေးကြမ်းတစ်ပန်းကန်ငှဲ့ပေးတယ်။ ကျုပ်လည်း ရေနွေးကြမ်းကို မှုတ်ပြီး တစ်ကျိုက်သောက်လိုက်တယ်။
“ဒီလိုကွ၊ တာတေရဲ့.. ဟောဒီက ကျုပ်ညီ ငညွန့်က အဲ့ဒီသရက်ခြံကြီးကို၀ယ်လိုက်တာ နှစ်နှစ်ပဲရှိသေးတယ်ကွ၊ သရက်သီးတော့လွှတ်သီးတာပေါ့ကွာ၊ စီးပွားလည်းဖြစ်ပါတယ်၊ ဒါပေမဲ့ ခြံထဲမှာက ပြဿနာရှိနေတယ်ကွ၊ ကဲ…. ငညွန့် မင်းပဲမောင်းတာတေကို ပြောပြလိုက်ပေတော့ကွာ”
ဦးညွန့်က မျက်နှာကြည့်ရုံနဲ့ တော်တော်ကို ရိုးသားတဲ့လူမှန်းသိသာပါတယ်ဗျာ။
“ ဒီလို မောင်တာတေရေ၊ ဦးရဲ့ခြံထဲမှာ ဒီခြံကို၀ယ်လိုက်စဉ်ကတည်းက အိမ်နှစ်လုံးပါလာတယ်။ တစ်လုံးက အခုဦးတို့ မိသားစုနေတဲ့နှစ်ထပ်အိမ်၊ ပြီးတော့ ဦးတို့နေတဲ့အိမ်နဲ့ ကိုက်ငါးဆယ်လောက်အကွာက လျိုလေးထဲမှာ သစ်သားတစ်ထပ်အိမ်ကလေးတစ်လုံးရှိတယ်၊ ဦးတို့သရက်ခြံကြီးကို ရလိုက်တာကလည်း တော်တော်စျေးပေါပေါ နဲ့ရခဲ့တာကွ ၊ ပိုင်ရှင်တွေက ဘာဖြစ်တယ်မသိပါဘူးကွာ၊ ခြံကိုလက်သိပ်ထိုးရောင်းပြီး ရန်ကုန်ကိုပြောင်းသွားကြတာ”
“ သြော်”
“ ဒါပေမဲ့ မောင်တာတေရေ ကျုပ်တို့မိသားစုခြံထဲကိုပြောင်းနေပြီး တစ်လလောက်ကြာတော့မှ ဒီခြံကို ပိုင်ရှင်တွေ ဘာဖြစ်လို့ စျေးပေါပေါနဲ့ ရောင်းခဲ့တယ်ဆိုတာ သဘောပေါက်ကြတော့တာပေါ့ကွာ”
“ ဟင် ဘာဖြစ်လို့တုန်း အဘညွန့်ရဲ့”
“သူတို့ခြံက သရဲခြောက်တာကိုး မောင်တာတေရဲ့”
“ဗျာ သရဲခြောက်တယ် ဟုတ်လား အဘညွန့်”
ဦးညွန့်က ကျုပ်အမေးကို ပါးစပ်နဲ့မဖြေပဲ ခေါင်းပဲ တဆက်ဆက်ငြိမ်ပြာတာဗျို့၊ သူ့သားကိုညိုမောင်ကတော့ ဆေးပေါ့လိပ်ကလေးဖွာရင်း သူ့အဖေကျုပ်ကို ပြောပြနေတာကို နားထောင်နေတယ်ဗျ။
“ဘယ်လိုခြောက်တာတုန်း အဘညွန့်ရဲ့”
“ဒီလိုမောင်တာတေရေ… စောစောက ကျုပ်ပြောတဲ့ အထဲမှာ လျိုထဲက တစ်ထပ်အိမ်အကြောင်းပါရဲ့မဟုတ်လား”
“ဟုတ်ကဲ့ ပါတယ်ဗျ”
“အေး… အဲဒီတစ်ထပ်အိမ်ကလေးက ခြောက်တာဟေ့”
“ဟင် .. ဘယ်လိုခြောက်လို့တုန်း၊ တော်တော်ဆိုးဆိုးဝါးဝါးခြောက်တာလား”
“အေး ဆိုးဝါးတယ်လို့ပဲ ပြောရတော့မှာပေါ့ကွာ၊ ခြောက်ပုံက ဒီလိုကွ၊ မောင်တာတေရဲ့၊ နေ့တိုင်းခြောက်တာမဟုတ်ဘူး၊ လပြည့်လကွယ်ညတွေမှာမှ ခြောက်တာကွ”
“ဟာ… ဟုတ်လား၊ ဘယ်လိုခြောက်လို့တုန်း”
“ရယ်တာဟေ့…. ရယ်တာ အော်ပြီးတော့ကိုရယ်တာ”
“ဗျာ… ရယ်တာ၊ ဟုတ်လား တယ်လည်းထူးခြားပါလား၊ ဒီလိုအော်ရယ်တဲ့ သရဲ တစ်ခါမှမကြားဖူးပါဘူး”
“ဟုတ်ပါ့… မောင်တာတေရာ၊ ရယ်သမှ တဟားဟားနဲ့ကို ရယ်တာကွ”
“ ဟင်… တစ်ညဆို ဘယ်နှစ်ခါလောက်ရယ်တုံး”
“ ဟာ ညဆယ်နာရီလောက်က ရယ်တာ မနက်မိုးလင်းခါနီးအထိပဲကွ၊ ဘယ်နှစ်ခါရယ်လဲတော့ မသိပါဘူးကွာ”
“ဗျာ…ဒါဆိုရင် တစ်ညလုံး ရယ်နေတာပေါ့”
“ဟုတ်တယ် မောင်တာတေ..လပြည့်လကွယ်ညတွေ တစ်ညလုံးရယ်နေတာ၊ ပြီးတော့ အဲ့ဒီရယ်သံနဲ့အတူ သံကြိုးသံတွေလည်းကြားရတယ်၊ တချွင်ချွင်နဲ့နေတာပါပဲကွာ”
“ဟင် သံကြိုးသံ ဟုတ်လား အဘညွန့်”
“ဟုတ်တယ် မောင်တာတေ၊ သံကြိုးသံတွေ ကြားရတာချွင်ခနဲ့ ချွင်ခနဲ မြည်နေတာကို အတိုင်းသားကြားနေရတာ”
“နေဦး အဘညွန့်ရဲ့… အဲ့ဒီရယ်သံကို လူတိုင်းကြားရတာပေါ့ ဟုတ်လား”
ကျုပ်စကားကိုကြားတော့ ဦးညွန့်က ပျာပျာသလဲဖြစ်သွားတယ်ဗျ၊ ပြီးတော့မှ ကျုပ်ကိုသေချာကြည့်ပြီး
“အဲ့ဒါ ဒုက္ခဖြစ်နေတာပေါ့ မောင်တာတေရဲ့၊ လူတိုင်းကြားရတာမဟုတ်ဘူး… ကျုပ်တို့တစ်အိမ်လုံး ကျုပ်တစ်ယောက်တည်းကြားရတာ၊ ကျန်တဲ့လူတွေ တစ်ယောက်မှမကြားရဘူး၊ ဒီတော့ သူတို့က ကျုပ်ပြောတာ မယုံကြဘူးပေါ့၊ ကျုပ်ပဲ စိတ္တဇဖြစ်သလားဘာလားတွေးကြတာပေါ့ကွာ”
“ဟင် ဟုတ်လား၊ ကိုညိုမောင်ရော မကြားဘူးလား”
ကျုပ် ဆေးလိပ်ဖွာရင်း ငြိမ်ပြီးနားထောင်နေတဲ့ ကိုညိုမောင်ကို မေးလိုက်တယ်။
“မကြားဘူးကွ တာတေရ၊ အဘတစ်ယောက်ပဲကြားရတာ”
“ဟာ တစ်မျိုးပါလားဗျ”
“အေး ဒါပေမဲ့ အခုတော့ သူတို့ယုံသွားကြပါတယ်၊ ဦးတို့ခြံမှာက သရက်တွေခူးပြီး အမှည့်အုပ်ရတဲ့အချိန်ဆိုရင် ညဘက်ပါ မီးထွန်းပြီးလုပ်ကြရတာကိုး၊ ဒီမှာတင် သရက်ခြံအလုပ်သမားထဲက တစ်ယောက်က အဲဒီအသံကိုကြားရတယ်၊ ဒီကောင့်နံမည်က မောင်ချစ်တဲ့၊ ချက်ချင်းပဲ စက်ဘီးကလေးနင်းပြီး ရွာထဲကိုပြန်ပြေးတော့တာပဲဟေ့၊ ဘယ်သူမှဆွဲထားလို့ကိုမရတော့ဘူး၊ ဒီတော့မှ ကျုပ်အိမ်သားတွေက ကျုပ်ပြောတာကိုယုံသွားကြတာ
“နို့ အဘညွန့်တို့ အဲ့ဒီအိမ်ကို သွားကြည့်သေးလား”
“ဟာ ကြည့်ပါပြီကော မောင်တာတေရ၊ အိမ်ထဲမှာ ဘာမှကိုမရှိတာကွာ၊ အစ်အိမ်လုံးရှင်းလင်းနေတာပါ”
ကျုပ်လဲ မျက်ခုံးတွန်ပြီးစဉ်းစားမိတော့တာပေါ့။
“နေပါဦး အဘညွန့်ရဲ့ ဒီအိမ်မှာ အစက ဘယ်သူနေသွားတာတုန်းဗျ”
“အေး ဟုတ်ပြီ မောင်တာတေ၊ ဒီလိုကွ၊ အဲ့ဒီသရက်ခြံပိုင်ရှင်ရဲ့ အဖေကြီးက အသက်ခုနစ်ဆယ်ကျော််လောက်ရှိပြီတဲ့ မန္တလေးမှာနေတာဆိုပဲ၊ ဘာအကြောင်းတွေရှိလို့တုန်းဆိုတာတော့ ကျုပ်မသိဘူးပေါ့ကွယ်၊ သွက်သွက်ခါအောင် ရူးသွားတော့တာတဲ့ကွ”
“ဟင် ရူးသွားတာ ဟုတ်လား အဘညွန့်”
“ဟုတ်တယ်ဟေ့ ရူးသွားတာ ၊ နံမည်က ဦးမှုံတဲ့ ဒီအရူးအဖေကြီးကို ဘယ်သားသမီးကမှ ခေါ်ထားလို့အဆင်မပြေဘူးပေါ့ကွာ၊ ဒီမှာတင် သူ့သားက သူ့ခြံကြီးထဲခေါ်ထားရတာ၊ သူ့အိမ်နဲ့သိပ်မဝေးတဲ့ နေရာမှာထားပြီးစောင့်ရှောက်ရတာပေါ့ကွာ၊ ဘယ်လောက်တောင်ရူးနေလဲဆိုရင် သံကြိုးကြီး အမြဲခတ်ထားရတာတဲ့ွ့၊ သူ့သားကိုင်တိုင် အစားသောက်ကျွေး၊ ရေမိုးချိုးဆေးတိုက်ပေါ့ကွာ၊ တစ်ခါတလေ သူသောက်တဲ့ဆေးပြတ်သွားရင် အခုလိုပဲ တစ်ညလုံးရယ်နေတာတဲ့ကွ၊ သံကြိုးကြီးဆွဲပြီး အိမ်ထဲ ဟိုလျှောက် ဒီလျှောက် လုပ်နေတာဆိုပဲ၊ သံကြိုးသံတွေ တချွင်ချွင်နဲ့ပေါ့ကွာ”
“နောက်တော့ အရူး ဦးမှုံကြီး ဘာဖြစ်တုံးဗျ”
ကျုပ်က ဦးညွန့်ပြောပြတဲ့ အရူးကြီးဦးမှံအကြောင်းကို စိတ်၀င်တစားမေးသည်။
“အသက်ရှစ်ဆယ်နီးနီးလောက်မှာ သူ့ကိုချည်ထားတဲ့သံကြိုးနဲ့ပဲ ကြိုးဆွဲချ သတ်သေသွားတာတဲ့။ အဲ့ဒီတော့ မကျွတ်မလွတ်တော့ဘူးပေါ့ကွာ၊ အခုလိုဖြစ်တော့တာပဲ။ လပြည့်လကွယ် ညတွေမှာ တစ်ညလုံး ရယ်နေတဲ့အသံကြီးကို ကျုပ်ကြားသလို သူ့သားလည်း ကြားသတဲ့ကွ၊ ဒီတော့ သူ့အဖေအတွက် အလှူအတန်းတွေလုပ် ပရိတ်တွေရွတ်တဲ့။ ဒါလည်းဒီရယ်သံကြီးက ရှိနေတုန်းပဲပေါ့ကွာ၊ နောက်ဆုံး သူ့သားလည်း လက်လျှော့ပြီး သရက်ခြံကြီးကို ရသလောက်နဲ့ ရောင်းပစ်ခဲ့တော့တာပေါ့ မောင်တာတေ”
“ဖြစ်မှ ဖြစ်ရလေဗျာ၊ အရူးဦးမှုံကြီးက သရဲဖြစ်နေတာတောင် ရူးနေတုန်းထင်တယ် အဘညွန့်ရ”
“အေး ဟုတ်လောက်တယ် မောင်တာတေ၊ ဒါကြောင့်သူ့သား အမျှဝေတာလည်း မသိတာနေမှာပေါ့ကွာ”
“အကုသိုလ်များ တော်တော်ကို ကြောက်စရာကောင်းပါလားဗျာ”
ဆရာတော်တစ်ခွန်း၀င်ပြောတယ်ဗျာ၊ စောစောက ဦးညွန့်ပြောတာတွေကို ဆရာတော်က ငြိမ်ပြီးနားထောင်နေတာ။
“ဘုန်းဘုန်း တပည့်တော်ဖြင့် အခုလိုရူးနေတဲ့သရဲမျိုးကို တစ်ခါမှကို မကြားဖူးတာဘုရား”
“အေးကွ၊ တာတေရ ၊ ဒီဒကာကြီး ဦးမှုံဟာ အကုသိုလ်တော်တော်ကြီးပေတာကိုး၊ ဘဝပြောင်းပြီး အပါယ်လေးပါးရောက်နေတာတောင် စိတ္တဇရောဂါက ဆက်ခံစားနေရတယ်ဆိုတော့ တော်တော်ဆိုးတာပဲကွယ်”
“နို့ အဘညွန့်တို့ ဆရာတွေဘာတွေ ပင့်ပြီးမနှင်ဘူးလားဗျ”
“ဟာ နှင်ပါပြီလား မောင်တာတေရယ်၊ ဆရာတစ်ယောက်ဆိုရင် တော်တော်ကို သတ္တိရှိတာကွဲ့၊ လပြည့်ညမှာ မီးအိမ်ထွန်းပီး အဲ့ဒီအိမ်မှာ တစ်ယောက်တည်း၀င်ပြီး ဂါထာမန္တန်တွေရွတ်တာဆိုရင် တော်တော်ကိုသတ္တိူရှိတာကွဲ့၊ လပြည့်ညမှာ မီးအိမ်ထွန်းပြီး အဲ့ဒီအိမ်ထဲမှာ တစ်ယောက်တည်း၀င်ပြီး ဂါထာမန္တန်တွေရွတ်တာ တစ်ခါတည်း သူ့ဘေးနားမှာတင်ကပ်ပြီး ရယ်လိုက်တာကွာ၊ ဆရာလည်း လန့်ပြီးစွတ်ပြေးကာ သရက်ခြံကြီးထဲမှာ မနည်းကို လိုက်ဖမ်းယူလိုက်ရတ်၊ လူလည်း ပြူးကြောင်ကြောင်ကြီးနဲ့ ဖြစ်နေလို့ ကျုပ်မှာ ပရိတ်ရေတွေ ၊ဘာတွေနဲ့ မနည်းလုပ်ယူရတယ်။ နောက်နေ့အမနက် အစောကြီးပြန်သွားတော့တာပဲဟေ့၊ တစ်ရက်နေပါဦးဆိုတာတောင် မနေတော့ဘူး။ အဲ့ဒီသတင်းတွေက တဖြည်းဖြည်းပျံ့သွားတော့ခြံထဲကို အလုပ်သမားတောင် သိပ်ငှားလို့မရတော့ဘူးမောင်တာတေရ။ ဒါကြောင့်ကျုပ်တို့သားအဖတိုင်ပင်ပြီး ဆရာတော်ဆီရောက်လာတာ ၊ ခုဆိုရောင်းလဲ မလွယ်ဖြစ်နေတာကွာ“
“အာ့ကြောင့် ဘုန်းဘုန်းမင်းကိုခေါ်တာကွ၊ မင်းစဉ်းစားကြည့်လေ ဖြစ်နိုင်ရင် လိုက်လုပ်ပေးလိုက်ပါကွာ ကုပ်လဲကြွမှာပါ”
“ဟာ ဆရာတော်ပါကြွမှာဆိုတပည့်တော် အားရှိလိုက်တာဘုရား”
ဦးညွန့်တို့သားအဖ ၀မ်းသားသွားကြတာဗျို့။ဦးမှုံက စိတ္တဇဝေဒနာသည်ကြီးဆိုတော့ တစ်ခုခုကို စွဲလန်းသွားပြီး လပြည့်လကွယ်ရောက်မှ ဒီနေရာမှာပေါ်လာပြီး တဟားဟားနဲ့အော်ရယ်နေတာထင်ပါရဲ့။
ကျုပ်နဲ့ကိုညိုမောင်နဲ့သရက်ခြံထဲမှာထိုင်ပြီးစီစဉ်ကြတယ်။
“ကိုညိုမောင် ရွာထဲမှာ နတ်၀င်သည်ရှိလားဗျ”
ကျုပ်ကရုတ်တရက်မေးလိုက်တော့ ကိုညိုမောင်လည်းအံ့သြသွားတယ် ထင်ပါရဲ့။
“ဟေ…နတ်၀င်သည်ဟုတ်လား၊ ဟာ….ရှိတယ် ရှိတယ်၊ ဒေါ်စိန်ပွင့် ဆိုတဲ့အမျိုးသမီးက အမေဂျမ်းခေါင်းစွဲဆိုလားပဲကွ၊ နတ်ဟောမှန်တယ်ပြောကြတယ်”
“ဟာ ဒါဆိုဟန်ကျပြီဗျာ..ကိုညိုမောင် ရွာထဲသွားပြီးကြက်တစ်ကောင်၀ယ်ဗျာ ၊ပြီးရင် အဲ့ဒီနတ်၀င်သည်ပါခေါ်ခဲ့ဗျ”
ကိုညိုမောင်ကို မှာသင့်တာမှာပြီးလွှတ်လိုက်ရာ မကြာခင် ကြက်တစ်ကောင်ကို၀ယ်ပြီးပြန်လာခဲ့လေသည်။ ပြီးတော့ ဒေါ်စိန်ပွင့်ကိုလည်း တစ်ခါတည်းခေါ်လာခဲ့တော့သည်။
“ကိုညိုမောင် ဆရာတော်မသိအောင် ခြံထဲမှာပဲကြက်သားကိုချက်ထားဗျာ၊ ထမင်းလည်း ဆန်တစ်ခွ့်လောက်ချက်ထားပြီးရင် ထမင်းထုပ်ထုပ်ဖို့ ငှက်ပျောဖက်ကြီးကြီးခုတ်ထားဗျာ”
ကိုညိုမောင်က ထမင်းဟင်းချက်ဖို့ထွက်သွားတယ်။ ကျုပ်က ဒေါ်စိန်ပွင့်ကို အကျိုးကြောင်းပြောပြီးအကူညီတောင်းရတာပေါ့ဗျာ၊ သူကလည်း ကိုညိုမောင်မိန်းမနဲ့တော်တော်ခင်တော့ ပျာပျာသလဲ ကူညီမယ်ပြောပါတယ်။
ညမိုးချုပ်မှ သူပြန်လာခဲ့မယ်လို့ပြောပြီး ရွာထဲပြန်သွားတယ်ဗျာ။ ဆရာတော်ကတော့ ဘုရားခန်းခဲ ဘုရားရှိခိုးပုတီးစိပ်နေတယ်။
မိုးချုပ်စရောက်တော့ကုပ်ထမင်းထုပ်ထုပ်တယ်။ ကိုညိုမာင် ကြက်သားချက်ကောင်းကောင်းသားဗျ။ ထမင်းထုပ်ကို တောင်းလေဲးထည့်ပြီး ဒေါ်စိန်ပွင့်ကိုကျုပ်တို့စောင့်နေတယ်။ ရွာသချိုင်္င်းက ကိုညိုမောင်တို့နဲ့သိပ်မဝေးပါဘူး ။ ဒေါ်စိန်ပွင့်ရောက်တာနဲ့ကျုပ်တို့ ထွက်လာခဲ့တယ်။
ကျုပ်ကခပ်ကြီးကြီးအုပ်ဂူကိုလိုက်ရှာတယ်။ လကွယ်တော့မှာဆိုတော့ သချိုင်္င်းတစ်ခုလုံး အမှောင်ဖုံးနေတာပေါ့ဗျာ။ ကြယ်ရောင်ကလေးဝိုးတဝါးပဲရှိတာပေါ့၊ ကိုညိုမောင်က လက်နှိပ်ဓါတ်မီးထိုးပြတယ်ဗျ။ တော်တော်ကြီးတဲ့အုတ်ဂူကြီးတစ်လုံးတွေ့တော့ ကျုပ်လဲပါလာတဲ့ ဖယောင်းတိုင်ကို မီးထွန်းပြီးစိုက်လိုက်တယ်။ ပြီးထမင်းတောင်းထဲက ထမင်းထုပ်ကိုဖြည်ပြီးခင်းလိုက်တယ်။ ကြက်သားဟင်းနံ့မွှေးသွားတာပေါ့ဗျာ။ ပြီးတော့ အသင့်ပါလာတဲ့ သံရေပုံးကလေးကိုလည်း ဂ်ါပေါ်မှာချထားလိုက်တယ် ။ ဒေါ်စိန်ပွင့်က ဆံပင်ဖားလျားဖြည်ချထားလိုက်တယ်။ ဂူရှေ့မြေကြီးပြောင်ပြောင်ကလေးပေါ်မှာ ကြုံ့ကြုံ့ကလေးထိုင်ပြီး လက်အုပ်ချီထားတယ်ဗျ။ ကျုပ်မဖဲ၀င်ကိုပင့်ရတော့မှာပေါ့လေ။ သွက်သွက်လည်အောင်ရူးနေတဲ့သူရဲဆိုတာ ကျုပ်လည်း ဒီတစ်ခါပဲကြားဖူးတာဗျ။
“မဖဲဝါ၊ သချိုင်္င်းရှင်မကြီး မဖဲဝါ”
ကျုပ်ရဲ့အသံက သချိုင်္င်းတစ်ခုလုံးကိုလွှမ်းသွားမယ်ထင်တယ်။ ကိုညိုမောင်ကတော့ နည်းနည်းလန့်သွားပုံပဲဗျ။ နောက်ကို ခြေနှစ်လှမ်းလောက်ဆုတ်သွားတယ်။
“အရှေ့နေထွက်၊ အနောက်နေ၀င်၊ တောင်တံငါတွန်၊ မြောက်ဓူဝံအတွင်း မည်သည့်နေရာတွင် ရောက်၇ှိနေသည်ဖြစ်စေ ဒီနေရာကို အရောက်ကြွခဲ့ပါလို့ ကျုပ်တာတေ ပင့်ဖိတ်ပါတယ် သချိုင်္င်းရှင်မကြီး မဖဲဝါဗျားးးး ကြွပါ ကြွပါ ကြွပါဗျ”
ကျုပ်ခဏနေတော့ နောက်တစ်ခါထပ်ပင့်တယ် ပြီးတော့ နောက်တစ်ခါ။
“ဝူး ၊ ဝူး၊ ဝူး၊ ဝူး၊ အီ အီ ဝူး”
ဟော ဒါမဖဲဝါရဲ့ ခွေးကြီးအသံဗျ၊ ကျုပ်ကောင်းကောင်းမှတ်မိတာပေါ့၊ လာနေပြီဗျို့၊ မဖဲဝါလာနေပြီ။
“ဝူး ၊ ဝူး၊ ဝူး၊ ဝူး၊ အီ အီ ဝူး”
တောခွေးကြီးရဲ့အသံ နီးလာပြီဗျို့။ ဟာ လေအေးအေးလေး တစ်ချက်တိုက်သွားတယ်ဗျို့၊ သချိုင်္င်းထဲက ထနောင်းပင်တွေ လှုပ်သွးတယ်။ ကျုပ်တောင်မှ စိမ့်ကနဲဖြစ်သွားတာဗျိုး။
ဟောဟော ဒေါ်စိန်ပွင့်ပြီးလက်အုပ်ချီထားတဲ့လက်တွေ တဆက်ဆက်တုန်လာပြီဗျို့။
“ဖြောင်း ဖြောင်း ဖြောင်း”
နဖူးနဲ့လက်နဲ့ရိုက်တဲ့အသံဗျ။ ဟာလက်ကြီးတွေ ကွေးကောက်နေပြီဗျို့။
“ဟီး ဟီး ဟီး“
ဒေါ်စိန်ပွင့်ကို မဖဲဝါ၀်စီးလိုက်ပြီဗျ။
“သချိုင်္င်းရှင်မကြီးကို စားပွဲသောက်ပွဲများနဲ့ကြိုဆိုပါတယ်ဗျ။ အားရပါးရသုံးဆောင်လိုက်ပါဗျာ”
ဟော ခုန်ပြီ ခုန်ပြီ။ ဂူကြီးကြီးကို လွှားခနဲ့နေအောင်ခုန်တက်သွားပြီဗျို့။ ဟာ ပေါင်ကြီးကားယားကြီးလုပ်ပြီး ဆံပင်ဖားလျားကြီးနဲ့ ထမင်းတွေစားပြီဗျို့။
“ခွပ် ခွပ် ဂလွပ် ဂလွပ်”
ကြက်ရိုးတွေကို တဂွပ်ဂွပ်ကိုက်နေတာဗျို့ တော်တော်ကလေးစားပြီးမှ ကျုပ်ကိုမျက်လုံးပြူးပြူးကြီးနဲ့စိုက်ကြည့်တယ်။
ကျုပ်သိတာပေါ့ဗျာ၊ ကျုပ်ပြောရတော့မှာပေါး
“ဒီလိုပါ မဖဲဝါ။ ဒီရွာက သရက်ခြံကြီးတစ်ခြံထဲမှာ သရဲကြီးတစ်ကောင်ရှိနေပါတယ်။ လပြည့်လကွယ်ညတွေမှ တစ်ညလုံးအော်ရယ်နေတာဗျာ၊ ဒါပေမဲ့ သူ့ရယ်သံကြီးကို လူတိုင်းတော့ မကြားဘူးဗျ ကြားတဲ့သူမှ ကြားတာ။ ခုတော့ ခြံထဲမှာလူတွေအလုပ်လာမလုပ်ရဲကြတော့ဘူး။ ခြံရှင်မိသားစုလဲ တော်တော်စိတ်ညစ်နေပြီဗျာ အဲဒါ ဘာလုပ်ရမလဲ ပြောပြပါ မဖဲပါခင်ဗျာ”
ကျုပ်ကပြောပြီး အသာအကဲခတ်နေရတာပေါ့ဗျာ။ ကျုပ်နောက်ကို အသာလှည့်ကြည့်လိုကတော့ ကိုညိုမောင်ရဲ့မျက်နှာမှာတော်တော်ကြောက်နေတဲ့ပုံက အထင်းသားပေါ်နေတာဗျာ။
“တာတေ အဲ့ဒီသရဲက ရူးနေတာ ။ သူသေတာလည်း မသိသေးဘူး သူ့ကိုသံကြိုးခတ်ထားတယ်ပဲထင်နေတာ။ သူ့ကိုအရူးပျောက်အောင်အရင်လုပ်ရမယ်။ မှတ်ထား ၊ ဆင်ခေါင်းတောင်မှာ သရဲခြေထောင်င်၇ှိတယ် ။ အမြစ်ကိုယူခဲ့ပြီးမီးရှို့။ အဲ့မီးခိုးမှိုင်းကိုသရဲရှူမိရင် အရူးပျောက်သွားလိမ့်မယ်။ ဒီတော့မှ အိမ်ပြင်ကိုခေါ်ထုတ်. ငါ့နံမည်ပြောပြီးခေါ်ခဲ့။ မနက်ဖြန်ညမှ ငါခေါ်သွားမယ်”
ပြောရင်းစားရင်းနဲ့ ထမင်းတစ်ခွက်ချက်ရော ကြက်တစ်ကောင်ချက်ရော ကုန်ပါရောလားဗျာ။ ပြီးတော့သံပုံးကလေးထဲက ရေကိုမော့သောက်ပြီးလက်ဆေးလိုက်သေးတယ်။
ဟော ဟော ဒေါ်စိန်ပွင့်ကြီး ဂေါ်ပေါ်မှာ လဲကျသွားပြီဗျို့။ မဖဲဝါထွက်သွားပြီ။ ကျုပ်က ကပျာကယာပြေးပြီး ဒေါ်စိန်ပွင့်ကို လှုပ်နှိုးရတာပေါ့ဗျာ။
“ဒေါ်စိန်ပွင့်.. ဒေါ်စိန်ပွင့် ထ…ထ”
ကိုညိုမောင်လည်း ပြေးလာပါတယ်။ ဒေါ်စိန်ပွင့်ကို ကျုပ်နဲ့ကိုညိုမောင် တွဲပြီး ဂူပေါ်က ချပေးရတယ်ဗျ။ စောစောက ဂူပေါ်ကိုလွှားကနဲခုတ်တက်သွားတဲ့ နတ်၀င်သည်ကြီးကို မနည်းဂူပေါ်က ချပေးရတာဗျို့။
“ဝူး ဝူး ဝူး အူး အူး”
မဖဲဝါရဲ့ ခွေးနတ်ကြီးအူတဲ့အသံက တဖြည်းဖြည်းဝေးသွားပြီ။ ကျုပ်တို့လည်း သရက်ခြံကြီးထဲကို ပြန်လာခဲ့ကြတယ်။ အဲဒီညက ဒေါ်စိန်ပွင့်က ကိုညိုမောင်တို့အိမ်မှာပဲ အိပ်တယ်ဗျ။ ကျုပ်တွေးနေတာက မဖဲဝါပြောတဲ့ ဆင်ခေါင်းတောင်က သရဲခြေထောက်ပင်ရဲ့အဖြစ်ဆိုတာကိုပေါ့ဗျာ။ ကျုပ်အဲဒီအပင်ကို ကြားလဲမကြားဖူးဘူး၊ ဘယ်လိုရှာရမှန်းလဲမသိဘူး။ အဲ့အမြစ်ရမှပဲရူးနေတဲ့သရဲကိုထုတ်လို့ရမှာလေဗျာ”
မနက်လင်းတော့ဒီအကြောင်းကို ကိုညိုမောင်ကိုပြောတော့ ရွာထဲကိုကျားဆိုတဲ့မုဆိုးတစ်ယောက်ရှိတယ်တဲ့။ ဒီလူကိုရှာခိုင်းရင်ရနိုင်တယ်လို့ပြောတယ်
ဒါနဲ့ အချိန်မဆိုင်းပဲ ကျုပ်နဲ့ကိုညိုမောင်ရွာထဲကိုသွားကြတယ်။ ဒေါ်စိန်ပွင့်ကိုလည်းတစ်ခါတည်းခေါ်သွားပြီး ပြန်ပို့ပေးခဲ့ရတာပေါ့။ ကိုကျားလို့ခေါ်တဲ့မုဆိုးကိုတွေ့ပြီး မေးကြည့်တော့
“ဟား…ဟား…ဟား… မင်းကွာ တော်တော်ရှာရှာဖွေဖွေမေးတာပဲကွ၊ မင်းငါ့ကို မေးမိပေလို့ပေါ့ကွာ။ တခြားသူကိုလာမေးရင် မင်းကိုရူးနေတယ်လို့ောတင်ပြောမှာ”
“နို့..ကိုကြားရော ကြားဖူးလား”
“ကျုပ်ဆရာ ပြပေးခဲ့လို့ ကျုပ်ကတော့ သိတယ်၊ လူတော်မကြားဖူးတဲ့အပင်မျိုးကွ၊ အားကြီးရှားတယ်၊ ဆင်ခေါင်းတောင်မှာပဲရှိတာ၊ တခြားဘယ်မှာမ မတွေ့ဘူး”
“ဟာ ဟုတ်ပြီဗျို့ ကျုပ်တို့ကြားတာလည်း ဆင်ခေါင်းတောင်မှာလို့ပဲကြားတာဗျ”
“ကျုပ်ပိုက်ဆံပေး၀ယ်ပါ့မယ်ဗျာအဲ့ဒီအပင်ရဲ့ အမြစ်ကို တူးပေးပါ၊ ဒီနေ့ နေမ၀င်ခင်ရမှဖြစ်မှာဗျ ကိုကျားရဲ့”
ကိုညိုမောင်ကိုကျားကို သေသေချာချာပြောတာဗျ။
“ ဒါဆိုလဲ ဒီနေ့ ငါအမဲမလိုက်တော့ဘူး ဆင်ခေါင်းတောင်သွားပြီး သရဲခြေထောက်မြစ်သွားတူးတော့မယ်”
ဒီတော့မှ ကျုပ်လဲစိတ်ချသွားတော့တာပေါ့ဗျာ။ ကျုပ်တို့ သရက်ခြံပြီးထဲပြန်လာခဲ့ကြတယ်။ ညနေ (၄)နာရီလောက်ကျ ကိုကျားသရက်ခြံကြီးထဲရောက်လာတယ်။
“ဟာ ကိုကျား ပြန်လာပြီလာဗျ အဆင်ပြေလား”
“ညိုမောင်ရာ မိုးပေါ်မှာ သိကြား၊ လူ့ပြည်မှ ငါကျားဆိုတာ မင်းမှ မသိတာကွာ”
ကိုကျားက ခပ်ရွှင်ရွှင်ပြောတက်တာဗျာ။ ကိုညိုမောင်လည်း၀မ်းသားအားရနဲ့ ကိုကျားကို စျေးသုံးပိုက်ဆံတွေပေးလိုက်တယ်။
ညဆယ်နာရီလောက်ရောက်တော့ ကျုပ်နဲ့ကိုညိုမောင်ဆရာတော်ကိုရှိခိုးပြီးထွက်လာတယ် မျက်ကွင်းဆေးကိုတော့ ကျုပ်သွေးပြီးကွင်းလိုက်တယ် သစ်စုန်းဆေးတော်ကြီးကိုလည်း ယူခဲ့တယ်။
လျှိုထိပ်က မြက်ခင်းကလေးမှာ ကိုညိုမောင်နဲ့ထိုင်ပြီး လျိုထဲက အိမ်ကလေးကိုကြည့်နေကြတယ်။ လကွယ်ညလည်းဖြစ် သရက်ခြံကြီးလည်းဖြစ်ပြန်ဆိုတော့ မှောင်ပိန်းနေတာဗျ။
ကိုညိုမောင်ကတော့ခြံကြီးထဲမှာသွားနေကျဆိုတော့ ငါးထောင့်ထိုးလက်နှိပ်ဓါတ်မီး ယူလာခဲ့သည်။ ကျုပ်က နဂါးဆေးလိပ်လေးဖွာ ကိုညိုမောင်က ဆေးပြင်းလိပ်တိုလေးမီးညှိပြီးဖွားနေကြတာဗျ။
“ဟား……ဟား……ဟား……ဟား……ဟား”
ဟော ရယ်ပြီဗျို့၊ ကျုပ်ဖြင့်ဗြုန်းစားကြီးပေါ်လာတဲ့ရယ်သံကြီးကြောင့် တုန်တောင်သွားတယ်။ ကိုညိုမောင်ကိုလှည့်ကြည့်တော့ ဘာမှကြားပုံမပေါ်ဘူးဗျ။ ကျုပ်ဖြင့်တော်တော်အံ့သြသွားရတယ်။
“မောင်တာတေ ကြားလား ကြားလား”
ဟာအဘညွန့်ပဲ၊ မှောင်ထဲစမ်းပြီးလိုက်လာတာဗျး
“ကျုပ်ကြးတယ်အဘညွန့်”
“ဟာ တော်သေးတာပေါ့ကွာ မောင်တာတေကြားပေလို့ ကျုပ်ပြောတာကို မယုံမှာစိုးရိမ်နေတာကွ”
“ယုံပါတယ် အဘညွန့်ရဲ့။ မဖဲဝါကိုယ်တိုင်ကျုပ်ကိုပြောလိုက်တာပဲ၊ အခုလည်းသူခိုင်းတဲ့အတိုင်းကျုပ်လုပ်မှာပဲလေ”
“ဘယ်…ဘယ်သူကွဲ မောင်တာတေ”
“မဖဲဝါလေ အဘညွန့်၊ သချိင်္ုင်းရှင်မ မဖဲဝါကိုပြောတာလေဗျာ”
“ဟေ မင်းက မဖဲဝါနဲ့ကို အလုပ်လုပ်နိုင်တာကိုး၊ မောင်တာတေ လူသာငယ်တာ အဆင့်က မငယ်ဘူးကိုးကွဲ့”
“ဟာ… ဒီလိုလဲမဟုတ်ရပါဘူးဗျာ”
“ဟား……ဟား……ဟား……ဟား……ဟား”
“ရယ်သံကြီးထွက်လာပြန်ပြီဗျို့အဘညွန့်”
ရယ်လိုက်တာမှ လှိုက်လှိုင်လှဲလှဲကိုရယ်တာဗျ၊ အားရပါးရကိုရယ်တာ။
“ချလွင်..ချလွင်..ချလွင်”
အဘညွန့်ပြောတာ ဟုတ်သားသံကြိုးသံကြီးပါကြားနေရတာ။
“ဟား……ဟား……ဟား……ဟား……ဟား”
“ချလွင်..ချလွင်..ချလွင်”
“အဘညွန့်ပြန်တော့ ကျုပ်တို့ အလုပ်စလုပ်ကြတော့မှာ”
“အေးအေး ဒါဆိုရင် ကျုပ်ပြန်ပြီ”
“ကိုညိုမောင် အဘညွန့်ကို မီးထိုးပြလိုက်ပါ။ ညကတော်တော်မှောင်လာတယ်ဗျ၊ ဒါ ပုံမှန်မှောင်တာမဟုတ်ဘူးထင်တယ်”
ကိုညိုမောင်က ဒီတော့မှ သတိရပြီးသူ့အဖေကို မီးထိုးပေးလိုက်တယ်။ ညမှောင်ပုံကြီး ကျုပ်မကြိုက်ဘူးဗျ၊ ဒါဟာပုံမှန်မှောင်တာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ငုံ့ကြည့်လို့ မမြင်အောင်ကိုမှောင်နေတာ။ ဒါ အမိုက်မှောင်ကြီးကျနေတာဗျို့။ ကျုပ် ကောင်းကောင်းသိတယ်။ မှောင်ထဲမှာ အော်အော်ပြီးရယ်နေတဲ့ မကောင်းဆိုးဝါးသရဲကြီးကြောင့် ဒီအနီးတစ်ဝိုက်မှာ အမိုက်မှောင်ကြီးကျနေတာဗျ။
“ကဲ ကိုညိုမောင်ထတော့ မီးထိုးဗျာ၊ ဟိုအိမ်ကိုသွားမယ်”
ကျုပ်က ေ၇ှ့ကသွား၊ ကိုယ်ညိုမောင်က နောက်ကလိုက်ပေါ့ဗျာ ငါးတောင့်ထိုးဓါတ်မီးကြီးကို ကိုညိုမောင်ကထိုးပြတယ်။ လျိုကလေးထဲကိုရောက်တော့ တစ်ထပ်အိမ်ကလေးကို တန်းသွားတယ်။
“ဟား……ဟား……ဟား……ဟား……ဟား”
“ချလွင်..ချလွင်..ချလွင်”
တော်သေးတာပေါ့၊ ဒီအသံကြီး ကိုညိုမောင်မကြားပေလို့ပေါ့။ ကြားသာကြားရင် ခုလောက်ဆို ထွက်ပြေးသွားမှာသေချာတာပေါ့။ ကျုပ်လည်းလာသာလာရတာ ကြက်သီးတွေက တဖျန်းဖျန်းပါပဲဗျာ။
“ဟား……ဟား……ဟား……ဟား……ဟား”
“ချလွင်..ချလွင်..ချလွင်”
အသံနက်ကြီးနဲ့ဗျာ လှိုက်လှိုက်လှဲလှဲရယ်နေတာ၊ ကိုယ်ညိုမောင်က မီးထိုးထးတယ်။ ကျုပ်က သတိထားပြီး တံခါးကို တွန်းဖွင့်လိုက်တယ်။ ဓါတ်မီးအလင်းရောင်က အိမ်ကလေးထဲကိုလင်းသွားတယ်။
ဟာ……နည်းတဲ့အကောင်ကြီးမှမဟုတ်တာဗျာ။ ခေါင်မိုးနဲ့ခေါင်းနဲ့တိုက်မတက်ပဲဗျာ။ ခြေထောက်မှာသံကြိုးကြီးနဲ့ချည်လို့ဗျ။ ဒါကြောင့် သံကြိုးသံ တချွင်ချွင်ကြားနေရတာကိုး။ လူ့ဘ၀တုန်းက ချည်ထားတဲ့သံကြိုးက သရဲဖြစ်တာတောင် ချည်လျက်သားကြီးဖြစ်နေတာ ဘာသဘောတုံးဗျ။ ကျုပ်လည်းတွေ့မရတော့ပါဘူးဗျာ။ ဒါမျိုးဆိုတာ အချိန်ဆွဲလို့မဖြစ်ဘူးဗျ။ ကျုပ်ချက်ချင်းပဲ စက္ကူနဲ့ထုပ်ထားတဲ့ သရဲခြေထောက်မြစ်တွေကို အဆင်သင့်ယူလာတဲ့ သံပြားကလေးပေါ်မှာပုံပြီး မီးခတ်နဲ့ မီးရှို့လိုက်တယ်။
ဆေးမြစ်တွေမီးစွဲသွားပြီး မီးခိုးတွေအလိပ်လိုက်ထွက်လာပီဗျိုး။
“ဟား……ဟား……ဟား……ဟား……ဟား”
ရယ်သံကြီးထွက်လာပြန်ပြီ။ မီးခိုးတွေကို ကျုပ်က လေနဲ့မှုပ်ပြီး အိမ်ထဲကိုသွင်းလိုက်တော့ သရဲကြီးငြိမ်သွားပြီဗျ။ ရယ်သံကြီးလဲငြိမ်သွားပြီ။ စောစောကလို အောက်မရယ်တော့ဘူးဗျာ။
“ချလွမ်”
ဟာ သံကြိုးကြီးပြုတ်ထွက်သွားပြီဗျို့။ ကျုပ်လဲ မီးခိုးတွေ အလိပ်လိုက်ထွက်နေတဲ့ အောက်ခံသံပြားကလေးကိုယူပြီး အိမ်ထဲကို၀င်ခဲ့တယ်။ ကိုညိုမောင်ကလည်း ဓါတ်မီးကိုင်ပြီး ကျုပ်နောက်ကပါလာတာဗျို့။
အိမ်ထဲမှာသရဲခြေထောက်ဆေးမြစ်ရဲ့ မီးခိုးတွေကတလွင့်လွင့်နဲ့ပေါ့ဗျာ။
ဟော သရဲကြီးထိုင်ချလိုက်ပြီး ငိုနေပြီဗျို့။ ရှိုက်ကြီးတငင်ကိုငိုတာဗျို့။ သတိ၀င်သွားပြီထင်တယ်ဗျ။ ၀မ်းနည်းပမ်းနည်းကိုငိုနေရှာတာဗျို့။ သူ့ဘ၀ကိုသူသိသွားပြီထင်ပါရဲ့။
“ဝူး ဝူး ဝူး အီး အီး”
ဟာ…… မဖဲဝါရဲ့ခွေးကြီး အူတဲ့အသံပဲဗျ။ ဧကန္တ တော့ မဖဲဝါရောက်နေပြီထင်တယ်။
“ဝူး ဝူး ဝူး အီး အီး”
အလို ခွေးသံကြီးက သရက်ခြံကြီးထဲက ထွက်လာတာဗျို့။ မဖဲဝါကြီး ခြံထဲရောက်နေပြီထင်တယ်။ ကျုပ်သူ့ကို ဆွဲထုတ်သွားမှပါပဲ။
“ဦးမှုံ ကျုပ်ပြောတာ နားထောင်ပါ ။ တကယ်တော့ ခင်ဗျားက ဘဝပြောင်းသွားပါပြီ။ အခု သချိုင်္င်းရှင်မ မဖဲဝါကိုယ်တိုင် ခင်ဗျားကို လာခေါ်နေပြီ ။ ခင်ဗျား အခုပဲအိမ်ထဲကထွက်ပြီး လိုက်သွားရမယ် ကဲ ထွက်ထွက်ထွက်”
ဟာ ထိုင်နေတဲ့သရဲကြီးထလာပြီဗျို့။
“ကိုညိုမောင် နောက်ကိုဆုတ်နေ”
ကျုပ်က ကိုညိုမောင်ကို နောက်ဆုတ်ချိုင်းတယ် ။ သွားပြီ သွားပြီး အိမ်ထဲက ထွက်သွားပြီ။ ဟော အပြင်ရောက်သွားပြီ။
“ဝူး ဝူး ဝူး ဝူး”
ကိုညိုမောင်ကတော့ သရဲကြီးရဲ့ ရယ်သံကို မကြားရသလိုပဲ …မဖဲဝါရဲ့ ခွေးအူသံကိုလည်း မကြားရဘူးဗျ။
“ဟီး… ဟီး…ဟီး..ဟီး”
ဟာ ဒါမဖဲဝါကြီးရယ်သံပဲဗျာ ၊ ကျုပ်အသံကြားတဲ့ဘက်ကို လှမ်းကြည့်လိုက်တယ်။ စောစောက ကျုပ်နဲ့ကိုညိုမောင်ထိုင်နေခဲ့တဲ့ လျှိုထိပ်က မြက်ခင်းကလေးမှာ မားမားကြီးရပ်နေတာဗျို့။ သူ့ဘေးမှာက နွားပေါက်လောက်ရှိတဲ့ ခွေးနက်ကြီးဗျ။ မဖဲဝါရဲ့ မျက်လုံးကြီးတွေက အမှောင်ထဲမှာ ရဲရဲတောက်နေတာဗျို့။ အရပ်ကြီးက ဆယ်ပေလောက်၇ှိမှာ။ သရဲကြီးမရယ်တော့ စောစောကလောက် မမှောင်တော့ဘူးဗျ။ အမိုက်မှောင်ကြီး ပျောက်သွားပြီ။
“ ကိုညိုမောင် မီးမှိတ်လိုက်တော့”
ကျုပ်က တရွေ့ရွေ့သွားနေတဲ့ သရဲကြီးရဲ့နောက်ခပ်လှမ်းလှမ်းက လိုက်ခဲ့တယ်။ ကိုညိုမောင်က ကျုပ်နောက်ကပေါ့ဗျာ။ မဖဲဝါက လက်ကြီးနှစ်ဖက်ကို အရှေ့ဘက်ဆန့်ထုတ်ထားတယ်ဗျ။ သရဲကြီးက မဖဲဝါကိုမြင်သွားပြီ။ မဖဲဝါနောက်လှည့်ထွက်သွားပြီဗျို့။ သရဲကြီးကလဲ မဖဲဝါနောက်က ပါသွားတာပေါ့ဗျာ။ မဖဲဝါခွေးကြီးကတော့ နောက်ကိုတစ်ချက် တစ်ချက် လှည့်ကြည့်တယ်ဗျ။ သွားပြီ။ သရဲကြီးပါသွားပြီ။ သရက်ခြံဆုံးတဲ့အထိ ကျုပ်နဲ့ ကိုညိုမောင်လိုက်ကြည့်ခဲ့ကြတယ်။ မဖဲဝါရော ခွေးနက်ကြီးရော အမှောင်ထဲမှာ အော်အော်ရယ်တဲ့သရဲကြီးပါ ကျုပ်ရဲ့ မြင်ကွင်းကပျောက်သွားတော့မှ ကျုပ်တို့ အိမ်ပြန်လာခဲ့ကြတယ်။
ကျုပ်က မကျိန်းသေးပဲစောင့်နေတဲ့ဆရာတော်ကို အားလုံးလျှောက်ရတာပေါ့ဗျာ။ အဘညွန့်တို့မိသားစုကတော့ ပျှော်ရွှင်နေကြတာပေါ့။ ဆရာတော်ကလည်း ခေါင်းတညိတ်ညိတ်ပါပဲ။ ကျုပ်တို့လည်း နောက်သုံးရက်ကြာတော့မှ ဆရာတော်နဲ့အတူ ရွာပြန်ရောက်ခဲ့ကြပါတော့တယ်။
ပြီးပါပြီ။