အရင်လူ၏ဝဋ်ကြွေး

အရင်လူ၏ဝဋ်ကြွေး(စ/ဆုံး)

————————–

“သမီးဒီမှာခဏလာထိုင်ပါဦး မေမေ သမီးကို မေးစရာရှိလို့”

ခိုင်ဝါ အလုပ်မှပြန်ရောက်ရောက်ခြင်း မေမေခေါ်သဖြင့် အခန်းထဲသို့ မဝင်သေးဘဲ မေမေ့နံဘေးမှကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။

“သမီးအနောက်လမ်းထဲကို အသစ်ပြောင်းလာတဲ့ ဒေါ်ညွန့်တင်သားနဲ့ကြိုက်နေကြတယ်ဆို”

“ဟုတ်တယ်မေမေ၊ မေမေကိုလမ်းထိပ်အသုပ်စုံဆိုင်က မတူးပြောလိုက်တာမလား”

မတူးအသုပ်ဆိုင်ကလူစုံသလို အတင်းလည်းစုံသည်မို့ မနက်က မေမေအသုပ်သွားစားရင်းဖြင့် ခိုင်ဝါနှင့်ကိုသူရိန်စိုးတို့ ကြိုက်နေသည်ကို ကြားလာခြင်းဖြစ်မည်။ ထို့ကြောင့်ခိုင်ဝါငြင်းမနေတော့ဘဲ ဝန်ခံလိုက်တော့သည်။

“အဲဒီကောင်လေးကတစ်ခုလပ်ဆို အရင်မိန်းမနဲ့ကွဲနေတာတဲ့”

လူတွေများနော် ကိုယ့်ထမင်းကိုယ်စားပြီး သူများအကြောင်းကို အားအားယားယား ပြောနေလိုက်ကြတာဟု ခိုင်ဝါစိတ်ထဲမှတွေးလိုက်သည်။

“ဟုတ်တယ်မေမေ ကိုသူရိန်စိုးက မိန်းမနဲ့ကွဲနေတဲ့ တစ်ခုလပ်၊ အဲဒါဘာဖြစ်လို့လဲမေမေ အိမ်ထောင်ရှိယောကျာ်းမှမဟုတ်တာ၊ တစ်ခုလပ်ကိုမကြိုက်ရဘူးလား”

“မကြိုက်ရဘူးလို့မပြောပါဘူးအေ အရင်မိန်းမနဲ့ ကင်းကင်းရှင်းရှင်းရှိရဲ့လားလို့ သိချင်လို့ပါ။ တော်ကြာအရင်မိန်းမကို မပြတ်နိုင်ဘူးဆိုရင် မေမေ့သမီးလေး ဒုက္ခရောက်မှာစိုးလို့ပါ”

“ကင်းရှင်းပါတယ်မေမေ သူတို့တရားဝင်ပြတ်ပြတ်သားသား ကွာထားကြတာပါ အရင်မိန်းမကိုစိတ်နာနေတော့ ပြန်ပေါင်းမယ့်ပုံလည်းမပေါ်ပါဘူး”

“အေးပါအဲဒါဆိုအမေစိတ်အေးရပါပြီ ဒါနဲ့အရင်မိန်းမနဲ့ ဘာကြောင့်ကွဲရတာတဲ့လဲ သူကကွဲတာလား ဒါမှမဟုတ်သူ့မှာ မပေါင်းနိုင်စရာ အပြစ်တွေ ရှိနေလို့ သူ့မိန်းမက သူ့ကိုကွာလိုက်တာလား”

“အရင်မိန်းမကချမ်းသာတဲ့သူဌေးသမီးတဲ့ သူ့အမေနဲ့ သူ့ညီမကိုမကြည်ဖြူလို့ ကွာလိုက်တာတဲ့လေ ပိုက်ဆံတွေရှိပြီးတော့ ကပ်စေးနဲလိုက်တာအမေရယ် ယောက္ခမလည်းကိုယ့်အမေပဲကို ကျွေးထားရတာ မသဒ္ဓါတဲ့ပုံပဲ”

“ကလေးတွေဘာတွေရော မရှိကြဘူးလား”

“ကလေးတော့မရှိဘူး သူ့မိန်းမကကိုယ်ဝန်ကို ဖျက်ချလိုက်လို့တဲ့လေ အဲဒါကြောင့်သူ့မိန်းမကို စိတ်နာသွားတာတဲ့မေမေရဲ့”

“ကိုယ့်ရင်သွေးလေးကို ဘာလို့များမမွေးဘဲ ဖျက်ချလိုက်ရတာလဲကွယ် ဘုရား ဘုရား ဘုရား မေမေ့တုန်းကဆို သမီးလေးကိုယ်ဝန်ပျက်ကျမှာစိုးလို့ မနည်းဂရုစိုက်နေရတာ”

“သူ့အမေသူ့ညီမတွေကို ပေးကျွေးနေလို့ သူ့ကိုမုန်းပြီးလုပ်တာလို့ပြောတာပဲ”

“ယောကျာ်းကိုဘယ်လောက်မုန်းမုန်းပေါ့ကွယ် ဒါနဲ့သူ့အမေနဲ့ညီမကရော စိတ်ဓါတ်ကောင်းရဲ့လား”

“ကောင်းပါတယ်မေမေရယ် သူ့အမေကအသက်၆၀ကျော်နေပြီ။ အသက်ကြီးတော့တရားရှိမှာပါ သူ့ညီမနဲ့သမီးက အလုပ်အတူတူလုပ်နေတာလေ၊ သူ့ညီမမှာအလုပ်မရှိလို့ မမစန်းကသမီးတို့စက်ရုံမှာ အလုပ်သွင်းပေးထားတာ။ မမစန်းကိုမေမေသိတယ်မဟုတ်လား၊ အနောက်လမ်းကဒေါ်စန်းမြင့်ရဲ့ သမီးမစန်းဝေလေ၊ သူတို့အိမ်ခေါင်းရင်းကပေါ့ သူ့ညီမနဲ့ခင်ပြီးမှ သူနဲ့ကြိုက်တာ။ သူ့ညီမကသဘောကောင်းပါတယ် မေမေရဲ့”

“ဒါဆိုအရင်မိန်းမ မကောင်းကြောင်းကို အပြင်လူဆီကသိတာမဟုတ်ဘဲ သူ့ညီမဆီကသိတာပေါ့ဟုတ်လား”

“ဟုတ်ကဲ့”

“မေမေကတော့သမီးရည်းစားထားတာကို မတားချင်ပါဘူး သမီးလည်းအသက်သုံးဆယ်နီးနေတော့ ကိုယ့်ဘာသာဆုံးဖြတ်ပေါ့ကွယ် တစ်ခုလပ်ဆိုတာ အိမ်ထောင်မရှိတော့လို့ လူပျိုသဘောပါပဲကွယ် သူများအိမ်ထောင်ဖျက်ဆီးတာမဟုတ်လို့ တစ်ခုလပ်ကိုယူသင့်ပါတယ်”

မေမေသည် ခိုင်ဝါ့ကို စိုးရိမ်သဖြင့် ဆုံးမစကားပြောလေတော့သည်။

“ဒါပေမယ့်သေချာအောင်တော့စုံစမ်းရမယ် သမီးသူတို့ဘာကြောင့်ကွဲလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ မှန်မှန်ကန်ကန်သိအောင်တော့ လုပ်ရမယ်သမီး မိန်းမဘက်ကမကောင်းလို့ကွဲတယ်ဆို ပြဿနာမရှိပေမဲ့ အဲဒီလူဘက်ကအရက်သောက်ပြီး နှိပ်စက်လို့လား၊ ဖောက်ပြန်လို့လား၊ ယုတ်မာတဲ့သူမို့လား၊ သူ့ရဲ့ဆွေမျိုးသားချင်းတွေက မကောင်းလို့ မိန်းမကကွဲလိုက်တာလားဆိုတာ သိအောင်လုပ်ရမယ်”

“အဲဒီလူအပြောနဲ့သူ့မိသားစုရဲ့ အပြောတွေကိုပဲ မယုံဘဲ အရင်မိန်းမနဲ့ တကယ်ကင်းရှင်းရဲ့လားဆိုတာ စုံစမ်းရမယ်။ စုံစမ်းပြီးမှဆုံးဖြတ်ပေါ့ တော်ကြာအရင်လူက ဝဋ်ကျွတ်သွားပြီး သမီးကဝဋ်ခံနေရမှာစိုးလို့ပါကွယ်”

“စိတ်ချပါမေမေရဲ့ မေမေ့သမီးခိုင်ဝါက ထင်သလောက်လည်း မအပါဘူး သေချာစုံစမ်းပြီးမှ ယူမှာပါ”

( ၂ )

မေမေ့ကိုပြောပြီး ခိုင်ဝါအိပ်ခန်းထဲသို့ဝင်လာခဲ့သည်။ မေမေစိုးရိမ်သလောက်လည်း သူရိန်စိုးတို့မိသားစုက ဆိုးမည်ဟု ခိုင်ဝါမထင်ပါ။ သူရိန်စိုး၏ ယခင်မိန်းမဝေဝေနွယ်သည် သူဌေးသမီးဖြစ်ပြီး သူရိန်စိုးကသူတို့အိမ်မှာ ကားမောင်းသည့် ဒရိုင်ဘာတစ်ဦးဖြစ်သည်။ ဝေဝေနွယ်ကို ကျောင်းပို့ကျောင်းကြိုလုပ်ပေးရင်းမှ ချစ်ကြိုက်ပြီး ခိုးပြေးကြခြင်းဖြစ်သည်။ သူရိန်စိုး၏ညီမမီမီစိုး ပြောစကားအရဆိုလျှင်

“သူကသူဌေးသမီးဆိုတော့ အိမ်အလုပ်လည်းမလုပ်တတ်ဘူး။ ပိုက်ဆံလည်းမတရားသုံးတာ အစ်မရဲ့။ အစ်ကို့ရှာစာနဲ့မလောက်တော့ သူ့အိမ်ကထောက်ပံ့ရတာကို အမေနဲ့မီမီကပ်စားနေလို့ဆိုပြီး ပြဿနာရှာတာ။ အဲဒီအချိန်တုန်းက မီမီကလည်းအလုပ်မရှိသေးဘူးလေ။ မီမီကိုလည်းစည်းကမ်းမရှိဘူးတို့ သူ့ပစ္စည်းတွေကိုင်တာ၊ မကြိုက်ဘူးတို့နဲ့ မတူမတန်သလိုဆက်ဆံတာ”

“အစ်ကိုနဲ့ကွဲပြီးအိမ်ပြန်မယ် ချည်းလုပ်နေတာ
အစ်ကိုက သူ့ကိုချစ်လို့မကွာပေးတာကို သူဌေးသမီးဆီက ငွေချူစားနေရလို့ဆိုပြီး သူ့မိသားစုတွေကဝိုင်းပြောကြတာ တစ်ခြားပိုက်ဆံရှိတဲ့ကောင်နဲ့ ပေးစားချင်လို့ အစ်ကိုနဲ့ရတဲ့ကိုယ်ဝန်ကိုဖျက်ချပြီး
အစ်ကို့ကြောင့်ပျက်တယ်ဆိုပြီး အမှုလုပ်လို့ကွာပေးလိုက်ရတာ”

“သူကအဲဒီလောက်တောင် ဆိုးလားဟင်”

“တော်တော်ဆိုးတဲ့မိန်းမပါ မမခိုင်ဝါရယ်၊
မီမီအစ်ကိုဆိုတာ သူ့ကြောင့်စိတ်ဒုက္ခတွေရောက်လိုက်တာ။ မမခိုင်ဝါနဲ့တွေ့မှ လူလိုသူလိုပြန်ဖြစ်လာရတာပါ”

ဒါကသူရိန်စိုး၏ ညီမမီမီစိုးပြောပြ၍သိရခြင်းပါ။ မီမီစိုးပြောသည်မှာ
အမှန်တွေဟု ခိုင်ဝါယုံပါသည်။ သူရိန်စိုးက အရက်မူးပြီးရမ်းသည်ဟု မကြားမိပေ။ အကယ်၍ သူရိန်စိုးမကောင်းပါက သူတို့ခေါင်းရင်းအိမ်မှာနေသော မမစန်းက ခိုင်ဝါကို ပြောပြမှာဖြစ်သည်။ သူရိန်စိုးအမေကြီးကတော့ ပါးစပ်ဖွာတတ်သည်။ မတူးအသုပ်စုံဆိုင်မှာ အမြဲထိုင်တတ်ပြီး စကားကျယ်ကျယ်ပြောတတ်သည်။ ဤသည်ကလည်း သားနှင့်သမီးက အလုပ်သွားနေ၍ အိမ်မှာတစ်ယောက်တည်းပျင်းပြီး သူများတွေနှင့် စကားပြောခြင်းဖြစ်ပါလိမ့်မည်။ လူတွေက တစ်ခုလပ်ဆိုယောကျာ်းဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်နှိမ်ချင်ကြသည်ဟု ခိုင်ဝါထင်သည်။ ခိုင်ဝါကတော့ သူများယောကျာ်းမဟုတ်လျှင်ပြီးရော ကိုယ်ချစ်တဲ့သူကို လူပျို၊ အအိုမခွဲခြားချင်ပေ။ သူရိန်စိုး၏ပထမမိန်းမက သူဌေးသမီးမို့ ဘာမှမလုပ်တတ်ပေမဲ့ ခိုင်ဝါကတော့ထမင်း၊ ဟင်းအကုန်ချက်တတ်သည်။
ခိုင်ဝါ အစ်ကိုနှစ်ယောက်လည်း မိန်းမရပြီးတာတောင် မေမေသုံးချင်ရာသုံးဖို့ လစဉ်စားရိတ်ထောက်ပံ့ပေးကြသည်။ သူတို့မိန်းမတွေတောင် ကြည်ဖြူနေသေးတာပဲ ယောက္ခမလည်း မိဘလိုသဘောထားပါက ကုသိုလ်ရသည်မို့ သူရိန်စိုးအမေကို ကျွေးထားရ၍ ငြိုငြင်မှာမဟုတ်ပေ။ မီမီစိုးမှာလည်း အလုပ်ရှိနေပြီဖြစ်သဖြင့် လူသုံးယောက်လစာမို့ ပိုက်ဆံမလောက်၍ မိဘအိမ်ပြန်တောင်းရသည့် အဖြစ်လည်းရောက်မှာ မဟုတ်ဟုထင်သည်။ မီမီနှင့်လည်း စက်ရုံထဲမှာ အလုပ်အတူတူလုပ်ရင်း ခင်မင်နေသောကြောင့် မတည့်စရာအကြောင်းမရှိပေ။ မီမီက ခိုင်ဝါ့ကိုသဘောကျသဖြင့် သူကိုယ်တိုင်ပဲ သူရိန်စိုးနှင့်ခိုင်ဝါကို အောင်သွယ်ပေးခဲ့ခြင်းဖြစ်သည်။ အဓိကအချက်မှာ သူရိန်စိုးကို ချစ်မိနေပြီဖြစ်သောကြောင့် စဉ်းစားမနေတော့ဘဲ လက်ထပ်လိုက်လေတော့သည်။

( ၃ )

သူရိန်စိုးနှင့်လက်ထပ်ပြီး တစ်နှစ်အကြာမှာပင် သူရိန်စိုးတို့သားအမိသုံးဦး၏ စရိုက်ဆိုးများကို သိလာရသည်။ သူရိန်စိုးသည် အရက်မသောက်၊ လူကိုမူးပြီးမနှိပ်စက်သော်လည်း နှစ်လုံး၊သုံးလုံးထိုးရာတွင် ဝါသနာကြီးလှသည်။ ပေါက်တာကနည်းနည်း၊ မပေါက်၍ အကြွေးတင်နေသည်က များနေသဖြင့် အိမ်စားရိတ်ပေးဖို့တောင် အနိုင်နိုင်မို့ ခိုင်ဝါလစာဖြင့် မိသားစုလေးယောက်အတွက် ဖြေရှင်းခဲ့ရသည်။ မီမီစိုး၏လစာမှာ သူ့အသုံးစားရိတ်နှင့်သူတောင် မလောက်သဖြင့် အိမ်စားရိတ်မပေးနိုင်ပေ။ နှစ်လုံး၊သုံးလုံးထိုး၍ ပြောလျှင်လည်း ရန်ဖြစ်ရသည်။ လင်မယားရန်ဖြစ်ပါကလည်း ဒေါ်ညွန့်တင်က သူ့သားဘက်မှဝင်ပါ၍ ခိုင်ဝါကိုရန်တွေ့တတ်သည်။
သူရိန်စိုးက အိမ်စားရိတ်ကို ပုံမှန်မပေးသော်လည်း
ဒေါ်ညွန့်တင်ကဟင်းမကောင်းလျှင် ချွေးမကိုအပြစ်ရှာသည်။ မနက်တိုင်းလည်းအသုပ်ဆိုင်၊ လက်ဖက်ရည်ဆိုင်ထိုင်ဖို့ ပိုက်ဆံလိုချင်သည်။ ပေးသည့်ရက်များဆို မျက်နှာရွှင်ပျနေပြီး မပေးပါက ခိုင်ဝါကိုတစ်ခုမဟုတ်တစ်ခု အပြစ်ပြောတော့သည်။ အဆိုးဆုံးကလမ်းထဲတွင် ခိုင်ဝါ့အတင်းပြောခြင်းဖြစ်သည်။ ခိုင်ဝါ မေမေ့အိမ်နှင့် အရှေ့လမ်း၊အနောက်လမ်း အိမ်ချင်းနီးနေသော်လည်း မေမေ့အိမ်သို့မပြန်ရဲပေ။ မေမေ့အိမ်သွားသည်နှင့် ပိုက်ဆံသွားပေးသလိုလို ဘာလိုလိုပြောတတ်သည်။ မေမေက ခိုင်ဝါ အစ်ကိုကြီးနှစ်ယောက် ထောက်ပံ့တာဖြင့် ပြည့်စုံနေ၏။
ခိုင်ဝါအလုပ်တစ်ဖက်နှင့် မနက်တိုင်း ထမင်း၊ဟင်းထချက်ရသည်။ အလုပ်ဘယ်လောက်များများ ဒေါ်ညွန့်တင်ရော မီမီပါဝိုင်းမကူညီကြပေ။ ခိုင်ဝါချက်ပြီးသားကိုသာ အဆင်သင့်စားကြသည်။ မီမီသည်အိမ်အလုပ် အပျင်းထူသည့်အပြင် သူ့အဝတ်အစားတောင်
မလျှော်ချင်ပေ၊ ဝတ်ပြီးသားအဝတ်တွေကို ပုံထားပြီး ခိုင်ဝါအဝတ်တွေကို ယူဝတ်တတ်သည်။ သူ့ပစ္စည်း၊ ကိုယ့်ပစ္စည်းမခွဲခြားဘဲ သူတို့အိမ်ပေါ်ရောက် သူတို့ပစ္စည်းဟု သဘောထားသည်။ ခိုင်ဝါတို့လင်မယားအခန်းသို့ စိတ်ကြိုက်ဝင်ပြီး ခိုင်ဝါ့ပစ္စည်းတွေကို ယူသုံးသည်။ ပြောပါကလည်း အဖြစ်သည်းသည်ဟု အမေနဲ့သမီးပေါင်း၍ ရန်တွေ့ကြသည်။
ခိုင်ဝါ့လက်ဝတ်လက်စားများကို အလှူဝတ်ချင်၍ ငှားပါဆိုသဖြင့် ငှားပေးလိုက်ရာ လက်စွပ်တစ်ကွင်းကို ဖျောက်ပစ်ခဲ့သည်။ အလျော်လည်း မပေးကြချေ။ ခိုင်ဝါကတော့ပျောက်သည်မထင်ပါ။ ပျောက်သည်ဟုလိမ်လည်ပြီး သားအမိနှစ်ယောက် ရောင်းစား၍ သုံးပစ်လိုက်ပုံရသည်။ နောက်တစ်ခါလာငှား၍ မငှားနိုင်တော့ကြောင်းငြင်းရာမှ ခိုင်ဝါ့ကို မီမီစိုးကအငြိုးထားလာသည်။ အိမ်မှာပြဿနာပေါ်၍ မကျေနပ်ချက်ရှိတိုင်း သူ့အစ်ကိုကို ခိုင်ဝါကစက်ရုံထဲမှာ ရှုပ်ပွေနေသယောင်ယောင် မမှန်မကန်ကုန်းချောတတ်သည်။ သူရိန်စိုးသည် သူ့အမေ၊ သူ့ညီမပြောသမျှကိုယုံပြီး ခိုင်ဝါ့ကို ပြဿနာရှာတတ်သည်။
ခိုင်ဝါသည် ယခင်က မီမီစိုး သဘောကောင်းသည်ဟု ထင်ခဲ့မိသမျှ အတူနေမှ စိတ်ထားပုပ်မှန်းသိလာရသည်။ သူရိန်စိုးမှာလည်း သူများသားသမီးယူထားပြီး ဝမ်းဝအောင်ကျွေးဖို့ဝေး၍ မိဘအိမ်ကနေပါလာသော ခိုင်ဝါလက်ဝတ်လက်စားများကိုပါ ဖြုန်းတီးရန် ကြံရွယ်နေသည်။ ဒေါ်ညွန့်တင်သည် မိဘဖြစ်သော်လည်း သားသမီးချင်း ကိုယ်ချင်းစာစိတ်မရှိပါ။ သူတို့သားအမိသုံးယောက်မယူခင် ကောင်းပြသည်မှာ အတုအယောင်တွေသာဖြစ်နေလေတော့သည်။

( ၄ )

ယခုတော့သူတို့အကြောင်းကို ခိုင်ဝါသိခဲ့ရလေပြီ။
သူရိန်စိုး၏ယခင်မိန်းမဝေဝေနွယ်သည် သူဌေးသမီး ဘာမှမချက်တတ်ဘူးဆိုသော်လည်း အိမ်ထောင်ကျပြီးနောက် ကြိုးစား၍ အိမ်အလုပ်များကို လုပ်ကိုင်ပေးခဲ့သည်။ အိမ်အလုပ်ကို ဘာတစ်ခုမှမလုပ်သူက ဒေါ်ညွန့်တင်နှင့်မီမီစိုးတို့ သားအမိဖြစ်သည်။။ သူဌေးသမီးဝေဝေနွယ်က အသုံးအဖြုန်းကြီး၍ သူရိန်စိုးရှာပေးတာကို မလောက်တာမဟုတ်ဘဲ သူရိန်စိုးက အိမ်စားရိတ်လောက်အောင် မပေးသဖြင့် သူ့မိဘအိမ်က ပြန်တောင်းနေရခြင်းဖြစ်သည်။ ဝေဝေနွယ်က သူရိန်စိုး၏အမေနှင့်ညီမကို ကျွေးထားရ၍ ငြိုငြင်နေခြင်းမဟုတ်ဘဲ သူတို့သားအမိကသာ ဝေဝေနွယ်ဆီက ရလျှင်တစ်မျိုး၊ မရလျှင်တစ်မျိုး၊ အမျိုးမျိုး ပြဿနာရှာခဲ့ခြင်းဖြစ်သည်။
ဝေဝေနွယ်၏ကိုယ်ဝန်သည် ဝေဝေနွယ်နှင့်သူ့မိဘတွေက ဖျက်ချတာမဟုတ်ဘဲ သူတို့သားအမိမဟုတ်မမှန် ကုန်းချောသဖြင့် သူရိန်စိုးနှင့်ရန်ဖြစ်ရာ သူရိန်စိုးတွန်းလိုက်၍ ပျက်ကျရခြင်းဖြစ်သည်။ ဝေဝေနွယ်၏မိဘများက အကြောင်းစုံသိသွားပြီး အမှုလုပ်သဖြင့် ဝေဝေနွယ်အား ကွာရှင်းပေးခဲ့ခြင်းဖြစ်သည်။ ထိုအကြောင်းများကို ခိုင်ဝါ နောက်မှသိခဲ့ရခြင်းဖြစ်သည်။ ခိုင်ဝါသည် သူရိန်စိုးနှင့်ကြိုက်နေစဉ်က အမေဆုံးမခဲ့သည်များကို ပြန်ကြားယောင်နေမိသည်။

“တစ်ခုလပ်ဆိုတာ အိမ်ထောင်မရှိတော့လို့ လူပျိုသဘောပါပဲကွယ် သူများအိမ်ထောင်ဖျက်စီးတာ မဟုတ်လို့ တစ်ခုလပ်ကိုယူသင့်ပါတယ် ဒါပေမဲ့သေချာအောင်တော့ စုံစမ်းရမယ်သမီး သူတို့ဘာကြောင့်ကွဲသလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ မှန်မှန်ကန်ကန်သိအောင်လုပ်ရမယ်”

“မိန်းမဘက်ကမကောင်းလို့ကွဲတယ်ဆို ပြဿနာမရှိပေမဲ့ အဲဒီလူဘက်က အရက်သောက်ပြီးနှိပ်စက်လို့လား၊ ဖောက်ပြန်လို့လား၊ ယုတ်မာတဲ့သူမို့လား၊ သူ့ရဲ့ဆွေမျိုးသား
ချင်းတွေကမကောင်းလို့ မိန်းမကကွဲလိုက်တာလားဆိုတာ၊ သိအောင်လုပ်ရမယ်။ အဲဒီလူရဲ့အပြောနဲ့ သူ့မိသားစုရဲ့ အပြောတွေကိုပဲ မယုံဘဲ သေချာအောင် စုံစမ်းရမယ်။ စုံစမ်းပြီးမှဆုံးဖြတ်ပေါ့ တော်ကြာအရင်လူက ဝဋ်ကျွတ်သွားပြီး မေမေ့သမီးက ဝဋ်ခံနေရမှာစိုးလို့ပါကွယ်”

မေမေစိုးရိမ်စွာ ဆုံးမစဉ်တုန်းကတော့

” အမေ့သမီး ဒီလောက် မအပါဘူး ”

ပြန်ပြောခဲ့မိသည်။ ယခုတော့သေချာမစုံစမ်းဘဲ သူတို့ပြောသမျှနားယောင်ပြီး လက်ထပ်မိခဲ့သောကြောင့် ဒုက္ခရောက်ရပြီဖြစ်သည်။ နောင်တတို့သည် နောင်မှရလေပြီ။ မိဘဆုံးမစကားကို အလေးမထားခဲ့မိ၍ ခိုင်ဝါမေမေကိုသာတ၍ အော်ငိုနေရပြီဖြစ်ပါသည်။

“မေမေ့သမီး အတယ်မေမေရေ အတယ် အခုတော့ မေမေပြောသလိုပဲ အရင်လူဖြစ်တဲ့ဝေဝေနွယ်က ဝဋ်ကျွတ်သွားပြီး သမီးကဝဋ်တွေခံနေရတယ် အဲဒါသမီးအလို့ မေမေရေ အလို့ အဟီး……ဟီး…….ဟီး…….”

ပြီးပါပြီ။
ယုယုငယ်