အရပ်ပျက်(စ/ဆုံး)
————–
“ကိုအေးသိန်း ကျွန်မ မသိလို့မေးပါအုံးမယ်..ရှင်ခရီးထွက်ပြီး အလုပ်လုပ်လို့ရလာတဲ့ပိုက်ဆံက ဒီလောက်ပဲလား..ဟင်..”
ကိုအေးသိန်း တစ်ယောက် ခရီးကရောက်မဆိုက် မနွဲ့ ပြောလိုက်တဲ့စကားကြောင့် ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလိုပဲ လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်ပြီး…
“နွဲ့ရယ် ဒီပိုက်ဆံ ငါးသောင်းက နည်းနေသေးလားကွာ…ငါ လမ်းမှာလည်း အလုပ်ကကျွေးတဲ့ ထမင်းဟင်းပဲစားပြီးနေလာတာ..ဘာမှ အပိုမကုန်ခဲ့ဘူး..မင်းကိုရသမျှ အကုန်အပ်တာပဲကွာ..”
ကိုအေးသိန်းက လေပြေလေးနဲ့ ပြောသော်လည်း မနွဲ့တစ်ယောက် ပိုက်ဆံတွေကိုရေနေရင်းက
”အော်..ရှင်က ကျွန်မကို ငွေမက်လွန်းတယ်လို့ပြောချင်တာပေါ့လေ…ဒီမယ်ကိုယ်တော် အိမ်ကကလေးတွေက အငတ်နေနေသလား..အချိန်တန်ရင် မုန့်ဖိုး ၊ဟော ဘာဖိုး၊ရပ်ထဲရွာထဲမှာလည်း အကောက်အခံတွေက နည်းတာမဟုတ်ဘူး…တော်ကြာနေ ဘုန်းကြီးကျောင်းသိမ်အတွက် ၊တော်ကြာနေ ဘုန်းကြီးခရီးသွားဖို့အတွက်၊ဘုန်းကြီးအကြောင်းပြပြီး လာကောက်နေတာကနည်းသလား…ဟမ်..ကျွန်မမှာ မလောက်ငှရင် ဟိုလူ့ဆီမှာအောက်ကျို့၊ဒီလူ့ဆီမှာ အောက်ကျို့နဲ့…”
ပြောရင်း ပြောရင်းနှင့် မနွဲ့အသံက ခုနစ်အိမ်ကြားရှစ်အိမ်ကြားဖြစ်လာတော့ ကိုအေးသိန်းလည်းရှက်လာတာနဲ့…
“ကဲ..ကဲတော်ပါပြီကွာ..မင်းပဲ သင့်တော်သလိုစီမံပါ..ငါ ဘာမှမပြောတော့ပါဘူး..”
ဟုဆိုကာ တခြားနေရာသို့ ထွက်သွားလေသည်။ကိုအေးသိန်းအလုပ်က ကားဆရာအလုပ်၊ အိမ်မှာ တစ်လပြည့်အောင် နေရတယ်လို့မရှိ၊ပြန်လာပြန်တော့လည်း ရသမျှပိုက်ဆံ မယားလက်ထဲ အကုန်အပ်လို့ အသောက်အစားကင်းသူ၊မနွဲ့က နာမည်သာနွဲ့တာ လူက မိန်းမကြမ်း၊ ရှိသမျှ ဝတ်ပစ် သုံးပစ်ချင်သူ၊အထည်ဆန်းလေးပေါ်ရင် ဝယ်လိုက်ရမှ ၊နှုတ်ခမ်းနီ မိတ်ကပ်အကျော့ ပြင်လိုက်ရမှ ၊ လင်ကိုလည်းနိုင်သူ၊ရပ်ထဲ ရွာထဲမှာ မနွဲ့နဲ့ဖက်ပြိုင်ပြောနိုင်သူမရှိအောင် အငြင်းခုန်သန်သူ၊ ရွာထဲမှာ ဘယ်သူနဲ့ ဘာဖြစ်တယ်ဟေ့ဆိုရင် သွားမကြည့်နဲ့ မနွဲ့ပဲ ဖြစ်နေရမည်။သား နှစ်ယောက်ရှိသည်။ဘုန်းတော်ကြီးကျောင်း ပို့ထားသည်မို့ ကျောင်းပိတ်ချိန်သာ ပြန်ရောက်လာတတ်ကြသည်။ဒီအချိန်မှာလည်း သားသမီးတွေနဲ့ တည့်တယ်ဆိုတာမရှိ။အမြဲတမ်းမှာ အော်ဟစ်ဆူပူနေတတ်သူ၊ကိုအေးသိန်း အိမ်ပြန်လာရင်တောင် အိမ်မှာ ဖင်ပူလာအောင်မနေရ၊မနွဲ့ရဲ့ ကလော်တုတ်မှုတွေကြားမှာ လွတ်ရာကျွတ်ရာရှောင်ပြေးရသည်ချည်းပင်။ယခုလည်း ပိုက်ဆံကိစ္စနဲ့ ကိုအေးသိန်း အိမ်က ပြေးရပြန်ပြီ။
(၂)
ခုတလော မနွဲ့သတင်းတွေ ကြားနေရသည်။ရေထမ်းသမား မောင်နိုင်နဲ့ ဖောက်ပြန်နေသည်တဲ့။မြင်သူကမြင်တော့ ကိုအေးသိန်းနားထဲရောက်သည်။ဒါတောင် ကိုအေးသိန်းက
“ခင်ဗျားတို့အမြင်မှားတာ ဖြစ်မှာပါ…အိမ်မှာက ကလေးတွေလည်းသိပ်မနေကြတော့ တောပြောတောင်ပြောပြောတတ်ကြတာပဲ..”
ဟု ပြန်ပြောတတ်ပေမယ့် လူပြောသူပြောများလာတော့ ကိုအေးသိန်း လည်း မနွဲ့ကို အရဲစွန့်ပြီးပြောရ၏။
“မိန်းမ မင်းကိုငါ ပြောရအုံးမယ်..ရေထမ်းသမား မောင်နိုင်နဲ့ အနေအထိုင်လေး ဘာလေးဆင်ခြင်ကွာ..လူတွေ…”
”ဘယ်သူတွေက ဘာပြောနေကြလို့လဲဟင်…ဘယ်သူ့မျက်စိနဲ့မြင်လို့ ရှင်က ကျွန်မကိုဒီလိုလာပြောနေရတာလဲ..ဒီမယ် ကိုအေးသိန်း ရှင့်အမေတွေ ရှင့်နှမတွေပဲ ဒီအလုပ်မျိုး လုပ်ချင်လုပ်မယ်…မနွဲ့တို့က ဒါမျိုးမလုပ်ဘူးမှတ်ထား..”
ဟုဆိုကာ ဖေတော့မောင်တော့တွေနဲ့ ပတ်ဝန်းကျင်ပါ နားမခံနိုင်အောင် မိုးမွှန်အောင်ဆဲတော့သည်။အမေတွေ နှမတွေနဲ့ နှိုင်းပြီးပြောတာတောင် ကိုအေးသိန်းခမျာ မနာနိုင်ပါ။ပတ်ဝန်းကျင်ကိုသာ အားနာပြီး..
“တော်ပါတော့..မိန်းမရာ..မင်းမလုပ်ရင်ပြီးတာပဲ မဟုတ်လား..ရပြီ…သူများကြားရင် ရှက်စရာကြီး.. ”
ဟုပြောပြီး အိမ်ကထွက်လာရပြန်သည်။ဒါတောင်အနောက်မှာ ဆဲရေးသံတွေက အတိုင်းသားကျန်ခဲ့သည်။
(၃)
”ကိုသိန်း ခင်ဗျား မိန်းမကိုဒီလိုပဲ လွှတ်ထားတော့မှာလား..”
”ဒီလောက်တောင်နှုတ်အာက ကြမ်းတာ ဘယ်လိုများညားခဲ့ကြတာလဲဗျာ…ကွာရှင်းလိုက်တာက ခင်ဗျားအတွက် ပိုကောင်းမယ်နော်..”
ပတ်ဝန်းကျင်က ကိုအေးသိန်းဘက်က မခံချိလွန်း၍ နားချပြောသော်လည်း ကိုအေးသိန်းကတော့.
“မလုပ်ရက်ပါဘူးဗျာ…ကလေးနှစ်ယောက်ရှိသေးတယ်..ကျုပ်သားလေးတွေ မိမစုံဖမစုံနဲ့ မျက်နှာငယ်နေရပါ့မယ်ဗျာ..ပြီးတော့ မနွဲ့ကလည်းအဲလောက်ကြီးမဟုတ်ပါဘူး”
လို့သာ ပြန်လည်ပြောနေရပေမယ့် ကိုအေးသိန်း သူ့အိမ်တွင်းရေးအကြောင်းကို သူ့ကိုယ်သူ အသိဆုံးပါ။ဒီလိုနဲ့ပဲ ကိုအေးသိန်း နောက်တစ်ခေါက်အလုပ်ကိစ္စနဲ့ ခရီးထွက်ခဲ့ရပြန်တယ်။လင်ခရီးထွက်တာကို အပျော်ကြီးပျော်နေတဲ့ မိန်းမကိုပြပါဆိုရင် မနွဲ့ပဲ ဖြစ်လိမ့်မယ်။ရေထမ်းသမားမောင်နိုင်နဲ့ အရပ်ထဲလှည့်ပြီး ပေါ်တင်တောင်တွဲပြလိုက်သေးသည်။အရပ်ကလည်း မနွဲ့ပါးစပ်ကိုကြောက်လွန်းလို့ ဘာမှမပြောကြပေမယ့် နောက်ကွယ်မှာ လက်တို့ကုန်ကြပြီ။ဒါပေမယ့် မနွဲ့တို့က မမှုရေးချ မမှုပါ။မောင်နိုင်ကလည်း မမနွဲ့ မမနွဲ့ နှင့်ဖြစ်နေသည်။
အဲဒီနေ့က ကိုအေးသိန်းနေမကောင်းလို့ ခရီးက အစောကြီးပြန်လာတဲ့နေ့ အပြင်ကဖိနပ်ချွတ်မှာ ယောကျ်ားစီးတစ်ရံ တွေ့ခဲ့သည်။ကိုအေးသိန်း ရင်တွေထိတ်သွားသည်။သူထင်တာတွေ မဖြစ်ပါစေနဲ့လို့ဆုတောင်းပေမယ့် မျက်စိရှေ့က မြင်ကွင်းကတော့ မူးမိုက်ချင်စရာကောင်းလောက်အောင် နီးနီးကပ်ကပ်ရှိနေကြသူနှစ်ယောက်..မနွဲ့က ကိုအေးသိန်း ကိုမြင်တော့ ပျာပျာသလဲနှင့် ရန်ပြန်လုပ်သည်။
“နေမကောင်းလို့ ခေါ်နှိပ်ခိုင်းတာ..ရှင်ကြိုက်သလိုထင်…မနွဲ့တို့က ကိုယ်မှန်နေရင် ဘယ်သူ့ကိုမှ ဂရုစိုက်တာမဟုတ်ဘူး”
နှင့်ရှက်ရမ်းရမ်းတော့သည်။မောင်နိုင်ကတော့ ခပ်ကုပ်ကုပ်ဆင်းသွားပြီး ကိုအေးသိန်း ကတော့ ဘာဆိုဘာတစ်ခွန်းမှမပြောဘဲ အိမ်ရှေ့မှာ အသာလေးဝင်လှဲနေလိုက်သည်။မနွဲ့ကတော့ သူခိုးလူမိသွားသည်မို့ ကြောင်တိကြောင်တောင်နှင့်ရန်လိုငြူစူနေသေးသည်။ကိုအေးသိန်းရဲ့ သည်းခံနိုင်မှူကြီးကိုမြင်တဲ့ အရပ်ထဲက လူတွေက သြချကြသည်။လက်ဖျားခါကြသည်။တကယ့် လူသူတော်ကောင်းကြီးဟု မှတ်ချက်ပြုကြသည်။
(၄)
အဲဒီနေ့…အဲဒီနေ့က မနွဲ့ရဲ့ အကုသိုလ်ကံအကျိုးပေးဖို့အစပြုသည့်နေ့လားလို့တောင် ဆိုရမည်။ထမင်းအိုးငှဲ့နေရင်းမှချော်ထွက်ပြီး သူမလက်ကို ထမင်းရည်ပူလောင်သည်။သွားတိုက်ဆေးလေးထည့်တော့ ခြောက်သွားမည်ထင်ပေမယ့် အနာက ပြဲကျလာသည်။အနာရည် တစိုစိုနဲ့ ညှီနံ့တွေပါ ထွက်လာသည်။ဆေးတွေလည်းစုံပြီ..။ကိုသိန်း တစ်ယောက် ရသမျှကုပေးရှာပါသည်။ဒါပေမယ့် အနာက ဘယ်လက်ကနေ ညာလက်ကိုကူးလာသည်။အနာဟာ တစ်ကိုယ်လုံးကို ကူးစက်ပြီး နူနာသည်လိုဖြစ်လာသည်။အရပ်ထဲမှာတော့ မနွဲ့တစ်ယောက် နူသွားလေပြီလို့ ပြောနေကြပြီ။မျက်နှာက အစ အရေတွေ ကွာကျလာကုန်ပြီ။ကိုအေးသိန်းကတော့ မနွဲ့ကို ပစ်မထားပါဘူး..။ကိုယ်တိုင်သန့်ရှင်းရေးလုပ်ပေး၊ကိုယ်တိုင်ချက်ပြုတ်လျှော်ဖွပ်ပေးရှာသည်။တစ်ချိန်က မမနွဲ့ မမနွဲ့နှင့် အနားကမခွာသော ေမာင်နိုင်ကတော့ အိမ်ရှေ့ကနေတောင် ဖြတ်မလျှောက်တော့။မနွဲ့အခြေအနေက တဖြည်းဖြည်းဆိုးရွားလို့ လာနေပေပြီ။
(၅)
အဲဒီနေ့ ညနေ နေဝင်ရီတရောလောက်မှာ မနွဲ့တို့အိမ်ရှေ့ဝန်းမှာ ခွေးမည်းတစ်ကောင်လာရပ်ပြီး စူးစူးဝါးဝါးထိုးဟောင်လိုက်ကတည်းက မနွဲ့တစ်ယောက် ကယောင်ကတမ်းတွေပြောတော့သည်။
“လာနေကြပြီ..ငါ့ကို လာခေါ်နေကြပြီ..လုပ်ကြပါဦး.ကယ်ကြပါဦး ..အမလေး…”
ကိုအေးသိန်းက မနွဲ့ရုန်းရင်းဆန်ခတ်ဖြစ်နေတာကိုထိန်းရင်း..
“မိန်းမ သတိထားအုံးလေ..သတိထားအုံး..”
အိမ်နီးချင်းတွေကလည်း လာကြည့်ကြသည်။မနွဲ့တစ်ယောက်အခြေအနေမဟန်တော့။
“ကယ်ပါဦး. ကိုသိန်းရယ်…ကျွန်မကို လာခေါ်နေပြီတော့…အီးဟီး…ကျွန်မကိုမကယ်နိုင်တော့ဘူးလား…မလာနဲ့..သွား..သွား…ဟဲ့..ရှူး…”
“မနွဲ့ရေ သတိလေးထားဦးလေ”
သတင်းမေးလာကြသူတွေလည်း မနွဲ့အဖြစ်ကိုမြင်ပြီး ဘယ်လိုလုပ်ကြရမယ်မှန်းမသိ..။မနွဲ့တစ်ယောက် အော်ရင်းဟစ်ရင်းမှာပင် သတိလစ်သွားပြန်သည်။သိပ်မကြာပါ ခြံရှေ့က ခွေးဟောင်သံတွေကြားမှာ မနွဲ့သတိပြန်လည်လာသည်။
“ကိုအေးသိန်း သူတော်ကောင်းကြီး.. လာပါအုံး..ကျွန်မရှင့်ကိုတောင်းပန်ပါရစေတော်..ကျွန်မမှားခဲ့ပါတယ်…ကျွန်မကိုခွင့်လွှတ်ပေးပါ…ကျွန်မကို ခွေးနက်ကြီးတွေနဲ့ လာခေါ်နေကြပြီ.. ကျွန်မမလိုက်ရင် ကျွန်မကို လိုက်ဆွဲ ကြတော့မှာ…ကျွန်မကို ခွင့်လွတ်ပေးပါ..”
ကိုအေးသိန်းခြေအစုံကို ဦးခိုက်ပြီးတောင်းပန်နေတဲ့ မနွဲ့ကို ကရုဏာသက်စွာကြည့်ရင်း
“ငါနင့်ကို ဘယ်တုန်းကမှ အပြစ်မယူခဲ့ပါဘူး မိန်းမရယ်…ခွင့်လွှတ်ပါတယ်…”
”ကျွန်မ…သားတွေရော..ကျွန်မသားတွေ…သူတို့ကိုခေါ်ပေး..ကျွန်မသူတို့ကိုမှာချင်တယ်”
“ရှိပါတယ်ကွာ..သားတွေ လာကြ…”
ကလေးတွေက မနွဲ့ရှေ့မှာ မျက်ရည်စမ်းစမ်းလေးနဲ့ ထိုင်နေကြသည်။
“ကလေးတွေ..နင်တို့အဖေသူတော်ကောင်းကြီးနဲ့ နေခဲ့ကြကြားလား…အမေကတော့ အမေ့မိုက်ပြစ်တွေ သွားဆပ်ရတော့မယ်…ငါ့လိုမဖြစ်ကြစေနဲ့….အမလေး….လာပါပြီတော့….”
ဟုဆိုတာနဲ့ အရုပ်ကြိုးပြတ်လဲကျပြီး အသက်ပါ ပါသွားလေတော့သည်။မနွဲ့ သေဆုံးသွားလေပြီ။အများအမြင်မှာတော့ မနွဲ့ရဲ့ခန္ဓာကိုယ်ဟာ သေဆုံးသွားပေမယ့် တမလွန်မှာ မနွဲ့အပြစ်ကြွေးတွေ သွားခံနေရတော့မည်။နတ်အုန်းသီးစွန့်တဲ့သူကစွန့် အသုဘအတွက်ပြင်ကြဆင်ကြနဲ့ ကိုအေးသိန်းတို့အိမ်မှာ အရပ်က လူတွေနဲ့ ပြည့်သွားသည်။ခွေးတွေကတော့ ရွာလယ်လမ်းမကြီးမှာ စူးစူးဝါးဝါးကို ထိုးဟောင်လို့နေပါသည်။
#နွေးနွေးအေးချမ်း