အရပ်လက်သည်(စ/ဆုံး)
———————–
မင်းကို(မြောက်ဦး)
ညသန်းခေါင်ယံ၌ ကမ်းသာယာတစ်ရွာလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ပိုးပုရစ်တို့၏ အော်မြည်သံများသာ တစ်ချက် တစ်ချက် ကြားနေရသည်။ထိုစဉ် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သော အသံတစ်ခုက ဒေါ်လုံးခင် အိမ်ရှေ့မှ ရုတ်တရက် ထွက်ပေါ်လာသည်။
”ဒုန်း.ဒုန်း…ဒုန်း.ဒုန်း”
”အရီးလုံး…အရီးလုံး..တံခါးဖွင့်ပါဦး..အရီးလုံး”
”ဟေ့…အိမ်ရှေ့က တဒုန်းဒုန်းနဲ့ ဘယ်သူတုံး”
အိပ်မပျော်နိုင်၍ ဘုရားစင်ရှေ့တွင် ပုတီးထိုင်စိပ်နေသော ဒေါ်လုံးခင်သည် အိမ်ရှေ့မှဆူညံသံကြောင့် စိပ်ပုတီးကို လက်တွင်ရစ်ပတ်ကာ မေးလိုက်သည်။
”ကျွန်တော်ပါ အရီးလုံး…ရွာအရှေ့ဖက်က ကျော်ဇောပါ…ဒီမှာ ဧည့်သည်တွေလည်းပါလာပါတယ်…တံခါးမြန်မြန်ဖွင့်ပါ အရီးလုံး”
ဒေါ်လုံးခင် ထိုင်ရာမှ ထကာ တံခါး ဖွင့်ပေးလိုက်သည်။
အိမ်အပြင်ဘက်တွင် ကျော်ဇောနှင့် ဒေါ်လုံးခင် မမြင်ဖူးသော ဧည့်သည်သုံးယောက်။မိန်းမ တစ်ဦး ယောက်ျား နှစ်ဦး။မိန်းမက ကိုယ်ဝန်ဆောင်ဖြစ်ပုံရသည်။ဗိုက်ကို လက်နှင့် အသာဖိထားသည်။
ကျော်ဇောက ပြောလာသည်။
”မြို့က ဧည့်သည်တွေတဲ့အရီးလုံး…
ဒီရွာနားအရောက်မှာ ဧည့်သည် မိန်းမက ဗိုက်တအားနာလာလို့ ဆေးဆရာလာရှာတာလို့ပြောပါတယ်…အရီးလုံးက ကလေးမွေးပေးနေတဲ့လက်သည်ဆိိုတော့ အရီးလုံးဆီပ ဲခေါ်လာတာပါ”
ဒေါ်လုံးခင်က ကိုယ်ဝန်ဆောင် မိန်းကလေး၏ မျက်နှာကို တစ်ချက် အကဲခတ်ကြည့်သည်။
”လာ လာ လာ ဝင်ခဲ့ကြ.”
ဒေါ်လုံးခင် တံခါးဟပေးပြီး ဘုရားစင်ဘေးရှိ ရေနံဆီ မီးအိမ်ကို လက်ဖြင့်စမ်းကာ မီးညှိပေးသည်။
”ကလေးမလေးကို အခန်းထဲကို သွင်းလိုက်…မင်းတို့က အပြင်မှာနေ…ကျော်ဇော ရော့ မင်းက ဒီမီးခြစ်ယူပြီး ရေနွေးအိုးသွားတည်.”
ဒေါ်လုံးခင်က စီမံခန့်ခွဲပြီးသည်နှင့် မီးအိမ်ကို ကိုင်၍ မိန်းကလေးကို ခေါ်ကာ အခန်းထဲသို့ဝင်လိုက်သည်။
ဒေါ်လုံးခင် ကလေးမလေးအခြေအနေကို သေချာ စမ်းသပ်စစ်ဆေးကြည့်သည်။အခြေအနေက ပုံမှန်အနေအထားမို့ ဒေါ်လုံးခင် ခေါင်းတဆတ်ဆတ်ညိတ်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။
*******************************
”အူဝဲ အူဝဲ ”
စူးစူးရှရှ ထွက်ပေါ်လာသော ငိုသံနှင့်အတူ လူ့လောက၌ ကျင်လည်ရန်အတွက် လူသားတစ်ဦးကို မွေးထုတ်ပေးနိုင်လိုက်ပြီမို့ ဒေါ်လုံးခင် အသာအယာပင် ပြုံးလိုက်မိသည်။ထိုစဉ် အခန်းပြင်ပမှ လှုပ်လှုပ်ရွရွ အသံများကြောင့် ဒေါ်လုံးခင် အော်ပြောလိုက်ရသည်။
”ဟေ့ ဟေ့ အပြင်က ယောကျ်ားတွေ အထဲကို ဝင်မလာနဲ့နော်”
ဒေါ်လုံးခင် အသံကြောင့် ထင်သည်။လှုပ်လှုပ်ရွရွ အသံများ တိတ်ဆိတ်သွားသည်။
ခဏအကြာတွင် မွေးခါစကလေးကို ပွေ့ပိုက်လျက် ဒေါ်လုံးခင် အခန်းအပြင်သို့ ထွက်လိုက်သည်။
”ကလေးက ချစ်စရာလေးဟေ့..တစ်တုံးတစ်ခဲလေး ..အမေကလည်း ကျန်းကျန်းမာမာပဲ ”
ဒေါ်လုံးခင်က ပြုံးရွှင်စွာ ပြောလိုက်သည်။
”ဒါနဲ့မင်းတို့လည်း ညဥ့်နက်နေပြီဆိုတော့ ဒီမှာပဲ အဆင်ပြေသလိုအိပ်ပြီး မနက်မိုးလင်းမှ ပြန်ကြပေါ့”
ဒေါ်လုံးခင် စကားကြောင့် အသားခပ်ညိုညိုနှင့် အမျိုးသားက အားတုံ့အားနာဟန်ဖြင့် ပြောလာသည်။
”အဒေါ်ကိုတော့ အားနာပါတယ်.ဒါပေမဲ့ ကျွန်တော်တို့ခုပဲ ပြန်ပါတော့မယ် အဒေါ်.. ဟိုမှာလည်း ကျွန်တော့်အမေ တစ်ယောက်တည်း နေမကောင်းဖြစ်ပြီးကျန်ရစ်ခဲ့လို့ပါ”
”မနက်မိုးလင်းပြီးမှ အေးအေးဆေးဆေးပြန်ရင် ရသားနဲ့…ကလေးမလေးကလည်း သွေးနုသားနုနဲ့ကွယ် ဖြစ်ပါမလား”
”ဖြစ်ပါတယ် ..အဒေါ်..ကျွန်တော်တို့ ကားကို ဖြည်းဖြည်းပဲ မောင်းသွားမှာပါ”
ပြောပြီးသည်နှင့်တစ်ပြိုင်နက် အသားခပ်ညိုညိုနှင့်လူသည် ဒေါ်လုံးခင်ထံမှ မွေးခါစကလေးကို လှမ်းယူ ပွေ့ပိုက်လိုက်သည်။ကျန်တစ်ဦးက အိပ်ခန်းထဲသို့ဝင်၍ မိန်းကလေးကို ပွေ့ချီလိုက်သည်။
”ဘယ်လိုမှ မအောက်မေ့ပါနဲ့ အဒေါ်။ ဒီပိုက်ဆံလေး လက်ခံပေးပါ”
ပြောပြောဆိုဆို အသားညိုညိုနှင့်လူက အသင့်ဆုပ်ကိုင်ထားဟန်ရှိသော ပိုက်ဆံတစ်ထပ်ကို ပေးသည်။
”အို မလိုပါဘူးကွယ်..မပေးနဲ့..မပေးနဲ့”
ဒေါ်လုံးခင် မည်သို့ပင် ငြင်းသော်လည်း မရ။ထိုလူက ပိုက်ဆံကို ဒေါ်လုံးခင် လက်ထဲသို့ အတင်းထိုးထည့်ပေးသည်။ဒေါ်လုံးခင် သက်ပြင်းသာ ချလိုက်သည်။
”သွားလိုက်ပါအုံးမယ် အဒေါ်…အဒေါ်ကို သိပ်ကျေးဇူးတင်ပါတယ် … ကျွန်တော်တို့က ဒီမြို့နယ်က မဟုတ်ပါဘူး သွားရမယ့် ခရီးက နည်းနည်းဝေးလို့ပါ”
ပြောပြောဆိုဆို ထိုလူသည် ဒေါ်လုံးခင်ကို နှုတ်ဆက်ပြီး ကျောခိုင်း ထွက်ခွာရန်ပြင်လိုက်သည်။
”ကျွန်တော်လည်း သွားတော့မယ် အရီးလုံး”
ကျော်ဇောကလည်း နှုတ်ဆက်လာခြင်းဖြစ်သည်။
”အေးကွယ်.. ညဥ့်လည်း နက်နေပြီ ဂရုစိုက်သွားကြပေါ့”
ပြောပြောဆိုဆိုပင် လူတစ်စုသည် ညအမှောင်ထဲသို့ တရွေ့ရွေ့ တိုးဝင် ပျောက်ကွယ်သွားကြလေသည်။
**************************
ကမ်းသာယာရွာ၌ ဒေါ်လုံးခင်က တစ်ဦးတည်းရှိသည့် နာမည်ကျော် လက်သည်ဟုဆိုလျှင် မမှား။မွေးလာသည့် ကလေးဟူသမျှ သူ့လက်နှင့် ကင်းသည်ဟူ၍ မရှိသလောက်ပင်။မဆိုစလောက် ခြေချော်လက်ချော် နည်းနည်းရှိခဲ့သော်လည်း ဒေါ်လုံးခင်ကို ယုံကြည်မှု မပျက်ကြ။ဒေါ်လုံးခင်က ပိုက်ဆံလည်း တောင်းသူ မဟုတျ။သဒ်ဓါ၍ ပေးလာလျှင်ပင် ယူသင့်မှ ယူသည်။ဒေါ်လုံးခင်အဖို့ ပိုက်ဆံမရှိ စားစရာမရှိ၍ လက်သည်လုပ်နေသူမဟုတ်။ဒေါ်လုံးခင်အတွက် ပိုက်ဆံက မရှား။ဘိုးဘွားလက်ထက်ကတည်းက ချန်ထားခဲ့သော လယ်မြေများကို အငှားချ၍ တစ်ဦးတည်းနေ သော ဒေါ်လုံးခင်အဖို့ ဝမ်းစာဖူလုံပြီးသား။ထို့ကြောင့်ပင် တစ်ရွာလုံးက ဒေါ်လုံးခင်ကို ယုံကြည် ကိုးစားကြခြင်းပင်ဖြစ်သည်။
ဒေါ်လုံးခင် အရည်အချင်းကလည်း ဤမျှသာ မဟုတ်သေး။မွေးလာသော ကလေးများကို ဗေဒင်တွက်ချက်၍ နာမည်လည်းပေးတတ်၊ဇာတာရက်ချုပ်လည်း လုပ်ပေးတတ်သေးသည်။ထို့ကြောင့်ပင် ရပ်ရွာ၌ အရေးအကြောင်းကိစ္စပေါ်လျှင် ဒေါ်လုံးခင်ကို ယုံယုံကြည်ကြည် တိုင်ပင်တတ်ကြသည်။
သို့သော်လည်း အချိန်ကာလတို့၏တိုက်စားပြောင်းလဲမှုနှင့်အတူ အစစ အရာရာ အဆင်ပြေချောမွေ့နေသောဒေါ်လုံးခင်ဘဝအတွက် စိတ်ညစ်စရာကိစ္စတစ်ခုက ဖြစ်ပေါ်လာတော့သည်။
**************************
”တို့ရွာမှာ တာဝန်ကျလာတဲ့ သူနာပြုဆရာမလေးက တကယ် တော်တယ်ဆိုပဲ”
”ဘာလို့လဲ တော့်”
”ကိုအောင်ကျော့်သား တစ်ညလုံးဖျားပြီး အော်ညည်းနေရတာကို အဲဒီဆရာမက ဆေးတစ်ချောင်းထိုးပေးလိုက်တာနဲ့ ယူပစ်သလိုကို ပျောက်ရော့တဲ့…နောက်ပြီးရှိသေးတယ်..တို့ရွာက ဗိုက်ကြီးသည်တွေ အဲဒီဆရာမလေး ရောက်လာပြီးတဲ့နောက်မှာ ကလေးအသေ မွေးတာတို့တောင် မရှိတော့ဘူးတဲ့..နောက်ပြီး..”
အားပါးတရ ပြောဆိုနေကြသော မိန်းမ နှစ်ဦးသည် သူ့ကို မြင်သည်နှင့် ပြောလက်စ စကား ရပ်တန့်သွားကြသည်။
ဒေါ်လုံးခင် သူတို့ပြောသည်ကို မကြားသလို ကိုယ့်လမ်းကိုယ် မြန်မြန် ဆက်လျှောက်လိုက်ရသည်။မိန်းမနှစ်ဦးက သူ့ကို အကဲခတ်လျက် အသံတိတ်နေကြ၏။ သို့သော် ထိုမိန်းမနှစ်ဦးသည် သူ့အဝေးရောက်သည့်နှင့် စကားပြန်ဆက်မည်မှန်း သူသိနှင့်ပြီးသားပင်။သူတို့ကို ဒေါ်လုံးခင်အပြစ်မမြင်ချင်။ အပြစ်မြင်၍လည်း မရ။သူတို့ ပြောသည့်စကားက မှန်နေသည်ပဲ။ရမ်းကု လက်သည်တို့နှင့် လည်ပတ်နေသော ဤရွာကလေးသို့ သူနာပြုဆရာမလေး တစ်ဦးရောက်လာနေ့မှစ၍ ကျန်းမာရေးကိစ္စ တိုးတက်လာသည်ကို တွေ့နေရသည်ပဲ။အရင်လို ဗိုက်ကြီးသည်တွေ သူ့ထံ အားကိုးတကြီးမလာကြတော့။ဒေါ်လုံးခင် သက်ပြင်းသာ ခပ်မျှင်းမျှင်း ရှိုက်လိုက်မိသည်။
အမှန်ပြောရလျှင် သူတို့ရွာသို့ သူပြုဆရာမလေး ရောက်လာသည်ကို
ဒေါ်လုံးခင် မစ္ဆာရိယစိတ် တစ်စက်မျှ မပွားမိ။စိတ်တွင်း၌ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီးသားပင်။သို့သော် တစ်နေ့က ဖြစ်ခဲ့သော အဖြစ်အပျက်ကို ပြန်တွေးမိတိုင်း သူ့ရင်ထဲ ခံစားရသည်။စိတ်မကောင်းဖြစ်နေရသည်။မတွေးချင်ပါဘဲလျက် တစ်နေ့က ဖြစ်ခဲ့သော ကိစ္စက အတွေးထဲ ပြန်ပေါ်လာသည်။
**************************
”လာပါ အရီးလုံး လိုက်ခဲ့ပေးပါဗျာ..ကျွန်တော်မိန်းမ ဗိုက်နာတာလည်း ကြာနေပြီ..ခုထိ မမွေးသေးလိုပါ”
”ဟေ့ ရွာမှာ ဆရာမလေး ရှိသားပဲ… ဆရာမလေးကို သွားခေါ်ပေါ့…ဆရာမလေးနဲ့ဆို ပိုပြီးစိတ်ချရတာပေါ့ ဖိုးထောင်ရာ”
”မလုပ်ပါနဲ့ အရီးလုံးရာ ဆရာမလေးကို ကျွန်တော်မခေါ်ရဲလို့ပါ…ဆရာမေလးက စိတ်ကောင်းသလောက် ဒေါသသိပ်ကြီးတာဗျ..သူ့ပေးထားတဲ့ ဆေးတွေ မှန်မှန်မသောက်လို့တဲ့ ဆူလိုက်တာ လွန်ပါရော…လိုက်ခဲ့ပါဗျာ…ကျွန်တော့်သား အကြီးကောင်ကိုလည်း အရီးလုံးပဲ မွေးပေးခဲ့တာပဲဟာ …အရီးလုံးဆို ကျွန်တော်တို့က ယုံကြည်ပြီးသားပါ…လိုက်ခဲ့ပါနော်.”
ဒေါ်လုံးခင် သက်ပြင်းတစ်ချက် ချသည်။
”ကဲ ကဲ သွား သွား”
**************************
ဖိုးထောင်တို့ အိမ်ရှေ့တွင် လူတွေ တော်တော်များများ ရောက်နေသည်။ဒေါ်လုံးခင် အချိန်မဆိုင်းတော့ဘဲ အိမ်ထဲသို့ ဝင်လိုက်သည်။မွေးခန်းထဲ၌ တအင်းအင်းနှင့် ညည်းညူနေသော မိမိအေးက ဒေါ်လုံးခင်ကို တစ်ချက်တော့ ခေါင်းထောင်ကြည့်သည်။မိမိအေးကို သေချာစမ်းကြည့်သည်။မျက်နှာအခြေအနေကို အကဲခတ်သည်။ကလေးမလေးက မွေးဖွားတော့မည့် လက္ခဏာပြနေသော်လည်း မျက်နှာအနေထားက ပုံမှန်မဟုတ်။ရေမွှာက လည်း မပေါက်နိုင်သေး။သည်ကြားထဲ ကလေးမလေးပုံစံက ဖြူဖတ်ဖြူရော် ဖြစ်နေသည်မို့ စိုးရိမ်စရာပင်။မဖြစ်။ ကလေးမလေးကို မြို့ဆေးရုံသို့ပို့မှ ဖြစ်တော့မယ်ထင်သည်။
ဒေါ်လုံးခင် အိမ်ပြင်သို့ ထွက်၍ ဖိုးထောင်ကို လှမ်းခေါ်ရန်ပြင်လိုက်သည်။ထိုစဉ်
”ဆရာမလေးပါလား လာပါ လာပါ လူနာ အပေါ်မှာ ရှိပါတယ်”
ဆရာမလေး ဆိုပါလား။ဒေါ်လုံးခင် တစ်ခါမှမတွေ့မြင်ဖူးသေး၍ သေချာအကဲခတ် ကြည့်မိသည်။ဖြူဖြူသန့်သန့် ပိန်ပိန်ပါးပါးလေး။မျက်နှာတွင် အားမာန်တစ်မျိုးနှင့် မိမိကိုယ်ကို ယုံကြည်မှုရှိကြောင်းကို အထင်းသား မြင်နေရသည်။
ဆရာမလေးက မည်သူ့ကိုမှ စကားမပြောဘဲ အိပ်ပေါ်သို့ တက်သွားသည်။ထို့နောက် ခဏအကြာတွင် ပြန်ဆင်းလာပြီး ဖိုးထောင်ဘက်သို့ လှည့်ကာ ပြောတော့သည်။
”ရှင်တို့တွေ တော်တော် ပေါ့လျော့တာပဲ …ကျွန်မပေးတဲ့ ဆေးတွေကိုလည်း ပုံမှန်မသောက်ဘူး..အခုတော့ လူနာက ပုံမှန်မွေးဖို့တောင် အားမရှိဘူးဖြစ်နေတယ်…သည်ကြားထဲ ရေမွှာက မပေါက်နိုင်ဘူး..ရေမွှာက ဗိုက်ထဲမှာ မတော်တဆ ပေါက်သွားလို့ကတော့ ကလေးမွမ်းပြီး အသက်အန္တရာယ် ဖြစ်နိုင်တယ် …မဖြစ်ဘူး…မဖြစ်ဘူး..ကလေးအမေကို ကို အခုပဲ မြို့ဆေးရုံကို ပို့ဖို့စီစဉ်ကြ”
”ဟုတ် ဟုတ် ဟုတ်ကဲ့ပါ ဆရာမ”
ဖိုးထောင် အယောင်ယောင် အမှားမှားပြောပြီး မြို့ဆေးရုံသို့ သွားရန်စီစဉ်တော့သည်။
ဆရာမလေးက ဒေါ်လုံးခင်ဖက် တစ်ချက်ဝေ့ကြည့်ကာ ပြောလာသေးသည်။
”အရေးထဲ ရမ်းကုတွေ လက်သည်တွေက တစ်မျိုး…သူတပါး အသက်အန္တရာယ်ဖြစ်မှာကို မတွေးကြဘူး…ကိုယ့်ကိုယ်ကိုယ် ငါ တော်တယ် ငါတတ်တယ်ဆိုပြီး လက်စွမ်းပြချင်နေကြတယ်”
ဒေါ်လုံးခင်မျက်နှာတစ်ခုလုံး ဖျင်းခနဲ ခံစားလိုက်ရသည်။ဒေါသ ထောင်းခနဲ ထွက်သွားသည်။သို့သော် ဒေါသကို ချက်ချင်းပင် ပြန်ထိန်းချုပ်လိုက်သည်။ထို့နောက် အတတ်နိုင်ဆုံး လေသံမှန်မှန်ဖြင့် ဖိုးထောင်ဘက် လှည့်ကာ ပြောလိုက်သည်။
”ငါ ပြန်လိုက်တော့မယ် ဖိုးထောင်”
ဖိုးထောင် အားတုံ့အားနာဟန်ဖြင့် ပျာပျာသလဲ ပြောသည်။
”ဟုတ်ကဲ့ အရီးလုံး။ အခုလို့လာပေးတာ ကျေးဇူးတင်ပါတယ်…ကျွန်တော်ပြန်လိုက်မပို့ပေးနိုင်တာ ခွင့်လွှတ်ပါနော်”
ဒေါ်လုံးခင် ခေါင်းသာ ညိတ်ပြရင်း ထွက်သွားရန်ပြင်လိုက်သည်။ တစ်ဘက်သို့ အလှည့်၌ အတန်တန်ထိန်းချုပ်ထားသည့်ကြားမှ ဘယ်ကဘယ်လိုရောက်လာမှန်းမသိသော မျက်ရည်တစ်ပေါက်က ပါးပြင်ပေါ်မှ တိတ်တဆိတ် လိမ့်ဆင်းသွားသေးသည်။သို့သော်လည်း ထိုမျက်ရည်ကို မည်သူတစ်ဦးတစ်ယောက်မှ မတွေ့မမြင်လိုက်ကြပါလေ။
**************************
ဒေါ်လုံးခင်အဖို့တစ်ဦးတည်းနေရသော ဘဝကို တစ်ခါတစ်ရံတော့ စိတ်ပျက်မိသည်။သည်ကြားထဲ စိတ်အပြောင်းအလဲ မြန်လွန်းကြသည့် လူတွေကိုလည်း စိတ်ကုန်မိသလိုလို။တစ်ချိန်တစ်ခါက ‘အရီးလုံး ‘ ‘အရီးလုံး’နှင့် တစ်လုံးတည်း ရှိခဲ့ကြသူတွေက ယခု တော့ ဖာသိဖာသာ။လမ်းတွေ့လျှင်ပင် အရေးတယူ နှုတ်ဆက်ဖော် မရေတာ့။
”ကျွတ် ကျွတ်”
ခေါင်း တစစ်စစ် ကိုက်ခဲလာ၍ စုတ်သပ်မိလိုက်ခြင်းပင်။ဝမ်းနည်းအားငယ် စိတ်တို့ကြောင့် မျက်ဝန်းအိမ်၌ မျက်ရည်စတို့ တွဲခိုလာသည်။ထိုစဉ်
”အရီးလုံး အရီးလုံး”
အိမ်ရှေ့မှ ခေါ်သံ ကြားရသည်။ဒေါ်လုံးခင် ခေါင်းထောင်ကြည့်ကာ ပြောလိုက်သည်။
”ဘယ်သူလဲ..ဝင်ခဲ့ပါ..တံခါးက စေ့ရုံစေ့ထားတာ”
တံခါးပွင့်လာပြီးနောက် ဝင်လာသူကက ကျော်ဇောနှင့် ဆရာမေလး။
”ဆရာမလေးပါလား…လာပါ လာပါ”
လှဲနေရာမှ ထ၍ ဖျာခင်းပေးလိုက်သည်။
”အရီးလုံး ဒီနေ့ အပြင်မသွားဘူးလား”
ကျော်ဇောက မေးသည်။
”အေးကွယ် ခေါင်းနည်းနည်း ကိုက်နေလို့ အပြင် မထွက်ဖြစ်ဘူး”
”အဖွား”
ဆရာမလေးက ခပ်တိုးတိုးခေါ်သည်။ဒေါ်လုံးခင် အံ့သြသွားသည်။ဆရာမလေးက သူ့ကို အဖွားတဲ့။
”အဖြားကို ကျွန်မ တောင်းပန်စရာရှိလို့ လာတာပါ”
ဆရာမလေးက ခေတ္တနှုတ်ဆိတ်သွားပြီးမှ ဆက်ပြောသည်။
”အဖွား လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော် ကအဖြစ်အပျက် တစ်ခုကို မှတ်မိပါမလား မသိ ဘူး …ညသန်းခေါင် အချိန်မှာ ရောက်လာတဲ့ ဧည့်သည်မိန်းမတစ်ယောက်ကို ကလေးမွေးပေးခဲ့တာလေ…ဧည့်သည် ယောက်ျားနှစ်ယောက်နဲ့ ဟောဒီက ဦးလေးလည်း ပါတယ်လေ အဖွား”
ဆရာမလေးက ကျော်ဇောကို လက်ညှိုး ထိုးပြသည်။ကျော်ဇောကခေါင်းညိတ်ကာ ပြောသည်။
”ဟုတ်တယ်လေ..အရီးလုံး.. အဲဒီတုန်းက သူတို့ကို ကျွန်တော် ကိုယ်တိုင် လိုက်ပို့လာတာလေ”
အတိတ်၏ ပုံရိပ်တစ်ခုက ဒေါ်လုံးခင် အာရုံထဲ ဖျတ်ခနဲ ဝင်လာသည်။ထို အဖြစ်အပျက်က ဒေါ်လုံးခင် ဘဝ ၌ ထူးထူးခြားခြား အဖြစ်အပျက် တစ်ခုမို့ မှတ်မှတ်ရရ ရှိနေခြင်းပင်။ဒေါ်လုံးခင် ခေါင်းကို အသာညိတ်ပြကာ ပြောလိုက်သည်။
”မှတ်မိပြီ ကျော်ဇော…အဲဒါဘာဖြစ်လို့လဲ”
”ဒီလိုပါ အရီးလုံး…ဟောဒီက ဆရာမေလးက အဲဒီတုန်းက အရီးလုံးကိုယ်တိုင် မွေးပေးလိုက်တဲ့ ကေလးပါ”
အံ့သြမှုကြောင့် ဒေါ်လုံးစိန် ပါးစပ် အဟောင်းသား ပွင့်သွားသည်။
”ဟုတ်ပါတယ်အဖွား…ကျွန်မက အဖွားကိုယ်တိုင် မွေးပေးလိုက်တဲ့ ကလေးပါ..ဒီအကြောင်းတွေကိုလည်း ကျွန်မ ခုမှ သိရတာပါ..ဒါတောင်မှ ဦးလေးဆီကို အလည်အပတ်သွားရင်းနဲ့ ကျွန်မ ဒီရွာမှာ တာဝန်ကျနေမှန်းသိသွားလို့ ဦးလေးက ပြောပြလိုက်တာပါ ..အဲဒီတုန်းက ကျွန်မရဲ့ဦးလေးလည်းပါတယ်လေ..ကျွန်မအဖေနဲ့အမေကတော့ လွန်ခဲ့တဲ့သုံးနှစ်ကပဲ ရှေ့ဆင့် နောက်ဆင့် ဆုံးပါးသွားကြလို့ ဒီအကြောင်းတွေ မသိခဲ့ရပါဘူး”
ကရားရေလွှတ် ပြောနေသော ဆရာမလေးကို ကြည့်၍ ဒေါ်လုံးခင် ဘာပြောရမှန်းမသိ ဖြစ်နေသည်။
”အဖြားကို ကျွန်မ မောက်မောက်မာမာ ရင့်ရင့်သီးသီး ပြောမိခဲ့တာတွေ တောင်းပန်ပါတယ်..အဖြား..ကျွန်မကို ခွင့်လွှတ်ပါနော်…ကျွန်မကိုလည်း အဖွားရဲ့ မြေးအရင်းတစ်ယောက်လို သတ်မှတ်ပေးပါနော် ”
ပြောပြောဆိုဆို ဆရာမလေးက ပုဆစ်တုတ်ထိုင်ကာ ဒေါ်လုံးခင်ကို ကန်တော့လေသည်။
ဒေါ်လုံးခင် မျက်ရည်ဝဲရလေပြီ။သို့သော် မျက်ရည်များနှင့်ပင် နှစ်နှစ်ခြိုက်ခြိုက် ကြီး ပြုံးလိုက်သည်။
ဆရာမေလး၏ ဦးခေါင်းကို ညင်သာစွာ ပွတ်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။
”ခွင့်လွှတ်ပါတယ် ငါ့မြေးရယ်…အဖွား ခွင့်လွှတ်ပါတယ်…ငါ့မြေးလေး အသက်ရှည်လို့ ဘုန်းကြီးပါစေကွယ်”
အိမ်ပြင်ပ၌ နေခြစ်ခြစ်တောက် ပူပြင်းနေခဲ့သော်လည်း ဒေါ်လုံးခင်ရင်၌မူ ကြည်အေးသော စမ်းရေတစ်ပေါက် သောက်ခွင့်လိုက်ရသလို ခံစားလိုက်ရလေသည်။
မင်းကို(မြောက်ဦး)