အသက်ကိုရင်း၍(စ/ဆုံး)
———————–
ခင်ဦး အပျိုတုန်းကအသားလေးကဖြူဖြူနဲ့ တုပ်တုပ်ခဲခဲလေးမို့ ချစ်စရာကောင်းလှပါသည်။ ဒလဆိပ်ကမ်းနားက မသီးထမင်းဆိုင်မှာ စားပီးသောက်ပြီး စားရိတ်ငြိမ်းတစ်နေ့ငါးထောင်နဲ့ ဆိုင်အကူအလုပ်,လုပ်ရသည်။ ခင်ဦးက ရုပ်ကလေးလည်းလှ၏။ အလုပ်,လုပ်ရာတွင် သွက်သွက်လက်လက်လည်းရှိ အပြောအဆိုလေးကလည်းချိုတာမို့ ဆိုင်ရှင်မသီးက သူ့ကိုအလွန်သဘောကျ၏။
သူ့ဆိုင်မှာ အရင်ကထက် ဖေါက်သည်တွေလည်း ပိုတိုးလာတာကိုး။
မသီးဆိုင်မှာအရင်ရှိနှင့်တဲ့ စန်းတင့်က အသားကခပ်ညိုညို ရုပ်ကလည်းခပ်ကြမ်းကြမ်းမို့ ဖေါက်သည်တွေက သူ့ကိုအရေးတယူမဆက်ဆံကြ။
ခင်ဦးရောက်လာတော့ လာဘ်ခေါ်ဇီးကွက်ရုပ်ကလေးတစ်ရုပ် ရောက် လာသလို သူ့ဆိုင်က ပိုစည်လာ၏။ ချဲထွက်တဲ့ရက်မျိုး လစာထုတ်တဲ့ရက်မျိုးတွေမှာဆို ဆိုင်မှာလူအပြည့်။ ထမင်းတွေဟင်းတွေ ပိုချက်ကြရသည်။ အရက်နဲ့အမြည်းလည်း ပိုဝယ်ထားကြရပါသည်။
အလုပ်မရှိ အကိုင်မရှိ ဗေဒင်ဆရာရောင်ရောင် ချဲဆရာရောင်ရောင် ချစ်မြက….
“မသီး ဒီနေ့ဘာကြိုက်လဲ၊
ကျုပ်ကတော့ ၅ တစ်လုံးဘိုင်သေ ကြိုက်တယ်။ ဘာဂဏန်းတွေထိုးပြီးပြီလဲ။ ၅ တစ်လုံးကတော့ဘိုင်နော် မပြောမရှိနဲ့”
ဘာမှ မဝယ်မချမ်း မစားသောက် ပဲနှင့် ချဲကိုရမယ်ရှာကာ ဆိုင်လာ၍ ခင်ဦးကို ပိုးတတ်၏။
” သန်းမြင့်ကတော့ တစ်နဲ့သုံး မထိရင် မပေါက်ဘူးပြောတာပဲဟ”
ဟု မသီးကပြန်ပြော၏။
“ချဲ”လောကသား တို့သည်ကား အတော်စည်းလုံးကြသည်။ တစ်ယောက်ရလာသော ဂဏန်းကို မိတ်ဆွေအားလုံးအား မျှဝေကြ၏။ သူတို့တစ်တွေ၏ မုဒိတာတရားကား အံ့သြလောက်ပေစွတကား။
ရလာသော ဂဏန်းတစ်ကွက်ကို မိမိတစ်ယောက်တည်း ပုန်းလျှိုး ကွယ်လျှိုး ဝှက်ထိုးကြသည်ဟု မကြားဘူးသလောက်ပင်။
တစ်ခါတစ်လေတော့ အံ့ဩစွာဖြင့် သေသေချာချာ လေ့လာစေ့ငုကြည့်မိ၏။
ဤသို့အပိုင်, အပိုင်ဟုပြော သော ထိုအကွက်ကို အဘယ့်ကြောင့် မိတ်ဆွေအားလုံးကို ဖြန့်ဝေပေးရပါသနည်း။ ဖြစ်နှိုင်သည့်အဖြေကား။
၁။ ကြိမ်ဖန်များစွာ အောကွက်ဟု ရလာလို့ထိုးတိုင်း တစ်ခါမှမပေါက်သောကြောင့် တစ်ယောက်တည်း ခံရတာထက် တခြားသူတွေပါ
ကိုယ့်လို ခံရပါစေတော့လို့ သူခိုးသေဖေါ်ညှိသလိုမျိုး ဖြန့်ဝေကြတာလည်းဖြစ်နှိုင်၏။
၂။ ထိုးသားတွေသာ အရှုံးများပြီး ဒိုင်က အမြဲစားနေသဖြင့် သူတို့ ရင်ထဲတွင်”ဒိုင်”ကိုအမုန်းကြီးကြိတ်မုန်းနေကြခြင်းကြောင့် သူတို့ပေးသောဂဏန်းသာပေါက်ခဲ့လျှင် ဒိုင်ကိုအထိနာ စေချင်သောစိတ်နှင့် ဖြန့်ဝေကြတာလည်းဖြစ်နိုင်လိမ့် မည် ဟုလည်းထင်မိပါသည်။
ဘယ်လိုနည်းနှင့်ပဲ ဖြန့်ဝေသည်ဖြစ်စေ များများဖြန့်ဝေလို့ များများထိုးလေ ဒိုင်များကကြိုက်လေ ကျေးဇူး တင်လေပင် ဖြစ်ကြပါသည်။
မည်သို့ပင်ဆိုစေ နောက်ဆုံးမတော့ ထိုးသားများကား မွဲသွားကြသည်သာများကြ၍။ ဒိုင်တို့သည်ကား ချမ်းသာသွားကြသည်သာဖြစ်ကြ၏။
——————————–
( ၂ )
မသီးဆိုင်တွင် ညနေပိုင်းဆိုလျှင် တောချက်အရက်နှင့် အမြည်းများရ၏။ ဘီယာပုလင်းများလည်းရေခဲစိမ်ထား၏။
မသီးဆိုင်မှာ မြေအရောင်းအဝယ် သမားတွေ အိမ်ခြံမြေပွဲစားတွေနဲ့ ချဲသမားတွေ အများဆုံးလာစားသောက်ကြ၏။ အိမ်ခြံမြေပွဲစား ကျော်ကြီးတို့အဖွဲ့ကတော့ ပင်တိုင်ဖြစ်၏။ ကျော်ကြီးကား ပိုက်ဆံလည်းရှိ၏။ အပေးအကမ်းလည်းရက်ရော၏။ တပည့်လက်သားများကိုလည်းအမြဲ ကူညီစောက်ရှောက်တတ်သဖြင့် လူချစ်လူခင်များလှသည်။ ထို့ကြောင့်လည်း ဒလမြေလောကတွင် ကျော်ကြီးက နာမည် ကြီး၏။ အရောင်းအဝယ်လည်း ပွဲအဖြစ်, များ၏။
ညနေတိုင်း မသီးဆိုင်မှာသူတို့အဖွဲ့ အရောင်းအဝယ်သတင်း စနည်းနာကြရင်း ဝိုင်းဖွဲ့စားသောက်ကြသည်။ ကျော်ကြီးတွင် တပည့် လက်သား အတော်များ၏။ အဖွဲ့ကလည်းတောင့်လှသဖြင့် တော်တော့လူက သူတို့အဖွဲ့နားသို့ မကပ်ရဲကြချေ။
အလုပ်သမားအများစုလည်း အလုပ်က အပြန်ဝင်၍ စားကြသောက်ကြ အပန်းဖြေတတ်ကြ၏။ တစ်ခါတစ်ရံ သူတို့အလုပ်သမား အချင်းချင်း စကားများကြရန်ဖြစ်တတ်ကြသည်။ သို့သော်ကျော်ကြီးက ဟိတ်ဆိုဟိတ်, တိတ်ဆိုတိတ်ကြရ၏။ ကျော်ကြီးဆိုလျှင်အားလုံးက မီးသေကြရလေသည်။ ကျော်ကြီးကိုထိလျှင်ကား မှုန့်မှုန့်ညက်ညက် ကြေမည်သာဖြစ်ပေသည်။
——————————–
( ၃ )
ကျော်မိုးကား, ဒလသားဖြစ်၏။ အသားလတ်လတ် အသက်အစိတ် နီးပါးခန်းရှိပြီး လူရည်သန့်သန့် အဝတ်အစားကို သေသေသပ်သပ်ဝတ်စားတတ်၏။
အလုပ်က ကျပန်းလုပ်သည်။
ပန်းရံနေ့စားလည်း လုပ်တတ်၏။ တစ်ခါတစ်လေ သံပန်းအကူလုပ်သည်။ တစ်ခါတစ်လေ သံချီသံကွေးလုပ်တတ်၏။ ဘာကိုမှ စွဲစွဲမြဲမြဲ မလုပ်၍ ဘယ်ပညာ, ဘယ်အလုပ်မှ ကျွမ်းကျင်အဆင့်အထိရောက်အောင်,မတတ်မြောက်ခဲ့ချေ။
ထို့ကြောင့် ကျွမ်းကျင်လုပ်သားခလည်း မရရှာပေ။ လူကြမ်းလုပ်ခသာ အမြဲရ၏။ မရ၍လည်းကျော်မိုးက ကိစ္စမရှိ။ သူသက်သာဖို့သာ လိုရင်းဖြစ်၏။ ပန်းရံနေ့စားလိုက်လျှင် မြေတူးကိစ္စ ပီးမှသာလိုက်တတ်၏။
အသေအကြေ နင်လား ငါလားလုပ်ကြရတဲ့ဖေါင်ဒေးရှင်းမြေစ,တူးချိန်ဆိုလျင် ဟိုရှောင်ဒီရှောင် ရွှီရှောင်လုပ်နေတတ်၏။ မြေတူး
ကိစ္စပီးပြီဆိုမှ ခရီးသွားတာက ခုမှ ပြန်လာသလိုလို၊ နေမကောင်းနေတာက,ခုမှပဲ နလန်ထလာသလိုလိုနဲ့ အလုပ်ဆင်းတတ်၏။
ကျော်မိုးအထာကို ပန်းရံဆရာတိုင်းကလည်း နောကြေနေကြပါသည်။ သို့သော်လည်း လူကြမ်းအလုပ်သမား ရှားပါးလွန်းသဖြင့်သာ မရှိသုံး ခေါ်သုံးကြခြင်းဖြစ်သည်။
ကျော်မိုးက အလုပ်သာလက်ကြောမတင်းသော်လည်း အပြောကတော့ ညက်၏။ ရုပ်လည်းဖြောင့်သဖြင့် ခင်ဦးကို ကြာကြာမပိုးလိုက်ရ များမကြာမှီ ချစ်ကြိုက်ကြတော့သည်။
မသီး,တားနေသည့်ကြားက သူတို့နှစ်ယောက် ရပ်ကွက်လူကြီးရှေ့တွင် လက်မှတ်ထိုးပြီး ယူလိုက်ကြသည်။ မသီးလည်း လာဘ်ခေါ်ဇီးကွက်ရုပ်ကလေး အခိုးခံလိုက်ရသလို ခံစားရတော့၏။
အကြီးမ”မသည်းအူလေး” မွေး သည်အထိ ခင်ဦးတစ်ယောက် မသီးဆိုင်မှာ နေ့စား, လပေးလုပ်နေ သေး၏။ မိသားစုနှင့်ဖြစ်လာသဖြင့် လစာက မလောက်ငှတော့ဟု ဆိုကာ လစာတိုးတောင်းတော့မှ လစာတိုးမပေးသဖြင့် ခင်ဦး မသီးဆိုင်အလုပ်ကထွက်လိုက်၏။
ကိုဗစ်ကာလ,လောက်က အလတ်ချောင်းဘက်ရှိ ကျော်မိုးတို့ အမွေဆိုင် အိမ်နဲ့ခြံကို ရောင်းရသဖြင့် ကျော်မိုး အမွေရလိုက်သေးသည်။ သို့သော် သိပ်မကြာလိုက် ချဲထိုးလိုက် အရက်သောက်လိုက်နှင့် ရလိုက်တဲ့အမွေက ခဏနဲ့ ကုန်သွားတော့၏။ အရက်စွဲသွားတာသာ အဖတ်တင်ကျန်ခဲ့လိုက်သည်။
နဂိုက လက်ကြောမတင်းသော ကျော်မိုးတယောက် မကြာခဏအရက်နာ ကျနေသဖြင့် ပန်းရံလူကြမ်းအလုပ်ကလည်း ဘယ်သူကမှ ခေါ်မခိုင်းသလောက်ဖြစ်လာတော့သည်။
အကြီးမလေး “မသည်းအူ” နှစ်နှစ်ခွဲလောက်တွင် ခင်ဦး နောက် မိန်းကလေး တစ်ယောက်ထပ်မွေး၏။ နာမည်တော့ မပေးရသေးပေ။
မိသားစုလေးယောက်ဖြစ်လာသဖြင့် စားရိတ်ကပိုကြီးလာတော့သည်။
ခင်ဦးမှာဒုတိယ ကလေးမွေးပြီး နှစ်လစွန်းစွန်း ပဲရသေး၏။ စားစရာမရှိတော့သဖြင့် ခင်ဦးသွေးနုသားနုနဲ့ ပလုံထွက်ကောက်ရတော့သည်။
လက်ကြောမတင်းတဲ့ ကျော်မိုးကတော့ အလုပ်မရှိလို့ဟု အ ကြောင်းပြကာ ထမင်းချက်,အနှီးလျှော် ကလေးထိမ်း အလုပ်သာလုပ်၍ အိမ်မှာနေ၏။
အကြီးမလေး “မသည်းအူ” ဖျားတာ နှစ်ရက်ရှိနေပြီဖြစ်၏။ လမ်းထိပ်ကွမ်းရာဆိုင်က ပါရာစီတမောဝယ်တိုက်တာလည်း အဖျားကမကျ
ကျော်မိုးက မသည်းအူလေး ဆရာ ဝန်ပြရန် ပိုက်ဆံပိုရှာခဲ့ဘို့ ခင်ဦးကိုမှာလိုက်၏။
“ဒါဘဲလားခင်ဦး နင်တစ်နေ့လုံး ဘယ်ကောင်နဲ့ အလေလိုက်နေလို့ရှစ်ထောင်ပဲ ရခဲ့ရတာလဲ”
“ဒီပိုက်ဆံလေး ရှစ်ထောင်နဲ့ ဆရာဝန်ဆီ ဘယ်လိုသွားပြမလဲ”
“နင် ပေါက်ပန်းလေးဆယ်တွေ လျှောက်ပြောမနေနဲ့နော် ကျော်မိုး”
“ငါမှာသွေးနုသားနုနဲ့ နေပူကျဲကျဲ ထဲ ပလုံကောက်နေရတာ။ အကြီးအတွက်ပူရတာကတစ်မျိုး အငယ် ခလေးနို့ဆာနေမှာစိုးရတာကတစ်မျိုးနဲ့ ငါ့မှာဗျာများနေရတာ။
နို့တင်း…လာတာနဲ့ အမြန်ပြန်လာရလို့ ဒီ… ရှစ်ထောင်ရလာတာတောင် အနိုင်နိုင်ဟဲ့! မသာရဲ့….”
စိတ်ပူလှသဖြင့် ရှိသမျှသောငွေရှစ်ထောင်နှင့်ပင် ဆရာဝန်ဒေါက်တာသက်ဦးဆီသွားပြကြ၏။
** ဆရာဝန်က သွေးလွန်တုပ်ကွေး ထင်သဖြင့် ရန်ကုန်ကလေးဆေးရုံကြီးသို့ သွားခိုင်း၏။
“ကလေးမှာဖြစ်နေတဲ့လက္ခဏာတွေက… သွေးလွန်တုပ်ကွေး လက္ခဏာတွေပဲ… သွားဖြစ်အောင်သွားပါ… စောစောသွားမှ ကလေး အသက်ကို ကယ်နှိုင်လိမ့်မယ်”
“ဆရာရယ် ကျွန်မတို့ကဆင်းရဲပါတယ်။ အကုန်အကျတွေတအား များနေမလားမသိဘူးနော်… ”
“ကုန်သင့်သလောက်တော့ ကုန်မှာပေါ့ဗျာ… အခုကျွန်တော့ ဆေးဘိုးကိုတော့ မပေးပါနဲ့တော့…” “ကျွန်တော်ကုသိုလ်ပြုပါ့မယ်… မနက်ဖန်ကျရင်သာ… ရန်ကုန်ကလေးဆေးရုံကြီးကို သွားဖြစ်အောင်သွားကြပါ… ”
——————————–
( ၄ )
ကျော်မိုးရင်ထဲမှာ မီးလောင်နေပြီဖြစ်သည်။ သူ သိပ်ချစ်တဲ့သမီးကြီး
“မသည်းအူလေး” အတွက်… သူဘာလုပ်ရမည်နည်း။ သူတို့မှာ ဘာမှ ထုခွဲရောင်းချစရာလည်း… မရှိကြပါ။
** ခင်ဦးကလည်း အငယ်လေးကိုချီရင်း အပြန်လမ်းတလျှောက်လုံး ငိုနေ၏။
** နောက်ဆုံး ကျော်မိုးတစ်ယောက် အံကိုတင်းတင်းကြိတ်၍ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတော့သည်။
“ခင်ဦး ငါပြောတာကိုသေချာနားထောင်နော်။ ငါအခု”သည်းအူလေး”ကို… ငါ့အစ်မအိမ်ကို ခဏသွားပို့လိုက်မယ်။ နင်က အငယ်လေးကိုချီရင်း… နောက်နာရီဝက်လောက်မှာ… ရွာလူကြီး ဦးကုလားအိမ်ကိုသွား ဦးကုလားကို သေချာပြောပြ။ ငါ, မသီးဆိုင်မှာ အရိုက်ခံရလို့ ကယ်ပါအုံးဆိုပြီး ဦးကုလားကို မသီးဆိုင် တပါတည်း အပါခေါ်လာခဲ့ကြားလား… ”
“နင် ဘာတွေကြံစည်နေပြန်တာလဲကျော်မိုးရယ်၊ သမီးကနေမကောင်းလို့မှ စိတ်ပူနေရတဲ့ကြားထဲ… တစ်ပူပေါ်နှစ်ပူမဆင့်ချင်ပါနဲ့ဟာ… ငါသေလိမ့်မယ်..သိလား…”
“ငါသေချာစဉ်းစားပီးပီ ခင်ဦး !! သမီးအတွက် ငါလုပ်ပေးနှိုင်တာ ဒီတနည်းပဲရှိတော့တယ်… ငါပြောတဲ့အတိုင်းသာလုပ်၊ တစ်ချက်မှ မလွဲစေနဲ့။ ကျော်ကြီးတို့ မနေ့ကမှ ဦးကြီးမြင့်ဆီက ပွဲခ… ဆယ်သိန်းရထားတာ”
“အခု နင့်ဆီက ငွေတစ်ထောင် ငါ့ကိုပေးလိုက်…။ ကြာတယ်ဟာငါ အခုသွားပြီ။ နင်… နောက်နာရီဝက်လောက်မှ ဦးကုလားဆီသွားလိုက်နော်။ ခု နင်ငိုနေတဲ့အတိုင်းသာ ငိုပီး…ပြောပြလိုက်ကြားလား… ”
** ဦးကုလားနှင့် ခင်ဦးတို့ မသီးဆိုင် ရောက်လာသည့်အခါတွင်မတော့….
ကျော်မိုးတစ်ယောက် သွေးအိုင်ထဲတွင် ပုံလျှက်… လဲနေပြီ ဖြစ်သည်။
ကျော်မိုးမျက်နှာတစ်ခုလုံး…
ဖူးရောင်နေပြီး… ဒဏ်ရာများ အညိုအမည်းများနှင့် ပြည့်နေ၏။ လက်မှာလည်း ပြတ်ရှဒဏ်ရာ ဟက်တက်ကြီးနှင့် ဖြစ်နေ၏။ ရှပ်အင်္ကျီတထည်လုံးတွင်လည်း သွေးတွေအလူးလူးနှင့် ဖြစ်နေလေတော့သည်။
“ခင်ဦးရယ် နင့်ယောင်္ကျားသိပ်မိုက်တယ်… ကျော်ကြီးသာမကယ်ရင် ပွဲချင်းပီးသေမှာ… ”
“ဘာမပြောညာမပြော ကျော်ကြီးမျက်နှာကို သူသောက်ထားတဲ့ အရက်ခွက်နဲ့ သွားပက်တာဟ… ကျော်ကြီးလည်း, ရှက်လည်းရှက် အံ့လည်းတော်တော်အံ့ဩသွားတယ်… ”
**အဲသည့်အချိန် ကျော်ကြီးက…
“ကျော်မိုး! မင်းဘာလုပ်ထာလဲကွ” ဆိုတော့……
“မင်းတို့လို… ပိုက်ဆံရှိတဲ့ကောင်တွေကို.. ဂရုမစိုက်လို့ ရန်စတာကွာ”
လို့ ကျော်မိုးကပြန်ပြော၏။
ဤတွင် ကျော်ကြီးက လက်သီးနှင့်တစ်ချက်စထိုးတော့သည်။ သူ့တပည့် တစ်ယောက်က…ဘီယာပုလင်းနှင့် ကျော်မိုးခေါင်းကိုရိုက်၏။ ကျန်တဲ့ သူ့တပည့်တွေက… ဆွမ်းကြီး ဝိုင်းလောင်းကြပါတော့သည်။
“ကျော်ကြီးသာ ပြန်မတားလို့ကတော့… နင့်ကောင်သေနေပြီ…”
ဟု မသီးက ဇာတ်စုံခင်းပြပါတော့သည်။
“အေး!! လက်လွန်ခြေလွန်မဖြစ်သွားသေးတာ တော်သေးတာပေါ့ကွာ။ ကိုယ်ရွာသား အချင်းချင်းတွေပဲ…. ခင်ဦးတို့ကလည်း ကြေအေးပေးလိုက်ကြ။ ကျော်ကြီးကလည်း သူ့ဆေးဘိုးဝါးခလေး၊ နာကျင်တွက်လေးပြန်ပေးလိုက်ကြ… ဟုတ်ပလား… ”
ဟု ဦးကုလားက ဖြန်ဖြေပေး၏။
“ဦးကုလားပဲ သင့်သလို စီမံပေးပါ။ ကျွန်တော်ကတော့ လူကြီးစီမံတာကို နာခံပါမယ်”
ဟု ကျော်ကြီးက ဆို၏။
“ကျော်မိုးနဲ့ ခင်ဦး နင်တို့လည်းငါ့စကားကိုနားထောင်မယ်မို့လား ”
“ဟုတ်ကဲ့ပါ ဦးကုလား ကျမတို့လည်း နာခံပါမယ်”
ဟုခင်ဦးကပြော၏။
“အေးအေး ကောင်းတယ်ကောင်းတယ်… ” “ကျော်ကြီးက ကျော်မိုးကို သုံးသိန်းပေးလိုက်။ ကျော်မိုးကလည်းကြေအေးလိုက်. ဟုတ်ပလား။ နောက်ထပ်ဘာမှမကြားချင်ဘူးနော်။ ဒီကိစ္စဒီမှာတင်ရပ်ကြ… ကြားလား… ”
ဟု ဦးကုလားက စီရင်ဆုံးဖြတ် ပေးလိုက်တော့၏။
**အဖြစ်အပျက်အားလုံးကို ခင်ဦးမှလွဲလို့ မည်သူမှ မသိကြပါ။ ခင်ဦး, ကျော်မိုးကို တယုတယပွေ့ချီ၍ ဆိုက္ကားတစ်စင်းနှင့် ဆရာဦးသက်ဦးဆေးခန်းသို့ ပြေးကြရပါတော့ သည်။
ခင်ဦး… ငိုရုံမှတပါး… ဘာမှမတတ်နိုင်တော့ပါ။ ခင်ဦး ငို၏။ ငိုပြီးရင်း ဆက်၍ ဆက်၍ ငိုနေပါတော့သည်… ။ ခင်ဦးလက်ထဲမှာတော့ ကျော်ကြီးပေးလိုက်တဲ့ ငွေသုံးသိန်းကို ကျစ်နေအောင်ဆုတ်လျှက်….
*** ခင်ဦးရယ် ငိုမနေစမ်းပါနဲ့။
ငါမသေနှိုင်ပါဘူး ဟ !!
ငါနေပြန်ကောင်းရင်လေ….
နင်နဲ့ သမီးနှစ်ယောက်ကို မတောင့်မတ ထားနိုင်အောင်….
ငါ..ကြိုးစားပြီး အလုပ်လုပ်ကြွေးပါတော့မယ်။
ငါတကယ် ဂတိပေးပါတယ်ဟာ….
မင်းလှထွန်း(၂၃/၉/၂၀၂၃)။