အသက်ဝင်တဲ့ ဋ္ဌာပနာ
စာရေးသူ- နောင်ရိုး(ဆေးတပ်)
**************
လက်ခုပ်ကုန်းရွာ…။
ရွာလူကြီးဦးပန်ရဲ့ အိမ်ဆီကို ရွာသူရွာသားတို့ စုဝေးကာ ခပ်သုတ်သုတ် သွားလာနေကြတယ်။
တအောင့်အကြာမှာတော့ ရွာသူရွာသားတို့ ဦးပန်ရဲ့ အိမ်ရှေ့ဆီဝယ် စုဝေးရောက်ရှိကြပြီး စုံလင်သလောက်လည်း ဖြစ်လာခဲ့တယ်။
ဦးပန်က အားလုံးရဲ့ အရှေ့ဆီက ခုံမှာ ထိုင်နေရင်းက မတ်တပ်ရပ်လိုက်ပြီး ရောက်ရှိနေတဲ့ လူသူတို့ကို ဝေ့ကြည့်လို့…။
” ကဲ…ရွာသူရွာသားအပေါင်းတို့ ဒိီလောက် ဆိုရင်တော့ ရွာထဲက လူတွေ စုံပြီလို့ထင်မိတယ်။ ဒီတော့ ကျုပ် ဘာကြောင့် အခုလို စည်းဝေးရသလဲဆိုတာကို ပြောပြမယ်…”
ဦးပန်က စကားကို ခဏရပ်ပြီး အားလုံးကို တစ်ချက် ဝေ့ကြည့်ပြန်တယ်။
ရွာသူရွာသားတို့က သူ့စကားကို စိတ်ဝင်တစား နားစွင့်နေကြတာမို့ ဦးပန်က ဆက်လက်ပြီး…။
” အားလုံးပဲ သိကြတဲ့အတိုင်းပဲ၊ ကျုပ်တို့ရဲ့ ရွာထိပ်ဆီက စေတီပျက်ကုန်းမှာ ရှေးကတည်းက ရှိနေတဲ့ စေတီပျက်တစ်ဆူ ရှိနေတယ်။ ဒါကို ကျုပ်တို့ဘိုးဘေးတွေ လက်ထက်ကတည်းက ပြန်လည်ပြီး ပြုပြင်ဖို့ ကြိုးစားခဲ့ကြတာ အကြိမ်ကြိမ်ရှိခဲ့ပြီ။ မအောင်မြင်ခဲ့ဘူး။ ဒီတော့ အခု ကျုပ်တို့လက်ထပ်မှာ ထပ်ပြီးတော့ ပြုပြင်ဖို့ ကြိုးစားကြည့်ချင်တယ်။ ဒါကြောင့် အားလုံးရဲ့ ဆန္ဒနဲ့ လှူဒါန်ပါဝင်မှု၊ ပြီးတော့ ပြုပြင်မယ့် ရက်တို့ကို အများသိ သတ်မှတ်လိုပါတယ်…”
ရွာသူရွာသားတို့ဆီက ကျွတ်ကျွတ်ညံနေတဲ့ အသံဗလံတွေ ထွက်လာခဲ့တယ်။ သူကြီးဦးပန်က သည်းခံပြီး ခဏစောင့်ကြည့်နေလိုက်တယ်။
အတန်ကြာတော့ လူကြီးတစ်ယောက်က…။
” ကျုပ်ကတော့ ဘုရားကို မပြုပြင်စေလိုတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုပြုပြင်မယ်လုပ်တိုင်း ရွာထဲမှာ ဘေးအန္တရာယ်တစ်ခု ကြုံတတ်တာ သူကြီးလည်းအသိ၊ အားလုံးလည်း သိနေကြတာပဲ မဟုတ်လား…”
သူကြီးဦးပန် သက်ပြင်းကို ချလိုက်တယ်။
” ဒါတော့ ဒါပေါ့ကွာ။ နို့ပေမယ့်လည်း ရွာသူရွာသားတိုင်းက တို့ရွာဦးမှာ ရှိနေတဲ့ စေတီပျက်ကိုတော့ အလုံးနဲ့အထည်နဲ့ တင့်တင့်တယ်တယ်ရှိနေတာကို ကြည်ညိုချင်တဲ့ ဆန္ဒတော့ ရှိနေမယ်ဆိုတာ ငါ အသေအချာပြောရဲတယ်။ ရှေ့လူတွေတောင် ငါတို့ နှောင်းလူတွေအတွက် ရင်းခဲ့သေးတာပဲကွာ။ ငါတို့ကကော နောင်ဆက်ခံလာမယ့် မျိုးဆက်အတွက် ကြိုးစားသင့်တယ်လို့ မထင်ဘူးလား…”
သူကြီးဦးပန်ရဲ့ စကားက ထိမိပေစွ။ ရွာသူရွာသားတို့အားလုံး တဒင်္ဂနှုတ်ဆိတ်ကုန်ကြတယ်။
” ကျုပ်တော့ သူကြီးစကားကို နားထောင်ပြီး သွေးကြောတွေတင်းလို့ ကြက်သီးတွေတောင် ထမိတယ်။ ဟုတ်တယ်…ကျုပ်တို့ ရွာထိပ်က စေတီပျက်ဟာ နှောင်းလူတို့လက်ထပ်မှာ ကြည်ညိုစရာကောင်းလွန်းတဲ့ စေတီတစ်ဆူ ဖြစ်နေစေရမယ်။ ကျုပ်တော့ သူကြီးကို ထောက်ခံတယ်ဗျာ…”
တစ်ယောက်က စပြောတယ်။ ဒီတော့ ထောက်ခံသူတို့ကလည်း အများအပြားထွက်ပေါ်လာခဲ့ကြလေရဲ့။
မထောက်ခံသူ အနည်းငယ်လည်း ရှိခဲ့တယ်။ ဒါပေမယ့်လည်း အများနဲ့ကျတော့ သူတို့ လက်လျော့ခဲ့ရတာပေါ့။
******
စေတီပျက်ကုန်းဆီမှာ ရွာသူရွာသားတွေ တောရှင်းနေကြတယ်။
လုပ်ရင်းကိုင်ရင်း သူချင်းဆိုသူဆို၊ စနေုက်သူက နောက်ကြနဲ့ တကယ့်ကို ပျော်စရာ။
နေ့တစ်ပိုင်းကျိုးတော့ စေတီပျက်ကြီးက ပေါင်းတွေမြက်တွေ ကင်းစင်ပြီး ရုပ်လုံးပေါ်လာခဲ့ပြီ။
” ကဲ…ကဲ…အားလုံးပဲ ထမင်းစားဖို့ နားကြမယ်ဟေ့…”
သူကြီးဦးပန်က ဆော်သြတော့ လုပ်လက်စတွေ ထားရစ်လို့ အားလုံးနားလိုက်ကြတယ်။
ထမင်းစားချိန်ရောက်တော့ အလှူရှင်တွေက ထမင်းဟင်းတွေ လာပို့ကြတယ်။ အားလုံးပဲ ပျော်ပျော်ပါးပါးနဲ့ စားသောက်ကြတာပေါ့။
စေတီပျက်နဲ့ ဝေးရာ အခြားတစ်ဖက်ဆီမှာတော့ လုပ်အားပေး ကုသိုလ်ယူတေယနတဲ့သူတွေကို အလိုမကျတဲ့ မျက်နှာတွေနဲ့ အကဲခတ်ကြည့်နေကြတဲ့ လူသုံးယောက်။
” ဦးလေးလှ…ဟိုလူကြီးကတော့ လုပ်စရာရှိတာကို လုပ်နေပြီ။ ကျုပ်တော့ဖြင့် ဒီအတိုင်းကြည့်မနေနိုင်တော့ဘူး…”
” ဟုတ်တယ်…ဦးလေးလှ။ သူတို့ ဒီအတိုင်းဆက်လုပ်နေရင် ကျုပ်တို့ရွာ မကြာခင်ဒုက္ခရောက်ရလိမ့်မယ်…”
လူငယ်နှစ်ယောက်ရဲ့ စကားကို နားထောင်ပြီး အသက်ကြီးဆုံးဖြစ်တဲ့ ဦးလေးလှက ခေါင်းကိုညိတ်တယ်။
” အေး…မင်းတို့ ပြောတာကို ငါစဉ်းစားနေပါတယ်ကွာ။ ဒါကို ဒီအတိုင်း ကြည့်နေလို့တော့မဖြစ်ဘူး။ တို့ တစ်ခုခုတော့ လုပ်ဖြစ်အောင် လုပ်ကြရမယ်…”
” လုပ်မယ်ဆိုရင်လည်း အမြန်ဆုံးပဲ လုပ်ကြမယ် ဦးလေးရာ…”
” အေးပါကွာ…အေးပါ…”
သူတို့သုံးဦး နေရာကနေ လှည့်ထွက်သွားခဲ့ကြပြီ။
ရွာသူရွာသားတွေနဲ့ သူကြီးဦးပန်တို့ကတော့ ထမင်းစားသောက်နေကြဆဲပဲ။
ဒီလိုနဲ့ ညဘက်ရောက်ချိန်မှာတော့…။
စေတီပျက်ဆီကို ဦးလေးလှတို့ သုံးယောက် ချည်းကပ်ရောက်ရှိလာကြတယ်။
အမှောင်ထုထဲဆီမှာ သုံးယောက်သား မီးအိမ်ပြပြကို ခပ်အုပ်အုပ်ထွန်းလို့ စေတီပျက်ဆီက ဋ္ဌာပနာတိုက်နေရာကို သံတူရွင်းတွေနဲ့ တူးဆွကြတယ်။
” ခွမ်း…ခလွမ်း…”
” ဟေ့ကောင်…ငမှုန်၊ အုတ်ဆက်နေရာကို ထိုးကွ၊ မင်းလုပ်တာနဲ့ တစ်ရွာလုံး ကြားတော့မယ်…”
” ဟုတ်ကဲ့ပါ ဦးလေးလှ၊ ကျုပ် သတိလွတ်သွားလို့ပါ…”
အုတ်အဆက်နေရာတွေကို ထိုးဆွကလော်ရင်းခွာလိုက်ကြတာ အချိန်အတော်ကလေးကြာတော့ စေတီပျက်ရဲ့ ဋ္ဌာပနာတိုက်နေရာကို ဖွင့်နိုင်ခဲ့ပါပြီ။
” မောင်ဦး…မီးပြစမ်းကွာ…”
ဦးလေးလှက ပြောလို့ မောင်ဦး မီးအုပ်ဆောင်းကို အရှေ့ဆီ တိုးကပ်ပြီး ပြလိုက်တယ်။
” ဟာ…”
” ဘာတွေလဲ…”
သုံးယောက်စလုံး အံ့သြတကြီးနဲ့ အလန့်တကြား အော်မိလိုက်ကြတယ်။
သူတို့ မြင်ကြရတာက ဋ္ဌာပနာတိုက်ထဲဆီမှာ သွားလာနေကြတဲ့ လူသေးသေး မည်းမည်းလေးတွေ။
သူတို့ရဲ့ အော်သံကို ကြားတော့ အထဲက လူသေးသေးလေးတွေက မော့ကြည့်လာတယ်။ မျက်လုံးလေးတွေက မီးကျီးခဲလိုပဲ ရဲတောက်လို့။
” ရန်သူဟေ့…ရန်သူ…”
စူးရှရှ အသံလေးတွေနဲ့ အော်သံ။
အဲ့ဒီ့အသံအဆုံး ဋ္ဌာပနာတိုက်ထဲဆီမှာ ချက်ချင်းဆိုသလိုပဲ နောက်ထပ် လူသေးသေးလေးတွေ အများအပြား ထွက်ပေါ်လာခဲ့ပြီး တချို့က ဟနေတဲ့ အပေါက်ကနေ အပေါ်ဆီကို ခုန်တက်လာကြတယ်။
” ပြေး…ပြေးကြဟေ့…”
ဦးလေးလှ ထအော်တယ်။ မောင်ဦးနဲ့ ငမှုန်တို့ ထပြေးကြတယ်ဆိုပေမယ့် မမီတော့ဘူး။ အထဲက ခုန်တက်လာကြတဲ့ လူသေးသေးလေးတွေက သူတို့ဆီကို ပုရွက်ဆိတ်တွေလိုပဲ စုပြုံတက်လို့ လုံးထွေး ကိုက်ခဲကြတော့တာ။
သုံးယောက်သား မြေဆီမှာ အလူးအလှိမ့်နဲ့။
သိပ်မကြာပါဘူး။
သူတို့သုံးယောက်စလုံး မခ်ျိမဆန့် ညည်းညူသံတွေကြားက ငြိမ်သက်သွားခဲ့ကြရလေခဲ့ပြီ။
*******
မနက်အစော လုပ်အားပေးလာကြတဲ့ ရွာသူရွာသားတို့ စေတီပျက်နံဘေးမှာ ဆန့်ဆန့်ကြီးတွေ လဲနေကြတဲ့ ဦးလေးလှတို့ သုံးယောက်ကြောင့် အုတ်အော်သောင်းနင်းဖြစ်ကုန်ကြတယ်။
သုံးယောက်စလုံး ခန္ဓာကိုယ်မှာ သွေးသံတရဲရဲနဲ့မို့ ဘယ်သူမှ မထိမကိုင်ရဲကြဘူး။ သူကြီးဦးပန်ရောက်လာတော့မှ အနားကပ်ရဲကြပြီး သတိရလိုရငြား ပြုစုလှုပ်နှိုးကြတော့တယ်။
” အား…”
ခပ်တိုးတိုး ညည်းသံနဲ့အတူ ဦးလေးလှ သတိရလာခဲ့တယ်။
ဒါပေမယ့် ပုံစံကတော့ သတိလည်ရုံပဲ၊ အခြေအနေကတော့ ဟန်ပုံမရဘူး။
” ကိုလှ…ခင်ဗျားတို့ ဘာတွေဖြစ်ခဲ့ကြတာလဲ…”
သူကြီးဦးပန်က မေးတယ်။ ဦးလေးလှက မျက်ဝန်းတွေကို မနဲအားယူဖွင့်လို့ ကြည့်လာခဲ့ပြီး…။
” ကျုပ်…ကျုပ်တို့ သုံးယောက် ရွာကိုခိုက်မှာစိုးလို့ စေတီကို ဆက်မတည်ဖြစ်အောင် ညတုန်းက တား…တားတာ။ ဟို…ဋ္ဌာပနာတိုက်ဆီက အကောင်လေး တွေ…ကျုပ်…ကျုပ်တို့…”
ပြောနေရင်းနဲ့ ဦးလေးလှ ရုတ်တရက်ကြိး သွားတွေစေ့လို့ ခန္ဓာကိုယ်ကလည်း တောင့်တောင့်ကြီးဖြစ်သွားခဲ့တယ်။
” ကိုလှ…ကိုလှ….”
ဦးပန်လှုပ်နှိုးပေမယ့် ဦးလေးလှ သတိလည်မလာတော့ဘူး။
” ဋ္ဌာပနာက အသက်ဝင်လာတယ်တဲ့…”
အနားမှာ ကြားမိတဲ့သူတွေက တအံ့တသြနဲ့ တီးတိုးတီးတိုး သဖန်းပိုးတွေ လုပ်နေကြတယ်။
သူကြီးဦးပန်လည်း စိတ်မသက်မသာနဲ့ သက်ပြင်းကိုသာ ချမိပြီး အလောင်းသုံးလောင်းဆီက သွေးထွက်နေတဲ့ ဒဏ်ရာတွေကို သေချာကြည့်လိုက်တယ်။
” ဟင်…ဒါ…ဒါ…”
သူကြီးဦးပန် လန့်ဖျပ်သွားမိတယ်။
” ဒါကို လာကြည့်ကြပါဦး…”
သူကြီးဦးပန် အော်လိုက်မိတော့ ကြည့်ရဲသူတချို့ လာကြည့်ကြတယ်။
” အို…ဒါက လူသွားရာတွေ၊ လူသေးသေးလေးတွေ ကိုက်သွားတဲ့ ပုံပဲ…”
” ဟင်…ထူးဆန်းလိုက်တာ ဖြစ်နိုင်ပါ့မလား…”
အလောင်းတွေမှာ ရှိနေတဲ့ ဒဏ်ရာတွေက လူကိုက်ခံရသလိုမျိုး သွားကိုက်ရာ သေးသေးလေးတွေ။ အရွယ်အစားအားဖြင့် လက်သည်းခွံ အရွယ်အစားလောက်သာ။
” ဒါက…ဘာကောင်ကိုက်တာဖြစ်မလဲ…”
လူအုပ်ကြီး ကျွတ်ကျွတ်ညံကုန်ကြတယ်။
ဒါပေမယ့်လည်း တိကျတဲ့ အဖြေ ရယ်ကတော့ ရှိမလာခဲ့ဘူး။
ဒီအဖြစ်အပျက်ကြောင့်ပဲ အရှေ့ရှေ့ကလိုမျိုး စေတီပျက်ကြီးကို ပြန်လည်ပြီး မွမ်းမံမယ့် ကိစ္စက ရပ်တန့်ခဲ့ရပြန်တယ်။
သို့ပေမယ့်လည်း မရပ်တန့်ဘဲ ရှိနေခဲ့တဲ့ ကိစ္စကတော့…။
*******
” ဟာ…”
မနက်စောစော လယ်ထဲဆင်းဖို့ နွားတင်းကုတ်ဆီကို ဝင်လာတဲ့ တင်အုံးတစ်ယောက် အလန့်တကြား ဖြစ်သွားတယ်။
ဘာကြောင့်လဲဆိုတော့ သူ့နွားနှစ်ကောင်ဟာ တင်းကုတ်ထဲမှာ တုံးလုံးလဲလို့ သွေးအိုင်ထဲ သေဆုံးနေခဲ့ပြီ။
အစေအချာ အနားကပ်ကြည့်တော့ ဦးလေးလှတို့ သေဆုံးတုန်းကလိုပဲ သွားကိုက်ရာလေးတွေ တွေ့ရတယ်။
အဲ့ဒီ့အချိန်မှာ တင်အုံးရဲ့ မိန်းမက မြင်တော့ အလန့်တကြား ထအော်မိတဲ့အခါ သူတို့နွားတွေ သေဆုံးရာ တင်းကုတ်ဆီကို လူတွေ အပြေးရောက်လာကြတော့တာ။
” ဒီက ဒဏ်ရာတွေက ဟိုတစ်နေ့က ဦးလေးလှတို့လူစု ရတဲ့ ဒဏ်ရာပုံစံမျိုးတွေပဲ…”
” ဟုတ်ပါ့…အံ့သြစရာ။ ကြည့်ရတာ စေတီပျက်ဆီက အဖြစ်အပျက်က အရှေ့ရှေ့က အဖြစ်တွေလိုပဲ မရိုးသားတော့ဘူး ထင်တယ်နော်…”
” ဟုတ်တယ်…ငါတော့ စိုးရိမ်မိလာပြီ…”
တစ်ယောက်တစ်ပေါက် စကားတွေ ပြောဆိုကုန်ကြပြီ။
ဒါကိုပဲ အခြေတည်လို့ နောက်ဆုံးမှာတော့ အပြစ်အားလုံးဟာ စေတီပျက်ကို မွမ်းမံဖို့ စတင်ပြောခဲ့တဲ့ သူကြီးဦးပန်ရယ်သာပဲ။
ရွာသားတို့ရဲ့ အမျက်ကို ဦးပန်ခံရလေပြီ။
စိတ်မထိန်းနိုင်သူတို့က ဦးပန်ရဲ့ အိမ်ရှေ့မှာ သွားရောက်ပြီး ဆဲဆို သောင်းကျန်းကြတယ်။
စေတီပျက်ကိုလည်း ယုတ်ညံ့လွန်းတာဖို့ ရွာကနေ အပြီးသတ်ဖယ်ထုတ်မယ်ဆိုပြီးလည်း ပြောကြတယ်။
ဦးပန်ကတော့ အိမ်ထဲကနေပဲ ကြိတ်ပြီး ဆုတောင်းမိရတယ်။
” လောကပါလ နတ်မင်းကြီးများခင်ဗျာ။ ကျွန်ုပ်ပြုခဲ့တဲ့ ကုသိုလ်အစုစုတို့ကို အရှင်တို့အတွက် မျှဝေပါတယ်။ အခု ကျွန်ုပ်လုပ်ဆောင်ခဲ့တဲ့ အမှုဟာ ကောင်းမှုတန်သော် မြန်မကြာ ပြေလည်ပြီး စေတီသည်လည်း အဆင်းမှန်ပါစေ။ မကောင်းမှုတန်ခဲ့သော် စီရင်အပ်ရာ အပြစ်ကို စီရင်ပါ။ ကျွန်ုပ်ရဲ့ စင်ကြယ်မှုကို တစ်စုံတစ်ခုနဲ့ အရင်းအနှီးပြုလို့ သက်သေပြလိုပါအံ့….”
ဦးပန်ရဲ့ ဆုတောင်းစကား။
ဒီစကားသံအဆုံးမှာ ဘာမှ ထူးခြားမှု ဖြစ်ပေါ်မလာခဲ့ဘူးဆိုပေမယ့်၊ နောက်တစ်နေ့ နံနက်မှာတော့…။
******
ယောဂီဝတ် ဝတ်ထားတဲ့ အသက်ခုနှစ်ဆယ်အရွယ် လူကြီးတစ်ယောက်နဲ့အတူ ကလေးငယ်နှစ်ယောက် ရွာထဲကို ဝင်လာခဲ့တယ်။
ယောဂီဝတ်သုံးယောက်ဟာ ရွာလယ်လမ်းကနေ သူကြီးဦးပန်ရဲ့ အိမ်ဆီကို တန်းနေအောင် သွားကြတယ်။
သူကြီး ဦးပန်အိမ်ဆိကို ရောက်တော့…။
” သူကြီးဦးပန် ရှိသလားဗျ…”
အပြင်က ခေါ်သံကြောင့် သူကြီးဦးပန် အပြင်ကို ထွက်ကြည့်လာပြီး ယောဂီသုံးယောက်ကို မြင်တော့…။
” ဦးပန်ဆိုတာ ကျုပ်ပါပဲ ဆရာကြီးတို့။ ဘာအရေးများ ရှိလို့ပါလဲခင်ဗျာ…”
” ဘိုးတို့က မောင်ရင်ပြောသလိုပဲ အရေးရှိလို့ ရောက်လာခဲ့တာပါ။ အိမ်ထဲကို ဝင်ခဲ့လို့ရမယ်မှတ်လား…”
” ဪ…ဟုတ်ကဲ့ ရပါတယ်ဗျ…”
သူကြီးဦးပန် ပြာပြာသလဲပဲ လောကွတ်ပြု ဖိတ်ခေါ်တယ်။
” အိမ်ပေါ်ကို ကြွပါ ဆရာကြီး…”
ဦးပန်က ယောဂီသုံးယောက်ကို ဘုရားကျောင်းဆောင်အရှေ့နားဆီမှာ နေရာထိုင်ခင်းပေးတယ်။
ယောဂီသုံးယောက်ကတော့ ချက်ချင်းမထိုင်ဘဲ ဘုရားကို ဦးစွာဝတ်ပြုကြတယ်။ ပြီးတော့ အနီးကျင်က အစောင့်အရှောက်တွေနဲ့ ဝေနေယျသတ္တဝါတွေကို မေတ္တာပေးပို့တယ်။ ပြီးကာမှ ထိုင်လိုက်ကြချိန် ဦးပန်က…။
” ဒီက ဘိုးတို့က ဘယ်ကလာလို့ ဘယ်ကိုသွားကြမှာလဲခင်ဗျာ။ ကျုပ်ဆီကို လာရင်းကိစ္စကကော ဘာအရေးများလဲခင်ဗျ…”
ဦးပန်ရဲ့ အမေးကို အသက်ကြီးတဲ့ ယောဂီက…။
” ဘိုးနာမည်က သိဒ္ဒိပါ။ ဒီက ညီနောင်ကတော့ ဒိုးကြီးနဲ့ ဒိုးငယ်တဲ့။ ဘိုးတို့က ဂန္ဓာရီခရီးသွားတွေပဲ ဆိုပါတော့။ မနေ့ညက ဘိုးတို့ဆီကို ပုဂ္ဂိုလ်တစ်ပါး ရောက်လာခဲ့တယ်။ ဒီရွာမှာ စေတီပျက်တစ်ဆူနဲ့ ပက်သက်ပြီး ဆိုးရွားတဲ့ အခက်အခဲတစ်ခု ကြုံတွေ့နေရတယ်တဲ့။ အဲ့ဒါကို ကူညီစောင်မပေးပါဦးဆိုပြီး ဖြေရှင်းရမယ့် နည်းလမ်းတို့ကိုလည်း ပြောပြခဲ့တယ်။ ဒါကြောင့် ဘိုးတို့ ရောက်လာခဲ့တာ…”
ဘိုးသိဒ္ဒိရဲ့ စကားကြောင့် သူကြီးဦးပန် အတော့်ကိုပဲ ဝမ်းသာသွားရတယ်။
” ဘိုး…တ…တကယ်ပြောတာလား။ ဒီကိစ္စကြောင့် အခု ရွာမှာ…”
” ဘိုး အားလုံးကို သိခဲ့ပြီးပါပြီ။ တကယ်တော့ ဒီကိစ္စဟာ မောင်ရင်တို့ ထင်ထားသလောက် လွယ်ကူရိုးစင်းမှု မရှိဘူးကွယ့်။ ဘာပဲဖြစ်ဖြစ် ဘိုးတို့ ဖြေရှင်းပေးပါ့မယ်ကွယ်။ စိတ်သာ ချထားပါ…”
သူကြီးဦးပန် ဘိုးသိဒ္ဒိတို့ကို ကြည်ညိုအားကိုးစိတ် ဖြစ်မိသွားတယ်။
” ဘိုးတို့အတွက် ကျုပ်…”
ဘိုးသိဒ္ဒိက လက်ကာပြတာမို့ ဦးပန်ရဲ့ စကားက တစ်ဝက်တစ်ပျက်။
” ဘိုးတို့အတွက် ဘာမှ ပြန်လည်ပြီး တုန့်ပြန်ဖို့ မလိုပါဘူး။ မောင်ရင်သာ ဒီကိစ္စပြီးသွားတဲ့အခါ စိတ်ရင်းအမှန်နဲ့ စေတီတော်ကို ပြန်လည်မွမ်းမံနိုင်ဖို့ ကြိုးစားပါလေ။ အခု မောင်ရင့်ဆီကို ဘိုးတို့ လာရတဲ့ အကြောင်းက ဒါကို ပြောပြလိုလို့ပါ။ မဟုတ်ရင် စေတီတော် မွမ်းမံမယ့် ကိစ္စမှာ မောင်ရင်လက်လျော့နေမိပြီမှတ်လား…”
ဦးပန်စိတ်ထဲ ဘိုးသိဒ္ဒိကို ပိုပြီး လေးစားကြည်ညိုသွားခဲ့ရတယ်။
” ဟုတ်ကဲ့…ဘိုး။ ကျုပ်…ဘိုးတို့ သုံးယောက်ကို ကတိပေးပါတယ်။ ဒီကိစ္စအတွက် ကျုပ် အောင်မြင်အောင် ဆောင်ရွက်ပါ့မယ်လို့…”
ဘိုးသိဒ္ဒိတို့က ဦးပန်ရဲ့ အိမ်ဆီမှာ တစ်ခဏပဲ နေခဲ့ကြပြီး ပြန်ထွက်သွားခဲ့ကြတယ်။ ဦးပန်ကိုလည်း ကိစ္စဝိစ္စ ဖြေရှင်းပြီးတဲ့အခါ အသိပေးမယ်ဆိုတဲ့ အကြောင်းကို ပြောသွားခဲ့ပါတယ်။
*******
မှောင်မိုက်သော ည…။
စေတီပျက်နဲ့ မလှမ်းမကမ်းဆီက သစ်ပင်အောက်ဆီမှာ ဘိုးသိဒ္ဒိတို့ သုံးယောက် ထိုင်နေကြတယ်။
” ဘိုး…”
” ဟေ…လူလေး…ပြော…”
ဒိုးငယ်က စကားစလိုက်တာမို့ ဘိုးသိဒ္ဒိက အလိုက်အထိုက် ပြန်ပြောလိုက်တယ်။
” စေတီပျက်နဲ့ ပက်သက်တဲ့အကြောင်း အခုထိကို ဘိုး ကျုပ်တို့ကို ပြောမပြသေးဘူးနော်…”
” အင်း…ဟုတ်တယ်။ လူလေးတို့ကို ပြောမပြဖြစ်သေးဘူး…”
” ကျုပ်တို့လည်း သိချင်တယ် ဘိုး။ ပြောပြပေးပါလား…”
ဒိုးကြီးက ဝင်ပြောတယ်။
ဘိုးသိဒ္ဒိက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး…။
” ယက္ခံတိကကြယ် မလင်းလာသေးဘူးဆိုတော့ အချိန်ရပါသေးတယ်။ လူလေးတို့ကို ဘိုး ပြောပြတာပေါ့…”
” ဟုတ်ကဲ့ ဘိုး…”
ဒိုးကြီးရော ဒိုးငယ်ပါ သိလိုစိတ်ပြင်းပြစွာနဲ့ ငံ့လင့်ကြတယ်။
” ဒီစေတီတော်ကို တည်စဉ်တုန်းက သူကြွယ်တစ်ယောက်ဟာ သူတို့ဘိုးဘွားပိုင် လက်ဆင့်ကမ်းလာခဲ့တဲ့ ရွှေရေးပန်းချီကားချပ်တစ်ခုကို ဋ္ဌာပနာထည့်ခဲ့လေတယ်။ တကယ်တော့ သူကြွယ်မသိတာက အဲ့ဒီ့ ရွှေရေးပန်းချီမှာ ပါဝင်တဲ့ အရုပ်တွေဟာ စီရင်မှုတချို့နဲ့ ရေးခြစ်ထားခဲ့တယ်ဆိုတာကိုပဲ။ ဒီလိုနဲ့ပဲ ဋ္ဌာပနာပြီးတဲ့နောက် နှစ်ပေါင်း ၁၀၀ ကျော်လောက်ကျတော့ စေတီတော်ကို မိုးကြိုးခ’ခဲ့တယ်။ မိုးကြိုးခချိန်မှာ တိုင်းရေးပြည်ရေးက ခက်ခဲနေခဲ့တဲ့အချိန်ဆိုတော့ ဒီဒေသက လူတွေက ပြန်လည်မွမ်းမံဖို့ မတတ်သာခဲ့ကြဘူး။ ဒီလိုနဲ့ပဲ ခြုံနွယ်ပိတ်ပေါင်းကြားမှာ စေတီတော်ဟာ နှစ်ကာလတွေကြာမြင့်ပြီး တဖြေးဖြေး ပျက်စီးယိုယွင်းလာရာက ဋ္ဌာပနာတိုက်ဟာ ပွင့်ခဲ့ရတယ်။ တစ်ရက်သားကျ ယက္ခံတိကကြယ်နဲ့ အဲ့ဒီ့အပေါက်တို့ဟာ အပ်စပ်သွားခဲ့တယ်။ ဒီတော့ အထဲက အစီအမံအောင်မြင်လုဆဲဆဲ ရွှေရေးပန်းချီမှာပါတဲ့ ယက္ခအရုပ်တချို့ဟာ ကြယ်နဲ့အပ်စပ်ပြီး အသက်ဝင်လာရတယ်။ ဒါကြောင့်မို့ပဲ အခု ကြုံနေရတဲ့ ယက္ခပေါတကမည်တဲ့ ဘီလူးသေးသေးလေးတွေ ထွက်ပေါ်လာရတော့တာပေါ့…”
ဒိုးညီနောင်တို့ အံ့အားသင့်သွားကြရတယ်။ ဒိုးငယ်က…
” အို…ဒါဆို ဘိုး၊ အခု ကျုပ်တို့ မြင်ကြရမှာက ဘီလူးတွေပေါ့နော်…”
” အင်း…ယက္ခပေါတကဆိုတဲ့ အလွန်ပဲ သေးငယ်တဲ့ ဘီလူးကလေးတွေကို လူလေးတို့ မြင်ကြရလိမ့်မယ်။ သူတို့ကြောင့်ပဲ ဒီစေတီပျက်ကြီးကို ပြန်လည်မွမ်းမံဖို့ ကြိုးစားတိုင်း အန္တရာယ်တွေ ရှိနေရတာပေါ့။ ပြီးတော့ ဋ္ဌာပနာတိုက်ဟာ အပေါက်ဖြစ်နေချိန်မှာ အဲ့ဒီကြယ်စင် ထွက်ပေါ်လာချိန်နဲ့ အပ်စပ်တယ်ဆိုရင် ဒီဘီလူးလေးတွေက ထွက်ထွက်ပြီး အစာအာသီသကို ဖြည့်စွက်ကြတယ်။ အခု ရွာထဲမှာ ကြုံနေရတာတွေပေါ့…”
” အင်း…ကြားရတာလည်း တကယ့်ကို ထူးဆန်းလွန်းပါတယ် ဘိုးရယ်။ ဒီလိုသာဆိုရင် ဒီအဖြစ်အပျက်ဟာ ဋ္ဌာပနာကနေ အသက်ဝင်တယ်လို့ပဲ ဆိုရမှာပေါ့…”
ဒိုးကြီးက ပြောတော့ ဘိုးသိဒ္ဒိက ခေါင်းကို ညိတ်ပြီး…။
” ဒီလိုဆိုပေရင် ကြားရတာ နားဝမှာ အဆင်ပြေမယ် မထင်ပ လူလေးရယ်။ ဘာကြောင့်လဲဆိုတော့ ဋ္ဌာပနာဆိုတာဟာ ကိုးကွယ်ဆည်းကပ်ရာအတွက် အထွဋ်အမြတ်ထားရာ၊ တန်ဖိုးရှိရာတို့ကို လှူဒါန်းတာ မဟုတ်လား။ ပြီးတော့ ဒီလို အဖိုးတန်တို့ကို ဋ္ဌာပနာထည့်ခြင်းဟာ နောင်ပွင့်လာမယ့် ဘုရားရှင်ရဲ့ သာသနာတော်အတွက် အထောက်အပံ့ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်သဘောလည်းပါဝင်ရဲ့။ ဒါကြောင့် ဒီလိုသမုတ်တာဟာ လှူဒါန်းသူရဲ့ သဒ္ဒါတရားကို စော်ကားမိရာ ရောက်တတ်တယ်…”
ဒိုးညီနောင်တို့ သူတို့အမှားကို နားလည်သွားမိကြတယ်။
” ဒါဆိုရင် ဘိုး…အလှူအတန်းနဲ့ ပက်သက်တဲ့အခါမှာ သဒ္ဒါတရားကသာ အရေးကြီးတာပေါ့နော်…ဟုတ်လား ဘိုး…”
ဘိုးသိဒ္ဒိက ပြုံးလိုက်တယ်။
” ဒီလိုပြောဖို့ကျပြန်တော့လည်း ဘိုးအနေနဲ့ကျ ပြောနိုင်စွမ်းမရှိပါဘူး လူလေးတို့ရယ်။ အဲ…ဒါပေမယ့် ဘုရားရှင်လက်ထက်တော်က အဖြစ်အပျက်ကလေးတစ်ခုတော့ လူလေးတို့ကို ပြောပြနိုင်ပါရဲ့…”
ဒိုးညီနောင်တို့ ဆက်လက် ငံ့လင့်ကြပြန်၏။
” အခါတစ်ပါး…မြတ်စွာဘုရားရှင်ရဲ့ သားတော်၊ ရဟန်းတော် တစ်ပါးဟာ ဆွမ်းခံကြွတဲ့အခိုက် နူနာရောဂါစွဲကပ်နေတဲ့ လူတစ်ယောက်က သဒ္ဒါတရားပြင်းပြပြီး သူ ခဲရာခဲဆစ်နဲ့ ရရှိထားတဲ့ စားစရာကို ဆွမ်းအဖြစ်ပေးလှူတယ်။ သပိတ်ထဲကို ဆွမ်းလောင်းချိန်ကျ အဲ့ဒီ့အလှူရှင်ရဲ့ လက်ချောင်းလေးတစ်ချောင်းဟာ ပြတ်ကျပြီး ပါလာခဲ့လေရဲ့။ ဒါကို ရဟန်းတော်က မြင်သာပေမယ့် ခပ်မဆိတ်ဘဲ နေတယ်။ ဒီလိုနဲ့ ဆွမ်းဘုန်းတဲ့အချိန်ကျတော့ ရဟန်းတော်ဟာ ဒီလက်ချောင်းပြတ်ကလေးကို ဖယ်ထုတ်ဖို့ တွေးမိပေမယ့် လှူဒါန်းသူရဲ့ ဆွမ်းတစ်နပ်နဲ့အတူ ပါလာခဲ့တဲ့အရာမို့ အလှူပစ္စည်းလို့ပဲ ယူဆမိတယ်။ ဒါကြောင့် အလှူရှင်ရဲ့ သဒ္ဒါတရားကို အလေးအနက်ထားပြီး ဆွမ်းဘုန်းပေးခဲ့တယ်လို့ နာကြားသိခဲ့ရဖူးရဲ့…”
” ဪ…လေးစားကြည်ညိုဖွယ်ရာကောင်းလိုက်တာနော် ဘိုး…”
” အင်းပေါ့…အခု တို့များဟာလည်း အဲ့ဒီ့လိုပါပဲ။ အကြောင်းရှိလို့ အကျိုးဖြစ်လာတယ်လို့ပဲ မှတ်ပြီး ဋ္ဌာပနာလှူဒါန်းသူရဲ့ သဒ္ဒါတရားကို မပစ်မှားသင့်ဘူးလို့ ဘိုးတော့ ထင်မိတယ်…”
စကားသံများ တိတ်ဆိတ်သွားခဲ့ပြီ။
ဘိုးသိဒ္ဒိက ကောင်းကင်ရဲ့ အနောက်မြောက်ထောင့်ဆီကို ကြည့်နေတယ်။
ဒိုးညီနောင်တို့က ဘိုးသိဒ္ဒိ ပြောပြတာတွေကို ပြန်လည်းတွေးတောနေမိကြတယ်။
အချိန်အတော်ကလေး ကြာသွားခဲ့ပြီးနောက်…။
” ယက္ခံတိကကြယ် ထွက်ပေါ်လာခဲ့ပြီ။ မကြာခင်…ဋ္ဌာပနာတိုက်ထဲက သူတို့ ထွက်လာကြလိမ့်မယ်…”
ဘိုးသိဒ္ဒိရဲ့ စကားကြောင့် ဒိုးညီနောင်တို့ အပေါ်ကို မော့ကြည့်တော့ ကောင်းကင်ရဲ့ အနောက်မြောက်ထောင့်ဆီမှာ နီကျင်ကျက်အဆင်းနဲ့ တောက်ပလင်းလက်လွန်းနေတဲ့ ကြယ်ကြီးတစ်လုံးကို မြင်ကြရတယ်။
အဲ့ဒီ့အခိုက်နဲ့ ရှေးမနှောင်းမှာပဲ စေတီပျက်ကြီးဆီကနေ ကွိကွိကွကွ အသံတချို့နဲ့အတူ မည်းမည်းအကောင်လေးတွေ ခုန်ထွက်လာခဲ့ကြတယ်။
” ကဲ…ထွက်လာကြပြီ။ လူလေးတို့ကို ဘိုး ကြိုပြီး ပြောထားတဲ့အတိုင်း အစီအမံကျပါစေ…”
ဘိုးသိဒ္ဒိက ပြောပြီးတာနဲ့ ထရပ်လိုက်သလို ဒိုးညီနောင်တို့လည်း ထရပ်လိုက်ကြတယ်။
ပြီးတော့ စေတီပျက်ကြီးဆီကို လက်ညှိုးညွှန် ဝေ့ဝိုက်လို့ မန္တာန်တို့ကို ထုံမွှန်းပါတော့တယ်။
ချက်ချင်းဆိုသလိုပါပဲ။
ဋ္ဌာပနာတိုက်ဆီက ခုန်ထွက်လာခဲ့ကြတဲ့ အဆင်းမည်းမည်းနဲ့ ဘီလူးငယ်လေးတွေဟာ စေတီပျက်ကြီးရဲ့ ပုရဝုန်အပြင်ဆီကို ထွက်မရအောင် တစ်စုံတစ်ခုက တားဆီးကာလိုက်သလိုဖြစ်သွားတယ်။
အမှန်တော့ ဘိုးသိဒ္ဒိတို့က မန္တာန်နဲ့ စည်းတားနှောင်လိုက်တာပါ။
အဲ့ဒီစည်းဆီက ထွက်မရတော့ အကောင်လေးတွေက ဒေါသတကြီးနဲ့ကို ခုန်ပေါက် အော်ဟစ်နေကြတယ်။
” ကဲ…လူလေးတို့က မန္တာန်စည်းကို ခိုင်ကျဉ်အောင် ထပ်ပြီး ထုံထား။ ဘိုးက သူတို့ရဲ့ ဋ္ဌာနေဖြစ်တဲ့ ရွှေရေးပန်းချီကို ဋ္ဌာပနာတိုက်ဆီကနေ ထုတ်လိုက်မယ်။ တစ်ခုသတိထားရမှာက စည်းပေါက်သွားရင် တို့ တွေတင်မက တစ်ရွာလုံး ဒုက္ခရောက်ကုန်လိမ့်မယ် ဘိုးတို့လည်း ဘာမှ ဆက်လုပ်လို့ မရတော့ဘူး…”
” ဟုတ်ကဲ့…ဘိုး။ ကျုပ်တို့ သတိထားပါ့မယ်…”
ဒိုးညီနောင်တို့ သတိထားလို့ မန္တာန်ကို ရွတ်မြဲရွတ်ပြီး စည်းကို ခိုင်ကျဉ်သထက်ကျဉ်အောင် စွမ်းကြတယ်။
ဘိုးသိဒ္ဒိက ခန္ဓာလုံအောင် မန္တာန်ပြောင်းရွတ်ပြီး အထဲကို ဝင်လိုက်တယ်။
ဒိုးညီနောင်တို့ တဖြေးဖြေးနဲ့ မန္တာန်စည်းက ခိုင်ကျဉ်လာခဲ့တယ်။ အကောင်လေးတွေဟာ မန္တာန်စည်းကို ကပ်ကြတယ်။
ခိုင်ကျဉ်နေတဲ့ မန္တာန်စည်းကို ထိတာနဲ့ အတွင်းဆီကို ပြန်ပြန်ပြီး လွင့်စင်သွားကြလေရဲ့။ သုံးလေးငါးခါလောက်ကျတော့ သူတို့ရဲ့ အန္တရာယ်ကို သိရှိသွားကြပြီး ရုတ်ခြည်းပဲ အကုန်လုံး ဋ္ဌပနာတိုက်ဆီကို ပြန်လှည့်ဝင်ပြေးဖို့ လုပ်ကြတယ်။
အဲ့ဒီ့အချိန်မှာ ဘိုးသိဒ္ဒိကလည်း ဋ္ဌာပနာတိုက်နားဆီကို ရောက်နေခဲ့ပြီ။
” ဂါး…ရန်သူ…ရန်သူ…”
အကောင်လေးတွေက ဘိုးသိဒ္ဒိကို မြင်ပြီး ဒေါသတကြီးနဲ့ မာန်ဖီကြတယ်။
ပြီးတော့ ခုန်ပေါက်ပြီး တစ်လုံးတစ်ခဲထဲကို ပြေးဝင်တိုက်ခိုက်ဖို့ ကြိုးစားကြတော့တာ။
******
” ဒိုးငယ်…ဘိုးကို အကိုသွားကူမယ်။ မင်း စည်းကို စောင့်ထား…”
ဒိုးကြီးက ပြောပြီးတော့ စည်းအတွင်းကို ဝင်လို့ ဘိုးသိဒ္ဒိအနားဆီကို ပြေးကပ်လိုက်တယ်။
ဘိုးသိဒ္ဒိက ဋ္ဌာပနာတိုက်ထဲက ရွှေရေးပန်းချီကားကို ဆွဲထုတ်နေတယ်။ အကောင်လေးတွေက မလှမ်းမကမ်းဆီကို ရောက်နေပြီး အခြေအနေကို အကဲခတ်လို့ ရင်ဆိုင်မာန်ဖီနေတယိ။
” လူလေး…ဘိုး အရင်တစ်ခါက သင်ပေးဖူးတဲ့ အာဘဿရမန္တာန်တော်ကို ရွတ်၊ ဗြဟ္မာရဲ့ ကိုယ်ရောင်ကိုယ်ဝါ စွမ်းပလိမ့်မယ်…”
ဒိုးကြီးလည်း ချက်ချင်းရွတ်လိုက်တယ်။
မန္တာန်စရွတ်တာနဲ့ အကောင်လေယတွေဟာ သူတို့မျက်နှာကို လက်တွေနဲ့ ကာကြပြီး အနောက်ဆီကို ခုန်ဆုတ်လို့ ပြေးကြတယ်။
ဘိုးသိဒ္ဒိက ရွှေရေးပန်းချီကို ရခဲ့တာနဲ့ မန္တာန်တစ်ပုဒ်ကို ရွတ်လို့ ပန်းချီကားချပ်တစ်ခုလုံးကို သပ်ချလိုက်တယ်။
ပန်းချီကားဆီက ဖြူစင်ဝင်းပလွန်းတဲ့ အလင်းတစ်ချက်ထွက်ပေါ်လာခဲ့ပြီး ပြေးလွှားနေကြတဲ့ အကောင်လေးတွေဟာလည်း နေရာမှာတင် အမှုန်အမွှားမျအဖြစ် ကွယ်ပျောက်သွားကုန်ကြတော့တယ်။
အဲ့ဒီ့နောက်မှာတော့ ဘိုးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ဟာ ရွှေရေးပန်းချီကားဆီကို ကြည့်မိကြတယ်။
ရေးခြယ်ထားမှုက အလှူအတန်းတစ်ခုရဲ့ သရုပ်ဟန်ကို ပုံဖော်ထားပြီး လက်ရာကလည်း အတော့်ကိုပဲ လှပသေသပ်လွန်းလှတယ်။
” ဘိုး…သူတို့ ပြန်လာနိုင်ကြဦးမလား…”
ဘိုးသိဒ္ဒိ ခေါင်းကို ခါရမ်းလိုက်တယ်။
” မလာနိုင်တော့ပါဘူး လူလေးတို့ရယ်။ ပန်းချီကားဆီက အစီအရင်တွေက ပြယ်သွားခဲ့ပါပြီ။ ကဲ…ကဲ…အချိန်လည်း လင့်ပြီရယ်။ ဘိုးတို့ ဋ္ဌာပနာကို ပြန်ထားပြီး သူကြီးဆီကို သွားအကြောင်းကြားကြစို့ရဲ့…”
ဘိုးသိဒ္ဒိက ဋ္ဌာပနာတိုက်ထဲဆီကို ပန်းချီကား ပြန်ထည့်လိုက်တယ်။ ပြီးတော့ နောက်ထပ် အန္တရာယ်မျိုး ထပ်မရှိလာအောင် မန္တာန်တချို့နဲ့ ထုံမွှန်းပေးခဲ့ပြိး သုံးယောက်သား ရွာထဲဆီကို ပြန်ဝင်လို့ သူကြီးဦးပန်ကို ဋ္ဌာပနာကိစ္စ ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ပြောလိုက်ပါတယ်။
သူကြီးဥိးပန် အလွန်ပဲ ပျော်နေမိပါရဲ့။
ပြီးတော့ ဘိုးသိဒ္ဒိတို့ ရှိနေတုန်း သက်သေအဖြစ် ညတွင်းချင်း မောင်းတီးလို့ ရွာသူရွာသားတို့ကို ဖိတ်ခေါ်ကာ အကျိုးအကြောင်း ရှင်းလင်းပြောပြပါတော့တယ်။
ဖြစ်ကြောင်းကုန်စင်ကို သိကြရတော့ ရွာသူရွာသားတို့လည်း အလွန်ပဲ ဝမ်းမြောက်မိကြတယ်။
ပြီးတော့ စေတီတော်အဖြစ် ဆက်လက်မွမ်းမံကြဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းကြဖို့လည်း ထပ်တူညီ ဆုံးဖြတ်ချက် ချကြပါတော့တယ်။
******
ဘိုးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ လက်ခုပ်ကုန်းရွာဆီကနေ ထွက်ခွာခဲ့ကြပြီးနောက် လမ်းခရီးတစ်နေရာဆီဝယ်…။
” ဘိုး…”
ဒီတစ်ခါက ဒိုးကြီးက ခေါ်လာတာ။
” ဟေ…လူလေး…”
” စေတီပျက်ဆီမှာတုန်းကလေ စည်းမနှောင်ခင်ကတည်း သူတို့ထွက်လာတာနဲ့ အာဘဿရမန္တာန်တော်ကို ရွတ်ပြီး သူတို့ကို တစ်ခါထဲ မနှိမ်တာလဲ…”
ဘိုးသိဒ္ဒိ ပြုံးလိုက်ပါတယ်။
” အင်း…လူလေး စဉ်းစားကြည့်ပေါ့။ သူတို့ထွက်လာတာနဲ့ အာဘဿရမန္တာန်တော်ကို ရွတ်မယ်ဆိုရင် သူတို့တတွေက ချက်ချင်းပဲ ပန်းချီကားထဲကို ပြန်ဝင်သွားကြတော့မှာပေါ့၊ အဲ့ဒီအခါကျ ဘိုးတို့ နှင်ရခက်ပြီလေကွယ်။ ဒါကြောင့် သူတို့ကို ထွက်နိုင်မယ် ထင်လောက်အောင် မန္တာန်စည်းနဲ့ ထားပြီး အခြားတစ်ဖက်ကနေ ဋ္ဌာပနာ ပန်းချီကားကို စင်ကြယ်အောင် လုပ်လိုက်တော့ သာပြီး ထိရောက်တာပေါ့…”
” ဪ…အဲ့ဒီ့လိုလား ဘိုးရဲ့။ ကျုပ်တော့ဖြင့် မသိပါဘူး။ ဘိုး အစကတည်းက အာဘဿရမန္တာန်တော်ကို ရွတ်လိုက်ရင် တစ်ခါထဲ ပြီးပြီလို့ တွေးမိနေတာ…”
” အင်းပေါ့…အင်းပေါ့…ဒါတွေက အသက်အရွယ်နဲ့ အတွေ့အကြုံကြောင့် လူလေး စဉ်းစားနိုင်ဖို့ မလွယ်ကူခဲ့တာပါ။ စုံမြိုင်ရပ်မှာ ပညာတွေ ဝမ်းစာဖြည့်ပြီးရင်တော့ လူလေးတို့ တွေးနိုင်လာမှာပါလေ…”
” ဟုတ်ကဲ့ ဘိုး…”
ဒိုးညီနောင်ရော ဘိုးသိဒ္ဒိပါ ပြိုင်တူပြုံးလို့ စကားဆက်မဆိုတော့ဘဲ လမ်းခရီးကို အာရုံစိုက်လှမ်းလိုက်ကြပါတယ်။
ဒီလိုနဲ့ ခရီးဆက်ကြရင်း အချိန်တစ်ခုကို ရောက်တဲ့အခါ အလွန်ပဲ နက်နဲလွန်တဲ့ ပညာရပ်တစ်ခုနဲ့ အသက်မွေးပြီးနေတဲ့ လူငယ်တစ်ယောက်နဲ့ ဘိုးသိဒ္ဒိတို့ ဆုံခဲ့ကြပါတယ်။
ဒီအကြောင်းကိုတော့ ” မျက်လှည့်ကျော် ” ဆိုတဲ့ စာမူမှာ စောင့်ဖတ်ပေးကြပါဦးခင်ဗျာ…။
နောင်ရိုး(ဆေးတပ်)