*ဘိုးတော်ပေ နှင့် အသုဘကမ္မဋ္ဌာန်း*📖📖📖
************************************
◾အခန်း (၁)
ဆိုင်းသံဗုံသံများသည် ပတ်ဝန်းကျင်တခုလုံးကို လွှမ်းခြုံလို့ နေသည်။ဆိုင်းသံများနှင့်အတူ သီချင်းသီဆိုသံတို့လည်း ပျံ့ လွင့်နေသေးပြန်သည်။ထိုဆိုင်းသံနှင့် သီချင်းဆိုသံများသည် လှည်းနှစ်စီးပေါ်မှ ပေါ်ထွက်လာသည်ဖြစ်ပြီး လှည်းလမ်းတလျှောက်တွင်တော့ လူများ စည်ကားလို့နေသည်။သူတို့သည် ဝတ်ကောင်းစားလှများဝတ်ဆင်ထားပြီး လူတယောက်၏ အကြောင်းကို ပြောနေကြသေးသည်။လူများသည် ရှင်လောင်းလှည့်နေသည့်အလား အစီလိုက်အတန်းလိုက်သွားနေကြပြီး ရှေ့ဆုံးတွင်တော့ လှည်းဘီးနှစ်ဘီးတပ်ကာ အလှဆင်ထား သောခေါင်းတလားကို တင်ထားသည့်လှည်းအား ရှေ့မှ ဆွဲသူဆွဲ နောက်မှ တွန်းသူက တွန်းနေကြသည်။ထိုသို့ထူးထူးဆန်းဆန်းပြုမှုနေသည်က အမှန်စင်စစ် အသုဘချနေကြခြင်း ဖြစ် သည်။ငိုယိုသူမရှိပဲ စကားများသာ ပျော်ရွှင်စွာဖြင့်စကားများ ပြောနေကြသည်။လောကတွင်ရှိသော လူအများစုသည် သေ လွန်သောအခါမှ သေသူ၏ကောင်းကွက်များကို ပြောတတ်ကြသည် အသက်ရှင်စဥ်အခါက သေဆုံးသူ၏ ကောင်းကွက်များကိုမေ့ထားကြပြီး မကောင်းပြောကြသည်သာ များ၏။သေသောအခါမှငိုပြီး ရှင်သန်ချိန်များတွင်တော့ မကြည်မဖြူဖြစ်ကြကာ တယောက်နှင့်တယောက် စောင်းကြမြောင်းကြ ရှိတတ်ကြပေသည်။ယခု အသုဘကို ပျော်ရွှင်စွာ ပို့ဆောင်နေကြသော ငွေတောင်ရွာလေးသည်က တခြားသောရွာများနှင့် ခြားနားနေပေလိမ့်မည်။လူတယောက်သေသည်ကို အဘယ့်ကြောင့် ဝမ်း နည်းငိုကြွေးမှုတို့ တယောက်မှ မရှိကြပဲ အလှုရှင်လောင်းလှည့်နေသကဲ့သို့ ပျော်ရွှင်နေကြသနည်း။ထိုအမေးကို မေးချင်နေသော သူတယောက်က လူများကြားတွင် ရှိနေသေးသည် ။ထိုလူမှာ တခြားသူမဟုတ် အလောင်းတင်ထားသောလှည်းအား တခြားသောလူငယ်များနှင့်အတူ အနောက်မှ တွန်းပေးနေသော ပေတူးဖြစ်သည်။ပေတူးသည် သူ၏ဘေးနှင့်ရှေ့မှနေ၍ အလောင်းလှည်းအား တွန်းကြဆွဲကြလုပ်နေသော လူငယ်များကို ကြည့်လိုက်ရာ ထိုလူငယ်များသည် တယောက်နှင့် တယောက် စစနောက်နောက်နှင့်ပင် ပြုံးပျော်နေကြသည်။ယခု ကိစ္စသည်က သိပ်၍ ထူးဆန်းမနေပေ။အသုဘချကာနီးမှ အသင့်လုပ်ထားသော အခေါင်းတလားထဲတွင် လှဲပြီး အသက်ကင်းမဲ့သွားသော ဒေါ်သန်းမေနှင့်ယှဥ်လျှင် ကျန်တာတွေသည် သူ့အတွက်ထူးဆန်းသည်ဟု မမြင်နိုင်တော့ပေ။ထို့နောက် အလောင်းတင်ထားသောလှည်းအား ရှေ့မှဆွဲနေသာ လူငယ် လူရွယ်များထဲမှ တယောက်သောသူသည် ရုတ်တရက် ထအော် လိုက်သည် ။
“ရှေ့ကကောင်တွေ စမယ်နော် “
“အနောက်ကကောင်တွေလည်း အသင့်ပြင် “
သူ့စကားဆုံးသည်နှင့် အခေါင်းတင်ထားသည့် လှည်းအား အရှေ့မှ ဆွဲနေသူများသည် ရုတ်ရက် ရွာဖက်သို့ ပြန်တွန်းထိုးလေ၏။အနောက်မှတွန်းနေသော လူများသည် ပြန်လည် တွန်း ထိုးလိုက်ရာ ဘုမသိဘမသိဖြစ်နေသောပေတူးမှာလည်း အား ပြု၍ ပြန်တွန်းလိုက်ရလေသည်။လူငယ်လူရွယ်များသည် ဝါးဖြင့်ပြုလုပ်ထားသော လှည်းဘီးတပ်အလောင်းလှည်းအား ရှေ့သို့လိမ့်သွားလိုက် နောက်သို့ ဆုတ်သွားလိုက် နှင့် ညာသံပေး၍ တွန်းထိုးနေကြရာ ဖုန်များပင် ထောင်းထောင်း ထနေသည်။အသုဘလိုက်ပို့ပေးကြသူများသည် ထိုမြင်ကွင်းကိုကြည့်ပြီး လက်ခုပ်လက်ဝါးတီးကာ နှုတ်မှလည်း သူအပိုင်းကိုယ့်အပိုင်းခွဲ၍ အားပေးနေကြသည် ။
“ငွေတောင်ရွာ အရှေ့ပိုင်းသားတွေ တွန်းကြဟေ့ နိုင်ကို နိုင်ရမယ် “
“အနောက်ပိုင်းသားတွေ နောက်ဆုတ်မနေနဲ့ တွန်းဟ တွန်း “
ထိုသို့ တွန်းထိုးနေခြင်းကြောင့် အလောင်းသယ်လှည်းမှ ဝါးခြမ်းများကို ရောင်စုံစက္ကူဖြင့် အလှဆင်ထားသော အရာတို့ သည် ယိမ်းထိုးနေလေသည်။လှည်းကို တွန်းနေသော ပေတူး သည် ရွာသားများကိုကြည့်ရင်းမှ ပျော်ရွှင်လာသဖြင့် မျက်နှာမှာလည်း ပြုံးရယ်လာပြီး ညာသံပေးနေမိသည်။တခြားရွာများမှာဆိုလျှင် ယခုလုပ်ရပ်သည် အတော် ရိုင်းစိုင်းသည့်လုပ်ရပ်ဟု မြင်ကြ ပြောကြမည်ဖြစ်သော်လည်း ယခုငွေတောင်ရွာလေးမှာဖြင့် အပြစ်ဆိုသူမည်သူမျှမရှိအပြင် အားပေးနေကြသေးသည်။ပေတူးသည် အလောင်းလှည်းအား ချွေးသံရွှဲရွှဲဖြင့် ၀င်တွန်းလိုက်ရင်း ရွာအရှေ့မှ တွန်းနေသောလူများ အလဲလဲအကွဲ ကွဲဖြစ်အောင် တွန်းနိုင်သောအခါ ရွာအနောက်ပိုင်းမှ သူတို့အဖွဲ့ နိုင်ပြီဖြစ်ကြောင်း ရွာသားများနှင့် ရွာလူကြီးမှ အော်ဟစ် သတိပေးလိုက်လေသည် ။
“အနောက်ပိုင်းက နိုင်ပြီဟေ့ ရပ်ကြတော့ “
“ဟေ့ကောင်တွေ ရပ်တော့လို့ ပြောနေတယ်လေ “
ရွာလူကြီးနှင့် တခြားသောရွာသားများပြောနေသည်ကို အလောင်းကစားနေသောသူများမှ သတိမထားမိပါပဲ ထပ်ပြီး အပြိုင်တွန်းနေကြသည်။ထိုအခါရွာလူကြီးသည် သူနှင့် မလှမ်း မကမ်းမှရှိနေသော လူကြီးတယောက်ကို ကြည့်လိုက်ကာ
“ကဲ လွင်မောင် နဲ့ သန်းလွင် မင်းကောင်တွေကို ထိန်းလိုက်ကြဦး “
လွင်မောင် နှင့် သန်းလွင်သည် ရွာလူကြီး၏စကားဆုံးသည် နှင့် ဆိုင်းလှည်းအနားသွားကာ ဝါးကြိမ်နှစ်ချောင်းကို တယောက်တချောင်းယူလိုက်ပြီး အလောင်းကစားနေသော လူငယ်လူရွယ်များ အနားသွားလေသည်။အလောင်းတွန်းနေသော တချို့သူများသည် သူတို့နှစ်ယောက်လာသောအခါ တွန်း ထိုးခြင်းမပြုတော့ပဲ ငြိမ်လိုက်သော်လည်း အပျော်ကြူးနေသော လူငယ်များသည်က ညာသံပေး၍ တွန်းထိုးနေဆဲဖြစ်၏။ထိုအထဲတွင် ပျော်ပျော်နေတတ်သော ပေတူးလည်း အပါအဝင် ဖြစ်သည် ။ ရွာ၏အထာကိုနပ်နေသော ပေတူးဘေးမှ လူငယ်လေးသည် ပေတူးအား မျက်ရိပ်မျက်ချည်ဖြင့် ကြိမ်ကိုင်ပြီး သူတို့ဆီသို့ တယောက် ပြိုင်ဘက်အရှေ့ပိုင်းသားများ ဖက်သို့ တယောက် လာနေသည်ကိုမြင်၍ သတိပေးနေပေမဲ့ ပေတူး နားမလည်ပေ။ထို့အတွက် မေးပြန်ငေါ့ပြလိုက်ပြီး ဆက်တွန်းနေလေရာ သူ၏တင်ပါးပေါ်သို့ အရှိန်ပြင်းစွာကျလာသော ကြိမ်လုံး ကြောင့် တချက်အော်ကာ ငြိမ်သွားလိုက်ရသည်။အပျော်ကြူး နေသော အလောင်းတွန်းသူများကို ကိုလွင်မောင်နှင့် ကိုသန််းလွင်မှ ကြိမ်ဖြင့် လိုက်၍ ရိုက်လိုက်မှ သကောင့်သားများ ငြိမ်သွားကြပြီး ဘုန်းကြီးကျောင်းနှင့်ကပ်လျက်ရှိသော အလောင်းလှည်းအား သင်္ချိုင်းဆီသို့ တွန်းသွားလိုက်ကြပါတော့သည် ။
◾အခန်း (၂)
သင်္ချိုင်း၏ဇရပ်ရှိပေါ်တွင် သက်တော်ကြီးရင့်နေသော ဆရာ တော်ကြီးတပါး၏အရှေ့၌ ရွာသူရွာသားများ ထိုင်၍ ရှိခိုးဦးချ နေကြသည်။ထို့နောက် အလောင်းတင်ဖို့ရာအတွက် ပြုလုပ်ထားသောလှည်းလေးပေါ်မှ ဒေါ် သန်းမေကိုထည့်ထားသော အလှဆင်ထားသည့်အခေါင်းကို လူငယ်များမှသယ်လာပြီး ဆရာတော်၏ ရှေ့တွင် ချလိုက်ကြသည်။ဆရာတော်သည် အခေါင်းအဖုံးကိုဖွင့်စေပြီး ရွာသားများကို မိန့်လေ၏။
”ဒကာမကြီးအတွက် ဘုန်းကြီး သရဏဂုံတင်ဖို့ လိုအပ်တယ်လို့ ထင်လား ရွာသားတွေ “
“မလိုပါဘူးဘုရား မသေခင်ကတည်းက သရဏဂုံတည်ပြီးသားပါ ဘုရား “
“ကောင်းပြီ ဒကာမကြီးရဲ့အလောင်းကို အသုဘကမ္မဋ္ဌာန်းရှု့မဲ့သူရှိတာမို့ မြေမြှုပ်သင်္ဂြိုလ်ခြင်း မပြုကြသေးနဲ့ဦး ဒကာတို့ “
“တင်ပါ့ဘုရား တပည့်တော်တို့ လိုက်နာပါ့မယ် “
“ကဲ ကဲ အဲ့တာဆို ပြန်လို့ရပြီ အသုဘကမ္မဋ္ဌာန်းစီးဖြန်းပြီးမှ အလောင်းကို မြေမြှပ်ဖို့ ဘုန်းကြီး အကြောင်းကြားလိုက်မယ်။လူငယ်လူရွယ်လေးတွေ ဒေါ်သန်းမေရဲ့ရုပ်ခန္ဓာကြီးကို အခေါင်းထဲကထုတ်ပြီး ဒီရှေ့မှာ ချပေးခဲ့ကြပါဦး “
“တင်ပါ့ ဘုရား”
“ကဲ ကဲ အပ်ပမာဒနေ သမ်မာဒထေ “
“အာမဘန္တေ”
ရွာသားများအားလုံးသည် ဆရာတော်၏ရှေ့တွင် အာမ ဘန္တေခံကာ သင်္ချိုင်းဇရပ်ထဲမှ ထွက်ခွာသွားကြလေသည်။ယခုအချိန်တွင်တော့ သင်္ချိုင်းဇရပ်ထဲတွင် ဆရာတော်ကြီး၊ဦးကျော် လှိုင် နှင့် ကျောင်းသားသစ် ပေတူးတို့သာ ကျန်နေခဲ့ပါသည်။ဆရာတော်သည် ပေတူးအား သူ၏ အရှေ့တွင်ထိုင်စေ၏။
ပေတူးသည် ဆရာတော်၏ မျက်စောင်းထိုးနေရာတွင် ထိုင် လိုက်ကာ မလှမ်းမကမ်းတွင်ရှိသောဒေါ်သန်းမေ၏ ရုပ်အလောင်းကို ညွှန်ပြလိုက်ရင်းမှ မိန့်တော်မူလေသည် ။
“မောင်ကျောင်းသား “
“ဘုရား “
“မောင်ကျောင်းသား ဒီနေ့ညကစပြီး ဒီမှာ အသုဘကမ္မဋ္ဌာန်းရှု့ရလိမ့်မယ် “
“တင်ပါ့ တပည့်တော်ကို ဦးကြီးလည်း ပြောထားပါတယ် ဘုရား”
“အသုဘကမ္မဋ္ဌာန် ဆယ်ပါးထဲကမှာ ဥဒ္ဓုမာတက အသုဘကမ္မဋ္ဌာန်းကို ရှု့ရမယ်မောင်ကျောင်းသား ရှု့ရဲလား”
“ရှု့ရဲပါတယ် ဘုရား”
“ကောင်းပြီ အဲ့တာဆိုလည်း ဒကာကြီးကျော်လှိုင်နဲ့အတူ မီးခွက်၊မီးအိမ် နဲ့ ရေနံဆီတွေ အသင့်ပြင်ပြီး ခုညကစပြီး ရှု့ပေ တော့ ကျင့်စဥ်ကိုလည်း ဒကာကြီးကျော်လှိုင်ကပဲ ပေးလိမ့်မယ် ဘုန်းကြီးက တရားထိုင်ချိန် နီးလာပြီမို့ ကျောင်းကို ကြွလိုက်ဦးမယ်”
ဆရာတော် ပြန်ကြွတော့မည်ဟု မိန့်သောကြောင့် ဦးကျော်လှိုင်နှင့် ပေတူးသည် ဆရာတော်အား ရှိခိုးဦးချလိုက်ပြီး လက် အုပ်ချီထားကြလေသည်။ဆရာတော် ပြန်ကြွသွားသောအခါ မှ ဦးကျော်လှိုင်သည် မောင်ပေတူးအားကြည့်ကာ စကားဆိုလိုက်လေ၏။
မောင်ပေတူး ဘယ်လိုလဲ ငွေတောင်ရွာက ထူးဆန်းမနေဘူးလား”
“ထူးဆန်းတာပေါ့ ဦးကြီးရာ”
“အင်း သူတို့က ငါးပါးသီလတော့ မြဲတယ်ကွ သေမှာကို မကြောက်တော့ဘူး နောက်ပြီး သေရင်လည်း ဝမ်းနည်းပူဆွေး မနေကြတော့ဘူး အပြည့်အဝတရားမရပေမဲ့ ဒီတခါသေရင် ဒီတဘဝ ငြိမ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ နီးပြီဆိုပြီး ဝမ်းပန်းတသာ လိုက်ပို့ကြတာလေ “
“သူတို့က တရားသဘော နားလည်တယ်သာ ပြောတာ သားသတ်လွတ်လည်း မစားကြဘူးနော် “
“မောင်ပေတူး သားသတ်လွတ်စားမှ တရားရတာ မဟုတ်ပါဘူးကွာ။ဒါတွေကို နောက်ဆို မင်းသိလာမှာပါ ဒီရွာမှာ မုဆိုးကြီး ဦးကိုလေးဆိုတာ ရှိတယ် ဒီရွာသားတွေ ဘယ်လို အသားစားတယ်ဆိုတာ သိချင်ရင် အသုဘကမ္မဋ္ဌာန်းရှု့ပြီးရင်သူ့နောက် လိုက်ကြကွာ “
ဦးကျော်လှိုင်၏ စကားကြောင့် ပေတူး စိတ်ဝင်စားသွားသည် ထို့ကြောင့် အသုဘကမဋ္ဌာန်းရှု့ပြီးပါက မုဆိုးကြီးဦးကိုလေး ဆီသို့လည်း သွားရမည်ဟု တွေးလိုက်မိသည်။သူ့အတွေး မဆုံးခင်၌ ဦးကျော်လှိုင်မှ အသုဘကမ္မဋ္ဌာန်းရှု့ရာတွင် ဆောင်ရန် ရှောင်ရန်များ ပြောနေ၍ ပေတူးတယောက် ဂရုစိုက်ပြီး နားထောင်လိုက်ပါတော့သည် ။
◾အခန်း (၃)
ပေတူးသည် ရွာထဲလမ်းတွင် ရေနံဆီပုလင်းလေးကိုင်ကာ လမ်းလျှောက်လို့ လာနေသည်။သူသည် ဦးကျော်လှိုင်ဆီမှ အသုဘကမ္မဋ္ဌာန်းရှု့ပုံရှု့နည်းများကို သေချာလေ့လာပြီး၍ လိုအပ်သောရေနံဆီကို ရွာထဲမှ လာယူခြင်းဖြစ်သည်။သူတယောက်တည်းလမ်းလျှောက်နေစဥ် အနောက်မှ ခေါ်သံကြား၍ ရပ်ပြီး အနောက်သို့ ပြန်လှည့်ကြည့်လိုက်၏။သူ့အား ခေါ်နေသူမှာ သက်တူရွယ်တူလူငယ်လေးတယောက်ဖြစ်ပြီး လက်ထဲတွင်လည်း ကြိမ်တချောင်းကိုင်ထားကာ ဝါးဖတ်ဦးထုပ်အဝိုင်းလေးကို ဆောင်းထားသည်။ထိုလူငယ်သည် ပေတူးအနားရောက်သောအခါ ပြုံးရွှင်စွာနှင့် စကားဆိုလေသည်။
“ဟေ့ကောင် မင်းက ငါတို့အနောက်ပိုင်းသားတွေကို အလောင်းကစားတုန်းက ကူတွန်းပေးတဲ့ကောင် မဟုတ်လား”
“ဟုတ်တယ်လေ မင်းက ဘယ်သူတုန်း”
“ဟဲ့ကောင်ရ မင်းကို ဦးလွင်မောင် ကြိမ်နဲ့ ဆော်တော့မှာမို့ သတိပေးခဲ့တဲ့ကောင်လေကွာ မင်းကမှ မနပ်တာ “
“အော် အေး ငါ မှတ်မိပြီ “
“ဒါနဲ့ မင်း ဘယ်သွားမလို့လဲ “
“ရေနံဆီသွားဝယ်မှာကွ ညကျ သင်္ချိုင်းမှာ အသုဘကမ္မဋ္ဌာန်းရှုရမယ် “
“အော် ဆရာတော်ပြောတဲ့ ကမ္မဋ္ဌာန်းရှု့မဲ့သူဆိုတာ မင်းကို “
“အေး ငါလေ “
“မင်း အသုဘကမ္မဋ္ဌာန်းရှု့ရင် ကြောက်တတ်လို့တော့ မရဘူးနော် “
“မင်းပုံကြည့်ရတာ မကြောက်တတ်လောက်ပါဘူးကွာ”
“ငါ့တုန်းကဆို အလောင်းကြီးက မတ်တတ်ရပ်ပြီး ငါ့ရှေ့မှာ ထိုင်နေတာ နောက်ပြီးတော့ အလောင်းကောင်က တခါတခါ အတော်လေး လှတယ် တခါခါကျတော့လည်း ရွံစရာကြီး ဖြစ်သွားတာကွ “
ပေတူး အံ့သြရပြန်သည်။အသုဘကမ္မဋ္ဌာန်းဆိုသည့်အရာမှာ ကမ္မဌာန်းရှု့သူထဲမှ ငယ်ငယ်ရွယ်ရွယ်မှာ သူတယောက်တည်းရှိမယ်ဟု ထင်ထားရာ ယခုတော့ သူထင်သကဲ့သို့ မဟုတ်ပေ။ရွယ်တူကောင်လေးများမှာ အသုဘကမ္မဋ္ဌာန်းရှု့ပြီးသူများ ဖြစ်နေလေသည်။ပေတူးသည် သူ့အားစကားဆိုနေသော လူငယ်လေးအား တချက်ကြည့်ကာ
“မင်းနာမည်က ဘယ်သူတုန်း “
“ငါ့နာမည် ဖိုးတောတဲ့ကွ မင်းနာမည်ကရော “
“ငါ့ နာမည်က ပေတူး”
“အေး ပေတူး မင်း နောက်ဆို ပျင်းရင် ငါတို့အိမ်ကို လာလည် ပေါ့ကွာ”
“အေးပါကွာ ဒါနဲ့ မင်းအိမ် ငါမသိဘူးလေ “
“မုဆိုးကြီးကိုလေးအိမ် လို့သာ မေးလိုက် အကုန်လုံးသိတယ် ကဲ ငါသွားတော့မယ် နွားတွေ ကျောင်းရဦးမှာမို့”
“အေးပါကွာ ငါ မင်းတို့အိမ်ကို ဆက်ဆက်လာခဲ့မယ် “
ပေတူး ဟန်ကျတာပဲဟု တွေးလိုက်မိသည်။သူလည်း ဦးကျော်လှိုင်ပြောထားကတည်းက ဦးကိုလေးဆိုသော မုဆိုးကြီး အကြောင်းကို စိတ်ဝင်စားနေသည်။ယခုတော့ ဦးကိုလေး မြေးဖြစ်သော ဖိုးတောနှင့်သိလိုက်ရ၍ အတော်ကို ဟန်ကျမိသည်ဟု တွေးပြီး ရွာထဲသို့ ရေနံဆီဝယ်ရန် သွားလိုက်ပါလေတော့သည်။
◾အခန်း (၄)
တိတ်ဆိတ်ငြိမ်သက်နေသော သင်္ချိုင်းဇရပ်အပေါ်တွင် ပေတူးတယောက် တင်ပျဉ်ခွေပြီးထိုင်နေသည်။သူ၏ရှေ့တွင်တော့ ဒေါ်သန်းမေ၏အလောင်းသည်က ဆန့်ဆန့်တန်းတန်းလဲလျောင်းနေသည်။ထိုအလောင်းကြီး၏ခေါင်းရင်းတွင် ရေနံဆီမီးခွက် ထည့်ထားသောမီးအိမ်တလုံး ထား ထားသလို ခြေရင်းတွင်လည်း မီးအိမ်တလုံးရှိနေသောကြောင့် အသက်ကင်းမဲ့နေသည့် အသုဘကောင်ကြီးအား ကောင်းမွန်စွာ မြင် တွေ့နေရသည်။ထို့နောက် ပေတူးသည် ထိုအလောင်းကောင်ကြီးကို စူးစိုက်ကြည့်လို့နေသည်။ပုံပျက်ပန်းပျက်ဖြစ်မနေသေးသောကြောင့် ပေတူးအတွက် တခြားထူးထူးခြားခြားအတွေးတို့က ရှိမနေပဲ တနေ့တော့ ငါလည်းသေရမှာပါဆိုသည့် အတွေးတို့သာရှိလေသည်။ထို့နောက် ဆံပင်များဖြူနေပြီး မျက်နှာတို့မှ အိုမင်းရင့်ရော်နေသည်ကို ကြည့်ရင်း အိုသည်ကို သတိပြုမိသည်။တရားရခြင်းတော့ မဟုတ်ပေ။သာမာန်အသိလေးဖြင့်သာ သိခြင်းဖြစ်သည်။ပထမညတွင်တော့ ထူးထူးခြားခြား ဘာမှမဖြစ်ပေ။သင်္ချိုင်းဘေးမှ ခွေးအူသံများနှင့် လမ်းလျှောက်သံလိုလို ချောင်းဟမ့်သံလိုလို အသံများသာကြားရ၏။ထိုအနေ အထားသည်က ပေတူးအတွက်တော့ မူ့စရာအနေအထားမဟုတ်ပေ။သူသည် ဒေါ်သန်းမေ၏ရုပ်အလောင်းကြီးကို ကြည့်လိုက် ဇရပ်ပေါ်လမ်းလျှောက်လိုက်နှင့် ညသန်းခေါင်ယံအချိန်သို့ ရောက်လာလေသည်။ငယ်ငယ်ကတည်းက သဘာဝလွန်အတွေ့အကြုံများစွာရှိသော ပေတူးမှာ သင်္ချိုင်းတွင် ယခုလိုနေရသည်မှာ နားအေးပါးအေးရှိလှသည်ဟုပင် ထင်မိသည်။ဦးကျော်လှိုင်ပြောသောတရားစကားများကို သိပ်နားမလည်သောကြောင့် ဒေါ်သန်းမေ၏ရုပ်အလောင်းကြီးကို ထိုင်ကြည့်နေရင်း စကား ပြောချင်လာ၍ အလောင်းကြီးကိုကြည့်ကာ စကားဆိုလိုက်လေသည်။
◾အခန်း (၅)
“အဖွားကတော့ အေးအေးဆေးဆေး လှဲနေ ကျုပ်ကတော့ ဒီမှာအဖွားကို ထိုင်ကြည့်နေရတယ် ဒီတညတည်းမဟုတ်ဘူး နောက်ညတွေရော ကြည့်ရဦးမယ် ကျုပ် ထင်တယ် အဖွားက မ သေခင်ကထက် နည်းနည်းပိုရုပ်ဆိုးလာတယ်ဗျ။ကျုပ်က အချိန် တော်တော်ကြာကြာ ကြည့်နေရလို့လား မသိပါဘူး”
ပေတူးသည် သူ့ဝသီအတိုင်း အသက်ကင်းမဲ့နေသော ဒေါ်သန်းမေ၏အလောင်းကြီးကို စကားဆိုလိုက်ချိန် အလောင်း ကောင်၏ မျက်နှာမှာ မဲ့သွားသလိုဖြစ်သွားသောကြောင့် သူမျက်လုံး တချက်ပွတ်လိုက်ကာ
“အဖွားကို ကျုပ်က ရုပ်ဆိုးတယ်ပြောလို့ စိတ်ဆိုးနေတာလား အသက်ကြီးပြီပဲဗျာ ငယ်ငယ်တုန်းကဆိုရင်တော့ အဖွားက ကျုပ်ချစ်ရတဲ့အမမေသူလို လှရင် လှမှာပေါ့ အခုတော့ အဲ့လိုမဟုတ်တော့ဘူးလေ “
ပေတူးသည် ပါးစပ်မှ လွှတ်ခနဲပင် မေသူ၏အကြောင်းကို ပြောလိုက်မိချိန် ရင်ဘတ်ထဲမှ အနည်းငယ်အောင့်လာသဖြင့် လက်နှင့် ဖိထားလိုက်ရသည့်အထိ နာကျင်ရလေသည်။ထို့ နောက် ပေတူးသည် ဒေါ်သန်းမေ၏ရုပ်အလောင်းကြီးကို ဆက်ကြည့်ပြီး သူ၏ချစ်လှစွာသော မေသူသည်လည်း တနေ့ ဒီလိုအို ဒီလိုသေရမှာပါလားလို့ တွေးမိပြန်သော် ဝေဒနာ သက်သာလေသည် ။
အချစ်သည် ဒဏ်ရာကို ဖြစ်စေသော လက်နက်နှင့် တူ၏။ သတိရခြင်းသည်က ထိုဒဏ်ရာကိုပက်သော ဆားနှင့် တူသည်ဟု တွေးလိုက်မိသည်။သူချစ်မိသွားသောကြောင့် ဒဏ်ရာရခဲ့သည်။အခု သတိရမိသောကြောင့် ထိုဒဏ်ရာကို ဆားနှင့် ပက်လိုက်သလို နာကျင်နေရပြန်သည်။အလောင်းကြီးကိုသာ ကြည့်နေမိပြီး ပေတူး စိတ်ထဲမှ ကဗျာဆန်ဆန် တွေးနေမိ၍ သူ့ကိုယ်သူ သဘောကျကာ တချက်ပြုံးလိုက်မိသည်။ထို့နောက် လင်းကြက်လည်း တွန်လာပြီမို့ အလောင်းကောင်ကြီးကို ထားခဲ့ကာ ကျောင်းဆီသို့ ပြန်လာခဲ့လိုက်ပါတော့သည် ။
◾အခန်း (၆)
ပေတူးသည် တရက်ပြီးတရက် အသုဘကမ္မဋ္ဌာန်းရှု့လာရာ သုံးရက်မြောက်သောနေ့သို့ ရောက်ရှိလာသည်။ဆရာတော်ကြီး နှင့် ဦးကျော်လှိုင်တို့သည် ပေတူးအား ကမ္မဋ္ဌာန်းရှု့သောအခါ ဖြစ်သည့်ပျက်သည့်အကျိုးအကြောင်းကို အမြဲစစ်မေးလေသည်။ဆရာတော်သည် သူ့အား တောင်ဝှေးတချောင်းစွန့်လိုက်ပြီး ဖြစ်တတ်ပျက်တတ်သည်များကိုလည်း မိန့်ကြားလေ၏။ ယခင်ညများတွင် စိတ်လွတ်ကိုယ်လွတ် နေခဲ့ရသလောက် ယနေ့ညတွင်တော့ ပေတူး ထိုသို့မနေနိုင်တော့ပါ အနံ့ထွက်စ ပြုနေပြီဖြစ်သော ဒေါ်သန်းမေ၏အလောင်းကြီးသည် ဖူးယောင်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်စပြုလာပြီ ဖြစ်သည်။သို့ပေမဲ့ ပေတူးသည် တင်ပျဉ်ခွေထိုင်ရင်းဖြင့် အသုဘကြီးကို ရှု့နေရ၏။မနှစ်မြို့မသတီစရာ ကိုယ်ခန္ဓာရုပ်အလောင်းအသုဘကြီးကို မြင်တွေ့လာရချိန်် စိတ်နှလုံးတို့သည် မရွှင််လန်းနိုင်တော့ပဲ အလောင်းကောင်ကြီးအား မျက်တောင်မခတ်ဘဲ ကြည့်နေမိသည်။အနံ့အသက်တို့မှာလည်း မကောင်းတော့၍ တခြားကောင်းမွန်သောအတွေးတို့အား အာရုံလွှဲကာ စိတ်ကူး ယဥ်နိုင်ခြင်းငှာ ပြုလုပ်၍မရပဲ အလောင်းကောင်ကြီးကိုသာ ကျန်ရက်များထက်ပို၍ သတိထားမိနေသည်။ထိုင်ရသည်မှာ ကြာ၍ ညောင်းလာသောအခါ ဇရပ်ပေါ်တွင်် လမ်းလျှောက်လိုက် ပြန်ထိုင်လိုက်လုပ်နေရသည်။ထို့နောက် ညသန်းခေါင်ယံ အချိန်တွင်တော့ အလောင်းကောင်ကြီးကို စူးစိုက်ကြည့်မိချိန် အလောင်းကြီးသည် ဦးခေါင်းထောင်လာပြီး ပေတူးအား ကြည့်လာလေသည်။ပေတူးသည် သူ့ မျက်လုံးမှ မြင်ချင်တာ မြင်နေ သည်ဟုထင်ကာ အသုဘကြီးကောင်အား စကားပင်ဆိုလိုက်သေးသည် ။
“အဖွား ကျုပ်လည်း ညတိုင်းအဖွားအလောင်းကြီးကို ကြည့်နေရလို့နဲ့ တူတယ် မျက်လုံးတွေက မြင်ချင်တာတွေ မြင်နေပြီ “
သူသည်် စိတ်လွတ်လက်လွတ်နှင့်ပင် ခေါင်းထောင်ကြည့်နေသော အသုဘကြီးအား ဆက်ကြည့်နေစဉ် အလောင်းကောင်မှာ ခေါင်းထောင်ရုံတင်မဟုတ်ဘဲ ထထိုင်လာသည်။ထိုအလောင်းကြီး ထထိုင်လိုက်သည်နှင့် အပုတ်နံ့တို့သည်လည်း ပိုဆိုးလာ၍ ပေတူးတယောက် နှာခေါင်းကို ပိတ်ထားကာ ထိုင်နေသောအလောင်းကြီးကို ကြည့်ရင်း အံ့သြနေလေသည်် ။
“ကျုပ်အမြင်မှားတာ မဟုတ်ဘူး တကယ်ထထိုင်နေတာပဲ အဖွားရဲ့ဝိညဥ်ကတော့ ကောင်းရာဘုံဘဝမှာ ရောက်နေလောက်ပြီဆိုတာ ကျုပ် သိတယ် ငယ်ငယ်ကတည်းက အောက်လမ်းဆရာ သူငယ်ချင်းနဲ့အတူ နေခဲ့တာဆိုတော့ ဒီလောက်ကတော့ မမူ့သေးဘူး ဘာဆက်ဖြစ်မလဲ ကျုပ် ထပ် ကြည့်ဦးမယ် “
ပေတူးသည် ကြောက်လန့်မှုကင်းမဲ့စွာနှင့်ပင် သူရှေ့တွင် ထိုင်ပြီး သူ့အားကြည့်နေသောအလောင်းကောင်ကြီးကို ကြည့်လို့နေလေသည်။အတန်ကြာကြည့်ပြီးသောအခါ အလောင်းကောင်ကြီးသည် ထိုင်နေရာမှ ဖြည်းညင်းစွာနှင့် မတ်တပ်ရပ်လာပြန် သည်။ထိုအခါတွင်တော့ ပေတူးသည် အနားတွင်ရှိသော တောင်ဝှေးကို လက်ကကိုင်ထားပြီးစကားဆိုလေသည်။
“ဆရာတော်က ဒါတွေ မြင်လို့ ဒီတောင်ဝှေးကို စွန့်တာပဲ ကျုပ် စိတ််ကမြင်တာလား တကယ်ပဲမြင်တာလားမသိဘူး ကျုပ်အနားတိုးလာရင်တော့ ဒီတောင်ဝှေးနဲ့ ထိုးရမှာပဲ “
ပေတူးသည် တောင်ဝှေးကိုကိုင်ထားပြီး ထိုင်နေလိုက်သည်။အသုဘကောင်ကြီးမှာ မတ်တပ်ရပ်လိုက်ပြီး သူ့အနားသို့ တိုး၍ တိုး၍ လာနေသည်။ပေတူးသည် ထိုင်နေရာမှာမထပဲ အနားသို့ ရောက်လာမှ တောင်ဝှေးဖြင့် ထိုးလိုက်ရာ အသုဘကောင်ကြီးမှာ နောက်သို့ လန်ကျသွားလေသည်။ထို့နောက် ပေတူးသည် ဆရာတော် မှာကြားသည့်အတိုင်းပင် အသုဘကောင်ကြီးအား သူလဲလျောင်းနေသည့်နေရာ မရောက်မချင်း တောင်ဝှေးနှင့် ထိုး ထိုးပြီး ရွှေ့စေသည်။အံ့သြထူးဆန်းလှစွာပင် တောင်ဝှေး နှင့် ထိုးလိုက်သည့်အခါတိုင်း အသုဘကြီးသည် ရွေ့ ရွေ့သွားသည်။အလောင်းကောင်ကြီး နေသားကျ ဖြစ်သွားသည့်အခါမှ ပေတူးသည် တောင်ဝှေးကို အောက်သို့ချလိုက်ပြီး ထိုင်မြဲတိုင်း ထိုင်နေသည်။သူသည် အသုဘကောင်ကြီးကို ကြည့်နေရင်းမှ မနှစ်မြို့စရာအသုဘကြီးမှာ ရုတ်ချည်းပင် မျက်နှာတို့သည်တင်းရင်းလာသလို ဆံပင်များသည်လည်း မဲနက်လာပြီး မိန်းမပျိုလေးတဦး အိပ်နေသည့်အလား ဖြစ်သွားသည်။ထိုအခါမှ ပေတူးသည် ဆရာတော် မိန့်ကြားခဲ့သောစကားများကို ပြန်ကြားယောင်လာမိသည် ။
“မောင်ကျောင်းသား အသုဘကမ္မဋ္ဌာန်းရှု့တယ်ဆိုတဲ့နေရာမှာ သမထနဲ့ ဝိပဿနာဆိုပြီး နှစ်မျိုးရှိတယ်ကွယ့် အခုမောင် ကျောင်းသားရှု့ရမဲ့ အသုဘကမ္မဋ္ဌာန်းက သမထကွယ့် အမှန်ဆို မိန်းမရှု့ရင် မိန်းမအသုဘ ယောက်ကျားရှု့မှတ်မယ်ဆို ယောက်ျား အသုဘရှု့ရမှာ အခု မောင်ကျောင်းသားကတော့ မိန်းမအသုဘနဲ့ ရှုရလိမ့်မယ် ရှု့မှတ်တဲ့အခါ အထိုက်အ လျောက်ညာဏ်စဉ်ရလာတဲ့အချိန်မျိုးဆို အသုဘကောင်က မတ်တပ်ရပ်ပြီး ထလာတာတွေ ကြုံရလိမ့်မယ် တချို့ကတော့ ဖုတ်ဝင်ရင် ဝင်မယ်ပေါ့ တချို့ကတော့ ကို့ယ့်ရဲ့စိတ်ကပဲ ဖြစ် နေတာမျိုးလည်းရှိတယ် ဘာဖြစ်ဖြစ် ဘုန်းကြီးပေးတဲ့ တောင် ဝှေးနဲ့ ထိုးပြီး သူ့နေရာသူ့ ရောက်အောင် ထားပါ ဒီတခုကို ကျော်ရင်တော့ မနှစ်မြို့စရာ အလောင်းကောင်ကြီးက ချောမောပြီး နှစ်လိုဖွယ်မိန်းမအဖြစ် မောင်ကျောင်းသား မြင်ရရင်လည်း မြင်ရနိုင်တယ် အဲ့ဒါမျိုးကြုံခဲ့ရမယ်ဆိုရင်တော့ ရာဂစိတ်ကို ချုပ် ထိန်းနိုင်အောင် ကြိုးစားပေတော့”
ပေတူးသည် ဆရာတော်ပြောသည့်စကားများကို ပြန်ကြား ယောင်နေခြင်း ဖြစ်၏။ထို့ကြောင့် သူ့ရှေ့တွင် လဲလျောင်းနေသောအလောင်းကောင်မှ မိန်းမချောလေးအသွင် ပြောင်းနေ သည်ဟု စိတ်ထဲတွင်မှတ်ပြီးနေ၏။သို့ပါသော်လည်း မျက်လုံးတွင် မြင်နေရသည်မှာ အပြစ်ဆိုရက်စရာမရှိ လှပချောမွတ်နေပြီး ကိုယ်ခန္ဓာ လှလှပပမိန်းမချောလေး အိပ်နေသည့်သဏ္ဍာန် ဖြစ်နေ၍ မျက်စိ၏အမြင်နောက် စိတ်ကို မရောက်အောင် ချွေး သံရွှဲရွှဲ ထွက်သည့်အထိ သည်အရာက ပုတ်တော့မည့် အလောင်းကောင် သည်အရာသည် ဖူးယောင်နံစော်နေသော အလောင်းကောင်ဟု နှစ်လုံးသွင်းနေရာ လင်းကြက်တွန်သည့် အချိန်တွင်တော့ ချောမောလှပသည့် မိန်းမချောလေးသဏ္ဍာန်မှာ တဖြည်းဖြည်း ပျောက်ကွယ်ကာ မနှစ်မြို့စရာအလောင်း ကောင်ကြီး ပြန်ဖြစ်သွား၍ ပေတူးတယောက် သက်ပြင်းကို ချလိုက်ကာ မီးအိမ်လေးကို ယူ၍ ကျောင်းသို့ ပြန်ခဲ့လိုက်ပါလေတော့သည် ။
◾အခန်း (၇)
ဆရာတော်သည် ပေတူးအား အသုဘကမ္မဋ္ဌာန်းရှု့ရာတွင် ကြုံရသည့်အဖြစ်အပျက်များကို စစ်မေးပြီးနောက် နောက်ထပ် ထပ်မရှု့ခိုင်းတော့ချေ။ဒေါ်သန်းမေ၏ ပုတ်လုလုရုပ်အလောင်းကြီးကို မြေမြှပ်သဂြိုလ်ဖို့ရာအတွက် ဦးကျော်လှိုင် နှင့် ပေတူး သည် ရွာသားများကို အကြောင်းကြားလိုက်၏။ရွာမှ ရွာလူကြီး နှင့် ရွာသားများသည် ဒေါ်သန်းမေ၏ရုပ်အလောင်းကြီးကို သဂြိုလ်ရန်အတွက် မဆိုင်းမတွပင် လူစုပြီး ချက်ချင်းသင်္ချိုင်းသို့လိုက်လာကြသည်။ထို့နောက်ပုတ်လုလု ဒေါ်သန်းမေ၏ ရုပ်အလောင်းကြီးကို အခေါင်းထဲပြန်ထည့်ကာ မြေမြှုပ်သဂြိုလ်လိုက်ကြသည်။ ရွာသားများသည် လူသေမြှုပ်သည့်အခါ ထုံးစံ အတိုင်း ပျော်ပျော်ရွှင်ရွှင်ပင်ဖြစ်၏။ပုတ်လို့မကိုင်ချင်သလို ပွလို့မကိုင်ချင်သလို အပြုအမှုအား မည်သူမှမပြုမှုကြပဲ အလောင်းအား မြေမြှပ်သဂြိုလ်လိုက်ကြသည်။မြေမြှုပ်ပြီးသော အခါလက်အား သန့်စင်အောင်ဆေးပြီး ရွာလူကြီး မွှေးထားသော မီးဖိုတွင်လက်များ မီးပေးနေကြသည်။ရွာလူကြီးသည် ထိုမီးဖိုထဲသို့ နံ့သာတုန်း များထည့်ပြီး မီးကိုတောက်နေစေသည်။ထို့နောက် ရွာသားများသည် ဇရပ်ပေါ်သို့ တက်လာပြီး ပေတူးကို ပြုံးရွှင်စွာကြည့်ကာ စကားဆိုလေသည် ။
“ကျောင်းသားရဲ့သမာဓိကတော့ အံ့သြစရာပဲ ကျုပ်တို့ ရွာသားလူငယ်တချို့ဆို တရက်နဲ့တင် လက်လန်တဲ့သူတွေရှိတယ် တကယ်ကို လေးစားပါတယ် အင်း ကျုပ်တို့ ကျောင်းကဆရာတော်ခေါ်ထားတဲ့ ကျောင်းသားဆိုတော့ ဘယ်ခေမှာလဲ “
“ဒီကျောင်းသားက ဆရာကြီးရဲ့တပည့်ဆိုတာ ဟုတ်လားဗျ ရွာထဲက သန်းလွင်ပြောလို့”
ရွာသားတယောက်သည် ဇရပ်ပေါ်တွင်ထိုင်နေသော ဦးကျော်လှိုင်အား မေးလိုက်လေသည်။ထိုအခါ ဦးကျော်လှိုင်သည် တချက် ပြုံးလိုက်ပြီး
“ဆရာတော့ဟုတ်တယ် အရင်းမဟုတ်ဘူးလို့ ဆိုရမှာပဲ “
“ဘယ်လိုမျိုး ပြောတာလဲ ဆရာကြီး”
“ဒီလိုလေ သူရဲ့ဆရာအရင်းက ဘိုးတော်စိုး “
“ဗျာ ဘိုးတော်စိုး ဟုတ်လား အင်းနဲ့ စမ မှာ ဆရာတဆူ ဘိုးတော်စိုးကို ပြောတာလား “
“ဟုတ်တယ်လေ အင်း၊စမ တို့နဲ့ ပတ်သတ်ရင် ဝိဇ္ဇာဓိုရ် လို့ သတ်မှတ်ရလောက်တဲ့အထိ အင်းနဲ့ စမ အကျော်အမော်ပေါ့ “
ဦးကျော်လှိုင်မှ ထိုသို့ ပြောသောအခါ ရွာလူကြီး သာမက ကျန်သောသူများပါ အံ့ဩနေကြပြီး ပေတူးအား သေချာကြည့်ကာ
“ငါ့တူက ကံထူးတာပဲကွာ တို့ရွာက လူတော်တော်များများ ဘိုးတော်စိုး တပည့်ခံချင်နေတာ မင်းကတော့ တကယ် ကံထူးသူပဲကွာ ပညာကို ကောင်းကောင်းသင် ကြားလား “
“ကျုပ်ကတော့ ထူးချွန်မယ်လို့ မထင်ပါဘူးဗျ “
ပေတူး၏စကားကြောင့် ရွာလူကြီးအပါအဝင် ရွာသားများပါ အံဩကုန်ကြလေသည်။ထို့နောက် ပေတူးသည် ဆက်ပြီးစကားဆိုလေသည် ။
“ကျုပ်က ဆရာကောင်းတွေနဲ့တော့ တွေ့ပါတယ် ဆရာတွေရဲ့ ပညာကို လိုက်မှတ်နိုင်လောက်အောင်အထိတော့ ညဏ်ရည်က မကောင်းဘူးထင်ပါတယ်ဗျာ “
“မဟုတ်တာ ငါ့တူရာ ကြိုးစားစမ်းပါ မင်းတနေ့ အောင်မြင်လာပါမှာပါကွာ ကျောင်းမှာ ကြာဦးမယ် မဟုတ်လား ရွာကိုမကြာမကြာ လာလည်ကွာ ငါတို့ ဆရာတော်ကို ကန်တော့ပြီး ပြန်လိုက်ဦးမယ် “
“ဟုတ်ကဲ့ ဦးကြီး “
ရွာသားများသည် ဦးကျော်လှိုင် နှင့် ပေတူးကို နှုတ်ဆက်ကာ ကျောင်းဘက်သို့ ထွက်သွားလေသည်။ထို့နောက် ဦးကျော်လှိုင်သည် ဇရပ်ပေါ်တွင် ထိုင်နေရမှ ထလိုက်သဖြင့် ပေတူးလည်း မတ်တတ်ရပ်လိုက်သည် ။ဦးကျော်လှိုင်သည် ဒေါ်သန်းမေကို မြှုပ်နှံထားသောနေရာကို ကြည့်ကာ စကားဆိုလေသည် ။
“မောင်ပေတူး အမေကြီးဒေါ်သန်းမေကို ကြည့်စမ်း သေတဲ့ အချိန်ထိကို လူတွေကို အကျိုးပြုသွားတယ် မဟုတ်လား “
“ဟုတ်ပါတယ် “
“ဒီရွာက လူတွေက တရားမြဲတယ်ကွ မုဆိုးက စလို့ပေါ “
“ဦးကြီး မုဆိုးက တရားမြဲတယ်ဆိုတာ ဖြစ်နိုင်ပါ့မလားဗျာ “
“မင်း မကြာခင် သိရမှာပါကွာ မုဆိုးက ငါးပါသီလ လုံတယ် လို့ပြောရင် မင်းယုံမှာ မဟုတ်ဘူး မဟုတ်လား”
ပေတူးပြန်ဖြေခြင်း မပြုပဲ ခေါင်းညှိတ်ပြလိုက်သည်။သူ၏ စိတ်ထဲတွင်တော့ မုဆိုးတယောက်က ဘယ်လိုလုပ်များ သီလလုံနိုင်ပါမည်နည်း ဟုလည်း မေးခွန်းထုတ်နေသည်။သူ တွေးနေသည်ကို သိနေသည့်အလား ဦးကျော်လှိုင်မှာ ပြုံး၍ တချက် ကြည့်လိုက်ပြီး
“ပေတူး ငွေတောင်ရွာရဲ့ထူးဆန်းမှုတွေကို မင်း အကုန်မသိသေးပါဘူးကွာ အခု မင်းစိတ်ထဲ ဘယ်လိုရှိနေလဲ ငါ့ကို ပြောစမ်း “
“ဘာမှ မဖြစ်ပါဘူး ပုံမှန်ပါပဲ “
“ဟုတ်လို့လား မင်းသေချာ ပြန်တွေးကြည့်ပါဦး တခုခုထူးနေသလားလို့ “
ဦးကျော်လှိုင်၏စကားကြောင့် ပေတူးသည် ဘာတွေရမှန်းမသိပေ ပြောင်းလဲခြင်းက ဘာမှရှိမနေသောကြောင့် ဘာမှမဖြစ်ဘူးဟုသာ ဆုံးဖြတ်လိုက်ပြီး
“ဦးကြီး ပုံမှန်ပါပဲ ဘာမှ မပြောင်းလဲသွားပါဘူး “
“အဲ့တာဆို ဆရာတော် ရှု့ခိုင်းတဲ့ အသုဘကမ္မဋ္ဌာန်းက အလကားလို့ ပြောလိုက်တာလား”
“ကျုပ် ညဏ်မမှီတာ ဖြစ်မှာပါ ဆရာတော်ကတော့ အကျိုးမရှိတာကို ကျုပ်ကို မခိုင်းလောက်ပါဘူး “
ပေတူး၏စကားကြောင့် ဦးကျော်လှိုင် ပြုံးလိုက်မိသည် ။ ထို့နောက် ဦးကျော်လှိုင်သည် ပေတူးကို ကြည့်ကာ
“ကဲ မောင်ပေတူး မင်းအမေကို သတိရလား တွေးကြည့်စမ်းကွာ “
ပေတူးသည် ဦးကျော်လှိုင်၏စကားကို နားမလည်နိုင်စွာဖြစ်နေ၏။သို့ပေမဲ့ သူ့အမေအကြောင်းကို တွေးလိုက်သောအခါ မျက်ဝန်းမှ မျက်ရည်တို့သည် ရစ်ဝဲလာပြီး မိခင်ကြီးကို သတိရမိသွားသည်။
“ကျုပ် အမေကို သတိရတယ် ဦးကြီး “
“ဟုတ်ပြီ ပြီးတော့ မင်းချစ်ပါတယ်ဆိုတဲ့ ထမင်းဆိုင်က ကလေးမလေးအကြောင်း တွေးကြည့်စမ်းကွာ “
ပေတူးသည် မေသူအကြောင်းကို တွေးလိုက်သည်။သူ့ စိတ်ထဲ မည်သည့်ခံစားချက်မှ ရှိမနေတော့ပဲ ရင်ဘတ်မှလည်း မအောင့်တော့သလို မျက်လုံးမှ မျက်ရည်တို့သည်လည်း ရစ်ဝဲခြင်းမရှိတော့သည်ကို သူ သတိထားမိပြီး အံ့ဩနေသည်။မေသူ တခြားတယောက်နှင့် တွဲနေသည်ဟု တွေးပြီး ခံစားရအောင် လုပ်ကြည့်သည် မထူး သာမာန်အနေအထားသာ ဖြစ်နေ၍ အံဩနေပြီး ဦးကျော်လှိုင်အား ထူးထူးဆန်းဆန်းကြည့်လိုက်ကာ
“ကျုပ် ကျုပ် သူနဲ့ ပတ်သတ်ပြီး ဘာဝေဒနာမှ မခံစားရတော့ဘူးပဲ “
“ဟားးး ဟားးး ကဲ ကဲ နောက်နေ့ မုဆိုးကြီး ဦးကိုလေးဆီ သွားဖို့ ပြင်တော့ “
ဦးကျော်လှိုင်သည် ထိုသို့သာပြောပြီး ရယ်မောကာဖြင့် မည်သည့် စကားမှထပ်ပြီး မဆိုတော့ပဲ ပေတူးကို ကျောခိုင်းကာ ဘုန်းကြီးကျောင်းဘက်ဆီသို့ ထွက်သွားပါလေတော့သည် ။
◾ဘိုးတော်ပေ နှင့် အသုဘကမ္မဋ္ဌာန်း သည်က ဤမျှသာ ။
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အားေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏
📝မောင်တင်ဆန်း