အိပ်မက်နယ်ပယ်(စ/ဆုံး)
————————-
အိပ်မက်ဆိုတာက လူတိုင်းလူတိုင်း မက်ဖူးတဲ့ အရာတစ်ခုပါ။ ကျနော်လည်း မက်ဖူးသလို။ တခြားသူများလည်း မက်ဖူးကြပါတယ်။ ပျော်စရာအိပ်မက်၊ ကြည်နူးစရာအိပ်မက်၊ ဝမ်းသာစရာအိပ်မက်၊ ဝမ်းနည်းစရာအိပ်မက်၊ ကြောက်ရွံ့တုန်လှုပ်စရာ အိပ်မက် စသည်ဖြင့် စုံနေအောင် မက်ဖူးကြတာ ချည်းပါပဲ။ ပျော်စရာအိပ်မက်တွေ မက်ခဲ့ရင်တော့ အိပ်ရာ နိုးနိုးခြင်းမှာ ဖျက်ခနဲ ဆိုသလို ပျော်ရတာပေါ့။ ဒါပေမယ့် ကြောက်စရာ အိပ်မက်တွေ မက်ခဲ့ရင်တော့ ဖျပ်ခနဲ လန့်နိုးခြင်းမှာ အရမ်းကို တုန်လှုပ်နေတတ်တာက လူတိုင်းလိုလိုပါပဲ။
ဘယ်အိပ်မက်ကို မဆို အစွဲအလမ်းတော့ မထားသင့်ပါဘူး။ ချွင်းချက်ကတော့ ရှိတာပေါ့။ လူတွေဟာ အိပ်မက် မက်ပြီးတာနဲ့ အချိန်ခဏလေး အတွင်းမှာ အဲ့ဒီ အကြောင်းကို တဖြေးဖြေးနဲ့ မေ့သွားတတ်ကြပါတယ်။ မက်ထားခဲ့တဲ့ အကြောင်းအရာကို ခပ်ရေးရေးသာ ပေါ်နေတတ်တာပါ။ နည်းနည်းပါးပါး မှတ်မိတာတွေလည်း ရှိကြပါတယ်။
ကျနော်ဆိုရင် အလွန် တုန်လှုပ်ခဲ့ပြီး ခြောက်ခြားစရာတွေ ဖြစ်နေခဲ့တဲ့ အတွက် လန့်နိုးနိုးခြင်းတွေမှာ ရေးသားပြီး မှတ်ထားခဲ့တာကြောင့် အခုလို ပြန်လည် ပြောပြနိုင်ခြင်းပါ။
********** **********
‘ကြောက်စရာ သတ္တဝါကြီး’
အိပ်မက်ထဲမှာ ကျနော်ရယ် အဖေရယ် အမေရယ် ပြီးတော့ ကျနော်တို့ အိမ်နားက ကလေးတွေလည်း ပါပါတယ်။ ကလေးတွေက သုံးယောက်ပါ။ အိပ်မက်ထဲမှာ ကျနော်တို့ အိမ်က မြို့ထဲမှာ မဟုတ်ပါဘူး။ တောထဲမှာ အိမ်ဆောက်ထားခြင်း ဖြစ်ပါတယ်။
အိမ်လေးကတော့ ပျဉ်ထောင်အိမ်လေး တစ်လုံးပါ။ အဲ့ဒီ ပျဉ်ထောင် အိမ်လေးရဲ့ အရှေ့ခပ်လှမ်းလှမ်းမှာ သစ်နဲ့ ဆောက်ထားတဲ့ နှစ်ထပ်အိမ်လေး တစ်လုံးလည်း ရှိနေပါတယ်။ အဲ့ဒီအိမ်လေးကတော့ အမိုးပဲ ပါပါတယ်။ အကာအရံတော့ မပါပါဘူး။ ဟာလာဟင်းလင်းပါ။
တစ်ခုထူးတာက ကျနော်တို့နေတဲ့ အိမ်လေးမှာ TV မထားရှိပဲ အဲ့ဒီ အကာအရံမရှိတဲ့ နှစ်ထပ် အိမ်လေးမှာပဲ TV ထားရှိတာပါ။ ပြီးတော့ TV ကို အပေါ်ထပ်မှာပဲ ထားတာပါ။
တစ်နေ့မှာ ကျနော်တို့နေတဲ့ မြို့လေးက ရေတွေကြီးပါတော့တယ်။ မိုးတွေကလည်း တော်တော်ကို ရွာလို့နေပါတယ်။ အဲ့ဒီအချိန်မှာ ကျနော်က မြို့ထဲကနေ တောထဲက အိမ်ကိုပြန်လာတာပါ။ ညနေပိုင်းပါပဲ။ အိမ်ကိုရောက်တော့ အဖေနဲ့အမေအပြင် ဘေးအိမ်က ကလေး သုံးယောက်ကိုပါ တွေ့ရပါတယ်။
ဒီလိုနဲ့ ညနေစောင်းလာတော့ မိုးကလည်း တိတ်သွားပါတယ်။ ဒါနဲ့ပဲ ကျနော်တို့ TV ဖွင့်ကြည့်ခဲ့ကြပါတယ်။ တောထဲမှာ မီးမရှိပဲ TV ဘယ်လိုကြည့်လည်းတော့ မသိပါဘူး။ ကျနော်တို့ ကြည့်နေတဲ့ ကားကတော့ ဖုတ်ကောင်ကားပါ။ လူသေတွေကို အစီအရင်လုပ်ပြီး ဖုတ်သွင်းထားတဲ့ ရုပ်ရှင်ကား တစ်ကားပါ။ အပြင်မှာတော့ ဒီရုပ်ရှင်ကား တကယ်ရှိမရှိတော့ ကျနော်လည်း မသိပါဘူး။
TV ထဲမှာ လာနေတဲ့ ဇာတ်လမ်းကတော့ ဟိုးယခင် နှစ်ပေါင်း အတော်ကြာတုန်းက တောထဲမှာ နေကြသူတွေက လူတွေသေခဲ့ရင် အစီအရင်နဲ့ ပြုလုပ်ကာ သစ်ပင်ကြီး တစ်ပင်ကို လူတစ်ယောက်စာ အပေါက်ဖောက်ပြီး လူသေကို ထည့်ထားလိုက်ကြပါတယ်။ ပြီးရင် အပေါ်ကနေ ခွာထားတဲ့ အသားကို ပြန်ကပ်ပြီး အစီအမံနဲ့ လုပ်လိုက်တဲ့အခါ တစ်ကယ့် အပင်အတိုင်း ပြန်ဖြစ်သွားပါတော့တယ်။ အပင်ထဲမှာ လူသေ တစ်ကောင်တော့ ရှိနေခဲ့တာပေါ့။
သူတိုရဲ့ ရည်ရွယ်ချက်က လူသေထည့်ထားတဲ့ အပင်ကို ခုတ်ခဲ့ရင် အဲ့ဒီလူသေက ဖုတ်ဝင်ပြီး အပြင်ကို ပြန်ထွက်လာအောင်ပါ။ သူတို့တွေ ဒီတောတောင်ထဲမှာ မရှိကြတော့တဲ့အခါ ကျန်တဲ့လူတွေကို ဒုက္ခပေးတဲ့ သဘောပေါ့။
ဒီလိုနဲ့ နှစ်ပေါင်း တော်တော်ကြာပြီးတဲ့ အချိန်မှာတော့ အဲ့ဒီတောထဲကို လူတွေ ရောက်လာပြီး သစ်ပင်တွေကို ခုတ်လှဲကြပါတော့တယ်။ ပထမတစ်ရက်မှာ ဘာမှ မဖြစ်သေးပါဘူး။ ဒုတိယ တစ်ရက်ကျတော့ လူသေထည့်ထားတဲ့ အပင်ကို ခုတ်လှဲ မိသွားပါတော့တယ်။ သစ်ခုတ်တဲ့ အဖွဲ့ကလည်း ဒီအကြောင်းကို မသိကြဘူးပေါ့။
ဒီလို အပင်လဲသွားတဲ့ အခါမှာတော့ အပင်ထဲကနေ တစ်စုံတစ်ခုက တိုးထွက်နေသလို တွေ့လိုက်ကြရတော့ သစ်ပင်ခုတ်တဲ့သူ အားလုံးက အံ့ဩနေကြပါတယ်။ သူတို့တွေ ကြည့်နေကြတုန်းမှာပဲ အပင်ကြီးက သစ်ခေါက်တွေ ကွာထွက်လာတာကို တွေ့လိုက်ပါတယ်။ ဒီတော့ သစ်ခုတ်သမားတွေ ခမြာ ဘာမှန်းမသိသေးပဲ ဟင်ခနဲ ဟာခနဲ ဖြစ်နေ ကြပြီး စိုးထိတ်နေကြပါတယ်။
ဒီလို သစ်ခေါက်တွေ ကွာလာပြီးတော့ အပင်ကြီးထဲကနေ လေးဘက် ထောက်ပြီး လူတစ်ယောက် ထွက်လာတာကို အားလုံးက မြင်တွေ့ လိုက်ရပါတယ်။
လူလို့ ပြောရပေမဲ့ လူနဲ့တော့ လုံးဝမတူပါဘူး။ ဆံပင်မပါပဲ ကတုံးပြောင်နဲ့ပါ။ မျက်လုံးက နီပြီး ပြူးထွက်နေပါတယ်။ ပါးစပ်ကို ဖြဲထားလေတော့ အထဲက သွားတွေကို အတိုင်းသား မြင်နေရပါတယ်။ သွားတွေက ဝါထိန်လို့ နေပါတယ်။ ခန္ဓာကိုယ်မှာလည်း အသားဖတ်တွေက ကွာထွက် နေပါသေးတယ်။ ဒါပေမယ့် သွေးတော့ မထွက်ပါဘူး။ အသားတွေက အဖတ်လိုက် ကွာကျနေတာပါ။ အကျီလည်း မပါပါဘူး။ ဘောင်းဘီကတော့ ဘောင်းဘီလို့တောင် ပြောလို့ မရပါဘူး။ ဟောင်းနွမ်းပြီး အရောင်အဆင်းတောင် မပေါ်တော့ပါဘူး။ လူတစ် ယောက်နဲ့ မတူပဲ ကြောက်စရာ သတ္တဝါ တစ်ကောင် ပုံသဏ္ဌာန်ပါ။ တကယ်တော့ ဖုတ်ကောင်ကြီးတစ်ကောင်ပေါ့။
အဲ့ဒီ ဖုတ်ကောင်ကြီးက သစ်ပင်ထဲကနေ ထွက်လာခဲ့ပြီးတဲ့ အခါ လူတွေကို တွေ့လိုက်လေေတာ့ တရွေ့ရွေ့နဲ့ လူတွေဆီကို လာနေပါတော့တယ်။ ပါးစပ်ကိုဖြဲပြီး ရန်လိုတဲ့ပုံနဲ့ ချဉ်းကပ်လာခြင်းပါ။ ဒီတော့ လူတွေကလည်း လူမဖြစ်နိုင်လောက်ဘူး သရဲလား ဘီလူးလား မသိဘူးဟု တွေးတောကာ ဓားနဲ့ ပစ်သူကပစ်။ လှမ်းခုတ်သူက ခုတ်။ ပုဆိန်နဲ့ပစ်သူပစ် ခုတ်သူခုတ်နဲ့ ကြောက်လန့်တကြား ဖြစ်ကုန်ပါတော့တယ်။
ဒီလို ဓားနဲ့ခုတ် ပုစိန်နဲ့ ပေါက်ပေမယ့် ဘာမှအရာမယွင်းပါဘူး။ ဒီတော့ လူတွေလည်း ထွက်ပြေးကြတာပေါ့။ ဒီတော့ အဲဒီ့ ဖုတ်ကောင်ကြီးက လေးဘက်ထောက်လျက် မာန်ဖီကာ လူတွေဆီကို တဂီးဂီး တဂဲဂဲအော်ပြီး လိုက်နေခဲ့ပါတယ်။ ကျနော်တို့လည်း ကြောက်ကြောက်နဲ့ ဆက်ကြည့်နေ တုန်းမှာပဲ TVက မကွဲပဲနဲ့ TV ထဲကနေ စောစောက ဖုတ်ကောင်ကြီးက တိုးထွက်လာတာကို ကြောက်ရွံ့ဖွယ် တွေ့လိုက်ရပါတော့တယ်။
ဒီတော့မှ ကျနော်တို့လည်း အားခနဲ အော်လိုက်ကြပြီး ‘ဟာ.. ဟိုမှာ ဖုတ်ကောင်ကြီး ထွက်လာပြီ’ လို့ ပြောလိုက်ကာ အပေါ်ထပ်ကနေ အောက်ကို ဆင်းပြေးကြပါတော့တယ်။ ရင်တွေလည်း တော်တော်လေး တုန်လို့နေပါတယ်။ ကလေးတွေဆိုရင် ဆင်းပြေးရင်းနဲ့ သရဲကြီးလိုက်လာပြီ ဆိုပြီး အော်ကြကာ ငိုလည်း ငိုနေကြပါပြီ။
ကျနော်တို့လည်း ပျဉ်ထောင်အိမ်ထဲကို ဝင်ပြေးကြပါတယ်။ အိမ်ထဲကို ရောက်တော့ တံခါးတွေကို ဂျက်ထိုး ထားလိုက်ပါတယ်။ ပြတင်းပေါက် တွေရော တံခါးအားလုံးကို လိုက်လံပိတ်ပြီး ဂျက်ထိုးကာ ထားလိုက် ပါတော့တယ်။ အချိန်က ညနေ နေဝင်ရီသရောဆိုတော့လည်း အလင်းရောင်က အနည်းငယ် ရနေပါသေးတယ်။
ကျနော်က ကလေးတွေ ငိုနေကြတာကို တွေ့တော့ အသံပိတ်အောင် ဆိုပြီး အဝါရောင် တိတ်ခွေကြီး တစ်ခွေနဲ့ ကလေးတွေရဲ့ ပါးစပ်ကို ကပ်ပေးထားလိုက်ပါတယ်။ ကျနော်တို့ အကုန်လုံးက အခန်းထဲကို ဝင်ပုန်းနေကြတာပေါ့။ ဒီအချိန်မှာတော့ ဖုတ်ကောင်ကြီးက ကျနော်တို့ ရှိနေတဲ့ အိမ်ကို ကြည့်ပြီး တရွေ့ရွေ့နဲ့ လာနေတာကိုလည်း အိမ်ထဲကနေ တွေ့နေရပါတယ်။ အခန်းထဲကနေ အပြင်ဘက်ကို ကျနော်က ချောင်း ကြည့်နေခဲ့တာပါ။
ကျနော်လည်း ရင်တွေတုန်နေပြီး ဘာလုပ်ရမလည်း မသိအောင် ဖြစ်နေမိပါတယ်။ အဖေနဲ့ အမေကတော့ ဘုရားသာ စာရွတ်နေကြ တာပေါ့။
ဒီလိုနဲ့ အိမ်တံခါးဝကနေ တဒုန်းဒုန်းနဲ့ တံခါးကို ပုတ်လိုက်တဲ့ အသံကို ကြားလိုက်ရပါတယ်။ ပြီးတော့ အာလုပ်သံကြီးနဲ့ တအီးအီး အော်မြည်ကာ အိမ်ဘေးကနေ ပတ်သွားနေတဲ့ အသံကိုလည်း ကြားနေရပါတယ်။ ကျနော်လည်း စောင်တစ်ထည်ယူပြီး ကလေးသုံးယောက်ကို ခြုံပေးထားလိုက်ပါတယ်။ သူတို့က ကြောက်လန့်ပြီး အော်လိုက်ရင် မလွယ်ဘူးလေ။ အခုတောင် တိတ်ခွေကြီးနဲ့ ကပ်ပေးထာလို့သာ တော် ရော့တာပါ။
အဲ့ဒီဖုတ်ကောင်ကြီးက အိမ်ဘေးကနေ ပတ်သွားနေပြီး နောက်ဖေး ပေါက်ကို ရောက်လာတဲ့ အသံကို ထပ်ပြီး ကြားလိုက် ပြန်ပါတယ်။ ပြီးတော့ နောက်ဖေးက တံခါးပေါက်ကိုလည်း တဒုန်းဒုန်းနဲ့ ထုရိုက် နေပြန်ပါတယ်။ ခဏအကြာမှာတော့ ဘာအသံကိုမှ ထပ်ပြီး မကြား ရတော့ပါဘူး။ လှုပ်ရှားမှုရော အသံပါ ပျောက်သွားပါတော့တယ်။
ထို့နောက်မှာတော့ ရုတ်တရက် ဆိုသလို ကျနော်တို့ ပုန်းနေတဲ့ အခန်းအောက်မှာ တဂီးဂီးနဲ့ မာန်ဖီသံကြီးကို ကြောက်မက်ဖွယ် ကြားလိုက် ရပါတော့တယ်။ အိမ်အောက်ကို ရာက်လာတာပါ။ ဒီအခါ ကျနော်တို့လည်း လုံးဝငို အသံ မထွက်ရဲတော့ပါဘူး။
ဒီအချိန်မှာပဲ အိမ်အောက်ကနေ ကြမ်းပြင်ကို ဒုန်းခနဲ ဝင်ဆောင့်လိုက်တဲ့ အသံကို ကြားလိုက်ရပါတယ်။ အဲ့ဒီ ဖုတ်ကောင်ကြီးက အိမ်အောက်ကနေ ကြမ်းပြင်ကို ဝင်တိုက်ပြီး ကြမ်းတွေ ကွာသွားအောင် လုပ်နေခြင်းပါ။ တံခါးတွေကကျတော့ ဂျက်ကြီးတွေ နှစ်ခုလောက် ထိုးထားလေတော့ ဖွင့်မရတဲ့အတွက် အိမ်အောက်ဝင်ကာ ကြမ်းပြင်ကို ခေါင်းနဲ့တိုက်ပြီး ဖွင့်နေခြင်းပါ။
ဒီတော့ ကျနော်တို့လည်း အိမ်ထဲကနေ ထွက်ပြေးမယ်လို့ ကြံစည်နေတုန်းမှာပဲ ဒုန်းဆိုပြီး ကြမ်းပြင်ကြီး ပွင့်ထွက်သွားကာ ဖုတ်ကောင်ကြီးက တဂီးဂီး တဂဲဂဲ အော်မြည်လျက် အိမ်ပေါ်ကို အတင်းပင် ကုတ်ဖက်ကာ တက်လာပါတော့တယ်။
ဒီတော့ ကျနော်တို့ အားလုံးလည်း ပြေးစရာ မြေမရှိတော့ပါဘူး။ ကြောက်ကလည်းကြောက်။ ရင်ထဲမှာလည်း တဒုန်းဒုန်းနဲ့ ရင်တွေလည်း တုန်နေခဲ့ပါပြီ။ ဘာလုပ်ရမှန်းလည်း မသိတော့ပါဘူး။ ဒီအချိန်မှာပဲ အာခေါင်ခြစ်ပြီး အော်လိုက်တဲ့ ဂီး…ဆိုတဲ့ အော်သံကြီးကို ရုတ်တရက် ကြားလိုက်ရပြီး ကျနော်တို့ ပုန်းနေတဲ့ နေရာဆီကို ခုန်အုပ်လိုက် ပါတော့တယ်။
*****
ဒီနေရာမှာပဲ ကျနော်လည်း လန့်နိုးသွားခဲ့တာပါ။ နိုးနိုးခြင်းမှာပဲ အသားတွေတုန် ရင်တွေတုန်နေခဲ့ပါတယ်။ ပြီးတော့ သေသေချာချာ မှတ်ထားသားပြီးတော့ အခုလို ချပြလိုက်ရခြင်းပဲ ဖြစ်ပါတော့တယ်။
********** **********
‘အိပ်မက်ထဲမှာ တွေ့ခဲ့ခြင်း’
ဒီအဖြစ်အပျက်လေးက မဆန်းကြယ်သော်လည်း ထူးဆန်းနေ၍ ရေးသား လိုက်ခြင်း ဖြစ်ပါတယ်။ ကာယကံရှင်ရဲ့ နာမည်ကို ထိန်ချန်ထားခဲ့ပါတယ်။
*****
တစ်နေ့ မနက်ခင်း အချိန်လောက် မှာပေါ့။ ကျနော်နေထိုင်ရာ မြို့အပိုင်ထဲက ကျေးရွာတစ်ရွာမှာ ကျနော်နဲ့ ညီအစ်ကိုလို ခင်မင်ရတဲ့ လူတစ်ယောက်ရှိပါတယ်။ ကျနော်လည်း ပျင်းပျင်းရှိတာနဲ့ သူ့ဆီကို သွားအုန်းမယ်လို့ တွေးပြီး အိမ်ရှိ ဆိုင်ကယ်လေးနဲ့ ထွက်လာခဲ့ပါတယ်။ သူ့ရဲ့ အိမ်ကို ရောက်တဲ့အခါ ဆိုက်ဆိုက်မြိုက်မြိုက်ပဲ သူ့နဲ့ တွေ့ပါတယ်။ ရောက်တတ်ရာရာ ပြောကြဆိုကြရင်းနဲ့ သူက သူမက်ခဲ့တဲ့ အိပ်မက် အကြောင်းလေးကို ပြောပြတဲ့အခါ ထူးထူးဆန်းဆန်းလေး ကြုံခဲ့ရ၍ ပြန်လည် ရေးသားလိုက်ရပါတယ်။
အိပ်မက်ဆိုတာ လူတိုင်း မက်ဖူးကြပေမဲ့ တစ်ချို့ အိပ်မ က်တွေကတော့ တော်တော်လေး ထူးဆန်းပြီး ထိတ်လန့်ဖွယ်လည်း ကောင်းလှပါတယ်။ စာဖတ်သူတို့လည်း ကြားဖူးမှာပါ။ အိပ်နေရင်းနဲ့ ကိုယ်အိပ်နေတာကို ကိုယ် ပြန်မြင်ရတာတွေ။ တခြားတစ်နေရာကို ရောက်သွားတတ်တာ တို့ပေါ့။
သူမက်ခဲ့တာကတော့ သူက အိပ်မက်ထဲမှာ ဘုရားလေးငူ ဆိုတဲ့ ကျေးရွာတစ်ရွာကို ရောက်သွားတာပါ။ ဘုရားလေးငူကျေးရွာ ဆိုတာက ကျနော့်တို့ မြို့နဲ့ဆိုရင် တော်တော်လေး အလှမ်းပါတယ်။ ၁၅ မိုင် ကျော်ကျော်လောက်ကို ဝေးတာပါ။ အဲ့ဒီ ဘုရားလေးငူရွာနဲ့ ဘုရားလေးငူ စေတီရဲ့ ကြားမှာ သုသာန်တစ်ခုလည်း ရှိပါသေးတယ်။ ကျနော်တို့ နေထိုင်တဲ့ မြို့ကနေ သွားရင် ရွာကိုကျော်ပြီး ရွာသချိင်္ုင်းကို ရောက်မယ်။ ပြီးတော့မှ စေတီရှိရာကို ရောက်မှာပါ။
အိပ်မက်ထဲမှာ သူက အဲ့ဒီစေတီ ရှိရာကို သွားနေခြင်းပါ။ အိပ်မက်ထဲက အချိန်ကလည်း ညဘက်ပါပဲ။ ဘာအကြောင်းနဲ့ သွားနေတာလည်း ဆိုတာတော့ သူ့အနေနဲ့ လုံးဝမသိပါဘူး။ ဒီလိုနဲ့ သူလည်း ဘုရားလေးငူရွာကို ဖြတ်လာခဲ့ပါတယ်။ အရင်က အဲ့ဒီရွာကို သူလည်း တစ်ခါမှတော့ မရောက်ဖူးပါဘူး။ ကြားဖူးရုံပဲ ရှိခဲ့ပါ။
ဒီတော့ ဘာလို့ ဘုရာလေးငူ ရွာမှန်း သိတာလည်း ဆိုတာကတော့ ရွာအဝင်မှာ ဘုရားလေးငူကျေးရွာ ဆိုပြီး ဆိုင်းဘုတ်တစ်ခု ရေးသားထားတဲ့အတွက် သိခဲ့တာပါ။ ပတ်ဝန်းကျင်မှာတော့ လအနည်းငယ် သာနေတာကလွဲရင် တိတ်ဆိတ်ပြီး ခြောက်ကပ်နေပါတယ်။ အဲ့ဒီရွာထဲကို သူလည်း လုံးဝမဝင်ပဲ ဘုရားဆီကိုသာ ဆက်လျောက်လာခဲ့ပါတယ်။
ထိုအခါ ရွာကို ကျော်လာတော့ သုသာန်ကြီးတစ်ခုကို တွေ့လိုက်ရ ပါတယ်။ ဒီလိုလည်း တွေ့လိုက်ရတဲ့အခါ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ညမှောင်မှောင်မှာ ဆိုတော့ သူလည်း ကြောက်နေမိခဲ့ပါတယ်။ ထူးဆန်းတာက အဲ့ဒီ သုသာန်အဝမှာ ဖြုန်းခနဲ အမျိုးသမီးငယ် နှစ်ယောက်ကို တွေ့လိုက်ရခြင်းပါ။
ညကြီးမိုးချုပ် သုသာန်အဝမှာ အမျိုးသမီးနှစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရတဲ့အခါ အံ့ဩနေမိခဲ့ပါတယ်။ သူကြည့်လိုက်တဲ့အခါ အဲ့ဒီ အမျိုးသမီးနှစ်ယောက်က သူ့ကို ပြန်ပြီး စိုက်ကြည့်နေတာကိုလည်း ကြက်သီးထဖွယ် တွေ့လိုက်ရပါတယ်။ ဒီတော့ သူ့စိတ်ထဲမှာ ဘာရယ် မဟုတ်ပဲ စကားပြောချင် လာခဲ့ပါတော့တယ်။ သူ့ကိုယ်သူလည်း ဘာဖြစ်နေမှန်း မသိခဲ့ပါဘူး။ ကြောက်နေပေမဲ့ စိတ်ကိုတင်းကာ ပါးစပ်က ပြော လိုက်ပါတယ်။
“ညီမတို့.. ဒီအချိန်ကြီး ဘယ်သွားကြမလို့လည်း.. ပြီးတော့ ဒီမှာ ဘာလုပ်နေတာလည်း”
ဆိုပြီး မေးကြည့်လိုက်မိပါတယ်။ ဒီတော့ ထိုအမျိုးသမီး နှစ်ယောက်က ပြန်ပြောလိုက်ပါတယ်။ သူတို့ရဲ့ အသံကလည်း ပုံမှန် လူတစ်ယောက်လို အသံမျိုးပါပဲ။
“ကျမတို့က ဒီရွာကပါ.. ဒီမှာပဲ နေကြတာပါ တစ်ချိန်ထဲမှာ အတူတူ သေခဲ့ တဲ့ ညီအမနှစ်ယောက်ပါ”
ဒီလိုလည်း ကြားလိုက်ရတဲ့အခါ သူလည်း တော်တော်လေး အံ့ဩသွားမိပါတယ်။ သူ့ကိုများ နောက်နေကြတာလား ဆိုပြီးလည်း တွေးနေမိပါတယ်။ ဒါပေမဲ့ သူတို့ ပုံစုံတွေက စ,နောက်နေကြတဲ့ ပုံလည်း မပေါက်ပါဘူး။ အမှန်တကယ် ပြောနေကြတဲ့ ပုံမျိုးပါပဲ။ဒီအခါ သူလည်း စိတ်ထဲမှာ တော်တော်လေးလည်း ထိတ်လန့်သွားမိပါတော့တယ်။ ဒါ့ကြောင့် အဲ့ဒီနေရာကနေ ထွက်သွားဖို့ ခြေလှမ်း ပြင်လိုက်ရုံလေးမှာပဲ ထိုအမျိုးသမီး နှစ်ယောက်က ထပ်ပြီး ပြောလိုက်ပြန်ပါတယ်။
“အကိုကရော ဘယ်သွားမှာလည်း.. ကျမတို့နဲ့ အတူတူလာနေပါလား.. ကျမတို့ ညီအမနှစ်ယောက်ထဲ ပျင်းလို့ပါ”
ဆိုပြီး ပြောလိုက်ကာ ချက်ချင်းပဲ သူ့အနားကို ရောက်လာပြီး သူ့လက် နှစ်ဖက်ကို တစ်ယောက်တစ်ဖက်ဆီ ဝိုင်းဆွဲကြပါတော့တယ်။
ကောင်မလေးတွေကတော့ အသားလတ်လတ် ဆံပင်က ခါးလောက် ရှိပါတယ်။ ရုပ်ရည်ကတော့ ခပ်ဆင်ဆင်ပါ။ ကြည့်ပျော် ရှု့ပျော်တော့ ရှိပါတယ်။ သူလည်း ဒီလို ဝိုင်းဆွဲကြတဲ့အခါ ကြက်သီးတွေက တဖြန်းဖြန်းထလျက် တော်တော်လေး ကြောက်လာခဲ့ပြီး အထိတ်ထိတ် အလန့်လန့် ဖြစ်ကာ အတင်းရုန်းပါတော့တယ်။
“အာ… မနေဘူး.. မနေပါဘူး ဖယ် ဖယ်”
ဆိုပြီး အတင်းကို ရုန်းပါတော့တယ်။ ဒီတော့ ထိုအမျိုးသမီး နှစ်ယောက်က လည်း..
“မရဘူး.. မရဘူး.. ဒီမှာပဲ နေရမယ်”
ဆိုပြီး အတင်းကို ထပ်ပြီး ဆွဲထားပါတော့တယ်။ တဖြေးဖြေးနဲ့ သူတို့နှစ်ယောက်ရဲ့ အသံကလည်း ဒေါသအသံတွေ ပါလာတာကို သူလည်း သတိထားလိုက် မိပါတော့တယ်။
သူကလည်း မနေဘူး ဆိုပြီးပြောကာ အတင်း ရုန်းကန်နေတာပေါ့။ ဒီအခါမှာတော့ ထိုအမျိုးသမီးနှစ်ယောက်ရဲ့ မျက်နှာကြီးတွေ ရုတ်တရက် နီမြန်းလာခဲ့ပြီး သူတိုရဲ့ ခန္ဓာကိုယ်ထဲကနေ တစ်စက်စက်နဲ့ ရေတွေ စိမ့်ကျလာတာကို တွေ့လိုက်ရမိပါတော့တယ်။
အဲ့ဒီလိုလည်း တွေ့လိုက်တဲာအခါ သူလည်း စိတ်ထဲမှာ အရမ်းကို ကြောက်လာခဲ့ပြီး မရမက အတင်းကို ရုန်းကန်ကာ ထွက်ပြေးလိုက် ပါတော့တယ်။
ဒီတော့မှသာ ဖျပ်ခနဲ အိပ်မက်ကနေ နိုးလာခဲ့တာပါ။ လန့်နိုးလာ ခြင်းမှာပဲ ချွေးတွေ ရွှဲနစ်နေခဲ့ပါတယ်။ ပြီးတော့ ဟောဟဲဆိုက်ကာ မောလည်း မောနေခဲ့ပါတယ်။ ရင်ထဲမှာလည်း တဒိတ်ဒိတ်နဲ့ ခုန်နေခဲ့တာပေါ့။ အဲ့ဒါနဲ့ ဘုရားစာတွေ ရွတ်ပြီး ပြန်မအိပ်ရဲတော့ပဲ တစ်ညလုံးကို ငုတ်တုတ်သာ ထိုင်နေခဲ့ရပါတော့တယ်။
ဒီလိုနဲ့ မနက် မိုးလင်းလာတဲ့အခါ သူလည်း စဉ်းစားမိ လိုက်ပါတယ်။ ဘုရားလေးငူ ရွာကနေ ပြောင်းလာတဲ့ သူတွေများ အနီးအနားမှာ ရှိမလားဆိုပြီးတော့ တွေးနေခဲ့မိပါတယ်။ ခနကြာတဲ့အခါ သူနေတဲ့ လမ်းရဲ့ အရှေ့လမ်းက လင်မယားနှစ်ယောက်ကို သတိရလိုက် မိပါတယ်။ အဲ့ဒီ လင်မယားနှစ်ယောက်က ဘုရားလေးငူရွာကနေ သူတို့ရွာကို ပြောင်းလာတာ မကြာသေးပါဘူး။ သူ့အိမ်နဲ့လည်း နီးတော့ သူလည်း သတိရလိုက် မိတာပေါ့။
ဒါနဲ့ အချိန်မဆိုင်းတော့ပဲ ထိုလင်မယား နှစ်ယောက်ဆီကို သွားပြီး မေးမြန်းခဲ့ပါတယ်။ အဒေါ်တို့ ရွာမှာ တစ်ချိန်ထဲ အတူတူသေတဲ့ ညီအစ်မ ဆိုတာများ ရှိသလားပေါ့။ အဲ့လို မေးလိုက်တော့ အဒေါ်ကြီးက ခဏ စဉ်းစားလိုက်ပြီး..
“အေး ရှိတာပေါ့.. မကြီးနဲ့ မငယ် တဲ့.. သူတို့နှစ်ယောက်လုံးက ရေနစ်ပြီး သေသွားကြတာလေ.. ငါးလ ခြောက်လ လောက်တော့ ရှိပြီထင်တယ်.. ဒါနဲ့ နေပါဦး ဘာဖြစ်လို့လည်းကွယ်”
ဆိုပြီး ပြောပြကာ သူ့ကို ပြန်မေးနေပါတယ်။ ဒီတော့ သူလည်း ညက အိပ်မ က်အကြောင်းကို အကြောင်းစုံ ပြန်ပြောပြလိုက်တဲ့အခါ ထိုအဒေါ်ကြီး လည်း တော်တော်လေး အံ့ဩသွားပါတော့တယ်။
အဲ့ဒီနောက် မှာတော့ သူလည်း ရွာက ဘုန်ကြီးကျောင်းကို သွားပြီး ဦးဇင်းတစ်ပါးကို ဖြစ်ကြောင်း လျောက်ထားလိုက်တဲ့ အခါ အဲ့ဒီ ဦးဇင်းက သူ့ကို လက်မှာပတ်တဲ့ လက်ဖွဲ့လေးတစ်ခု ပေးလိုက်ပါတယ်။ အဲ့ဒီလက်ဖွဲ့လေးကို လက် မှာ အမြဲ ပတ်ထားပါတဲ့။ ဒါနဲ့ပဲ သူလည်း အဲ့ဒီ အချိန်ကစပြီး လက်မှာ ဘုန်းကြီးရဲ့ လက်ဖွဲ့ကြိုးလေး ပတ်ထားခဲ့တာ အခုချိန် အထိပါပဲ။
*****
ကျနော် ထင်မိတာကတော့ အိပ်နေတဲ့ အချိန်မှာ သူရဲ့ ဝိညာဉ်က လွင့် နေခဲ့ပြီး ထိုညီအစ်မ နှစ်ယောက်နဲ့ အကြောင်းတိုက်ဆိုင်လို့ တွေ့ခဲ့တယ်လို့ ထင်မိပါတယ်။ လောကကြီးမှာ ကိုယ့်ဥာဏ်လေးနဲ့ လိုက် မမှီနိုင်တဲ့ အကြောင်းတွေကတော့ အများကြီးပါပဲ။
**********
..ပြီးပါပြီ..