အိမ်နီးချင်း

အိမ်နီးချင်း – မိုးမိုး(အင်းလျား)

“မောင်ရေ…..ဟိုဘက်နှစ်အိမ်ကျော်က မုံ့ဟင်းခါးကြွေးတဲ့ ၊ လာဖိတ်တယ် ၊ မောင်ဝင်သွားလိုက်နော်”
“ဟာ….မောင်နောက်ကျနေပြီ ၊ အေးပဲ သွားလိုက်ပါနော် ၊ ဒီနားက လူတွေနဲ့လည်း ရင်းနှီးသွားအောင် မိန်းမဆိုတော့ ပိုကောင်းတာပေါ့”
ကျွန်မတို့ သည်ရပ်ကွက်ကို ပြောင်းလာသည်မှာ သိပ်မကြာသေးပေ။အနီးအနားမှ လူများနှင့်လည်း မရင်းနှီးလှသေး။ကျွန်မတို့လည်း စကားနည်း၍ သူတို့ကလည်း အရိပ်အကဲကြည့်၍ အဝေးမှသာ အကဲခပ်နေကြဟန် တူသဖြင့် သူစိမ်းများသဖွယ် ဖြစ်နေကြရသေး၏။တကယ်တော့ ကျွန်မသည် အရောတဝင် စပ်စပ်စုစုနေတတ်သူများကို နှစ်သက်သူမဟုတ်ပေ။သည်လို ရပ်ကွက်မျိုးတွင်နေလျင် ထိုသို့ စပ်စပ်စုစု ရောရောနှောနှော ဖြစ်လာမည်ကို သိသဖြင့် အစကပင် ခပ်မှန်မှန်နေသည်က ကောင်းမည်ဟု ယူဆမိသည်။သို့သော် လူ့ဝတ္တရားအရ သာမှုနာရေးကိုတော့ ဆောင်ရွက်ရပေမည်။
ကျွန်မ အလှူအိမ်သို့ ရောက်ချိန်ဝယ် လူအတော်စုံနေပေပြီ။နောက်ကျမှလည်း ဝင်လာ လူကလည်း မျက်နှာသစ်ဖြစ်သဖြင့် အားလုံးလိုလိုက ကြည့်နေကြသည်။အိမ်ရှင်မနှင့် တူသူက ကျွန်မကို နေရာပေးရင်း ဖိတ်ခေါ်၏။လက်ဖက်ရည်ဝိုင်းတွင် ထိုင်သူနှင့် အမျိုးသမီးတစ်ဦးက ဦးစွာ ကျွန်မလုံချည်ကို သေသေချာချာ စိုက်ကြည့်ရင်း စကားစ၏။
“ဒေါ်လှမြိုင်တို့ အိမ်ကို ပြောင်းလာတာ မဟုတ်လား’
“ဟုတ်ကဲ့”
“ဘယ်ကပြောင်းလာတာလဲ”
“ရန်ကုန်မြို့ထဲကပါ”
“ဪ…. မြို့ထဲမှာ ဘာလို့ မနေတာလဲ”
တစ်ယောက်က ကြားဖြတ်မေးလိုက်သည်။ကျွန်မက အလိုက်သင့် ပြန်ဖြေနေရ၏။မျက်နှာကိုလည်း အချိုဆုံး ပြုံးထားမိ၏။သည်လူတွေက အရှည်သဖြင့် ဆက်ဆံရမည့်သူများ မဟုတ်ပါလား။
“မြို့ထဲမှာနေတာက လက်ထပ်ပြီး အိမ်ရှာလို့မရသေးတာနဲ့ ခဏနေတာပါ”
“အသိအိမ်လား”
“မဟုတ်ပါဘူး ၊ ကျွန်မ…..ကျွန်မ ယောက္ခမတွေ အိမ်ပါ”
“ဟုတ်လား ဟိုမှာ ဘာလို့မနေတာလဲ ၊ ယောက္ခမနဲ့ မတဲ့လို့လား”
ဘုရားရေ…. ဒီလိုဒဲဒိုးကြီး မေးလိုက်မည်ဟု ကျွန်မ မထင်။အမှတ်တမဲ့ အကြောင်းတိုက်ဆိုင်၍လည်း ကျွန်မမျက်နှာ ပျက်သွားမိသည်။
“မ….မဟုတ်ပါဘူး ၊ ဟိုမှာက လူများလို့ပါ ၊ကိုယ့်အိမ်နဲ့ ကိုယ်လည်း သပ်သပ်နေချင်တာနဲ့”
သည်မျှစပ်စုလာကြသည်မို့ ကျွန်မကြာကြာမနေချင်တော့ပါ။မုန့်စားပြီး အိမ်မှာ ကလေးငယ်ရှိနေလို့ဟုဆိုကာ မြန်မြန်ပြန်လာခဲ့ရတော့သည်။
သည်လို စပ်စပ်စုစု လူတွေနှင့် ကြာရှည်နေလို့ ဖြစ်ပါ့မလားဟု ကျွန်မစိတ်ပူမိ၏။မဖြစ်သော်လည်း ဖြစ်အောင်ကြိုးစား၍ နေရပေမည်။ရန်ကုန်မြို့မှာ အိမ်ရှာရသည်က အခက်သား။ကျွန်မတို့ လက်မထပ်ခင်ကတည်းက အိမ်ရှာကြသည်မှာ ယခု ကလေးတစ်ယောက်ရပြီး သားလေး လေးလရမှပင် စိတ်တိုင်းကျ အိမ်ကိုရတော့၏။လမ်းပန်းအဆက်အသွယ် မကောင်း၍ ၊ ရပ်ကွက်မသန့်၍ ၊ အိမ်ကမကောင်း၍ စသည်ဖြင့် မောင်က စိတ်တိုင်းမကျခဲ့သလို ရေရှား၍ အိမ်သာကို နှစ်ခန်းတွဲသုံးရ၍ ၊ အိမ်ရှေ့မှာ ရေချိုးရမည် ဖြစ်၍ စသည်ဖြင့် ကျွန်မက ချေး(ဂျီး)များခဲ့သည်။
အိမ်ရှင်တွေကလည်း လူတိုင်းကို အိမ်ငှားမတင်ချင်ကြ။လူများသလား ၊ ဘယ်နှစ်ယောက်လဲ ၊ ကလေးပါသလား စသဖြင့်ပြန်လည်စစ်ဆေးသေး၏။အိမ်လခ မှန်မှန်မရမှာစိုး၍ ထင့်။ယောက်ျားက ဘာလုပ်သလဲဟုလည်း မေးတတ်သေး၏။ယခုမှ စိတ်တိုင်းကျ ဒီအိမ်ကလေးကို တွေ့ခဲ့သည်။အိမ်ခြေစိပ်သော်လည်း ကျွန်မတို့အိမ်က သီးသန့်အိမ်လုံးဖြစ်၏။အိမ်ရှင်က တစ်လမ်းတည်းမှာ အိမ်တစ်လုံး သပ်သပ်နေသည်။သူတို့ကမူ အေးဆေးပုံရ၏။ကျွန်မတို့လည်း သားအမိသုံးယောက် ၊ အိမ်ဖော်ဒေါ်ကြီးနှင့်မှ လေးယောက်မို့ လူများလှသည်ဟု မဆိုသာ။

“ညီမရေ…. ဒီက ညီမရှိလား”
အိမ်ရှေ့မှ ခေါ်သံကြား၍ ထွက်ကြည့်မိရာ အိမ်တွင် ယောက္ခမနှင့် မတည့်လို့လား ဟု တိတိကျကျ မေးခဲ့သော အဒေါ်ကြီးကို တွေ့ရသည်။အဒေါ်ကြီးဆိုသော်လည်း ပြုပြုပြင်ပြင် နုနုပျိုပျိုပင်ဖြစ်၏။သူက ပြုံး၍ အိမ်ပေါ်တက်လာရင်း…..
“ဘလောက်စ် အင်္ကျီပုံဆန်လေးများရှိရင် ခဏလောက်ကွယ် ၊ အိမ်က သမီးက ချုပ်ချင်လို့တဲ့လေ”
“ဟုတ်ကဲ့ ရပါတယ် ဒေါ်ဒေါ် ၊လာလေ ထိုင်ပါဦး”
ကျွန်မ ဝတ်ကျေဝတ်ကုန်သာ ခေါ်လိုက်သော်လည်း သူက တကယ်ပင် တက်လာပြီး အိမ်ရှေ့ခန်းတွင်ပင် မထိုင်၊ ကျွန်မဝင်ခဲ့ရာ အိပ်ခန်းထဲထိ လိုက်လာတော့သည်။ကျွန်မက မြန်မြန်ကိစ္စပြီးစေရန် သေတ္တာထဲမှ အင်္ကျီသုံးလေးထည် ထုတ်ပေးလိုက်သည်။သူက အင်္ကျီများကို ရွေးဟန်ပြုရင်း အ်ိပ်ခန်းကို မျက်စိဝေ့၍ အကဲခပ်၏။ကျွန်မတို့မှာ အိမ်ထောင်သစ် ထူထောင်စမို့ အိမ်ထောင်ပရိဘောဂ မရှိသေးပေ။ကုတင်အပ်ထားသည်ပင် မရွေးရသေးသည်မို့ ကြမ်းခင်း၍ အိပ်ကြသည်။သူ့အကြည့်ကြောင့် ကျွန်မပင် မိန်းမပီပီ ရှက်သွားမိ၏။ဘာမျှတော့ မပြောမိချေ။သူနှစ်သက်ရာ အင်္ကျီ တစ်ထည်ရွေးပြီး အိမ်ရှေ့ပြန်ထွက်လာကာ ထိုင်လိုက်သေးသည်။ပြန်မည့်ပုံ မပေါ်သေးသဖြင့် ကျွန်မက အိမ်ရှင်ပီပီ စကားရှာပြောရပြန်သည်။
“ဒေါ်ဒေါ်တို့အိမ်က ဘယ်နားမှာလဲ”
“ဒီခေါင်းရင်း အိမ်လေကွယ်”
သည်တော့မှပင် မနက်မိုးလင်းလျင် ကလေးတွေကို အော်ငေါက်ဆူပူနေသည်မှာ သူပင်ဖြစ်မည်ဟု တွေးလိုက်မိ၏။
“ကလေးက ဘယ်နှစ်လရှိပြီလဲ”
ကလေးကို မြူရင်း သူမက မေးသည်။
“လေး လပါ”
“အင်း ထွားသားပဲ ၊ သူ့အဖေက ဘာလုပ်လဲ”
လာချေပြီ။သူ့လမ်းစဉ်ဖြင့် သူချီတက်လာချေပြီ။
“စာပုံနှိပ်တိုက်မှာ လုပ်ပါတယ်”
“ဪ စက်သမားလား”
“မဟုတ်ပါဘူး စာပြင်ပါ”
“ဘာရယ် စာစီသမားလား”
“မဟုတ်ပါဘူး စာပြင်ပါ”
‘စာပြင်’ဆိုသည်ကို သူ ကောင်းကောင်းသိပုံမပေါ်ပါ။ကျွန်မတို့ အိမ်အခြေအနေကိုကြည့်၍လည်း သူအထင်သေးနေပုံရ၏။တကယ်တော့ ကျွန်မတို့အိမ်တွင် မောင့်အရည်အချင်းကို သိနိုင်သော မောင့်စာအုပ်စင်ကြီးက ထီးထီးမားမားရှိနေသော်လည်း သူက စိတ်ဝင်စားပုံမရပါ။မောင်သည် မိဘပိုင် ပုံနှိပ်တိုက်တွင် ပုံနှိပ်ထုတ်ဝေသည့်အလုပ်ကို ဦးစီးလုပ်ကိုင်နေသည်ဟုလည်း ကျွန်မက မပြောမိ။
“လုပ်ငန်းဟာ မိဘပိုင်ပဲ ၊ ကိုယ်တို့နဲ့ ဘာမှမဆိုင်ဘူး ၊ ကိုယ်က သာမန်အလုပ်သမားပဲ ၊ ဒါကို အေးနားလည်ထားရမယ်”
မောင်က သည်သို့ပင် မကြာခဏပြောခဲ့သည်။ပြီး ကြွားဝါသည်ကိုလည်း မောင်ကမုန်းသည်။မိန်းမပေမယ့် မိန်းမနဲ့ မတူစေရဟု မောင်ကသင်သည်။ကျွန်မက မောင့်မယားတည်း။
“လူငှားက လခဘယ်လောက်ပေးရသလဲ”
ကျွန်မက မောင့်လခကကို တိုက်ရိုက်မေးလာလိမ့်မည်ဟု ထင်သော်လည်း မြှားဦးက တည့်တည့်မလာ ၊ တစ်ဘက်မှ ကွေ့လာသည်။
“လေးဆယ်ပါ”
“အင်း ….ပေးရမှာပေါ့လေ ကိုယ်ခွဲမရှိတော့လည်း ထားရမှာပေါ့ ၊ ဒါနဲ့ အဲ ညီမနာမည်က ဘယ်သူ”
“အေးအေး ပါ”
“အေးအေး ယောက်ျားက ဝင်ငွေတော့ အကောင်းသားမို့လား”
“ဟုတ်ကဲ့ မဆိုးလှပါဘူး”
“သူက စာရေးဆရာလား”
စောစောက စကားကို ဘဝင်ကျပုံမပေါ် ။သူသိလိုသည်ကို ထပ်မေးပြန်သည်။
“ဟုတ်ကဲ့ စာလည်း နည်းနည်းပါးပါး ရေးပါတယ်”
သူသည် ဆက်မေးရမည်ကို မကောင်းတော့မှန်းသိလာပုံရ၏။ကလေးကိုသာ မြူနေသည်။ခဏကြာလျှင် တစ်မျိုးတစ်ဖုံ စလာဦးမည်ကို ကျွန်မသိနေသည်။စိတ်လည်းပျက် ၊ ရယ်လည်းရယ်ချင်နေမိ၏။ထိုအခိုက် မီးဖိုဆောင်မှ ဒေါ်ငယ်က ‘အေးအေးရေ ငါးက ဒီအတိုင်းချက်မှာလား ၊ ကြော်ပြီးမှ ချက်မှာလား’ ဟု လှမ်းမေးသဖြင့် ‘ ခဏနော်’ ဟု ဆိုကာ မီးဖိုထဲ ဝင်လာခဲ့သည်။ကျွန်မတော်တော်နှင့် ပြန်မထွက်ဘဲ နေမှ ‘ပြန်ဦးမယ်ဟေ့’ ဟု ဆိုကာ သူပြန်သွား၏။မီးဖိုထဲ ဝင်လိုက်မလာသည်မှာ တော်သေးရဲ့ ဟု သက်ပြင်းချမိသည်။
“မျောက်လက်နဲ့ သော့ခလောက်လေး ဝယ်ခဲ့ပါဦး မောင်ရေ”
“ဘာလုပ်ဖို့လဲ အေးရဲ့”
“အိမ်ရှေ့ ဖိနပ်ချွတ်တံခါး ခတ်ဖို့လေ”
“အေးက ရန်ကုန်မြို့လည်က တိုက်ခန်းလို သော့အမြဲ ခတ်ထားမလို့လား ၊ ဒီလို နေရာမှာ ဒီလိုသီးသန့်ကြီး လုပ်နေလို့ ဘယ်ကောင်းမလဲ အေးရဲ့၊ အားလုံးက ဒီလိုပဲ တံခါးဖွင့်ပြီးနေကြတာပဲ ၊ ဒါ ရပ်ကွက်လေ ၊ အလိုက်အထိုက်နေရမယ်”
ကျွန်မက ဒေါ်စပ်စုကြီး အကြောင်း ပြောပြလျင်လည်း မောင်က ဒီလိုပဲ အလိုက်အထိုက်နေရမည်ဟု ပြောဦးမှာမို့ နောက်ထပ် ဘာမှမပြောမိတော့ပါ။တတ်နိုင်သမျှ ခပ်အေးအေးနှင့် စကားနည်းနည်းနေခဲ့သည်။အိမ်နီးနားချင်းမှန်သမျှ ပြုံးတန်ပြုံး ၊ ပြောတန်ပြော၍ မောင်ပြောသလို အလိုက်အထိုက်နေလိုက်၏။သို့သော် အလိုက်အထိုက်နေရသည်မှာလည်း မလွယ်ပါပေ။
“အေးအေးရေ စျေးကိုလား”
“ဟုတ်ကဲ့ မမနု”
စျေးခြင်းတောင်းဆွဲ၍ ထွက်ခဲ့ပြီး နှစ်အိမ်ကျော်အရောက်တွင် ဒေါ်နုနုက နူတ်ဆက်၏။ဒေါ်နုနု ဆိုသော်လည်း ရုပ်က သူ့လောက်မနုဟု တစ်ဖက်မှ ဒေါ်စပ်စု ပြောပြထား၍ နာမည်သိထားရသည်။ဒေါ်စပ်စုမှာ ကျွန်မကပေးသော နာမည်ဖြစ်၍ သူ့အမည်က မယဉ်မြင့် ဖြစ်သည်။သူ့ကိုယ်သူ မမမြင့် ဟု ပြော၍ ယခုတော့ ကျွန်မကလည်း မမမြင့် ဟု နူတ်ကျိုးနေရပေပြီ။
“စျေးမသွားနိုင်လို့ အေးရယ် ၊ နုနုဖို့ ကြက်တစ်ခြမ်းလောက် ဝယ်ခဲ့စမ်းပါ”
ကျွန်မက ခေါင်းညိတ်ပြပြီး အိမ်ဘက်သို့ ပြန်လှည့်ရပြန်သည်။ကျွန်မစျေးသွားလျင် ပိုက်ဆံကို ဝယ်လောက်ရုံသာ ကန့်သတ်၍ ထည့်သွားလေ့ ရှိသဖြင့် အပိုမပါပေ။ပိုက်ဆံပေးလိုက်မည့် ပုံလည်းမပေါ် ၊ တောင်းရမှာလည်း မကောင်းတတ်၍ ပိုက်ဆံပြန်ယူရပြန်သည်။ကျွန်မက မမနုခေါ်သော်လည်း သူ့ကိုယ်သူ နုနုဟုသာပြောသော ဒေါ်နုနုသည် ကြက်တစ်ခြမ်းကို စောင့်ယူ၍ ပိုက်ဆံပေးရန်ကိုမှု သတိရပုံမပေါ်။နောက်နေ့များတွင်လည်း မပေး။ထပ်ပင်မှာလိုက်သေးသည်။နောင်ကျမှ
“ဪ မေ့လို့ အေးကို စျေးဖိုးပေးရဦးမယ်” ဟုဆိုကာ ငါးကျပ်တန် တစ်ရွက်ထုတ်ပေး၏။သူမှာသည်က ငါးကျပ်ဖိုး မကတော့သော်လည်း ကျွန်မက အားနာ၍ ဘာမျှမပြောမိ။သူကလည်း ဘယ်၍ဘယ်မျှကျသလဲ ဟု မမေးချေ။နောက်ထပ် စျေးမှာသည့် အခါတွင်မှု “မရခဲ့ဘူး နုနုရေ” “ ဟောတော့ မေ့လာခဲ့ပြီ” စသဖြင့် ကျွန်မက ဗြောင်လိမ်တော့သည်။ယခုတော့ ကျွန်မပင် အမှုအယာကောင်းကောင်း လုပ်တတ်ပေပြီ။
“အေးရေ… ဘာဟင်းတွေများ ချက်နေလဲ”
ပြောပြောဆိုဆိုနှင့်နောက်ဖေးထိ ဝင်လာသော မမြသန်းကို တွေ့ရသည်။သူက ကျွန်မနှင့် ရွယ်တူဖြစ်၍ သည်နားတစ်ဝိုက်တွင်တော့ သူငယ်ချင်းလို ပေါင်းနေရသည်။ဆန်သွားထုတ်လည်း အတူတူ။နို့မှုံ့သွားထုတ်လည်း အတူတူ အဖော်ပြုနေရသူဖြစ်သည်။ကျွန်မနှင့် ရွယ်တူဆိုသော်လည်း သူ့မှာက ကလေးငါးယောက်အမေဖြစ်၏။ထို့ကြောင့်လည်း သူလာလျင် သူ့နောက်က ကလေးတွေ တပြုံတမကြီး ပါလာတတ်သည်။ဆော့သူကဆော့ ၊ ကျွန်မသားလေးကို ချီသူကချီ ၊ စာအုပ်တွေ ဖွသူကဖွဖြင့် သူတို့လာလျင် တစ်မျိုးစိတ်ညစ်ရပြန်သည်။
“ဘာမှ မချက်ပါဘူး ၊ ဒေါ်ငယ်လုပ်နေတာပါ ၊ လာလာ အိမ်ရှေ့သွားမယ်”
ကျွန်မက သူ့ကလေးတွေပါအောင် သိမ်းကျူံးခေါ်ရင်း အိမ်ရှေ့သို့ မြန်မြန်ထွက်ခဲ့မိ၏။
“ခရစ်စတစ်စ သူများလာပြလို့ ၊ အေးကို လာစပ်ရတာလေ ၊ တစ်ဂိုက်စ ဆိုတော့ အကုန်လည်း မယူချင်ပါဘူး ၊ ရောင်းတဲ့သူကလည်း တစ်ဂိုက်လုံး ယူမှတဲ့ ၊ အေးနဲ့ ကိုယ်နဲ့ လက်ပြတ်တစ်ထည်စီ စပ်ချုပ်ရအောင်”
သူက ခရစ်လိုင်းကြီး အစိမ်းရင့်လေးကို ထုတ်ပြ၏။
“စျေးက ၃၇ိ တဲ့ ၊ လဟာပြင်မှာ ၄၀ိ မဟုတ်လား”
“ဘယ်လောက်များ ကွာလို့လည်း မမြသန်းရယ် ၊ ပြီး အေးနဲ့ ဒီအရောင်နဲ့လည်း မလိုက်ပါဘူး ၊ လက်ရှည်ဆိုရင်လည်း မဝယ်နိုင်သေးပါဘူးကွယ်”
“အို….ကိုယ်တို့ကတော့ လိုက်လိုက် မလိုက်လိုက် ဝတ်လိုက်တာပဲ ၊ ကျွတ်ကျတာမှတ်လို့ ၊ ပြီး အင်္ကျီဆို အရောင်စုံမှ စိတ်ထဲက ကျေနပ်တာ”
သူ့ဝါသနာအတိုင်း ခပ်ကြွားကြွားပြောရင်း အဖြူတစ်ထည်တည်းနှင့်ကြဲနေသော ကျွန်မကိုလည်း ချိတ်လိုက်သေး၏။သူ့ယောက်ျားက လခ ၁၈၅ိ ခန့် ရသည်ဆိုပေမင့် သူ့မှာ တက်ထရွန်လုံချည်ရောင်စုံ ၊ ခရစ်လိုင်းကြီး ရောင်စုံဝတ်နိုင်၏။ကျွန်မတို့မှာ မောင့်ကို လခအဖြစ်ထောက်ပံ့သော ၂၅၀ိ -ခန့်ကို အိမ်လခ ၊ မီးခ ၊ သတင်းစာခ ၊ မောင့်စာအုပ်ဖိုး ၊ အိမ်စားရိတ် စသည်ဖြင့် အံဝင်ဂွင်ကျ တစ်ပြားမှ မပိုပေ။ကျွန်မ မတောက်တခေါက်ရေးသော စာမှုခလေးများဖြင့် ဒေါ်ငယ့် လခ ပေးရသည်။တခါတရံ ပိုလျင် အဝတ်အစားဝယ်သည်။ကျွန်မလည်း အဖော်ရအောင် တစ်ယောက်တည်း ကလေးတစ်ဖက်နှင့်မို့ အိမ်အလုပ်လည်း မနိုင်မနင်းမဖြစ်ရအောင် မောင်က အိမ်ဖော်ငှားပေးသော်လည်း ထိုအတွက် စရိတ်ကိုမှု ကျွန်မကပြန်ဖြည့်ပေးရ၏။
“အေးတို့များ ကလေးတစ်ယောက်တည်းရှိသေး မဝတ်နိုင်မစားနိုင် ရှိလိုက်တာ ၊ ကိုယ်တို့များ ခုမှ ကလေးတွေများလာလို့ ၊ အရင် လင်မယားနှစ်ယောက်တည်းဆို အသစ်အဆန်းပေါ်ပြီဟေ့ဆို ခါးပေါ်တင်ရမှ ၊ ခုတောင် လခထုတ်ရက်ဆို ဖော့ခရစ် ဝယ်ဝတ်မလို့”
“ အဝတ်သာ မဝတ်နိုင်ရှိရမယ် မစားနိုင်တော့ မရှိရပါဘူး မမြသန်းရယ် ၊ မောင်က အဝတ်ထက် အစားကိုပိုမက်တယ် ၊ ကောင်းကောင်းစားမှ ကျန်းမာမှာတဲ့ ၊ စာအုပ်ဖိုးဆိုလည်း မနှမြှောဘူး”
ကျွန်မက ပိန်လှီသေးကွေးသော သူ့ကလေးများကိုကြည့်ရင်း ပြန်ပြောမိသည်။ပြောမည့်သာ ပြောရသည်။ကျွန်မတို့ အယူအဆက သူ့တို့ဝါဒနှင့် ကိုက်ချင်မှကိုက်လိမ့်မည်။ယုံကြည်ချက်ကလည်းတူသည်မဟုတ်။ဝါသနာချင်းကလည်း ဘာမျှမဆိုင် ။အသိချင်းကလည်း တစ်မျိုးစီ။
သည်ဝန်းကျင်ကြားတွင် အားလုံးနှင့်တည့်အောင် နေရသည့် ကျွန်မအခက်အခဲ။ဒါတွေ အားလုံး မောင့်ကို ပြောပြလျင်လည်း….
“လူတွေနှင့်နေရင် ဒီလိုပဲပေ့ါ ၊ဒါ အဆန်းမဟုတ်ဘူး ၊ အေးရဲ့ ပြဿနာတွေဟာ အသေးအဖွဲပဲ ။ မောင့်မှာ ဒီ့ထက်ဦးနှောက်သုံးစရာ အလုပ်တွေ အများကြီးရှိတယ်” ဟု ပြဿနာတွေကို သူ့ဆီသယ်မလာစေရန် တားမြစ်တတ်သည်။
“မောင်ပြောတာ ဟုတ်သားပဲ ၊ ဒါတွေဟာ အသေးအဖွဲတွေပဲ” ဟု ကိုယ့်ကိုယ်ကို သတိပေးရသည်။ကြာတော့လည်း သည်လူတွေကြားထဲမှာ ကိုယ်ပါ သေးသိမ်မြုတ်ကွယ်သွားမှာ စိုးမိသည်။လူဆိုသည်မှာ ခက်သည်။ပြီးတော့ မိန်းမမို့ ပိုဆိုးသည်။သူများက အတင်းပြောလျင် ကိုယ်ကပါ ဝင်ပြောချင်၏။သူက ပြိုင်လျင် ကိုယ်ကပါ ပြန်ပြိုင်မိတတ်၏။သို့ကြောင့်လည်း မိန်းမပေမယ့် မိန်းမနဲ့ မတူစေရ ဟု ဆုံးမရသည်။သို့ ဆုံးမနေသည့် ကြားကပင် အလွန်ညံ့ဖျင်းသည့် အပြုအမှုတစ်ခုကို ကျွန်မပြုမိသည်။ကျွန်မ အလွန်ရှက်ရွံ့သော ရန်ဖြစ်ခြင်းတည်း။
ခြေရင်းအိမ်မှ မတင်လှိုင်ကိုတော့ ခပ်အေးအေး နေသဖြင့် ကျွန်မကခင်သည်။သူမသည် ဟိုအိမ် သည်အိမ် ကူးတာသန်းတာ မတွေ့ရ။အော်ကျယ် ဟစ်ကျယ်စကားပြောတာလည်း တစ်ခါမျှ မကြားမိ။ကျွန်မလိုပင် ကလေးတစ်ယောက်နှင့် ခပ်အေးအေး နေသူဖြစ်၏။
သူက ကျွန်မတို့ အိမ်မလာတတ်သော်လည်း ကျွန်မက သူ့အိမ်သို့ ကူးသွားခြင်း ဖြစ်၏။သူ့အိမ်တွင် အပ်ချုပ်စက် ရှိသောကြောင့် ဖြစ်သည်။ကျွန်မချုပ်လိုသမျှ အင်္ကျီစလေးများကို ကိုက်ညှပ်ပြီး အပ်ချည်လုံးပါယူ၍ သူ့အိမ်တွင် သွားချုပ်ရသည်။သူကလည်း ကြည်ကြည်ဖြူဖြူ လက်ခံပါသည်။ဒေါ်စပ်စုအိမ်တွင် စက်ရှိသော်လည်း သူ့အိမ်သို့မှု မသွားဝံ့။
မတင်တင်လှိုင်ကို အေးသည်ဟု ယူဆခဲ့သော ကျွန်မသည် နီးနီးကပ်ကပ် ဆက်ဆံတော့မှ စကားအတော်ပြောသော မိန်းမဖြစ်ကြောင်း အံ့သြစွာသိရတော့သည်။သူ ဘယ်အိမ်မှ မကူးမသန်းသော်လည်း အိမ်အသီးသီးမှ အတွင်းရေးပေါင်းစုံကို သူသိနေ၏။သူမမှာ အရပ်ထဲမှာ ပုဆိုးလေးအစ၊ ကလေးအင်္ကျီလေးအစ၊ အပ်ချူပ်လက်ခံတတ်သဖြင့် ထိုသူတို့ထံမှ သတင်းစုံ စုဆောင်းရမိဟန်တူသည်။သူကလည်း ပြန်၍မေးတတ် ပြောတတ်ပုံရ၏။
“ဟို …..မလှိုင်တို့ ခြေရင်းအိမ်က မိန်းမချောလေးဟာလေ ….”
ကျွန်မက စက်ချူပ်ရင်း သူမက ကလေးပုခက်လွှဲရင်း စကားပြောမိကြသည်။
“မမနုလား”
“မဟုတ်ပါဘူး ၊ သူက တစ်အိမ်ကျော်ဟာပဲ ၊ ဒီအိမ်နဲ့ ကပ်လျက် ခြေရင်းအိမ်က ပိန်သေးသေးလေးကို ပြောတာ”
ကျွန်မက ခြေရင်းအိမ်ကို လှမ်းကြည့်မိရာ ပြတင်းပေါက်မှ တိုက်တိုက်ဆိုင်ဆိုင် ထိုအမျိုးသမီးကို လှမ်းမြင်လိုက်ရ၍ မလုံမလဲ ဖြစ်သွားမိသည်။
“သူ့ယောက်ျားက အိမ်မှာမရှိဘူး” မလှိုင်က ဆက်ပြော၏။
“နယ်မှာ အလုပ်လုပ်လို့လား”
ကျွန်မက တစ်ဖက်မှ ကြားသွားမည်စိုး၍ တိုးတိုးပြန်မေးရသည်။မတင်လှိုင်ကလည်း စကားကို ခပ်အေးအေးပြောတတ်သဖြင့် သူ့အသံက သိပ်မကျယ်ပေ။သို့သော် သူကလည်း ပျော့ပျော့နှင့်နံသော ကြောင်ချီးတည်း။
“ဘယ်ကလာ ၊ နယ်မှာ အလုပ်လုပ်ရမှာလဲ ၊ မယားငယ်ယူထားတယ်လေ၊ မယားငယ်အိမ်မှာပဲ အမြဲနေတာ ၊ သူ့ဆီတခါတခါမှလာတာ၊ လာရင်လည်း ခဏလေး ၊ ပိုက်ဆံတောင် မှန်မှန်ပေးတာ မဟုတ်ဘူး”
“အိုး….. ဟုတ်လား ၊ သူ့ကြည့်ရတာ ချစ်စရာလေးပါ၊ သူ့ယောက်ျားက ဘာကြောင့်များ ဒီလိုလုပ်ရပါလိမ့်”
ကျွန်မက တကယ်ပင် မ်ိန်းမချင်းစာနာ၍ စိတ်မကောင်းစွာ ပြောမိသည်။
“ဪ အေးအေးရယ် လှတာလှတာတခြား သူ့မှာက အရိုးချည်းရှိတာ ၊ ဟို မိန်းမက ခပ်တောင့်တောင့်ရယ်”
သူပြောလိုက်ပုံကြောင့် ကျွန်မမှာ ရယ်ရမလို၊ လန့်ရမလို ဖြစ်သွားကာ မောင်ပြောဖူးသော စကားတစ်ခွန်းကိုလည်း သွားသတိရမိ၍ တကယ်များလားဟု စိတ်ပူသွားမိသည်။
“အေး ခုတလော သိပ်ပိန်တာပဲ ၊ ကျန်းမာရေး ဂရုစိုက်ဦး ၊ ပန်ချည့်ချည့်လေးနဲ့ မလှတော့ရင် မောင်က ပစ်သွားမှာ”
ထိုစဉ်ကတော့ မောင်နောက်ပြောင်ပြောသည်ဟု ဂရုမထားမိ။ယခုမှ “ အင်း နောက်ကို ရုပ်ကျမသွားအောင် ဂရုစိုက်မှ” ဟု တွေးလိုက်မိသေး၏။
“အေးရဲ့ မမနုကြီးကတော့လေ…..သူ့ယောကျာ်းကို အေးမြင်ဖူးလား”
“ဟင်းအင်း ၊ မမြင်ဖူးဘူး”
“ဟို သူ့ သားလောက်အရွယ် ငယ်ငယ်လေးဟာပေါ့အေးရဲ့၊ ဒါကြောင့် သူကလည်း သူ့ကိုယ်သူနုအောင် အမြဲပြင်ဆင်နေရတာ”
ကျွန်မ အင်္ကျီချုပ်ပြီး၍ ပြန်လာခဲ့လိုသာ ၊ ဆက်နေလျင် မည်မျှ သတင်းအစုံစုံ ကြားရဦးမည်မသိချေ။

နောက် နှစ်ရက်ခန့်အကြာ မမြသန်းနှင့်ကျွန်မ အိမ်ရှေ့တွင် ထိုင်နေကြရင်း ကျွန်မက အိမ်ရှေ့ကြီးမှာ ရှက်စရာဟု အတင်းငြင်းသော်လည်း မမြသန်းက ကျွန်မခေါင်းကို အတင်းဆွဲ၍ သန်းရှာပေးနေစဉ် ဒေါ်နုနုတစ်ယောက် အိမ်ပေါ်တက်လာ၏။သူ့မျက်နှာထားက ခပ်တင်းတင်းမို့ ကျွန်မစိတ်ထဲ တစ်မျိုးဖြစ်သွားမိသည်။
“ထိုင်လေ မမနု”
“မထိုင်ပါဘူး ၊ ပြောစရာရှိလို့”
ကျွန်မက အံ့အားသင့်နေစဉ် သူကပင် ဆက်ပြော၏။လက်တစ်ဖက်ကိုလည်း ခါးတွင်ထောက်ထားလိုက်သေးသည်။လက်ညှိုးတစ်ငေါက်ငေါက် မထိုးရုံတမယ်။
“ဒီမှာ…..အေးအေးက ပြောတယ်ဆို ၊ နုနုကို တူလောက်သားလောက်အရွယ် လင်လုပ်နေတဲ့ မိန်းမလို့”
ရုတ်တရက် ကျွန်မ ဘာပြန်ပြောရမည်မသိ။
“မနေ့တစ်နေ့ကမှ ရပ်ကွက်ထဲ ပြောင်းလာပြီး သည်လိုစွာလို့ကတော့ ဘယ်ရလိမ့်မလဲ ၊ နုနုတို့က သည်မှာ ကိုယ်ပိုင် အိမ်နဲ့ မြေနဲ့ ၊ အခြေတကျနေကြတာ ၊ မလိုတမာ သပုပ်လေလွင့်မပြောပါနဲ့ ၊ ကိုယ်နဲ့မဆိုင်တာ ကိုယ့်ဘာသာ အေးအေးနေပေါ့အေ့၊ နုနုတို့ အကြောင်း မသိသေးလို့ ထင်တယ် ဟင်းဟင်း…”
“နေပါဦး မမ ၊ အဲ….နုနရဲ့ ၊ အေးက နုနုတို့ အကြောင်း ဘာမှသိတာ မဟုတ်ပါဘူး၊ မလှိုင်က ပြောပြရင်း စကားစပ်မိလို့ တူလား သားလား ထင်မိတယ်လို့ ပြောမိတာ ၊ အေးထင်တာကို အမှန်အတိုင်း ပြောတာ ဘာဖြစ်သလဲ”
ပထမက အေးအေးဆေးဆေး ပြောမည်စိတ်ကူးသော်လည်း ပြောရင်းဒေါသဖြစ်လာသဖြင့် ရန်တွေ့သလို အော်ပြောမိသည်။မမြသန်းကလည်း မခံချင်ဟန်ဖြင့် ဝင်ပြော၏။
“ အို ့ ့ပြော ့ ့ ့ပြော ့ ့ပြောတယ်ပေါ့ ၊ ဘာဖြစ်သေးလဲ ၊ ဟုတ်တာပြောတဲ့ ဥစ္စာ”
သည့်နောက်တွင် ရန်ပွဲသည် ဒေါ်နုနုနှင့် မမြသန်းတို့၏ ရန်ပွဲ ဖြစ်သွားတော့သည်။ဘယ်တုန်းက မျက်မုန်းကျိုးနေကြသည်မသိ၊ ငယ်ကျိုးငယ်နာတွေဖော်၍ အော်ကြဟစ်ကြတော့သည်။တစ်ဖက်အိမ်မှ မလှိုင်သည် မျက်စေ့အပြူးသားနှင့် ကြည့်နေ၏။ဒေါ်စပ်စုကလည်း လာရောက်ဖြန်ဖြေသည်။သူ့ယောကျာ်း မယားငယ်ယူသည်ဆိုသော အမျိုးသမီးက မျက်ထောက်နီနီဖြင့် အိမ်ရှေ့မှ လာရပ်ကြည့်နေသည်ကိုလည်း တွေ့လိုက်ရသည်။နောက်မှသိလိုက်ရသည်မှာ ထိုအမျိုးသမီးက ကျွန်မနှင့် မလှိုင်ပြောသမျှကို နားပါးပါးနှင့် ချောင်းနားထောင်ပြီး တစ်ဖက်မှ ဒေါ်နုနုတို့ကို လွှတ်လိုက်ခြင်းတည်း။
“ရှက်တယ် ၊ သိပ်ရှက်တယ် ၊ မနေချင်ဘူး ၊ ဒီရပ်ကွက်မှာ မနေချင်တော့ဘူး ၊ လူညံ့တွေကြားထဲ နေရတာ ကိုယ်ပါလူညံ့ဖြစ်ရတယ် ၊ တစ်သက်နဲ့တစ်ကိုယ် ရန်ဖြစ်ဖူးတာမဟုတ် ၊ ခုတော့ ရှက်စရာ”
ထိုနေ့မှစ၍ မောင်ပြန်လာတိုင်း ကျွန်မ၏တတွတ်တွတ် ညည်းညူသံပင် ဖြစ်သည်။မောင် နောက်နေ့မနက် အလုပ်မသွားမီအထိ ကျွန်မသည် အိမ်ပြောင်းရန် အိမ်ရှာဖို့အကြောင်းကိုလည်း အမြဲနားပူနေမိ၏။တစ်ခါတစ်ရံ မောင်ကစိတ်မရှည်၍ ပြန်အော်လျင် လင်မယား ကတောက်ကဆ ဖြစ်ရသေးသည်။ယခုတလော မောင်သည် ညနေနောက်ကျမှ ပြန်လာတတ်တော့၍ မနက်အစောကြီး ပြန်ထွက်သွားလေ့ရှိ၏။ကျွန်မ နားပူနာဆာ လုပ်၍ဟု သိသော်လည်း ကျွန်မက မလျှော့။
အိမ်ထပ်ရှာရန် မောင့်ကို နားပူမြဲ ပူနေ၏။ဒီအိမ်က အိမ်လခစျေးကြီးသည်။နွေဆိုလျင် မီးကြောက်ရသည် စသည်ဖြင့်လည်း အမျိုးမျိုးအကြောင်းပြ၏။ကြာတော့ မယားစကားပါ၍ပဲလား ၊ နားပူမခံနိုင်၍ပဲလားမသိ အိမ်ပြောင်းမည်ဟု မောင်က ပြောလာတော့သည်။
ယခုပြောင်းရသည့်အိမ်က မြို့လည်ကောင်မဟုတ်သော်လည်း မြို့နှင့်နီးသောနေရာ ၊ အိမ်ကလည်း တိုက်ခံအိမ် သီးသန့်ခန်းဖြစ်၏။ကိုယ့်အိမ်တံခါး ကိုယ်ပိတ်၍ သီးခြားနေနိုင်၏။ဘာပဲဖြစ်ဖြစ် အိမ်ပြောင်းလိုက်ရ၍ ကျွန်မပျော်လိုက်သည့်ဖြစ်ခြင်း။
ယခုအိမ်တွင် မောင်အလုပ်သွားလျင် အိမ်တံခါးပိတ်၍ ကျွန်မတို့ သားအမိနှစ်ယောက်တည်း နေလိုက်၏။ဒေါ်ငယ်ကလည်း မြောင်းမြရှိ သူ့သမီးထံတွင် သွားလည်နေသည်။သားကတော့ အိမ်လည်မထွက်ရသဖြင့် ပျင်းနေဟန်တူ၏။ကျွန်မနားသာ အမြဲကပ်နေ၏။ယခင်အိမ်တွင်တော့ အိမ်နီးချင်းများက ( အထူးသဖြင့် ဒေါ်စပ်စု ) က ကူညီထိန်းပေး၍ သား၏တာဝန်မှာ ကျွန်မမှာ မရှိလှ။ ယခုတော့ ကျွန်မမှာ စာရေးဖို့ ဝေးစွ ၊ အိမ်အလုပ်ပင် ကောင်းကောင်းမလုပ်ရတော့ချေ။
နေ့စဉ် မောင်အလုပ်မသွားခင် စျေးသို့ ပြေးသွားနှင့်ရသည်။ယခု အိမ်နီးချင်းတွေကတော့ဖြင့် ကလေးအပ်ထားခဲ့လို့လည်း စိတ်ချရမည့်ပုံ မပေါ်ချေ။ကျွန်မတို့ကိုလည်း လုံးဝ စိတ်ဝင်စားပုံ မရှိချေ။ ဒီတစ်ခါတော့ ခပ်တည်တည်နေမည်ဟု ကျွန်မကြုံးဝါးထားသော်လည်း သူတို့က ကျွန်မထက် ဆယ်ဆတင်းနှင့်သည်။အိမ်ပြောင်းခါစ သယ်ကြချကြစဉ်ကပင် မည်သူမျှ ပြူ၍ပင် မကြည့်။အနေကြာလာသည့်တိုင် မည်သူနှင့်မျှ နူတ်မဆက်ဖူးသေးချေ။လမ်းတွေ့လျင်လည်း ခပ်တည်တည် မသိသလိုသာပင်။
တစ်နေ့ နေ့လည်ဘက် ကျွန်မမှာ ရုတ်တရက် ကိုယ်ပူ၍ နေမကောင်း ဖြစ်လာမိသည်။တစ်ယောက်တည်း ကလေးကလည်း တစ်ဖက်နှင့်မို့ မောင့်ကို ဖုန်းဆက်ခေါ်မှဟု တယ်လီဖုန်းရှိရာ စဉ်းစားသော်လည်း အများသုံးဖုန်းက အနီးအနားတွင် မရှိချေ။တစ်ဖက်ခန်းမှာတော့ တယ်လီဖုန်း ရှိဟန်တူသည်။
ကျွန်မတစ်ဖက်ခန်းကို လူခေါ်ဘဲလ်လေး နှိပ်လိုက်စဉ် အထဲမှ ချောင်းကြည့်ပြီး တံခါးတော့ ဖွင့်ပေးပါသည်။
အရေးကြီးလို့ ဆက်ရသည့် အကြောင်း ကျွန်မက တောင်းတောင်းပန်ပန် ပြောလိုက်သော်လည်း အိမ်ရှင် အဒေါ်ကြီးက ရုတ်တရက် စကားမပြန်ဘဲ အကြောင်သား ပြန်ကြည့်နေ၏။ကျွန်မက ဘာလုပ်ရမှန်းမသိ ၊ ရှက်သလို ဖြစ်သွားမိသည်။အတန်ကြာမှ ‘ဆက်လေ’ ဟု စိတ်မပါ့တပါ ဖြေသည်။ရောက်မိလက်စမို့ ဖုန်းကို မြန်မြန်ပြောပြီး လိုရမယ်ရယူလာသော မတ်စေ့တစ်စေ့ကိုလည်း ထားခဲ့ရကောင်းနိုးနိုးဖြစ်မိသေးသည်။ နောက်ဆုံး ‘ကျေးဇူးတင်ပါတယ်’ ဟူသော စကားတစ်ခွန်းကိုသာ ခပ်ရို့ရို့ပြော၍ ပြန်ထွက်လာရာ နောက်မှ သံတံခါးကို ခပ်ဆောင့်ဆောင့် ဆွဲပိတ်လိုက်သံကို စိတ်မချမ်းသာစွာ ကြားလိုက်ရသေး၏။
သည်နေရာရောက်မှ ကျွန်မ အလွန်ငြီးငွေ့လာမိသည်။မမြသန်းကိုလည်း အောက်မေ့သလိုလိုရှိသည်။ ဘာပဲဖြစ်ဖြစ် နေမကောင်းဘူးဆိုလျင် ပျာပျာသလဲ လာပြုစုဖော်ရ၏။ဒေါ်စပ်စုကြီးသည်ပင် ဆန်ပြုတ်တစ်ခွက်တော့ လာတိုက်တတ်သေးသည်။ယခုတော့ ကျွန်မမှာ အဖော်မဲ့နေရချေပြီ။
ကလေးတစ်ဖက်နှင့် အပြင်လည်း မထွက်တတ်သော ကျွန်မအဖို့ အခြားသွားစရာ လမ်းမရှိ ။ အလှူအတန်း သာရေးနာရေးလည်း မည်သူမျှလာမဖိတ်ချေ။တလောက အပေါ်ထပ်တွင် ဧည့်ခံပွဲ တစ်ခုခု လုပ်ဟန်တူ၏။ကားကြီးကားငယ်တွေ လာလိုက်ကြသည်မှာ ကျွန်မတို့ အိမ်ရှေ့ပင် ပြည့်ကျပ်သွား၏။စားကြ သောက်ကြ ပျော်ကြသည်မှာလည်း ညဉ့်နက်သန်းခေါင်တိုင်ပင်။မည်သည့် အထိမ်းအမှတ်ပွဲကို မည်သူတွေက ကျင်းပသည်ကိုပင် ကျွန်မတို့ မသိချေ။
တနင်္ဂနွေနေ့ မောင်အလုပ်မသွားရ၍ ကျွန်မတို့ သားအမိသုံးယောက် အေးအေးလူလူ ထိုင်နေကြစဉ် လူခေါ်ဘဲလ်ကို တအားနှိပ်လိုက်သံကို ကြားရ၏။
တံခါးဖွင့်လိုက်လျင် တောမှ ကျွန်မ၏ ဒေါ်ကြီးတော်သူ ဒေါ်ငြိမ်းက သူ့ထုံးစံအတိုင်း စကားကို အော်ကြီးဟစ်ကျယ် ပြောဆိုလျက် ဝင်လာတော့သည်။
“ တကတဲတော် ့ ့ ့ညည်းတို့အိမ်ရှာရတာလည်း ခေတ်ပျက်ကြီး လူပျောက်ရှာရတာ ကျနေတာပဲ ၊ ငါကလည်း အိမ်နံပါတ်မေ့သွားလို့ အောင်သပြေ စာအုပ်တိုက်က ဦးမောင်မောင်အိမ်လို့ လိုက်မေးတာ ဘယ်သူမှ မသိဘူးတဲ့အေ ၊ ငါအံ့သြတာ ညည်းတို့ ဟို ဘက်အခန်းကတောင် မသိဘူးတဲ့ ၊ အံ့ရော ့့့မေးတဲ့သူကိုတောင် စားတော့ဝါးတော့မလို ပြန်ကြည့်လိုက်သေးတယ် ့့့တကတဲ”
ဒေါ်ကြီးက သူ့ထုံးစံအတိုင်း ‘ တကတဲ’ ဟူသော စကားကို သုံး၍သုံး၍ ပြောနေ၏။
“ နေပါဦး ၊ ဒါနဲ့ အရင်အိမ်က ဘာဖြစ်လို့လဲ”
“ အရင် အိမ်ကလား ့ ့ ့ဟို ့ ့ ့အင်း ့ ့ ့ အခုအိမ်က ပိုကောင်းလို့ပေါ့ ဒေါ်ကြီးရဲ့ ၊ ရပ်ကွက်ကလည်း ဒီက ပိုကောင်းတယ်လေ ၊ ဟိုမှာက ရပ်ကွက်ကလည်း စပ်စပ်စုစု ရှုပ်ရှုပ်ရှက်ရှက်နဲ့ ရန်ဖြစ်ကြဘာကြနဲ့ ၊ စိတ်ရှုပ်လို့ မနေချင်တာနဲ့”
“ အမလေးတော် တကတဲ သည်လိုပဲပေါ့ ၊ တစ်ယောက်နဲ့တစ်ယောက် အခန့်မသင့်ရင် ဖြစ်တာပါပဲ ၊ ပြီးတော့ ရင်းရင်းနှီးနှီး ရိုင်းပင်းကူညီလို့ ၊ အရေးရှိရင် အားလည်းကိုးရသေးတယ် ၊ ခုနေရာကဖြင့် တကတဲ ၊ တစ်ယောက်နဲ့ တစ်ယောက် ဟိုးဘက်ဒီဘက် အိမ်ချင်းကပ်နေတာတောင် အသိလုပ်ဖော်မရ၊ ဒါမျိုးတွေပေါ့ ၊ မြို့လည်ခေါင် နေ့ခင်းကြောင်တောင် လူသတ်မှုတွေ ဓားပြတိုက်မှုတွေ ဖြစ်လို့တောင် ဘယ်သူမှ မသိတာ ၊ ကြောက်စရာအေ ့့့တကတဲ”
ဒေါ်ကြီးက ပြောရင်း မောင့်ဘက်သို့လည်း လှည့်၍ ကျွန်မကို မေးငေါ့ပြကာ ပြောလိုက်သေးသည်။
“ သူကဖြင့် သည်လိုပါပဲ ၊ ဟိုမှာ မနေချင်ဘူး ၊ သည်မှာ မနေချင်ဘူးနဲ့ အတော်ချေး( ဂျီး ) ထူတဲ့ကောင်မ”
ကျွန်မက ဘာမျှပြန်မပြောမိ။တကယ်တော့ နောက်ထပ် ဘယ်လိုနေရာမျိုးမှာ နေချင်ပါသည်ဟု ဂျီးထူရမည်ကိုပင် ကျွန်မ မသိတော့ပါချေ။

မိုးမိုး(အင်းလျား)
ငွေတာရီ မဂ္ဂဇင်း ၊ စက်တင်ဘာ ၊ ၁၉၇၂
ဆရာမ မိုးမိုး ( အင်းလျား ) ၏ ပထမဆုံး ဝတ္ထုတို ဖြစ်ပါသည်။