အိမ်နံပါတ် ၉၆

အိမ်နံပါတ် ၉၆(စ/ဆုံး)

————————–

ထိုအိမ်ကြီးသို့ သွားဖို့ရန် အကြောင်းဖန်လာလေပြီ။ ကျွန်ုပ်တို့ သူငယ်ချင်း သုံးယောက်သား ‘ ကံကော်ဦး ‘ လက်ဖက်ရည်ဆိုင်တွင် မနက်စာ စားနေကြစဉ် စကား စလိုက်သူကတော့ ဟိန်းမင်းထွန်းပင်။

” ဟေ့ကောင်တွေ… မင်းတို့ ခရီး မထွက်ချင်ကြဘူးလား ”

” အလုပ်မရှိ အကိုင်မရှိ ငါတို့က… ဘယ်လိုစာရွက်မျိုးနဲ့ ခရီးထွက်နိုင်မလဲ ငထွန်းရာ… စဉ်းစဉ်းစားစား ပြောစမ်းပါ ”

ဟု နေကျော်စိုးသည် ခပ်ပေါ့ပေါ့ပဲ ပြန်ပြော၏။ နေကျော်စိုး ပြောလည်း ​ပြောချင်စရာပင်။ ကျွန်ုပ်တို့မှာမူ ပိုက်ဆံ မပြောနှင့်။ ပိုက်ဆံနှင့် ဆင်တူသော စာရွက်ကိုတောင်မှ ကုလားအား ရောင်းလိုက်ပြီး ဖြစ်၏။

” တိုင်းရေးပြည်ရေး မကောင်းတဲ့ကြားထဲ… မင်းက တစ်မှောင့်၊ အခုနေချိန် ဘယ်နေရာကိုမှ လွယ်လွယ်လေး သွားမရဘူးကွ … ”

ဟု ကျွန်ုပ်ကပါ ဝင်ပြောလိုက်၏။

” ငါပြောတာလဲ သေချာနားထောင်စမ်းပါအုံးကွာ… နောက်တစ်ပတ်နေရင် ငါ ခရီးထွက်ဖို့ရှိတယ်၊ ငါတစ်ယောက်တည်း ဖြစ်နေလို့ မင်းတို့ကို အဖော်ခေါ်တာ ”

” နေပါအုံး… မင်းက ဘာကိစ္စနဲ့ ဘယ်ကိုသွားမလို့လဲ ငထွန်း ”

” ကိစ္စကတော့ ထွေထွေထူးထူး မဟုတ်ဘူး စောသရ… ငါ့အမေအိမ်ကို အလည်သွားရုံသက်သက်၊ ငါလဲ တစ်ခါမှ မရောက်ဖူးလို့ သွားကြည့်မလို့ဟာ၊ နေရာကတော့… … … ”

ဟု ဟိန်းမင်းထွန်းသည် ကျွန်ုပ့် အမေးကို အသေအချာ ပြန်ဖြေ၏။ ဟိန်းမင်းထွန်းတို့၏ အိမ်တည်နေရာကိုတော့ ကျွန်ုပ်လည်း အတည်အကျ မပြောပြလိုပြီ။ နေပြည်တော် အရှေ့မြောက်အရပ် အစွန်းပိုင်းတွင်သာ ဖြစ်၏။

” သိပ်မဝေးဘူးပဲ… ဒါနဲ့ ဘယ်လောက်ကြာအောင် နေမှာလဲ ငထွန်း ”

ဟု နေကျော်စိုးသည် ချိုဆိမ့် တစ်ငုံ မော့ပြီး မေးလိုက်၏။

” သိပ်လဲ မကြာပါဘူး ငစိုးရာ၊ အလွန်ဆုံးနေ… တစ်ပတ် နှစ်ပတ်ပေါ့ ”

ဟိန်းမင်းထွန်း၏ စကားအဆုံးတွင်ပဲ ကျွန်ုပ်နှင့် နေ​ကျော်စိုးတို့လည်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လျက် တွေဝေနေကြတော့၏။

” သွားဖို့လာဖို့ စားဖို့သောက်ဖို့ကတော့ ဘာမှ ပူမနေစမ်းပါနဲ့ကွာ… ငါပဲ ဒကာခံပါ့မယ်၊ နော်… ”

နှစ်ယောက်သား ငေးငိုင်နေကြစဉ် ဟိန်းမင်းထွန်းသည် မဲ့ပြုံး ပြုံးလျက် ဆက်ပြော၏။

” ဟာ့… မင်း တကယ်ပြောတာလား ငထွန်း ”

နေကျော်စိုး တစ်ယောက် အားတက်သရော မေးလိုက်ခြင်းပင်။

” ဪ… ငါက မင်းတို့ကို လိမ်စရာလား၊ တကယ်ပေါ့ ငစိုးရ… ”

” အဲ့… အဲ့ဒါဆို လိုက်မယ်ကွာ၊ ဟီးဟီးဟီး… ”

ကျွန်ုပ် လိုက်ရန်၊ မလိုက်ရန် စဉ်းစားနေခိုက်

” ဟေ့ကောင်… ဟေ့ကောင် စောသ ”

ဟိန်းမင်းထွန်း၏ အော်ပြောသံကြောင့် အတွေးပျက်သွားရသေးသည်။

” ဟေ… ”

” မင်းရော လိုက်မှာလားလို့… လိုက်ခဲ့လေကွာ၊ ငစိုးလဲ ပါမှာကြီးကို… ”

” အမ်… လိုက်တော့ လိုက်ချင်ပါတယ်ကွာ၊ ဒါပေမဲ့… အယ်… ”

ကျွန်ုပ် ဆက်မပြောသေးဘဲ တွန့်ဆုတ်တွန့်ဆုတ် ပြုနေ၏။ ကိုယ်တိုင်ကလည်း ကိုယ့်စရိတ်ကိုယ် မခံနိုင်ပေ။ ဟိန်းမင်းထွန်း တစ်ယောက်တည်း အကုန်အကျ ခံမည်ဆိုသော် ကျွန်ုပ် နှုတ်ဆိတ်နေရတော့၏။

” မင်း ဘာပြောချင်နေလဲ ငါသိတယ် စောသ၊ ဒီမှာ ငါ့ကောင်… ဘာမှ အားနာနေစရာ မလိုဘူး၊ သူငယ်ချင်းတွေပဲကွာ… ”

ဟု ဆိုလျက် ဟိန်းမင်းထွန်းသည် ကျွန်ုပ့် ပခုံးကို အသာအယာ ရိုက်ပုတ်၏။ ထိုအခါမှ ကျွန်ုပ်လည်း ပြန်ပြုံးပြလျက် ၎င်းအိမ်ကြီးသို့ သွားဖို့ရန် ခေါင်းညိတ်လိုက်တော့၏။

(၂)
ဟိန်းမင်းထွန်း၏ အမွေခံအိမ်ကြီးသို့ သွားမည်ဆိုသော် တစ်ပတ် ဟူသော အချိန်သည် တိုတောင်းလွန်းလှပါတကား။ သွားကြမည့် နေ့သို့ ရောက်လေပြီ။

သို့ဖြစ်၍ ထိုနေ့နံနက် ဝေလီဝေလင်းအချိန် ပြည်စံအောင် စျေးထိပ်၊ သိုက်ချောင်း ကားဂိတ်တွင် ကျွန်ုပ်တို့ သူငယ်ချင်း သုံးယောက်သား တက္ကစီ အလာကို ထိုင်စောင့်နေကြတော့၏။

အဟုတ်။ မာမား ခေါက်ဆွဲ ပြုတ်သည်ကမှ ကြာလိမ့်ဦးမည်။ နှစ်မိနစ်တောင် မစောင့်လိုက်ရပါ။ တက္ကစီ တစ်စီးသည် ကျွန်ုပ်တို့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာ၏။

” ငါ့ညီတို့… ဘယ်သွားမလို့လဲ ”

” ဟုတ်ကဲ့… … … ”

ဟု ဆိုကာ ဟိန်းမင်းထွန်းသည် သူ့အမွေခံအိမ်ကြီး ရှိရာ လိပ်စာကို ပြောပြလိုက်၏။ တစ်ဆက်တည်းတွင်ပဲ ထိုတက္ကစီသမား၏မျက်နှာ ညှိုးနွမ်းသွားသည်ကို ကျွန်ုပ်တို့ သတိပြုမိလိုက်ကြ၏။ အဘယ်ကြောင့် မည်သည် မသိ။

” မင်း… မင်းတို့က အဲ့ဒီကို ဘာ… ဘာသွားလုပ်မလို့လဲ ”

” ဘာမှ မလုပ်ပါဘူးဗျ… ကျွန်တော့်အိမ်ကို သွားမှာလေ ”

ဟိန်းမင်းထွန်း၏ ထိုစကားအဆုံးတွင် တက္ကစီသမားသည် ချက်ချင်းပဲ ကားစက်နှိုးပြီး မောင်းထွက်သွားတော့၏။

” ဟာ့… ဒီလူက ဘာလဲကွ၊ ပရမ်းပတာနဲ့… ”

ဟု နေကျော်စိုးသည် စိတ်ဘဝင်မကျသည့် လေသံဖြင့် ပြောလိုက်သေး၏။ ခေတ္တကြာသော်

” တစ်စီးမှလဲ တားမရပါလားကွာ၊ စိတ်ကို… မရှည်တော့ဘူး ”

” စောင့်ကြည့်ပါအုံး ငစိုးရာ၊ တစ်စီးစီးတော့… ”

ကျွန်ုပ့်စကား မဆုံးလိုက်ပါ။ အစောနက တက္ကစီသမား ပြန်ရောက်လာ၏။

” သွားမယ် ငါ့ညီတို့… အိမ်ရှေ့အထိတော့ လိုက်ပို့မပေးနိုင်ဘူး၊ အဲ့ဒီ အနီးတဝိုက်နားပဲ ရမယ်၊ တစ်သောင်းခွဲ… ”

ဤခရီးကို တက္ကစီခ တစ်သောင်းခွဲသာ တောင်း၏။ ထို့ကြောင့် အလွန် တန်၏။ သို့သော်လည်း ကျွန်ုပ့်စိတ်ထဲ မရှင်း ဖြစ်သွား၍

” ဟေ့လူ… လမ်းတစ်ဝက်မှာတော့ ချမပေးနဲ့နော် ”

ဟု ထိုသူ့ကို မသင်္ကာစွာ ပြောလိုက်မိ၏။

” ဪ… မချပါဘူးကွာ၊ အဲ့ဒီအိမ်နဲ့ ကိုက် ၅၀ လောက်မှာ ရပ်ပေးမယ်… ”

” အဲ့ဒီလောက်နဲ့တော့… အိမ်အရောက်ပဲ ပို့ပေးပါတော့လားဗျ၊ ခင်ဗျားတစ်ယောက်တည်းကို… ရှုပ်ယှက်ခတ်နေ ”

နေကျော်စိုး စကားပြော မတတ်ပုံကြောင့် ယင်းတက္ကစီသမားလည်း ဒေါပွသွားဟန်။

” ဒီမှာ ကောင်လေး… မငှားချင်လဲနေ၊ စကားကြော လာမရှည်နဲ့… ဒီလောက်ဝေးတဲ့ ခရီးကို တစ်သောင်းခွဲနဲ့ ဘယ်ကောင်မှ မဆွဲဘူး၊ ရှင်းလား… ”

ထိုအခါ ဟိန်းမင်းထွန်းကပဲ ကြားမှနေ တက္ကစီသမားကို တောင်းပန်လိုက်ရ၏။ ပြီးလေမှ ထိုတက္ကစီနှင့်သာ ၎င်းအိမ်ကြီးသို့ သွားကြတော့၏။

” ကျွီ… ”

ထိုအိမ်ကြီးအနားသို့ ရောက်ပြီ ထင်၏။

” ဆင်းကြတော့… ”

ဟု တက္ကစီသမားသည် လေသံ ခပ်မာမာ လှမ်းပြော၏။ ထိုအခါ ကျွန်ုပ်တို့လည်း ကိုယ်စီ အထုပ်အပိုးများကို သယ်ယူပြီး ခပ်သုတ်သုတ် ဆင်းထွက်လာကြ၏။

” ဒီကနေ… ဘယ်ကို ဆက်သွားရအုံးမှာလဲ အစ်ကို ”

ဟု ဟိန်းမင်းထွန်းသည် ချိုချိုသာသာ မေးလျက် တက္ကစီခကို လှမ်းပေးလိုက်၏။

” ဒီလမ်းအတိုင်း တန်းတန်းသာ သွား… လမ်းဆုံးရင် ရောက်ပြီ ”

တက္ကစီသမားကတော့ ဟိန်းမင်းထွန်း ကမ်းလိုက်သော ပိုက်ဆံကို အလျင်ယူကာ ထိုသို့ ပြောပြီးချက်ချင်းပဲ မောင်းထွက်သွား၏။ ​ချမ်းစိမ့်စိမ့် အငွေ့အသက်၊ မြေနီလမ်း၊ စိမ်းစိုနေသော သစ်ပင်တို့ဖြင့် အေးအေးငြိမ်​ငြိမ် ပတ်ဝန်းကျင်ကား အလွန် တောဆန်နေ၏။

ကျွန်ုပ်တို့ သူငယ်ချင်း သုံးယောက်သား ထိုသူ ပြောသည့်အတိုင်း လျှောက်သွားကြရာ လမ်းဆုံးသို့သာ ရောက်၏။ ဟိန်းမင်းထွန်း၏ အိမ်ကိုတော့ အချိန် အတော် ကြာသည်အထိ မတွေ့ကြသေးချေ။ ကားရပ်သည့်နေရာမှနေ လမ်းဆုံးသည်အထိ နေအိမ် တစ်လုံးမှ မရှိပေ။ လူသူ ကင်းပါးသည့်အတွက်ကြောင့် နေရာများ မှားလာသလား ဟုပင် ထင်မိသေး၏။

” ဟေ့ကောင် ငထွန်း… ပြူးတိပြူးကြောင် လုပ်မနေနဲ့၊ မင်းရဲ့ အိမ်ကိုလဲ မြင်အောင် ကြည့်အုံးကွ… ငါတို့က မမြင်ဖူးတော့ ရှာရခက်နေတာ ”

” ဪ… ငါလဲ မမြင်ဖူးလို့ပေါ့ စောသရယ်၊ မြင်ဖူးနေရင် ပြောမနေဘူး… ”

” ဘာ… ”

” ဟာ… တိုးတိုးပြောစမ်းပါ ငစိုးရာ ”

” ကိုယ့်အိမ်ကိုယ်တောင် မမြင်ဖူးဘူး… ဟုတ်စွ… ”

” မင်းတို့ကို ငါပြောပြီးသားလေ… အဲ့ဒီအိမ်ကို တစ်ခါမှ မရောက်ဖူးဘူးလို့၊ အိမ်ဂရန်နဲ့ အိမ်သော့တွဲကိုတောင်မှ… ဗီရိုထဲ အမှိုက်ရှင်းရင်း တွေ့တာ ”

” မင်းနဲ့လဲ… မပျော်ပါဘူး ငထွန်းရာ၊ လုပ်လုပ်… လိပ်စာကို ပြန်ကြည့်ကြည့်အုံး ”

” အေး… အေးပါ ငစိုးရာ၊ စိတ်ချည်းပဲ… ”

ဆိုပြီး ဟိန်းမင်းထွန်းသည် သူ့ကျောပိုးအိတ်ထဲမှ အိမ်ဂရန်ကို ထုတ်ကြည့်လေ၏။

” အိမ်နံပါတ် ၉၆… ၉၆… ၉၆… တွေ့လား ဟေ့ကောင်တွေ ”

” မတွေ့သေးဘူးကွ ”

” ဟင့်အင်း… ”

ဘေးတဝိုက် လှည့်ပတ်ကြည့်နေကြရာ

” ဟာ့… ဟိုမှာပဲ ”

ဟု သုံးယောက်စလုံး ပြိုင်တူ အော်ပြောမိလိုက်ကြသေး၏။ မွဲမွဲလေးသာ မြင်ရသည့် ခြံတံခါးထိပ်ရှိ အိမ်နံပါတ် ၉၆ပါ သစ်သားပြားတစ်ခု။ အိမ်ကလည်း ဝေးဝေးလံလံတွင် မဟုတ်။ ကျွန်ုပ်တို့ နောက်ကျောဘက်တွင်သာ။

(၃)
” လာလာ ဟေ့ကောင်တွေ… သွားကြမယ်ဝေ့ ”

ကျွန်ုပ်တို့ သုံးယောက်လည်း စိတ်ထဲ ပေါ့ပါးသွား၍ ချက်ချင်းပဲ ခြံတံခါးဆီသို့ ပြေးသွားကြတော့၏။ ဟိန်းမင်းထွန်း ခြံတံခါးကို ဖွင့်ရာ ပထမ သော့တစ်ချောင်းနှင့်ပင် ပွင့်သွား၏။ ခြံတံခါးကို တွန်းဖွင့်ကြလျက် ထိုအိမ်ကြီးကို မေးမော့ကြည့်နေခိုက်

” ဂျုန်း… ”

မိုးကြိုးပစ်သံပမာ စူးရှသော အသံကို ကျွန်ုပ်တို့ သုံးယောက်စလုံး ကြားလိုက်ကြရာ ကျွန်ုပ် လွှတ်ခနဲ မေးလိုက်မိ၏။

” ဘာ… ဘာသံလဲဟ ”

” ဪ… မိုးခြိမ်းတာ နေမှာပေါ့ စောသရာ၊ လန့်တတ်နေလိုက်တာ… ”

” နွေခေါင်ခေါင်ကြီး… နင့်လင် မိုးက ခြိမ်းမလား ငစိုးရဲ့ ”

ထိုအသံကို ထပ်ကြားရလိမ့်မလား ဆိုပြီး သုံးယောက်သား ခေတ္တ ငြိမ်သက်စွာ နားစွင့်နေကြသေး၏။ သို့သော် ထပ်မကြားရတော့ပေ။ မိုးခြိမ်းသံ၊ မိုးကြိုးပစ်သံ မဟုတ်သည်ကတော့ သေချာ၏။

” လာပါကွာ… သွားမယ် သွားမယ် ”

ဟု နေကျော်စိုးကပဲ စကားဖြတ်လိုက်ပြီး၍ ကျွန်ုပ်တို့လည်း ခြံထဲသို့ ခြေလှမ်း စဝင်လေပြီ။ အင်မတန် ကျယ်ဝန်းလှသော ခြံဝိုင်းကြီး ဖြစ်၏။ ထိုအိမ်ကြီးနှင့် ကားတစ်စီး မောင်းနှင်စာမျှ အကျယ်ရှိသော မြေနီလမ်းလေး မှတစ်ပါး အခြားနေရာများတွင်မူ အရှည် ၄ပေခန့် ကိုင်းပင်တို့ကား ခြံဝိုင်းအပြည့်ပင်။

အိမ်ဘေးပတ်ပတ်လည်ရှိ ယူကလစ်ပင်တို့သည် မှိုင်းညို့ညို့ အသွင်ကို ဆောင်နေ၏။ အိမ်ပုံစံကတော့ ပုပြီး သိပ်မကြီးလှပေ။ ရှေးဆန်ဆန် နှစ်ထပ်တိုက် ဖြစ်၏။ တဖြည်းဖြည်းနှင့် ၎င်းအိမ်ကြီး အနားသို့ ရောက်လာချေပြီ။

” မင်းတို့အိမ်ကို ကြည့်ရတာလဲ… စိတ်ချောက်ချားစရာကြီးကွာ၊ ကြက်သီးတောင်ထတယ်… ”

” ဪ… လူ မနေတာကြာလို့ နည်းနည်းပါးပါး ဟောင်းနွမ်းအိုစာသွားရုံပါ ငစိုးရ၊ မင်းတို့ကြည့်နေ… ဒီအိမ်ကို ခေတ်မီတိုက်အိမ်ကြီး ဖြစ်အောင် ငါ ဘယ်လို လုပ်သွားမလဲ ဆိုတာ… ”

ဟိန်းမင်းထွန်း တစ်ယောက် လက်ဟန်​ခြေဟန် ပြကာဖြင့် ပြန်ပြောလိုက်ခြင်းပင်။

” နေ… နေပါအုံး ငထွန်း၊ မင်းပြောတော့… ဒီအိမ်ကို အလည်လာရုံသက်သက်ပဲဆို၊ အခုတော့ ဘာလဲ… မင်းက အလုပ်လုပ်ဖို့ လာတာပေါ့လေ ”

” အမ်… အင်း… ”

ဟု ကျွန်ုပ့်အမေးကို မဝံ့မရဲ ပြန်ဖြေပြီးလေမှ ဆက်ပြော၏။

” အလုပ်ဆိုတာကလဲ… ပြောစရာ မရှိပါဘူးကွာ၊ ဒီအိမ်ရဲ့ မူလပုံစံကို ပုံကြမ်းရေးဆွဲပြီး အဲ့ဒီပုံစံအတိုင်းပဲ အသစ် ပြန်ဆောက်မှာလေ ”

” မင်းကိုက အမျိုးမျိုး… ”

” မင်းတို့နှစ်ယောက်စလုံး… ဘာဆိုဘာမှ မလုပ်ရပါဘူးကွာ၊ သက်သောင့်သက်သာပဲ နေကြ၊ ငါ ပြုစုကျွေးမွေးတာကို စံကြ၊ ဟုတ်ပလား… ”

ဟိန်းမင်းထွန်း တစ်ယောက် နှာခေါင်းရှုံ့ကာဖြင့် စိတ်ဆိုးသယောင် ပြောစ​ကားကြောင့် ကျွန်ုပ်နှင့် နေကျော်စိုးတို့လည်း အပြုံးသား။ ထို့နောက် အိမ်ကြီး တစ်ဝိုက် လှည့်ပတ်ကြည့်ကြသေး၏။

အိမ်တောင်ဘက် ခြံစည်းရိုး ကပ်လျက်တွင်တော့ စမ်းချောင်းလေး တစ်ခု ရှိ၏။ လူ သုံး လေးယောက် ဖက်စာမျှ ရှိသည့် အိမ်နောက်က မရန်းပင်ကြီးကိုလည်း တွေ့လိုက်ရ၏။ ထိုအပင်သည် ခြံဝိုင်းထဲတွင် အကြီးဆုံး ဖြစ်၏။ ဘေးဘီဝဲယာ ခေတ္တအကြာ ရပ်ကြည့်ကြပြီးသော်

” သွားမယ် ငထွန်း ”

လှည့်ထွက်သွားတော့မည့်ဟန်နှင့် နေကျော်စိုးသည် ဟိန်းမင်းထွန်းကို လှမ်းပြော၏။ သို့သော် ဟိန်းမင်းထွန်းကတော့ ငြိမ်သက်စွာ ရပ်နေလျက်သာ​ဖြင့် ဘာတစ်ခွန်းမှ ပြန်မပြောချေ။ ထို့ကြောင့် နေကျော်စိုးလည်း ဟိန်းမင်းထွန်း၏ ပခုံးကို ဖျတ်ခနဲ ရိုက်ပုတ်လိုက်တော့၏။

” ဟာ… ဘာလဲ ငစိုးရာ ”

” မင်းကို သွားမယ်လို့ ပြောနေတယ်လေကွ… ဘာတွေ အတွေးလွန်နေတာလဲ၊ ဟမ်… ”

” ဘာရယ် မဟုတ်ပါဘူး ငစိုးရာ… ငါ အဲ့ဒီ မရန်းပင်ကြီးကို ကြည့်နေတာကွ ”

” အဆန်းလုပ်လို့ ငထွန်းရယ်… ”

” ဆန်းတာပေါ့ စောသရ… ငါ မြင်ဖူးသမျှ မရန်းပင်တွေထဲမှာ ဒီအပင်က တော်တော်ကို ထူးတာ၊ ရင်ထဲမှာ ဘယ်လိုကြီးမှန်း မသိဘူး… ကြည့်ရင်း ကြည့်ရင်းက ကြက်သီး တဖြန်းဖြန်း ထနေရတယ် ”

” မြို့က စိုက်ပျိုးရေး မရန်းပင်တွေက သေးသေးလေးတွေလေ ငထွန်းရ… အဲ့ဒါကြောင့်ပါပဲကွာ၊ ဘာမှ မထူးခြားဘူး… လာလာ သွားမယ် ”

” မင်းတို့သွားနှင့်ကြ… ငါ ခဏနေ လိုက်ခဲ့မယ်၊ ရော့ ငစိုး… အိမ်သော့ ”

ဟု ပြောလျက် ဟိန်းမင်းထွန်းသည် သော့တွဲကို နေကျော်စိုးအား လှမ်းပစ်လိုက်၏။ ကျွန်ုပ်တို့ နှစ်ယောက်သား လှည့်ထွက်လာချိန်၌ပင် ဟိန်းမင်းထွန်းကတော့ ထိုမရန်းပင်ကိုသာ စေ့စေ့ကြည့်နေလျက် ကျန်ရစ်ခဲ့တော့၏။

” ဟေ့ကောင် စောသ… လုပ်ပါအုံးကွ၊ ငါဖွင့်တာ လုံးလုံး မရဘူး ”

ဟုတ်၏။ နေကျော်စိုးတစ်ယောက် အိမ်တံခါးကို ဖွင့်နေသည်မှာ အတော်ကြာသည်အထိ ဖွင့်မရပေ။ သို့ဖြစ်၍ ကျွန်ုပ်လည်း ဖွင့်ရန် ပြု၏။ ထိုသော့တွဲတွင် သော့ ၇ ချောင်းရှိ၏။

၇ ချောင်းစေ့ တစ်ချောင်းပြီး တစ်ချောင်း ဖွင့်သော်လည်း သော့ခလောက် မပွင့်ချေ။ အကြိမ်ကြိမ် ထပ်ဖွင့်၏။ မရ။ သော့များ လွဲမှားပြီး ပေးလိုက်လေသလားဟု ထင်မိ၍ ကျွန်ုပ်တို့ နှစ်ယောက်သား ဟိန်းမင်းထွန်းကို လှမ်းအော်ခေါ်လိုက်ကြသေး၏။

သို့သော် သူ ပြန်၍ မထူးပေ။ အာပေါက်လုမတက် အော်ခေါ်နေကြသူ ကျွန်ုပ်တို့သာ မော၏။ ဟိန်းမင်းထွန်းဆီမှ အသံ တစ်စုံတစ်ရာမှ မကြားရလေသဖြင့် အိမ်တံခါး အပေါက်ဝ၌သာ သူ့အလာကို ထိုင်စောင့်နေကြတော့၏။

” ဟာ့… ဟေ့ကောင်တွေ ဘာထိုင်လုပ်နေကြတာလဲကွ ”

ခေတ္တအကြာမှ ဟိန်းမင်းထွန်း ရောက်လာခြင်းပင်။

” တံခါး ဖွင့်မရလို့ကွ… သော့လွဲလို့လား မသိဘူး ”

” သော့တွဲက အဲ့တစ်ခုပဲ ရှိတာ ငစိုးရ… လွဲစရာ အကြောင်း မရှိဘူး ”

” လာလာ ငထွန်း… မင်း လာဖွင့်ချေ ”

ဟု ကျွန်ုပ် စိတ်မရှည်စွာ ပြောလျက် သော့တွဲကို ကမ်းလိုက်ရာ ဟိန်းမင်းထွန်းလည်း ချက်ချင်းပဲ အိမ်တံခါးကို ဖွင့်ရန် ပြု၏။

” ဂျောက်… ”

သော့ခလောက် ပွင့်သွားလေပြီ။ ပထမဦးဆုံး သော့ချောင်းလေးနှင့်ပင် ပွင့်သွားခြင်း ဖြစ်၏။

” ဟာ့… ငါတို့ ဖွင့်တော့ မရဘူးလေ၊ မင်းကျမှ… ”

” တို့ကောင်တွေ… သော့ချောင်း အားလုံးနဲ့ ဖွင့်တာ ငထွန်းရ ”

” အပိုတွေ ပြောမနေကြနဲ့၊ တံခါးဖွင့်… တံခါးဖွင့် ”

ဟု ဟိန်းမင်းထွန်းသည် ငေါက်ငမ်းသယောင် အော်ပြောလျက် သော့တွဲကို သူ့ကျောပိုးအိတ်ထဲသို့ ထည့်နေ၏။

” ကျွီ… ”

တစ်အိမ်လုံး မှောင်မည်းနေ၏။ သို့ဖြစ်၍ ဖုန်းမီးနှင့် ဝင်ကြရ၏။ ပြတင်းပေါက်များကို လိုက်ဖွင့်ထားကြသော်လည်း ယူကလစ်ပင်တို့၏ အုံ့မှိုင်းမှုကြောင့် အိမ်ထဲ၌ အလင်းရောင် သိပ်မရပေ။

ကျွန်ုပ် နီးစပ်ရာ မီးခလုတ်တစ်ခုကို နှိပ်လိုက်ရာ မီးသီးတစ်လုံး တဖျပ်ဖျပ် လင်းလာ၏။ ချက်ချင်းပဲ ပြန်မှိန်သွားသည်ဖြစ်၍ မီးသီး ကျွမ်းသွားဟန်။ နှစ်အတော်ကြာ လူသူ မနေဖြစ်သော်လည်း မီးမဖြတ်ထားသည်ကား ကျေးဇူးတင်စရာပင်။ ထိုအခါ ဟိန်းမင်းထွန်းသည် သူ့ခရီးဆောင်အိတ်ထဲမှ အသင့်ပါလာသော မီးသီးလုံးများကို ထုတ်ယူလေတော့၏။

” ပိုင်လှချေလား ငထွန်းရ… ”

” ဪ… လူမနေတာ ကြာပြီဆိုတော့လဲ ဒီလိုပဲ ယူလာရတာပေါ့ ငစိုးရာ၊ ဖယောင်းတိုင်ဖိုးနဲ့ ဆိုလို့ကတော့ မွဲတောင်ပေါက်သွားလိမ့်မယ်ကွ ”

ကုလားထိုင်ခုံပေါ်တက်ပြီး မီးသီးတပ်ဆင်ရလေ၏။ တချို့သော မီးကြိုး မကောင်းသည်များ၊ ခေါင်းမကောင်းသည်များကိုတော့ အသစ်လဲရ၏။ ထိုသို့ ​ပြုလုပ်နေကြရာ ကျွန်ုပ် သတိထားမိသည် တစ်ခုကား တစ်အိမ်လုံး ဖုန်တစ်စက်မှ မရှိပေ။ သန့်ရှင်းတောက်ပြောင်နေ၏။

ထို့နောက် ရေကန်နှင့် ရေအိမ်ကိုလည်း အိမ်တောင်ဘက်ရှိ စမ်းချောင်းလေးမှနေ ရေခပ်ယူပြီး ဆေးကြော၊ ရေဖြည့်ရသေး၏။ ညနေစောင်းလေမှ ပြီးစီးတော့၏။

(၄)
ညစာ စားသောက်ပြီး၍ ခြေပစ်လက်ပစ် အနားယူနေခိုက်

” ဟေ့… ဟေ့ကောင် စောသ ”

” အင်း… ဘာလဲ… ကွာ… ”

မျက်တောင်စင်းနေပြီ ဖြစ်သော ကျွန်ုပ်လည်း ဟိန်းမင်းထွန်းကို တအိအိနှင့်သာ ပြန်မေးလိုက်၏။

” ငါ… ငါ အိမ်သာ သွားမလို့ အဖော်လိုက်ပေးပါအုံးကွ၊ ငစိုးကလဲ အိပ်နေပြီ၊ အားသည်းသည်း… အား… ”

ဟိန်းမင်းထွန်းတစ်ယောက် ထိုင်မရ ထမရ ဂနာမငြိမ် ဖြစ်နေတော့၏။

” မင်းဆိုသည်မှာလဲကွာ… ဖြစ်လိုက်ရင် အသည်းအသန်၊ ဘာမှ ကြောက်စရာ မရှိတာကို ကြံဖန်ပြီး ကြောက်နေ… ”

” လိုက်ခဲ့ပေးပါ စောသရာ… နော်… ”

” ပြီးရောကွာ ပြီးရော… သွားသွား ”

ရေအိမ်သည် အိမ်ထဲတွင် မဟုတ်။ ခြံနောက်တွင် ရှိနေ၏။ လေကလေး တဖြူးဖြူးကြောင့် ချမ်းစိမ့်စိမ့် ဖြစ်လာ၍ အိပ်ချင်စိတ်ပင် ပျောက်သွားရ၏။ အချိန် အတန်ကြာသော်

” စောသ… ဟေ့ကောင် စောသ ”

ဟိန်းမင်းထွန်း တစ်ယောက် ကတုန်ကယင် အော်ပြောလျက် ရေအိမ်ထဲမှနေ ကပျာကယာ ထွက်လာခြင်းပင်။

” ခွေးကောင်စုတ်… ”

” ဟာ့… ဘာဖြစ်တာတုံး ငထွန်းရ၊ ဘယ်လိုဖြစ်လို့ ဒေါသူပုန်ထနေရတာလဲ ”

” ငါ အော်ခေါ်နေတာ ဘာဖြစ်လို့ ပြန်မထူးတာလဲ… ဟမ်… ”

” ဟေ… ဘယ်တုန်းက ခေါ်လို့လဲ၊ ငါ မကြားပါဘူး ငထွန်းရ… ”

” အိမ်သာမီး ကျွမ်းသွားကတည်းက ငါ အော်ခေါ်နေတာလေ ”

” ဟာ… ဘယ်နားမှာ အိမ်သာမီးက ကျွမ်းလို့လဲ၊ ဟိုးမှာကြည့်… ”

ဟုတ်၏။ ရေအိမ်ထဲတွင် မီးလင်းနေ၏။

” မဖြစ်နိုင်တာ… စောနကကျတော့ မီးသီး ကျွမ်းသွားပြီး၊ နေအုံး… ငါ အိမ်သာတက်နေတုံး လူတစ်ယောက် စကားပြောသံကို မင်း ကြားလိုက်သေးလား စောသ ”

” ဘာသံမှ မကြားပါဘူးကွ… မကြားဆို ဘယ်သူမှ ဘာမှ မပြောဘူး ”

” မဟုတ်သေးဘူး… ယောက်ျားသားတစ်ယောက် စကားပြောသံကို ငါကြားလိုက်ရတယ်၊ … ကူညီပါ သားရေ ကူညီပါ၊ မရန်းပင်အောက်မှာ… မရန်းပင်အောက်မှာ… သားရေ … ဆိုပြီး အဲ့လို ပြောနေတာကွ ”

ဟိန်းမင်းထွန်း တစ်ယောက် အသံအောကြီးဖြင့် ပြောပြရာ ကျွန်ုပ်လည်း ဝက်ဝက်ကွဲ ရယ်မိတော့၏။ သူ ပြောနေသမျှ ကျွန်ုပ် ဘာတစ်ခုမှ နားမလည်သည်မှာ အမှန်။

” ဟေ့ကောင် စောသ… မရယ်နဲ့ကွ၊ ငါ အတည်ပြောနေတာ… ငါ တကယ် ကြားခဲ့ရတာ ”

ဟု ဟိန်းမင်းထွန်း ဒေါသတကြီး အော်ပြောလိုက်ရာ စနောက်ဟန် မရှိသည်ကို သတိပြုမိ၍ ကျွန်ုပ်လည်း ငြိမ်ကျသွားရတော့၏။

” ထား… ထားပါတော့ကွာ၊ ပြီးရင်လဲ သွားကြရအောင်… လာ… ”

နောက်တစ်နေ့ နံနက် ကျွန်ုပ် အိပ်ရာနိုးလေသော် ဘေးနားတွင် ဟိန်းမင်းထွန်း မရှိ။ နေကျော်စိုးကတော့ အိပ်မောကျနေဆဲပင်။ ဟိန်းမင်းထွန်း တစ်ယောက် စောစောစီးစီး အဘယ်သို့များ လျှောက်သွားနေသနည်း။

ထိုအတွေးစလေး ခေါင်းထဲ ဝင်လာမိရာ အိမ်နောက်ဘက်ရှိ မရန်းပင်ကြီးကို ရုတ်တရက် မြင်ယောင်သွား၏။ ထင်သည့်အတိုင်းပင်။ ထိုမရန်းပင်ကြီးရှိရာသို့ ခပ်သုတ်သုတ် လှမ်းသွားရာ ဟိန်းမင်းထွန်းတစ်ယောက် ထိုအပင်အောက်တွင် လက်ပိုက်လျက် ရပ်နေခြင်း ဖြစ်၏။

” ရှာလိုက်ရတာ ငထွန်းရာ… မင်းက ဒီမှာ ဘာရပ်လုပ်နေတာလဲ ”

ဟိန်းမင်းထွန်းသည် ကျောပေးထားလျက်သာဖြင့် ကျွန်ုပ့်အမေးကို ခေတ္တကြာသည်အထိ ပြန်မဖြေပေ။ ကျွန်ုပ်လည်း စိတ်မရှည်တော့လေသဖြင့် သူ့ပခုံးကို အသာအယာ ရိုက်ပုတ်လိုက်သော် ဟိန်းမင်းထွန်းသည် နီမြန်းရောင်ရဲပြီး စူးရှတောက်ပသော မျက်လုံးအစုံတို့ဖြင့် ဆတ်ခနဲ လည်ပြန်ကြည့်လေ၏။

” ဘာ… လဲ… ”

သူ့နှုတ်မှနေ ဖြည်းဖြည်းချင်း ထွက်လာသော ဆိုးဝါးသည့် ထိုအသံအောအော၊ ထိတ်လန့်ဖွယ် မျက်နှာထား၊ ဇက်ကျိုးနေသည့်ဟန်နှင့် ဟိန်းမင်းထွန်းကို ဆက်မကြည့်ဝံ့တော့၍ ချက်ချင်းပဲ ပြေးထွက်လာတော့၏။ ထို့နောက် အိပ်ပျော်နေသော နေကျော်စိုးကို အတင်းနှိုးပြီး ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်၏။

” ပရမ်းပတာ စောသရာ… ငါ့ လာနောက်မနေစမ်းပါနဲ့၊ ငါ အိပ်ရေးမဝသေးဘူးကွ ”

ပြောပြီးပြီးချင်း ပြန်အိပ်တော့မည့် နေကျော်စိုးကို မနည်း ပြန်ဆွဲလျက်

” ဟာ… မင်းကို ညာတော့ ဘာရမှာလဲ ငစိုးရ၊ ငါ ပြောတာ ဟုတ်မဟုတ် မင်းကိုယ်တိုင် လိုက်ကြည့်ကွာ… လာ… ”

ဟု ပြန်ပြောလိုက်ရသေး၏။ ထိုအခါမှ နေကျော်စိုးလည်း မျက်စိမျက်နှာ ပွတ်သပ်ပြီး ကျွန်ုပ်တို့ နှစ်ယောက်သား အိမ်အောက်ထပ်သို့ ဆင်းလာကြ၏။

” ဟေ့ကောင်တွေ… နိုးပြီးလား၊ မနက်စာ စားမယ်ဝေ့… လာကြ ”

ဟိန်းမင်းထွန်းတစ်ယောက် မီးဖိုဆောင်ထဲမှနေ လှမ်းအော်ပြောလိုက်ခြင်းပင်။

” ဟင်… မင်းက ဒီကို ဘယ်လိုလုပ် ပြန်ရောက်နေတာလဲ ငထွန်း ”

” ပြန်ရောက်နေရအောင် ငါက ဘယ်ကို သွားလို့လဲ စောသရ… အစောကြီးကတည်းက ချက်ပြုတ်နေတာ အခုချိန်ထိ မီးဖိုဆောင်ထဲကကို မထွက်ရဘူး၊ ဟူး… ”

နေကျော်စိုးကတော့ ကျွန်ုပ်ကို စိတ်တိုသယောင် စိုက်ကြည့်နေလေပြီ။

” မဟုတ်ဘူးလေ… စောနက မင်းပဲ ဟိုမရန်းပင်အောက်မှာလေ ငထွန်း၊ ငါတောင် ရောက်လာ​သေးတယ်လေကွ ”

” ဒီကောင်တော့ စာရေးတာများပြီး ကြောင်သွားပြီ ထင်တယ် ငထွန်းရေ… ပြောမနေနဲ့၊ လွှတ်ထားလိုက်… ”

” ဟုတ်ပါ့ ငစိုးရာ၊ ဟေ့ကောင် စောသ… ကုန်ကြမ်းရှာချင်ရင် ရိုးရိုးတန်းတန်းပဲရှာ၊ ပေါတောတောတွေ လာမလုပ်နဲ့ ”

ထိုသူတို့နှစ်ယောက် သရော်လိုက်ပုံကြောင့် ကျွန်ုပ် အနည်းငယ် ရယ်မိသွားသေး၏။ သို့ပေမဲ့ ကျွန်ုပ် မြင်ခဲ့၊ ကြားခဲ့သည်များကတော့ အမှန်ပင်။

သတိပြုမိသည် တစ်ခုကား မရန်းပင်အောက်တွင် တွေ့ခဲ့ရသော ဟိန်းမင်းထွန်းသည် စတစ်ကော်လံ အင်္ကျီနှင့် ပိုးသားပုဆိုးကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး ယခု မျက်စိရှေ့တွင် ရှိနေသည့် ဟိန်းမင်းထွန်းကတော့ တီရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီအရှည်ကို ဝတ်ဆင်ထားခြင်း ဖြစ်၏။

(၅)
ထိုနေ့ည ကျွန်ုပ်တို့ သုံးယောက်သား ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေကြစဉ် ဖျတ်ခနဲ မီးပြတ်သွားလေပြီး တစ်ဆက်တည်းတွင်ပဲ အိမ်နောက်မှ ခွေးအူသံများသည် တဆူ​ဆူ တညံညံ မြည်ဟိန်းလာတော့၏။ ထို့အပြင် နွေခေါင်ခေါင် လျှပ်စီးလျှပ်နေပုံ၊ တဂျုန်းဂျုန်း မိုးခြိမ်းသံတို့သည် ကျောချမ်းစရာ အတိ ဖြစ်နေပေ၏။

” ဝုန်း… ”

” ဟာ့… ”

” အမယ်လေးဗျ… ”

” ဪ… လေတိုက်လို့ ပြတင်းပေါက်တွေ ပြန်ရိုက်မိတာပါကွာ၊ အားကိုးတကြီး ခေါ်လာခဲ့တဲ့ အဖော်နှစ်ယောက်ကလဲ… တယ်သတ္တိကြီးပါ့ ”

သုံးယောက်သား ပြတင်းပေါက်များကို ခပ်မြန်မြန် လိုက်ပိတ်နေကြစဉ်

” ဟာ့… မရန်းပင်အောက်မှာ သူစိမ်းတစ်ယောက်ကွ၊ သူခိုးလား မသိဘူး ဟေ့ကောင်တွေ ”

ဟိန်းမင်းထွန်း၏ အလန့်တကြား ပြောစကားအဆုံးတွင်ပဲ ထိုမရန်းပင်ဆီသို့ ​ပျာပျာသလဲ ဆင်းပြေးသွားကြတော့သည်။ ထိုသို့ရောက်သော် မည်သည့်အရိပ်အယောင်မှ မတွေ့ရပေ။ အနီးတစ်ဝိုက် လှည့်လည်ရှာဖွေကြည့်သော်လည်း မသင်္ကာဖွယ်ရာ တစိုးတစိမှ မရှိ။

” ဟေ့ကောင် ငထွန်း… မင်း မျက်စိမှားတာများလား ”

” မဟုတ်ဘူး ငစိုးရ… ငါ သေချာမြင်လိုက်ရတာ၊ အဲ့သူခိုး​က ဒီနေရာလေးမှာပဲ ရပ်နေတာ ”

” အဲ့မှာ စလွဲ​တာပဲ… ဘယ့်နှယ် သူခိုးက အကြောင်းမဲ့သက်သက် ဒီအပင်အောက်မှာ ရပ်နေမလားကွ၊ ခိုးချင်ရင် အိမ်ထဲပဲ ဝင်ခိုးမှာပေါ့… ”

ကျွန်ုပ်၏ ၎င်းထင်မြင်ချက်ကို ပြောပြီးအဆုံး သူတို့နှစ်ယောက်သား ခေတ္တ တွေဝေသွားကြသေးသည်။ ချက်ချင်းဆိုသလိုပဲ မိုးစက်များ အရှိန်ပြင်းပြင်း ကျဆင်းလာရာ အိမ်နောက်ပေါက်မှနေ ပြေးဝင်ကြရတော့၏။ နောက်တစ်နေ့ နံနက် ရွာထဲ လှည့်ပတ်ကြည့်လျက် စျေးတန်းသို့ ရောက်ဖြစ်သေး၏။

” ဇရစ်ရိုးတွေ၊ ဆူးပုတ်ရွက်တွေက လတ်ဆတ်လှချေလားဗျ… ရောချက် စားလိုက်လို့ကတော့ တယ်မြိန်အုံးမပါ့ ”

” ဟုတ်တယ် ငါ့တူရေ… မနေ့ညက ငါးမျှားရင်း ဇရစ်ရိုးနုလေးတွေ တွေ့တာနဲ့ ချိုးလာလိုက်တာ ”

ဟု စျေးသည်ဦးလေးသည် ဟိန်းမင်းထွန်းကို ချိုချိုသာသာ ပြန်ပြော၏။

” မနေ့ညက တစ်ညလုံး မိုးတွေ တဝေါဝေါ ရွာနေတာကို ငါးမျှား သွားသေးတယ်ပေါ့ ဦးလေး ”

ကျွန်ုပ့်အမေး အဆုံးတွင် ထိုစျေးသည်ဦးလေးသည် မျက်မှောင်ကြုတ်လျက် ပြန်ပြော၏။

” ဟာ… ဘယ်က မိုးရွာရမှာလဲ ငါ့တူရ၊ မရွာပါဘူးကွဲ့… ”

” ဦးလေးက… ဒီကပဲ မဟုတ်ဘူးလား ”

” ဒီကပဲလေ… ရွာမြောက်ပိုင်းကကွဲ့ ”

” ကျွန်တော်တို့လဲ… ဒီရွာကပဲဗျ၊ အိမ်နံပါတ် ၉၆လေ… ရွာ့အစွန်းပိုင်း ကျမယ်ထင်တယ် ”

ဟိန်းမင်းထွန်း၏ ထိုစကားကို ကြားပြီး စျေးသည်ဦးလေး တစ်ယောက် မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားသည်။ ဘာမပြော ညာမပြောနှင့် သုတ်ခနဲဆို ပြေးထွက်သွား၏။ သူ့ကုန်ပစ္စည်းများကို ချန်ထားခဲ့သည် ဖြစ်၍ ကျွန်ုပ်တို့လည်း တခြားစျေးဆိုင်၌သာ ဝယ်ခြမ်းရတော့၏။

(၆)
ထိုနေ့ညတွင် ဖြစ်၏။ ဟိန်းမင်းထွန်း အိပ်မက်ယောင်ပြီး အလန့်တကြား အော်သံကြောင့် ကျွန်ုပ် နိုးလာရသေး၏။ ချွေးတဒီးဒီးနှင့် တဟောဟော ပြုနေ၍ မောပန်းနေဟန်။

” ဟာ… အိပ်ကောင်းရင် လုပ်ပြီ ငထွန်းရာ၊ ရော့ရော့… ရေသောက်လိုက်အုံး၊ ဘာအိပ်မက်တွေများ မက်လို့… တုန်တုန်ဆတ်ဆတ် ဖြစ်နေရတာလဲကွ ”

” ဟို… ဟိုမရန်းပင်ကြီးကို မက်တာကွ၊ အဲ့အပင်ဘက်ကနေ ယောက်ျားသားတစ်ယောက်ရဲ့ စကားပြောသံကို ကြားကြားနေရလို့၊ ဟိုနေ့က အိမ်သာထဲမှာ ပြောသလိုပဲ… မရန်းပင်အောက်မှာ သားရေ မရန်းပင်အောက်မှာ ဆိုပြီး တတွတ်တွတ် အကူအညီ တောင်းနေတာ ”

” စိတ်စွဲတာနေမှာပေါ့ ငထွန်းရာ၊ မင်းကိုက… အဲ့ဒီအပင်အောက်ကိုပဲ အကြောင်းမဲ့သက်သက် ခဏခဏ သွားနေပြီး၊ ကဲကဲ… ဘာမှ တွေးမနေနဲ့၊ ပြန်အိပ်တော့ ”

ယင်းညတွင်ပဲ မဟုတ်။ ဟိန်းမင်းထွန်း ၎င်းအိပ်မက်တစ်ခုတည်းကိုသာ မြင်မက်ပြီး ကယောင်ကတမ်း လန့်လန့်နိုးနေသည်မှာ ရက်ဆက်လာလေပြီ။ သေချာ မမှတ်မိတော့ပေ။ ၆ရက်မြောက် ညတွင် ဖြစ်​မည်ထင်၏။

ကျွန်ုပ် တစ်ရေးနိုးသော် ဘေးနားတွင် ဟိန်းမင်းထွန်း မရှိပေ။ အိမ်နောက်မှ အော်ဟစ်သံတို့ကိုလည်း သဲ့သဲ့လေး ကြားလိုက်ရ၏။ ဤသည်နှင့် နေကျော်စိုးကို နှိုးပြီး ကျွန်ုပ်တို့ နှစ်ယောက်သား အိမ်နောက်ဖေးသို့ ခပ်သုတ်သုတ် ပြေးသွားကြတော့၏။

” ခင်ဗျား ဘာလိုချင်တာလဲ၊ ဟမ်… ဘာလို့ လိုက်နှောက်ယှက်နေတာလဲ၊ အိပ်ကောင်းခြင်း မအိပ်ရဘူး… ခင်ဗျား ထွက်လာခဲ့၊ သတ္တိရှိရင် ထွက်လာခဲ့စမ်းပါ… ”

ဟိန်းမင်းထွန်း တစ်ယောက် စိတ်ကယောင်ချောက်ချားဖြစ်လျက် မရန်းပင်အောက်တွင် အော်ဟစ်ပူဆွေးနေခြင်းပင်။

” ဟေ့ကောင် ငထွန်း… ဘာတွေ ပြောနေတာလဲ၊ စိတ်ထိန်းမှပေါ့ကွ… စိတ်ထိန်း ”

” အိပ်မက်က အိပ်မက်ပဲလေကွာ… စိတ်ထဲ ထည့်မနေနဲ့၊ လာလာ ငထွန်း… ပြန်ကြမယ် ”

” ငါ့ လာမဆွဲနဲ့ စောသ… ငါ မပြန်ဘူး၊ ငါ့ကို အမြဲ လိုက်နှောက်ယှက်နေတဲ့သူနဲ့ စာရင်းရှင်းပြီးမှ ပြန်မှာ… ဟေ့လူ ထွက်ခဲ့လေဗျာ ”

ကျွန်ုပ်နှင့် နေကျော်စိုးတို့ နှစ်ယောက်သား ဟိန်းမင်းထွန်းကို ဆွဲခေါ်နေခိုက်

” သား… ”

မရန်းပင်နောက်မှနေ တစ်စုံတစ်ယောက် ထွက်လာ၏။ ထိုသူသည် ဟိန်းမင်းထွန်းနှင့် တထေရာတည်းပင်။ ယခင်နံနက် ကျွန်ုပ် တွေ့ခဲ့သောသူ ဖြစ်ပုံရ၏။ နွမ်းနွမ်းပျပျနှင့် ဖြူဖပ်ဖြူရော် ဖြစ်နေ၏။

” ခင်ဗျား ဘယ်သူလဲ… ဘာလို့ ကျုပ်နဲ့ တူနေရတာလဲ ”

” အ… အဖေလေ သား၊ သားရဲ့ အဖေပါ ”

ဟိန်းမင်းထွန်းတစ်ယောက် တရှူးရှူး တရှဲရှဲ ဖြစ်လျက် ဒေါပွနေဟန်။

” ဪ… မယားငယ်နဲ့ ဖြစ်ချင်သလို ဖြစ်ပြီး နေ့စေ့လစေ့ မီးဖွားတော့မဲ့ မိန်းမကို အိမ်ပေါ်က နှင်ချတဲ့ အဖေ ဆိုတာလား၊ ဒီမှာ… အမေ့ရဲ့ သူငယ်ချင်း ပြောပြလို့ ကျုပ် အားလုံး သိပြီးပြီဗျ… ဒီအိမ်မှာ ခင်ဗျား ရှိနေမယ်မှန်းသိရင် မျက်စောင်းတောင် ထိုးမှာ မဟုတ်ဘူး၊ ထွီး… ”

” တကယ်တော့… ဒီအိမ်ဟာ အဖေ့ရဲ့ အိမ် မဟုတ်ပါဘူး၊ သားအမေရဲ့အိမ်ပါ… အဖေ့ရဲ့ စရိုက်ကို နာကြည်းမုန်းတီးပြီး သူ့ဘာသာ ထွက်သွားခဲ့တာ၊ အဖေကိုယ်တိုင်ကလဲ နှင်ချခဲ့မိတာ အမှန်ပါ၊ အ… အဖေ မိုက်ခဲ့ပါတယ် သားရယ်၊ အဖေ နောင်တ ရနေပါပြီ… ”

” တော်စမ်းပါ… ကျုပ်ကို သားလို့ လာမခေါ်နဲ့၊ ကျုပ်မှာ အဖေ မရှိဘူး… မီးနေခန်းထဲမှာပဲ ဆုံးသွားခဲ့ရတဲ့ အမေ့ကို… စိတ်ဆင်းရဲအောင် လုပ်ခဲ့တဲ့အတွက် ဘယ်တော့မှ ခွင့်မလွှတ်ဘူး၊ ခင်ဗျားကို ကျုပ် သတ်မယ်၊ သတ်မယ်… ”

ပြောပြောဆိုဆိုပဲ ဟိန်းမင်းထွန်းသည် ဘေးနားမှ မရန်းကိုင်းခြောက်ကြီးကို ကောက်ယူပြီး ထိုသူ့ဆီသို့ အမြန်လှမ်းသွားတော့၏။ ကျွန်ုပ်တို့ တားချိန်ပင် မရလိုက်ချေ။ ဟိန်းမင်းထွန်းသည် ထိုသူ့ခေါင်းကို မရန်းကိုင်းဖြင့် အားပါပါ လွှဲရိုက်လေ၏။

” ဟာ့… ”

ဟိန်းမင်းထွန်း အပါအဝင် ကျွန်ုပ်နှင့် နေကျော်စိုးလည်း လွန်စွာ အံ့အားသင့်သွားကြရ၏။ ထိုသူ့ခေါင်း တည့်တည့်ကို ရိုက်မိသော်လည်း မရိုက်မိသကဲ့သို့ ​ဖြစ်သွားခြင်းကြောင့်ပင်။

” စိတ်လျှော့ပါ သားရယ်… စိတ်ကို လျှော့ပါ၊ အခုနေချိန်… သား ရိုက်မယ်ဆိုရင်တောင် အဖေ ခံဖို့ အသင့်ပါပဲ၊ ဒါပေမဲ့… အဖေဟာ လူမဟုတ်တော့ဘူး ”

ကျွန်ုပ်တို့ သုံးယောက်သား ကြက်သေ သေသွားရ​၏။ ခေတ္တအကြာ ငြိမ်သက်တိတ်ဆိတ်ပြီးလေမှ

” အဖေ့ရဲ့ အကုသိုလ် အကျိုးဆက်ပဲပေါ့ သားရယ်… တကယ်တော့ အဖေ့ရဲ့ မယားငယ်ဟာ သူ့အစ်ကိုနဲ့ ပေါင်းပြီး အဖေ့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို အပိုင်စီးချင်နေတာလေ၊ ဒီအိမ်ရဲ့ ပိုင်ရှင်ဖြစ်တဲ့ သားရဲ့အမေက အိမ်ဂရန်ကို ယူသွားပေမဲ့လဲ… ချန်ထားခဲ့တဲ့ လက်ဝတ်ရတနာတွေ၊ စည်းစိမ်ဥစ္စာတွေကိုတော့ အရယူချင်နေကြသေးတာ၊ အဖေလဲ… အဲ့ဒီအကြောင်းကို သိရော လက်ဝတ်ရတနာတွေ အားလုံးကို ဒီမရန်းပင်အောက်မှာ မြှုပ်ထားရတယ်၊ သူတို့တွေ… အနုနည်းနဲ့လဲ မရတော့ အကြမ်းနည်းသုံးလာကြတယ်၊ အဲ့ဒါကြောင့်ပဲ သား… အဲ့ဒါကြောင့်ပဲ၊ သားနဲ့ သားအမေတို့ ဒီအိမ်ကို ပြန်လာကြအုံးမလား ဆိုပြီး မျှော်လင့်တကြီး စောင့်မျှော်နေတာ… ရက်တိုင်းပါပဲ သားရယ်၊ နေ့တိုင်း သတိရနေခဲ့တာပါ… ”

” ခင်ဗျား အခုလို စကားကြောရှည်ပြီး မျက်ရည်ခံထိုးနေလို့ရော… ကျုပ်က ခင်ဗျားကို သနားသွားမယ် ထင်လား၊ ခွင့်လွှတ်ကျေအေးသွားမယ် ထင်လို့လား၊ ဟားဟားဟား… ”

” သားရဲ့ လှောင်ပြောင်မှုက နည်းလွန်းပါတယ်ကွာ… အဖေက အဲ့ဒီထက် ပိုပြီး ကဲ့ရဲ့ခံသင့်တဲ့ ကောင်ပါ၊ အဖေ ဒီဘဝဆိုးကြီးထဲကနေ မကျွတ်ချင်သေးဘူး သား၊ သားရဲ့ အနီးနားမှာပဲ နေချင်တယ်… ”

” အေး… ကျုပ်ကလဲ ခင်ဗျားရှိတဲ့ ဒီအိမ်မှာ မနေဘူး၊ လာ ဟေ့ကောင်တွေ… အထုပ်အပိုးပြင်ကြတော့ ”

မျက်စိတစ်မှိတ်အတွင်းပဲ ထိုသူသည် ကျွန်ုပ်တို့ သွားရာလမ်းတွင် ပိတ်ရပ်နှင့်နေပြီး ဖြစ်၏။

” မ… မသွားပါနဲ့ သားရယ်၊ အဖေ တောင်းပန်ပါတယ်… မသွားပါနဲ့ ”

” အခုချက်ချင်း ရှေ့ကနေဖယ်… ကျုပ်ကို စိတ်တိုအောင် လာမလုပ်နဲ့ ”

ဟု ဟိန်းမင်းထွန်း ဒေါကြီးမောကြီး အော်ပြောလိုက်လေမှ ထိုသူလည်း ခေါင်းငိုက်စိုက်ကျလျက် ရုတ်တရက် ပျောက်ကွယ်သွားတော့၏။

(၇)
နောက်တစ်နေ့ နံနက် ၅နာရီထိုးပြီးသကာလ အထုပ်အပိုး ကိုယ်စီဖြင့် အိမ်အောက်ထပ်သို့ ဆင်းလာခိုက်

” အား… ”

ဟိန်းမင်းထွန်းတစ်ယောက် အပေါ်ထပ် လှေကားထစ်မှနေ ခြေချော်ပြီး ပစ်လဲကျလေသော် သူ့ခေါင်းနှင့် လှေကားထစ်စောင်း ထိတိုက်မိဖို့ရန် တစ်တောင်ခန့် အလို

” ဟာ… ”

မမြင်နိုင်သည့် တစ်စုံတစ်ခု ခံနေသည်ကြောင့် ဟိန်းမင်းထွန်း၏ ခန္ဓာကိုယ် လေပေါ် မြောက်နေပုံကို ကျွန်ုပ်နှင့် နေကျော်စိုးတို့ နှစ်ယောက်စလုံး အထင်အရှား မြင်လိုက်ကြသည်။

” အဖေ… ”

ဟိန်းမင်းထွန်း၏ နှုတ်မှနေ လွှတ်ခနဲ ထွက်လာသော ထိုစကားအဆုံးတွင်ပဲ သူ့အဖေ ကိုယ်ထင်ပြ၏။ ထိုသူ၏ မျက်နှာတွင်လည်း အပြုံးပန်းတို့ကား ဝေဆာနေသည်။

” အ… အဖေတဲ့လား၊ ဟုတ်လား သား… အဖေလို့ ခေါ်လိုက်တာလားဟင် ”

ဟိန်းမင်းထွန်းကတော့ တခြားဘက်သို့ မျက်နှာလွှဲလျက် ပြုံးစိစိ လုပ်နေ၏။

” အဖေ့ရဲ့ မိုက်ပြစ်တွေကို သား ခွင့်လွှတ်ပါ့မယ်လို့ မမျှော်လင့်ဝံ့ပေမဲ့ အခု သား… သားရဲ့ အဖေ အဖြစ် အသိမှတ်ပြုခံရတဲ့အတွက် အဖေ သိပ်ဝမ်းသာတယ် သားရယ် ”

” အဖေဟာ အဖေပါပဲ… အခုဆို ကျွန်တော့်ရဲ့ အသက်သခင် ကျေးဇူးရှင် ဖြစ်ခဲ့ပြီလေ ”

ဟူ၍ ဟိန်းမင်းထွန်းသည် ခေါင်းငုံထားလျက် ပြန်ပြော၏။ သွေး​က စကားပြောနေလေပြီ။

” အခုဆို… အဖေ လိုချင်တဲ့ သားရဲ့ တုန့်ပြန်မှုကို သိရပြီဆိုတော့ အဖေလဲ ဘဝကူးကောင်းပြီပေါ့၊ နောက်ဆုံးအနေနဲ့… အဖေ့ရဲ့ ဆန္ဒလေးကို ဖြည့်ဆည်းပေးနိုင်မလား သား ”

” ပြောပါ အဖေ… ”

” အိမ်နောက်က မရန်းပင်ကြီးအောက်မှာ အဖေ ဝှက်ထားတဲ့ ရတနာသေတ္တာ ရှိတယ်၊ တူးဖော်ပြီး… အဲ့ဒီထဲက အနည်းအကျဉ်းကိုသာ အဖေ့အတွက် ရေစက်ချ အမျှဝေပေးဖို့ သုံးပေးပါ၊ ကျန်တာကိုတော့ သား ယူပေါ့… သားက ဒီအိမ်ကြီးကို ပြန်ပြီး ပြုပြင်တည်ဆောက်ချင်တာ မို့လား ”

” စိတ်ချပါ… အဖေ့အတွက် ရည်းစူးပြီး ကောင်းမှုကုသိုလ် လုပ်ပေးပါ့မယ် ”

” ကျေးဇူးပါ သားရယ်… ကျေးဇူးပါ ”

​ပြောပြီးပြီးချင်း ထိုသူ ပျောက်ကွယ်သွား၏။ နေမြင့်လေမှ ထိုမရန်းပင်အောက်ရှိ သေတ္တာကို တူးဖော်ကြ၏။ အနက် ၄ပေခန့်အထိ သုံးယောက်တည်း တူးဖော်ရသည်ဖြစ်၍ မွန်းလွဲပြီးချိန်မှပင် ယင်းသေတ္တာကို တွေ့ရှိ၏။

သော့ခလောက်ကို ရိုက်ဖွင့်ကြည့်လေသော် သေတ္တာထဲတွင် ရွှေရောင်တဝင်းဝင်း လက်ဝတ်လက်စားတို့ကား အပြည့်ပင်။ ​နောက်၂ရက်မြောက်နေ့၌ အနီးနားရှိ ဘုန်းကြီးကျောင်းမှ သံဃာတော် အားလုံးကို ထိုအိမ်ကြီးသို့ ပင့်ဖိတ်၏။

ဟိန်းမင်းထွန်း၏ အဖေဖြစ်သူ အတွက် ရည်စူးပြီး ဘောဇဉ်အစုံအလင်ဖြင့် ကုသိုလ်ပြု၏။ သံဃာတစ်ပါးစီတိုင်းကို ပရိက္ခရာ ၈ပါးတို့ဖြင့် ဆက်ကပ်လှူဒါန်း၏။ ရေစက်ချ အမျှဝေကြ၏။ ထိုသူလည်း ဘဝအသစ်သို့ ကူးပြောင်းသွားမည်မှာ ဧကန်ဧကပင်။

ကိစ္စအဝဝ ပြီးစီးသည်အထိ ယင်းအိမ်ကြီး၌ နေခဲ့သည်မှာ ၃ပတ်ခန့် ကြာ၏။ ထိုအတောအတွင်း ကျွန်ုပ် သံဝေဂရမိသည်ကတော့ သစ္စာတရား မရှိသည့် အိမ်ထောင်ရေး၏ နောက်ဆက်တွဲ ဟူသည် ပျက်စီးဆုံးရှုံးမှုကိုသာ နောင်တ ပိုက်လျက် ဒုက္ခဆိုက်မည် ဖြစ်ပေတည်း။

ကြိုးစားသွားပါဦးမည်။ စာရေးသူ၊ စာဖတ်သူများကို အစဉ် လေးစားလျက် …