အိမ်ပြေး

အိမ်ပြေး(စ/ဆုံး)
————

“နင့်စောက်ဆံအပ်ထားတာ
ဘယ်လောက်မှမရှိသေးဘူး ကုန်သွားပြီလားဟ။”

“ဘယ်နပြားအပ်ထားတာမို့လဲ၊ ပိုက်ဆံလေး တပဲခြောက်ပြားနဲ့
တမိသားစုလုံးစားလို့မရဘူးဟဲ့”

“ဟာ ဒီမိန်းမ”

“ဝုန်း…”

“ခွမ်း”

ကျုရှင်ကပြန်လာပြီးနောက် အိမ်ထဲသို့ဝင်မည့်ခြေလှမ်းတွေ
ခြံဝမှာပင် ရပ်တန့်သွား၏၊ အိမ်ထဲက ထွက်လာသည့်
အသံတွေကြောင့် သက်ပြင်းမောကို ချမိသည်။

အဖေနဲ့အမေ ရန်ဖြစ်နေကြပြန်ပြီပေါ့။ အခုနေ ဝင်သွားလျှင်
ကိုယ့်ပါ မဲလာနိုင်သည်မို့ ခြံဝမှာသာရပ်နေမိ၏။ ဒီဖြစ်စဉ်မျိုးက
အိမ်၌ဖြစ်နေကျပေမဲ့ အရွယ်ရောက်လာသည့် သူ့အတွက်
ပတ်ဝန်းကျင်က မျက်စိတွေ ပြောကြသည့် ပါးစပ်တွေကို
ရှက်ရွံ့လာသည်။

တရိပ်ရိပ်တိုးလာသည့် ကုန်စျေးနူန်းကြားမှာ ဆိုင်ကယ်တက္ကစီမောင်းသည့် အဖေ့ဝင်ငွေက သားသမီးသုံးယောက်နင့်
သူတို့အိမ်အတွက် ဘယ်လိုမှမလောက်ငှသည့်နောက်တော့
အမေကပါအကြော်ဆိုင်ထွက်ရသည်။ ဒါတောင်မှ
ဝမ်းဝလောက်ရုံသာ။

အဖေသည် ရှစ်တန်းကျောင်းသားဖြစ်လာသည့် သူ့ကို ကျောင်း
ထွက်ကာ အလုပ်ဝင်စေချင်သည်၊ ပညာတတ်ဖြစ်စေချင်သည့်
အမေက ဆက်ထားလေတော့ ရန်ဖြစ်ရသည့်အကြောင်းအရင်းထဲ
သူကတစ်ခုအဖြစ် ပါလာရသည်။

“သက်ဦး နင် ဒီမှာ ဘာလုပ်နေတာလဲ။”

“ထုံးစံအတိုင်း ကြင်မောင်နဲ့မိအေး ရန်ဖြစ်နေကြမှာပေါ့ကွယ်။”

ကျုရှင်သွားဖော် အတန်းဖော်ဖြစ်သလို တလမ်းထဲနေသည့်
ခင်ကြည်နဲ့ သူမမိခင် မြချိုကို ပြုံးပြရုံသာပြုံးကာ ခေါင်းငုံ့မိ၏။
အကြောင်းသိတွေမို့ အရပ်ကလဲ သူ့မိဘရန်ပွဲကိုဝင်မပါလိုတော့။

“မောင်သက်ဦး ဘာမှမတွေးနေနဲ့။ မင်းမိဘတွေရန်ဖြစ်လို့ကောင်းတုန်းပဲ။ အဒေါ်တို့အိမ်ဘက်သာ ကူးလာခဲ့၊ အိမ်မှာထမင်းစား၊
ရန်ပွဲပြီးမှ အိမ်ပြန်၊ ”

“ဟုတ်ကဲ့ ။ ပြီးမှ လာခဲ့မယ်အဒေါ်”

“အေးအေး၊ ကလေးတွေက အသက်ကြီးနေပြီ။ သူတို့လင်မယား
ခုထိမိုက်မဲနေကြတုန်းပဲ။ စိတ်တွေဆင်းရဲလိုက်တာ။”

ဒေါ်မြချိုက မြည်တွန်တောက်တီးကာ သူမအိမ်ဆီဆက်လျှောက်သွား၏။ အိမ်ထဲမှာ ဆူပူသံ အော်ဟစ်သံ အိမ်ကပစ္စည်းတွေ
ပေါက်ခွဲသံက ဆူညံလာလေတော့ အရပ်ထဲကလူများ
ထွက်လာကာဝိုင်းကြည့်နေကြ၏။

“ဟာ ဟိုမှာသက်ဦးမဟုတ်လား ဒီကောင် ကျောင်းဝတ်စုံလဲ
မလဲရသေးဘူး။ ”

“သူ့မိဘတွေရန်ဖြစ်နေပြန်ပြီနေမှာပေါ့ကွာ။ ဟားဟားဟား”

ယခုထိ ကျောင်းဝတ်စူံအဖြူအစိမ်း မလဲရသေးသောသူ၊
လွယ်အိတ်ပိုက်ကာ ရပ်နေမိဆဲ၊ လမ်းထဲမှ အတန်းအတူတက်သူတွေသူ့ကိုကြည့်ပြီး လှောင်ရီရီသွားကြ၏။ ရွယ်တူတန်းတူများ၏
အကြည့်ကြောင့် မျက်ရည်များပင်ဝဲလာကာ မခံစားနိုင်တော့သည့်
နောက်ဆုံးတော့ လွတ်အိတ်ကို ခြံဝ၌ပင် ပစ်ချခဲ့ကာ ခြေဦးတည့်ရာ
အရပ်ဆီသို့ ထွက်ပြေးခဲ့တေ့ာ၏။

“ဟဲ့ သက်ဦး ဘယ်လဲ။”

“ဒေါ်ကြီးရေ သက်ဦးထွက်ပြေးသွားလို့”

“သေသေကွာ..အလကား ဘာမှသုံးစားမရတဲ့ကောင်။”

“နင့်ပါးစပ်ပိတ်စမ်း သားရေ သား”

အသံမျိုးစုံတို့ကို လျစ်လျူရှူပြီး ဝေးရာအရပ်ဆီပြေးထွက်လာခဲ့သည်။ လမ်းထိပ်အရောက် ခရီးသည်တင်ကားတစ်စီး ခရီးသည်ခေါ်နေသည်ကိုတွေ့၍ အိပ်ကပ်ထဲမှာ မုန့်ဖိုးရထားသည့် ရာတန်တစ်ရွက်ကိုပေးလိုက်ပြီး တက်စီးလိုက်သည်။

ချွေးနံ့၊ ဆေးလိပ်နံ့၊ ကွမ်းနံ့တို့လှိုင်နေသည့် ကားအတွင်း၌ ဦးခေါင်းကို ပြတင်းပေါက်ဘေးတိုးကပ်ကာ အပြင်လေကိုသာ ရှူရိူက်နေမိဆဲ။

ပျောက်ကွယ်သွားသည့် နေလုံးကြီးကိုကြည့်နေရင်း
ပထမဆုံးခေါင်းထဲဝင်လာသည်က ဘယ်သွားမှာလဲ။
မှောင်စပြုလာပြီ။ ဘာလုပ်မှာလဲ။ အိမ်ပြန်မည်လား အတွေးပေါင်းစုံ။ သူလိုကလေးတစ်ယောက်အတွက် လောကကြီးက လှလှပပ
ကြိုဆိုနေမည်တော့မဟုတ်။ ကြည့်နေရင်း ကြည့်နေရင်း
ိုငိုက်လာ၍ ပြတင်းပေါက်ကိုမှီလျက် အိပ်ငိုက်သွားစဉ်…

“ဝုန်း”

“ဟ”

“ဟာ ဒီခွေးကွာ။”

လူပ်ယမ်းသလိုဖြစ်သွား၍ အလန့်တကြားပြန်နိုးလာစဉ်
ကားသည် လမ်းမပေါ်မှာပြေးနေလျက်သားပင်။ ခရီးသည်များကလဲ
ငိုက်သူငိုက် လမ်းကိုကြည့်နေသူကကြည့်ဖြင့် ထူးခြားမှုမရှိ။

“သား”

နားထဲဝင်လာသည့် အမေ့ခေါ်သံ၊ သွေးပူပြီး ထွက်ပြေးလာသမျှ
ယခုမှမိခင်ကိုသတိရကာ အိပ်ယာမှလန့်နိုးလာသူလို
လူပ်လူပ်ရှားရှားဖြစ်လာသည်။ အိမ်ပြန်ချင်နေပြီ။ အခုလောက်ဆို
အမေစိတ်ပူနေလိမ့်မည်။

“ကားဆရာ ဆင်းမယ်။”

“မှတ်တိုင်ပါတယ် ဆရာရေ့။”

ကျပ်သိပ်နေသည့် ခရီးသည်တွေကိုတိုးဝှေ့ဆင်းကာ မြေပြင်ပေါ်ကို
ခြေထောက်ချမိတော့မှ အသက်ရူဝတော့၏။ မျက်စိတဆုံးကျယ်ပြန့်နေသည့် လယ်ကွင်းတွေနှင့် ယာဉ်အသွားအလာမရှိသော
လမ်းမကြီးကခြောက်ကပ်ကပ်တော့ဖြစ်သည်သား။

“ဆွဲ ဆရာရေ။”

“ဝူး”

ခရီးသည်တင်ကားကြီးက ရှေ့ဆက်မောင်းသွားသလို သူကတော့
လာရာလမ်းဘက်ကို ပြန်လျှောက်လာခဲ့သည်။ မှောင်စပျိုးကာ
ဖုံးလွှမ်းလာသည့် အမှောင်ထုအောက် တတ်နိုင်သမျှ ခြေလှမ်းကို
သွက်သွက်လျှောက်နေမိ၏။ လယ်ကွင်းတွေထဲမှ နစ်ချို့သစ်ပင်ကြီးတွေက အမှောင်ရိပ်အောက် ကျောချမ်းဖွယ်ရာ။

ကားတစ်စီးတလေလာလျှင် အကူညီတောင်းမည်ပြင်သော်ငြား
အသွားရော အပြန်၌ပါ ကားတစ်စီး ဆိုင်ကယ်တစ်စီးတောင်မမြင်ရ၊
လယ်ကွင်းဖြတ်တိုက်လာသည့် လေအေးတို့ကြောင့်
လက်တင်းတင်းပိုက်ပြီးဆက်လျှောက်လာရသည်။

တဖြည်းဖြည်းချင်းဖုံးလွှမ်းလာသည့်အမှောင်ထုနှင့်အတူ အလင်းတို့ကတစစပျောက်ကွယ်နေပြီး ဤလမ်းမကြီးထက် သူမည်သို့
စခန်းသွားရမည်နည်း။

“ရှပ်ရှပ်ရှပ်”

ကျောဘက်ကပေါ်လာသည့်ခြေသံကြောင့် အဖော်ရပြီထင်ကာ
လည်ပြန်ကြည့်လိုက်ပေမဲ့ မည်သူမှရှိမနေ။ စိတ်ထင်တာပဲဟုသာ
ဖြေတွေးပြီးဆက်လျှောက်လာနေရင်း ကျောထဲမှစိမ့်လာကာ
ကြက်သီးမွှေးညှင်းထလာသလို လေအဝှေ့၌လဲ ညှီစို့စို့အနံ့ကို
ရရှိလာသလို ခံစားရသည်။

နောက်ဆုံးတော့ အလင်းရောင်တစ်စက်မျှပင်မရှိတော့ပါ။
အမှောင်ထု၏လွှမ်းခြူံမှုအောက် အရာရာသည် ပကတိဆိတ်ငြိမ်၊
သူလဲ ကြယ်ရောင်အားပြုကာ လျှောက်လာနေရပေမဲ့ ဤနေရာကို
ဘယ်နေရာမှန်းမသိ၊ ကျောင်းနှင့်အိမ်ကလွဲ၍ သိပ်သွားသွားလာလာ
မရှိခြင်းတို့ကြောင့် မြင်သမျှ အစိမ်းသက်သက်သာ။

“ဟေ့ကောင်လေး မင်း ဘယ်သွားနေတာလဲ။”

အမှောင်ထဲလျှောက်နေရာမှ အသံရှင်ကိုလှည့်ပတ်ကြည့်မိတော့
အရှေ့ရော အနောက်ရောမှာပါ လူမရှိပါပေ။

“ဘယ်ကိုကြည့်နေတာလဲ။ ငါကဒီမှာ။”

ဘေးဘီဝဲယာကြည့်လိုက်တော့မှ တဖက်လမ်းဆီမှ မီးအိမ်ငယ်ဖြင့်
လျှောက်လာနေသည့် လူတစ်ယောက်၊ ထိုမီးအိမ်ရှင်လူက
ကားလမ်းကူးလာပြီး သူ့ဘေးရောက်လာသည်။

“မင်း ဘယ်သွားမလို့လဲ။ ဒီအချိန်ကြီး မင်းတစ်ယောက်ထဲ
လျှောက်သွားနေရလား။ ဒီနေရာ လူပြတ်တယ်ကွ မင်းသိလား။”

“ဟို..ဟို…အိမ်ပြန်မလို့။”

“မင်းအိမ်က ဘယ်နားမှာလဲ။”

“မြို့ထဲက (**)လမ်း အိမ်နံပါတ် (***)မှာ။”

“ဟာ မင်းတော့ ပြဿနာပဲ။ မြို့နဲ့ဒီက အရမ်းလှမ်းနေပြီကွ။”

“ကျွန်..ကျွန်တော် ဘယ်လိုလုပ်ရမလဲ။”

“မထူးပါဘူး ငါ့အိမ်လိုက်ခဲ့။ ငါအိမ်မှာညအိပ်လိုက်၊
မနက်မှ ကားတစ်စီးစီးတားပြီး မြို့ထဲတင်ပေးလိုက်မယ်။
ဒီအချိန် ဘယ်ကားမှမလာတော့ဘူး။”

“ဦးလေးအိမ်က ဘယ်နားမှာလဲ။”

“ဒီကနေ လယ်သုံးကွက်ကျော်ရင် ရောက်ပြီ။ ငါကလယ်တဲမှာနေတာကွ။ မငိးကိုညနေထဲကငါကြည့်နေတာ။ တစ်ယောက်ယောက်
လာခေါ်မယ်မှတ်လို့။ မင်းတို့ကလေးတွေ တယ်ခက်တာပဲ။
မင်းတို့မိဘတွေလဲ လက်လွတ်စပယ်လွှတ်ထားရတယ်လို့
ကလေးတွေကို။ လာလာ ကောင်လေး။”

ဖယောင်းတိုင်မီးရဲ့အရောင်က ကြီးမားနေသောအမှောင်ထုကို
မထိုးဖောက်နိုင်၊ လမ်းကိုမြင်ရရုံမျှသာလမ်းပြနိုင်ရှာ၏။ ထိုလူကြီးက
ပြောပြောဆိုဆို ရှေ့ကလျှောက်သွား၍ အမှီလိုက်လျှောက်ရသည်။

“ဒီနားမှာ ရွာမရှိဘူးလားဗျ။”

“ဒီကနေ နည်းနည်းဝေးသေးတယ်။ ငါကရွာမှာမနေချင်လို့
ငါရယ် ငါ့မိန်းမရယ် ငါ့ကလေးတွေရယ်က လယ်ထဲမှာလာနေကြတာ။”

“သြော်။”

“သတိထားလျှောက် ကောင်လေး။ ဆူးနင်းမိမယ်။”

“ဟုတ်ကဲ့။ ဒါနဲ့ဦးလေးနာမည်ကရော။”

“ငါ့နာမည် ငထွား၊ လယ်ပိုင်စား ငထွား။”

“သြော်။”

ထူးထူးခြားခြားပင် ထိုလူ့နာမည်ကြားလိုက်သည့်အချိန် ကြက်သီးမွှေးညှင်းများထောင်ထသွားကာ လန့်ဖျပ်သွား၏။ လေအဝှေ့၌လဲ
ညှီစို့စို့အနံ့ကထောင်းခနဲ ထောင်းခနဲရနေသောကြောင့်
ထိုလူအနားကို ပိုတိုးသွားလိုက်သည်။

“အူးဝူး”

အဝေးဆီက ခွေးအူသံသဲ့သဲ့ကြောင့် စ်ိတ်ကပိုမလုံတော့
ပိုတ်ိုးကပ်သွားရင်…

“ဦးလေး မရောက်သေးဘူးလား။”

“ရောက်တော့မယ် ရှေ့တကွက်ကျော်ရင်၊ ဟိုမီးရောင်က
ငါ့အိမ်ကအရောင်ပဲ။'”

ခပ်လှမ်းလှမ်းမှ မီးရောင်ပျပျကြောင့် အားတက်ရ၏။
ဘေးဘီဝဲယာမှာ မှောင်မဲနေကာ စိတ်ကြောင့်ပဲလားမသိ
အမှောင်ထဲ၌ လူပ်ရှားနေသော ပုံရိပ်တွေတောင်မြင်နေရသလိုလို၊ အိမ်အနီးရောက်ခါနီးမှ အပုပ်နံ့ကြီးတွေက ပိုပိုဆိုးဝါးလာသလို
ဖြစ်နေ၏။

“မိန်းမရေ မိန်းမ၊ ဒီမှာ ဧည့်သည်ပါလာတယ်ဟ။”

“ရှင် ဖားရိုက်ထွက်တာဆို ဘာမှမရခဲ့ဘူးလား။”

“ရခဲ့ပါတယ်ဟ။”

တဲအိမ်သာ အိမ်လေးဆီအရောက် ဦးငထွားက သူ့မိန်းမဆိုသူကို
အော်ခေါ်နေကာ တဲအိမ်၏အနောက်ဘက်မှ ဖြေသံပေါ်ထွက်လာခဲ့၏။

“နင်က ဘယ်မှာလဲ။”

“နောက်ဖေးမှာလေ။ ဒီမှာတော့်ကလေးတွေ စားဖို့လုပ်ပေးနေတယ်။”

“အေးအေး ငါလာကူမယ်လေ။ ကောင်လေး အထဲသွားနေလေ။
အပြင်မှာအေးတယ်။”

ပြောပြောဆိုဆိုဖြင့် ငထွားဆိုသည့်လူကြီးက တဲအိမ်အနောက်ကို
ပတ်သွား၏။ သူလဲ တဲအိမ်အတွင်းဝင်ကာ ဝါးဖြင့်ခင်းထားသည့်
ကြမ်းခင်းပေါ် ထိုင်ချလိုက်သည်။

တဲအတွင်းမှာတော့ အိမ်ခန်းပုံစံ တာလပတ်စဖြင့်ပတ်ကာထားသည့်
အခန်းကျဉ်းကျဉ်းလေးကတစ်ခု။ သိပ်မကျယ်ပေမဲ့ သင်းဖြူးဖျာ
နစ်ချပ်ခင်းထားပြီး သက်ကယ်မိုးကာ ဝါးထရံကာထားသည်။
ခေါင်းအုံးသုံးလုံးနင့် စောင်နစ်ထည်သာရှိကာ ခေါင်းရင်း၌
ဘုရားစင်မရှိနေသည်က ထူးခြားမှုပင်၊

အတော်ကြာထိုင်နေသည့်အထိ မည်သည့်လူအရိပ်အယောင်မျှ
မပေါ်လာ။ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်နှင့် ဖယောင်းတိုင်သာ
ထွန်းထားသည့် မှိန်ပျပျတဲအိမ်ထဲ သူတစ်ဦးထဲ။

ပျင်းပျင်းရှိလာတာမို့ ထိုင်နေရာက ထပြီး ဦးငထွားနောက်
လိုက်ကြည့်ဖို့ပြင်သည်။ မေးလာတော့လဲ ပျင်း၍လိုက်လာသည်ပေါ့။

တဲအိမ်မှထွက်ကာ အိမ်အနောက်ဘက်ကိုပတ်ထွက်လာ၏။
အိမ်အနောက်မှာတော့ အနည်းငယ်ခြုံထူကာအလင်းသိပ်မရှိချင်။
အမှောင်ထုကလဲ ကြီးစိုးနေကာ မြင်မြင်သမျှ အမဲရောင်ချည်းသာ။

“ဂျွတ်”

“ဗြိ….”

“ဗြဲ”

မလှမ်းမကမ်းခြုံပုတ်ထဲမှ အသံတွေထွက်နေတော့
လှည့်ပြန်တော့မည့် ခြေလှမ်းတွေကို စပ်စုချင်စိတ်က
အနိုင်ယူသွားကာ ဖြည်းဖြည်းချင်းတိုးသွားမိနေ၏။

“ရှလွတ်။”

“ဂျွတ် ဂျွတ် ”

“ဂျီး”

အနားကပ်လာလေ ပိုဆူညံလာလေမို့ စိတ်ဝင်စားလွန်းအားကြီးကာ
ခြုံဘေးနားထိုင်ပြီး အသာဖယ်ကြည့်လိုက်သောအခါ…

“အု”

“ဂျွတ်”

အလန့်တကြား အော်မိတော့မည့်ပါးစပ်ကို
အမြန်အုပ်မိလိုက်ရသည်။ မထင်ခဲ့မိ။ တကယ်မထင်ခဲ့မိဘူး။

မြင်ကွင်းသည်ကား ငထွားဆိုသည့်လူနဲ့ မိန်းမတစ်ဦးက
သူ့ကိုကျောပေးထားကာ အရှေ့ဘက်လှည့် အလုပ်များနေ၏။
မီးအိမ်မှဖယောင်းတိုင်မီးရောင်ကြောင့် သူတို့ကြားမှ တစွန်းတစ
မြင်ရသည်ကား ပက်လက်ဖြစ်နေသော လူသားတစ်ဦး။
ငထွားနဲ့ မိန်းမကြီးကား ထိုလူသား၏ ဝမ်းဗိုက်ကိုဖွင့်ကာ
အူတွေဆွဲနူတ်သူကနူတ်၊ အသားနွှာသူကနွှာ ပြုလုပ်နေခြင်းပင်။

လူသားကိုအားပါးတရစားသောက်နေကြပုံများ တချက်တချက်
လှည့်လာသည့်မျက်နာတွေမှာ သွေးတွေမှ မြင်ရူ၍မကောင်း၊
ငထွားဆိုသူ၏မျက်နာကိုယခုမှသေချာကြည့်မိသည်မှာ
နဖူးမောက်မောက်၊ မျက်လုံးပြူး၍ ပါးစပ်ကြီးကလဲကြီးလှသည်။

သွေးသံရဲရဲနဲ့ မြင်ကွင်းဆိုးကို ဆက်မကြည့်ရဲတော့တာမို့
အသာထကာ အနောက်သို့အလှည့် ဘယ်ထဲက
ရောက်နေမှန်းမသိသည့်လူရိပ်နစ်ခု၊ အမှောင်ထဲ၌
ဝင်းလက်နေသည့် အစွယ်ကြိီးတွေ။
လက်တွေဆန့်တန်းလာကာ ရှေ့တိုးလာနေ၍…

“မလာနဲ့ မလာနဲ့ သွား။”

“ဟာ ငထွား ဟိုမှာပြေးပြီ။ ပြေးပြီ။”

“ဟေ့ ကောင်လေး မပြေးနဲ့လေ ရပ်လိုက်စမ်း။”

“အူးဝါး… သားတို့ဗိုက်ဆာတယ်။”

ထိုင်နေရာမှ တဲအိမ်နဲ့ဝေးရာဆီ ထထွက်ပြေးခဲ့၏။ သူ့အော်သံကြောင့်
အလုပ်ရူတ်နေသည့် ငထွားနဲ့ မိန်းမကြီးသည်လဲ လှည့်ကြည့်လာကာ
ပြေးလိုက်လာကြသည်။

“ဟေ့ကောင် ရပ်လိုက်စမ်း။ မပြေးနဲ့။”

“ဖမ်းဟေ့ ဖမ်း ဖမ်း။”

“လိုက်ဟေ့ လိုက်ဟ။”

အော်ဟစ်သံမျိုးစုံနှင့် လိုက်လာကြသည့်လူတွေ၊ သူလဲ
လယ်ကွက်ထဲ မချော်လဲအောင် မနည်းထိန်းပြေးကာ
ခုန်ပျံကျော်လွှားနေရဆဲ။

အရေးကြီးတာ သူတို့မမိသွားဖို့၊
သူ့ဘဝက တကယ့်အန္တရာယ်တောထဲရောက်ရှိနေပြီလေ။

“အဟီးဟီးဟားဟားဟား”

“အဟီးဟီး ငါတို့လက်က မင်းမလွတ်ပါဘူးကောင်လေးရဲ့။”

“လိုက်ကြစမ်း လိုက်ဖမ်းစမ်း။”

ပြေးနေရင်း အနောက်လှည့်ကြည့်မိတော့ မီးတုတ်ကိုင်လျက်
ပါးစပ်မှာသွေးများပေနေသည့် ငထွားဆိုသည့်လူ၊ သူ့နောက်မှာတော့ ဆံပင်စုတ်ဖွားနင့်မိန်းမကြီး ပါးစပ်ကြီးဟလျက်
ကလေးနစ်ယောက်၊

သူတို့လက် မိသွားရင် သူ့ဘဝ အရိုးတခြားအသားတခြား
ဖြစ်သွားပေလိမ့်မည်။ ပြေးနေပေမဲ့ ခြေထောက်တွေက လေးကပ်လာသလိုလို ညောင်းလာသလိုလိုဖြစ်ကာ လှမ်းရတာနာနာလာသည်။မြေကြီးနဲ့ခြေထောက်ထိမိတိုင်း ဆိုးဆိုးဝါးဝါးနာလာ၍
ဖော့လျှောက်နေရစဉ် ကံဆိုးစွာ ခြေချေ်ာပြီးလဲကျသွားတော့၏။

“ဟားဟားဟား လဲသွားပြီ ဟိုမှာလဲသွားပြီ။”

“အဟီးဟီးဟိုးဟိုးဟိုး”

“ဟားဟားဟား”

အသံမျိုးစုံနှင့် နီးကပ်လာသော ထိုသတ္တဝါတွေကြောင့်
တရွတ်ဆွဲပြေးဖို့ကြိုးစားပေမဲ့ အချည်းနှီးသာ။ ထိုသူတို့က
အနားသို့ရောက်လာကြလေပြီ။

“စားမယ် စားမယ် စားပစ်မယ်။”

“အသားကောင်းမစားရတာကြာနေပြီ။”

“မလုပ်ပါနဲ့ ကျွန်တော် ကျွန်တော်တောင်းပန်ပါတယ်။”

“ဟီးဟီးဟီး”

“စားမယ် မင်းကိုစားမယ်။”

“တောင်းပန်ပါတယ် အသက်ကိုချမ်းသာပေးပါ။”

သူ့ကိုဝိုင်းထားကာ အသံစုံနင့် ဆူညံနေသည့် ထိုလူတို့ကို
လက်အုပ်ချီတောင်းပန်ပေမဲ့ ထိုသူတို့ကတော့ အသံသေး
အသံကြောင်နဲ့သာ ရယ်မောကြရင်း လက်တွေကမ်းလာနေ၏။
ကယ်သူမဲ့အခြေအနေမို့ မျက်စိစုံမှိတ်၍ ဘုရားတနေမိသည်။
အမြင်အာရုံ၌ အမေ့မျက်နာ ပေါ်လာလိုက် ပျောက်သွားလိုက်။

“ဟိတ် ရပ်လိုက်ကြစမ်း။”

“ဟင်”

ကျယ်လောင်စွာပေါ်ထွက်လာသည့် တားမြစ်သံ။ အသံရှင်ကို
အားကိုးတကြီး လှမ်းကြည့်မိတော့ အနက်ရောင်ဝမ်းဆက်နှင့်
အမျိုးသမီးတစ်ဦး၊ မီးတုတ်ကိုကိုင်ထားကာ သူ့ဘေးမှာလဲ
ယောက်ျားကြီးလေးငါးဆယ်ယောက်ကလဲ မီးတုတ်တွေ၊
ဓားတွေနှင့်ဝိုင်းရံထား၏။ ငထွားက ထိုအမျိုးသမီးကို
စူးစိုက်ကြည့်ပြီး..

“နင်…နင် ဝင်မရူတ်နဲ့နော် ဒါ ငါတို့အစာ။”

“ဟုတ်တယ် ငါတို့စားမဲ့ဟာ။”

ထိုအမျိုးသမီးက ငထွားတို့စကားသံကိုအဖက်မလုပ်ပဲ
သူမနင့်ပါလာသည့်လူတွေဘက်ကိုလှည့်ကာ..

“ခရီးသွားတွေကိုသတ်ဖြတ်နှောင့်ယှက်တိုက်ခိုက်နေတာ သူတို့ပဲ။
သူတို့လေးကောင်ပါပဲ။ ငထွားဆိုတဲ့ကောင်။”

မီးတုတ်နင့် ဓားများကိုင်ဆောင်ထားသည့်
လူကောင်အကြီးကြီးများကခေါင်းညိမ့်ပြကာ
ရှေ့ထွက်လာကြသည်။

“နင်တို့ကံ နင်တို့ ခံကြပေတော့။”

“မလုပ်ပါနဲ့ တောင်းပန်ပါတယ် ချမ်းသာပေးပါ။”

“ကလေးတို့ ပြေးကြမယ် ပြေးကြ အိမ်ကိုပြန်ပြေးကြမယ်။”

လူကောင်ကြီးတွေထွက်လာတာမြင်တော့ ငထွားဆိုသူဦးဆောင်ပြီး
လာရာလမ်းဘက်ကို လှည့်ပြေးသွားကြတော့၏။ ထိုလူစုပျောက်သွားတော့မှ မီးတုတ်ကိုင်ထားသည့် အမျိုးသမီးက
သူ့အနားလျှောက်လာ ထိုင်ချပြီးနောက်

“ဘာဖြစ်သွားသေးလဲ။ ”

“ခြေထောက်နာ နာ ဟင် ကောင်းသွားပြီ။”

အခုနက နာကျင်ကိုက်ခဲနေသည့် ခြေထောက် ယခုတော့
သူမဟုတ်သလို။ အမျိုးသမီးကြီးက မေမေနင့်အရွယ်တူလောက်ရှိမည်ထင်ရပြီး အမေ့ထက်ကိုနုပျိုနေ၏။ ပြုံးခြင်းရယ်ခြင်းမရှိသော
မျက်နာတည်ကြီးနှင့် ကြည့်နေကာ…

” အဲ့ဒါ ဟိုကောင်မ ပြုစားလိုက်တာ အခုကောင်းသွားပြီမဟုတ်လား
ထ ဒီနေရာက ကြာကြာနေလို့မကောင်းဘူး။”

“ဟုတ် ဟုတ်ကဲ့။”

အမျိုးသမီးကြီးက သူ့လက်ကိုဆွဲ တစ်ဖက်က မီးတုတ်ကိုင်ပြီး
အရှေ့ကိုလျှောက်နေလေ၏။

“မင်းနာမည်က သက်ဦး။ ခင်ခင်မြရဲ့သား။ (**)လမ်းမှာနေတယ်
ဟုတ်သလား။”

“ဟုတ်ကဲ့ ..အဒေါ်က အမေ့ကိုသိနေတာလား။”

“သိတယ် မင်းကိုစိတ်ပူပြီး လိုက်ရှာနေကြတယ်။ မင်းကလဲ
တကယ်ဆိုးတဲ့ကောင်နော်။ မင်းကိုမင်း ဘာထင်နေတာလဲ။
ငါသာအချိန်မမှီရင် မင်းသေသွားမှာ မသိဘူးလား။”

“ဟို…ကျွန်တော် မှားသွားပါတယ်။”

“အေး မင်းအမှားကိုသိရင် နောက်ကိုဆင်ခြင်၊
ဘယ်တော့မှ တစ်ယောက်ထဲ သွားသွားလာလာမလုပ်မိစေနဲ့။
အခုလို အိမ်ကပြေးတာမျိုး၊ လျှောက်သွားနေတာမျိုးပေါ့။”

.ဆံပင်ရှည်ကြီးများကို ကျောမှာဖြန့်ချထားပြီး လက်ရှည်ရင်ဖုံးနင့်
အမျိုးသမီးသည် ယဉ်ယဉ်လေးနင့်ကို မျက်စိအေးစရာပင်။
သူမေးချင်နေသည် ငထွား၏နောက်ကြောင်းကို..မေးရန်သင့်မသင့်
ချိန်ဆနေ၏။

“ငထွားဆိုတာ အရမ်းဆိုးသွမ်းတဲ့ အောက်လမ်းဆရာ။ သူ့မိန်းမဆိုတဲ့ဟာမက ဘီလူးမ၊ ဘီလူးနဲ့လူ စပ်ကျပြီး ဘီလူးတပိုင်း
လူတပိုင်းတွေမွေးထုတ်ထားတာ။ နယ်တကာလှည့်ပြီး လူတွေကို
သတ်ဖြတ်စားသောက်နေတဲ့ဟာတွေ။ ဒီဘက်ကိုရောက်လာလို့
ငါသိနတော။

အခုည ငါကယ်ရမှာကနှစ်ယောက်၊ ဆိုင်ရာကိုဖိတ်ခေါ်ပြီး
ငါအမြန်လာခဲ့ပေမဲ့ တစ်ယောက်ကတော့ ဆုံးသွားခဲ့တယ်။
မင်းကတော့ ကံကောင်းလို့ပေါ့။”

“ကြောက်စရာကောင်းလိုက်တာ။”

“အေး ဟုတ်တယ်။ မင်း ငါနဲ့အချိန်မှီတွေ့လို့ ။
ကြပ်ကြပ်သတိထားပါ ။ မိဘစကားနားထောင်၊ စာသင်ချိန်
စာပဲအာရုံစိုက်ပါ။ အခုမင်းကို ငါမင်းအိမ်ပြန်ပို့ပေးမယ်။ ”

မျက်စိထဲ ငထွားနင့် မိန်းမကြီးကြားထဲမှ လူသေကိုမြင်ယောင်ကာ
ကြက်သီးမွှေးညှင်းတွေပင်ထလာ၏။ အလာတုန်းက အကြာကြီး
လျှောက်လာခဲ့ရသောလမ်းသည် ထိုအမျိုးသမီးနှင့်မှ ခဏလေးလိုပင်။ တဖြည်းဖြည်းနင့် မြို့ကိုပြန်ရောက်လာသည်။ မြို့ထဲ၌ကား
ယာဉ်အသွားအလာမပျက်သေး၊ လူစည်ကားနေဆဲ။ လျှောက်ရင်း
သွားရင်းဖြင့် သူနေရာရပ်ကွက်ထဲလျှောက်လာခဲ့လေပြီ။

သူ့အိမ်ရှေ့တွင်တော့ လူတွေစည်ကားနေဆဲ။ ခင်ကြည်တို့
မောင်ထူးတို့လဲ ခြံထဲအဝင်အထွက်လုပ်နေကြပေမဲ့ ခြံဝမှာ
ရပ်နေကြသည့် သူတို့ကိုမမြင်သလို မသိသလိုဖြစ်နေကြ၏။

အနက်ရောင်ဝတ် အမျိုးသမီးကြီးက သူတို့အိမ်လေး၏အရှေ့၌
ထားရှိသည့် အမေပသပူဇော်နေသည့် ရေယဉ်မယ်တော်နတ်နန်း
နတ်ကွန်းကို ငေးကြည့်နေပြီးနောက်…

“ငါ့ကို ခိုင်းထားတဲ့တာဝန်ပြီးဆုံးပြီ။ ကဲ မင်း အိမ်ထဲဝင်တော့။”

“ဟုတ်ကဲ့။”

အိမ်ထဲဝင်ဖို့ပြင်လိုက်ပြီးမှ ထိုအမျိုးသမီးကြီးနာမည်မေးဖို့
သတိရသွားကာ…အနောက်ပြန်ဆုတ်လာခဲ့ပြီးနောက်
သူ့ကိုကြည့်နေသည့် အမျိုးသမီးကိုကြည့်ကာ..

“အဒေါ်က ဘယ်သူလဲ။”

“မဖဲဝါ သင်္ချိုင်းရှင်မ မဖဲဝါဆိုတာ ငါပဲ။ မှတ်ထားကောင်လေး။”

“ဟာ”

နာမည်ကိုဖြေဆိုအပြီးနောက် မျက်စိရှေ့မှာပင် ထိုအမျိုးသမီး
ပျောက်ကွယ်သွား၏။ ဆန်းကြယ်သောအဖြစ်အပျက်ကြောင့်
အံ့သြမင်သက်နေစဉ်၌…

“ဟာ ငသက် သက်ဦး။ အဒေါ်ရေ ဒီမှာ သက်ဦးပြန်လာပြီ။”

“ဟင် သား ငါ့သား။ အမလေး ငါ့သား။”

“ငါ့သားကြီး ပြန်လာပြီ။”

ခြံအဝ၌ မတ်တပ်ရပ်နေပြီး ငူငူငိုင်ငိုင်ဖြစ်နေသည့်
သူ့ကိုတွေ့သွား၍ ဝမ်းသာအားရအော်ဟစ်လိုက်သည့်
သူငယ်ချင်း ခင်ကြည်၊ သူမအော်သံကြောင့်
အိမ်ထဲမှလူများနင့်အတူ ရှေးမနှောင်းမှာပင် အိမ်ထဲမှ
ပြေးထွက်လာသည့် အမေနှင့်အဖေ။

မိဘနှစ်ပါး၏ ပါးပြင်မှာ မျက်ရည်တွေစီးကျနေရင်း
သူ့ဆီပြေးလာနေတာမြင်တော့ အမေငိုတာမြင်တော့
သူပါစိတ်မကောင်းဖြစ်လာကာ မိဘနစ်ပါးဆိီ
ပြေးသွားမိလေတော့၏။

ပြီးပါပြီ။
ကျေးဇူးတင်လျက်

#တိမ်ယံဖျား

Credit