“အိုးထဲက တစ္ဆေ”
ဒီနေ့ညအတွက် စပြောပြတော့မယ်နော်
မိတူး ရဲ့ ငယ်ဘ၀ တစ်လျှောက်မှာ တွေကြုံကြားသိဖူးခဲ့တဲ့ ထိတ်လန့်ချောက်ချားဖွယ်ရာတွေ ဆိုလည်း မမှားဘူးပေါ့ ။
မိတူးတို့ရွာက အင်မတန်သာယာတယ် ။ ရွာပတ်ပတ်လည်မှာ လက်ညိုးထိုးမဆုံးတဲ့ လယ်ကွင်းယာခင်းတွေရယ် ၊ အဲဒီ လယ်ယာတွေရဲ့အလွန်မှာ စိမ်းညို့နေတဲ့တောင်တန်းကြီးရယ်ပေါ့ ။ လယ်ကွင်းတွေ ကြားမှာ ရှိတဲ့ ရထားလမ်းကြီးက မိတူးတို့အတွက်တော့ မုန့်စားလက်မှတ်ပဲ ။
နေ့လယ်ခင်း ရထားလာခါနီး အချိန်ဆို ကလေးတွေ အုပ်စုလိုက်ကြီး သံလမ်းရဲ့ ဟိုဘက် ဒီဘက်မှာ တန်းစီထိုင်ပြီး ရထားလာတာ စောင့်တယ် ။ ရထားလာပြီဆိုတာနဲ့ အကုန်လုံး သံပြိုင်ပြီး “ဟေး”ခနဲ အာခေါင်ခြစ်အော်တယ် ။
အဲဒီလိုအော်နေကြတုန်း ရထားပေါ်က ခရီးသွားတွေက သကြားလုံး ၊ ပေါက်ပေါက်ဆုပ် ၊ မုန့်ကပ်စေး ၊ နေ့ကြာစေ့ စတဲ့ မုန့်တွေအပြင် ဘီစကစ် ၊ဝေဖာ ၊ ချောကလက် စတဲ့ မုန့်အကောင်းတွေအထိ ပစ်ချသွားပေးတယ် ။
တချို့ကတော့ ရေသန့်ဘူးခွံတွေ အချိုရည်ဘူးခွံတွေ ပစ်ပေးသွားတာလည်း ရှိတယ် ။ ပစ်ချပေးသမျှ အကုန်လိုက်ကောက်ပြီးရင် ရထားသွားတာနဲ့ အကုန်စုပြီး မျှတ စားကြတယ် ။ အဝေတည့်ရင်လည်း တည့်သလို စားပြီး ၊ မတည့်တဲ့အခါကြတော့လည်း သိုင်းကွကတွ ထုတ်သုံးပြီး လက်ရည်ပြ လုရတာပေါ့ ။
မိတူးကတော့ ဘူးခွံတွေ မကောက်ဘူး ။ တချို့ကစားဖော်တွေကတော့ ဘူးခွံတွေကောက် ၊ စုထား ရောင်းစားပြီး မုန့်ဖိုးရှာပေမယ့် မိတူး အမေကတော့ ဘူးခွံကောက်လာရင် မိတူးကို ကျောပြင်ဗျောတင်တော့တာပဲ ။ အမေက မိတူး ရထားလမ်းဘေး မုန့်သွားကောက်တာကိုတောင် မကြိုက်တတ်ပေမယ့် မနိုင်လို့ လွှတ်ထားပေးရတာ ။
တစ်ခါတလေ အမေ စိတ်ပေါက်တဲ့အချိန်ဆို
“နင့်ကို ငါအငတ်ထားသလား”ဆိုပြီး ဗိုက်တင်းကြောကို လိမ်ဆွဲတတ်သေးတာ ။ ဘူးခွံတွေ ကောက်စုတာ အမေသိလို့ကတော့ မိတူး ကျောက ဝါခြမ်းပြားစာမိမှာပဲ ။
ညနေဆိုရင်တော့ မိတူးတို့ကလေးတွေ ရွာထိပ်က တမာပင်ကြီးအောက်မှာ စုထိုင်ပြီး ယာခင်းတွေကြားကနေ ဖြတ်ပြန်တဲ့ ရထားကြီးကို အဝေးကနေ ငေးကြတယ် ။
တောင်တွေကြားထဲမှာ မေးတင်ရင်း ၀င်လုဆဲဆဲဖြစ်နေတဲ့ နေမင်းကြီးရယ် ၊ တောင်တန်းညို့ညို့တွေရယ် ၊ လယ်ကွင်းစ်ိမ်းစိမ်းတွေကြားကနေ ဖြတ်မောင်းနေတဲ့ ရထားတန်းရှည်ကြီးရယ် က တကယ်ကို ပနံရ တဲ့ ရှုခင်းကောင်းတစ်ခုပေါ့ ။
အဲဒီအချိန်ကတော့ လူကြီးတွေ စကားကိုအတုခိုးပြီး လူကြီးယောင်ဆောင် သွားငေးကြတာဆိုပေမယ့် မိတူး အတွက်တော့( အခုအချိန်ထိကို) မြင်ယောင်ကြည့်တိုင်း လှပနေဆဲ မြင်ကွင်းတစ်ခုပေါ့ ။
မိတူးတို့ ရွာမှာက အိမ်တွေက တစ်အိမ်နဲ့တစ်အိမ်ကြား စည်းရိုးမခတ်တာများတယ် ။
“ဟို သပြေပင်ကနေ …ဟော ဟိုက တရုတ်မန်ကျည်းပင်အထိက ဒေါ်ပုမ တို့ အပိုင် ” ၊
“ဟို ဂွေးတောက်စင် ကနေ ဟိုနားက တည်ပင်ထိက ဖိုးလှတင်တို့အိမ်” စသဖြင့်ပဲ မှတ်ထားကြပြီး ၀န်းခတ်မထားတဲ့အိမ်ဝိုင်းတွေများတယ် ။
မိတူးတို့ကလည်း ပတ်ပတ်လည် အိမ်နီးချင်းအကုန်လုံး အမျိုးတွေဆိုတော့ တစ်အိမ်နဲ့တစ်အိမ်ကြားမှာ ခြံ၀န်းခတ်မထားဘဲ ၊ တောင်မြောက် အရှေ့အနောက်တောက်လျှောက်ကြီးကိုခတ်ထားတဲ့ စည်းရိုးပဲရှိတယ် ။
လယ်ရိတ်ချိန် အိမ်မှာ ကောက်ရိုးပုံကြီးရောက်လာတယ်ဆိုရင် မိတူးတို့ ကလေးအုပ်စု အရမ်းပျော်ပေါ့ ။ ကောက်ရိုးပုံပေါ်တက်ဆော့လိုက် ၊ ကောက်ရိုးတွေခြုံပြီးအိပ်လိုက်နဲ့ အလုပ်ကို ဖြစ်နေတာပဲ ။
ကောက်ရိုးပုံပေါ်တကိအိပ်ပြီး နိုးလာရင်လည်း လူတွေက မျက်လုံးမှာ မျက်ချေးတွေကို ပိတ်လို့ကပ်လို့ ။ကောက်ရိုးက အပူငွေ့ရိုက်တော့ အပူကန်ပြီး ထွက်လာတဲ့ မျက်ချေးတွေနဲ့ “မျက်ချေးပိတ်”လေးတွေ ဖြစ်နေတာပေါ့။
ညဆို ကလေးတွေစုပြီး မိတူးတို့အိမ်ခေါင်းရင်း၊ နွားတဲ နားက လှည်းကြီးပေါ်တက်ထိုင်ပြီး ပုံပြင်ပြောတမ်းကစားကြတယ် ။ တစ်ခါတလေ သရဲပုံပြင်ပြောတဲ့ အခါမျိုးတွေဆို ရိုးရိုမထိုင်ဘဲ တင်ပါးအောက် ဖိနပ်လေးတွေ ခုပြီး ကျုံ့ကျုံ့လေးထိုင်ကြတယ် ။ အကြောင်းကတော့ လှည်းကြမ်းပေါက် ကြားကနေ သရဲက ဖင်ကို တုတ်နဲ့ထိုးမှာစိုးလို့ပေါ့လေ။
အဲဒီလို သရဲအကြောင်းပြောနေတဲ့အချိန်မှာ လူကြီးတစ်ယောက်ယောက်ကများ ခြေဖော့လျှောက်လာပြီး အနီးကပ်မှ “ဟေး”ခနဲ ၊ “ဝါး”ခနဲများ ခြောက်လိုက်လို့ကတော့ မိတူးတို့ ကလေးတစ်သိုက် အဖြစ်က ပုရွက်ဆိတ်အုံကို တုတ်နဲ့ထိုးလိုက်သလိုပဲ ။
ဘာမှန်းညာမှန်း မစူးစမ်းတော့ဘဲ “နောက်ကျတဲ့ ခြေထောက် သစ္စာဖောက် “ဆိုပြီး ၊ အလန့်လန့်အဖျပ်ဖျပ်နဲ့ သူ့ထက်ငါအပြိုင် လှည်းပေါ်က ခုံဆင်းပြီး ခြေဦးတည့်ရာ ပြေးကြပြီပဲ ။
တော်ရုံအသည်းငယ်တဲ့သူမျိုးဆို ငိုကြီးချက်မ နဲ့ကို အော်ငိုရင်း ပတ်ပြေးတာ ။
မိတူး ကိုယ်တိုင်လည်း သရဲကြောက်တယ် ။ ရွာထဲမှာ နာရေး ရှိပြီလားဆို ညီအစ်မတတွေမှာ အခန်းထဲ သရဲတစ္ဆေမ၀င်နိုင်အောင်ဆိုပြီး အခန်းပတ်ပတ်လည် ထဘီတွေကာပြီး အိပ်ရတာလည်း အလုပ်တစ်ခု ပဲ ။
လူကြီးတွေပြောပြတဲ့ ကြားဖူးနား၀ ရွာရဲ့ရာဇ၀င်တွေ တော့ တော်တော်များများကြားဖူးပေမယ့် ၊ မိတူးကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ကြုံတဲ့တစ်ရက် ရောက်လာတယ် ။
တစ်ရက်မှာ အိမ်က ဦးလေး နေမကောင်းလို့ဆိုပြီး ည ၇နာရီလောက်ကြီးမှာ
မိတူးရယ်၊ အစ်မအကြီးဆုံး မိမျိုးရယ်၊ အစ်ကိုလတ် သာ၀ ရယ် ရွာဦးကျောင်း ဘုန်းကြီးဆီကနေ ဆေးသွားတောင်းတယ် ။
ဆေးယူပြီး အပြန်ကျတော့ လမ်းမှာ ဇာတ်လမ်းစလာပြီ ။
သာ၀က နောက်တလှည့်ကြည့်ကြည့်လုပ်ရင်း
“အစ်မ …အနောက်ကနေ တစ်ခုခု လိုက်လာသလိုပဲ …ငါ ကြက်သီးတွေလည်း ထနေတယ် …နင်တို့ရော ?”လို့မေးတယ် ။
မိတူးက အဲဒီတုန်းက ၁၁နှစ်အရွယ်လောက်ပဲ ရှိသေးတာဆိုတော့ ဘာမှသိပ်မသိသေးဘူး ။
မိမျိုးကတော့ သာ၀ အပြောကို မျက်နှာပျက်ပျက်နဲ့ပဲ ခေါင်းငြိမ့်ပြတယ် ။
ပြီးတော့
“လာ လာ မြန်မြန်လျှောက်ကြမယ် “ဆိုပြီး သုံးယောက်သား တစ်ယောက်လက် တစ်ယောက်တွဲပြီး ခတ်သုတ်သုတ် လျှောက်လာတာပေါ့ ။ လပြည့်ကျော်တစ်ရက်ဆိုတော့ လကြီးကလည်း ထိန်ထိန်သာပြီး လင်းထိန်နေတာ… လျှောက်လာကြရင်း သာ၀ ဆီကနေ အသံထပ်ထွက်လာတယ်
“အစ်မရေ …ငါတို့နောက်မှာ အရိပ်ကြီးပါလာတယ်…ဟော…ဟော…ပြောရင်းနဲ့ အရိပ်ကြီးက ပိုကြီးလာပြီ အစ်မရေ “လို့ အံကြိတ်သံနဲ့ပြောတယ် ။
သာ၀ စကားကြောင့် မိတူး လှည့်ကြည့်တော့ တကယ်လည်း နောက်မှာ အရိပ်လိုဟာကြီး ကပ်ပါလာတာ ။ အစ်ကိုနဲ့ အစ်မ ပုံစံကလည်း တုန်လှုပ်နေကြတဲ့ပုံစံမလို့ အလယ်ကနေ မိတူး ပိုကြောက်ပြီး ငိုချင်လာတယ် ။
နောက်ဆုံးကျ မိမျိုးက
“လက်တွဲပြီး ပြေးကြစို့…မလဲစေနဲ့နော် လဲရင် ဒုက္ခရောက်သွားမယ် “လို့ပြောတယ် ။ ဒါနဲ့ပဲ မောင်နှမသုံးယောက် လက်တွဲပြီး ပြေးကြတာပေါ့ ။
ခြံထဲပြေး၀င်လာပြီးမှ အိမ်မကြီးပေါက်၀လည်းရောက်ရော မိမျိုးက နောက်ကနေဆံပင်ကို ဆောင့်ဆွဲခံလိုက်ရလို ခေါင်းလန်သွားပြီး ဆံပင်စည်းထားတာကလည်း ပြေကျသွားတယ် ။
ပြီးတော့ ချက်ချင်းဆိုသလိုပဲ မြေကြီးပေါ် ထိုင်ချပြီး တဟီးဟီးရယ်ပါလေရော ။ အဲဒီအချိန်ထိ မိတူးလက်ကိုမလွှတ်သေးဘူး ။မိတူး ကြောင်ကြည့်နေရင်းနဲ့ပဲ မိမျိုးရယ်နေတဲ့ပုံကြီးကို သေချာကြည့်မိသွားတယ် ။ မိမျိုးက မျက်လုံးကြီး အပေါ်လှန်ကြည့်ရင်း ပါးစပ်ပြဲကြီးနဲ့ အသားကုန် ဟီးလေးထ ရယ်နေတာ ။
အဲဒီအချိန် သာ၀ ကလည်း ဘာလုပ်လို့ လုပ်ရမှန်းမသိတာနဲ့
“အမေရေ အဖေရေ ဒီမှာ အစ်မ ဘာဖြစ်နေမှန်းမသိဘူး …လာကြပါဦး “ဆိုပြီး အမေတို့တို့ အော်ခေါ်တယ် ။
လူကြီးတွေ ရောက်လာတော့မှ မိမျိုးပုံစံကိုကြည့်ပြီး အပမှီနေမှန်းသိကြတယ် ။ မိတူးကတော့ မိမျိုးလက်ထဲက မလွတ်သေးဘဲ ဘေးမှာ ငုတ်တုတ်ပေါ့ ။
အဖွားက မိမျိုးခေါင်းကိုကိုင်ပြီး ဘုရားစာရွတ်တော့ မိမျိုးက ခေါင်းကြီးမော့ပြီး တဟားဟားအော်ရယ်တယ် ။
ပြီးတော့ မိမျိုးတစ်ယောက် အသံနက်ကြီးနဲ့ (အဖွားရွတ်သလို) ပြန်ရွတ်ပြပြီး
“ဟားဟား ဘုန်းကြီးကို လာပြီး စာပြချနေပေးနေပါလား အဖွားကြီး ရဲ့ “လို့ မကျေမနပ်ပြောတော့ အကုန်လုံး မျက်လုံးပြူးပါလေရော ။
အမေက အထစ်ထစ်အငေါ့ငေါ့နဲ့
“ဒါ ဒါဆို ဘုန်းကြီးတစ္ဆေပေါ့”ဆိုတော့ ခေါင်းငြိမ့်ပြတယ် ။
“ဘယ် … ဘယ် ဘုန်းကြီးလဲ ဘုရာ့”လို့ မေးတော့ မိမျိုးက အမေ့ကိုမျက်ထောင့်နီးကြီးနဲ့ စိုက်ကြည့်ရင်း
“သိက္ခာကျတယ် …မပြောနိုင်ဘူး “လို့ ပြောတယ် ။
စကားသံကအစ မိမျိုး နဂိုအသံပျောက်နေပြီဆိုတော့ အကုန်လုံးလည်း လန့်နေပြီ ။
အဖွားက “ကလေးတွေ နောက် ဘာလို့လိုက်လာတာလဲ “ဆိုတော့ ပထမတော့
“ကပ်လို့ရလို့ လိုက်လာတာ”လို့ ဖြေတယ် ။
ပြီးတော့မှ သူ အစားမစားရတာကြာလို့ စားချင်လို့ လိုက်လာတာ လို့ ဖြေတယ် ။
ဘာစားချင်လဲမေးတော့
” အသားဟင်းနဲ့ထမင်းစားချင်တာ ..သပိတ်နဲ့ ထည့်ကျွေး”လို့ ခပ်မာမာပြောတယ် ။
“စားပြီးရင် ကလေးကို ဒုက္ခမပေးဘဲ ပြန်ထွက်ပေးမှာလား”ဆိုတော့ ခေါင်းငြိမ့်ပြတယ် ။
ဒါနဲ့ပဲ အိမ်မှာ ဦးလေး ပဉ္ဇင်းတက်တုန်းက ရှိနေတဲ့ သပိတ်ကို ပြန်ဆေးကြောပြီး ထမင်းထည့် ၊ အိမ်မှာရှိတဲ့ဟင်းတွေ ဘေးအိမ်တွေက ယူလာပေးတဲ့ဟင်းတွေ ထည့်ပြီး မိမျိုးဆီ ယူသွားရတယ် ။
အစားမြင်တော့မှ သရဲအပူးခံနေရတဲ့ မိမျိုးက မိတူးလက်ကိုလွှတ်ပေးတယ် ။
ပုံမှန်ဆို ကြောင်စာလောက်ပဲ စားနိုင်တဲ့မိမျိုးက ထမင်း နှစ်ဘူးချက်စာလောက်နဲ့ ဟင်းတွေတစ်ပုံကြီးကို ခဏလေးအတွင်း ပြိုက်ခနဲကုန်အောင် စားတယ် ။ စားပြီး အားရလောက်ပြီထင်တော့ ရေဆိုလို့ ရေပြေးခပ်ပြီး တိုက်ရသေးတာ ။
ပြီးတော့ “ငါ့ကို အစာပုံမှန်ကျွေးပေးဖို့ နင်တို့ ဘုန်းကြီးကို ပြောလိုက် … ကြားလား …မကျွေးရင်တော့ ငါက ရွာထဲလာမွှေမှာပဲ “လို့ ပြောတယ် ။ ပြောပေးပါမယ်လို့ ကတိအထပ်ထပ်ပေးမှ
“ဒါဆို ငါသွားမယ် “လို့ နှုတ်ဆက်ပြီး ပြန်ထွက်သွားတယ် ။ ပြန်ထွက်သွားတဲ့အချိန် မိမျိုးဆီကနေ အရိပ်မည်းလိုဟာကြီး ခုန်ထွက်သွားတာကို အကုန်လုံး မြင်လိုက်ရတာ။ မိမျိုးကတော့ အပ ထွက်ထွက်ချင်း မှာ ခဏလောက် ကြောင်စီစီကြီး ဖြစ်သွားပြီးမှ တအီးအီးနဲ့ ငိုချပါလေရော ။
နောက်တစ်ခါကကျ မိတူး ၁၃နှစ်အရွယ်လောက်မှာ ဖြစ်တာ … အိမ်မှာက အကုန်လုံးကိုယ့်အ၀တ်ကိုယ် လျှော်၀တ်တတ် ၊ ကိုယ့်တစ်ကိုယ်ရည်စာကို ကိုယ်တိုင်တာ၀န်ယူနိုင်အောင် အဖွားက အကျင့်လုပ်ပေးထားတယ် ။ ဒါပေမယ့် တစ်ခါတရံတော့ အဖွားက သူ့အ၀တ်တွေ ၊ စောင်တွေ ၊ ခြင်ထောင်တွေကို ရွာ မြောက်ပိုင်းက ခဝါသည် မစန်း ဆီမှာ အလျှော်အပ်လေ့ရှိတယ် ။
အမေနဲ့ အဒေါ်တွေကို လျှော်ခိုင်းရင်လည်း ရပေမယ့် အဖွားက မစန်းကို သနားလို့ သေချာအလုပ်ပေးတာ … အမြဲတမ်းလည်း တန်ရာတန်ကြေးထက်ပိုပြီး ပေးလေ့ရှိတယ် ။ မစန်းက မောင်နှမတွေ တစ်သိုက်ကြီးကို အပင်ပန်းခံပြီး ရှာဖွေကျွေးမွေးနေရတဲ့သူမလို့ အဖွားက ” စန်းစန်းကို မြင်ရတာ ဖွား ငယ်ဘ၀ ကိုပြန်မြင်နေရသလိုပဲ “ဆိုပြီး ကိုယ်ချင်းစာ ကရုဏာသက်လို့ ဖေးမ ပေးချင်တဲ့ သဘောပေါ့ ။
မစန်းက တချို့အိမ်တွေကအ၀တ်တွေကိုတော့ ရွာပြင်ချောင်းမှာယူသွားပြီး လျှော်ပေမယ့် အဖွားအ၀တ်တွေကိုတော့ အိမ်က ရေတွင်းမှာပဲ လျှော်ပေးတယ် ။ အဖွားက သူ့မျက်စိရှေ့လျှော်မှကြိုက်တဲ့အပြင် အိမ်မှာကလည်း ရေပေါတော့ မစန်းအတွက် အဆင်ပြေတယ် ။
အဲဒီလိုနဲ့ တစ်ညနေ…အမေက အိမ်ရှေ့မှာ ထုတ်လှန်းထားတဲ့ မြေပဲတွေ သိမ်းနေတုန်း အမေ့နား မစန်းရောက်လာတယ် ။ တစ်ကိုယ်လုံး ရေတွေစိုရွှဲနေပြီး မျက်နှာကလည်း အတော်လေးမကောင်းဘူး ။
အမေက “ဟော်တော် ရေတွေလည်းစိုရွဲလို့ပါလား မစန်းရယ် …ဘာတွေဖြစ်လာတာတုန်း”လို့မေးတော့ မစန်းက အမေ မေးတာကိုမဖြေဘဲ မျက်နှာငယ်ငယ်နဲ့
“အစ်မ … အိမ်မှာလေ အငယ်လေးတွေ ဘာမှ စားစရာမရှိတော့ဘူး … ပိုက်ဆံကလည်း ကျုပ်ပြန်မှ ပေးနိုင်မှာ …အခု ကျုပ်ကလည်း ပြန်လို့မရသေးဘူး …အဲဒါ အိမ်ကို ဆန်လေး ၊ ဆီလေး နည်းနည်းလောက် ပေးပေးပါလား အစ်မရယ် .. ကျုပ် မနက်ဖြန်ကျ အ၀တ်လျှော်ပြီး ပြန်ဆပ်ပါ့မယ် “လို့ ပြောတယ် ။
ဒါနဲ့ အမေကလည်း “အေး အေး … ငါ့သားကို သွားပေးခိုင်းလိုက်မယ် … ညည်းလည်း ရေစိုကြီးနဲ့ အအေးပတ်နေဦးမယ် “လို့ပြောလိုက်တယ် ။
မစန်းကတော့ “ကျေးဇူးတင်ပါတယ် အစ်မရယ်”လို့ ပြောပြီး ပြန်လှည့်ထွက်သွားတယ် ။
မကြာပါဘူး …၁၅ မိနစ်လောက်နေတော့ “မစန်း ရေနစ်လို့ဆုံးပြီ”ဆိုတဲ့ သတင်းကြားရပါလေရော ။နေ့ခင်းကတည်းက ဟိုဘက်ရွာက ချောင်းစပ်မှာ အ၀တ်လျှော်ရင်း အ၀တ် ရေထဲပြုတ်ကျလို့ လိုက်ဆယ်ရာကနေ ရေနစ်သွားရှာတာ ။ အနီးနားက လူတွေကလည်း မစန်းရေထဲဆင်းသွားတာတော့ မြင်လိုက်ပေမယ့် အမှုမဲ့ အမှတ်မဲ့ပဲ ။
ညနေ ချောင်းထဲမှာ အလောင်းပေါ်လာမှပဲ မစန်းအဖြစ်ကို စိတ်မကောင်းဖွယ် သိခဲ့ရတာ ။
အမေက ကြား ကြားချင်း မယုံနိုင်ဘူး ။
“မဟုတ်ဘူး မဖြစ်နိုင်ပါဘူး … ခုနကတင် ငါနဲ့စကားပြောနေသေးတာ “လို့ တတွင်တွင်ပြောတယ် ။ နောက်ဆုံး တကယ့်အဖြစ်မှန်ကို လက်ခံလိုက်ရတဲ့အချိန်ကျမှ အမေ ကြောက်ဖို့ သတိရတယ် ။
ကြောက်စိတ်ဖြစ်ပေမယ့် တစ်ဖက်မှာလည်း
“သူ့ခမျာ သေပြီးတာတောင် သူ့မောင်နှမတွေအတွက် စိတ်ပူတုန်း “လို့တွေးပြီး ဆန်၊ဆီ၊ကြက်သွန် ၊ ပဲ ၊ ငါးခြောက် နဲ့ အိမ်မှာရှိတဲ့ အသီးအနှံတွေ မစန်း ရဲ့အိမ်ကိုသွားပေးလိုက်တယ် ။
အဖွားကဆို မစန်းသတင်းကြားတော့ မျက်ရည်ကျရှာတယ် ။ “ကလေးမလေး ၀ဋ်ကျွတ်သွားတယ်လို့ပဲ စိတ်ဖြေရမှာပေါ့…၀ဋ်ကြွေးရှိရင် ဒီဘ၀ ဒီမျှနဲ့ကျေပါစေ ကလေးမရယ် “လို့ တဖွဖွပြောနေတော့တာ ။
ဒါပေမယ့် ဒီလိုစိတ်မကောင်းစရာတွေနောက်မှာ မထိတ်သာမလန့်သာတွေလည်း ကပ်ပါလာတယ် ။ မစန်း ရက်မလည်ခင်ညက မိတူးတို့ တစ်အိမ်လုံး မအိပ်ရဘူး ။
ဘာလို့လဲဆိုတော့ ….အိမ်ရှေ့ရေတွင်းမှာ တဗွမ်းဗွမ်း၊ တဘုန်းဘုန်းနဲ့ အ၀တ်လျှော်နေသလိုတဲ့ အသံတွေ… အစကတော့ အဒေါ်အငယ်က အသံကြားကြားချင်း
“ညကြီးမိုးချုပ် ဘယ်သူက ရေကိုင်နေတာတုန်း”ဆိုပြီး ထကြည့်တယ် … အဲဒီမှာတင် လရောင်အောက်မှာ အ၀တ်လျှော်နေတဲ့ မစန်းကို တွေ့ရတော့တာပဲ ။
အဒေါ်လည်း ကြောက်လန့်ပြီး အိမ်ကလူတွေလိုက်နှိုးပြီးပြောတော့ အကုန်နိုးလာကြတယ် ။ ထကြည့်သမျှ လူအကုန် ရေကန်မှာ အ၀တ်လျှော်နေတဲ့ မစန်းကိုမြင်တယ် ။လူကြီးတွေက မကြည့်နဲ့ပြောတဲ့ကြားကနေ ထရံပေါက်ကချောင်းကြည့်တဲ့ မိတူးလည်း မစန်းကိုမြင်တယ် ။ မျက်နှာသာ သေချာမမြင်ရတာ …အလုံးအထည်နဲ့ကိုယ်နေဟန်ထားကိုတော့ မိတူး မှတ်မိတယ် ။
နောက်ဆုံး အဖွားကိုယ်တိုင် ၀ရံတာကို ထွက်ပြီး
“အစန်းရေ … ဖွားတို့အပေါ် ဘာအကြွေးမှ မတင်ပါဘူး သမီးရေ … သမီး သွားရမယ့်လမ်းကို ဖြောင့်ဖြောင့်သွားနော် … အဖွားပြုဖူးသမျှ ကုသိုလ်နဲ့ အမျှဝေပါတယ် ကလေးမရေ “ဆိုပြီး နာမည်ခေါ်ပြီး အမျှဝေပေးမှ ငိုရင်း ထထွက်သွားတယ် ။
ဘာလို့ငိုတယ်လို့ သိတာလဲဆိုတော့
အမျှဝေနေကတည်းက တအီးအီးနဲ့ ရှိုက်ပြီးငိုနေတဲ့အသံကြားနေရတာ ။ အမေကတော့ “မစန်းက ငိုရင်းထွက်သွာပြီး ခြံပေါက်၀ မရောက်ခင် မျက်စိရှေ့ကနေ ဒီအတိုင်းကြီး ပျောက်ထွက်သွားတယ်” ပြောတယ် ။
အဲဒီနောက်ပိုင်း အိမ်က အဖွားအပါအ၀င် လူကြီးတွေက မကြာခဏဆိုသလို မစန်းရဲ့ မောင်နှမတွေဆီ စားစရာ အခြောက်အခြမ်းတွေ ပေးပြီး တတ်နိုင်သမျှ ကူညီပေးတယ် ။
နောက်တစ်ခါကိစ္စကကျ မိတူး အပျိုပေါက်အရွယ်မှာ ကြုံရတာ ။
အဖြစ်က ရွာထိပ် သောက်ရေတွင်းဟောင်း ထဲမှာ အလောင်းတွေ့တာကနေ အစပြုတာ …ရွာထိပ်မှာက သောက်ရေတွင်းက သုံးမရတော့တဲ့ တွင်းဟောင်းရယ် ၊ သုံးနေဆဲ တွင်းအသစ်ရယ် နှစ်တွင်းရှိတယ် ။ တွင်းဟောင်းထဲမှာ မိန်းကလေးတစ်ယောက်ရဲ့ အလောင်းတွေ့ရတာ … သာမန်ပြုတ်ကျပြီး သေတာမျိုးမဟုတ်ဘဲ လူသတ်မှုဆိုတော့ အတော်လေးလည်းပွဲဆူတာပေါ့ ။
အသတ်ခံရတဲ့ ကောင်မလေးကတော့ မိတူးတို့ရွာကမဟုတ်ဘဲ တခြားရွာက …ပြီးတော့ မိန်းကလေးက အသက်အရွယ်အားဖြင့် ၂၀ လောက်ပဲရှိသေးတဲ့အပြင် သူတို့ရွာမှာလည်း အချောအလှစာရင်း၀င်တယ်လို့ပြောကြတယ် ။ မတော်တရော်ပြုကျင့်ခံရပြီးမှ အသတ်ခံရတယ်လို့လည်း ပြောကြသလို ၊ သမီးရည်းစားချင်း ရန်ဖြစ်ပြီး လက်လွန်တယ်လို့လည်းပြော ၊ ချစ်ရေးဆိုတာကို ခါးခါးသီးသီးငြင်းလို့ ရန်ငြိုးနဲ့အသတ်ခံရတယ်လို့လည်း သတင်းကြားပြီး ဘယ်ဟာကအမှန်မှန်းတော့ မသိခဲ့ရဘူး ။
သိရတာကတော့ အဲဒီ မိန်းကလေး သေတဲ့ကိစ္စနောက်ပိုင်း ရွာထိပ်မှာ သရဲခြောက်တယ်လို့ နာမည်ထွက်လာတာပဲ ။ အဲဒီကိစ္စဖြစ်ဖြစ်ချင်း လူကြီးတွေကလည်း ရွာကအပျိုလေးတွေကို ရွာထိပ် ရေသွားမခပ်ခိုင်းတော့ သောက်ရေတွင်းဘက်မှာ နည်းနည်းလူသွားလူလာကြဲသွားတယ် ။
သွားတဲ့သူ တစ်ယောက်စ နှစ်ယောက်စကလည်း သရဲခြောက်တယ် ပြောလို့ပြောနဲ့ဆိုတော့ အဲဒီအတောအတွင်းမှာတော့ ရေခပ်တဲ့အလုပ်ကို ယောက်ျားသားတွေပဲ လုပ်တယ် ။
အချိန်အတော်ကြာပြီး အဲဒီကိစ္စလည်း အနည်ထိုင် ၊ မေ့မေ့ပျောက်ပျောက်ဖြစ်လောက်မှ မိန်းကလေးတွေပဲ ရေပြန်ခပ်ရတယ် ။ ဒါပေမယ့် တစ်ယောက်ချင်း နှစ်ယောက်ချင်း တော့ မသွားကြဘူး…အနည်းဆုံး ၄/၅ယောက် တစ်အုပ်စုလောက်သွားကြတယ် ။
အဲဒါကိုမှ မိတူးက စပ်စလူးအထလွန်ရာကနေ သရဲမ နဲ့အကြောင်းပါတော့တာပဲ ။
မိတူးက အပျိုပေါက်စကတည်းက ရွယ်တူတွေကြားမှာ သီချင်းဆိုကောင်းတယ်လို့ နာမည်ကြီးတယ် ။ ရွယ်တူတွေအပြင် ရွာက လူကြီးတွေကအစ
“မိတူး သီချင်းဆိုရင် တကယ် နားထောင်ကောင်းတာပါတော်”လို့ တခုတ်တရ ချီးကျူးတော့ မိတူး က ဒါကိုပဲ ဂုဏ်ယူမဆုံးဖြစ်နေသလို လျို့ဝှက်လက်နက်အဖြစ်လည်း သုံးတယ် ။
အိမ်နားမှာ ကာလသားတွေ လာဝဲပြီဆိုတာနဲ့ မိတူးတစ်ယောက် အိမ်ထဲကနေ သီချင်းဆိုပြီး ညိုမြ လုပ်ပြီပဲ ။ မိတူးအကြောင်းသိတဲ့ အမေကတော့ တိတ်တိတ်လေးကြိတ်ပြီး ဗိုက်တင်းကြောလိမ်တာပေါ့ ။
အဲဒီရက်ပိုင်းက ရွာမှာ ဘုန်းကြီးကျောင်းရေစက်ချအလှူရှိတော့ မြို့ကအလှူရှင် မိသားစုဆွေမျိုးတွေပါ ရောက်နေကြတာ ။ မြို့ဧည့်သည်အုပ်စုထဲမှာ မိတူးတို့နဲ့ မတိမ်းမယိမ်းအရွယ် လူပျိုပေါက်တွေလည်းပါတယ် ။ လူပုံချောချော မြို့သားတွေဆိုတော့ မိတူးတို့ အပျိုတစ်သိုက်အတွက်တော့ စိတ်၀င်စားစရာတွေဖြစ်နေတာပေါ့ ။
အဲဒီနေ့က မိတူး အိမ်ရှေ့မှာ သစ်ရွက်ခြောက်တွေကြုံးနေတုန်း ရွာလယ်လမ်းကနေ မိတူးတို့အိမ်ဘက် လမ်းလျှောက်လာနေတဲ့ မြို့သားကိုလူပျို အုပ်စုကို လှမ်းတွေ့လိုက်တယ် ။ ဒီအချိန်ဆို ဒီလူပျိုတွေ ရွာထိပ်ဘက်ကို လမ်းလျှောက်ထွက်ရင်း ၊ ရေခပ်ထွက်တဲ့အပျိုတွေကို လိုက်ငမ်းတတ်တာ မိတူးသိပြီးသား …ဒီနေ့တော့ အရင်နေ့တွေထက် နည်းနည်းစောထွက်လာကြပုံရတယ် ။
ဒါနဲ့ မိတူးလည်း လုပ်လက်စတွေ ပစ်ချပြီး မြန်မြန်သွက်သွက် လက်ဆေးတယ်…ပြီးတော့ တစ်၀တ်ကျော်ကျော်ရှိနေသေးတဲ့ သောက်ရေအိုးကို လက်နဲ့တဗွမ်းဗွမ်းကျင်းပြီး သွန်ပစ်လိုက်တယ် ။ ပြီးတော့ “အမေရေ သမီး ရေသွားခပ်ချေဦးမယ်”လို့ ပြေးပြေး အော်အော် အော်ရင်း အမေ ဘာမှပြန်မအော်ခင် မှုန်နေအောင် လစ်ထွက်ခဲ့တော့တာပဲ ။
လမ်းရောက်တော့ လူပျိုအုပ်စုရှေ့ မလှမ်းမကမ်းကနေ လျှောက်ရင်း သီချင်းတစ်ပုဒ် အပိုင်ညည်းပြလာတာပေါ့ ။
ရွာထိပ်ရေတွင်းရောက်တော့ မိတူးထက် စောပြီးရောက်နှင့်နေတဲ့ အပျို ၄/၅ယောက်လောက်က ရေခပ်နေကြပြီ ။ မြို့သားတွေက မလှမ်းမကမ်းအပင်အောက်ကနေ လှမ်းကြည့်နေတာသိတော့ မိတူးတို့လည်း အပြိုင်အဆိုင် ပဲပေးကြတယ် ။
အဲဒီလို ပဲပေးရင်းကနေ မိတူး ရေအိုးကြီး ကျကွဲပါလေရော ။မိတူးမှာ ရှက်လည်းရှက် “ရေအိုးကွဲတာသိရင် အမေကတော့ ငါ့ကို သတ်တော့မှာပဲ “လို့တွေးပြီး ကြံရာမရတဲ့အဆုံး ရေတွင်းဟောင်းနားက သစ်ငုတ်တိုပေါ်တင်ထားတဲ့ ရေအိုးကို ယူပြီး ရေဖြည့် ၊ ဟန်မပျက် အိမ်ပြန်လာခဲ့တယ် ။
သစ်ငုတ်ပေါ်က အိုးကလည်း အသစ်အတိုင်းကိုမှ အိုးကလည်း အေးပြီးစိမ့်နေတော့ မိတူးစိတ်ထဲ မသန့်တာ ဘာညာလည်း မရှိဘူး ။ မြှီးကောင်ပေါက်ဆိုတော့ ရှည်ရှည်ဝေးဝေး လည်း ကြည့်မစဉ်းစားတတ် ၊ ရှေ့နောက်မဆင်ခြင်တတ်တာလည်း ပါတာပေါ့လေ ။
အဲဒီအိုး အိမ်ရောက်လာကတည်းက အနှောင့် က ပါလာတာ… တခြားသူတွေ ရေသောက်ရင် ဘယ်လိုမှမနေပေမယ့် မိတူး သောက်ရင်တော့ ပုပ်အဲ့အဲ့အနံ့ကြီးရတယ် ။ ပြီးတော့ နေ့လည်နေ့ခင်း မိတူး တစ်ရေးတမောအိပ်တဲ့အချိန်ဆို အနားမှာ တစ်ယောက်ယောက်ရှိနေသလိုပဲ …။
တစ်ခါတလေဆို အိပ်မက်ယောင်ယောင်နဲ့ မိတူး ဘေးမှာအိပ်နေတဲ့ မိ်န်းမတစ်ယောက်ကို မြင်တာမျိုးတွေရှိတယ် ။ အိပ်မက်ထဲမှာဆိုရင်လည်း မိတူး တစ်ခါမှမမြင်ဖူးတဲ့ မိန်းကလေးတစ်ယောက်က မိတူးကို သူနဲ့အတူလိုက်နေမလားလို့ မေးတာမျိုး မကြာခဏ မက်လာတယ် ။
ဒီလိုမျိုး အိပ်မက်တွေမက်လိုက် ၊ တကယ်လိုလိုမြင်လိုက်နဲ့ ဖြစ်လာတော့ မိတူးလည်း အနည်းနဲ့အများ စိတ်ချောက်ချားလာတယ် ။
အမေ့ကို ပြောပြပေမယ့် အမေကတော့ မိတူးက အပျိုပေါက်မလို့ သွေးသားပြောင်းလဲပြီး ဖြစ်တတ်တဲ့ သဘောလို့ပဲပြောတယ် ။ တစ်ရက် အိမ်ရှေ့မှာ ထမင်းစားနေကြရင်း …ဟင်းရည်ကုန်သွားလို့ မိတူးက ထခပ်တယ် ။ ရွာအိမ်တွေဆိုတော့ မီးဖိုချောင်က အိမ် အနောက် ဖက် မှာ သီးသန့်ထားတာမလို့ သွားရတာလည်း တသီးတသန့်ရယ် … မီးဖိုဆီသွားဖို့ အိမ်ဘေးကဖြတ်သွားတုန်း ပြတင်းပေါက်နားအရောက်မှာ မျက်လုံးက အိမ်ထဲကိုလှမ်းကြည့်မိသွားတယ် ။
အိမ်အ၀င်၀ ရေအိုးစင်နားက ခုံမှာ မိန်းမတစ်ယောက်ထိုင်နေတာ…မိတူး အိပ်မက်ထဲမှာ မြင်နေကျမိန်းမပဲ…မိတူးကို စိမ်းစိမ်းကြီးစိုက်ကြည့်ရင်း ပြုံးပြနေတာ … ။
အစကတော့ မိတူး သတိလွတ်သွားပေမယ့် ကြည့်ရင်း ဘာကို၀မ်းနည်းလာမှန်း မသိဘဲ ထိုင်ချပြီး ဟီးလေးချငိုမိတော့တာပဲ ။
နောက်တစ်ခါကကျ မိတူး အိမ်က ရေတွင်းမှာ ရေချိုးနေတုန်း…တွင်းဘောင်ပေါ်တင်ထားတဲ့ ရေခွက်က ဘာနဲ့မှမတိုက်မိဘဲ ရေတွင်းထဲ ပြုတ်ကျသွားတယ် ။ ဒါနဲ့ မိတူး ခွက်ကိုဆယ်ဖို့ ကြိုးတပ်ပုံးကို ရေထဲချတော့ ပုံးက ရေပြင်နဲ့ထိတာမျိုးမဟုတ်ဘဲ တစ်ခုခု
ပေါ်မှာ တဂေါက်ဂေါက်နဲ့ သွားတင်နေသလိုဖြစ်နေတာနဲ့ မိတူး တွင်းထဲ သေချာငုံ့ကြည့်တယ် ။
အဲဒီလိုကြည့်တော့
“အမလေး…အမေရေ”
မိတူး အကြီးအကျယ်လန့်ပြီး အော်မိတယ် ။
ရေထဲမှာ မှောက်ခုံကြီးဖြစ်နေတဲ့
မိန်းမတစ်ယောက် …ကိုယ်လုံးတီးကြီးနဲ့ကိုမှ ဆံပင်ရှည်တွေကလည်း ရေထဲမှာ ဖြာလို့ … မိတူး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဘဲ လန့်ပြီး အော်ဖို့ပြင်နေတုန်းမှာပဲ အဲဒီမှောက်ခုံကြီးဖြစ်နေတဲ့ဟာကြီးက လှန်လာပြီး မိတူးကိုင်ထားတဲ့ ရေပုံးကြိုးကိုလှမ်းတွယ်ပြီး အပေါ်ကို တက်လာတယ် ။
ဒီတော့ မိတူးလည်း အရမ်းလန့်သွားတာမလို့ ကြိုးကိုလွှတ်ချခဲ့ပြီး ရေစိုကြီးနဲ့ပဲ ငိုကြီးချက်မနဲ့ အိမ်ထဲ၀င်ပြေးတာပေါ့ ။ မိတူး ပြောလို့ လူကြီးတွေ သွားကြည့်တော့ ရေတွင်းထဲမှာ ဘာမှမရှိဘူး ။ ပြီးတော့ ရေပုံးနဲ့ ၊ခုနက မိတူး မဆယ်လိုက်ရတဲ့ခွက်ကလည်း တွင်းဘောင်ပေါ်မှာ အခန့်သားရယ် …။
လူကြီးတွေက မိတူးပြောတာကို မယုံပေမယ့် မိတူးကတော့ အဲဒီခွက်ရော၊ ပုံးရော ဆက်သုံးဖို့မသတီတာနဲ့ ဘယ်သူမှမသိအောင် လွှင့်ပစ်လိုက်တယ် ။
ကြားထဲမှာလည်း မကြာခဏဆိုသလို အနံ့နဲ့ဖြစ်ဖြစ် ၊ အာရုံနဲ့ဖြစ်ဖြစ် စိတ်မသန့်စရာတွေ ကြုံရတယ် ။
ဒီလိုနဲ့ မိတူး သွေးပျက်မတက်ကြောက်ခဲ့ရတဲ့ ညကိုရောက်လာတယ် ။ အဲဒီရက်ပိုင်းမှာ ညဘက်တွေ မိတူး အခန်းထဲမှာ တစ်ယောက်တည်း အိပ်ရတယ် ။
အရင်က ညီအစ်မ သုံးယောက်အိပ်ပေမယ့် မိမျိုးက အိမ်ထောင်ကျသွားလို့ သျှောင်နောက်ဆံထုံးပါသွားပြီ ။ အငယ်မ မိလုံး ကတော့ အဖွားနေသိပ်မကောင်းတာနဲ့ အဖွားနဲ့သွားအိပ်တယ် ။ ဒီတော့ မိတူးတစ်ယောက်ပဲ အခန်းကိုအပိုင်စားရထားတာပေါ့ ။
တစ်ည…
အိပ်မက်ဆိုးတွေမက်လို့ ည သန်းခေါင်ကြီးကျမှ မိတူး လန့်နိုးလာတယ် ။ နိုးလာတော့ တော်တော်နဲ့ ပြန်အိပ်မပျော်သေးတာနဲ့ အိပ်ယာထဲ ဟိုလှိမ့်ဒီလှိမ့်လုပ်နေတုန်း အကြည့်က ထုတ်တန်းပေါ်ရောက်သွားတယ် ။
အမှောင်ထဲပေမယ့် ထုပ်တန်းပေါ်မှာ တစ်ယောက်ယောက် တက်ထိုင်နေသလိုမျိုး စိတ်ထဲမြင်မိနေတာ…ပြီးတော့ အဲဒီကနေ တစ်စုံတစ်ယောက်က မိတူးကို ငုံ့မိုးကြည့်နေသလိုကြီး။
ကိုယ့်အတွေးနဲ့ကိုယ် အမှောင်ထဲမှာ တွေးကြောက်ပြီး ချွေးစေးတွေပြန်နေတုန်း အပြင်ကနေ ခြေသံကြားတယ် ။ ခြေသံက အဖွားအခန်းဘက်ကနေ ထွက်လာတဲ့အသံမလို့ မိတူးစိတ်ထဲ အငယ်မ အိမ်သာ သွားဖို့များလား လို့တွေးပြီး
“မိလုံးလား…အိမ်သာသွားမလို့လား”ဆိုပြီးမေးတော့
“အင်း အင်း”လို့ပြန်ဖြေတယ် ။
ဒါနဲ့ မိတူးလည် း
“ငါလည်း လိုက်ဦးမယ်…စောင့်ဦး”ဆိုပြီး အမြန်ထထွက်သွားပေမယ့် အပြင်မှာ အငယ်မက ရှိမနေဘူး ။ ဒါနဲ့ပဲ “ဒီကောင်မ စောင့်ပါဦး ဆိုတာကိုမစောင့်သွားဘူး “ဆိုပြီး ခပ်တိုးတိုး ကျိန်ဆဲရင် အပြင်ဘက်မှာ အသင့်ရှိနေတဲ့ ရေနံဆီမီးအိမ်ကို ယူပြီး အောက်ဆင်းလာခဲ့တယ် ။
ဆင်းလာရင်း လှေကားအောက်ဆုံးအထစ်ရောက်တော့
“ဟင်”…
မိတူး မီးအိမ်ကြီးကိုင်ပြီး မျက်လုံးတွေပြူးကျယ်ဝိုင်းစက်ရင်း ကြက်သေ သေသွားတယ် ။
လှေကား အောက်ဘက်အရင်းမှာက မှန်အကြီးကြီးတစ်ချပ် ချိတ်ထားတယ် ။
မှန်ကြီးက လူတစ်ကိုယ်ရဲ့ သုံးပုံနှစ်ပုံစာလောက်ကြီးပြီး ကျွန်းဘောင်တွေနဲ့ ရှေးမှန်ကြီး …အရင်ကဆို လှေကားအတက်အဆင်းလုပ်တိုင်း မိတူး မပျက်မကွက်ကြည့်နေကျမှန်ကြီး…။
အခုလည်း အောက်ဆင်းလာရင်း အကျင့်ပါနေတဲ့ မျက်လုံးက မှန်ဆီအလိုလိုရောက်လာတဲ့အချိန် ဒီလို မယုံနိုင်စရာမြင်ကွင်းကို မြင်လိုက်ရတာ ။
မှန်ထဲမှာမြင်နေရတာက…
မိတူး ဂုတ်ပေါ်မှာ ခွထိုင်ပြီးလိုက်တာတဲ့ သရဲမ…
ရုပ်အရမ်းပျက်နေတာတော့မဟုတ်ပေမယ့် တစ်ကိုယ်လုံး ပဲကြီးရေစိမ်ပွလို့ အတွန့်တွန့်အလိပ်လိပ်တွေနဲ့…ဆံပင်တွေကလည်း ရေစိုထားသလို အချောင်းလိုက် အချောင်းလိုက်တွေ။
မိတူး လန့်ပြီး ပါးစပ်အဟောင်းသားဖြစ်နေသလို သူကလည်း မျက်လုံးရော ပါးစပ်ရောက အံ့သြနေသလို ဟစိကြီး … ။
ပြီးတော့မှ သဘောကျသွားသလို မျက်နှာဖြစ်ပြီး လက်ခုပ်လက်ဝါးတီးရင်း အသံတိတ်ရယ်နေတာ… ညကြီးအချိန်မတော် မှန်ရှေ့မှာ မီးအိမ်ကြီးကိုင်ရပ်ရင်း၊ သရဲမတစ်ကောင် ကိုယ့်ဂုတ်ပေါ်ခွစီးထားပြီး ဟီလာထအောင် ရယ်နေတဲ့ပုံစံ ကို မြင်နေရတာ ။
မိတူးမှ သွေးမပျက်ရင် ဘယ်သူသွေးပျက်တော့မလဲ ။
ဂုတ်က လေးတော့လေးမနေပေမယ့်လည်း မှန်ထဲမှာတော့ သရဲမ က ဂုတ်ပေါ်အပီခွထားရင်း ယိမ်းထိုးနေအောင် သွားဖြီးကြီးနဲ့ ရယ်နေတာမြင်ရတော့ မိတူး ဒူးမခိုင်တော့ဘဲ ခွေကျသွားတယ် ။ပြီးတော့ ငယ်သံပါအောင် အာခေါင်ခြစ်အော်တော့တာပေါ့ ။
ဘယ်လောက်တောင် လန့်သွားလဲဆိုရင် အော်သံကြားလို့ လူကြီးတွေရောက်လာတဲ့အချိန် မိတူးသတိလစ်နေပြီလေ။
အဲဒီနောက်ပိုင်း မိတူးကို ကံမြင့်အောင်လို့ ဟိုဟာဒီဟာ အကုန်လုပ်ပေးကြပေမယ့် ပြဿနာနဲ့တကယ့်ဇာစ်မြစ်ကိုတော့ မသိလို့ မရှင်းနိုငါသေးဘူး ။ မိတူးကတော့ ဘာလုပ်လုပ်တစ်ယောက်တည်း မလုပ်ရဲ ၊ မနေရဲလောက်အောင်ကို ကြောက်တတ်သွားတာ…
တစ်ရက်…အဒေါ်နဲ့အတူ သောက်ရေသွားခပ်ရင်း
အရင် သစ်ငုတ်ပေါ်မှာပဲ အိုးကောင်းအိုးသစ်တစ်လုံး ထပ်ရောက်နေတာတွေ့ရတယ် ။
ဒါနဲ့ အဒေါ့်ကို “အဒေါ် အဲဒီသစ်ငုတ်ပေါ်မှာ အိုးတစ်လုံး ဘာလို့အမြဲရှိနေတာလဲ”လို့ မေးမိတယ် ။ အဒေါ်ပြောပြတာနားထောင်ပြီးမှ မိတူး မျက်လုံးပြူးရပြန်တယ် ။ အိုးက သရဲတစ္ဆေအတွက် ခေါစာပစ်ထားတဲ့အိုး … အိုးတင်မဟုတ်ဘူး ဘေးမှာ ဖက်နဲ့ချထားတဲ့ ထမင်းဟင်းအစအန အကြွင်းအကျန်တွေလည်းရှိတယ် ။ ရေတွင်းဟောင်းထဲ အလောင်းတွေ့ဖူးတဲ့ ကောင်မလေးက မကျွတ်မလွတ်နဲ့ ဒီနေရာမှာ အစောင့်ဖြစ်နေတယ်လို့ အိပ်မက်ပေးတာနဲ့ ကျန်ခဲ့တဲ့မိသားစုက မကြာခဏ ခေါစာလာပစ်ပေးတာလို့ပြောတယ် ။
ဒီတော့ တစ္ဆေအတွက်ခေါစာပစ်ပေးတဲ့အိုးနဲ့ တစ်အိမ်လုံးရေသောက်နေရတဲ့အဖြစ်ကို သတိရပြီး ချက်ချင်းပဲ အဒေါ့်ကို အမှန်အတိုင်းပြောပြလိုက်တယ် ။
အဲဒီကျမှ လူကြီးတွေ အစီအစဉ်နဲ့ အိုးကို သူ့နေရာသူ ပြန်ထားပေးရင်း ဆိုင်ရာပိုင်ရာကိုလည်း တောင်းပန်ရတာပေါ့ ။လုပ်စရာရှိတာလုပ်ပြီးတာနဲ့ မိတူး ကျောပြင်ကိုဗျောတင်ခံရတော့တာပဲ ။ ဒီအိုးရောက်ကတည်းက အဖွားလည်း ချူချာသွားတာဆိုတော့ တစ်အိမ်လုံးက ဝိုင်းဆူလိုက်ကြတာဆိုတာလည်း ရစရာမရှိဘူး ။
ဒါကတော့ အိုးတစ်လုံးကွဲရာ က အစပြုပြီး မိတူးကြုံခဲ့ရတဲ့ ကြောက်လန့်ဖွယ်ရာအဖြစ်အပျက်ပေါ့လေ ။ သရဲက ဂုတ်ခွစီးတာခံခဲ့ရဖူးတဲ့ မိတူးကတော့ အချိန်တစ်ခုအထိကို ညဘက်ဆို မှန်ရှိတဲ့နား မနေရဲခဲ့တာတော့ မှတ်မှတ်ရရပါပဲတဲ့လေ ။
ကဲ…ဒီညတော့ဒီလောက်ပဲနော်…ကျေနပ်ကြမယ်ထင်ပါတယ် …ဒါနဲ့ ညဘက်ကြီး မှန်ကြည့်ရင် သတိထားကြဦးနော်… တော်ကြာ ဂုတ်ပေါ်သရဲရောက်နေမှ
Like&Share လုပ်ဖို့လည်းမမေ့ကြနဲ့ဦးနော်