အောက်လမ်းအိမ်ကလည်ရှည်ကြက်တစ္ဆေ

အောက်လမ်းအိမ်ကလည်ရှည်ကြက်တစ္ဆေ(စ/ဆုံး)

————————————————–

ထိုအဖြစ်အပျက်ကလေးကား နမ္မတူမြို့ငယ်ကလေး မှနေ၍ စတင်ခဲ့လေ၏။ ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့ငယ်လေး တစ်မြို့ဖြစ်သည့် နမ္မတူမြို့လေးကား သာယာချမ်းမြေ့ဖွယ်ရှိလှပေ၏။

မြို့လည်ခေါင်က ဖြတ်သန်းစီးဆင်းနေသော မြို့သူမြို့သားများ၏ အခေါ် ဘီလူးမချောင်း ဆိုသည်ကလည်း ထိုနမ္မတူ မြို့ကလေး ၏ ပြယုဂ် တစ်ခုပင်။ တစ်ဖန် နမ္မတူ မြို့ဟု ဆိုလိုက်သည်နှင့်လည်း ရောက်ဖူးသူ အချို့ကတော့ ဘယ်နေရာမှ ကြည့်ကြည့် မြင်ရသော မီးခိုခေါင်းတိုင်ကြီး ကို အရင်ဆုံးမှတ်မိနေကြမည်မှာ မလွဲဧကန်ပင်။

တွင်းထွက် ပစ္စည်းများလည်း ပေါများလှသလို လှပသော တောတောင် ရှူခင်းများဖြင့် စိမ်းလန်းစိုပြေလှသည့် ထို မြို့ကလေးမှာတော့ ယခုအချိန်တွင် အတော်ပင် ခြောက်ကပ်ကပ်နိုင်လို့သွားချေပြီ။လွန်ခဲ့သော သုံးဆယ်လောက်က ဇာတ်လမ်းလေး တစ်ခုက တော့ ………………

”အရီးမြ ……ဟိုဘက်ခြံကလူတွေ ……ဘယ်သွားကြတာလဲ”

ဒေါ်အုန်းလှ ကအရီးမြ ဆိုသော မိန်းမကြီး ကိုမေးလိုက်လေ၏။ ထို အခါအရီးမြ က

”ယော ဘက်ကို…… အလည်ပြန်သွားတယ်လို့ပြောတာပဲ …… သူတို့က ယောက လာကြတာတဲ့”

”ဟင် ………သူတို့ခြံ ထဲမှာလည်း…… ကြက်တွေ အကောင်နှစ်ဆယ် လောက်ကို ……… ဒီတိုင်းထားခဲ့တာပဲလား ……… အရီးမြ ”

”ဟုတ်ပ…… ဟုတ်ပ ”

အရီးမြဆိုသော အဖွားကြီးက ဒေါ်အုံးလှပြော သမျှ ကို လက်ခံကြောင်းခေါင်းညိမ့် ပြရင်းပြောင်းဖူး ဖက်ဆေးလိပ်ကြီး ကိုမီးခိုးများထောင်းထောင်း ထအောင် ဖွာရှိုက်နေလေတော့၏။

သူ့အတွက်တော့ ဘာမှမထူးဆန်း သလို။ ထိုအခါ အလွန်စကားများသောဒေါ်အုန်းလှ ကပင်

”သူတို့ ကြက်တွေ……ခိုးစား ခံရမှာ မကြောက်ဘူးလား ……မသိဘူးနော်…… အရီးမြ”

ထိုအခါမှ အရီးမြ ဆိုသော အဖွားကြီးလည်း မျက်မှောင်ကြီးကို ကျုတ်ကာ

”ခိုးစားမယ်…… ဟုတ်လား…… ခြံနားပဲ ကပ်နိုင်ကြပါစေအုံး‌အေ ”

အရီးမြ ပြောစကားကို ဒေါ်အုန်းလှ နားမလည်ပေ။

အရီးမြမှာတော့ နမ္မတူနယ်ခံ လူကြီးတစ်ယောက် ဖြစ်သလို တချို့တချို့သော အကြောင်းအရာ တော်တော် များများကိုတော့ ကောင်းစွာ သိကျွမ်းနားလည် ထားလေ၏။ သို့သော် ဒေါ်အုန်းလှမှာတော့ ထိုသို့ မဟုတ်ပေ။ ထို့ကြောင့်လည်း

”ဘာဖြစ်လို့လဲ……… အရီးမြ”

”အေ…… သူတို့ကြက်ခိုးစား ဖို့နေနေသာသာ…… ခြံနားတောင်ညည်း တို့ ကပ်နိုင်ကြမှာမဟုတ်ဘူး ……ဘာလို့လဲ ဆိုတော့”

ထိုသို့ပြောရင်း အရီးမြ မီးသေလု စဲစဲ ဖြစ်နေသော ဆေးလိပ်ကြီးကို ဖွာရှိုက်လိုက်ပြန်၏။ ဒေါ်အုန်းလှ မှာတော့ အရီးမြ ပြောလာမည့် စကားများကို စိတ်ဝင် စားစွာစောင့်နေလေသည်။

”အရီး ………ဆက်ပြော ပါအုံး”

ဒေါ်အုန်းလှ စိတ်မရှည်သဖြင့် လောဆော် လ်ိုက်လေ၏။

”အေ…… နင်သိအောင် လွယ်လွယ်ပြောရရင် …… အဲ့ဘက်ခြံ ကသရဲမွေးတဲ့ ခြံဟဲ့”

”ရှင်……”

ဒေါ်အုန်းလှ အာမေဋိတ် သံ ထွက်သွားလေတော့၏။ ထိုအခါ အရီးမြကပင်

”အေ…… သူတို့က အောက်လမ်းပညာတွေ အတော် ကျွမ်းကျင်ကြတယ် …… ဒါကြောင့် သူတို့ ကြက်တွေ ခိုးစားဖို့ မစဉ်းစားနဲ့ အုန်းလှရေ …… ခြံနားကပ်လို့ အသက်မထွက်သွားရင်တောင် ညည်းကံကောင်းလို့ မှတ်”

”ဘုရားဘုရား…… ဒါဆိုသူတို့က ……‌ေအာက်လမ်းတွေ ပေါ့နော် ဒါနဲ့ …… အရီး မြ ကသူတို့အကြောင်းတွေ ကို ဘယ်လိုသိတာလဲ”

”ခြံနီးနားချင်းတွေပဲ ဟယ်…… ညတိုင်းသူတို့အိမ်
မှာ…… လူတွေလိုလို ……အရိပ်တွေလိုလို…… မြင်နေရတာ ……ခုသူတို့မရှိတာတောင်……ညဘက် ဆိုအဲ့ဘက်ခြံက…… စကားပြောသံတွေလမ်းလျှောက်သံတွေ ကြားနေရတုံးအေ့”

”ဘုရား ဘုရား ကြောက်စရာကောင်းလိုက်တာ ………အရီးမြရယ်”

”အေ ……ဒါကြောင့်ပြောတာ ကြက်ခိုးစားဖို့မပြောနဲ့ ခြံနားတောင် သီဖို့ မစဉ်းစားနဲ့ ……… ညည်းရော ကြားလား ”

ဟူ၍ ပြောကာ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုသာ အရသာခံ၍ ဖွာ ရှိုက်နေလေတော့သတည်း၊။ ။

*************

”ဖတ် ……… ”

”ဘုတ်………”

”ဟာ…… တစ်ကောင်ကျပြီ…… ဖိုးထောင် ပြေးကောက်”

တာတီးက ပုတ်သင်ညို တစ်ကောင်အားလေးဂွ ဖြင့်ပစ်လိုက်ရင်း ဖိုးထောင် ဆိုသောကောင်လေးကို ထိုသို့ ပြေပာလိုက်လေ၏။

”ရပြီ ……တာတီး”

”အေ…… ကောက်ခဲ့တော့”

ဤသို့ဖြင့်ပင် ဆယ်နှစ်ကျော်ကျော်အရွယ်သာ ရှိသော ကလေးနှစ်ယောက်မှာ လောက်လေး တစ်ယောက် တစ်လက်ဖြင့် ပုတ်သင်ပစ်နေကြ၏။ လေးငါးကောင် ခန့် ပစ်ခတ်ပြီးနောက်မှာတော့

”မရှိတော့ဘူးကွ…… ဘယ်တွေရောက်ကုန်ပြီလဲ မသိဘူး ပုတ်သင်ညိုတွေကလည်း …… မျိုးများ တုန်းသွားသလား မသိပါဘူးကွာ”

အချိန်ကား ညနေစောင်းနားရိုင်းသွင်းချိန်သို့ပင် ရောက် လို့နေချေပြီ။ထိုစဉ် တာတီး က တစ်ခုခု ကို သတိ ရသွားဟန်ဖြင့်

”ဟာ …… ငါသိပြီကွ …… ဟို သရဲခြောက်တယ်ဆိုတဲ့ အိမ်လေ မင်းသိတယ်မို့လား ဖိုးထောင် ”

”ဘာလဲ…… ဟိုအောက်လမ်းခြံဆိုပြီး နာမည်ကြီးနေတဲ့ အိမ်လား”

”အေးလေ ………”

”အေသိတယ်လေ ……ဘာဖြစ်လို့လဲ”

”အဲ့ခြံ ထဲမှာ …… ပုတ်သင်ခေါင်းပြာ…… ပေါထေးပဲ…… သွားပစ်ရအောင်လား”

”ဟာ ……ငါကြောက်တယ်……တာတီး ရ ….. သရဲတွေ ဘာတွေ ထွက်ဆွဲနေရင် မသွားချင်ပါဘူးကွာ”

”မင်း အခြောက်လား …… သရဲနေနေ ဘာနေနေကွာ တို့ဆီ လောက်လေးတွေပါတာပဲ ပြန်ပစ်မှာပေါ့ ကွ……သွားမယ်ကွာ လာလာ … လာစမ်းပါကွာ ယောကျာ်းပဲ”

” ဖြစ်မှ ဖြစ်ပါ့မလား တာတီးရာ ”

”အို …… ဘာမဖြစ်စရာရှိလဲ …… နေတောင် မဝင် သေးဘူးရယ် …… လာစမ်းပါ အချိန်လေးရှိတုန်း”

ဖိုးထောင် လည်း မငြင်းသာတော့သည်မို့ တာတီး နောက် ကအသာလေး လိုက်ကာ ထိုအောက်လမ်းအိမ်သို့ ပုတ်သင်ခေါင်းပြာပစ်ရန် ခရီးဆက်လာခဲ့လိုက်ပါတော့ ၏။

ထိုခြံရှေ့လည်း ရောက်ရော ခြံထဲ၌ အကောင် နှစ်ဆယ် ခန့်ရှိသည့် ကြက်များက လွတ်လပ်စွာပင် အစာကောက် လိုက်ဟိုပြေးလိုက် သည်လွှားလိုက် လုပ်နေသည်ကို တာတီးတို့ဦးစွာမြင်လိုက်ရလေတော့၏။

”ကြက်တွေ ရှိတယ်ကွ……… ပစ်မလား”

တာတီးက ဖိုးထောင် အားပြောလေ၏။

”ဟေ့ကောင်…… သေချင်လို့လား…… အဲ့ကြက် တွေထဲမှာ ……အပင်းတွေ ထည့်ထားတယ်လို့……ငါ့အမေပြောပြဖူးတယ်ကွ ”

”အေးပါကွာ……… ဒါဆိုလည်း ခေါင်းပြာတွေပဲ ပစ် ကြတာပေါ့”

”ဖတ် ……ဖတ်”

လေးခွသံ တစ်ဖတ်ဖတ်နှင့် အတူတာတီး၏ လေးခွ လက်စွမ်းကြောင့် ပုတ်သင်ညိုတွေ တစ်ကောင်ပြီး တစ်ကောင် တဖြုတ်ဖြုတ်ကျလာလေတော့။

ထိုခြံကြီးထဲ၌ ပုတ်သင်ညိုတွေကလည်း အလွန်တရာကို ပေါလှ၏။ အကြောင်းအရင်းမှာတော့ ထိုခြံကြီးနား ကပ်ရဲသည့်သူ မရှိသည့်အတွက်လည်း ပေါချင်းတိုင်းပေါနေခြင်းဖြစ်ပေမည်။ တာတီးလည်း စိတ်ရှိတိုင်းပစ်လေတော့၏။

”ဖိုးထောင် …… ဝင်ကောက်တော့ကွာ…… များနေပြီ”

ဆယ်ကောင်လောက် ပစ်ပြီးတော့ တာတီးကဖိုးထောင် ကိုခြံထဲ ဝင်ကောက်ခိုင်းလေတော့သည်။

အမှောင် ရိပ်ကလည်း အတော်ပင်ကြီးစိုးလာခဲ့‌ေချ ပြီ။ အချိန်မှာ ညနေ ခြောက်နာရီခန့်ပင် ရှိသေးသော် လည်း သူ့တို့ အနားမှာမှ ပို၍ ပင်မှောင်နေသလို။

”အီ …အီ… အီ ”

ထိုစဉ် တာတီး တို့အနီးမှ ဘယ်ချိန်က ရောက်နေမှန်းမသိသော ခွေးတစ်ကောင်မှာ ရုတ်တရက်တအီအီ နဲ့ထအော်ကာ ကဆုန်ပေါက်နေသည်ကို တွေ့လိုက်ကြရတော့၏။

တာတီးလည်း ထိုခွေးကြောင့် အနည်းငယ် လန့်သွားသည်မို့ ဒေါသဖြစ်ကာ အနီးမှ အုတ်ခဲကျိုးတစ်ခုကို ကောက်လိုက်ရင်း

”အာ ……ဒီသောက်ခွေးကတစ်မျိုး ”

”ကိုင်းကွာ …”

”ဂိန် …ဂိန် …ဂိန်”

တာတီး၏ လက်စာမိသွားသော ခွေးမှာတော့ တဂိန်ဂိန် အော်ကာ ဝေးရာသို့ပြေးသွားချေပြီ။ ဖိုးထောင် မှာ တော့ ထိုခြံကြီးထဲ ကျော်ဝင်ကာ ပုတ်သင်အသေ ကောင် များကို ကောက်နေပြီဖြစ်၏။ထိုအခါမှ တာတီး လည်းည မှောင်နေပြီကို သတိရကာ

”ဟေ့ကောင်…… ဖိုးထောင်…… မြန်မြန်ကောက်မှောင်နေပြီ”

”အေးပါကွာ……”

ကောက်နေရင်း ဖိုးတေ ထိုသုိ့ အသံလှမ်းပြုလိုက်လေသည်။ ထိုစဉ်

”ကတော် …ကတော်… ကတော်… ကတော် ”

ခြံထဲရှိကြက်များက ရုတ်တရက် ထအော်လေတော့၏။ တာတီးလည်း ထိုအသံပေးနေသော ကြက်များကို ကြည့်လိုက်ရာ

”ဟာ ………ဟာ ………အမလေး…… ကြက် ကြက်ခေါင်းရှည် ကြီးတွေဟ ဖိုးတေရေ ပြေးပြေး”

ဖိုးထောင်လည်း ပုတ်သင် အသေကောင်များ ကုန်းကောက်နေရာမှ နားမလည်ဟန်ဖြင့် တာတီးကိုကြည့်လိုက်တော့

”အား ……အမလေး…… ကြက်… ကြက်… ကြက်ဂစ် …ဂစ်”

ဖိုးထောင် နေရာမှာ ပင်သတိလစ်သွားလေတော့၏။ စောစောက လူဒူးအောက်မျှသာ ရှိသောကြက်များကား ယခုမှာတော့ လည်ပင်းက အဆမတန်ရှည်လာပြီး တာတီးတို့အရပ်ကို ပင်ကျော်လာသည်ကို မြင်လိုက်သော ကြောင့်ပင်။

တာတီး လည်းလူကြီးများကို ဖိုးထောင် နှင့်သူ အောက်လမ်းခြံကြီးထဲမှ ပုတ်သင်သွားပစ်ကြောင်း ယခု ထိုခြံကြီးထဲမှ ကြက်များ တစ္ဆေ၀င်ပူးကာ ခြောက်လိုက်သောကြောင့် ဖိုးထောင် သတိလစ်ပြီး ပြန်မပါလာခဲ့ကြောင်းပြောကာ ထိုခြံထဲဝင်ရှာ မှ သတိလစ်နေသော ဖိုးထောင် ကိုတွေ့လိုက်ကြရတော့၏။

ထိုအဖြစ် အပျက်နှင့် ပတ်သက်ကာ နောက်ဘယ်တော့မျှ တာတီးနှင့်ဖိုးထောင် ထိုခြံ ဖက်သို့ ပုတ်သင်ညို ဘယ်တော့မပစ်တော့။ ခြေဦးမျှပင် မလှည့်
တော့ချေ ။

***********

”ဘူ့…သာက် ဂရုစိုက်မလဲ ဂေ့”

အရက်သမား သာဒင် ကြက်သေ တစ်ကောင်ကို ကိုင်ကာ ဒယီးဒယိုင်နှင့် ပါးစပ်မှလည်းပေါက်တက်ကရ ပြောကာ လျှောက်လာနေလေ၏။

”ဘာ… အောက်လမ်းခြံ ဟုတ်လား… ကြက်မှာ
အပင်းပါတယ် ဟက်လား… ကြက်ခေါင်းရှည်…
ဟားဟား… သောက်ရူးတွေပါကွာ… အေ့”

မှန်ပေသည်။ အရက်သမား သာဒင် အောက်လမ်းခြံ ထဲက ကြက်တစ်ကောင်ကို ရိုက်သတ် ကာယူလာခဲ့ခြင်း ဖြစ်လေ၏။အိမ်ပြန်ရောက်တော့

”ရော့… မိန်းမ… ဒီကောင့်ကို ကြော်ပလိုက်ကွာအေ့ ”

စကားပြောနေရင်းပင် တဂေ့ဂေ့ တစ်အေ့အေ့ နဲ့လေချိန်တက်ကာကျွတ်ထိုးလေတော့၏။ ထိုအခါကိုသာဒင့်
မိန်းမ မမြရင်က

”တော် … ဒီကြက် ကြီး …ဘယ်ကရလာတာလဲ ကိုသာဒင်”

”အို …ဘယ်ကရရ ကွာ… ကြော်ဆို… ကြော်လိုက်”

”ရှင် …ဒါ…ဟို …အောက်လမ်းခြံ ထဲကယူလာတာ
မလား မှန်မှန်ပြောနော်”

”အေ… ဘာဖြစ်လဲ …ယူတယ်ကွာ… ကြက်ကကြက်ပဲ အပိုတွေမလုပ်နဲ့ကြော်လိုက်ပါဆိုကွာ … ဒီမိန်းမ အကြောရှည်တယ် ငါနရင်းထတီးလိုက်လို့ … ဂေ့”

ခပ်ပြတ်ပြတ်ပြောလိုက်လေတော့သည်။ မူးရူးဆိုးသွမ်း သော ယောကျာ်းဖြစ်သူကို ကြောက်လည်း ကြောက် ရ သည်မို့ မမြရင်မှာ မငြင်းသာပေ။ သို့သော်လည်း

”ဒါဆို …ကျုပ်တော့ မစားဘူး … ဒီအပင်းသွင်း ထားတဲ့ကြက်ကို ရှင့် တစ်ယောက်ထဲ စား …”

”မင်းတို့က သက်သက် …အယူသီးနေတာ… ကြက်က ကြက်ပေါ့… ဘာဖြစ်လဲ အပင်းကြက်မက လို့ တစ္ဆေကြက်ဖြစ်ဖြစ်ခုသေနေပြီလေ …… ဟားဟား”

ကိုသာဒင့် မိန်းမလည်း ပြောမရသည့်အဆုံး၄င်းကြက်ကို ကြော်ပေးလိုက်ရလေတော့၏။ ကြော်လှော်ပြီး ချိန်မှာတော့ အငွေ့တထောင်းထောင်းထကာ မွေးကြိုင် နေပြီး စားချင်စဖွယ် ကြက်ကြော် တစ်ခွက် အသွင် သို့ကူးလို့သွားချေ၏။

”ဝါး…… မွှေးတာကွာ မင်းတို့ပြောတဲ့…အပင်းကြက်မို့နဲ့တူတယ်ဟေ့ ဟားဟား”

မမြရင် ကြော်ပေးသော ကြက်ကြော်ကို အရက်သမား ကိုသာဒင် ကောင်းကောင်းကြီး အနံ့ခံကာ ပေါက်တက်ကရ ပြော၍ဟက်ဟက် ပက်ပက် ရယ်လိုက်လေတော့၏။

”ဂျွတ်…… ”

”အိုး…… ကောင်းလိုက်တဲ့ကြက်ကွာ…… ရော့ မိန်းမစားစမ်းပါ ဒီလောက်ကောင်းတာကို”

”တော်ပါ…… ရှင်ပဲ စားတော့…… ကျွန်မရှိတာနဲ့ပဲ
စားမယ်”

”အေးကောင်းတယ်…… ငါပဲစားတော့ ပိုစားရတာပေါ့ ”

ဟုပြောရင်း ကြက်ကြော်တစ်တုံးကောက်၍ ကျွတ်ကျွတ်မြည်အောင်ဝါးစားလိုက်လေတော့သတည်း။ ။

****************
ညက တိတ်ဆိတ်ခြင်းတွေ မင်းမူနေသည်။ တိမ်စိုင်တိမ်မည်း နက်နက်တွေကလည်း စန္ဒာငွေလမင်းကို အလင်းရောင် မပေးနိုင်အောင် တားဆီးနေသည့် အလား ။

ညပုရစ်များ၏ တကျီကျီ မြည်သံလေးတွေ ကလည်း တိတ်ဆိတ်ခြင်းကို ပိုမိုအသက်၀င်စေ သလို။

”အော့ ……… ဝေါ့”

”ကိုသာဒင် ……ဘာဖြစ်တာလဲ ”

အိပ်နေရင်း ရုတ်တရက်ထအန် လိုက်သောကိုသာဒင် ကြောင့် ၄င်းဘေး၌ အိပ်နေသောဇနီးသည် မမြရင်ပါ လန့်နိုးလာလေတော့သည်။

”ဟား…… ခွီး …… ခရက် …… ဖွီး”

ကိုသာဒင်တစ်ယောက် အရိုးဆူးနေသလိုဖြစ်ကာ လက်ညှိုး နှင့် လက်မကို အာခေါင်ထဲသို့ထိုးထည့်လိုက်လေတော့သည်။

ပြီးနောက် ၄င်း၏ လည်ချောင်းထဲ ထောက် နေသော အရာကို ဆွဲထုတ်ပြီးချိန်မှာတော့

”ဟာ………”

”ဟင်………”

”အမလေး ……… ကြက်မွေးတွေ ”

ကိုသာဒင် အာခေါင်ထဲမှ ကြက်မွေး အချို့ပါလာသည် ကိုရေနံဆီ မီးရောင်ဖြင့် လင်မယားနှစ်ယောက် ကောင်း ကောင်းကြီးတွေ့လိုက်ရလေတော့၏။

”မြရင် ……နင်ညနေက…… ကြက်သားကြော်တာ
အမွေးပြောင် အောင်မနှုတ်ဘူးထင်တယ်”

ကိုသာဒင်တစ်ယောက် မယားဖြစ်သူကို လေသံမာမာဖြင့်ပင် ငေါက်လိုက်သေးသည်။

”နှုတ်ပါ့တော်…… ဟိုဘက်ကမ်းတောင်လွန်သေး တယ် …… ကိုသာဒင် နေနေ ကျွန်မ ရေယူပေးမယ် ”

”နေနေ … နင်လည်း ပြန်အိပ် ချေတော့”

ထိုသို့ပြောကာ လင်မယားနှစ်ယောက်ပြန်လည် အိပ်လိုက်ကြလေတော့၏။

”ဝေါ့ ………”

ကိုသာဒင်အန်ပြန်ပြီ။

”ဟင်……… ကိုသာဒင်”

”အော့……… ဝေါ့”’

မမြရင် ကိုသာဒင့် အန်ဖက်များကိုကြည့်လိုက်ရာ ဟင်ခနဲ ဖြစ်သွားလေတော့သည်။အချိန်ကား ညဆယ့်နှစ်နာရီလောက်ပင်ရှိနေပြီ ဖြစ်၏။

”ဟင်…… ကြက်…… ကြက်မွေးတွေ ”

”ဟာ…… အာ……… ဝေါ့”

ကိုသာဒင် တစ်ယောက် မရပ်မနား တရစပ်ထိုးအန်လေတော့သည်။ အန်လိုက်သမျှကလည်း ရိုးရိုး အစာ များ မဟုတ် ကြက်မွှေးများ ကြက်ရိုးများ ဖြစ်သလို တံတွေးများဖြင့် လုံးထွေးကာ အထွေးလိုက် အထွေးလိုက် ပါးစပ်ထဲ မှ ထွက်ထွက်နေလေတော့၏။

”သတိထား ……ကိုသာဒင်…… သတိထား ကိုသာဒင်”

ကိုသာဒင်လည်း တရစပ်အန်ကာ အားပျော့သွာသည်မို့ နာက်ဆုံးမှာတော့ သတိလစ်လို့သွားခဲ့လေပါတော့၏။

မမြရင်မှာတော့ ကိုသာဒင်တစ်ယောက် အိပ်ပျော်သွားခဲ့ပြီဟုထင်ကာ သူမကိုယ်တိုင်လည်း တစ်ဖန် ပြန်အိပ်လိုက်တော့သည်။

*************

”ဟဲ့…… သာဒင် ……သာဒင်…… နင်……… နင်ငါ့ကြက်တွေကိုသတ်စားတယ်… နင့်ကို ငါသတ်မယ်… နင့်ကိုသတ်မယ်”

မိန်းမ ကြီး တစ်ယောက်က ကိုသာဒင်ကိုကြောက်မယ်ဖွယ်ရာ အသံသြကြီးဖြင့်ထိုသို့ပြောလေ၏။

ကိုသာဒင် ခိုးကိုးရာမဲ့သော ကလေးငယ်လေးပမာ မျက်နှာ
ငယ်လေးဖြင့် ထိုမိန်းမကို မမှိတ်မသုန်ကြည့်နေမိသည်။ ဘေးပတ်ဝန်းကျင်လည်း မည်သူ မျှ မရှိပေ။အရာအားလုံးကမှောင်မည်း တိတ်ဆိတ်လျက်။

”အာ…… မလာနဲ့ ……မလာနဲ့ သွား……ကျုပ်ကို မသတ်နဲ့ ……ကျုပ်ကိုမသတ်နဲ့”

ကိုသာဒင် ဆောက်တည်ရာ မရအော်လိုက်သည်။ သို့သော်အချည်းနှီးသာ ၄င်း၏ အသံကလည်ချောင်းဝ၌ တစ်ဆို့နေသည်မို့ အစ်ခနဲ အစ်ခနဲသာ ထွက်ပေါ်လို့ နေလေ၏။

”သာဒင်… သာဒင် …ငါနင့်ကို သတ်မယ်… ဟားဟား…ဟီးဟီး ဟီး……သတ်မယ် သတ်မယ်”

ထိုမိန်းမကြီး အသံက သွေးပျက်ဖွယ်ကောင်း လှပေသည်။ကိုသာဒင်အား သတ်မယ် သတ်မယ် ဟုပြော
ကာ ၄င်းအနီး သို့တဖြေးဖြေး နီးလာလေတော့သည်။

”အားမလာနဲ့…… မလာနဲ့…… သွား………”

ကိုသာဒင်အော်ဟစ်လေသည်။ ထပြေးရန်ကြံစည်မိသော်လည်း ၄င်း၏ ခြေထောက်များက လေဖြတ်နေသူနှယ် လှုပ်ရှား၍ မရတော့ ထိုမိန်းမကြီး တစ်ဖြေးဖြေးနီး
လာခါ ကိုသာဒင့် ခေါင်းကို ဆုပ်ကိုင်လိုက်လေတော့သည်။

”ကျုပ် ……ကျုပ်ကို ……မသတ်ပါနဲ့ဗျာ…… မသတ်ပါနဲ့……ကယ်…… ကယ်ကြပါအုံး”

ကိုသာဒင် သွေးပျက်ခြောက်ချားစွာ အော်ဟစ်အကူညီတောင်းနေသော်လည်း မည်သူတစ်ဦး တစ်ယောက်မှ ကိုသာဒင်ကိုမကယ်နိုင်တော့ပေ။

ထိုမိန်းမကြီးမှာတော့ ကိုသာဒင့် ခေါင်းကို အသာလေး ကိုင်ကာ ကြက်ကလေး ဌက်ကလေး သတ်သလို လည်လိမ်ချိုးပစ်လိုက်လေတော့၏။

”အု”

ကိုသာဒင့်၏ သွေးပျက်ဖွယ်အသံကြီးနှင့်အတူ ၄င်းအတွက် လူ့ကောက ကိုနှုတ်ဆက်ခဲ့ရသော အချိန် ဖြစ်ခဲ့ရလေတော့၏။ဇနီး မမြရင် နဘေး၌ လဲနေသော ကိုသာဒင်ဇက်ကျိုးကျသွားကာ နေရာတွင်ပင်အသက်ထွက်သွားခဲ့လေပါတော့၏။ မမြရင်ပင် မသိလိုက်။

*************
မနက် မိုးစင်စင်လင်းတော့ မမြရင် နိုးလာချေပြီ။ ကိုသာဒင်မှာတော့ နှုတ်ခမ်းများ ပြာဟောက်ကာ အိပ်ယာပေါ်တွင် ပက်လက် အနေအထား ဖြင့် သတိမရှိတော့။ မမြရင်လည်း ထိုအခြင်းအရာကို မြင်ကာ ဆောက်တည်ရာမရအော်ဟစ်ပစ်လိုက်ပါတော့သည်။

”အမလေး ……လာကြပါအုံးရှင်…… လာကြပါအုံး
ကိုသာဒင် ကိုသာဒင် ……သတိထားပါအုံး‌‌ တော်”

မမြရင်၏ အော်သံကြောင့် အိမ်နီးနားချင်းအချို့ရောက်လာကြလေတော့သည်။ ရောက်လာသူများကလည်း စိုးရိမ်ကြီးစွာ တစ်ခုခု ဖြစ်နေပြီ အထင် အပြေးအလွှားရောက်လာကြခြင်းဖြစ်လေ၏။ ထိုရောက်လာသူများကလည်း

”ဟာ…… ”

”အလို……… ”

”ကြက်မွေးတွေပါလား”

ကိုသာဒင့်မိန်းမ မမြရင်က

”လုပ်ကြပါအုံးရှင်……… ကျွန်မယောကျာ်းခေါ်မရတော့ဘူး အီးဟီးဟီး”

ဟူ၍သာ အော်ဟစ်ကာ အကူအညီတောင်းနေလေ၏။
ထိုအခါ အသက်ခပ်ကြီးကြီးအရွယ်လူကြီးတစ်ယောက်က ကိုသာဒင့် လည်ပင်နားကိုလက်ကလေးထောက်ပြီး

”မြရင် ……ညည်းယောကျား ……သာဒင်… ဆုံးပြီ”

ထိုသို့ပြောလိုက်သည်နှင့် မမြရင်မှာ အော်ဟစ်ကာငိုယိုလေပါတော့သည်။

”အမလေး ……ကိုသာဒင်…… ရဲ့ ကျွန်မ ပြောရဲ့သားနဲ့…… အဲ့အောက်လမ်းခြံ ထဲကကြက်တွေကို မစားပါနဲ့လို့ အခုတော့ သေပြီ……… အီးဟီးဟီး”

မမြရင်ထိုသို့ပြောကာ ငိုယိုလေပြန်၏။ထိုအခါမှ ရောက်လာသူအချို့က

”အလို…… အောက်လမ်းခြံ ကကြက်ကို စားတယ်…… မိုက်လိုက်တဲ့ကောင်ကွာ”

”ဘုရား…… ဘုရား…… မလုပ်သင့်တာ လုပ်မိတာပဲ”

တစ်ယောက်တစ်မျိုး စိတ်မကောင်း စုပ်သပ် ဝေဖန်ပြောဆိုကြလေ တော့၏။ နောက်နေ့မှာတော့ ကိုသာဒင့်ကို သဂြိုလ်ပေးလိုက်ကြပြီ။

ထိုအောက်လမ်း ခြံကြီး၏ သတင်းမှာလည်းအလွန်ပြီးကြီးထွားလာခဲ့လေရာ မည်သူမျှပင်မဖြတ်လျှောက်ရဲသည့်အဆင့်သို့
ရောက်ခဲ့လေတော့၏။ ၄င်းခြံကြီးအတွင်းမှ ကြက်များမှာလည်း ပုံမှန်အတိုင်းပင်ရှိနေတုန်းပင်။ ညနေ နေဝင်ချိန် နွားရိုင်းသွင်းချိန် ထိုအောက်လမ်းအိမ်ကြီးကို ရုတ်တရက်ကြည့်လိုက်မည်ဆိုပါက မကောင်းဆိုးဝါးကြီး
တစ်ကောင် ငုတ်တုတ် ထိုင်နေသည့်နှယ်။ ။

ပြီးပါပြီ

Based On True Story

ခုနှစ် ၂၀၁၈ လောက်က ဇာတ်လမ်းလေး ဖြစ်သည်မို့ အရေးအသား လိုအပ်ချက်အမြောက်အများ ကို အားနာစွာဖြင့်

” သူရေး ”

Since 2018