“အောင်မြတ်သာနှင့်ပျောက်သောသူရှာရင်တွေ့ “(စ/ဆုံး)

Unicode Version

“အောင်မြတ်သာနှင့်ပျောက်သောသူရှာရင်တွေ့ “(စ/ဆုံး)
———————————————————————-

အတန်သင့်ကျယ်ဝန်းတဲ့ ခြံဝင်းတစ်ခုအလယ်မှာတော့ နှစ်ထပ်တိုက်ခံအိမ်တစ်လုံးက ခံ့ညားစွာတည်ရှိနေခဲ့တယ်။ ခြံဝင်းထဲမှာတော့ လှပသေသပ်စွာစိုက်ပျိုးထားတဲ့သစ်ပင်ပန်းမန်တွေအပြင် တန်ဖိုးကြီးရှားပါးဂမုန်းပင်တွေပါရှိနေ တာကြောင့် အိမ်ပိုင်ရှင်က အလွန်ကိုကြွယ်ဝချမ်းသာတဲ့ သူတစ်ဦးဖြစ်မယ်ဆိုတာ အမြင်နဲ့တင်ခန့်မှန်းနိုင်ခဲ့တယ်။

“ ကလင် ကလင် ကလင်”

ခြံစည်းရိုးမှာချိတ်ထားတဲ့ခေါင်းလောင်းသံကြောင့် ခြံစောင့်တစ်ယောက်ပြေးထွက်လာပြီး

“ ဘယ်သူများလဲလို့ အကိုလေးကျော်ဘုန်းစံပါလား”

“ အဖေ ရှိနေလား”

“ ရှိတယ်အကိုလေး… ဆရာအိမ်ထဲမှာရှိပါတယ်”

“ အေးအေး.. ငါသွားလိုက်မယ် ဒီအိတ်ကို ငါကအခန်းထဲထည့်ထားလိုက်”

ကျော်ဘုန်းစံလဲ နှစ်ထပ်အိမ်အပေါ်ထပ်ကို တက်သွားလိုက်ရာ အနီရောင်လိုက်ကာချထားတဲ့အခန်းထဲကနေ ဥပဓိရုပ်အလွန်သန့်တဲ့လူကြီးတစ်ယောက် ထွက်လာခဲ့တယ်။

“ မင်းတောင်ရောက်လာပြီ၊ဟိုကိစ္စရောအဆင်ပြေခဲ့ လား”

“ အဆင်ပြေခဲ့တယ်အဖေ… ဒါပေမယ့် ဘယ်ကမှန်းမသိတဲ့လူသုံးယောက်ရောက်လာလို့ အစီအစဉ်တွေပြောင်းလိုက်ရတယ်”

ကျော်ဘုန်းစံစကားကြောင့် ဖခင်လုပ်သူ မျက်မှောင်ကျုတ်လိုက်ပြီး

“ ဘယ်ကလူတွေလဲ”

“ မသိဘူးအဖေ… သူတို့က မောင်မြင့်ကိုလဲမြင်ရတယ်”

“ ဟင်..”

“ ဟုတ်တယ်အဖေ… ဒါကြောင့် ကျော်နိုင်ကို အခြားနေရာမှာဖမ်းထားလိုက်ရတယ်၊ သူတို့ယုံအောင်လဲ အဖေဓါတ်ပုံနေရာ ကျော်နိုင်ပုံပြောင်းလိုက်ရသေးတယ်”

“ အဲဒါက သင်ခန်းစာပဲငါ့သား.. ဘဝမှာ ကိုယ်ကတစ်ကွက်ကြိုမြင်နေဖို့ပဲအရေးကြီးတယ်၊ အဲဒီနေ့ညက ငါတို့ကိုကူညီခဲ့တဲ့ မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်တွေကို ပေးထားတဲ့ကတိအတိုင်းလုပ်ပေးရမယ်”

“ ဟုတ်ကဲ့အဖေ… သားလဲအခုမှ စိတ်အေးသွားတာ”

“ အေးအေး… ခဏနေ အုန်းသီးငှက်ပျောသီးတွေရောက်လာတော့မယ်၊ ပွဲဆက်ဖို့ပြင်လိုက်ဦး”

ကျော်ဘုန်းစံလဲ ဖခင်ဖြစ်သူစကားကြောင့် အိမ်အောက်ကိုဆင်းသွားပြီး အုန်းသီးငှက်ပျောသီးလာပို့မယ့်သူကို စောင့်နေခဲ့လိုက်တယ်။
+++++++++

ညကတစ်ချက်ထိုးအချိန်ရောက်နေပြီမို့ မြို့စောင့်နန်းပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်နေသလို နတ်နန်းထဲမှာတော့ ဖယောင်းတိုင်မီးမှိန်ပြပြအလင်းနဲ့အတူ လူနှစ်ယောက် တင်ပလ္လင်ခွေထိုင်နေခဲ့တယ်။

“ ကြာတယ် ကြာတယ်… ခေါ်နေတာ အခုထိမလာသေးဘူးဆိုတာ ဘာသဘောလဲ”

ကြမ်းပြင်ကိုလက်နဲ့ရိုက်ပြီး ခပ်မာမာပြောလိုက်တဲ့စကားသံက တိတ်ဆိတ်နေတဲ့ ညအချိန်ကိုဖောက်ထွက်လာခဲ့တယ်။

အဲဒီအချိန် မီးခိုးငွေ့လိုအခိုးငွေ့တွေက နတ်နန်းဘေးက ညောင်ပင်ရင်းကနေထွက်ပေါ်လာပြီး နီညိုရောင်ဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်ရဲ့ ကျောပြင်ပေါ်လာတာကို မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက်လုံးမြင်တွေ့လိုက်ရတယ်။

“ သင်ဘယ်သူလဲ…”လို့မေးလိုက်၌မယ့်

ဘာမှပြန်ပြောသံမကြားရတာကြောင့် မောင်ကောင်းက အသံကိုမြှင့်လိုက်ပြီး

“ အခုမှ စကားမပြောတတ်သလိုလုပ်မနေနဲ့… စိတ်ကကြည်နေတာမဟုတ်ဘူး၊ မြန်မြန်ပြောစမ်း သင်ဘယ်သူလဲ”

“ မြို့စောင့်ပုဂ္ဂိုလ်ပါ”

“ ဟားဟား.. ကျုပ်ကလဲ သင့်ကို့စောင့်နေတာ၊ ကဲ ပြောစမ်းပါဦး လူသတ်ကုန်းမှာ လူစားလဲတဲ့ကိစ္စ ဘာတွေဖြစ်မယ်ဆိုတာ ကြိုသိနေတယ်မဟုတ်လား”

မြို့စောင့်ပုဂ္ဂိုလ်နှုတ်ဆိတ်နေတာကြောင့် မောင်ကောင်းက ထိုင်ရာကနေ ထလိုက်ပြီး ညောင်ပင်အောက်ကိုထွက်သွားခဲ့တယ်။

“ အေး… ကျုပ်မေးတာမဖြေလို့ကတော့ ခင်ဗျားကို တစ်စစီလုပ်ပစ်မယ်…”

“ အဲလိုတော့ မလုပ်ပါနဲ့ ဆရာရယ်… ကျုပ် ကျုပ် မတတ်သာလို့ လုပ်ခဲ့ရတာပါ”

“ ဟက်ဟက်… ဆင်ခြင်ဆင်လက်တွေနဲ့ပါလား၊ ခင်ဗျားက အသက်သာကြီးတာ စဉ်းစားဉာဏ်မရှိတဲ့ အထူအပိန်းကောင်ပဲ၊ မတတ်သာလို့လုပ်ခဲ့တယ်ဆိုရင်တောင် ကျုပ်တို့လာတဲ့အချိန် ဘာလို့မပြောခဲ့တာလဲ၊ ခင်ဗျားကိုခိုင်းတဲ့သူထက် ကျုပ်တို့ပညာက နိမ့်ကျတယ်လို့ ထင်နေတာမဟုတ်လား”

“ မ မဟုတ်ပါဘူးဆရာ”

“ ခင်ဗျားတာဝန်က ဒီမြို့မှာနေတဲ့သူတိုင်းကို အန္တရာယ်ကင်းအောင်စောင့်ရှောက်ရမှာမဟုတ်လား၊ ဒီကျင့်ဝတ်ကို ဖောက်ဖျက်ခဲ့တဲ့ ခင်ဗျားက လမ်းဘေးကသရဲအဆင့်သာသာပဲရှိတော့တယ်၊ မောင်ကောင်း ဒီညောင်ပင်ကို အင်းနဲ့တိုက်ကြရအောင်”

မောင်ကောင်းနဲ့ခွန်းလှတို့နှစ်ယောက် လွယ်အိတ်ကို ဖွင့်လိုက်ပြီး အတိုက်အင်းနှစ်ချပ်ထုတ်ကာ အသက်သွင်းဖို့လုပ်နေတဲ့အချိန် မြို့စောင့်ပုဂ္ဂိုလ် အနားကိုရောက်လာခဲ့တယ်။

“ တောင်းပန်ပါတယ် ဆရာတို့ရယ်… ဒီအပင်ကိုမှီခိုနေရတဲ့အခြားနာနာဘာဝတွေလဲရှိတာကြောင့် တစ်ကြိမ်တော့ခွင့်လွတ်ပေးပါ၊ ကျုပ်လဲနောက်မလုပ်ရဲတော့ပါဘူး”

“ ဒါဆိုရင် ကျုပ်မေးတာကို အမှန်တိုင်းဖြေမလား”

“ ဖြေပါမယ် စကားတစ်ခွန်းတောင် မလိမ်ပဲဖြေပါ့မယ်”

မြို့စောင့်ပုဂ္ရိုလ်စကားကြောင့် မောင်ကောင်းက ခွန်းလှကို မျက်စပစ်ပြလိုက်ပြီး

“ ကျုပ်မေးမယ်… ကျော်ဘုန်းစံဆိုတဲ့ကောင်အနောက်ကနေလိုက်နေတဲ့ ဖြူဖျော့ဖျော့ကောင်ကဘယ်သူလဲ”

“ သူ သူက မောင်မြင့်ပါ”

“ အဲဒီကောင်ကို အခုခေါ်ပေး…”

“ ဟုတ်ကဲ့ အခုခေါ်လိုက်ပါ့မယ်”

မြို့စောင့်ပုဂ္ဂိုလ်လဲ အပြင်ဘက်က လမ်းဆုံနေရာကို လက်ညိုးထိုးပြီး လက်ယက်ခေါ်လိုက်ရာ ပိန်ပိန်ပါးပါးဖြူဖျော့ဖျော့အသားအရည်နဲ့လူတစ်ယောက် ရောက်လာခဲ့တယ်။

“ ပြန်တွေ့ရပြန်ပီနော် … ဒီတစ်ခါ မင်းဘယ်လို လိမ်မလဲကြည့်ရသေးတာပေါ့”

မောင်မြင့်က မောင်ကောင်းစကားကြောင့် မျက်နှာကိုအောက်ချပြီး တစ်ကိုယ်လုံးတုန်ရီနေတာမြင်လိုက်ရတယ်။

“ ဆရာသမား… ကျုပ်ဘာမှမလုပ်ရသေးပဲ ဘာလို့တုန်နေတာလဲ… အဟက်အဟက်”

“ ကျွန်တော်မှားပါတယ် … အီးဟီးဟီး… ဆရာတို့ကိုလိမ်ညာခဲ့မိတာကိုလဲ တောင်းပန်ပါတယ်”

ရုတ်တရက်ငိုကြီးချက်မနဲ့ပြောလိုက်ရာ မောင်ကောင်း ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး

“ ကိုယ်အလှည့်ကျမှ နာတတ်တဲ့ကောင်… မင်းလဲ မင်းဆရာနဲ့အတူတူပဲ၊ ဒါနဲ့များရပ်ကွက်စောင့်အဆင့်ထားထားသေးတယ်၊ တကယ်တော့ မင်းလိုကောင်က မိန်းမပျက်အဆင့်တောင်မရှိဘူး၊ ကျော်ဘုန်းစံဆိုတဲ့ကောင် ဘယ်သွားလဲဆိုတာ မင်းသိမှာပေါ့”

‌မောင်ကောင်းစကားကြောင့် မောင်မြင့်က မြို့စောင့်ပုဂ္ဂိုလ်ကိုလှမ်းကြည့်လိုက်ရာ ဟိုက မျက်နှာမသိမသာလွှဲသွားခဲ့တယ်။

“ ဟေ့ကောင် မင်းပထွေးကို စစ်ကူခေါ်မနေနဲ့ ငါမေးတာအရင်ဖြေ”

“ ဟို ဟို ဆရာကြီးစံမြဆီသွားတာပါ”

“ ဆရာကြီးစံမြဆိုတာ သူ့အဖေလား”

“ ဟုတ် ဟုတ်ပါတယ်… သူ့‌အဖေကြောင့် အခုလိုကိစ္စတွေဖြစ်လာတာပါ”

“ အခုမှ သူများကိုအပြစ်ဖို့မနေနဲ့ ဒီကိစ္စမှာ နင်တို့နှစ်ယောက်လဲအလိုတူအလိုပါပဲ၊ အခု ဦးစံမြဘယ်မှာနေလဲ”

“ အဲဒါက အဲဒါက”

“ မြန်မြန်မဖြေသေးဘူးလား”

“ ဆ … ဆလပ်ကုန်းရွာမှာနေပါတယ်…”

“ ငါတို့သွားလို့ မရှိဘူးဆိုရင် နင်ရော နင့်ဆရာရော သေပြီသာမှတ်”

“ အဲဒါတော့ မလိမ်ပါဘူးဆရာရယ်… အမှန်တိုင်းပြောပြတာပါ”

“ ကြည့်ရသေးတာပေါ့… ဒါနဲ့နေဦး… မြို့စောင့်ပုဂ္ဂိုလ်ကိုပြောစရာရှိတယ်”

“ ဟုတ်ကဲ့ဆရာ… ပြောပါခင်ဗျ”

“ မသေသင့်ပဲ သေသွားရတဲ့ ကျောင်းဆရာကျော်နိုင်ရဲ့အဖေက ဒီမြို့ကိုရောက်နေတယ်၊ အဲဒါ သင်တို့ ကူညီမစလိုက်ကြ”

“ ဆရာပြောတဲ့အတိုင်းလုပ်လိုက်ပါ့မယ်”

“ ကောင်းပြီ.. ဒါဆိုသင်တို့ကိုယ့်နေရာကိုယ်သွားကြတော့”

မောင်ကောင်းတို့လဲမြို့စောင့်ပုဂ္ဂိုလ်တို့ဆရာတပည့်ကို ပြန်ခိုင်းလိုက်ပြီး နတ်နန်းကနေ ပြန်ထွက်လာခဲ့ကြတယ်။
++++++

ကျောင်းဆရာ‌ကိုကျော်နိုင်သေဆုံးတဲ့ကိစ္စက တစ်မြို့လုံးဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့သလို ရုတ်တရက်ပျောက်သွားတဲ့ ကျော်ဘုန်းစံရဲ့သတင်းကလဲ လူတွေအတွက်စိတ်ဝင်စားဖွယ်ဖြစ်ခဲ့ရတယ်။

“ သူငယ်ချင်းတစ်ယောက်လုံး သေတာတောင် လာမကြည့်ဘူးဆိုတာတော့ အရမ်းလွန်သွားပြီ”

“ လာမကြည့်ရဲလောက်တဲ့ကိစ္စတစ်ခုခုများရှိနေလို့ လား၊ ဒါမှမဟုတ် ဆရာလေးကျော်နိုင်ကို သူကိုယ်တိုင်ပဲသတ်လိုက်လို့များလား”

“ အဲဒါတော့မဖြစ်နိုင်ဘူး… မှုခင်းဆရာဝန်တွေပြောတာကတော့ သတ်ခံထိတဲ့လက္ခဏာမရှိဘူးတဲ့၊ ဒါကြောင့် ဒီကောင်ပျောက်တာကို လိုက်မရှာကြတာ”

လက်ဖက်ရည်ဆိုင်ထဲမှာ ငြင်းခုံနေတဲ့ကြတဲ့ မြို့ခံလူတွေရဲ့အနောက်ဘက်မှာတော့ မောင်ကောင်းနဲ့ ခွန်းလှတို့ငြိမ်သက်စွာထိုင်ကာ နားထောင်နေခဲ့ကြတယ်။

“ ဆရာကြီးဦးစံမြကအခုဘယ်ရောက်နေတာလဲ”

“ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ထဲက ပျောက်သွားတာ၊ အခုထိသတင်းအစနတောင်မရဘူးလေ၊ ဘာဖြစ်လို့ မင်းကဆရာကြီးကိုမေးတာလဲ”

“ ကျော်ဘုန်းစံက ဒီကနေထွက်သွားပြီးရင် သူ့အဖေဆီကိုပဲသွားမယ်လို့ထင်နေတာ”

“ သွားရင်လဲသွားမှာပေါ့…ဒါကို ငါတို့လိုက်ပြောနေလို့မရဘူးလေ”

“ အဲဒါတော့ ဟုတ်တာပေါ့ကွာ.. ဒါပေမယ့် အခုလိုရုတ်တရက်ပျောက်သွားတာကြီးက စိတ်ထဲဘဝင်မကျတာ”

“ ဘဝင်ကျတာ မကျတာလုပ်မနေနဲ့… ဒီနေ့ အုံနာဖိုးရဖို့ကအရေးကြီးတယ်၊ လာလာ သွားကြစို့”

လက်ဖက်ရည်ဖိုးရှင်းပြီးထသွားကြတဲ့သူတွေစကားကြောင့် မောင်ကောင်းက ခွန်းလှနားကိုကပ်ပြီး

“ ဆရာကြီးဦးစံမြနဲ့တွေ့ရဖို့ဆိုရင် ငါတို့ဒီအတိုင်းသွားလို့မရလောက်ဘူး”

“ ဘာဖြစ်လို့လဲ ကျော်ဘုန်းစံက ကျွန်တော်တို့ကို မှတ်မိနေမှာစိတ်ပူလို့လား”

“ အေး… ဟုတ်တယ်၊ သူက ငါတို့ကြောင့်ပဲ အိမ်ကိုပစ်ပြီး အပျောက်ရိုက်သွားတာလေ၊ ဒါကြောင့် ဦးစံမြရှိ‌တဲ့နေရာသွားဖို့ဆိုရင် ရုပ်ဖျက်ဖို့လိုလိမ့်မယ်”

“ ဒီရုပ်တွေကို နှုတ်ခမ်းမွှေးတွေ ဆံပင်တုတွေတပ်သွားရမှာလားဗျ၊ ကြည့်ရအရမ်း‌ဆိုးနေမှာပဲ”

ခွန်းလှစကားကြောင့် မောင်ကောင်းက သဘောကျစွာရယ်လိုက်ပြီး

“ မတတ်နိုင်ဘူး လုပ်သင့်ရင်လုပ်ရမှာပဲ…”

“ ဒါဖြင့် ဈေးနားက အလှပြင်ပစ္စည်းရောင်းတဲ့ဆိုင်ကိုသွားကြတာပေါ့၊ ပိုက်ဆံတော့ပါတယ်မဟုတ်လား ဆိုင်ထဲရောက်လို့မှ ပိုက်ဆံမပါရင် အချုပ်ထဲရောက်နေဦးမယ်”

“ ပိုက်ဆံပါပါတယ်ကွ… ဒီမှာကြည့်”

မောင်ကောင်းက ငွေစက္ကူတွေကိုထုတ်ပြလိုက်ရာ ခွန်းလှမျက်လုံးပြူးသွားပြီး

“ ဒီလောက်များတဲ့ပိုက်ဆံတွေဘယ်ကရလာတာလဲ”

“ ဆရာထွက်သွားတဲ့နေ့ ငါလွယ်အိတ်ဖွင့်ကြည့်လိုက်တာ အခုလိုတွေ့ရတာပဲ၊ ငါတို့ဆရာက သူမရှိတုန်း သူ့တပည့်တွေထမင်းငတ်မှာစိုးလို့ ထားခဲ့ပေးတာနေမှာ”

“ အဟက်အဟက်”

နှစ်ယောက်သားသဘောကျစွာရယ်လိုက်ပြီး အလှပြင်ပစ္စည်းရောင်းတဲ့ဆိုင်ဘက်ကိုထွက်သွားခဲ့ကြတယ်။
++++++

“ ကောက်ညှင်းထုပ် ပူပူလေးတွေရမယ်၊ သားတို့ အားပေးသွားပါဦး၊ အခုထိဈေးဦးမပေါက်သေးလို့ပါ”

ယိုင်နဲ့နဲ့ တဲ‌ပေါ်ကနေ လှမ်းပြောလိုက်တဲ့အသံကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ရဲ့ခြေလှမ်းတွေ ရှေ့ကိုမဆက်တော့ပဲ တဲထဲကိုဝင်လာခဲ့လိုက်တယ်။

“ အမေကြီး… ကောက်ညှင်းထုပ် လေးထုပ်ပေး”

“ အေးအေး အမေကြီး ထုပ်ပေးမယ်နော်”

အမေအိုကြီးက ကောက်ညှင်းထုပ်တွေကို အိတ်ထဲထည့်ပေးနေတဲ့ချိန်

“ အမေကြီးက ဒီမြို့မှာနေတာကြာပြီလား”

“ ကြာပီပေါ့ သားရဲ့… ဘာဖြစ်လို့မေးတာလဲ”

“ ဘာမှမဖြစ်ပါဘူး… ဒီတိုင်းသိချင်လို့ပါ၊ ဒါနဲ့ အမေကြီးမှာ မိသားစုတွေမရှိကြဘူးလား”

“ မရှိကြတော့ဘူးကွယ့်… ဆုံးသွားကြပြီ”

“ အော် စိတ်မကောင်းစရာပဲဗျာ…”

“ အရင်ကတော့ သားတစ်ယောက်ရှိခဲ့တယ်၊ ဒါပေမယ့် သုံးစားလို့မရပါဘူး၊ တစ်နေ့ တစ်နေ့ အလှပြင်လိုက် ကနားပွဲလိုက်ကလိုက်နဲ့ ဝိုင်းကူဖော်တောင်မရဘူး”

“ သူကရောဆုံးတာကြာပီလား”

“ဆယ်နှစ်ကျော်‌လောက်ရောပေါ့….သူမဆုံးခင် ဆရာကြီးဦးစံမြကနတ်ကရင် ဓါးတွေနဲ့မကစားဖို့သတိပေးသေးတယ်၊ ဒါကို မောင်မြင့်က လက်မခံဘူးလေ… အဲဒါနဲ့ ဓါးကစားတာ သူ့ဗိုက်ထဲသူကိုယ်တိုင်ဓါးနဲ့ထိုးမိပြီး သေပါလေရာ”

“ အမေကြီးသားနာမည်က မောင်မြင့်လား”

“ အင်း ဟုတ်တယ်လေ… ကန္နားစီးမောင်မြင့်ဆို တစ်မြို့လုံးသိကြတယ်”

အမေကြီးစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ အချင်းချင်းကြည့်လိုက်ပြီး စကားစကိုဖြတ်ကာ အလှပြင်ပစ္စည်းရောင်းတဲ့ဆိုင်ဘက်ကို ထွက်သွားခဲ့လိုက်တယ်။
+++++

“ ‌စခန်းသာ၊ အင်းဝိုင်း၊ ကျောက်ကြီးကုန်း၊ သူဌေးကုန်းရောက်တယ်နော်…ကားက ခဏနေ ထွက်တော့မယ် မြန်မြန်လေး…မြန်မြန်လေး”

ကျယ်လောင်တဲ့အသံနဲ့ လူခေါ်နေတဲ့ ကားစပါယ်ယာအသံကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ အနားကပ်လိုက်ပြီး

“ ဒီကားက ဆလပ်ကုန်းရောက်လား”

“ ရောက်တယ်အကို… ကားပေါ်တက်ထိုင်လိုက်”

“ တစ်ယောက်ဘယ်လောက်လဲ”

“ တစ်ယောက်နှစ်ရာ”

“ ရော့ နှစ်ယောက်စာ”

ဆလပ်ကုန်းကိုရောက်တယ်ဆိုတော့ နှစ်ယောက်သား ဝမ်းသာသွားပြီး ကားခရှင်းကာ လွတ်နေတဲ့နေရာမှာဝင်ထိုင်လိုက်တယ်။

ကားပေါ်ရောက်တာနဲ့ ဆံပင်နှစ်ခွကျစ်ထားတဲ့ မိန်းကလေးတစ်ယောက် သူတို့ကိုကြည့်ပြီး ပြုံးစိစိလုပ်နေတာကို ခွန်းလှသတိထားမိခဲ့တယ်။

“ အကို… ဟိုမှာကြည့်ဦး.. ကျွန်တော်တို့ကို ကြည့်ပြီးပြုံးနေတယ်ဗျ”

“ ဘယ်မှာလဲကွ”

“ အာ… ဘာလို့အပြင်ကိုလိုက်ကြည့်နေတာလဲ… ကျွန်တော်ပြောတာ ကားခေါင်းခန်းနဲ့ကပ်ရပ်ထိုင်နေတဲ့ မိန်းကလေးကိုပြောတာ”

ခွန်းလှစကားကြောင့် မောင်ကောင်း လှမ်းကြည့်လိုက်ရာ ပြုံးစိစိလုပ်နေတဲ့ မိန်းကလေးက မျက်နှာလွှဲကာ တစ်ဖက်ကိုလှည့်သွားခဲ့တယ်။

“ ခွန်းလှ… အဲဒီကောင်မလေးက မင်းကို သဘောကျနေတာဖြစ်မယ်၊ သေချာအောင် ငါထမေးလိုက်ရမလား”

“ အမလေး ကျေးဇူးရှင်ရယ်… ထတော့မမေးလိုက်ပါနဲ့၊ ဒီတိုင်းပဲထားလိုက်ပါတော့”

မောင်ကောင်းလဲ ခွန်းလှစကားကြောင့် ပြုံးစိစိလုပ်ပြီး ရှေးသီချင်းတစ်ပုဒ်ကို တီးတိုးညဉ်းနေခဲ့တယ်။

ခဏကြာတော့ ကားပေါ်မှာ လူပြည့်သွားတဲ့အတွက် စပါယ်ယာရဲ့ “ ဆွဲ ဆရာရေ” ဆိုတဲ့အသံနဲ့အတူ ဂျုံးဂျုံးကျနေတဲ့ လိုင်းကားက တဖွတ်ဖွတ်မြည်သံနဲ့အတူ ထွက်ခွာသွားခဲ့တယ်။

လမ်းတစ်လျောက် ခရီးသည်တွေ တင်လိုက်ချလိုက်နဲ့ထွက်လာခဲ့တာ ညနေစောင်းအချိန်ရောက်တော့ သူဌေးကုန်းဆိုတဲ့ ရွာတစ်ရွာကိုရောက်လာခဲ့တယ်။

“ ရောက်ပြီ ရောက်ပြီ… အားလုံးဆင်းလို့ရပြီ”

“ ကို‌စံပေါ … ယွန်းမေ ဝယ်လာတဲ့ပစ္စည်းတွေအမိုးပေါ်ကချပေးဦး”

“ အေးအေး… ငါချပေးမယ်”

မောင်ကောင်းနဲ့ ခွန်းလှတို့လဲ အခုမှသူဌေးကုန်းပဲရောက်သေးတဲ့အတွက် လွယ်အိတ်ကိုရင်ဝယ်ပိုက်ပြီး ကားပေါ်မှာပဲထိုင်နေခဲ့တယ်။

“ ဟိုအကိုကြီးနှစ်ယောက် ကားပေါ်ကမဆင်းဘူးလား”

“ ခွန်းလှ မင်းကိုမေးနေတယ် ပြန်ဖြေလိုက်”

“ အကို့ကိုမေးတာလေ အကိုပြန်ဖြေပေါ့”

ခွန်းလှစကားကြောင့် မောင်ကောင်းက မျက်နှာကိုတည်အောင်ထားပြီး

“ ငါတို့က ဆလပ်ကုန်းရောက်မှဆင်းမှာ”

“ အဟက်အဟက်… ကားက ဒီမှာဂိတ်ဆုံးပြီရှင့် ဆလပ်ကုန်းကိုသွားလို့မရတော့ဘူး”

“ ဟ… ဘာလို့မရတာလဲ၊ ကားဆရာက ရောက်တယ်ပြောလို့လိုက်လာတာလေ”

မောင်ကောင်းက ကားပေါ်က ဝုန်းခနဲခုန်ဆင်းပြီး ခေါင်မိုးပေါ်မှာအထုပ်တွေချနေတဲ့ ကိုစံပေါကိုလှမ်းကြည့်ကာ

“ ဟေ့လူ ခင်ဗျားပြောတော့ ဆလပ်ကုန်းရောက်တယ်ဆို အခုဒီကောင်မလေးပြောတာမရောက်ဘူးတဲ့ ဘာလဲ ကျုပ်တို့ကိုလိမ်ခေါ်လာတာလား”

“ မလိမ်ပါဘူးဗျာ… ဆလပ်ကုန်းက ဒီကနေဆက်သွားရတာ၊ ကားလမ်းက သူဌေးကုန်းထိပဲရှိတယ်ဗျ”

“ ဟင် အဲလိုလား…”

မောင်ကောင်းနဲ့ ကိုစံပေါတို့အချေအတင်ဖြစ်နေတာကိုကြည့်ပြီး ယွန်းစံတစ်ယောက် တခွိခွိနဲ့ရယ်နေသလို ခွန်းလှက အုန်းပင်ကြည့်သလို ထန်းပင်ကြည့်သလိုနဲ့ ဘာမှမရှိတဲ့ကောင်းကင်ကို လှည့်ပတ်ကြည့်နေခဲ့တယ်။

“ ဒီမယ် ဒီမယ် အကို…”

“ ဟုတ်ကဲ့”

“ အပေါ်မှာဘာတွေရှိလို့ လိုက်ကြည့်နေတာလဲ”

“ အဲ… ဟိုလေ ဟို… တိမ်နမိတ်ကြည့်နေတာ”

“ ပေါက်ကရတွေပြောနေပြန်ပြီ… တိမ်နမိတ်ရယ်လို့ မကြားဖူးပါဘူး”

ယွန်းစံစကားကြောင့် ခွန်းလှက ကောင်းကင်ကို ဟန်နဲ့ပန်နဲ့မော့ကြည့်လိုက်ရာ တိမ်တွေကြားထဲမှာ နွားနှစ်ကောက်ဝှေ့တဲ့ဟန်ကိုမြင်တွေ့ခဲ့တယ်။
ဝှေ့နေတဲ့နွားနှစ်ကောင်ထဲမှာ လည်ပင်းမှာ အဖြူကွက်ပါတဲ့နွား နိုင်သွားတဲ့အချိန် နွားရဲ့ဂုတ်ပေါ်ကို မျက်လုံးနီနီ အသားမဲကျုတ်ကျုတ်အကောင်တစ်ကောင် တက်ထိုင်လိုက်ကာ အနားကလူတွေကိုလိုက်ဝှေ့ဖို့ လက်ဟန်ခြေဟန်နဲ့ပြနေတာကို အထင်းသားမြင်လိုက်ရတယ်။

“ နွားနှစ်ကောင်ဝှေ့နေတာကို ဘာလို့မြင်နေပါလိမ့်”

ခွန်းလှကမျက်စိကို လက်နဲ့ပွတ်ကာ
ကိုယ့်ဘာသာပြောလိုက်တာကို
အနားမှာရှိနေတဲ့ ယွန်းစံကကြားသွားပြီး

“ ဟင်… ဒီနေ့ ရွာမှာနွားဝှေ့ပွဲရှိတယ်ဆိုတာ ဘယ်လိုသိနေတာလဲ”

“ ဟမ်… နွားဝှေ့ပွဲဟုတ်လား”

“ဟုတ်တယ်… အကိုရဲ့ တိမ်နမိတ်က ထူးဆန်းလိုက်တာ၊ နောက်ဘာမြင်ရသေးလဲ”

“ ဟိုလေ လည်ပင်းမှာ အဖြူကွက်ပါတဲ့နွား လဲကျသွားတယ်”

“ ဟယ်… တကယ်ကြီးနမိတ်ကိုမြင်နေရတာပဲ၊ ဟုတ်တယ် ဟုတ်တယ် လည်ပင်းမှာအဖြူကွက်ပါတဲ့နွားက ယွန်းစံ ဘကြီးပိုင်တဲ့နွား၊ အံ့ဩစရာကောင်းလိုက်တာ ဘာလို့ဒီလောက်အတိအကျပြောနိုင်ရတာလဲ၊နောက်တော့ကောဘာဆက်ဖြစ်သေးလဲ”

“ မြင်တဲ့အတိုင်းဆိုရင် အဲဒီနွားပေါ်ကို မျက်လုံးနီနီ အသားမဲကျုတ်ကျုတ်အကောင်တစ်ကောင် တက်ထိုင်ပြီး လူတွေကိုလိုက်ဝှေ့ခိုင်းနေတာ”

“ ခစ်ခစ် အဲဒါတော့မဖြစ်နိုင်ဘူး ဖြူကွက်က လူတွေကိုဘယ်တော့မှရန်မပြုတတ်ဘူးရှင့်”

“ မဟုတ်ဘူး … ကျုပ်သေချာမြင်လိုက်ရတာ”

အဲဒီအချိန် မောင်ကောင်းပြန်ရောက်လာပြီး

“ ခွန်းလှ ဘာဖြစ်နေတာလဲ”

“ အကို… နွားနှစ်ကောင်ဝှေ့တဲ့ထဲမှာ နိုင်တဲ့ကောင်ရဲ့ ဂုတ်ပေါ် မကောင်းဆိုးဝါးတစ်ကောင် တက်ထိုင်ပြီး လူတွေကိုဝှေ့ခိုင်းနေတာမြင်တယ်၊ အဲဒီနွားကလဲ ဒီကောင်မလေးတို့ရွာက နွားဖြစ်နေတယ်လို့လဲပြောတယ်”

“ ဒါဆိုရင် အနားမှာရှိတဲ့သူတွေ အန္တရာယ်ရှိနိုင်တယ်၊ ကောင်မလေး နွားဝှေ့ပွဲက ဘယ်အချိန်လဲ”

“ အခုတောင်‌စနေလောက်ပြီထင်တယ်၊ ဒါပေမယ့် သွားမယ်‌ဆို မှီလောက်သေးတယ်”

“ ငါတို့ကိုလမ်းပြပေး မြန်မြန်”

မောင်ကောင်းအသံကြောင့် ယွန်းစံလဲ ဝယ်လာတဲ့ပစ္စည်းတွေကို ကိုစံပေါနဲ့အပ်ခဲ့ပြီး နွားတိုက်ပွဲပြုလုပ်နေတဲ့ လယ်ကွင်းဘက်ကို ခေါ်သွားခဲ့လိုက်တယ်။

မောင်ကောင်းတို့ လယ်ကွင်းအစပ်လဲရောက်ရော ဖုန်တထောင်းထောင်းနဲ့ ဝရုန်းသုန်းကားပြောလာကြတဲ့လူအုပ်ကြီးကိုမြင်လိုက်ရတယ်။

“ ပြဿနာတော့စပြီဟေ့… ခွန်းလှ ငါ့အနောက်ကနေလိုက်ခဲ့”

မောင်ကောင်းက ပုဆိုးကိုတိုတိုဝတ်လိုက်ပြီး လွယ်အိတ်ကိုဘေးစောင်းလွယ်ကာ လယ်ကွင်းထဲကိုပြေးဝင်သွားခဲ့တယ်၊သူ့အနောက်မှာတော့ ခွန်းလှ။

“ ရှူး ရှူး ရှူး….”

နှာမှုတ်ပြီး မြင်မြင်သမျှလိုက်ဝှေ့နေတဲ့ နွားက မောင်ကောင်းတို့ကိုမြင်တော့ အခြားသူတွေကိုမဝှေ့တော့ပဲမြေကြီးကိုခေါင်းစိုက်ပြီး ခွာကို ယက်နေခဲ့တယ်။

“ အကို နွားလည်ကုပ်ကိုကြည့်ဦး”

ခွန်းလှအသံကြောင့် မောင်ကောင်း မျက်တောင်ကျုံ့ပြီးကြည့်လိုက်ရာ မဲကျုတ်ကျုတ်အကောင်တစ်ကောင် နွားဂျိုနှစ်ဖက်ကိုကိုင်ပြီး ခုန်ပေါက်နေတာမြင်လိုက်ရတယ်။ လယ်ကွင်းထဲမှာတော့ နွားဝှေ့ခံထိလို့
ညဉ်းတွားအော်ဟစ်နေကြတဲ့သူအချို့။

မဲကျုတ်ကျုတ်ကောင်က အရှေ့မှာရပ်နေတဲ့ မောင်ကောင်းတို့ကိုမြင်တော့ နွားရဲ့နားရွက်နားကပ်ပြီး တစ်ခုခုပြောလိုက်ရာ နှာမှုတ်ပြီးခွာယက်နေတဲ့ နွားက ဒေါသတစ်ကြီးနဲ့ တရှိန်ထိုးပြေးဝင်လာခဲ့တယ်။

“ ဟေ့ကောင်လေးတွေ ရပ်မနေနဲ့ ပြေး ပြေး”

လဲကျနေတဲ့သူတွေဆီကနေ ထွက်လာတဲ့ စိုးရိမ်တကြီးအော်သံ။

မောင်ကောင်းနဲ့ခွန်းလှတို့လဲ သူတို့ဆီပြေးဝင်လာတဲ့ နွားကိုစိုက်ကြည့်ပြီး တိုင်ပင်မထားပဲ မြေကြီးကိုဖနောင့်နဲ့ပေါက်လိုက်ရာ အုတ်တံတိုင်းနဲ့ဝင်တိုက်တဲ့နွားလို ဖင်ထိုင်လျက်လဲကျသွားခဲ့တယ်။

“ အကို ဟိုကောင် ဂျိုကိုမလွှတ်သေးဘူး… ကိုင်ထားတုန်းပဲ”

“ မြေကြီးနဲ့ကောက်ပစ်ကွာ…”

“ ဟမ်… မြေကြီးနဲ့ကောက်ပစ်လို့ရပါ့မလား”

“ အာ… ငါပြောတာက ဒီလိုကွ”

မောင်ကောင်းက မြေကြီးတစ်ဆုပ်ကိုကောက်ယူလိုက်ပြီး မန်းမှုတ်ကာ ပြန်လာတဲ့နွားရဲ့မျက်နှာတည့်တည့်ကို ပစ်ထည့်လိုက်တယ်။

မြေကြီးမှုန်တွေက နွားရဲ့ခန္ဓာကိုယ်အပြင် မဲကျုတ်ကျုတ်ကောင်ရဲ့ကိုယ်ကိုပါထိမှန်သွားတဲ့အချိန် ဂုတ်ပေါ်ခွစီးထားတဲ့ကောင်က တစ်ကိုယ်လုံးပူလောင်လာပြီး ဂုတ်ပေါ်ကနေဆင်းပြေးပါလေရော။

“ အတော်အပြေးမြန်တဲ့ကောင်”

“ ဟုတ်ပါ့ဗျာ မသိရင် မာရသွန်အပြေးသမားလိုပဲ ဟားဟား”

‌နှစ်ယောက်သား ဆရာမရှိတဲ့အချိန်မို့ ပေါက်ကရတွေပြောကာ ရယ်မောနေခဲ့ကြတယ်။

ခဏနေတော့ ရွာသားတွေပြေးလာပြီး ဒဏ်ရာရရတဲ့သူတွေကို တွဲထူနေတဲ့အချိန်

“ အကို ဘာဖြစ်သွားသေးလဲ”

“ ဘာမှမဖြစ်ပါဘူး… အဆင်ပြေပါတယ်ညီမ”

“ အော် အော်… ခွန်းလှနဲ့ငါက တစ်ပေလောက်ပဲခြားတာကို ငါ့ကျမေးဖော်မရဘူး အိမ်း… ဘယ်တူပါ့မလဲနော်”

“ အာ.. အဲလိုလဲမဟုတ်ပါဘူး… ယွန်းစံက ဘေးချင်းကပ်ရှိနေတဲ့သူကိုအရင်မေးလိုက်တာပါ၊ ဒါနဲ့ အကိုရော ဘာဖြစ်သွားသေးလဲ”

ခွန်းလှကတော့ မျက်နှာထိမျက်နှာထားနဲ့ ဘာမှမပြောဖို့လုပ်ပြနေတာကြောင့် မောင်ကောင်းက ရယ်ကျဲကျဲလုပ်ပြီး

“ ဘာမှမဖြစ်ပါဘူး… ကဲကဲ ဒဏ်ရာရတဲ့သူတွေကို သွားကြည့်ပေးလိုက်ဦးမယ်နော်” လို့ပြောကာထွက်သွားခဲ့တယ်။
+++++
မောင်ကောင်းနဲ့ ခွန်းလှတို့လဲ နွားဝှေ့တဲ့ကိစ္စနဲ့ နောက်ကျသွားတဲ့အတွက် သူဌေးကုန်းရွာမှာပဲ တစ်ညတာ အနားယူခဲ့ကြသလို ရွာခံတွေကလဲ သူတို့ကိုကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်မဆုံးဖြစ်ခဲ့ကြတယ်။

“ ကျုပ်နွားက လူယဉ်တာတစ်ရွာလုံးအသိပဲ.. ဒါကို ရုတ်တရက်ထဝှေ့တော့ အကုန်လုံး ပြာသလဲလဲဖြစ်ကုန်တာ”

ရေနွေးကြမ်းသောက်ရင်း ဖြစ်ပျက်ခဲ့တာတွေကိုပြောပြနေတဲ့ ယွန်းစံရဲ့ ဘကြီးစကားကြောင့် မောင်ကောင်းက ခေါင်းငြိမ့်ပြပြီး

“ တကယ်တော့ ရှုံးမဲမဲတာပါ…”

“ ဟုတ်တယ်… အခုရှုံးသွားတဲ့ကောင်တွေက ငါ့ညီတို့သွားမယ့်ရွာကပဲ”

“ ဒီကောင်တွေ အတော်ယုတ်မာတာပဲ”

“ သူတို့ရွာမှာက ဆရာကောင်းရှိတယ်လေ၊ ဘောလုံးကန်တာဖြစ်ဖြစ်၊ နွားတိုက်တာဖြစ်ဖြစ် အဲဒီဆရာဆီမှာ အဆောင်တွေလုပ်ကြတယ်၊ အခုလဲ သူ့ဆီကလုပ်လာတာပဲဖြစ်မယ်”

“ အဲဒီဆရာနာမည်က ဘယ်လိုခေါ်လဲသိလားဗျ”

“ ဦးစံမြင့်လို့ပြောတာပဲ…အတော်လဲစွမ်းတယ်၊ ‌ပစ္သည်းပျောက်၊နွားပျောက်သွားမေးရင် ပြန်ရမယ်ဆို သေချာပေါက်ပြန်ရတာ၊ သူကမရဘူးပြောရင် လိုက်ရှာမနေနဲ့တော့”

“ အော် …နာမည်က ဦးစံမြင့်တဲ့လား”

မောင်ကောင်းက ဦးစံမြင့်နာမည်ကို တတွတ်တွတ်ခေါ်ရင်း မထီပြုံးလေးပြုံးလိုက်တယ်။
+++++

မနက်ရောက်တော့ မောင်ကောင်းတို့ သွားခါနီး ယွန်းစံရောက်လာပြီး

“ အပြန်ကျရင်လဲ ရွာဝင်လည်ဦးနော် အကိုကြီး”

“ အေးပါ… နင်ကလဲ ပြောချင်တဲ့သူကို ‌မပြောပဲ ငါ့ကိုလာပြောနေတယ်၊ သွားသွား ဟိုမှာသွားပြောလိုက်”

မောင်ကောင်းစကားကြောင့် ယွန်းစံမျက်နှာ ရဲခနဲဖြစ်သွားပြီး ရှက်ကိုးရှက်ကန်းနဲ့ ခွန်းလှအနားကိုထွက်သွားခဲ့တယ်။

ခဏကြာတော့ ဆလပ်ကုန်းရွာကိုသွားမယ့် လှည်းကြုံတစ်စီးရောက်လာတာကြောင့် စကားစပြတ်သွားပြီး သူဌေးကုန်းရွာကနေထွက်ခွာလာခဲ့ကြတယ်။

လှည်းပေါ်ရောက်တော့ မောင်ကောင်းက ခွန်းလှအနားကပ်ပြီး

“ ငါတို့ ဆလပ်ကုန်းရွာမရောက်ခင် ဆင်းမှရမယ်နော်”

“ ဟုတ်ကဲ့အကို… ကျွန်တော်လှည်းသမားကိုပြောလိုက်မယ်”

“ ဒါနဲ့ ငါမေးဦးမလို့ … ဦးစံမြကိုတွေ့ပါပြီ… ကျော်ဘုန်းစံကို ဘယ်လိုပြန်ခေါ်ကြမလဲ”

“ အမ်… မသိဘူးလေ… အကို့မှာအကြံဉာဏ်ရှိမယ်ထင်နေတာ”

နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သက်ပြင်းတစ်ချက်ချကာ

“ မီးစင်ကြည့်က‌ရတော့မှာပဲ…”လို့ရေရွတ်ရင်း လိုက်ပါသွားခဲ့တယ်။
+++++

“ဆရာကြီး အပြင်မှာ ဗေဒင်မေးမယ့်သူတွေစောင့်နေတယ် ခေါ်လိုက်ရတော့မလား”

“ အေး … ခေါ်လိုက်တော့၊ မနက်ဖြန်ပွဲတွေအသစ်လဲရမယ်ဆိုတာလဲမမေ့နဲ့ဦး”

“ ဟုတ်ကဲ့ဆရာကြီး… မမေ့ပါဘူး”

အိမ်မှာခိုင်းဖို့ခေါ်ထားတဲ့သူထွက်သွားတော့ အသားညိုညို ခပ်ဝဝမိန်းမတစ်ယောက် ဝင်လာခဲ့တယ်။

“ ဆရာ… ကျွန်မ စီးပွားရေးအကြောင်းလေးမေးချင်လို့”

“ ဘာနေ့သမီးလဲ”

“ အင်္ဂါပါဆရာ”

“ မွေးသက္ကရာဇ်ပြော”

“ ပြာသိုလဆန်း၈ရက်၊ ၁၉၅၂ပါ”

ဦးစံမြင့်က ကျောက်သင်ပုန်းပေါ်မှာ တဒေါက်ဒေါက်နဲ့ရေးချပြီး ရှေ့မှာထိုင်နေတဲ့ မိန်းမကိုကြည့်ကာ

“ နင့်လယ်က တောကွင်းဘက်မှာလား”

“ ဟုတ်ပါတယ်ဆရာ”

“ တောကွင်းပိုင်ကို ပူဇော်ပသတာ ရက်နောက်ကျသွားတယ်ဆို”

“ ဟင်… ဟုတ် ဟုတ်ကဲ့ဆရာ ပြောထားတဲ့နေ့မှာ နေမကောင်းဖြစ်သွားလို့ နောက်ရက်မှ ပသခဲ့မိပါတယ်”

“ အဲဒါသူ့ကိုမလေးစားဘူးဆိုပြီး စိတ်ဆိုးနေတယ်၊ နင့်လယ်ကထွက်တဲ့စပါးတွေကို ကြွက်တွေနဲ့ဖျက်စီးခိုင်းထားတာမြင်တယ်”

“ ဟုတ်တယ်ဆရာ… ဒီနှစ်စပါးအထွက်နှုန်းကလဲ အရမ်းကျတယ်၊ နောက်ပြီး အိမ်သားတွေရဲ့ ကျန်းမာရေးကလဲ ချူချာနေပါတယ်ဆရာ”

“ လပြည့်နေ့ကျရင် ကြက်တစ်ကောင်၊အရက်တစ်ပုလင်း၊ ထမင်းဖြူ ထမင်းနီ၊ ထမင်းဝါနဲ့ပသသလိုက်၊ အပြစ်ရှိရင် ခွင့်လွှတ်ပေးပါဆိုတာထည့်ပြော ငါလဲ ဒီကနေ ပြောထားပေးမယ်”

“ ကျေးဇူးတင်ပါတယ်ဆရာ၊ ကျွန်မ သေသေချာချာလုပ်လိုက်ပါ့မယ်”

“ အဲဒီရက်မှာမေ့လို့ကတော့ နင်တို့ထိုက်နဲ့နင်တို့ကံပဲ”

“ မမေ့ပါဘူးဆရာ … သေချာပေါက်လုပ်ပါ့မယ်”

“ အေးအေး ဘာမေးစရာရှိသေးလဲ”

“ မရှိတော့ပါဘူးဆရာ”

အသားညိုညိုခပ်ဝဝမိန်းမကြီးထွက်သွားတဲ့ နောက်မှာတော့ ‌အခြားဗေဒင်မေးတဲ့သူတွေဝင်လာခဲ့ကြတယ်။ ဆယ်ယောက်လောက်ဟောပြောပြီးသွားချိန်မှာ တော့ လူလဲရှင်းသလောက်ဖြစ်သွားပြီမို့ ဦးစံမြင့် အနားယူဖို့ထလိုက်တဲ့အချိန် အသက်ငါးဆယ်အရွယ် လူနှစ်ယောက် အခန်းထဲဝင်လာတာမြင်လိုက်ရတယ်။

“ ဘာကိစ္စရှိလို့လဲ”

“ ဗေဒင်မေးချင်လို့ပါ”

“ ဘာကိစ္စမေးချင်တာလဲပြောပါဦး”

“ လူစားလဲခံရတဲ့ကိစ္စမေးချင်လို့ပါ”

“ ဘယ်မှာဖြစ်ခဲ့တာလဲ”

“ လူသတ်ကုန်းမှာဖြစ်ခဲ့တာပါ၊ လူစားလဲခံရမယ့် ကျော်ဘုန်းစံဆိုတဲ့သူက သူနဲ့နေ့နာမ်တူတဲ့ ကျော်နိုင်ဆိုတဲ့လူကို အစားထိုးအသေခံခိုင်းခဲ့တယ်၊ ကြားရတာကတော့ ဒီကိစ္စကို သူ့အဖေဖြစ်တဲ့ ခင်ဗျားက ကူညီပေးခဲ့တယ်ဆို”

ဦးစံမြင့်လဲ လူသတ်ကုန်းဆိုတဲ့အသံကြောင့် မျက်နှာပျက်သွားပေမယ့် ဟန်မပျက်ပြန်ထိန်းလိုက်ပြီး

“ ခင်ဗျားတို့ဘယ်သူတွေလဲ”

“ ခွန်းလှ အခန်းတံခါးပိတ်လိုက်”

မောင်ကောင်းစကားကြောင့် ခွန်းလှက အခန်းတံခါးကိုပိတ်ကာ မင်းတုန်းထည့်လိုက်တယ်။

“ ကျောင်းဆရာလေးကျော်နိုင်ကို လူစားထိုးဖို့အကြံပေးခဲ့တာ ခင်ဗျားမဟုတ်လား”

“ ဟုတ်တယ်… ကျုပ်အကြံပေးခဲ့တာ”

“ လူတစ်ယောက်ရဲ့ကံကြမ္မာကို ဘာလို့အလှည့်အပြောင်းလုပ်ရတာလဲ၊ ဒီလိုလုပ်ရင် ဘယ်လိုအကျိုးဆက်တွေဖြစ်လာမယ်ဆိုတာ ခင်ဗျားမသိဘူးလား”

“ ကျုပ်သိတယ်… ဒါပေမယ့် ကျော်ဘုန်းစံက ကျုပ်ရဲ့သား၊ မိဘတစ်ယောက်က သူ့သားသမီး ဒုက္ခရောက်မယ်ဆိုတာသိသိကြီးနဲ့ မျက်နှာလွှဲပြီး မနေနိုင်ဘူး၊ လောကကြီးတစ်ခုလုံး ဇောက်ထိုးဖြစ်သွားမယ်ဆိုရင်တောင် ကျုပ်ဂရုမစိုက်ဘူး”

“ တော်တယ်… ကိုယ့်သားမသေဖို့ သူတစ်ပါးရဲ့သားကို သေခိုင်းတဲ့ ဂရုဏာရှင်ကြီးပါလား ဟက်ဟက်”

“ အခု မင်းတို့ဒီကိုလာရတဲ့အကြောင်းရင်းက ဘာလဲ၊ ရွှေလိုချင်တာလား ငွေလိုချင်တာလား၊ လိုသလောက်ပြော ငါပေးမယ်”

ဦးစံမြင့်စကားကြောင့် မောင်ကောင်းက ဝုန်းခနဲထရပ်ပြီးလည်ပင်းက အင်္ကျီစကိုဆွဲကာ

“ ခင်ဗျား လူမဟုတ်လား… လူဆိုရင် လူစကား‌ပြောစမ်း… ခင်ဗျားတို့သတ်လိုက်တဲ့သူက ဆင်းရဲနွမ်းပါးတဲ့ဖခင်ကိုလုပ်ကျွေးနေတဲ့လူ၊ ကလေးတွေကိုပညာသင်ပေးနေတဲ့ဆရာဗျ”

“ ငါသိတယ်… ငါဘဝမှာ ဒီလိုအမှားမျိုး တစ်ခါမှမလုပ်ခဲ့ဖူးဖူး… အခုလုပ်ခဲ့တာကလဲ သားသမီးဆိုတဲ့ဇောနဲ့လုပ်ခဲ့တာ၊ ဒီအတွက် ငါပြန်ပေးဆပ်ဖို့လဲပြင်ဆင်ပြီးပြီ”

“ ခင်ဗျား ပေးဆပ်လို့လဲ သေတဲ့သူကပြန်ရှင်မလာဘူး၊ သူ့အဖေရဲ့မျက်ရည်တွေကအထဲကိုပြန်မဝင်တော့ဘူး နားလည်လား”

မောင်ကောင်းက ဆံပင်တုနဲ့နှုတ်ခမ်းမွှေးတုကိုဆွဲချွတ်လိုက်ပြီး ဦးစံမြရဲ့ စားပွဲပေါ်မှာပစ်တင်လိုက်တယ်။

“ ကောင်လေးတွေ မင်းတို့ရဲ့ စိတ်ကို ငါနားလည်တယ်၊ ငါသာစိတ်ယုတ်မာရှိမယ်ဆိုရင် မင်းတို့နှစ်ယောက် ဒီကနေအသက်ရှင်လျက်ထွက် သွားနိုင်မှာမဟုတ်ဘူးဆိုတာသိလား”

“ အကို… ခြံထဲမှာ တုတ်တွေ ဓါးတွေကိုင်ထားတဲ့သူတွေရောက်နေပြီ”

ခွန်းလှစကားကြောင့် မောင်ကောင်း ထကြည့်လိုက်ရာ လူအယောက်နှစ်ဆယ်လောက် တုတ်တွေ ဓါးတွေကိုင်ပြီး အသင့်စောင့်နေတာမြင်လိုက်ရတယ်။

“ မင်းတို့မနေ့က အပမှီတဲ့နွားကို မောင်းထုတ်လိုက်တဲ့သတင်းငါကြားတယ်၊ ဒီနယ်တစ်ဝိုက်မှာ အခုလိုပညာတတ်တဲ့သူမရှိတာကြောင့် မင်းတို့ငါ့ဆီလာတော့မယ်ဆိုတာလဲကြိုသိနေတယ်”

“ ဒါကြောင့် ခင်ဗျားက အခုလို ကြိုတင်ကြံစည်ထားတာပေါ့၊ နွားကိုအပမှီအောင်လဲ ခင်ဗျားပဲ လုပ်ခဲ့တာမဟုတ်လား”

“ ငါလုပ်ခဲ့တာမဟုတ်ဘူး… စောနကမင်းတို့ပြောခဲ့သလို လူတစ်ယောက်ရဲ့ ကံကြမ္မာကိုအလှည့်အပြောင်းလုပ်ခဲ့လို့ ဖြစ်လာတဲ့အကျိုးဆက်တွေပဲ၊ နောက်လဲဒီထက်ပိုဆိုးတာတွေဖြစ်လာတော့မှာ”

“ ကျော်ဘုန်းစံအခုဘယ်မှာလဲ…”

“ မင်းတို့လာမယ်ဆိုတာသိလို့ သူ့ကိုအခြားနေရာမှာ ရှောင်ခိုင်းထားတယ်၊ ဒါနဲ့ မင်းတို့ကိုပြောပြချင် တာက ကျော်နိုင်ဆိုတဲ့ကောင်လေးက လူသတ်ကုန်းမှာမသေလဲ အခြားနေရာမှာ ကြိုးဆွဲချပြီးသေရမယ့်ဇာတာပါလာတယ်ဆိုတာပဲ၊ ဒီမှာသူ့ရဲ့ဇာတာကိုတွက်ထားတာ”

ဦးစံမြင့်က စားပွဲအောက်က အံဆွဲထဲမှာ ထည့်ထားတဲ့စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ပြီးကမ်းပေးတာကြောင့် လှန်ကြည့်လိုက်ရာ ကျော်ဘုန်းစံဇာတာနဲ့ ကျော်နိုင်ရဲ့ဇာတာကိုတွက်ချက်ထားတာမြင်လိုက်ရတယ်။

မောင်ကောင်းက ဒီလောကထဲမရောက်ခင် ‌
ဗေဒင်ပညာကိုတတ်မြောက်ခဲ့တာမို့ ကြည့်လိုက်တာနဲ့ ကျော်နိုင်ရဲ့ ဇာတာကိုမြင်တွေ့ခဲ့တယ်။

“ မင်းမြင်တဲ့အတိုင်း ကျော်နိုင်ဆိုတဲ့ကောင်လေးက ကိုယ့်ကိုယ်ကိုသတ်သေမှာ၊ ဒါကိုငါကဖခင်တစ်ယောက်အနေနဲ့ သားဖြစ်သူကိုမဆုံးရှုံးအောင်ကြိုးစားခဲ့တာပဲ”

“ ဒါပေမယ့်ဗျာ…”

မောင်ကောင်းအသံက တစ်ဝက်မှာနစ်ဝင်ခဲ့သလို ဦးစံမြင့်ရဲ့သားသမီးအပေါ်မှာထားတဲ့မေတ္တာကိုလဲ မြင်တွေ့ခဲ့တယ်။ စိတ်ထဲမှာလဲ ဆရာသာရှိရင် ဘယ်လိုဆုံးဖြတ်မလဲဆိုတဲ့အတွေးစိတ်က ဒိုင်းခနဲဝင်လာခဲ့တယ်။

“ ဖြစ်ပျက်ခဲ့တာတွေကိုပြန်ပြင်လို့မရတော့ပေမယ့်၊ ရှေ့ဆက်ဖြစ်လာမယ့်အရာတွေကို ခင်ဗျားတာဝန်ယူရမယ်”

“ စိတ်ချပါ… ငါလုပ်ရပ်ကို ငါအပြည့်အဝတာဝန်ယူတယ်”

“ ကောင်းပြီလေ ခင်ဗျားစကားမှန်မမှန် ကျုပ်တို့စောင့်ကြည့်နေမယ်၊ လာ ခွန်းလှ ငါတို့သွားမယ်”

မောင်ကောင်းတို့အခန်းထဲကထွက်လာတော့ လူအုပ်ကြီးက မကျေနပ်နဲ့မျက်နှာတွေနဲ့စိုက်ကြည့်နေတာကိုသတိထားခဲ့မိတယ်။
+++++++

“ အကို… ကျွန်တော်တို့ ဘယ်ကိုသွားကြမလဲ”

“ ဘယ်မှမသွားသေးဘူး… ကျော်ဘုန်းစံကို စောင့်ဦးမယ်”

“ သူကဘယ်အချိန်ပြန်လာမလဲမသိဘူးလေ”

“ ငါ့မှာအကြံရှိပါတယ်ကွ..”

မောင်ကောင်းက လွယ်အိတ်ထဲကနေ စာရွက်နဲ့ခဲတဲ့ကိုထုတ်ပြီး ကျော်ဘုန်းစံရဲ့ နာမည်၊မွေးနေ့သက္ကရာဇ်နဲ့ မွေးတဲ့အချိန်ကိုချရေးလိုက်တယ်။

“ ဒါက ဟိုစာအုပ်ထဲက သက္ကရာဇ်မဟုတ်လား”

“ ဟုတ်တယ်… လူတစ်ယောက်ရဲ့ ‌မွေးနေ့သက္ကရာဇ်၊ မွေးတဲ့အချိန်ကဘယ်လောက်အရေးကြီးလဲဆိုတာ ပြမယ်”

မောင်ကောင်းတို့လဲ ရွာပြင်က လယ်စောင့်တဲတစ်ခုမှာ နေရင်း နက္ခတ်စုံတဲ့အချိန်ကိုစောင့်နေခဲ့တယ်။ ညဆယ်နာရီအချိန်အရောက်မှာတော့ ကျော်ဘုန်းစံရဲ့ မွေးနေ့သက္ကရာဇ်နဲ့ မွေးတဲ့အချိန်ကို အင်းပြားတစ်ခုထဲထည့်ပြီး စီရင်နေတဲ့အချိန် ဘုန်းဆိုတဲ့အသံနဲ့အတူ မောင်ကောင်း တဲအပြင်ကို လွင့်ထွက်သွားခဲ့တယ်။

“ အား… ငါ့ဇက်ပိုးကို ဘယ်သူရိုက်တာလဲကွ”

“ အကောင်အထည်လဲမမြင်ရဘူးအကို”

မောင်ကောင်းက ဇက်ကိုလက်နဲ့ဖိပြီးထလာတဲ့အချိန်

“ မောင်ကောင်း… မင်း အမှားမင်းသိလား” ဆိုတဲ့ဆရာအသံကိုကြားလိုက်ရတယ်။

“ ဆရာ.. ဆရာ ကျွန်တော်ကိုရိုက်လိုက်တာလား”

“ မင်းလုပ်ရပ်တွေမှားနေလို့ ဆုံးမရတာပဲ၊ ငါတို့က သူတော်ကောင်းပညာယူထားတဲ့သူတွေမို့ အခုလို အစီအရင်မျိုးလုပ်လို့မရဘူးဆိုတာ နားမလည်တာလား”

“ အမှားကိုသိပါတယ်ဆရာ… ဒါပေမယ့် အခုလိုမျိုး မသိချင်ယောင်ဆောင်နေရတာကြီးက ခံရခက်လို့ပါ”

“ မင်းတို့အနေနဲ့ ကူညီချင်တယ်ဆိုရင် လူသတ်ကုန်းကိုသွားပြီး လူစားထိုးခံရတဲ့ ကောင်လေးအတွက် အလှူအတန်းလုပ်ပေးလိုက်၊ မကောင်းတာလုပ်တဲ့သူက မကောင်းတဲ့အကျိုးဆက်ကိုခံရလိမ့်မယ်၊ အဲဒီထဲ မင်းမပါစေနဲ့”

“ ဟုတ်ကဲ့ပါဆရာ ကျွန်တော်မလုပ်တော့ပါဘူး၊ ဒါနဲ့ဆရာ ဘယ်တော့ပြန်လာမှာလဲ”

“ အချိန်တစ်ခုရောက်ရင် မင်းတို့ဆီပြန်လာခဲ့မယ်၊ ငါမရှိလို့ မဟုတ်တာလုပ်မယ်ဆိုရင်တော့ အခုလိုပဲ ခံရမယ်ဆိုတာသိထား”

“ ဟုတ်ကဲ့ပါဆရာ… ကျွန်တော်မှတ်သားပါ့မယ်”

မောင်ကောင်းက ဇက်ပိုးကိုလက်နဲ့ပွတ်ပြီး ထလာတဲ့အချိန် ခွန်းလှက

“ ဆရာလက်သံအတော်ပြောင်တာပဲနော်” လို့လှမ်းပြောကာ လယ်စောင့်တဲထဲကို ပြေးဝင်သွားခဲ့တယ်။
++++++++

မောင်ကောင်းတို့လဲ မိုးလင်းတာနဲ့ အစောဆုံးကားနဲ့ မြို့တက်ဖို့သူဌေးကုန်းရွာဘက်ကိုပြန်ထွက်လာခဲ့ကြတယ်။

ကားဂိတ်ရောက်တော့ ထွက်လုဆဲဆဲဖြစ်နေတဲ့ ကားတစ်စီးမြင်တာကြောင့် ကမန်းကတမ်းပြေးတက်လိုက်တဲ့အချိန်

“ ကိုယ့်ဆရာတွေ မနက်အစောကြီး မြို့တက်မလို့လား” ဆိုတဲ့အသံကြောင့်ကြည့်လိုက်ရာ ကားစပါယ်ရာ ကိုစံပေါဖြစ်နေခဲ့တယ်။

“ ယွန်းစံရေ ဒီမှာနင့်ဧည့်သည်တွေ”

ယွန်းစံဆိုတဲ့အသံကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ကားခေါင်းခန်းရှိတဲ့ဘက်ကိုလှည့်ကြည့်လိုက်ရာ သနပ်ခါးဘဲကြားလူးထားပြီး စံပယ်ပန်းပန်ထားတဲ့ ယွန်းစံကိုမြင်လိုက်ရတယ်။

“ ရွာကိုမဝင်ချင်လို့ မနက်အစောကြီးပြန်ပြေးကြတာမလား”

“ အဲ.. မဟုတ်ပါဘူးဗျ.. မြို့မှာလုပ်ရမယ့်ကိစ္စကျန်နေသေးလို့ ချက်ချင်းပြန်ရတာ… ဟုတ်တယ်မလား အကို”

“ ဟုတ်တယ် ညီမ… အကိုတို့အရေးတကြီးလုပ်ရမယ့်ကိစ္စလေးပေါ်လာလို့ပါ”

“ အင်းပါ… ကိစ္စရှိတယ်ဆိုတော့လဲမပြောတော့ပါဘူး၊ ဒါနဲ့
ကိုစံပေါရေ မြို့ရောက်ရင် ယွန်းစံကို ဟင်းရွက်ဈေးဘက်မှာချပေးနော်”

“ အေးပါဟ… ဒါနဲ့ ကိုယ့်ဆရာတို့ရော ဘယ်မှာဆင်းမှာ”

“ ကားဂိတ်မှာပဲဆင်းလိုက်မယ်”

“ ခွန်းလှ… ငါတို့က ဟင်းရွက်ဈေးထိသွားရမှာလေ၊ ကားဂိတ်ကနေဆိုအဝေးကြီးလမ်းလျောက်ရမှာ၊ ဟင်းရွက်ဈေးမှာပဲချပေးတော့”

တစ်ယောက်တစ်ခွန်းဖြစ်နေတာကြောင့် ကိုစံပေါ ခေါင်းကိုတွင်တွင်ကုတ်နေပေမယ့် ယွန်းစံကတော့ မသိမသာလေးခိုးရယ်နေခဲ့တယ်။
+++++++

“ ကလင် ကလင် ကလင်”

စက်ဘီးဘဲလ်သံကြောင့် လက်‌ဆွဲအိတ်အဟောင်းလေးကိုင်ထားတဲ့ လူကြီးက ဘေးကိုရှောင်ပေးလိုက်တဲ့အချိန် ထီလက်မှတ်လေး တစ်စောင်က စက်ဘီးပေါ်ကနေ လွင့်ကျလာတာမြင်လိုက်ရတယ်။

“ ဟိတ်ကောင်လေး… ဟိတ်ကောင်လေး… မင်းစက်ဘီးအနောက်က ထီလက်မှတ်တစ်စောင် ပြုတ်ကျလာလို့”

လှမ်းအော်ပြောတဲ့အသံကြောင့် စက်ဘီးနဲ့ကောင်လေးကပြန်လှည့်လာပြီး

“ ဒါကဦးလေးနဲ့ထိုက်လို့ရတာဆိုတော့
ကံစမ်းကြည့်ပါလား”

“ အေးပါကွယ်… ထီတစ်စောင် ဘယ်လောက်လဲ”

“ တစ်ရာပဲကျမယ်ဦးလေး”

“ ဒီမှာ တစ်ရာနော်…”

ထီသည်ကောင်လေးက ထီလက်မှတ်ကို စာအုပ်ထဲမှတ်ယူလိုက်ပြီး နာမည်နဲ့လိပ်စာတောင်းကာ ပြန်ထွက်သွားတာကို မလှမ်းမကမ်းမှာရှိတဲ့ သရက်ပင်အောက်ကနေ အသားဖြူဖြူ ပိန်ပိန်ပါးပါး လူတစ်ယောက် ခပ်ပြုံးပြုံးလေးရပ်ကြည့်နေခဲ့တယ်။
++++++

လရောင်မှိန်ပြပြကျနေတဲ့ လူသတ်ကုန်းရဲ့ အလယ်မြေကွက်လပ်မှာတော့ မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက် ငြိမ်သက်စွာတရားမှတ်နေခဲ့တယ်။

သူတို့နှစ်ယောက်ရဲ့ လေးဘက်လေးတန်မှာတော့ အမွှေးစုတ်ဖွားနဲ့အကောင်တွေရပ်စောင့်နေကြပြီး အနားကိုကပ်လာတဲ့ အခြားနာနာဘာဝကောင်တွေကို လက်ဟန်ခြေဟန်နဲ့ မောင်းထုတ်နေခဲ့ကြတယ်။

တရားဖြုတ်ပြီးလို့ အမျှတန်းဝေတဲ့အချိန်မှာတော့ အသံဝါဝါကြီးတွေနဲ့ သာဓုခေါ်တဲ့အသံတွေအပြင် ပျော်ရွှင်စွာခုန်ပေါက်ပြေးလွှားနေကြတဲ့ ခြေသံတွေကိုလဲ မောင်ကောင်းနဲ့ ခွန်းလှတို့ကြားလိုက်ရတယ်။

“ ဆရာ.. ဆရာ”

ကျောအနောက်ကနေ ခေါ်တဲ့အသံကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက်လှည့်ကြည့်လိုက်ရာ ဖြူ‌စွတ်နေတဲ့အင်္ကျီကိုဝတ်ဆင်ထားတဲ့ ကျော်နိုင်ကိုမြင်လိုက်ရတယ်။

“ ဆရာတို့ပေးဝေတဲ့အမျှအတန်း ကျွန်တော်ရပါတယ်၊ ဒီနေရာက အစောင့်အရှောက်တွေကလဲ ကျွန်တော်ကို စောင့်ရှောက်ကြတယ်၊ ဒါတွေက ဆရာတို့ကျေးဇူးတွေပါပဲ”

“ သင် ရဲ့ ဘဝဝဋ်ကြွေးတွေ ဒီဘဝမှာတင် ပြီးဆုံးပါစေလို့ဆုတောင်းပေးပါတယ်”

“ ဆရာတို့ပေးတဲ့ဆုနဲ့ ပြည့်စုံပါစေ…ကျွန်တော်ကိုခွင့်ပြုပါဦး”

“ ခွင့်ပြုပါတယ် သင်သွားလိုရာသွားနိုင်ပါပြီ”

မောင်ကောင်းတို့ လူသတ်ကုန်းပေါ်မှာ အရုဏ်တက်တဲ့အထိနေပြီးပြန်ဆင်းလာခဲ့ရာ လမ်းတစ်ဝက်အရောက်မှာတော့

“ အား…”

“ ခွန်းလှ ဘာဖြစ်တာလဲ”

“ ကျွန်တော်မျက်လုံး ဘာမှမမြင်ရတော့ဘူး”

“ ငါ့ကိုကြည့်စမ်း… ငါ့ကိုကြည့် မြင်ရလား”

“ မမြင်ရဘူး အမှောင်အတိဖုံးနေတယ်”

မောင်ကောင်းလဲ ရုတ်တရက်မို့ စိတ်ပူသွားပြီး လက်နဲ့သပ်ချဖို့လုပ်တဲ့အချိန်

“ မြင်ရပြီ… မိန်းမတစ်ယောက် အရိုးတွေလိုက်ကောက်နေတယ်”

“ ဘယ်မှာလဲ … ငါလဲမတွေ့ပါလား”

“ ကျွန်တော်မျက်လုံးထဲမြင်နေတာ… ဟင် အရိုးကောက်နေတဲ့မိန်းမပျောက်သွားပြီ၊လယ်ကွင်းတွေ၊ ကန်သင်းရိုးတွေ၊ သွေးစသွေးနတွေရောနေတဲ့ လူအရိုးအပိုင်းအစတွေထပ်ပေါ်လာတယ်”

“ အဲဒါဘယ်နေရာမှာလဲ”

“ ကျွန်တော်အဲဒီနေရာကိုရင်းရင်းနှီးနှီး မြင်ဖူးနေတယ်… ဟော ထွက်လာပြီ အရိုးပေါ်အရေတင်မိန်းမတစ်ယောက်၊ သူ့အရိုးတွေပြန်ပေးဖို့ ပြောနေတယ်”

“ သေချာကြည့်စမ်း… အဲဒါဘယ်နေရာလဲ”

“ အဲဒီ အဲဒီနေရာက ယွန်းစံတို့ရွာပဲ”

“ သောက်ဂွပဲ… ဦးစံမြင့် မွှေထားတာ ရွာနီးချုပ်စပ်အကုန်ပြဿနာတက်ပီထင်တယ်၊ မင်း ပြန်မြင်ရပီလား”

“ တဖြေးဖြေးချင်း မြင်ရပြီအကို… ဘာကြောင့် ကျွန်တော်အဲလိုမြင်တာလဲ”

“ အမြင်ဓါတ်တွေ ပွင့်ထွက်လာတာဖြစ်မယ်၊ ဒါကကောင်းတဲ့အချက်ပဲ”

“ အရိုးလိုက်ကောက်နေတဲ့မိန်းမက ကျွန်တော်နဲ့ ဘယ်လိုပတ်သတ်နေလို့မြင်ရတာလဲ”

“ ငါလဲမပြောတတ်ဘူး… သေချာတာက သူဌေးကုန်းရွာနဲ့ ရေစက်မကုန်သေးဘူးဆိုတာပဲ”

“ ဟူး…”

ခွန်းလှက သက်ပြင်းရှည်တစ်ချက်ကိုမှုတ်ထုတ်ကာ လူသတ်ကုန်းပေါ်ကနေ ဆင်းလာခဲ့လိုက်တယ်။
+++++

နောက်ဝတ္တုမှာတော့ ဆရာတူညီအစ်ကိုနှစ်ယောက် သူဌေးကုန်းရွာမှာ ဘာတွေမွှေကြမလဲဆိုတာ ကိုတော့ “အောင်မြတ်သာနှင့် ငါ့အရိုးပြန်ပေး”ဆိုတဲ့ ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Zawgyi Version

“ေအာင္ျမတ္သာႏွင့္ေပ်ာက္ေသာသူရွာရင္ေတြ႕ “(စ/ဆုံး)
———————————————————————-

အတန္သင့္က်ယ္ဝန္းတဲ့ ၿခံဝင္းတစ္ခုအလယ္မွာေတာ့ ႏွစ္ထပ္တိုက္ခံအိမ္တစ္လုံးက ခံ့ညားစြာတည္ရွိေနခဲ့တယ္။ ၿခံဝင္းထဲမွာေတာ့ လွပေသသပ္စြာစိုက္ပ်ိဳးထားတဲ့သစ္ပင္ပန္းမန္ေတြအျပင္ တန္ဖိုးႀကီးရွားပါးဂမုန္းပင္ေတြပါရွိေန တာေၾကာင့္ အိမ္ပိုင္ရွင္က အလြန္ကိုႂကြယ္ဝခ်မ္းသာတဲ့ သူတစ္ဦးျဖစ္မယ္ဆိုတာ အျမင္နဲ႔တင္ခန႔္မွန္းႏိုင္ခဲ့တယ္။

“ ကလင္ ကလင္ ကလင္”

ၿခံစည္း႐ိုးမွာခ်ိတ္ထားတဲ့ေခါင္းေလာင္းသံေၾကာင့္ ၿခံေစာင့္တစ္ေယာက္ေျပးထြက္လာၿပီး

“ ဘယ္သူမ်ားလဲလို႔ အကိုေလးေက်ာ္ဘုန္းစံပါလား”

“ အေဖ ရွိေနလား”

“ ရွိတယ္အကိုေလး… ဆရာအိမ္ထဲမွာရွိပါတယ္”

“ ေအးေအး.. ငါသြားလိုက္မယ္ ဒီအိတ္ကို ငါကအခန္းထဲထည့္ထားလိုက္”

ေက်ာ္ဘုန္းစံလဲ ႏွစ္ထပ္အိမ္အေပၚထပ္ကို တက္သြားလိုက္ရာ အနီေရာင္လိုက္ကာခ်ထားတဲ့အခန္းထဲကေန ဥပဓိ႐ုပ္အလြန္သန႔္တဲ့လူႀကီးတစ္ေယာက္ ထြက္လာခဲ့တယ္။

“ မင္းေတာင္ေရာက္လာၿပီ၊ဟိုကိစၥေရာအဆင္ေျပခဲ့ လား”

“ အဆင္ေျပခဲ့တယ္အေဖ… ဒါေပမယ့္ ဘယ္ကမွန္းမသိတဲ့လူသုံးေယာက္ေရာက္လာလို႔ အစီအစဥ္ေတြေျပာင္းလိုက္ရတယ္”

ေက်ာ္ဘုန္းစံစကားေၾကာင့္ ဖခင္လုပ္သူ မ်က္ေမွာင္က်ဳတ္လိုက္ၿပီး

“ ဘယ္ကလူေတြလဲ”

“ မသိဘူးအေဖ… သူတို႔က ေမာင္ျမင့္ကိုလဲျမင္ရတယ္”

“ ဟင္..”

“ ဟုတ္တယ္အေဖ… ဒါေၾကာင့္ ေက်ာ္ႏိုင္ကို အျခားေနရာမွာဖမ္းထားလိုက္ရတယ္၊ သူတို႔ယုံေအာင္လဲ အေဖဓါတ္ပုံေနရာ ေက်ာ္ႏိုင္ပုံေျပာင္းလိုက္ရေသးတယ္”

“ အဲဒါက သင္ခန္းစာပဲငါ့သား.. ဘဝမွာ ကိုယ္ကတစ္ကြက္ႀကိဳျမင္ေနဖို႔ပဲအေရးႀကီးတယ္၊ အဲဒီေန႔ညက ငါတို႔ကိုကူညီခဲ့တဲ့ ျမင္အပ္မျမင္အပ္ပုဂၢိဳလ္ေတြကို ေပးထားတဲ့ကတိအတိုင္းလုပ္ေပးရမယ္”

“ ဟုတ္ကဲ့အေဖ… သားလဲအခုမွ စိတ္ေအးသြားတာ”

“ ေအးေအး… ခဏေန အုန္းသီးငွက္ေပ်ာသီးေတြေရာက္လာေတာ့မယ္၊ ပြဲဆက္ဖို႔ျပင္လိုက္ဦး”

ေက်ာ္ဘုန္းစံလဲ ဖခင္ျဖစ္သူစကားေၾကာင့္ အိမ္ေအာက္ကိုဆင္းသြားၿပီး အုန္းသီးငွက္ေပ်ာသီးလာပို႔မယ့္သူကို ေစာင့္ေနခဲ့လိုက္တယ္။
+++++++++

ညကတစ္ခ်က္ထိုးအခ်ိန္ေရာက္ေနၿပီမို႔ ၿမိဳ႕ေစာင့္နန္းပတ္ဝန္းက်င္တစ္ခုလုံး ၿငိမ္သက္တိတ္ဆိတ္ေနသလို နတ္နန္းထဲမွာေတာ့ ဖေယာင္းတိုင္မီးမွိန္ျပျပအလင္းနဲ႔အတူ လူႏွစ္ေယာက္ တင္ပလႅင္ေခြထိုင္ေနခဲ့တယ္။

“ ၾကာတယ္ ၾကာတယ္… ေခၚေနတာ အခုထိမလာေသးဘူးဆိုတာ ဘာသေဘာလဲ”

ၾကမ္းျပင္ကိုလက္နဲ႔႐ိုက္ၿပီး ခပ္မာမာေျပာလိုက္တဲ့စကားသံက တိတ္ဆိတ္ေနတဲ့ ညအခ်ိန္ကိုေဖာက္ထြက္လာခဲ့တယ္။

အဲဒီအခ်ိန္ မီးခိုးေငြ႕လိုအခိုးေငြ႕ေတြက နတ္နန္းေဘးက ေညာင္ပင္ရင္းကေနထြက္ေပၚလာၿပီး နီညိဳေရာင္ဝတ္စုံဝတ္ထားတဲ့လူတစ္ေယာက္ရဲ႕ ေက်ာျပင္ေပၚလာတာကို ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ႏွစ္ေယာက္လုံးျမင္ေတြ႕လိုက္ရတယ္။

“ သင္ဘယ္သူလဲ…”လို႔ေမးလိုက္၌မယ့္

ဘာမွျပန္ေျပာသံမၾကားရတာေၾကာင့္ ေမာင္ေကာင္းက အသံကိုျမႇင့္လိုက္ၿပီး

“ အခုမွ စကားမေျပာတတ္သလိုလုပ္မေနနဲ႔… စိတ္ကၾကည္ေနတာမဟုတ္ဘူး၊ ျမန္ျမန္ေျပာစမ္း သင္ဘယ္သူလဲ”

“ ၿမိဳ႕ေစာင့္ပုဂၢိဳလ္ပါ”

“ ဟားဟား.. က်ဳပ္ကလဲ သင့္ကို႔ေစာင့္ေနတာ၊ ကဲ ေျပာစမ္းပါဦး လူသတ္ကုန္းမွာ လူစားလဲတဲ့ကိစၥ ဘာေတြျဖစ္မယ္ဆိုတာ ႀကိဳသိေနတယ္မဟုတ္လား”

ၿမိဳ႕ေစာင့္ပုဂၢိဳလ္ႏႈတ္ဆိတ္ေနတာေၾကာင့္ ေမာင္ေကာင္းက ထိုင္ရာကေန ထလိုက္ၿပီး ေညာင္ပင္ေအာက္ကိုထြက္သြားခဲ့တယ္။

“ ေအး… က်ဳပ္ေမးတာမေျဖလို႔ကေတာ့ ခင္ဗ်ားကို တစ္စစီလုပ္ပစ္မယ္…”

“ အဲလိုေတာ့ မလုပ္ပါနဲ႔ ဆရာရယ္… က်ဳပ္ က်ဳပ္ မတတ္သာလို႔ လုပ္ခဲ့ရတာပါ”

“ ဟက္ဟက္… ဆင္ျခင္ဆင္လက္ေတြနဲ႔ပါလား၊ ခင္ဗ်ားက အသက္သာႀကီးတာ စဥ္းစားဉာဏ္မရွိတဲ့ အထူအပိန္းေကာင္ပဲ၊ မတတ္သာလို႔လုပ္ခဲ့တယ္ဆိုရင္ေတာင္ က်ဳပ္တို႔လာတဲ့အခ်ိန္ ဘာလို႔မေျပာခဲ့တာလဲ၊ ခင္ဗ်ားကိုခိုင္းတဲ့သူထက္ က်ဳပ္တို႔ပညာက နိမ့္က်တယ္လို႔ ထင္ေနတာမဟုတ္လား”

“ မ မဟုတ္ပါဘူးဆရာ”

“ ခင္ဗ်ားတာဝန္က ဒီၿမိဳ႕မွာေနတဲ့သူတိုင္းကို အႏၲရာယ္ကင္းေအာင္ေစာင့္ေရွာက္ရမွာမဟုတ္လား၊ ဒီက်င့္ဝတ္ကို ေဖာက္ဖ်က္ခဲ့တဲ့ ခင္ဗ်ားက လမ္းေဘးကသရဲအဆင့္သာသာပဲရွိေတာ့တယ္၊ ေမာင္ေကာင္း ဒီေညာင္ပင္ကို အင္းနဲ႔တိုက္ၾကရေအာင္”

ေမာင္ေကာင္းနဲ႔ခြန္းလွတို႔ႏွစ္ေယာက္ လြယ္အိတ္ကို ဖြင့္လိုက္ၿပီး အတိုက္အင္းႏွစ္ခ်ပ္ထုတ္ကာ အသက္သြင္းဖို႔လုပ္ေနတဲ့အခ်ိန္ ၿမိဳ႕ေစာင့္ပုဂၢိဳလ္ အနားကိုေရာက္လာခဲ့တယ္။

“ ေတာင္းပန္ပါတယ္ ဆရာတို႔ရယ္… ဒီအပင္ကိုမွီခိုေနရတဲ့အျခားနာနာဘာဝေတြလဲရွိတာေၾကာင့္ တစ္ႀကိမ္ေတာ့ခြင့္လြတ္ေပးပါ၊ က်ဳပ္လဲေနာက္မလုပ္ရဲေတာ့ပါဘူး”

“ ဒါဆိုရင္ က်ဳပ္ေမးတာကို အမွန္တိုင္းေျဖမလား”

“ ေျဖပါမယ္ စကားတစ္ခြန္းေတာင္ မလိမ္ပဲေျဖပါ့မယ္”

ၿမိဳ႕ေစာင့္ပုဂ္ရိဳလ္စကားေၾကာင့္ ေမာင္ေကာင္းက ခြန္းလွကို မ်က္စပစ္ျပလိုက္ၿပီး

“ က်ဳပ္ေမးမယ္… ေက်ာ္ဘုန္းစံဆိုတဲ့ေကာင္အေနာက္ကေနလိုက္ေနတဲ့ ျဖဴေဖ်ာ့ေဖ်ာ့ေကာင္ကဘယ္သူလဲ”

“ သူ သူက ေမာင္ျမင့္ပါ”

“ အဲဒီေကာင္ကို အခုေခၚေပး…”

“ ဟုတ္ကဲ့ အခုေခၚလိုက္ပါ့မယ္”

ၿမိဳ႕ေစာင့္ပုဂၢိဳလ္လဲ အျပင္ဘက္က လမ္းဆုံေနရာကို လက္ညိဳးထိုးၿပီး လက္ယက္ေခၚလိုက္ရာ ပိန္ပိန္ပါးပါးျဖဴေဖ်ာ့ေဖ်ာ့အသားအရည္နဲ႔လူတစ္ေယာက္ ေရာက္လာခဲ့တယ္။

“ ျပန္ေတြ႕ရျပန္ပီေနာ္ … ဒီတစ္ခါ မင္းဘယ္လို လိမ္မလဲၾကည့္ရေသးတာေပါ့”

ေမာင္ျမင့္က ေမာင္ေကာင္းစကားေၾကာင့္ မ်က္ႏွာကိုေအာက္ခ်ၿပီး တစ္ကိုယ္လုံးတုန္ရီေနတာျမင္လိုက္ရတယ္။

“ ဆရာသမား… က်ဳပ္ဘာမွမလုပ္ရေသးပဲ ဘာလို႔တုန္ေနတာလဲ… အဟက္အဟက္”

“ ကြၽန္ေတာ္မွားပါတယ္ … အီးဟီးဟီး… ဆရာတို႔ကိုလိမ္ညာခဲ့မိတာကိုလဲ ေတာင္းပန္ပါတယ္”

႐ုတ္တရက္ငိုႀကီးခ်က္မနဲ႔ေျပာလိုက္ရာ ေမာင္ေကာင္း ဟက္ဟက္ပက္ပက္ရယ္လိုက္ၿပီး

“ ကိုယ္အလွည့္က်မွ နာတတ္တဲ့ေကာင္… မင္းလဲ မင္းဆရာနဲ႔အတူတူပဲ၊ ဒါနဲ႔မ်ားရပ္ကြက္ေစာင့္အဆင့္ထားထားေသးတယ္၊ တကယ္ေတာ့ မင္းလိုေကာင္က မိန္းမပ်က္အဆင့္ေတာင္မရွိဘူး၊ ေက်ာ္ဘုန္းစံဆိုတဲ့ေကာင္ ဘယ္သြားလဲဆိုတာ မင္းသိမွာေပါ့”

‌ေမာင္ေကာင္းစကားေၾကာင့္ ေမာင္ျမင့္က ၿမိဳ႕ေစာင့္ပုဂၢိဳလ္ကိုလွမ္းၾကည့္လိုက္ရာ ဟိုက မ်က္ႏွာမသိမသာလႊဲသြားခဲ့တယ္။

“ ေဟ့ေကာင္ မင္းပေထြးကို စစ္ကူေခၚမေနနဲ႔ ငါေမးတာအရင္ေျဖ”

“ ဟို ဟို ဆရာႀကီးစံျမဆီသြားတာပါ”

“ ဆရာႀကီးစံျမဆိုတာ သူ႔အေဖလား”

“ ဟုတ္ ဟုတ္ပါတယ္… သူ႔‌အေဖေၾကာင့္ အခုလိုကိစၥေတြျဖစ္လာတာပါ”

“ အခုမွ သူမ်ားကိုအျပစ္ဖို႔မေနနဲ႔ ဒီကိစၥမွာ နင္တို႔ႏွစ္ေယာက္လဲအလိုတူအလိုပါပဲ၊ အခု ဦးစံျမဘယ္မွာေနလဲ”

“ အဲဒါက အဲဒါက”

“ ျမန္ျမန္မေျဖေသးဘူးလား”

“ ဆ … ဆလပ္ကုန္း႐ြာမွာေနပါတယ္…”

“ ငါတို႔သြားလို႔ မရွိဘူးဆိုရင္ နင္ေရာ နင့္ဆရာေရာ ေသၿပီသာမွတ္”

“ အဲဒါေတာ့ မလိမ္ပါဘူးဆရာရယ္… အမွန္တိုင္းေျပာျပတာပါ”

“ ၾကည့္ရေသးတာေပါ့… ဒါနဲ႔ေနဦး… ၿမိဳ႕ေစာင့္ပုဂၢိဳလ္ကိုေျပာစရာရွိတယ္”

“ ဟုတ္ကဲ့ဆရာ… ေျပာပါခင္ဗ်”

“ မေသသင့္ပဲ ေသသြားရတဲ့ ေက်ာင္းဆရာေက်ာ္ႏိုင္ရဲ႕အေဖက ဒီၿမိဳ႕ကိုေရာက္ေနတယ္၊ အဲဒါ သင္တို႔ ကူညီမစလိုက္ၾက”

“ ဆရာေျပာတဲ့အတိုင္းလုပ္လိုက္ပါ့မယ္”

“ ေကာင္းၿပီ.. ဒါဆိုသင္တို႔ကိုယ့္ေနရာကိုယ္သြားၾကေတာ့”

ေမာင္ေကာင္းတို႔လဲၿမိဳ႕ေစာင့္ပုဂၢိဳလ္တို႔ဆရာတပည့္ကို ျပန္ခိုင္းလိုက္ၿပီး နတ္နန္းကေန ျပန္ထြက္လာခဲ့ၾကတယ္။
++++++

ေက်ာင္းဆရာ‌ကိုေက်ာ္ႏိုင္ေသဆုံးတဲ့ကိစၥက တစ္ၿမိဳ႕လုံးဟိုးေလးတေက်ာ္ေက်ာ္ျဖစ္သြားခဲ့သလို ႐ုတ္တရက္ေပ်ာက္သြားတဲ့ ေက်ာ္ဘုန္းစံရဲ႕သတင္းကလဲ လူေတြအတြက္စိတ္ဝင္စားဖြယ္ျဖစ္ခဲ့ရတယ္။

“ သူငယ္ခ်င္းတစ္ေယာက္လုံး ေသတာေတာင္ လာမၾကည့္ဘူးဆိုတာေတာ့ အရမ္းလြန္သြားၿပီ”

“ လာမၾကည့္ရဲေလာက္တဲ့ကိစၥတစ္ခုခုမ်ားရွိေနလို႔ လား၊ ဒါမွမဟုတ္ ဆရာေလးေက်ာ္ႏိုင္ကို သူကိုယ္တိုင္ပဲသတ္လိုက္လို႔မ်ားလား”

“ အဲဒါေတာ့မျဖစ္ႏိုင္ဘူး… မႈခင္းဆရာဝန္ေတြေျပာတာကေတာ့ သတ္ခံထိတဲ့လကၡဏာမရွိဘူးတဲ့၊ ဒါေၾကာင့္ ဒီေကာင္ေပ်ာက္တာကို လိုက္မရွာၾကတာ”

လက္ဖက္ရည္ဆိုင္ထဲမွာ ျငင္းခုံေနတဲ့ၾကတဲ့ ၿမိဳ႕ခံလူေတြရဲ႕အေနာက္ဘက္မွာေတာ့ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ၿငိမ္သက္စြာထိုင္ကာ နားေထာင္ေနခဲ့ၾကတယ္။

“ ဆရာႀကီးဦးစံျမကအခုဘယ္ေရာက္ေနတာလဲ”

“ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္ထဲက ေပ်ာက္သြားတာ၊ အခုထိသတင္းအစနေတာင္မရဘူးေလ၊ ဘာျဖစ္လို႔ မင္းကဆရာႀကီးကိုေမးတာလဲ”

“ ေက်ာ္ဘုန္းစံက ဒီကေနထြက္သြားၿပီးရင္ သူ႔အေဖဆီကိုပဲသြားမယ္လို႔ထင္ေနတာ”

“ သြားရင္လဲသြားမွာေပါ့…ဒါကို ငါတို႔လိုက္ေျပာေနလို႔မရဘူးေလ”

“ အဲဒါေတာ့ ဟုတ္တာေပါ့ကြာ.. ဒါေပမယ့္ အခုလို႐ုတ္တရက္ေပ်ာက္သြားတာႀကီးက စိတ္ထဲဘဝင္မက်တာ”

“ ဘဝင္က်တာ မက်တာလုပ္မေနနဲ႔… ဒီေန႔ အုံနာဖိုးရဖို႔ကအေရးႀကီးတယ္၊ လာလာ သြားၾကစို႔”

လက္ဖက္ရည္ဖိုးရွင္းၿပီးထသြားၾကတဲ့သူေတြစကားေၾကာင့္ ေမာင္ေကာင္းက ခြန္းလွနားကိုကပ္ၿပီး

“ ဆရာႀကီးဦးစံျမနဲ႔ေတြ႕ရဖို႔ဆိုရင္ ငါတို႔ဒီအတိုင္းသြားလို႔မရေလာက္ဘူး”

“ ဘာျဖစ္လို႔လဲ ေက်ာ္ဘုန္းစံက ကြၽန္ေတာ္တို႔ကို မွတ္မိေနမွာစိတ္ပူလို႔လား”

“ ေအး… ဟုတ္တယ္၊ သူက ငါတို႔ေၾကာင့္ပဲ အိမ္ကိုပစ္ၿပီး အေပ်ာက္႐ိုက္သြားတာေလ၊ ဒါေၾကာင့္ ဦးစံျမရွိ‌တဲ့ေနရာသြားဖို႔ဆိုရင္ ႐ုပ္ဖ်က္ဖို႔လိုလိမ့္မယ္”

“ ဒီ႐ုပ္ေတြကို ႏႈတ္ခမ္းေမႊးေတြ ဆံပင္တုေတြတပ္သြားရမွာလားဗ်၊ ၾကည့္ရအရမ္း‌ဆိုးေနမွာပဲ”

ခြန္းလွစကားေၾကာင့္ ေမာင္ေကာင္းက သေဘာက်စြာရယ္လိုက္ၿပီး

“ မတတ္ႏိုင္ဘူး လုပ္သင့္ရင္လုပ္ရမွာပဲ…”

“ ဒါျဖင့္ ေဈးနားက အလွျပင္ပစၥည္းေရာင္းတဲ့ဆိုင္ကိုသြားၾကတာေပါ့၊ ပိုက္ဆံေတာ့ပါတယ္မဟုတ္လား ဆိုင္ထဲေရာက္လို႔မွ ပိုက္ဆံမပါရင္ အခ်ဳပ္ထဲေရာက္ေနဦးမယ္”

“ ပိုက္ဆံပါပါတယ္ကြ… ဒီမွာၾကည့္”

ေမာင္ေကာင္းက ေငြစကၠဴေတြကိုထုတ္ျပလိုက္ရာ ခြန္းလွမ်က္လုံးျပဴးသြားၿပီး

“ ဒီေလာက္မ်ားတဲ့ပိုက္ဆံေတြဘယ္ကရလာတာလဲ”

“ ဆရာထြက္သြားတဲ့ေန႔ ငါလြယ္အိတ္ဖြင့္ၾကည့္လိုက္တာ အခုလိုေတြ႕ရတာပဲ၊ ငါတို႔ဆရာက သူမရွိတုန္း သူ႔တပည့္ေတြထမင္းငတ္မွာစိုးလို႔ ထားခဲ့ေပးတာေနမွာ”

“ အဟက္အဟက္”

ႏွစ္ေယာက္သားသေဘာက်စြာရယ္လိုက္ၿပီး အလွျပင္ပစၥည္းေရာင္းတဲ့ဆိုင္ဘက္ကိုထြက္သြားခဲ့ၾကတယ္။
++++++

“ ေကာက္ညႇင္းထုပ္ ပူပူေလးေတြရမယ္၊ သားတို႔ အားေပးသြားပါဦး၊ အခုထိေဈးဦးမေပါက္ေသးလို႔ပါ”

ယိုင္နဲ႔နဲ႔ တဲ‌ေပၚကေန လွမ္းေျပာလိုက္တဲ့အသံေၾကာင့္ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ရဲ႕ေျခလွမ္းေတြ ေရွ႕ကိုမဆက္ေတာ့ပဲ တဲထဲကိုဝင္လာခဲ့လိုက္တယ္။

“ အေမႀကီး… ေကာက္ညႇင္းထုပ္ ေလးထုပ္ေပး”

“ ေအးေအး အေမႀကီး ထုပ္ေပးမယ္ေနာ္”

အေမအိုႀကီးက ေကာက္ညႇင္းထုပ္ေတြကို အိတ္ထဲထည့္ေပးေနတဲ့ခ်ိန္

“ အေမႀကီးက ဒီၿမိဳ႕မွာေနတာၾကာၿပီလား”

“ ၾကာပီေပါ့ သားရဲ႕… ဘာျဖစ္လို႔ေမးတာလဲ”

“ ဘာမွမျဖစ္ပါဘူး… ဒီတိုင္းသိခ်င္လို႔ပါ၊ ဒါနဲ႔ အေမႀကီးမွာ မိသားစုေတြမရွိၾကဘူးလား”

“ မရွိၾကေတာ့ဘူးကြယ့္… ဆုံးသြားၾကၿပီ”

“ ေအာ္ စိတ္မေကာင္းစရာပဲဗ်ာ…”

“ အရင္ကေတာ့ သားတစ္ေယာက္ရွိခဲ့တယ္၊ ဒါေပမယ့္ သုံးစားလို႔မရပါဘူး၊ တစ္ေန႔ တစ္ေန႔ အလွျပင္လိုက္ ကနားပြဲလိုက္ကလိုက္နဲ႔ ဝိုင္းကူေဖာ္ေတာင္မရဘူး”

“ သူကေရာဆုံးတာၾကာပီလား”

“ဆယ္ႏွစ္ေက်ာ္‌ေလာက္ေရာေပါ့….သူမဆုံးခင္ ဆရာႀကီးဦးစံျမကနတ္ကရင္ ဓါးေတြနဲ႔မကစားဖို႔သတိေပးေသးတယ္၊ ဒါကို ေမာင္ျမင့္က လက္မခံဘူးေလ… အဲဒါနဲ႔ ဓါးကစားတာ သူ႔ဗိုက္ထဲသူကိုယ္တိုင္ဓါးနဲ႔ထိုးမိၿပီး ေသပါေလရာ”

“ အေမႀကီးသားနာမည္က ေမာင္ျမင့္လား”

“ အင္း ဟုတ္တယ္ေလ… ကႏၷားစီးေမာင္ျမင့္ဆို တစ္ၿမိဳ႕လုံးသိၾကတယ္”

အေမႀကီးစကားေၾကာင့္ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ အခ်င္းခ်င္းၾကည့္လိုက္ၿပီး စကားစကိုျဖတ္ကာ အလွျပင္ပစၥည္းေရာင္းတဲ့ဆိုင္ဘက္ကို ထြက္သြားခဲ့လိုက္တယ္။
+++++

“ ‌စခန္းသာ၊ အင္းဝိုင္း၊ ေက်ာက္ႀကီးကုန္း၊ သူေဌးကုန္းေရာက္တယ္ေနာ္…ကားက ခဏေန ထြက္ေတာ့မယ္ ျမန္ျမန္ေလး…ျမန္ျမန္ေလး”

က်ယ္ေလာင္တဲ့အသံနဲ႔ လူေခၚေနတဲ့ ကားစပါယ္ယာအသံေၾကာင့္ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ အနားကပ္လိုက္ၿပီး

“ ဒီကားက ဆလပ္ကုန္းေရာက္လား”

“ ေရာက္တယ္အကို… ကားေပၚတက္ထိုင္လိုက္”

“ တစ္ေယာက္ဘယ္ေလာက္လဲ”

“ တစ္ေယာက္ႏွစ္ရာ”

“ ေရာ့ ႏွစ္ေယာက္စာ”

ဆလပ္ကုန္းကိုေရာက္တယ္ဆိုေတာ့ ႏွစ္ေယာက္သား ဝမ္းသာသြားၿပီး ကားခရွင္းကာ လြတ္ေနတဲ့ေနရာမွာဝင္ထိုင္လိုက္တယ္။

ကားေပၚေရာက္တာနဲ႔ ဆံပင္ႏွစ္ခြက်စ္ထားတဲ့ မိန္းကေလးတစ္ေယာက္ သူတို႔ကိုၾကည့္ၿပီး ၿပဳံးစိစိလုပ္ေနတာကို ခြန္းလွသတိထားမိခဲ့တယ္။

“ အကို… ဟိုမွာၾကည့္ဦး.. ကြၽန္ေတာ္တို႔ကို ၾကည့္ၿပီးၿပဳံးေနတယ္ဗ်”

“ ဘယ္မွာလဲကြ”

“ အာ… ဘာလို႔အျပင္ကိုလိုက္ၾကည့္ေနတာလဲ… ကြၽန္ေတာ္ေျပာတာ ကားေခါင္းခန္းနဲ႔ကပ္ရပ္ထိုင္ေနတဲ့ မိန္းကေလးကိုေျပာတာ”

ခြန္းလွစကားေၾကာင့္ ေမာင္ေကာင္း လွမ္းၾကည့္လိုက္ရာ ၿပဳံးစိစိလုပ္ေနတဲ့ မိန္းကေလးက မ်က္ႏွာလႊဲကာ တစ္ဖက္ကိုလွည့္သြားခဲ့တယ္။

“ ခြန္းလွ… အဲဒီေကာင္မေလးက မင္းကို သေဘာက်ေနတာျဖစ္မယ္၊ ေသခ်ာေအာင္ ငါထေမးလိုက္ရမလား”

“ အမေလး ေက်းဇူးရွင္ရယ္… ထေတာ့မေမးလိုက္ပါနဲ႔၊ ဒီတိုင္းပဲထားလိုက္ပါေတာ့”

ေမာင္ေကာင္းလဲ ခြန္းလွစကားေၾကာင့္ ၿပဳံးစိစိလုပ္ၿပီး ေရွးသီခ်င္းတစ္ပုဒ္ကို တီးတိုးညဥ္းေနခဲ့တယ္။

ခဏၾကာေတာ့ ကားေပၚမွာ လူျပည့္သြားတဲ့အတြက္ စပါယ္ယာရဲ႕ “ ဆြဲ ဆရာေရ” ဆိုတဲ့အသံနဲ႔အတူ ဂ်ဳံးဂ်ဳံးက်ေနတဲ့ လိုင္းကားက တဖြတ္ဖြတ္ျမည္သံနဲ႔အတူ ထြက္ခြာသြားခဲ့တယ္။

လမ္းတစ္ေလ်ာက္ ခရီးသည္ေတြ တင္လိုက္ခ်လိုက္နဲ႔ထြက္လာခဲ့တာ ညေနေစာင္းအခ်ိန္ေရာက္ေတာ့ သူေဌးကုန္းဆိုတဲ့ ႐ြာတစ္႐ြာကိုေရာက္လာခဲ့တယ္။

“ ေရာက္ၿပီ ေရာက္ၿပီ… အားလုံးဆင္းလို႔ရၿပီ”

“ ကို‌စံေပါ … ယြန္းေမ ဝယ္လာတဲ့ပစၥည္းေတြအမိုးေပၚကခ်ေပးဦး”

“ ေအးေအး… ငါခ်ေပးမယ္”

ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔လဲ အခုမွသူေဌးကုန္းပဲေရာက္ေသးတဲ့အတြက္ လြယ္အိတ္ကိုရင္ဝယ္ပိုက္ၿပီး ကားေပၚမွာပဲထိုင္ေနခဲ့တယ္။

“ ဟိုအကိုႀကီးႏွစ္ေယာက္ ကားေပၚကမဆင္းဘူးလား”

“ ခြန္းလွ မင္းကိုေမးေနတယ္ ျပန္ေျဖလိုက္”

“ အကို႔ကိုေမးတာေလ အကိုျပန္ေျဖေပါ့”

ခြန္းလွစကားေၾကာင့္ ေမာင္ေကာင္းက မ်က္ႏွာကိုတည္ေအာင္ထားၿပီး

“ ငါတို႔က ဆလပ္ကုန္းေရာက္မွဆင္းမွာ”

“ အဟက္အဟက္… ကားက ဒီမွာဂိတ္ဆုံးၿပီရွင့္ ဆလပ္ကုန္းကိုသြားလို႔မရေတာ့ဘူး”

“ ဟ… ဘာလို႔မရတာလဲ၊ ကားဆရာက ေရာက္တယ္ေျပာလို႔လိုက္လာတာေလ”

ေမာင္ေကာင္းက ကားေပၚက ဝုန္းခနဲခုန္ဆင္းၿပီး ေခါင္မိုးေပၚမွာအထုပ္ေတြခ်ေနတဲ့ ကိုစံေပါကိုလွမ္းၾကည့္ကာ

“ ေဟ့လူ ခင္ဗ်ားေျပာေတာ့ ဆလပ္ကုန္းေရာက္တယ္ဆို အခုဒီေကာင္မေလးေျပာတာမေရာက္ဘူးတဲ့ ဘာလဲ က်ဳပ္တို႔ကိုလိမ္ေခၚလာတာလား”

“ မလိမ္ပါဘူးဗ်ာ… ဆလပ္ကုန္းက ဒီကေနဆက္သြားရတာ၊ ကားလမ္းက သူေဌးကုန္းထိပဲရွိတယ္ဗ်”

“ ဟင္ အဲလိုလား…”

ေမာင္ေကာင္းနဲ႔ ကိုစံေပါတို႔အေခ်အတင္ျဖစ္ေနတာကိုၾကည့္ၿပီး ယြန္းစံတစ္ေယာက္ တခြိခြိနဲ႔ရယ္ေနသလို ခြန္းလွက အုန္းပင္ၾကည့္သလို ထန္းပင္ၾကည့္သလိုနဲ႔ ဘာမွမရွိတဲ့ေကာင္းကင္ကို လွည့္ပတ္ၾကည့္ေနခဲ့တယ္။

“ ဒီမယ္ ဒီမယ္ အကို…”

“ ဟုတ္ကဲ့”

“ အေပၚမွာဘာေတြရွိလို႔ လိုက္ၾကည့္ေနတာလဲ”

“ အဲ… ဟိုေလ ဟို… တိမ္နမိတ္ၾကည့္ေနတာ”

“ ေပါက္ကရေတြေျပာေနျပန္ၿပီ… တိမ္နမိတ္ရယ္လို႔ မၾကားဖူးပါဘူး”

ယြန္းစံစကားေၾကာင့္ ခြန္းလွက ေကာင္းကင္ကို ဟန္နဲ႔ပန္နဲ႔ေမာ့ၾကည့္လိုက္ရာ တိမ္ေတြၾကားထဲမွာ ႏြားႏွစ္ေကာက္ေဝွ႔တဲ့ဟန္ကိုျမင္ေတြ႕ခဲ့တယ္။
ေဝွ႔ေနတဲ့ႏြားႏွစ္ေကာင္ထဲမွာ လည္ပင္းမွာ အျဖဴကြက္ပါတဲ့ႏြား ႏိုင္သြားတဲ့အခ်ိန္ ႏြားရဲ႕ဂုတ္ေပၚကို မ်က္လုံးနီနီ အသားမဲက်ဳတ္က်ဳတ္အေကာင္တစ္ေကာင္ တက္ထိုင္လိုက္ကာ အနားကလူေတြကိုလိုက္ေဝွ႔ဖို႔ လက္ဟန္ေျခဟန္နဲ႔ျပေနတာကို အထင္းသားျမင္လိုက္ရတယ္။

“ ႏြားႏွစ္ေကာင္ေဝွ႔ေနတာကို ဘာလို႔ျမင္ေနပါလိမ့္”

ခြန္းလွကမ်က္စိကို လက္နဲ႔ပြတ္ကာ
ကိုယ့္ဘာသာေျပာလိုက္တာကို
အနားမွာရွိေနတဲ့ ယြန္းစံကၾကားသြားၿပီး

“ ဟင္… ဒီေန႔ ႐ြာမွာႏြားေဝွ႔ပြဲရွိတယ္ဆိုတာ ဘယ္လိုသိေနတာလဲ”

“ ဟမ္… ႏြားေဝွ႔ပြဲဟုတ္လား”

“ဟုတ္တယ္… အကိုရဲ႕ တိမ္နမိတ္က ထူးဆန္းလိုက္တာ၊ ေနာက္ဘာျမင္ရေသးလဲ”

“ ဟိုေလ လည္ပင္းမွာ အျဖဴကြက္ပါတဲ့ႏြား လဲက်သြားတယ္”

“ ဟယ္… တကယ္ႀကီးနမိတ္ကိုျမင္ေနရတာပဲ၊ ဟုတ္တယ္ ဟုတ္တယ္ လည္ပင္းမွာအျဖဴကြက္ပါတဲ့ႏြားက ယြန္းစံ ဘႀကီးပိုင္တဲ့ႏြား၊ အံ့ဩစရာေကာင္းလိုက္တာ ဘာလို႔ဒီေလာက္အတိအက်ေျပာႏိုင္ရတာလဲ၊ေနာက္ေတာ့ေကာဘာဆက္ျဖစ္ေသးလဲ”

“ ျမင္တဲ့အတိုင္းဆိုရင္ အဲဒီႏြားေပၚကို မ်က္လုံးနီနီ အသားမဲက်ဳတ္က်ဳတ္အေကာင္တစ္ေကာင္ တက္ထိုင္ၿပီး လူေတြကိုလိုက္ေဝွ႔ခိုင္းေနတာ”

“ ခစ္ခစ္ အဲဒါေတာ့မျဖစ္ႏိုင္ဘူး ျဖဴကြက္က လူေတြကိုဘယ္ေတာ့မွရန္မျပဳတတ္ဘူးရွင့္”

“ မဟုတ္ဘူး … က်ဳပ္ေသခ်ာျမင္လိုက္ရတာ”

အဲဒီအခ်ိန္ ေမာင္ေကာင္းျပန္ေရာက္လာၿပီး

“ ခြန္းလွ ဘာျဖစ္ေနတာလဲ”

“ အကို… ႏြားႏွစ္ေကာင္ေဝွ႔တဲ့ထဲမွာ ႏိုင္တဲ့ေကာင္ရဲ႕ ဂုတ္ေပၚ မေကာင္းဆိုးဝါးတစ္ေကာင္ တက္ထိုင္ၿပီး လူေတြကိုေဝွ႔ခိုင္းေနတာျမင္တယ္၊ အဲဒီႏြားကလဲ ဒီေကာင္မေလးတို႔႐ြာက ႏြားျဖစ္ေနတယ္လို႔လဲေျပာတယ္”

“ ဒါဆိုရင္ အနားမွာရွိတဲ့သူေတြ အႏၲရာယ္ရွိႏိုင္တယ္၊ ေကာင္မေလး ႏြားေဝွ႔ပြဲက ဘယ္အခ်ိန္လဲ”

“ အခုေတာင္‌စေနေလာက္ၿပီထင္တယ္၊ ဒါေပမယ့္ သြားမယ္‌ဆို မွီေလာက္ေသးတယ္”

“ ငါတို႔ကိုလမ္းျပေပး ျမန္ျမန္”

ေမာင္ေကာင္းအသံေၾကာင့္ ယြန္းစံလဲ ဝယ္လာတဲ့ပစၥည္းေတြကို ကိုစံေပါနဲ႔အပ္ခဲ့ၿပီး ႏြားတိုက္ပြဲျပဳလုပ္ေနတဲ့ လယ္ကြင္းဘက္ကို ေခၚသြားခဲ့လိုက္တယ္။

ေမာင္ေကာင္းတို႔ လယ္ကြင္းအစပ္လဲေရာက္ေရာ ဖုန္တေထာင္းေထာင္းနဲ႔ ဝ႐ုန္းသုန္းကားေျပာလာၾကတဲ့လူအုပ္ႀကီးကိုျမင္လိုက္ရတယ္။

“ ျပႆနာေတာ့စၿပီေဟ့… ခြန္းလွ ငါ့အေနာက္ကေနလိုက္ခဲ့”

ေမာင္ေကာင္းက ပုဆိုးကိုတိုတိုဝတ္လိုက္ၿပီး လြယ္အိတ္ကိုေဘးေစာင္းလြယ္ကာ လယ္ကြင္းထဲကိုေျပးဝင္သြားခဲ့တယ္၊သူ႔အေနာက္မွာေတာ့ ခြန္းလွ။

“ ရႉး ရႉး ရႉး….”

ႏွာမႈတ္ၿပီး ျမင္ျမင္သမွ်လိုက္ေဝွ႔ေနတဲ့ ႏြားက ေမာင္ေကာင္းတို႔ကိုျမင္ေတာ့ အျခားသူေတြကိုမေဝွ႔ေတာ့ပဲေျမႀကီးကိုေခါင္းစိုက္ၿပီး ခြာကို ယက္ေနခဲ့တယ္။

“ အကို ႏြားလည္ကုပ္ကိုၾကည့္ဦး”

ခြန္းလွအသံေၾကာင့္ ေမာင္ေကာင္း မ်က္ေတာင္က်ဳံ႕ၿပီးၾကည့္လိုက္ရာ မဲက်ဳတ္က်ဳတ္အေကာင္တစ္ေကာင္ ႏြားဂ်ိဳႏွစ္ဖက္ကိုကိုင္ၿပီး ခုန္ေပါက္ေနတာျမင္လိုက္ရတယ္။ လယ္ကြင္းထဲမွာေတာ့ ႏြားေဝွ႔ခံထိလို႔
ညဥ္းတြားေအာ္ဟစ္ေနၾကတဲ့သူအခ်ိဳ႕။

မဲက်ဳတ္က်ဳတ္ေကာင္က အေရွ႕မွာရပ္ေနတဲ့ ေမာင္ေကာင္းတို႔ကိုျမင္ေတာ့ ႏြားရဲ႕နား႐ြက္နားကပ္ၿပီး တစ္ခုခုေျပာလိုက္ရာ ႏွာမႈတ္ၿပီးခြာယက္ေနတဲ့ ႏြားက ေဒါသတစ္ႀကီးနဲ႔ တရွိန္ထိုးေျပးဝင္လာခဲ့တယ္။

“ ေဟ့ေကာင္ေလးေတြ ရပ္မေနနဲ႔ ေျပး ေျပး”

လဲက်ေနတဲ့သူေတြဆီကေန ထြက္လာတဲ့ စိုးရိမ္တႀကီးေအာ္သံ။

ေမာင္ေကာင္းနဲ႔ခြန္းလွတို႔လဲ သူတို႔ဆီေျပးဝင္လာတဲ့ ႏြားကိုစိုက္ၾကည့္ၿပီး တိုင္ပင္မထားပဲ ေျမႀကီးကိုဖေနာင့္နဲ႔ေပါက္လိုက္ရာ အုတ္တံတိုင္းနဲ႔ဝင္တိုက္တဲ့ႏြားလို ဖင္ထိုင္လ်က္လဲက်သြားခဲ့တယ္။

“ အကို ဟိုေကာင္ ဂ်ိဳကိုမလႊတ္ေသးဘူး… ကိုင္ထားတုန္းပဲ”

“ ေျမႀကီးနဲ႔ေကာက္ပစ္ကြာ…”

“ ဟမ္… ေျမႀကီးနဲ႔ေကာက္ပစ္လို႔ရပါ့မလား”

“ အာ… ငါေျပာတာက ဒီလိုကြ”

ေမာင္ေကာင္းက ေျမႀကီးတစ္ဆုပ္ကိုေကာက္ယူလိုက္ၿပီး မန္းမႈတ္ကာ ျပန္လာတဲ့ႏြားရဲ႕မ်က္ႏွာတည့္တည့္ကို ပစ္ထည့္လိုက္တယ္။

ေျမႀကီးမႈန္ေတြက ႏြားရဲ႕ခႏၶာကိုယ္အျပင္ မဲက်ဳတ္က်ဳတ္ေကာင္ရဲ႕ကိုယ္ကိုပါထိမွန္သြားတဲ့အခ်ိန္ ဂုတ္ေပၚခြစီးထားတဲ့ေကာင္က တစ္ကိုယ္လုံးပူေလာင္လာၿပီး ဂုတ္ေပၚကေနဆင္းေျပးပါေလေရာ။

“ အေတာ္အေျပးျမန္တဲ့ေကာင္”

“ ဟုတ္ပါ့ဗ်ာ မသိရင္ မာရသြန္အေျပးသမားလိုပဲ ဟားဟား”

‌ႏွစ္ေယာက္သား ဆရာမရွိတဲ့အခ်ိန္မို႔ ေပါက္ကရေတြေျပာကာ ရယ္ေမာေနခဲ့ၾကတယ္။

ခဏေနေတာ့ ႐ြာသားေတြေျပးလာၿပီး ဒဏ္ရာရရတဲ့သူေတြကို တြဲထူေနတဲ့အခ်ိန္

“ အကို ဘာျဖစ္သြားေသးလဲ”

“ ဘာမွမျဖစ္ပါဘူး… အဆင္ေျပပါတယ္ညီမ”

“ ေအာ္ ေအာ္… ခြန္းလွနဲ႔ငါက တစ္ေပေလာက္ပဲျခားတာကို ငါ့က်ေမးေဖာ္မရဘူး အိမ္း… ဘယ္တူပါ့မလဲေနာ္”

“ အာ.. အဲလိုလဲမဟုတ္ပါဘူး… ယြန္းစံက ေဘးခ်င္းကပ္ရွိေနတဲ့သူကိုအရင္ေမးလိုက္တာပါ၊ ဒါနဲ႔ အကိုေရာ ဘာျဖစ္သြားေသးလဲ”

ခြန္းလွကေတာ့ မ်က္ႏွာထိမ်က္ႏွာထားနဲ႔ ဘာမွမေျပာဖို႔လုပ္ျပေနတာေၾကာင့္ ေမာင္ေကာင္းက ရယ္က်ဲက်ဲလုပ္ၿပီး

“ ဘာမွမျဖစ္ပါဘူး… ကဲကဲ ဒဏ္ရာရတဲ့သူေတြကို သြားၾကည့္ေပးလိုက္ဦးမယ္ေနာ္” လို႔ေျပာကာထြက္သြားခဲ့တယ္။
+++++
ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔လဲ ႏြားေဝွ႔တဲ့ကိစၥနဲ႔ ေနာက္က်သြားတဲ့အတြက္ သူေဌးကုန္း႐ြာမွာပဲ တစ္ညတာ အနားယူခဲ့ၾကသလို ႐ြာခံေတြကလဲ သူတို႔ကိုကူညီေပးခဲ့တဲ့အတြက္ ေက်းဇူးတင္မဆုံးျဖစ္ခဲ့ၾကတယ္။

“ က်ဳပ္ႏြားက လူယဥ္တာတစ္႐ြာလုံးအသိပဲ.. ဒါကို ႐ုတ္တရက္ထေဝွ႔ေတာ့ အကုန္လုံး ျပာသလဲလဲျဖစ္ကုန္တာ”

ေရေႏြးၾကမ္းေသာက္ရင္း ျဖစ္ပ်က္ခဲ့တာေတြကိုေျပာျပေနတဲ့ ယြန္းစံရဲ႕ ဘႀကီးစကားေၾကာင့္ ေမာင္ေကာင္းက ေခါင္းၿငိမ့္ျပၿပီး

“ တကယ္ေတာ့ ရႈံးမဲမဲတာပါ…”

“ ဟုတ္တယ္… အခုရႈံးသြားတဲ့ေကာင္ေတြက ငါ့ညီတို႔သြားမယ့္႐ြာကပဲ”

“ ဒီေကာင္ေတြ အေတာ္ယုတ္မာတာပဲ”

“ သူတို႔႐ြာမွာက ဆရာေကာင္းရွိတယ္ေလ၊ ေဘာလုံးကန္တာျဖစ္ျဖစ္၊ ႏြားတိုက္တာျဖစ္ျဖစ္ အဲဒီဆရာဆီမွာ အေဆာင္ေတြလုပ္ၾကတယ္၊ အခုလဲ သူ႔ဆီကလုပ္လာတာပဲျဖစ္မယ္”

“ အဲဒီဆရာနာမည္က ဘယ္လိုေခၚလဲသိလားဗ်”

“ ဦးစံျမင့္လို႔ေျပာတာပဲ…အေတာ္လဲစြမ္းတယ္၊ ‌ပစ္သည္းေပ်ာက္၊ႏြားေပ်ာက္သြားေမးရင္ ျပန္ရမယ္ဆို ေသခ်ာေပါက္ျပန္ရတာ၊ သူကမရဘူးေျပာရင္ လိုက္ရွာမေနနဲ႔ေတာ့”

“ ေအာ္ …နာမည္က ဦးစံျမင့္တဲ့လား”

ေမာင္ေကာင္းက ဦးစံျမင့္နာမည္ကို တတြတ္တြတ္ေခၚရင္း မထီၿပဳံးေလးၿပဳံးလိုက္တယ္။
+++++

မနက္ေရာက္ေတာ့ ေမာင္ေကာင္းတို႔ သြားခါနီး ယြန္းစံေရာက္လာၿပီး

“ အျပန္က်ရင္လဲ ႐ြာဝင္လည္ဦးေနာ္ အကိုႀကီး”

“ ေအးပါ… နင္ကလဲ ေျပာခ်င္တဲ့သူကို ‌မေျပာပဲ ငါ့ကိုလာေျပာေနတယ္၊ သြားသြား ဟိုမွာသြားေျပာလိုက္”

ေမာင္ေကာင္းစကားေၾကာင့္ ယြန္းစံမ်က္ႏွာ ရဲခနဲျဖစ္သြားၿပီး ရွက္ကိုးရွက္ကန္းနဲ႔ ခြန္းလွအနားကိုထြက္သြားခဲ့တယ္။

ခဏၾကာေတာ့ ဆလပ္ကုန္း႐ြာကိုသြားမယ့္ လွည္းႀကဳံတစ္စီးေရာက္လာတာေၾကာင့္ စကားစျပတ္သြားၿပီး သူေဌးကုန္း႐ြာကေနထြက္ခြာလာခဲ့ၾကတယ္။

လွည္းေပၚေရာက္ေတာ့ ေမာင္ေကာင္းက ခြန္းလွအနားကပ္ၿပီး

“ ငါတို႔ ဆလပ္ကုန္း႐ြာမေရာက္ခင္ ဆင္းမွရမယ္ေနာ္”

“ ဟုတ္ကဲ့အကို… ကြၽန္ေတာ္လွည္းသမားကိုေျပာလိုက္မယ္”

“ ဒါနဲ႔ ငါေမးဦးမလို႔ … ဦးစံျမကိုေတြ႕ပါၿပီ… ေက်ာ္ဘုန္းစံကို ဘယ္လိုျပန္ေခၚၾကမလဲ”

“ အမ္… မသိဘူးေလ… အကို႔မွာအႀကံဉာဏ္ရွိမယ္ထင္ေနတာ”

ႏွစ္ေယာက္သား တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး သက္ျပင္းတစ္ခ်က္ခ်ကာ

“ မီးစင္ၾကည့္က‌ရေတာ့မွာပဲ…”လို႔ေရ႐ြတ္ရင္း လိုက္ပါသြားခဲ့တယ္။
+++++

“ဆရာႀကီး အျပင္မွာ ေဗဒင္ေမးမယ့္သူေတြေစာင့္ေနတယ္ ေခၚလိုက္ရေတာ့မလား”

“ ေအး … ေခၚလိုက္ေတာ့၊ မနက္ျဖန္ပြဲေတြအသစ္လဲရမယ္ဆိုတာလဲမေမ့နဲ႔ဦး”

“ ဟုတ္ကဲ့ဆရာႀကီး… မေမ့ပါဘူး”

အိမ္မွာခိုင္းဖို႔ေခၚထားတဲ့သူထြက္သြားေတာ့ အသားညိဳညိဳ ခပ္ဝဝမိန္းမတစ္ေယာက္ ဝင္လာခဲ့တယ္။

“ ဆရာ… ကြၽန္မ စီးပြားေရးအေၾကာင္းေလးေမးခ်င္လို႔”

“ ဘာေန႔သမီးလဲ”

“ အဂၤါပါဆရာ”

“ ေမြးသကၠရာဇ္ေျပာ”

“ ျပာသိုလဆန္း၈ရက္၊ ၁၉၅၂ပါ”

ဦးစံျမင့္က ေက်ာက္သင္ပုန္းေပၚမွာ တေဒါက္ေဒါက္နဲ႔ေရးခ်ၿပီး ေရွ႕မွာထိုင္ေနတဲ့ မိန္းမကိုၾကည့္ကာ

“ နင့္လယ္က ေတာကြင္းဘက္မွာလား”

“ ဟုတ္ပါတယ္ဆရာ”

“ ေတာကြင္းပိုင္ကို ပူေဇာ္ပသတာ ရက္ေနာက္က်သြားတယ္ဆို”

“ ဟင္… ဟုတ္ ဟုတ္ကဲ့ဆရာ ေျပာထားတဲ့ေန႔မွာ ေနမေကာင္းျဖစ္သြားလို႔ ေနာက္ရက္မွ ပသခဲ့မိပါတယ္”

“ အဲဒါသူ႔ကိုမေလးစားဘူးဆိုၿပီး စိတ္ဆိုးေနတယ္၊ နင့္လယ္ကထြက္တဲ့စပါးေတြကို ႂကြက္ေတြနဲ႔ဖ်က္စီးခိုင္းထားတာျမင္တယ္”

“ ဟုတ္တယ္ဆရာ… ဒီႏွစ္စပါးအထြက္ႏႈန္းကလဲ အရမ္းက်တယ္၊ ေနာက္ၿပီး အိမ္သားေတြရဲ႕ က်န္းမာေရးကလဲ ခ်ဴခ်ာေနပါတယ္ဆရာ”

“ လျပည့္ေန႔က်ရင္ ၾကက္တစ္ေကာင္၊အရက္တစ္ပုလင္း၊ ထမင္းျဖဴ ထမင္းနီ၊ ထမင္းဝါနဲ႔ပသသလိုက္၊ အျပစ္ရွိရင္ ခြင့္လႊတ္ေပးပါဆိုတာထည့္ေျပာ ငါလဲ ဒီကေန ေျပာထားေပးမယ္”

“ ေက်းဇူးတင္ပါတယ္ဆရာ၊ ကြၽန္မ ေသေသခ်ာခ်ာလုပ္လိုက္ပါ့မယ္”

“ အဲဒီရက္မွာေမ့လို႔ကေတာ့ နင္တို႔ထိုက္နဲ႔နင္တို႔ကံပဲ”

“ မေမ့ပါဘူးဆရာ … ေသခ်ာေပါက္လုပ္ပါ့မယ္”

“ ေအးေအး ဘာေမးစရာရွိေသးလဲ”

“ မရွိေတာ့ပါဘူးဆရာ”

အသားညိဳညိဳခပ္ဝဝမိန္းမႀကီးထြက္သြားတဲ့ ေနာက္မွာေတာ့ ‌အျခားေဗဒင္ေမးတဲ့သူေတြဝင္လာခဲ့ၾကတယ္။ ဆယ္ေယာက္ေလာက္ေဟာေျပာၿပီးသြားခ်ိန္မွာ ေတာ့ လူလဲရွင္းသေလာက္ျဖစ္သြားၿပီမို႔ ဦးစံျမင့္ အနားယူဖို႔ထလိုက္တဲ့အခ်ိန္ အသက္ငါးဆယ္အ႐ြယ္ လူႏွစ္ေယာက္ အခန္းထဲဝင္လာတာျမင္လိုက္ရတယ္။

“ ဘာကိစၥရွိလို႔လဲ”

“ ေဗဒင္ေမးခ်င္လို႔ပါ”

“ ဘာကိစၥေမးခ်င္တာလဲေျပာပါဦး”

“ လူစားလဲခံရတဲ့ကိစၥေမးခ်င္လို႔ပါ”

“ ဘယ္မွာျဖစ္ခဲ့တာလဲ”

“ လူသတ္ကုန္းမွာျဖစ္ခဲ့တာပါ၊ လူစားလဲခံရမယ့္ ေက်ာ္ဘုန္းစံဆိုတဲ့သူက သူနဲ႔ေန႔နာမ္တူတဲ့ ေက်ာ္ႏိုင္ဆိုတဲ့လူကို အစားထိုးအေသခံခိုင္းခဲ့တယ္၊ ၾကားရတာကေတာ့ ဒီကိစၥကို သူ႔အေဖျဖစ္တဲ့ ခင္ဗ်ားက ကူညီေပးခဲ့တယ္ဆို”

ဦးစံျမင့္လဲ လူသတ္ကုန္းဆိုတဲ့အသံေၾကာင့္ မ်က္ႏွာပ်က္သြားေပမယ့္ ဟန္မပ်က္ျပန္ထိန္းလိုက္ၿပီး

“ ခင္ဗ်ားတို႔ဘယ္သူေတြလဲ”

“ ခြန္းလွ အခန္းတံခါးပိတ္လိုက္”

ေမာင္ေကာင္းစကားေၾကာင့္ ခြန္းလွက အခန္းတံခါးကိုပိတ္ကာ မင္းတုန္းထည့္လိုက္တယ္။

“ ေက်ာင္းဆရာေလးေက်ာ္ႏိုင္ကို လူစားထိုးဖို႔အႀကံေပးခဲ့တာ ခင္ဗ်ားမဟုတ္လား”

“ ဟုတ္တယ္… က်ဳပ္အႀကံေပးခဲ့တာ”

“ လူတစ္ေယာက္ရဲ႕ကံၾကမၼာကို ဘာလို႔အလွည့္အေျပာင္းလုပ္ရတာလဲ၊ ဒီလိုလုပ္ရင္ ဘယ္လိုအက်ိဳးဆက္ေတြျဖစ္လာမယ္ဆိုတာ ခင္ဗ်ားမသိဘူးလား”

“ က်ဳပ္သိတယ္… ဒါေပမယ့္ ေက်ာ္ဘုန္းစံက က်ဳပ္ရဲ႕သား၊ မိဘတစ္ေယာက္က သူ႔သားသမီး ဒုကၡေရာက္မယ္ဆိုတာသိသိႀကီးနဲ႔ မ်က္ႏွာလႊဲၿပီး မေနႏိုင္ဘူး၊ ေလာကႀကီးတစ္ခုလုံး ေဇာက္ထိုးျဖစ္သြားမယ္ဆိုရင္ေတာင္ က်ဳပ္ဂ႐ုမစိုက္ဘူး”

“ ေတာ္တယ္… ကိုယ့္သားမေသဖို႔ သူတစ္ပါးရဲ႕သားကို ေသခိုင္းတဲ့ ဂ႐ုဏာရွင္ႀကီးပါလား ဟက္ဟက္”

“ အခု မင္းတို႔ဒီကိုလာရတဲ့အေၾကာင္းရင္းက ဘာလဲ၊ ေ႐ႊလိုခ်င္တာလား ေငြလိုခ်င္တာလား၊ လိုသေလာက္ေျပာ ငါေပးမယ္”

ဦးစံျမင့္စကားေၾကာင့္ ေမာင္ေကာင္းက ဝုန္းခနဲထရပ္ၿပီးလည္ပင္းက အက်ႌစကိုဆြဲကာ

“ ခင္ဗ်ား လူမဟုတ္လား… လူဆိုရင္ လူစကား‌ေျပာစမ္း… ခင္ဗ်ားတို႔သတ္လိုက္တဲ့သူက ဆင္းရဲႏြမ္းပါးတဲ့ဖခင္ကိုလုပ္ေကြၽးေနတဲ့လူ၊ ကေလးေတြကိုပညာသင္ေပးေနတဲ့ဆရာဗ်”

“ ငါသိတယ္… ငါဘဝမွာ ဒီလိုအမွားမ်ိဳး တစ္ခါမွမလုပ္ခဲ့ဖူးဖူး… အခုလုပ္ခဲ့တာကလဲ သားသမီးဆိုတဲ့ေဇာနဲ႔လုပ္ခဲ့တာ၊ ဒီအတြက္ ငါျပန္ေပးဆပ္ဖို႔လဲျပင္ဆင္ၿပီးၿပီ”

“ ခင္ဗ်ား ေပးဆပ္လို႔လဲ ေသတဲ့သူကျပန္ရွင္မလာဘူး၊ သူ႔အေဖရဲ႕မ်က္ရည္ေတြကအထဲကိုျပန္မဝင္ေတာ့ဘူး နားလည္လား”

ေမာင္ေကာင္းက ဆံပင္တုနဲ႔ႏႈတ္ခမ္းေမႊးတုကိုဆြဲခြၽတ္လိုက္ၿပီး ဦးစံျမရဲ႕ စားပြဲေပၚမွာပစ္တင္လိုက္တယ္။

“ ေကာင္ေလးေတြ မင္းတို႔ရဲ႕ စိတ္ကို ငါနားလည္တယ္၊ ငါသာစိတ္ယုတ္မာရွိမယ္ဆိုရင္ မင္းတို႔ႏွစ္ေယာက္ ဒီကေနအသက္ရွင္လ်က္ထြက္ သြားႏိုင္မွာမဟုတ္ဘူးဆိုတာသိလား”

“ အကို… ၿခံထဲမွာ တုတ္ေတြ ဓါးေတြကိုင္ထားတဲ့သူေတြေရာက္ေနၿပီ”

ခြန္းလွစကားေၾကာင့္ ေမာင္ေကာင္း ထၾကည့္လိုက္ရာ လူအေယာက္ႏွစ္ဆယ္ေလာက္ တုတ္ေတြ ဓါးေတြကိုင္ၿပီး အသင့္ေစာင့္ေနတာျမင္လိုက္ရတယ္။

“ မင္းတို႔မေန႔က အပမွီတဲ့ႏြားကို ေမာင္းထုတ္လိုက္တဲ့သတင္းငါၾကားတယ္၊ ဒီနယ္တစ္ဝိုက္မွာ အခုလိုပညာတတ္တဲ့သူမရွိတာေၾကာင့္ မင္းတို႔ငါ့ဆီလာေတာ့မယ္ဆိုတာလဲႀကိဳသိေနတယ္”

“ ဒါေၾကာင့္ ခင္ဗ်ားက အခုလို ႀကိဳတင္ႀကံစည္ထားတာေပါ့၊ ႏြားကိုအပမွီေအာင္လဲ ခင္ဗ်ားပဲ လုပ္ခဲ့တာမဟုတ္လား”

“ ငါလုပ္ခဲ့တာမဟုတ္ဘူး… ေစာနကမင္းတို႔ေျပာခဲ့သလို လူတစ္ေယာက္ရဲ႕ ကံၾကမၼာကိုအလွည့္အေျပာင္းလုပ္ခဲ့လို႔ ျဖစ္လာတဲ့အက်ိဳးဆက္ေတြပဲ၊ ေနာက္လဲဒီထက္ပိုဆိုးတာေတြျဖစ္လာေတာ့မွာ”

“ ေက်ာ္ဘုန္းစံအခုဘယ္မွာလဲ…”

“ မင္းတို႔လာမယ္ဆိုတာသိလို႔ သူ႔ကိုအျခားေနရာမွာ ေရွာင္ခိုင္းထားတယ္၊ ဒါနဲ႔ မင္းတို႔ကိုေျပာျပခ်င္ တာက ေက်ာ္ႏိုင္ဆိုတဲ့ေကာင္ေလးက လူသတ္ကုန္းမွာမေသလဲ အျခားေနရာမွာ ႀကိဳးဆြဲခ်ၿပီးေသရမယ့္ဇာတာပါလာတယ္ဆိုတာပဲ၊ ဒီမွာသူ႔ရဲ႕ဇာတာကိုတြက္ထားတာ”

ဦးစံျမင့္က စားပြဲေအာက္က အံဆြဲထဲမွာ ထည့္ထားတဲ့စာအုပ္တစ္အုပ္ကို ထုတ္ယူလိုက္ၿပီးကမ္းေပးတာေၾကာင့္ လွန္ၾကည့္လိုက္ရာ ေက်ာ္ဘုန္းစံဇာတာနဲ႔ ေက်ာ္ႏိုင္ရဲ႕ဇာတာကိုတြက္ခ်က္ထားတာျမင္လိုက္ရတယ္။

ေမာင္ေကာင္းက ဒီေလာကထဲမေရာက္ခင္ ‌
ေဗဒင္ပညာကိုတတ္ေျမာက္ခဲ့တာမို႔ ၾကည့္လိုက္တာနဲ႔ ေက်ာ္ႏိုင္ရဲ႕ ဇာတာကိုျမင္ေတြ႕ခဲ့တယ္။

“ မင္းျမင္တဲ့အတိုင္း ေက်ာ္ႏိုင္ဆိုတဲ့ေကာင္ေလးက ကိုယ့္ကိုယ္ကိုသတ္ေသမွာ၊ ဒါကိုငါကဖခင္တစ္ေယာက္အေနနဲ႔ သားျဖစ္သူကိုမဆုံးရႈံးေအာင္ႀကိဳးစားခဲ့တာပဲ”

“ ဒါေပမယ့္ဗ်ာ…”

ေမာင္ေကာင္းအသံက တစ္ဝက္မွာနစ္ဝင္ခဲ့သလို ဦးစံျမင့္ရဲ႕သားသမီးအေပၚမွာထားတဲ့ေမတၱာကိုလဲ ျမင္ေတြ႕ခဲ့တယ္။ စိတ္ထဲမွာလဲ ဆရာသာရွိရင္ ဘယ္လိုဆုံးျဖတ္မလဲဆိုတဲ့အေတြးစိတ္က ဒိုင္းခနဲဝင္လာခဲ့တယ္။

“ ျဖစ္ပ်က္ခဲ့တာေတြကိုျပန္ျပင္လို႔မရေတာ့ေပမယ့္၊ ေရွ႕ဆက္ျဖစ္လာမယ့္အရာေတြကို ခင္ဗ်ားတာဝန္ယူရမယ္”

“ စိတ္ခ်ပါ… ငါလုပ္ရပ္ကို ငါအျပည့္အဝတာဝန္ယူတယ္”

“ ေကာင္းၿပီေလ ခင္ဗ်ားစကားမွန္မမွန္ က်ဳပ္တို႔ေစာင့္ၾကည့္ေနမယ္၊ လာ ခြန္းလွ ငါတို႔သြားမယ္”

ေမာင္ေကာင္းတို႔အခန္းထဲကထြက္လာေတာ့ လူအုပ္ႀကီးက မေက်နပ္နဲ႔မ်က္ႏွာေတြနဲ႔စိုက္ၾကည့္ေနတာကိုသတိထားခဲ့မိတယ္။
+++++++

“ အကို… ကြၽန္ေတာ္တို႔ ဘယ္ကိုသြားၾကမလဲ”

“ ဘယ္မွမသြားေသးဘူး… ေက်ာ္ဘုန္းစံကို ေစာင့္ဦးမယ္”

“ သူကဘယ္အခ်ိန္ျပန္လာမလဲမသိဘူးေလ”

“ ငါ့မွာအႀကံရွိပါတယ္ကြ..”

ေမာင္ေကာင္းက လြယ္အိတ္ထဲကေန စာ႐ြက္နဲ႔ခဲတဲ့ကိုထုတ္ၿပီး ေက်ာ္ဘုန္းစံရဲ႕ နာမည္၊ေမြးေန႔သကၠရာဇ္နဲ႔ ေမြးတဲ့အခ်ိန္ကိုခ်ေရးလိုက္တယ္။

“ ဒါက ဟိုစာအုပ္ထဲက သကၠရာဇ္မဟုတ္လား”

“ ဟုတ္တယ္… လူတစ္ေယာက္ရဲ႕ ‌ေမြးေန႔သကၠရာဇ္၊ ေမြးတဲ့အခ်ိန္ကဘယ္ေလာက္အေရးႀကီးလဲဆိုတာ ျပမယ္”

ေမာင္ေကာင္းတို႔လဲ ႐ြာျပင္က လယ္ေစာင့္တဲတစ္ခုမွာ ေနရင္း နကၡတ္စုံတဲ့အခ်ိန္ကိုေစာင့္ေနခဲ့တယ္။ ညဆယ္နာရီအခ်ိန္အေရာက္မွာေတာ့ ေက်ာ္ဘုန္းစံရဲ႕ ေမြးေန႔သကၠရာဇ္နဲ႔ ေမြးတဲ့အခ်ိန္ကို အင္းျပားတစ္ခုထဲထည့္ၿပီး စီရင္ေနတဲ့အခ်ိန္ ဘုန္းဆိုတဲ့အသံနဲ႔အတူ ေမာင္ေကာင္း တဲအျပင္ကို လြင့္ထြက္သြားခဲ့တယ္။

“ အား… ငါ့ဇက္ပိုးကို ဘယ္သူ႐ိုက္တာလဲကြ”

“ အေကာင္အထည္လဲမျမင္ရဘူးအကို”

ေမာင္ေကာင္းက ဇက္ကိုလက္နဲ႔ဖိၿပီးထလာတဲ့အခ်ိန္

“ ေမာင္ေကာင္း… မင္း အမွားမင္းသိလား” ဆိုတဲ့ဆရာအသံကိုၾကားလိုက္ရတယ္။

“ ဆရာ.. ဆရာ ကြၽန္ေတာ္ကို႐ိုက္လိုက္တာလား”

“ မင္းလုပ္ရပ္ေတြမွားေနလို႔ ဆုံးမရတာပဲ၊ ငါတို႔က သူေတာ္ေကာင္းပညာယူထားတဲ့သူေတြမို႔ အခုလို အစီအရင္မ်ိဳးလုပ္လို႔မရဘူးဆိုတာ နားမလည္တာလား”

“ အမွားကိုသိပါတယ္ဆရာ… ဒါေပမယ့္ အခုလိုမ်ိဳး မသိခ်င္ေယာင္ေဆာင္ေနရတာႀကီးက ခံရခက္လို႔ပါ”

“ မင္းတို႔အေနနဲ႔ ကူညီခ်င္တယ္ဆိုရင္ လူသတ္ကုန္းကိုသြားၿပီး လူစားထိုးခံရတဲ့ ေကာင္ေလးအတြက္ အလႉအတန္းလုပ္ေပးလိုက္၊ မေကာင္းတာလုပ္တဲ့သူက မေကာင္းတဲ့အက်ိဳးဆက္ကိုခံရလိမ့္မယ္၊ အဲဒီထဲ မင္းမပါေစနဲ႔”

“ ဟုတ္ကဲ့ပါဆရာ ကြၽန္ေတာ္မလုပ္ေတာ့ပါဘူး၊ ဒါနဲ႔ဆရာ ဘယ္ေတာ့ျပန္လာမွာလဲ”

“ အခ်ိန္တစ္ခုေရာက္ရင္ မင္းတို႔ဆီျပန္လာခဲ့မယ္၊ ငါမရွိလို႔ မဟုတ္တာလုပ္မယ္ဆိုရင္ေတာ့ အခုလိုပဲ ခံရမယ္ဆိုတာသိထား”

“ ဟုတ္ကဲ့ပါဆရာ… ကြၽန္ေတာ္မွတ္သားပါ့မယ္”

ေမာင္ေကာင္းက ဇက္ပိုးကိုလက္နဲ႔ပြတ္ၿပီး ထလာတဲ့အခ်ိန္ ခြန္းလွက

“ ဆရာလက္သံအေတာ္ေျပာင္တာပဲေနာ္” လို႔လွမ္းေျပာကာ လယ္ေစာင့္တဲထဲကို ေျပးဝင္သြားခဲ့တယ္။
++++++++

ေမာင္ေကာင္းတို႔လဲ မိုးလင္းတာနဲ႔ အေစာဆုံးကားနဲ႔ ၿမိဳ႕တက္ဖို႔သူေဌးကုန္း႐ြာဘက္ကိုျပန္ထြက္လာခဲ့ၾကတယ္။

ကားဂိတ္ေရာက္ေတာ့ ထြက္လုဆဲဆဲျဖစ္ေနတဲ့ ကားတစ္စီးျမင္တာေၾကာင့္ ကမန္းကတမ္းေျပးတက္လိုက္တဲ့အခ်ိန္

“ ကိုယ့္ဆရာေတြ မနက္အေစာႀကီး ၿမိဳ႕တက္မလို႔လား” ဆိုတဲ့အသံေၾကာင့္ၾကည့္လိုက္ရာ ကားစပါယ္ရာ ကိုစံေပါျဖစ္ေနခဲ့တယ္။

“ ယြန္းစံေရ ဒီမွာနင့္ဧည့္သည္ေတြ”

ယြန္းစံဆိုတဲ့အသံေၾကာင့္ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ကားေခါင္းခန္းရွိတဲ့ဘက္ကိုလွည့္ၾကည့္လိုက္ရာ သနပ္ခါးဘဲၾကားလူးထားၿပီး စံပယ္ပန္းပန္ထားတဲ့ ယြန္းစံကိုျမင္လိုက္ရတယ္။

“ ႐ြာကိုမဝင္ခ်င္လို႔ မနက္အေစာႀကီးျပန္ေျပးၾကတာမလား”

“ အဲ.. မဟုတ္ပါဘူးဗ်.. ၿမိဳ႕မွာလုပ္ရမယ့္ကိစၥက်န္ေနေသးလို႔ ခ်က္ခ်င္းျပန္ရတာ… ဟုတ္တယ္မလား အကို”

“ ဟုတ္တယ္ ညီမ… အကိုတို႔အေရးတႀကီးလုပ္ရမယ့္ကိစၥေလးေပၚလာလို႔ပါ”

“ အင္းပါ… ကိစၥရွိတယ္ဆိုေတာ့လဲမေျပာေတာ့ပါဘူး၊ ဒါနဲ႔
ကိုစံေပါေရ ၿမိဳ႕ေရာက္ရင္ ယြန္းစံကို ဟင္း႐ြက္ေဈးဘက္မွာခ်ေပးေနာ္”

“ ေအးပါဟ… ဒါနဲ႔ ကိုယ့္ဆရာတို႔ေရာ ဘယ္မွာဆင္းမွာ”

“ ကားဂိတ္မွာပဲဆင္းလိုက္မယ္”

“ ခြန္းလွ… ငါတို႔က ဟင္း႐ြက္ေဈးထိသြားရမွာေလ၊ ကားဂိတ္ကေနဆိုအေဝးႀကီးလမ္းေလ်ာက္ရမွာ၊ ဟင္း႐ြက္ေဈးမွာပဲခ်ေပးေတာ့”

တစ္ေယာက္တစ္ခြန္းျဖစ္ေနတာေၾကာင့္ ကိုစံေပါ ေခါင္းကိုတြင္တြင္ကုတ္ေနေပမယ့္ ယြန္းစံကေတာ့ မသိမသာေလးခိုးရယ္ေနခဲ့တယ္။
+++++++

“ ကလင္ ကလင္ ကလင္”

စက္ဘီးဘဲလ္သံေၾကာင့္ လက္‌ဆြဲအိတ္အေဟာင္းေလးကိုင္ထားတဲ့ လူႀကီးက ေဘးကိုေရွာင္ေပးလိုက္တဲ့အခ်ိန္ ထီလက္မွတ္ေလး တစ္ေစာင္က စက္ဘီးေပၚကေန လြင့္က်လာတာျမင္လိုက္ရတယ္။

“ ဟိတ္ေကာင္ေလး… ဟိတ္ေကာင္ေလး… မင္းစက္ဘီးအေနာက္က ထီလက္မွတ္တစ္ေစာင္ ျပဳတ္က်လာလို႔”

လွမ္းေအာ္ေျပာတဲ့အသံေၾကာင့္ စက္ဘီးနဲ႔ေကာင္ေလးကျပန္လွည့္လာၿပီး

“ ဒါကဦးေလးနဲ႔ထိုက္လို႔ရတာဆိုေတာ့
ကံစမ္းၾကည့္ပါလား”

“ ေအးပါကြယ္… ထီတစ္ေစာင္ ဘယ္ေလာက္လဲ”

“ တစ္ရာပဲက်မယ္ဦးေလး”

“ ဒီမွာ တစ္ရာေနာ္…”

ထီသည္ေကာင္ေလးက ထီလက္မွတ္ကို စာအုပ္ထဲမွတ္ယူလိုက္ၿပီး နာမည္နဲ႔လိပ္စာေတာင္းကာ ျပန္ထြက္သြားတာကို မလွမ္းမကမ္းမွာရွိတဲ့ သရက္ပင္ေအာက္ကေန အသားျဖဴျဖဴ ပိန္ပိန္ပါးပါး လူတစ္ေယာက္ ခပ္ၿပဳံးၿပဳံးေလးရပ္ၾကည့္ေနခဲ့တယ္။
++++++

လေရာင္မွိန္ျပျပက်ေနတဲ့ လူသတ္ကုန္းရဲ႕ အလယ္ေျမကြက္လပ္မွာေတာ့ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ႏွစ္ေယာက္ ၿငိမ္သက္စြာတရားမွတ္ေနခဲ့တယ္။

သူတို႔ႏွစ္ေယာက္ရဲ႕ ေလးဘက္ေလးတန္မွာေတာ့ အေမႊးစုတ္ဖြားနဲ႔အေကာင္ေတြရပ္ေစာင့္ေနၾကၿပီး အနားကိုကပ္လာတဲ့ အျခားနာနာဘာဝေကာင္ေတြကို လက္ဟန္ေျခဟန္နဲ႔ ေမာင္းထုတ္ေနခဲ့ၾကတယ္။

တရားျဖဳတ္ၿပီးလို႔ အမွ်တန္းေဝတဲ့အခ်ိန္မွာေတာ့ အသံဝါဝါႀကီးေတြနဲ႔ သာဓုေခၚတဲ့အသံေတြအျပင္ ေပ်ာ္႐ႊင္စြာခုန္ေပါက္ေျပးလႊားေနၾကတဲ့ ေျခသံေတြကိုလဲ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ၾကားလိုက္ရတယ္။

“ ဆရာ.. ဆရာ”

ေက်ာအေနာက္ကေန ေခၚတဲ့အသံေၾကာင့္ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ႏွစ္ေယာက္လွည့္ၾကည့္လိုက္ရာ ျဖဴ‌စြတ္ေနတဲ့အက်ႌကိုဝတ္ဆင္ထားတဲ့ ေက်ာ္ႏိုင္ကိုျမင္လိုက္ရတယ္။

“ ဆရာတို႔ေပးေဝတဲ့အမွ်အတန္း ကြၽန္ေတာ္ရပါတယ္၊ ဒီေနရာက အေစာင့္အေရွာက္ေတြကလဲ ကြၽန္ေတာ္ကို ေစာင့္ေရွာက္ၾကတယ္၊ ဒါေတြက ဆရာတို႔ေက်းဇူးေတြပါပဲ”

“ သင္ ရဲ႕ ဘဝဝဋ္ေႂကြးေတြ ဒီဘဝမွာတင္ ၿပီးဆုံးပါေစလို႔ဆုေတာင္းေပးပါတယ္”

“ ဆရာတို႔ေပးတဲ့ဆုနဲ႔ ျပည့္စုံပါေစ…ကြၽန္ေတာ္ကိုခြင့္ျပဳပါဦး”

“ ခြင့္ျပဳပါတယ္ သင္သြားလိုရာသြားႏိုင္ပါၿပီ”

ေမာင္ေကာင္းတို႔ လူသတ္ကုန္းေပၚမွာ အ႐ုဏ္တက္တဲ့အထိေနၿပီးျပန္ဆင္းလာခဲ့ရာ လမ္းတစ္ဝက္အေရာက္မွာေတာ့

“ အား…”

“ ခြန္းလွ ဘာျဖစ္တာလဲ”

“ ကြၽန္ေတာ္မ်က္လုံး ဘာမွမျမင္ရေတာ့ဘူး”

“ ငါ့ကိုၾကည့္စမ္း… ငါ့ကိုၾကည့္ ျမင္ရလား”

“ မျမင္ရဘူး အေမွာင္အတိဖုံးေနတယ္”

ေမာင္ေကာင္းလဲ ႐ုတ္တရက္မို႔ စိတ္ပူသြားၿပီး လက္နဲ႔သပ္ခ်ဖို႔လုပ္တဲ့အခ်ိန္

“ ျမင္ရၿပီ… မိန္းမတစ္ေယာက္ အ႐ိုးေတြလိုက္ေကာက္ေနတယ္”

“ ဘယ္မွာလဲ … ငါလဲမေတြ႕ပါလား”

“ ကြၽန္ေတာ္မ်က္လုံးထဲျမင္ေနတာ… ဟင္ အ႐ိုးေကာက္ေနတဲ့မိန္းမေပ်ာက္သြားၿပီ၊လယ္ကြင္းေတြ၊ ကန္သင္း႐ိုးေတြ၊ ေသြးစေသြးနေတြေရာေနတဲ့ လူအ႐ိုးအပိုင္းအစေတြထပ္ေပၚလာတယ္”

“ အဲဒါဘယ္ေနရာမွာလဲ”

“ ကြၽန္ေတာ္အဲဒီေနရာကိုရင္းရင္းႏွီးႏွီး ျမင္ဖူးေနတယ္… ေဟာ ထြက္လာၿပီ အ႐ိုးေပၚအေရတင္မိန္းမတစ္ေယာက္၊ သူ႔အ႐ိုးေတြျပန္ေပးဖို႔ ေျပာေနတယ္”

“ ေသခ်ာၾကည့္စမ္း… အဲဒါဘယ္ေနရာလဲ”

“ အဲဒီ အဲဒီေနရာက ယြန္းစံတို႔႐ြာပဲ”

“ ေသာက္ဂြပဲ… ဦးစံျမင့္ ေမႊထားတာ ႐ြာနီးခ်ဳပ္စပ္အကုန္ျပႆနာတက္ပီထင္တယ္၊ မင္း ျပန္ျမင္ရပီလား”

“ တေျဖးေျဖးခ်င္း ျမင္ရၿပီအကို… ဘာေၾကာင့္ ကြၽန္ေတာ္အဲလိုျမင္တာလဲ”

“ အျမင္ဓါတ္ေတြ ပြင့္ထြက္လာတာျဖစ္မယ္၊ ဒါကေကာင္းတဲ့အခ်က္ပဲ”

“ အ႐ိုးလိုက္ေကာက္ေနတဲ့မိန္းမက ကြၽန္ေတာ္နဲ႔ ဘယ္လိုပတ္သတ္ေနလို႔ျမင္ရတာလဲ”

“ ငါလဲမေျပာတတ္ဘူး… ေသခ်ာတာက သူေဌးကုန္း႐ြာနဲ႔ ေရစက္မကုန္ေသးဘူးဆိုတာပဲ”

“ ဟူး…”

ခြန္းလွက သက္ျပင္းရွည္တစ္ခ်က္ကိုမႈတ္ထုတ္ကာ လူသတ္ကုန္းေပၚကေန ဆင္းလာခဲ့လိုက္တယ္။
+++++

ေနာက္ဝတၱဳမွာေတာ့ ဆရာတူညီအစ္ကိုႏွစ္ေယာက္ သူေဌးကုန္း႐ြာမွာ ဘာေတြေမႊၾကမလဲဆိုတာ ကိုေတာ့ “ေအာင္ျမတ္သာႏွင့္ ငါ့အ႐ိုးျပန္ေပး”ဆိုတဲ့ ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)