အေးမြ(စ/ဆုံး)
————-
“ ဘယ့်နှယ်တုန်းဗျ ကိုဘိုတေ ´´
“ အို မဟန်ပါဘူးကွာ ပဲက ကျဲကတည်းက ရေမသောက်ရတဲ့မြေ။ ခုလည်း ကြည့်ဦး။ ဥတုကအတော်လေးပျက်နေတာ။ တန်ဆောင်မုန်း လပြည့်သာကျော်လာတယ် ခုချိန်ထိ နှင်းကဘယ်ဆီမှန်းမသိဘူး ´´
“ အေးဗျာ ကျုပ်လည်း ကြည့်လာပြီးမှ အတော်တောင် စိတ်ပျက်မိတယ်။ မျိုးပြန်ရရင်ပဲ ကံကောင်းဗျို့ ´´
“ အတူတူပါပဲကွာ ´´
သည်အရပ်ဒေသမှာက ကုလားပဲကို အဓိကအားထားလုပ်ကိုင်ကြသည်။ဟိုတုန်းကဆို တောင်သူကြီးမှန်ရင် တစ်နှစ်ကို အနည်းဆုံးကုလားပဲ တင်းတစ်ရာကျော်နှစ်ရာအထိထွက်သည်။ မြေကျယ် ကျယ်သလို။ ရာသီဥတုကလည်းမှန်၏။မိုးချိန်တန်မိုး။ မကျဲခင် မြေကွက်လပ်ကို တစ်ရေလောက်ပိတ်လှောင်ထားကြသည်။ ရေဝနေသောမြေ ရေခြောက်ကာမှ ထွန်ယက်ပြီးစိတ်တိုင်းကျ ကျဲကြရသည်။ ကျဲပြီးပြန်တော့လည်း အပင်ပေါက်လေးများ နှင်းရည်သောက်လိုက်ရပါက တရိပ်ရိပ်နှင့် နတ်ရေကန်ထဲ ပစ်ချလိုက်သလို အပင်ကြီးထွားမှုမြန်လာသည်။
သို့သော် ခုနောက်ပိုင်း မိုးလေဝသက မမှန်တော့ပေ။ မိုးရာသီဆိုပေမဲ့ မိုးဦး မိုးလယ် မိုးနှောင်း ဆိုပြီး မရွာသည်မှာ အတော်ပင်ကြာလှပြီ။ ရာသီဥတု ဖောက်ပြန်လာသည်နှင့် တောင်သူတို့ဘဝက အရင်လို မဟုတ်တော့။ ခုဆိုလျှင် ရွာမှာ တောင်သူကို အင်တိုက်အားတိုက် လုပ်ကိုင်သူ အတော်ပင်ရှားသွားသည်။ နောက်မျိုးဆက်သစ်လူငယ်တွေထဲမှာလည်း တောလိုက်ပြီး ထွန်ယက်တဲ့သူမရှိတော့။ အရွယ်ရောက်သည်နှင့် မိဘများကလည်း ရေကြည်ရာမြက်နုရာ ငွေရှာသွားခိုင်းဖို့ပြင်တော့သည်။ခုခေတ်မှာတော့ လူငယ်တွေကိုယ်တိုင်က နိုင်ငံခြားသွားပြီး အလုပ်လုပ်ချင်ကြသည်ကများ၏။မိဘတွေက ဆင်းရဲပင်ပန်းလှသည့် တောင်သူလုပ်ငန်းကို မခိုင်းချင်သလို လူငယ်တွေကလည်း စိတ်မဝင်စားကြတော့ပေ။လူကြီး အချို့ကတော့ တောင်သူမျိုးဆက် ကွယ်ပျောက်မှာပင်စိုးရိမ်နေကြသည်။
ဦးဘိုတေနှင့် လမ်းခွဲပြီးနောက် ဦးမျိုးမြင့် လှည်းလမ်းမအတိုင်း လျှောက်ပြန်လာသည်။ ရွာထဲသို့ မဝင်ခင် ရွာသင်္ချိုင်း နားကဖြတ်သွားရသည်။ သင်္ချိုင်းရှိ အုတ်ဂူများက ချုံနွယ်များအောက် ပျောက်ကွယ်နေကြလေတော့သည်။ ဦးမျိုးမြင့် တစ်နေရာသို့ ဝမ်းနည်းကြေကွဲမှုအပြည့်ဖြင့် စိုက်ကြည့်နေမိသည်။
……………… × …………… × ……………
“တောက် ခွေးထက်မိုက်တဲ့သမီး ပြန်လာလို့ကတော့ အရှင်မထားဘူး ´´
ဦးဘရွှေ၏ ဒေါသအောက် မျိုးမြင့်တို့ သားအမိနှစ်ယောက် တုပ်တုပ်မျှ မလှုပ်ရဲကြပေ။ အေးမြကလည်း အေးမြပင်။ မျိုးမြင့် ဒီလောက် အတန်တန်နားချ တားမြစ်နေသည့်ကြားက ရွာအနောက်ပိုင်းက အရက်သမားမောင်ဦးနှင့် ခိုးရာလိုက်သွားသည်။ မောင်နှမ နှစ်ယောက်တည်းမို့ နှမလေးကို နှမြောမိသည်။ ခုတော့လည်း… ။
……………… × …………… × ……………
“ အမေ မရောက်သေးဘူးလား ´´
“ ရောက်တော့မှာပါ သမီးရဲ့ သမီးမောနေပြီလား။ အဲဒါဆိုလည်း ရှေ့က ရှားပင်ရိပ်မှာနားကြတာပေါ့ ´´
ဆယ်နှစ်အရွယ် ကောင်မလေးက အထုပ်တစ်ထုပ်ကိုပိုက်လျက်။ အမေဖြစ်သူက ကလေးငယ်တစ်ယောက်ကို ချီထားပြီး ကောင်လေးတစ်ယောက်ကို လက်ဆွဲလျက်။ ရှားပင်ရိပ်မှာ ခဏထိုင်ပြီး အမောဖြေကြလေသည်။
“ ဟို ရှေ့နားက အုပ်အုပ်လေးက အမေတို့ရွာပေါ့သမီးရဲ့။ ဒီလှည်းလမ်းလေးအတိုင်းလိုက်သွားရင် ရွာရောက်ပြီ ´´
ရေဗူးဖွင့်ပြီး မောင်နှမ နှစ်ယောက်ကိုတိုက်လိုက်သည်။ ပြီးမှအမေဖြစ်သူသောက်သည်။ အငယ်ဆုံးလေးကတော့ အမေ့ရင်ခွင်ထဲ အိပ်ကောင်းနေဆဲပင်။ဇာတိချက်ကြွေကို ပြန်လာရပေမဲ့ အေးမြစိတ်ထဲ ပျော်ရွှင်မှုကို အပြည့်အဝမခံစားရပေ။ဝမ်းနည်းသလိုလို။ နောင်တရမိသလိုလို။
နွားခြူသံကြားလိုက်သဖြင့် လှည်းတစ်စီး လာနေပြီဆိုတာသိလိုက်သည်။ လှည်းမောင်းသံက တဖြည်းဖြည်းနီးလာသည်။ ရှားပင်နားရောက်လာတော့ လှည်းမောင်းသူက ခမောက်ကလေးပင့်ပြီး အေးမြတို့မိသားစုကို တချက်ကြည့်လိုက်သည်။ ထို့နောက် သေချာစူးစိုက်ကြည့်ပြီး
“ အေးမြ ဟဲ့ နင် အေးမြ မဟုတ်လား ´´
နာမည်ခေါ်ပြီး နှုတ်ဆက်သည့် အသံကြောင့် သေချာပြန် ကြည့်လိုက်မှ အေးမြ အစ်ကို အရင်းခေါက်ခေါက်ကြီးဖြစ်နေတာသိလိုက်ရသည်။
“ အစ်ကို မျိုးမြင့်လား။ ဟုတ်ပါတယ် အစ်ကိုမျိုးမြင့်ပါ ´´
မောင်နှမအရင်းပေမဲ့ မတွေ့ရသည်မှာ ဆယ်စုနှစ် တစ်ခုပင်ကျော်ခဲ့လေပြီ။ သည်ကြားထဲ လောကဓံလှိုင်း၏ ရိုက်ပုတ်မှုတွေကြောင့် အသက်တွေလည်း ရှိရင်းစွဲထက် ပိုပြီးအိုမင်းနေကြလေပြီ။ ထို့ကြောင့်လည်း တစ်ယောက်ကိုတစ်ယောက် မနည်းပြူးပြဲကြည့်နေကြရသည်။အနည်းငယ် စကားပြောဆိုပြီးနောက် ပါလာသော အထုပ်နှင့် လူအားလုံးကို လှည်းပေါ်တက်လိုက်ကြသည်။ကလေးနှစ်ယောက်က လှည်းစီးရမှာမို့ ပျော်နေကြသည်။ ကိုမျိုးမြင့်လည်း လှည်းကို ဦးတည်ရာ တောထဲသို့မဟုတ်တော့ပဲ လာလမ်းအတိုင်းပြန်လှည့် လိုက်သည်။
……………… × …………… × ……………
“ တကယ်တမ်းကျ ဖအေဆိုတာက သမီးကို ပိုပြီးချစ်တတ်ကြတာပဲ။ ဘယ်လောက်ပဲ စိတ်တိုတယ်ပြောပြော အချိန်တန်လို့ ညည်းပြန်မလာတော့ အဖေ့စိတ်တွေ ပိုပြီးအကဲဆတ်လာတယ် ´´
ကိုမျိုးမြင့် ငှဲ့ထားသော ရေနွေးကို အနည်းငယ် မှုတ်သောက်လိုက်သည်။ ကလေးတွေကတော့ အိပ်ကုန်ကြပြီ။ မတွေ့တာကြာပြီဖြစ်သဖြင့် မောင်နှမ နှစ်ယောက်ကတော့ စကားကောင်းနေဆဲ။ သို့သော်စကားတွေ ဖောင်နေသည်လည်းမဟုတ်။ တိတ်ဆိတ်သွားလိုက်။ကြာလောက်မှ တခွန်းစ နှစ်ခွန်းစ ပြောလိုက်ကြနှင့်။
“ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မသောက်ဖူးတဲ့ အဖေ။ အရက်တွေသောက်လာတယ် ´´
မအေးမြ တရှုံ့ရှုံ့ငိုကြွေးနေသည်။ အိမ်ပြန်ရောက်လာပေမဲ့ ခုအခါ အဖေရောအမေပါ မရှိကြတော့။ တစ်အိမ်လုံးမှာ အစ်ကိုတစ်ယောက်တည်းပင် ရှိတော့သည်။ နှမလေး ငိုနေတာမြင်တော့လည်း ကိုမျိုးမြင့် စိတ်မကောင်းဖြစ်မိသည်။
“ ညည်းသိသင့်တယ်ထင်လို့ ပြောတာပါ။ အစ်ကို့အနေနဲ့ကတော့ ဖြစ်ပြီးခဲ့တာတွေအတွက် ငါ့နှမကို အပြစ်မဆိုသာပါဘူး။ခုလည်း အိမ်ပြန်ရောက်လာပြီပဲ ဘာမှစိတ်မကောင်းဖြစ်မနေနဲ့တော့ ´´
ကိုမျိုးမြင့်က တစ်ဦးတည်းသော နှမလေးကို နှစ်သိမ့်ပေးရှာသည်။
“ဒါနဲ့ မောင်ဦးကရော´´
“ အစ်ကိုရယ် ကျုပ်ဘဝမှာ သူ့နောက်လိုက်ပြီးကတည်းက စမှားတော့တာပါပဲ။ အစပိုင်းတော့ သူက ဆိုက်ကားနင်း ကျုပ်က အကြော်ရောင်းနဲ့ အဆင်ပြေပါတယ်။ ပြန်လာရင်တော့ အရက်ကလေး တမြမြနဲ့ပေါ့။ ဒါပေမဲ့ အငယ်ဆုံးလေး ကိုယ်ဝင်ရင့်ချိန်လောက်ရောက်တော့ သူ့အချိုးတွေပြောင်းလာတယ်။ ဘယ်လိုလူတွေနဲ့ ပေါင်းမိလည်းတော့ မသိဘူး။ပွဲစားလိုလို ဘာလိုလိုနဲ့ မြောက်ကြွကြွဖြစ်လာတယ်။နောက်တော့ မိန်းမကိစ္စပါ ကြားလာရတော့ ကျုပ်လည်း ဘယ်သည်းခံနိုင်တော့မလဲ။ ကြားထဲလည်း ညှိနှိုင်းကြည့်ပါသေးတယ် ။ သူ့ရဲ့ မွှန်နေတဲ့စိတ်ကြောင့် ကလေးတွေကိုပါ အမြင်မကြည်တော့တာနဲ့ ကျုပ်လည်းသေခန်းပြတ် ဆိုပြီး ကလေးတွေခေါ်ထွက်လာခဲ့တော့တာပဲ ´´
ငှဲ့ထားသောရေနွေးက အေးစက်နေသဖြင့် ကိုမျိုးမြင့် ရေးနွေးပန်းကန်ကို လှုပ်ပြီး မြေကြီးပေါ်ကို သွန်ပစ်လိုက်သည်။ စကားသံတွေ တိတ်ဆိတ်သွားသလို ညကလည်း နက်သထက်နက်လာလေတော့သည်။
……………… × …………… × ……………
“ ဘကြီး….သမီး ကျောင်းသွားတော့မယ် မုန့်ဖိုးပေးဦးလေ ´´
“ အေး ပေးရမှာပေါ့ကွယ် ဒါနဲ့ သမီးက ခု ဘယ်နှစ်တန်းရောက်ပြီလဲဟဲ့ ´´
မေးရင်း အဝတ်သေတ္တာထဲရှိ အင်္ကျီခေါက်ကြားထဲမှ တစ်ထောင်တန် ငါးရွက်ကို ထုတ်လိုက်သည်။ အကြီးနှစ်ယောက်က ကျောင်းပြီးသည်နှင့် ကိုယ့်လမ်းကိုရှာကာ အိမ်ထောင်ပြုသွားကြသည်။ ခု အငယ်ဆုံးလေးတစ်ယောက်ပင် ကျန်တော့သည်။ အငယ်ဆုံးလေးက လက်ထဲမှာပင် ကြီးလာ၍လားမသိ။ ဦးမျိုးမြင့်အတွက်တော့ သမီးရင်း တစ်ယောက်လိုပင်။
“ ဟာ ဘကြီးကလည်း ကိုယ့်သမီး ဘယ်နှစ်ရောက်ပြီလဲတောင် မသိဘူးလား။ နောက်ဆုံးနှစ်တောင်ရောက်နေပြီ ဘကြီးရဲ့ ´´
“ ဟင်…ဟုတ်လား။ သိပါဘူးကွယ် အဲလောက်တောင် ရောက်သွားပြီကိုး ´´
ငွေငါးထောင် မုန့်ဖိုးပေးလိုက်တော့ ဦးမျိုးမြင့်ကို တစ်ချက် ပွေ့ဖက်နှုတ်ဆက်ပြီး ထွက်သွားလေသည်။
“ ညည်းအမေ ကို ဝင်ပြီး နှုတ်ဆက်သွားဦး ´´
လှမ်းအော်လိုက်ပေမယ့် ကြား မကြားတော့မသိ။
ဒေါ်အေးမြတို့ သားမိတစ်တွေ ရွာပြန်ရောက်လာသည်မှာ အငယ်ဆုံး သီတာထွေး တစ်သက်ပင်ရှိပြီ။ အကြီးနှစ်ယောက် ကတော့ အလျှိုအလျှို အိမ်ထောင်ပြုသွားကြလေပြီ။ ဝန်ထမ်းတွေမို့လားမသိ။ ဒေါ်အေးမြ သားသမီးတွေရဲ့ ထောက်ပံ့မှုကို သိပ်မရရှိပေ။
သင်္ကြန်ပြန်လာရင် ကန်တော့တာလောက်တော့ရှိသည်။
“ အမေအကြော်သည်ကြီးက ကျောင်းကို ကြိုးစားပမ်းစား ထားခဲ့ပေမဲ့ သားသမီးတွေကတော့ တော်တော်အသိ ခေါင်းပါးကြတယ်။ အမေ့ကို လုပ်ကျွေးဦးမယ် မရှိဘူး။ မိုက်လိုက်ကြတာ ´´
ဦးမျိုးမြင့် နှမဖြစ်သူအတွက် ကရုဏာဒေါသော ပြောပေမဲ့လည်း နှမဖြစ်သူကတော့ စိတ်မဆိုးနိုင်။
“ ဘယ်တတ်နိုင်မလဲ အစ်ကိုရယ်။ သူတို့လမ်းသူတို့လျှောက်ကြမှာပေါ့။ အဆင်ပြေကြတယ်ဆိုရင်ပဲ ဝမ်းသာလှပါပြီ။ ကျန်တာကတော့ ကျုပ် ဝဋ်လိုက်တယ်လို့ပဲ ခံယူပါတယ်။ ကျုပ်ကို၌က မိဘတွေကို ပစ်ခဲ့တဲ့ သမီးမိုက်တစ်ယောက်ပဲမလား ´´
ဒေါ်အေးမြ ရလိုက်သော အသိတရားက နောက်ကျခဲ့လေပြီ။ ပြောရင်းပင် မျက်ရည်တို့က မျက်လုံးအိမ်တွင် တွဲလဲ ခိုလာကြသည်။ မိဘတွေကို လွမ်းမိလေသလား။ သားသမီးတွေကို လွမ်းမိသလား ဆိုတာ မဝေခွဲတတ်တော့ပေ။
……………… × …………… × ……………
မနှစ် သင်္ကြန်မတိုင်မီက သီတာထွေး အိမ်ထောင်ပြုလိုက်သဖြင့် ဒေါ်အေးမြ၏ သားသမီးအားလုံး အိမ်ထောင်ကျကုန်ကြပြီ။ အားလုံးကလည်း အစိုးရဝန်ထမ်းတွေ ဖြစ်သဖြင့် ဒေါ်အေးမြဆီသို့ တစ်နှစ်တစ်ခေါက် သင်္ကြန်ပိတ်ရက်လောက်သာ အလည်လာနိုင်ကြသည်။ သင်္ကြန်ပိတ်ရက်ရောက်ပြီဆို ဒေါ်အေးမြတစ်ယောက် သားသမီးမြေး တွေကို ချက်ပြုတ်ကျွေးရသည်မှာ မမောနိုင်မပန်းနိုင်ပင်။အကြီးဆုံးက ကလေးနှစ်ယောက်။ အလတ်ကောင်က တစ်ယောက်မို့ လက်ရှိ မြေးသုံးယောက်၏ အဖွားဖြစ်နေလေပြီ။ မြေးတွေကလည်း သူတို့တွေကို အလိုလိုက်သည့် အဘွားဖြစ်သူကို ချစ်ကြသည်။ ပိတ်ရက်ပြည့်လို့ ပြန်ကြတော့မည်ဆိုလျှင် မျက်ရည်စက်လက်နှင့် ဒေါ်အေးမြကို အလွမ်းရှည်အောင် လုပ်တတ်ကြသေးသည်။ မြေးတွေ ပြန်သွားကြပြီဆို အိမ်မှာ ပြန်လည်ခြောက်ကပ်သွားပြီး ဒေါ်အေးမြ ရင်ထဲမှာလည်း ဟာတာတာ ကြီးဖြစ်ကျန်ခဲ့သည်။ နှစ်ရက် သုံးရက် ကတော့ မြေးတွေ လွမ်းတဲ့စိတ်ကြောင့် အကြော် ပြန်မကြော်နိုင်တာက နှစ်တိုင်းဖြစ်သည်။ဦးမျိုးမြင့်လည်း ညီမဖြစ်သူ ကြည့်ပြီး စိတ်မကောင်း ဖြစ်ရသည်ကလည်း နှစ်တိုင်းပင်။ ဒေါ်အေးမြက သားသမီးတွေနှင့် လိုက်နေဖို့ စိတ်ကူးမရှိသလို၊ သားသမီးတွေကလည်း တစ်ယောက်မှ ခေါ်ဖို့မပြောဆိုကြ။ ဦးမျိုးမြင့်ကလည်း ညီမဖြစ်သူကို သားသမီးတွေဆီမှာ မျက်နှာငယ်မှာစိုးရိမ်သည့်အတွက် အကြောင်းမဟပေ။
ရွာမှာက အကြော်သည်ဆိုလို့ ဒေါ်အေးမြတစ်ယောက်ပင်ရှိသည်။ တစ်ရက်ကို မနက် ညနေ နှစ်ခါကြော်ရသည်။ မနက်ခင်းပိုင်း ကတော့ အကြော်ဗန်းရွက်ပြီး ရွာထဲ လှည့်ရောင်းသည်။ ညနေခင်းပိုင်းကတော့ အိမ်ရှေ့မှာပဲ စားပွဲခင်းပြီးရောင်းသည်။ ရွာက ကျယ်ပြီး လူဦးရေများသဖြင့် မနက်ရော ညနေပါ အကြော်မကုန်သည့်ရက်မရှိ။ ရောင်းအားကောင်းသည်ဟုပင် ပြောရမည်။ ထို့ကြောင့်ပင် အစ်ကိုဖြစ်သူ အတန်တန်တားနေသည့်ကြားက အကြော်ကြော်သည့်အလုပ်ကို မရပ်နားခဲ့ပေ။
တစ်မနက် ဒေါ်အေးမြ အကြော်ဗန်းလေးရွက်ပြီး အိမ်ပြန်အလာ ဖိုးမောင်တို့အိမ်ဘက် အကြွေးတောင်းဖို့အဝင် မထင်မှတ်ပဲ ခွေးဆွဲခံလိုက်ရသည်။ ဖိုးမောင်ထွက်လာတော့ အကြော်ဗန်းလေး ဘေးမှာ ဒေါ်အေးမြ ခွေခွေလေး လဲကျနေသည်။ လက်ကျန် အကြော်နှစ်ခုသုံးခုက မြေကြီးပေါ် လွင့်စဉ်လို့နေ၏။ ဖိုးမောင်က ဒေါ်အေးမြကို အိမ်ထဲတွဲခေါ်သွားသည်။
“ ငါ ကလည်း အဲ့ဒီခွေးကို မမြင်လိုက်မိဘူး ´´
ခြေသလုံးက ခွေးကိုက်ရာကို လုံခြည်စနှင့် ဖိသိပ်ရင်းပြောသည်။
“ အဲဒီခွေးမ ခုတလော မူပျက်နေတာ။ ကျွန်တော် ဆရာမလေးသွားခေါ် လိုက်ဦးမယ်။ ဆေးထိုးရအောင်လို့ ´´
“ မလိုပါဘူး မောင်ဖိုးမောင်ရယ်။ သွေးဆေးလေးရှိရင်သာ နည်းနည်းပေးစမ်းပါ ´´
“ ဟုတ်ပါ့မလားဗျာ နည်းနည်း များသလားလို့ ´´
အသားများသည့်နေရာမို့ အစွယ်ဖြင့် ချိတ်မိသည့်နေရာက အသားစတွေထွက်နေသည်။ ဖိုးမောင်အမေ ဒေါ်လှကြီးက သွေးဆေးဘူး ယူပေးသည်။
“ ရပါ့မလား အေးမြရယ်။ ဖိုးမောင်ကို ဆရာမပဲ သွားခေါ်ခိုင်းလိုက်ပါ့မယ် ´´
“ရပါတယ် မလှကြီးရယ်။ ခေါ်မနေပါနဲ့။ အလကား တော်တို့ ပိုက်ဆံကုန်နေအောင်။ ပျောက်သွားမှာပါ ´´
ဒေါ်အေးမြက မုဆိုးမသားအမိမို့ အားနာဟန်ရှိသည်။သွေးဆေးဖြင့် ဖိအုပ်လိုက်တော့ သွေးထွက်တာ ရပ်သွားသလိုရှိသည်။ခဏနေမှ ဖိုးမောင်က အိမ်ရောက်အောင်လိုက်ပို့သည်။ အကျိုးအကြောင်းသိသိချင်း
“ ဖိုးမောင် ဆရာမကို သွားခေါ်ချေကွာ။ ဒီလိုနဲ့ ဘယ်ဖြစ်မလဲ။ ဆေးဖိုးက ငါပေးမှာပါ ဆရာမသာသွားခေါ်ပေး ´´
ဦးမျိုးမြင့် ညီမဖြစ်သူအတွက် စိတ်ပူသွားသည်။ ဒေါ်အေးမြ ဖိုးမောင်တို့ သားအမိကို အားနာ၍ ဆရာမခေါ်ဖို့ ငြင်းခဲ့သည်ကိုလည်း သိသည်။ ထို့ကြောင့် ဆေးဖိုးပေးမည်ဟု တစ်ခါတည်း ပိတ်ပြောထားခြင်းဖြစ်သည်။ခဏနေတော့ ဖိုးမောင်ပြန်လာသည်။
“ ဘကြီး ဆရာမလေးက သူ့အမေ ဆေးရုံတက်ရလို့ဆိုပြီး ခုမနက်ပဲ ပြန်သွားတယ်တဲ့ ´´
“ ဟင် အဲဒါဆို တောင်ဘက်ရွာ …´´
“ တော်ပါတော့ အစ်ကိုရယ် ဘာမှဖြစ်လောက်တာ မဟုတ်ပါဘူး ခု သွေးတောင်တိတ်နေပါပြီ။ နောက်တစ်ရက်နှစ်ရက်ဆို ပျောက်သွားမှာပါ ´´
“ ဟုတ်ပါ့မလား အေးမြရယ် ငါ စိတ်ပူလွန်းလို့ပါ ´´
“ရပါတယ် ကိစ္စမရှိဘူး ဖိုးမောင်လည်း ပြန်ရင်ပြန်တော့´´
ဒေါ်အေးမြ ထော့နဲ့ ထော့နဲ့ ဖြင့် အိမ်ထဲဝင်သွားသည်။ အိမ်နီးခြင်းတစ်ချို့ ဒဏ်ရာလာကြည့်ပြီးတောင်ဘက်ရွာက ဆရာသြဆီကို သွားမန်းဖို့တိုက်တွန်းကြသည်။
“ ရပါတယ် ဒေါ်ဗျားရဲ့ ပျောက်သွားမှာပါ ။ စိတ်မပူကြပါနဲ့ နောက်နှစ်ရက်လောက်ဆို အကြော်တောင် ပြန်ကြော်နိုင်လောက်ပါတယ်´´
ထိုနေ့က ခွေးကိုက်ခံရသည့် နေရာတဝိုက် အနည်းငယ် ယောင်နေပေမဲ့ ညတော့ ကောင်းကောင်း အိပ်နိုင်သေး၏။သို့သော် နောက်ရက် ညရောက်တော့ ဒဏ်ရာက ကိုက်သလိုခံစားလာသည်။ ခြေထောက်တစ်ချောင်းလုံးမလှုပ်နိုင်တော့။ ဦးမျိုးမြင့် ညည်းသံကြားလို့ သွားကြည့်တော့ ဝေဒနာခံစားနေရသော ညီမဖြစ်သူကိုကြည့်ပြီး အတော်လေးက်ို စိတ်ပူသွား
သည်။ထို့ကြောင့် ပတ်ဝန်းကျင်ကို အကူညီတောင်းရသည်။ လူတွေစုပြုံရောက်လာကြသည်။ ဒေါ်အေးမြက ခေါင်းရင်းဘက်ရှိ ထရံကို လက်နှစ်ချောင်းလုံးဖြင့် ကုတ်ခြစ်နေပြီး ပါးစပ်ကလည်း အမြှုပ်တစီစီထွက်နေသည်။ သူ့ကိုကြည့်ပြီး အားလုံးက စိတ်မကောင်းဖြစ်ကြသည်။
“ ဖိုးမောင် မင်း ရွာတောင်ပိုင်းက ကိုပေသီး ထွေလာဂျီကို အကျိုးအကြောင်းပြောပြီးခေါ်ခဲ့ကွာ … မြန်မြန်လေးလုပ်နော် ´´
ကိုပေသီးထွေလာဂျီရောက်တော့ အားကောင်းမောင်းသန် လူသုံးယောက်က ဒေါ်အေးမြကို ပွေ့ချီပြီးတင်သည်။ သူတို့တွေလည်း ကုတ်မိခြစ်မိကြသည်။ ညည်းလည်းညည်း အမြှုပ်လည်းတစီစီထွက်နေသော ဒေါ်အေးမြကို ကြည့်ပြီး တချို့က “မရနိုင်လောက်တော့ဘူး´´ဟုကောက်ချက်ချသည်။ ထင်သည့်အတိုင်းပင် ထွေလာဂျီ တောင်ဘက်ရွာ မရောက်ခင် လမ်းတစ်ဝက်လောက်မှာပင် ဒေါ်အေးမြ ငြိမ်ကျသွားလေတော့သည်။
……………… × …………… × ……………
ဦးမျိုးမြင့် တွယ်တက်နေသော နွယ်ပင်တွေကို အသင့်ပါလာသည့် တံစဉ်ဖြင့် ချိတ်ဆွဲဖြတ်တောက်ရှင်းပစ်လိုက်သည်။ ထိုအခါ အုတ်ဂူတစ်လုံး အထင်းသားပေါ်လာသည်။
ဒေါ်အေးမြ
အသက် (၅၁)နှစ်
မိဘနှစ်ပါးက ဘဝတစ်လျှောက် အေးမြသာယာပါစေတော့ဆိုပြီး “အေးမြ´´ လို့ အမည်မှည့်ခေါ်ခဲ့သည့် လူသားတစ်ယောက်။ ယခုအခါ သူ့ကိုယ်ပိုင် အုတ်ဂူလေးထဲမှာ တစ်ဘဝလုံး ခံခဲ့ရသည့် ဒုက္ခတွေကို မေ့ထားပြီး အေးချမ်းစွာ အနားယူနေတော့သည်။ ဒေါ်အေးမြ မရှိတော့သည့်နောက်ပိုင်း တစ်နှစ် တစ်ခေါက်သာ ရောက်လာကြသော သားသမီး တို့သည်လည်း ရောက်မလာကြတော့ပေ။ အမေတစ်ယောက်ကို သတိတရမှ ရှိကြပါလေစ။ဦးမျိုးမြင့် ဝေ့တက်လာသော မျက်လုံးနှစ်ဘက်ကို လက်ခုံဖြင့် ဘယ်ပြန်ညာပြန်သုတ်လိုက်သည်။ ထို့နောက် အုတ်ဂူကို တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် ကျောခိုင်းကာ လမ်းမအတိုင်း ရွာထဲသို့ဝင်သွားလေတော့သည်။
ကိုမျိုး(ဆားခါး)