အေးအတူပူအမျှ(စ/ဆုံး)
———————-
“ဖေကြီးဖေကြီးပြန်မလာသေးဘူးလား”
“စာကျက်စရာရှိကျက်တာမဟုတ်ဘူး ဒီဖေကြီးပဲမေးနေ”
“ဟိုမောင်နှမနှစ်ယောက်ဘာဖြစ်နေတာလဲ”
ဒေါ်နုရီမီးပူတိုက်နေရာကနေလှမ်းဟန့်လိုက်မှ စကားစပြတ်သွားပြီး စာဆက်ကျက်နေတဲ့မောင်နှမနှစ်ယောက်။
နို့ညှာဖြစ်သူတစ်ဦးထဲပါတဲ့သားလေးငွေမင်းက လေးတန်း။
အငယ်ဆုံးမလေး ပတ္တမြားခင်က သုံးတန်း။
အကြီးမ ရွှေစင်ကအဝေးသင်တက္ကသိုလ်တက်ရင်းကွန်ပျုတာစာစီစာရိုက်ဆိုင်မှာအလုပ်လုပ်နေသူ။
အလတ်မ ငွေစင်က ဆယ်တန်းကျောင်းသူ။
ကလေးလေးယောက် စားစရိတ်ကျောင်းစရိတ်အထွေထွေက ရုံးဝန်ထမ်းလုပ်သူ ဒေါ်နုရီယောက်ကျား အိမ်ဦးနတ်ကိုမင်းလွင်ဝင်ငွေနဲ့မလုံလောက်ရရှာတော့ ရုံးကပြန်လာတာနဲ့ အင်္ကျီကမန်းကတန်းလဲ ထမင်းစားပြီးတာနဲ့ ဆိုက်ကားနင်းဖို့သွားရပါတယ်။
အကြီးမက ရသမျှလစာ မိဘတွေကိုအကုန်အပ်ပေမယ့် အိမ်စရိတ်ထဲထည့်ရတာနဲ့အဖတ်မတင်ပြန်။
“ဟောဖေကြီးပြန်လာပြီ”
စာကျက်နေတဲ့အငယ်မလေးအသံစူးစူးကြောင့်
ဒေါ်နုရီ တိုက်နေဆဲမီးပူခလုတ်လှမ်းပိတ်လိုက်ပြီးအဝတ်တွေခေါက်သိမ်း မီးပူတိုက်ဖို့အောက်ကခံထားတဲ့စောင်ကြမ်းကို နေရာတကျပြန်ထားပြီးမှ ဒေါ်နုရီ ကိုမင်းလွင်နဲ့အတူအခန်းထဲလိုက်ဝင်ရင်း”အကို အဆင်ပြေခဲ့လား” “မပြေခဲ့ပါဘူးမိန်းမရယ် အုံနာကငွေကုန်တာများနေလို့ချေးဖို့ပိုက်ဆံမရှိဘူးဆိုပြီးညီးလွှတ်လိုက်တယ်
“ဒီလောက်ဆိုက်ကားတွေအများကြီးထောင်ထားပြီး ငွေလေးနည်းပါးချေးတာတောင်မပေးချင်ဘူးနော်”
“သွားပြောမနေပါနဲ့မိန်းမရယ် သူလည်းသူ့အခက်အခဲနဲ့သူရှိမှာပေါ့ နောက်နေ့မှ ကိုယ့်ရုံးက ပြေလည်တဲ့သူဆီချေးလာခဲ့မယ်”
ဒေါ်နုရီက တော်ရုံအခက်အခဲလောက်ကိုစာဖွဲ့မနေတတ် အိမ်ကကလေးတွေအကုန်လုံးကလဲဂျီးမများ ဒေါ်နုရီစီမံပေးသမျှ ဘာနဲ့ဖြစ်ဖြစ်စားတတ်သောက်တတ်ကြသူတွေ။
အလတ်မငွေစင်တစ်ယောက်သာ တစ်မိပေါက် တစ်ယောက်ဂျစ်သမား။
ခုဖြစ်နေတဲ့ငွေလိုရတဲ့အကြောင်းအရင်းကတော့…
အခန်း(အခန်း၂)
“ဟဲ့နုရီနင်ကြားပြီးပြီလား” နှစ်အိမ်ကျော်ကနုရီသူငယ်ချင်းဒေါ်နွဲ့ကစကားစလာလို့..
“ဘာလဲမနွဲ့ရဲ့ဘာကိုကြားပြီးပြီလဲ”
“ငွေထုတ်ချေးနေတယ်တဲ့အဖွဲ့အစည်းက နင်အိမ်ပြင်ဖို့ငွေလိုနေတယ်ဆိုလို့ နင်ရောချေးမလားလို့ငါလာမေးတာ”
“ငွေလိုနေတာတော့အမှန်ပဲ ဘယ်လိုချေးရမှာလဲ”
“အိမ်ထောင်စုစာရင်းရယ် ဘာလုပ်ငန်းလုပ်လဲ ဘာတွေရောင်းလဲ သဘောကတော့ဟယ် ပိုင်ဆိုင်မှုဘာရှိလဲပြပေးရမယ် နောက်ပြီး ငါးယောက်တစ်ဖွဲ့ဖွဲ့ရမယ်တဲ့ နင်ရယ်ငါရယ် အထည်ဆိုင်ဖွင့်တဲ့စုစုရယ် အစန်းနဲ့ ကုန်စုံဆိုင်ကဌေးဌေးမြင့် အဲဒါဆိုပေါင်း ငါးယောက်ရပြီ”
“အေးပါလာပြောတာကျေးဇူးပဲ ငါ ကတော့သိပ်နားမလည်ဘူးနော်”
“အေးပါနုရီရယ် ငါတစ်ယောက်လုံးရှိတာ နင်မပူနဲ့ တကယ်လို့ငွေချေးဖြစ်ရင် ငါတို့စုပြီးတနင်္လါနေ့စုရပ်ဘုရားလေးဓမ္မာရုံကိုသွားကြမယ်”
“ဘုရားလေးဓမ္မာရုံမှာစုကြမှာလား”
“အေးဟုတ်တယ်နုရီ ငါသွားပြီ”
.အေးပါမနွဲ့”
ဒီလိုနဲ့စဦးဆုံးတစ်သိန်းကနေချေးခဲ့ရပြီး နှစ်သိန်းသုံးသိန်း တိုးပြီးချေးလာလိုက်တာ ငါးသိန်းထိရောက်လာပါပြီ။
အပတ်ငါးဆယ် မှာအကြေဆပ်။
ချေးယူတဲ့အဖွဲ့ကလည်းတစ်ခုထဲမဟုတ်တော့။
အတိုးလေးနည်းနည်းချင်းစီဆပ်ရတာလောက်တော့ အေးဆေးဆပ်လို့ရမှာပါလို့တွေးပြီး တစ်ထိုင်ထဲများများရ ငွေတွေလက်ထဲရတော့ လုပ်စရာတွေပေါ်လာသလောက်လုပ်မိ ဆယ့်တစ်လလောက်ဆပ် ထပ်ပြီးရပြန်တော့ ထပ်ချေး ငွေအလုံးလိုက်ရတော့ ပိုပြီးများများသုံးမိပြန် ချေးငွေပမာဏကလဲ တိုးတိုးပြီးရ။
ချေးလာတာနှစ်ချီကြာတော့ အဖွဲ့ထဲကမထင်မှတ်သူ တစ်ယောက်ထွက်ပြေးသွားတော့ ထွက်ပြေးတဲ့တစ်ယောက်စာ သွင်းရငွေတွေကို မထွက်ပြေးနိုင်တဲ့ နုရီတို့လေးယောက်အချိုးချခွဲပြီးဆပ်ရပါရောလား။
နင်မပူနဲ့လိုပြောတဲ့မနွဲ့ပါပူရပါပြီ။
နုရီအပူလည်းမသေးတော့ပါ။
အဲဒီထွက်ပြေးသွားတဲ့တစ်ယောက်က အဖွဲ့အစည်းအတော်များများကို လှည့်ပတ်ချေးထားတာ နှစ်ချီကြာလို့ ငွေအမောင့်က တော်တော်များများ သိန်းငါးဆယ်တောင်ကျော်လောက်ပါရဲ့။
နုရီတို့လည်း အဖွဲ့အစည်း သုံးခုလောက်က ထွက်ပြေးသူနဲ့တစ်ဖွဲ့ထဲ အဲဒါကြောင့် ဆပ်ပေတော့ဖြစ်ရပြန်တာ။
အချေးသံသရာ အကြွေးသံသရာ အတိုးသံသရာကတိုးတိုးလာလိုက်တာ နှစ်တွေပေါက်လာပြီး မနိုင်မနင်းတွေဖြစ်လာတော့ နုရီ ကိုမင်းလွင်ကိုဖွင့်ပြောရပါလေရော။
ကိုမင်းလွင်ခဗျာလည်း သားစရိတ်မယားစရိတ် တင်မက အကြွေးစရိတ်ပါပခုံးထမ်းရရှာတော့ ရုံးဝန်ထမ်းပါမက ဆိုက်ကားပါနင်းရရှာတော့တာ။
ဖြစ်ပုံများကငိုချင်းချရလောက်ပါရဲ့။
အခန်း(အခန်း၃)
အဖေလုပ်သူဆိုက်ကားစနင်းတော့ အလတ်မငွေစင်က”ဖေကြီး ဖေကြီးဆိုက်ကားမနင်းပါနဲ့ သမီးရှက်တယ်ဖေကြီး”
“သမီးရယ်” ကိုမင်းလွင်မချိပြုံးလေးပြုံးရုံသာပြုံးပြီး ဘာစကားမှဆက်မပြောရှာ။ မနေနိုင်တဲ့
ဒေါ်နုရီက “သြော်သြော် သူများဆီကလုစားရက်စားခိုးစားတာမှမဟုတ်တာဘာရှက်စရာလိုလို့လဲသမီးရဲ့”
“ကျောင်းကသူငယ်ချင်းတွေကဖေကြီး ဆိုက်ကားနင်းတော့ ဆိုက်ကားသမားသမီးဆိုပြီး မကြားတကြားပြောသေးတာ အရင်ကလိုခေါ်ချင်ပြောချင်တော့တာမဟုတ်ဘူးသမီးကို”
“အမလေး ဂရုစိုက်လို့သမီးရယ် မခေါ်ချင် မပြောချင်နေပေါ့ စကားမပြောရ ပိုသက်သာသေး”
သမီးကြီးရွှေစင်က”ပြောမနေနဲ့မေကြီး သူကသူဌေးသမီးဖြစ်ချင်တာ ” “ငါတို့မိသားစုငတ်တော့ အဲဒီလိုမလုပ်ဘယ်သူအလကားလာကျွေးမှာမို့လဲ ကိုယ့်ဘဝကိုယ်သိစမ်းပါ စာကျက်ဆယ်တန်းအောင်အောင်အရင်လုပ် ဖေကြီးကိုဆိုက်ကားမနင်းစေချင်ရင် နင်ဆယ်တန်းအောင်တာနဲ့အလုပ်လုပ်တော့ အဲတော့ဖေကြီးနားပါစေ”
“အဲဒါမေကြီးကြောင့်”
“ငွေစင် ” အကြီးမရွှေစင်ကဝင်ဟန့်လိုက်ပြီး “နင်မိဘတွေကိုအပြစ်တင်စကားမပြောနဲ့”
“မဟုတ်လို့လား”
“နင်သေတော့မယ်နော်မိငွေစင်”
“ကဲ တော်ကြပါတော့ အဖေလုပ်သူကဘာမှမပြောတိုင်း ရန်ဖြစ်စကားများမနေကြနဲ့”
ငွေစင်ကလဲငွေစင်ပါပဲ။
ငွေစင်မမွေးခင် နုရီကိုယ်ဝန်ဆောင်တော့ ကိုမင်းလွင်အိပ်မက်ထဲ သေသွားတဲ့သူ့အမေလာပြီးနေမယ်ဆိုတဲ့အကြောင်း မက်တော့ အစွဲလွန်သွားတဲ့ကိုမင်းလွင် သူ့အမေဝင်စားတယ်ဆိုပြီး ငွေစင့်ကိုတုန်နေအောင်ချစ်ရှာသူ။
အခန်း(အခန်း၄)
“ကိုမင်းလွင်”
“ဘာလဲနုရီ”
“တကယ်လို့အကိုရုံးကငွေချေးမရခဲ့ဘူးဆိုရင် နုရီလေ…နုရီ အဖေဘုန်းဘုရားအမွေပေးခဲ့တဲ့ ရွှေအစစ်ဗုဒ္ဓရုပ်ပွားတော်ကိုရောင်းပြီး..”
“တော်ပြီနုရီ ဆက်မပြောတော့နဲ့ကိုယ်ခွင့်မပြုဘူး”
“သေချာနားထောင်ပါဦးအကိုရယ် နုရီလေနုရီ ခုလိုအတိုးတွေအကြွေးတွေ သံသရာလည်နေတာရယ် သူများပိုက်ဆံတွေပါဆပ်နေရတာရယ် အကိုနုရီကြောင့်ဆိုက်ကားပါနင်းပြီးငွေရှာနေရတာရယ် နုရီမခံစားနိုင်တော့ဘူးအကို အတိုးထိုက်သင့်သလောက်ဆပ်ပြီး အိမ်ရှေ့မှာ အကင်ဆိုင်နဲ့ ဖျော်ရည်အအေးမျိုးစုံဆိုင်လေးဖွင့်ပြီး ရတဲ့အမြတ်လေးတွေနဲ့ မြန်မြန်ကြေအောင်အကုန်ဆပ်ချင်တာ အကိုတစ်ယောက်အားနဲ့မလုံလောက်တော့ဘူး နုရီကိုပါအားစိုက်ရုန်းခွင့်ပေးပါအကို အိမ်ကရွှေဘုရားလေးကိုလည်း နုရီတို့ဆီဆွမ်းခံကြွနေတဲ့ ကိုယ်တော်တို့ကျောင်းက ကျောင်းထိုင်ဘုန်းကြီးကဝယ်မယ်ဆိုလို့ရောင်းချင်တာပါအကို ခွင့်ပြုပါ နုရီတောင်းဆိုတာပါ”
“အင်း ကိုယ်ပြန်လာမှဆုံးဖြတ်ကြတာပေါ့”
ညနေကိုမင်းလွင်ပြန်လာတော့ချေးငွေမရခဲ့တာနဲ့ နုရီသဘောအတိုင်း အိမ်ကရွှေဘုရားသေးသေးလေးကို ကျောင်းထိုင်ဘုန်းကြီးဆီရောင်းပြီး အကြွေးတွေဆပ်ဖို့ အကင်ဆိုင်ဖွင့်ခဲ့ပါတော့တယ်။
အခန်း(အခန်း၅)
“တော်ပြီမေကြီး သမီးမရောင်းချင်ဘူး ရှက်တယ်”
“ငွေစင်ရယ် သမီးဆယ်တန်းဖြေပြီးအားနေတာပဲလေ ရွှေစင်ကအားတာမဟုတ် မောင်လေးတွေညီမလေးတွေက ငယ်သေးတော့ကြော်ခိုင်းလို့ရတာမဟုတ် အအေးလည်းမဖျော်တတ်သေးဘူးလေ မေကြီးကလိုအပ်တဲ့ပစ္စည်းတွေစျေးသွားဝယ်ရမှာမို့”
“အဲဒါဆို ဆိုင်ပိတ်ပြီးသွားပေါ့မေကြီး”
“မေကြီးမရှိလဲလာဝယ်နေကျတာမို့ ဖောက်သည်မပျက်ချင်ဘူးသမီး သမီးကလိမ္မာပါတယ်”
မျက်နှာစူပုတ်ပြီး အိမ်ရှေ့ထွက်သွားတဲ့သမီးငွေစင်ကိုကြည့်ပြီး ဒေါ်နုရီ သက်ပြင်းမောကိုခိုးချမိပါရဲ့။
အဖေဆိုက်ကားနင်းတာရှက်ရတာနဲ့ အမေအကင်ရောင်းတာရှက်ရတာနဲ့”ငါ့သမီးလေးဘယ်တော့မှ မိဘတွေကိုနားလည်သိတတ်ပါ့မလဲ”
********
“အကင်အစုံသုံးထောင်ဖိုးနော်ညီမ”
“ဟုတ်ကဲ့မမ”
“ဒီနေ့မအားတာနဲ့ဟင်းမချက်နိုင်ဘူးညီမရယ် မောင်ကလဲဘာဟင်းမှမလုပ်တော့နဲ့အကင်လေးနဲ့ပဲစားချင်တယ်ဆိုတာနဲ့ အချဥ်ရေရွဲရွဲလေးဆမ်းပေးနော်ညီမလေး”
“ဟုတ်ကဲ့မမ”
ငွေစင်တို့မျက်နှာချင်းဆိုင်အိမ်ကိုပြောင်းလာနေတဲ့မမကလျာမောင်။ငွေစင်အမြဲခိုးခိုးကြည့်နေရသူ။
မျက်နှာမှာအမြဲမိတ်ကပ်ဝင်းဝင်းလေးလိမ်း နှုတ်ခမ်းနီပန်းဆီရောင်လေးဆိုး လှိုင်းတွန့်ဆံပင်အညိုရောင် နဲ့ လေးလက်မဒေါက်ဖိနပ်စီး ဝတ်လိုက်တဲ့အဝတ်အစားတွေကလဲငွေစင်တစ်ခါမှမမြင်ဘူးတဲ့ အဝတ်အစားပုံစံလေးတွေစီးကွင့်ထိုးပန်းထိုးအမျိုးမျိုးဝတ်စားတတ်တာလှမှလှ စကားပွောရငျလဲ ပါးချိုင့်လေးတဖက်ခွက်ခွက်ဝင်သွားအောင်အမြဲပြုံးပြီးစကားပြောတတ်သူ မမကလျာမောင်။
မမကလျာမောင်ရဲ့ယောက်ကျားဆိုတာကလဲမမကလျာမောင်လိုပဲဖြူဖြူချောချော ရုပ်သန့်သန့် လည်ပင်းမှာလဲငါးကျပ်သားလောက်ရှိတဲ့ရွှေဆွဲကြိုးကြီးကို စတိုင်ကျကျ အမြဲဆွဲထားတတ်သူ။
မမကလျာမောင်တို့သွားစရာရှိလို့အပြင်ကိုထွက်လာကြရင် တစ်လမ်းလုံးဝိုင်းငေးကြရပါတယ်။အိမ်မှာထိုးထားတာကကားနှစ်စီး။
အာရာဖတ်လိုကားကြီးကတစ်စီး။ဆလွန်းကားလေးကတစ်စီး။
ငွေစင်တင်မက ငွေစင်တို့လမ်းထဲကလူကုန်အားကျနေရတာ။
အခန်း(အခန်း၆)
တစ်နေ့…
“ဟဲ့ကောင်မလင်ခိုးမရဲ့”
“ဖြန်းဖြန်း”
“အား မလုပ်နဲ့ နင့်လင်နင်နိုင်အောင်ထိန်းပါလား ကောင်မရဲ့ သူများအိမ်ရှေ့ထိလာပြီး မစော်ကားနဲ့”
“ဘာ လုတုန်းကလုပြီး ဘာခုမှရှက်ပါပြီလဲ ငါ့လင်ငါနိုင်အောင်ထိန်းထားလဲ အလကားပေးပြီးပေါင်းတဲ့မိန်းမတွေကြောင့် ငါ့လင်ကအလကားရပြီးရောဆိုပြီး လာနေတာ ”
“ကောင်မ”
ငွေစင်တို့မောင်နှမတွေရော တစ်လမ်းလုံးရော ထွက်ကြည့်ကြတာ။
မမကလျာမောင်နဲ့ ဝဝ အဒေါ်ကြီးတစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ဆံပင်ဆွဲပါးရိုက် လုံးထွေးသတ်ပုတ်နေကြတာ။
တော်တော်ကြာမှ ရပ်ကွက်ကလာဖြန်ဖြေလို့ ဝဝအဒေါ်ကြီးနဲ့မိန်းမတစ်သိုက်ပြန်သွားကြတာ။
ဝဝအဒေါ်ကြီးပါးစပ်ကကြိမ်းမောင်းသွားသေးတာက”ကောင်မထမင်းဝဝစားထား သူများလင်ခိုးတဲ့အရသာရဲ့နောက်ဆက်တွဲကဘာလာမလဲဆိုတာ ကြည့်ထားလိုက်”
နောက်သုံးရက်လောက်ကြာတော့ မမကလျာမောင်တို့အိမ်ရှေ့ကို ရဲကားတွေတန်းစီရောက်လာပြီး မမကလျာမောင်ကလက်ထိပ်တန်းလန်းနဲ့ပါသွားတဲ့အပြင် အိမ်ရှေ့မှာရပ်ထားတဲ့ ကားတွေပါသိမ်းယူသွားခဲ့ပြီးနောက်မှာတော့…..
ငွေစင်တို့သတင်းတွေကြားရတာက မမကလျာမောင်ကလူကုန်ကူးမှုနဲ့အဖမ်းခံရတာ။
ဟိုမိန်းမ မယားကြီးက သူ့လင်ကိုလုရကောင်းလားဆိုပြီး သတင်းပေးတိုင်ကြားတယ်လို့ကြားခဲ့ရပါတယ်။
အခန်း(အခန်း၇)
ညပိုင်းကိုးနာရီငွေစင်တို့တစ်အိမ်လုံးလူစုံတက်စုံရှိတဲ့အချိန်မှာတော့…..
“ဖေကြီး ဖေကြီးဆိုက်ကားနင်းတာကိုသမီးရှက်တယ်လို့ပြောမိတာ သမီးတောင်းပန်ပါတယ်ဖေကြီးရယ်”
“ကျားသားမိုးကြိုး ဖေကြီးကိုတောင်းပန်တယ်တွေဘာတွေလုပ်နေတာ ဟားဟား”
“တိတ်တိတ်နေပါသမီးကြီးရွှေစင်ရယ် အလတ်မငွေစင် ဘာပြောဦးမလဲသိရအောင်”
” မေကြီး မေကြီးကိုလည်း သမီးတောင်းပန်ပါတယ် အရင်လိုစျေးရောင်းရတာရှက်တယ်လို့မပြောတော့ဘူးနော်”
“ငွေစင်ဘာတွေဖြစ်ပြီးအမြင်မှန်တွေရသွားတာလဲ”
“ရွှေစင်တိတ်တိတ်နေပါဆို” နုရီအကြီးမရွှေစင်ကိုလှမ်းပြောပြီးမှ “သမီးငွေစင် ဖေကြီးတို့မေကြီးတို့ကို ဒီနေ့ထူးထူးခြားခြား တောင်းပန်ပြောဆိုလာတာ ဘာအကြောင်းများရှိလို့လည်း မေကြီးကိုသေချာပြောပြပါဦး ကိုမင်းလွင်လည်း ကလေးပြောတာလာနားထောင် မအိပ်သေးနဲ့ဦး”
“အေးပါကွာ ကိုယ့်သမီးအကြောင်း နားထောင်နေတာပါ”
“ဒီလိုပါဖေကြီးနဲ့မေကြီး သမီးစျေးမရောင်းချင် မဆင်းရဲချင်လို့ မကလျာမောင်နဲ့ရင်းနှီးတော့ မကလျာမောင်ကနိုင်ငံခြားမှာအလုပ်လုပ်ချင်လုပ်လို့ရတယ် သူခေါ်ပေးသွားမယ် အလုပ်ကမပင်ပန်းပဲငွေရမှာဆိုပြီးပြောထားတော့ ဖေကြီးတို့မေကြီးတို့မသိအောင် မကလျာမောင်နဲ့လိုက်သွားဖို့လုပ်ထားတာ”
“အမလေးငါ့သမီးရယ်” နုရီထိတ်လန့်သွားပြီးရင်ဘတ်ကိုဖိထားလိုက်မိတော့” ဟုတ်တယ်မေကြီး မကလျာမောင် လူကုန်ကူးတာသမီးမှမသိတာ သမီးတင်မဟုတ်ဘူး တစ်လမ်းလုံးလည်းမသိကြဘူး သမီးသူငယ်ချင်းတွေပါပါတယ် ပတ်စပို့လုပ်ပေးမယ်ဆိုလို့ မှတ်ပုံတင်တွေပါ မကလျာမောင်ကိုပေးထားတာ အဲဒါ ..”
“မိုက်လိုက်တဲ့ငါ့သမီးရယ်သူသာ သူများလင်မခိုးခဲ့ရင် ခုလိုအဖမ်းခံရမှာမဟုတ်ဘူး အဖမ်းသာမခံရရင် ငါ့သမီးလေးတော့ သူများလက်ထဲရောင်းစားခံရမှာ ကံကြီးပေလို့ပဲ”
“ဖေကြီးတို့လည်း ကိုယ့်အပူနဲ့ကိုယ်ရုံးကန်နေကြရတော့ သမီးကိုမျက်ခြေပြတ်နေသလိုဖြစ်သွားရတယ် ဒါပေမယ့် ဖေကြီးသမီးတို့ကိုပြစ်ထားတာမဟုတ်ဘူးသမီး အဲဒီကလျာမောင်တို့လင်မယားကိုဖေကြီးမင်္ကါလို့ ငါ့သမီးနဲ့လည်း တိုးတိုး တိုးတိုး လုပ်နေတာ ဖေကြီးအကဲခတ်မိပါတယ် အဲဒါကြောင့်…ဖေကြီးစုံစမ်းပြီးတိုင်လိုက်တာ”
“ဟယ်”
“ဟင်”
“ကိုမင်းလွင်”
“ဟုတ်တယ် ကိုယ်မွေးထားတဲ့ကိုယ့်သမီးစိတ် သိနေတယ်လေ ချမ်းသာချင်တယ် ဖေကြီးမေကြီးတို့ကောင်းရောင်းကောင်းဝယ်လုပ်နေတာကို ရှက်စရာလို့မြင်တယ် သူများ ဝတ်ပြ စားပြ သုံးဖြုန်းပြ အထင်ကြီးအောင်လုပ်ပြတာကို အားကျကြတယ် အဲဒီလိုဖြစ်ချင်ကြတယ် ဘာလုပ်လို့ပိုက်ဆံတွေရှိရတာလဲကြ မစဥ်းစားမိကြဘူးမဟုတ်လား”
“ဟုတ်တယ်ဖေကြီး ဖေကြီးပြောသလိုပဲ သမီးသမီး မစဥ်းစားမိခဲ့ဘူး သူတို့လိုချမ်းသာချင် ဝတ်ချင်စားချင် သုံးနိုင်ချင်အဲဒါတွေကြောင့်ပဲ သမီးမှားတော့မလို့. …တော်သေးတယ်ဖေကြီးကယ်ပေလို့”
“အေးသမီးလေး လောကကြီးမှာ သမီးနေရင် တစ်သက်လုံးမှတ်ထားရမယ့်အကြောင်းက စျေးရောင်းတာရှက်စရာမဟုတ်သလို မျက်နှာငယ်စရာလည်းမဟုတ်ဘူး ကလျာမောင်တို့လို အကျင့်စာရိတ္တဖောက်ပြန်တာ လူကိုလူချင်းခေါင်းပုံဖြတ်အမြတ်ထုတ်တာ လူကိုလူချင်းရောင်းစားတာ(လူကုန်ကူး)တာ အယုတ်မာဆုံး အရက်စက်ဆုံး ရှက်စရာအကောင်းဆုံးလုပ်ရပ်ပဲလို့မှတ်”
“ဟုတ်ကဲ့ပါဖေကြီး သမီးလဲလက်တွေ့ကျကျတွေ့မြင်သိရပြီး ဘဝသင်ခန်းစာတစ်ခုတိုးသလို မိသားစုတစ်ခုရဲ့ကောင်းခြင်းဆိုးခြင်းမှန်သမျှဟာလည်း ဒီမိသားစုတစ်ခုလုံးရဲ့တာဝန်ပဲလို့သမီးသိမြင်သဘောပေါက်ပါပြီဖေကြီးနဲ့မေကြီး”
ရွှေစင်က “အေးအတူပူအမျှ”
ဟုတ်တယ်မမရွှေစင်”အေးအတူပူအမျှ”
အငယ်လေးနှစ်ယောက်ကလည်းဘေးနားရောက်လာပြီးသံယောင်လိုက်ဆိုလိုက်တာက”အေးအတူပူအမျှ”။
စံဌာနီထွန်း