” ဦးဖိုးဝေ နှင့် ငွေကိုင်းရွာပြဿနာ “(စ/ဆုံး)

” ဦးဖိုးဝေ နှင့် ငွေကိုင်းရွာပြဿနာ “(စ/ဆုံး)

==============================

◾အခန်း (၁)

ငွေကိုင်းရွာလေးရှိ ရွာလူကြီး၏အိမ်တွင် ဖြစ်သည်။ရွာလူ ကြီးဦးမြမောင်၊မိသူ၊ဦးဖိုးဝေနှင့် သူရိယတို့ စကားပြောနေကြသည် ။သူတို့ပြောသောအကြောင်းအရာမှာ ငွေကိုင်းရွာ၏ ကျိန်စာအား ဖြေရှင်းနိုင်မည့်နည်းလမ်းကို ရှာကြမည့် အကြောင်းပင်ဖြစ်၏။

“ဆရာကြီး ကျုပ်တို့ရွာအပေါ် ကျရောက်နေတဲ့ကျိန်စာက ပြေမှာပါနော် ”

“အနာသိရင် ဆေးရှိပါတယ် အခုက ဘာကြောင့်ကျိန်စာမိနေတာလဲဆိုတာ အရင်သိအောင်လုပ်ရမယ်”

“ကူညီပါဦးရှင် ငွေကိုင်းရွာရဲ့အခက်အခဲကို မဖြေရှင်းနိုင်ဘူးဆိုရင် ကျမစိတ်ထဲ ဘယ်လိုမှ ဖြေနိုင်မှာမဟုတ်ဘူး”

မေသူသည် ဦးဖိုးဝေအားတောင်းပန်သောအကြည့်ဖြင့် ကြည့်က စကားဆိုနေခြင်းဖြစ်သည်။ထိုအခါ ဦးဖိုးဝေသည်

“စိတ်မပူပါနဲ့ကွယ် ဦးကြီးတို့ ကိစ္စအားလုံးအဆင်ပြေအောင်လုပ်ပေးပါ့မယ်”

“ကျေးဇူးတင်ပါတယ် ဆရာကြီးရယ် ”

“ရပါတယ် ဦးကြီးတို့ အခုညပဲ ငွေကိုင်းရွာရဲ့အတိတ်ကို ပြန်သွားကြည့်မယ် အဖြစ်မှန်ကဘာလဲဆိုတာ မကြာခင်သိနိုင်မှာပါ”

“ဆရာကြီး ကျမရော လိုက်လို့ရနိုင်မလားရှင်”

“တူမကြီးလိုက်ဖို့က မဖြစ်နိုင်သေးဘူး”

“ဘာဖြစ်လို့လဲ ဆရာကြီး

“တူမကြီးမှာ ထူးခြားတဲ့အစွမ်းသတ္တိရှိတာ ဦးကြီး သိပါတယ် ဒါပေမဲ့ ကောင်းမွန်တဲ့အကျင့်ရှိဖို့ လိုသေးတယ် ”

ဦးဖိုးဝေ၏စကားကြားသောအခါ မေသူသည် တွေးငေးပြီး ငြိမ်သက်သွားသည်။တို့နောက် ခေါင်းကိုတချက်ငြိမ့်လိုက်ပြီး

“ဟုတ်ကဲ့ ကျမသိပါပြီ ကျမက ဘာမှမဟုတ်သေးပါဘူး သဘာဝကပေးတဲ့ အကြားအမြင်လေးရှိရုံပဲ”

“တူမကြီး အဲ့ဒီလောက်လဲ ကို့ယ်ကိုကိုယ် မနှိမ့်ချပါနဲ့ ”

“ရပါတယ် ဆရာကြီး ကျမ ဆရာကြီးတို့အတွက် အစားအ သောက် ပြင်ဆင်လိုက်ပါဦးမယ်”

မိသူသည် စိတ်မကောင်းသည့်မျက်နှာဖြင့် အိမ်ပေါ်သို့တက်သွားသည်။ထိုအခါ ရွာလူကြီး ဦးမြမောင်သည်

“အဲ့ဒီကလေးမလေးက ကျုပ်တို့ရွာကို အတော်ကို ကောင်းစေချင်တာ”

“ကျုပ်လည်း သိပါတယ် ဒါပေမဲ့ သဘာဝကိုလွန်ဆန်ပြီး အလုပ်လုပ်ရတဲ့အခါ အတော်ကို အန္တရာယ်များလွန်းတယ် လောကီပညာကို ထိုက်သင့်သလောက် ကျင့်ကြံမထားရင် လိုက်ဖို့မသင့်ပေဘူး ကိုမြမောင်”

“ဆရာကြီးတို့ ကောင်းသလိုသာလုပ်ကြပါ ကျုပ်ကဘာမှနားမလည်ပါဘူး ကျုပ်ရွာသားတွေ ပြုံးပျော်တာတာပဲလိုချင်ရုံပါ”

“ကဲ ကိုမြမောင် အပူအပင်တွေလျှော့ ရာသီဥတုမှန်လာရင် သာ အလုပ်ကို ကြိုးစားလုပ်ဖို့ ပြင်ဆင်ထားပေတော့ ”

ဦးဖိုးဝေ၏ အားတက်စရာစကားကြောင့် ဦးမြမောင် စိတ်ချမ်းသာစွာပြုံးလိုက်သလို အိမ်ပေါ်တွင်ရှိနေသော မိသူသည်လည်း ပြုံးလိုက်မိပါတော့သည်။

◾အခန်း (၂)

ညသန်းခေါင်ယံအချိန်တွင် ဖြစ်သည်။ဦးဖိုးဝေနှင့် သူရိယသည် ရွာလယ်ရှိ ရေသိပ်မရှိသောရေတွင်းကို အလယ်တွင်ထားကာ ရပ်လို့နေသည် တို့နောက်သူတို့၏ နဖူးတွင် လက်သီးဆုပ်ကိုတည်ကာ ဦးဖိုးဝမှစကားဆိုသည်။

“ငါတို့၏ အကျင့်သည် လောကီလူသားများအတွက်သာ ဖြစ်သည် ဒါ့ကြောင့် ငါတို့၏ နာမ်နှင့် ခန္ဓာသည် ဒီရွာ၏ လွန်လေပြီးသော ကာလများသို့ ရောက်စေသတည်း”

ဦးဖိုးဝေနည်းတူ သူရိယသည်လည်း စကားဆိုလိုက်ပြီး နဖူးတွင်တည်ထားသော လက်သီးဆုပ်တို့အား ရေတွင်းထဲပစ်လိုက်ဟန် ပြုလိုက်ကြသည်။များမကြာသောအချိန်တွင် ရေတွင်းထဲမှ စကားသံများ၊ရယ်သံမောသံများ ထွက်ပေါ်လာပြီး ဦးဖိုးဝေ နှင့် သူရိယတို့၏ကိုယ်ခန္ဓာသည် အရိပ်ပမာ ဖြစ်တည်ကုန်ကာ ရေတွင်းထဲသို့ ၀င်ရောက်ပျောက်ကွယ်သွား၏။ထိုမြင်ကွင်းကိုဖြင့် ရေတွင်း၏မလှမ်းမကမ်းမှ စောင့်ကြည့်နေကြသော ဦးမြ မောင်နှင့် မိသူသည် ထူးဆန်းအံ့ဩနေ၍ ငေးကြည့်နေကြပါ လေသည်။

◾အခန်း (၃)

စိမ်းစိုနေသောရွာလေး၏ ရွာလယ်လမ်းမပေါ်တွင် လူနှစ် ယောက် လမ်းလျှောက်နေကြသည်။ထိုလူနှစ်ယောက်မှာ အခြားသူမဟုတ် ဦးဖိုးဝေ နှင့် သူရိယတို့ပင်ဖြစ်သည်။သူတို့ရောက်နေသောရွာလေးမှာ လွန်ခဲ့သောနှစ်များစွာကပင် တည်ရှိနေသော ငွေကိုင်းရွာလေး ဖြစ်သည်။အတိတ်က ငွေကိုင်းရွာလေးသည် အတော်ကိုစည်ကားပြီး စီးပွားဖြစ်ထွန်းခဲ့ကြဟန် ရှိသည်။သူတို့ရောက်သွားသည့်အချိန်သည် ရွာတွင် အလှုရှိဟန်တူသည်။ရွာသားများသည် ၀တ်ကောင်းစားလှများ ၀တ်ဆင်ကာ ရွာထိပ်သို့သွားနေကြသည်။သူတို့သည် ရွာလယ်တွင် လမ်းလျှောက်နေသော ဦးဖိုး‌ဝေ နှင့် သူရိယကို မမြင်တွေ့ကြပေ။အချင်းချင်းစကားပြော၍သာ သွားနေကြသည်။

“ဒီနှစ် တို့ငွေကိုင်းရွာ အတော်ကို စပါးအထွက်တိုးတာပဲ”

“အထွက်တိုးလား မတိုးလား လုံမလေးတွေကိုကြည့်ရင် သိပါတယ် ကိုရင်ရယ်”

“ဆိုစမ်းပါဦး မောင်ရ ဘယ်လိုလုပ်ပြီး လုံမလေးတွေ ကြည့်ရင် သိိနိုင်တာလဲဆိုတာ”

“သိပါပြီကောဗျာ လုံမလေးတွေက အလှုမှာ အ၀တ်အစားကို မနက်တစုံ နေ့ဖက်တစုံ ညနေ တစုံ၀တ်နေတာလေဗျာ အဲ့တာ စပါးအထွက်တိုးလို့ ၀ယ်၀တ်နိုင်တာမဟုတ်လားဗျ”

“ဟုတ်ပါ့ ဟုတ်ပါ့ ”

“နောက်တခု ကျန်သေးတယ်‌ ”

“ဆိုစမ်းပါဦး”

“ရွာအနောက်ပိုင်းက ကိုမင်းအောင်ကိုသိလား”

“အဖွားမြ၀င်းရဲ့သားလား”

“ဟုတ်တယ်‌လေ သူတို့လည်း နောက်နှစ်လှုမယ်လို့ ပြောတယ်ကွ”

“တို့ရွာမှာ အလှုပေါတော့ ကောင်းတာပေါ့ကွာ”

“ကိုရင်တို့ ကျုပ်တို့လိုတွေးနေတဲ့လူတွေချည်းပဲ ဆိုရင်တော့ ဟုတ်တာပေါ့ ကျုပ်တို့ရွာက လူတွေကလည်း အခက်သားကိုးမင်းအောင်ရဲအမေ အဖွားမြ၀င်းကို စုန်းမကြီးဆိုပြီး အလှုက သူနဲ့မသက်ဆိုင်သလို လုပ်နေတာလေဗျာ”

“အဖွားမြ၀င်းက ၀မ်းတွင်းစုန်းဆိုတာတော့ ဟုတ်တယ် သူလည်း ဒီပညာကိုလိုချင်လို့မှ မဟုတ်တာကွာ တို့ရွာသားတွေက နားလည်ပေးရမှာပေါ့ ”

လူရွယ်များသည် စကားများပြောကြဆိုကြရင်းဖြင့် ရွာထိပ်သို့ သွားနေကြလေသည်။မကြာလှသောအချိန်တွင် အသက် အရွယ်ကြီးရင့်နေပြီဖြစ်သော ခါးကုန်းနေသည့် အမယ်အိုကြီးတယောက်သည် တောင်ဝှေးအကူညီဖြင့် လမ်းလျှောက်လို့ သွားနေသည်။ဦးဖိုး‌ဝေနှင့် သူရိယသည် အမယ်အိုကြီး၏အနား သို့သွားချိန်တွင် အမယ်အိုသည် သူတို့အားမြင်တွေ့သွားသည် ကို ဦးဖိုးဝေ သတိထားမိသွားသည်နှင့် ဆရာတပည့်နှစ်ယောက် ချက်ချင်းရပ်လိုက်ပြီး

“ငါတို့၏ ရုပ်နှင့် နာမ်ကို မည်သူတဦးတယောက်မှ မြင်နိုင်စွမ်း မရှိစေ”

ဦးဖိုးဝေ စေတန်ခိုးသုံးလိုက်သောအခါမှ ခါးကုန်းကုန်းနှင့်အမယ်အိုကြီးသည် သူသွားရမည့်လမ်းကို ဆက်လျှောက်သွား ၏။များမကြာသောအချိန်တွင် ထိုအမယ်အိုကြီး၏နောက်သို့ ပိန်ပိန်ပါးပါးနှင့် အသက်လေးဆယ်ကျော်အရွယ် လူတယောက် လိုက်လာကာ

“အမေ ဘယ်သွားမလို့လဲဗျ”

“အလှုကိုသွားမလို့ မင်းအောင်ရဲ့ ”

“ကျုပ်တို့ကို ဖိိိတ်တာလည်း မဟုတ်ပဲနဲ့ဗျာ”

“ဖိတ်ဖိတ်မဖိတ်ဖိတ် ငါတို့ရွာဓလေ့က သွားလို့ရတယ်‌‌လေ က လေးရဲ့”

“လာပါ အမေရာ ကျုပ်တို့လည်း နောက်လ လှုတော့မှာပဲ ”

“မရဘူး ငါ သွားကိုသွားရမယ် အလှုမသွားရတာ ဘယ် လောက်တောင် ကြာနေပြီလဲ”

“လာပါ အမေရယ် အမေ့မြေးတွေက အ‌မေ့ကို မတွေ့လို့ငို‌နေတာ ”

“ဟုတ်လား အဲ့တာဆို လာလာ မြန်မြန်သွားရအောင် ”

အမယ်အိုသည် မြေးများအား အတော်ကိုချစ်ဟန်ရှိသည်။ မြေးငိုနေသည်ဟု ပြောလိုက်သည်နှင့် ရှေ့မှနေ၍ တောင်ဝှေး လေးထောက်ကာ အမြန်သွားနေသည်။မိခင်ကြီးအား လာခေါ်သော သားဖြစ်သူသည် မိခင်ကြီးကိုကြည့်ကာ သက်ပြင်းချနေလေ၏။ဦးဖိုးဝေ နှင့် သူရိယသည် သူတို့၏ နောက်သို့ လိုက်သွား‌ပါတော့သည်။

◾အခန်း (၄)

ငွေကိုင်းရွာလေး၏ အနောက်ပိုင်းတွင်ဖြစ်သည်။ဒေါ်မြ၀င်းဟုအမည်ရသော အဖွားအိုသည် သူမ၏ မြေးလေးနှစ်ယောက်နှင့်အတူ ပြုံးရွှင်စွာစကားပြောနေသည်။သူမတို့ စကားပြောနေသည်ကို ကျေနပ်စွာပြုံးကြည့်နေသူ တယောက်ရှိသည်။ ထိုသူမှာ အဖွားအို၏ သားဖြစ်သူ မင်းအောင်ဖြစ်သည်။ထိုမြင် ကွင်းကို မင်းအောင်နည်းတူ ထိုင်ကြည့်နေသူနှစ်ယောက်မှာ ဦးဖိုးဝေနှင့်သူရိယတို့ ဖြစ်သည်။အဖွားဖြစ်သူသည် မြေးနှစ်ဦးအနက် အငယ်ဖြစ်သော မြေးလေးအား စကားဆိုနေသည် ။

“မြေးလေးမကြာခင် ကိုရင်ဝတ်ရတော့မှာနော် အမြင့်တွေဘာတွေမတက်ရဘူး ကြားလား မင်းအကိုကြီးက ပြောစရာမလိုဘူး မင်းကိုပဲ စိတ်မချတာ ”

“အဖွားကလည်း ကျုပ်ကသိပါတယ်ဗျ အကိုကသာ အဖွားနဲ့ အဖေ့ရှေ့မှာ မကစားတာ အဖွားတို့မရှိရင် သူက အပင်တွေပေါ်တက်ဆော့တာ”

“မြေးကြီး မြေးလေး ပြောတာဟုတ်လား”

“မဟုတ်ပါဘူး အဖွားရာ ညီလေးက စကားတတ်တိုင်း လျှောက်ပြောနေတာပါ”

ညီအကိုနှစ်ယောက်အနက် အငယ်ကောင်သည် လူရည်လည် ၏။အကြီးကောင်မှာ အေးအေး‌ဆေးဆေး နေတတ်ဟန်ရှိသည် ။အငယ်ကောင်သည် အကိုဖြစ်သူအား စနောက်နေခြင်းဖြစ်သော်လည်း အကိုဖြစ်သူမှာ သူ့အား အဖေနှင့် အဖွားဖြစ်သူ ဆူငေါက်မည်ကို စိုးရိမ်နေလေသည်။

“အဖွား ကျုပ်က တကယ်မဆော့ပါဘူး ညီလေးကိုတောင် ထိခိုက်မိမှာစိုးလို့ အပင်တွေပေါ် မတက်ခိုင်းဘူး”

“သိပါတယ် မြေးကြီးရယ် မင်းညီလေးက စနောက်နေတာပါ”

“မသိပါဘူး ကျုပ်ကြောင့် အဖွား နဲ့ အဖေတို့ စိတ်ညစ်မှာပဲ စိုးရိမ်တာ”

မိသားစုများ အေးချမ်းစွာစကားပြောနေစဉ် သူတို့၏ အိမ်ဘက်သို့ ဆူဆူညံညံအသံနှင့်အတူ ငွေကိုင်းရွာသားများ လာနေကြသည်။သူတို့၏လက်ထဲတွင် တုတ်ဓားလက်နက်များ ကိုင်ဆောင်ထားကြပြီး ပါးစပ်မှလည်း မကျေမနပ်ဆဲရေးတိုင်းထွာ နေသေးသည်။

“ငါတို့က တို့ရွာသားအချင်းချင်းမို့ ဘာမှမလုပ်ဘူးထင်တာ အခုတော့ ဒင်းတို့က လုပ်ရက်လိုက်ကြတာကွာ ”

“အေး ဟုတ်တယ်”

“ရှုပ်တယ် အိမ်မီးရှို့ကွာ ဒီလိုမကောင်းဆိုးဝါးမကြီးကို တို့ရွာမှာ အရှင်မထားဘူး”

တုတ်ဓားလက်နက်များကိုင်ဆောင်ထားသော လူများ၏ အနောက်တွင် ပါးစပ်မှအမြုပ်များထွက်နေသောကလေးများကိုပွေ့ချီ သယ်ဆောင်လာကြသေးသည်။ကလေးငယ်များသည် ဆယ်နှစ်ကျော်အရွယ်များဖြစ်ကြပြီး အားလုံးပေါင်း ခြောက်ယောက်ရှိသည်။ကလေးငယ်များအားချီပိုးထားသောသူများသည် သူတို့၏ ကလေးများကိုကြည့်ကာ

“မင်းကိုငါပြောသားပဲ ငါ့သားရာ အဲ့ဒီစုန်းမကြီးရဲ့အိမ်ဝိုင်းထဲကနေ ခိုးမစားပါနဲ့လို့”

“တော်စမ်းပါဗျာ ဘာမှတန်ဖိုးမရှိတဲ့ အသီးလေးခိုးစားရုံနဲ့ ဒီလောက်လုပ်စရာလို့ပါလားဗျာ”

ထိုအကြောင်းအရာများအား တွေ့ရမြင်နေရသော ဦးဖိုးဝေ နှင့် သူရိယသည် တယောက်မျက်နှာတယောက် ကြည့်ကာ

“လူလေး ကလေးတွေကို ကြည့်ရတာ အစာအဆိပ်သင့်နေတာဖြစ်မယ် ”

“ဟုတ်လောက်မယ် အဘ အဲ့တာ သူတို့က ဟိုအမယ်အိုကို အပြစ်တင်ချင်နေတာ”

“လူတွေရဲ့အစွဲပေါ့ ပြီးတော့ မရှိခိုးနိုး မလှစုန်းရိုး ဆိုတဲ့စကားပုံလိုပေါ့ကွယ် ”

“အဘ ကျနော်တို့က ဖြစ်လာတော့မဲ့ပြဿနာကို ဒီအတိုင်း ရပ်ကြည့်နေရမှာလား တားဆီးလို့ မရဘူးလား”

“အဘတို့မြင်နေရတာက ငွေကိုင်းရွာရဲ့အတိတ်လေ ဘယ်လိုလုပ် ပြင်ဆင်နိုင်မှာလဲ ”

သူရိယသည် ဦးဖိုးဝေ၏စကားကြောင့် သူမြင်တွေ့နေရသော ငွေကိုင်းရွာလေး၏ ပြဿနာအစကို စိတ်မသက်သာဖြင့် ဆက်ကြည့် နေလိုက်ရပါတော့သည်။

◾အခန်း (၅)

ကိုမင်းအောင်သည် သူတို့၏ အိမ်နားအထိရောက်လာသော ရွာသားများအား အိမ်ဝိုင်းအပြင်ဘက်ထွက်ကြည့်ကာ တအံ့တဩဖြစ်နေပြီး အကျိုးအကြောင်း မေးမြန်းလိုက်လေသည်။

“ဟေ့လူတွေ ဘာဖြစ်လာတာလဲ နောက်က ကလေးတွေက သတိလစ်နေတာလား”

“မင်း ဘာစကားမှမပြောနဲ့ မင်းအမေစုန်းမကြီးရှိလား”

“ဟေ့ကောင် မင်းတို့ဘာစကားပြောတာလဲ ငါ့အမေကို ”

“မင်းကြားတဲ့အတိုင်းပဲ မင်းအမေက စုန်းမမို့လို့ စုန်းမလို့ပြောတာကွာ”

“တော်စမ်း မင်းတို့ကောင်တွေ ငါ့အမေကို ပြောတာဆိုတာတွေ လွန်နေပြီ”

“လွန်တော့ဘာဖြစ်လဲ ဒီနေ့ စုန်းမျိုးဖြုတ်မဲ့နေ့ပဲကွ”

စိတ်တိုဒေါသထွက်နေသော ရွာသားများသည် အိမ်ဝိုင်းအပြင်သို့ထွက်လာသော မင်းအောင်အား ဖမ်းချုပ်လိုက်ကြသည်။မင်းအောင်အား ဖမ်းချုပ်ပြီးချိန်တွင် ကလေးများကို ချီလာသော ကလေးမိဘများသည် ကျယ်လောင်စွာ ငိုကျွေးလိုက်ရာ လက်နက်ကိုင်ထားသော ရွာသားများသည် ကလေးများဘက် လှည့်ကြည့်ပြီး

“ကလေးတွေ ဘာဖြစ်ကြတာလဲ”

“ငါ့ ငါ့သားလေးဆုံး ဆုံးပြီ ”

“ဟုတ်တယ် ငါ့သမီးလေးလည်း ဆုံးသွားပြီကွာ ရက်စက်လိုက်တဲ့ စုန်းမကြီး”

ကလေးငယ်များ၏မိဘများမှ သူတို့၏ ကလေးများ လက်ပေါ်တွင် ဆုံးပါးသွားသောကြောင့် စုန်းမကြီးသည် သူတို့၏ ကလေးများကို သတ်ပစ်သည်ဟု စွပ်စွဲကာ ကျယ်လောင်စွာ ငိုယိုနေကြသည်။လက်နက်ကိုင်ဆောင်ထားသော ရွာသားများမှာ ထိန်းချုပ်နိုင်စွမ်းကင်းမဲ့လာကာ မင်းအောင်ကိုလည်း ရိုက်ပုတ်ဆဲဆိုကြိမ်းမောင်းပြီး အိမ်ဝိုင်းထဲဝင်ဖို့ကြိုးစားနေချိန် ဒဏ်ရာများရနေသည့် မင်းအောင်သည် ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး သူ၏မိသားစုအား ကာကွယ်ဖို့ရာ ကြိုးစား‌ လိုက်ပါတော့သည်။

“အမေ ကလေးတွေကို ပြေးခိုင်းတော့”

အမှန်စင်စစ် ဒေါ်မြဝင်းသည် အခြေအနေကို ရိပ်စားမိသော ကြောင့် မြေးနှစ်ယောက်အား ပြေးခိုင်းပြီးဖြစ်သည်။ဒေါ်မြဝင်းသည် သူ၏မြေးနှစ်ယောက်အား မျက်ရည်စက်လက်ဖြင့် စကားဆိုသေးသည်။

“မြေးလေးတို့ ပြေးကြတော့ ”

“အဖွားကျုပ်တို့က ဘာလို့ပြေးရမှာလဲ”

“ဒီရွာက လူ့ငနွားတွေက အဖွားတို့ကို သတ်မှာ ”

ကျုပ်တို့က သူတို့ကို ဘာလုပ်လို့သတ်ရမှာလဲ”

” စကားများမနေပါနဲ့ မြေးတို့ရယ် မြေးလေး မင်းအကိုကြီးကိုဂရုစိုက်နော် ”

“စိတ်ချပါ အဖွား ”

ကလေးနှစ်ယောက်သည် အိမ်ဝိုင်းအပြင်မှ လူအုပ်ကြီးကို ကြောက်နေသည့်မို့ အခြားမည်သည့်အရာကိုမှ မတွေးနိုင်တော့ပဲ အိမ်ဝိုင်းနောက်ဖက်မှနေ၍ ရွာအပြင်သို့ပြေးထွက်သွားချိန် လူအုပ်ကြီးသည် အိမ်ဝိုင်းထဲသို့ ဝင်ရောက်လာပြီး ဒေါ်မြဝင်းအား ဆံပင်မှဆောင့်ဆွဲကာ အိမ်ဝိုင်းအပြင်သို့ တရွက်တိုက် ဆွဲခေါ်သွားလေသည်။ဦးဖိုးဝေနှင့် သူရိယသည် ထိုမြင်ကွင်းအား စိတ်မကောင်းစွာဖြင့် ငေးကြည့်နေကြရပါတော့သည်။

◾အခန်း (၆)

ဦးဖိုးဝေနှင့်သူရိယသည် ကလေးငယ်လေးနှစ်ယောက် ထွက်ပြေးသွားသောဘက်သို့ လိုက်သွားကြသည်။ကလေးနှစ်ယောက်သည် မြန်မြန်ဆန်ဆန် ပြေးနေသော်လည်း ဦးဖိုး‌ဝေတို့ လွယ်လွယ်ကူကူပင် အမှီလိုက်နိုင်ခဲ့သည်။ကလေးနှစ်ယောက်သည် ရွာနှင့် အတန်လှမ်းသော တောအုပ်တခုသို့ ရောက်သော အခါ သဖန်းပင်တပင်၏အရိပ်အောက်တွင် နားလိုက်ကြလေသည်။သူတို့၏ မျက်နှာတွင် စိုးထိတ်မှုကြောက်ရွံမှုတို့ ဒွန်တွဲလျက်ရှိနေသည်။ညီအကိုနှစ်ယောက်အနက် အကိုဖြစ်သူသည် သူ၏ ညီငယ်အား စကားဆိုလေသည် ။

“ညီလေး အဖွားနဲ့ အဖေ့ကို သူတို့က ဖမ်းပြီးဘာလုပ်မှာလဲ”

“ငါလည်းဘယ်လိုလုပ်သိမလဲ အကိုရာ”

“သူတို့က ဘာလို့ငါတို့ကို ဒုက္ခပေးရတာလဲ”

“အဖွားကို စုန်းမကြီးဆိုပြီး ခေါ်တာ ကြားလိုက်တယ် ”

“ငါတို့အဖွားက ဘယ်သူ့ကိုမှ ဒုက္ခမပေးပါဘူးကွာ သူတို့မသိလို့နေမယ်”

“အဲ့တာထားဦး အကို ရေမဆာဘူးလား ”

“ဆာတယ် ”

“အဲ့တာဆို အရင် ရေရှာပြီးသောက်ရအောင်”

ညီငယ်ဖြစ်သူ၏ စကားကိုလက်ခံပြီး ရေသွားရှာရန် ကြံလိုက်ပြီးမှ အကိုဖြစ်သူ၏စိတ်ထဲတွင် အတွေးတခုဝင်သွားကာ ပြန်ထိုင်လိုက်ပြီး

“ညီလေး အကိုညောင်းနေလို့ မင်းဘာသာပဲ သွားလိုက်ပါလား”

“အကို မင်း ရေဆာနေတာမဟုတ်လား ထပါကွာ ဒီတောထဲမှာ စမ်းချောင်းလေးတော့ရှိမှာပါ”

“ငါတကယ်ညောင်းနေလို့ပါကွာ ဒီနားကပဲစောင့်မယ်”

“အေးကွာ ငါ မင်းအတွက် ရေခပ်ခဲ့မယ် ”

ညီဖြစ်သူ တောထဲသို့ဝင်သွားပြီးနောက် အကိုဖြစ်သူသည် တယောက်ထဲ ကျန်ခဲ့သည့်အချိန်တွင် ထိုင်နေရာမှထလိုက်ပြီး ရွာဘက်သို့ ပြန်သွားသည်။လမ်းလျှောက်သွားနေ၍ သူတို့ညီအကို နှစ်ယောက်အား လိုက်ကြည့်နေသော ဦးဖိုးဝေနှင့် သူရိယသည် မည်သူ့နောက်လိုက်ရမည်ကို ခေတ္တတွေးလိုက်ပြီး နောက်ဆုံး ရွာဘက်သို့ ပြန်သွားသော သူနောက်ကိုသာ လိုက်သွားပါလေတော့သည်။

◾အခန်း (၇)

ဦးဖိုးဝေနှင့်သူရိယသည် ရှေ့မှသွားနေသော ကလေး၏ နောက်မလှမ်းမကမ်းမှ လိုက်ပါသွားရာ မကြာသောအချိန်တွင်ရွာအဝင်သို့ ရောက်လာသည်။ရွာအဝင်သို့ရောက်သောအခါ လူရွယ်နှစ်ယောက်သည် ရွာထဲဝင်လာသော ကလေး၏ လက်ကိုဆွဲကာ အိမ်တအိမ်ထဲသို့ ဆွဲခေါ်သွားပြီး အထိတ်တလန့်ဖြင့် စကားဆိုလေသည်။

“တင်ဝင်း မင်းဘာလာလုပ်တာလဲ မင်းညီ တင်မင်းရော”

“သူတောထဲကျန်ခဲ့တယ် ဦးလေးသာမြ”

“ရွာထဲကလူတွေ မင်းတို့မိသားစုကို ရန်ရှာနေတယ် ကလေးခြောက်ယောက်ကို မင်းအဖွားကသတ်တယ်ဆိုပြီးတော့ အခု မင်းတို့ကိုပါ သတ်မလို့ ကြံနေတာ မင်းအဖွားကြောင့်မဟုတ်ဘူးဆိုတာ ငါတို့သိတယ်။ဒါပေမဲ့ရွာသားအများစုက မသိဘူး ကောင်လေး မင်းတို့ညီအကို ရွာနဲ့အဝေးဆုံးကိုသာ ပြေးပေတော့ကွာ”

“ကျုပ်တို့က ဘာလို့ပြေးရမှာလဲဗျ ဘာမှမလုပ်ထားတာ အဲ့တာကြောင့် ကျုပ်ပြန်လာခဲ့တာ ”

“တင်ဝင်းရာ ပြောရခက်လိုက်တာ မင်းမြန်မြန်သာ ပြေးပါတော့ကွာ”

“မပြေးနိုင်ပါဘူး ကျုပ်အဖေနဲ့ ကျုပ်အဖွားကို ပြန်လွှတ်ခိုင်းမယ် ပြီးရင် ကျုပ်တို့ ဒီရွာက ထွက်သွားကြမယ်”

တင်ဝင်းဟုအမည်ရသော ကလေးသည် ကလေးအတွေးဖြင့် အရာအားလုံးအား သမရိုးကျတွေးကာ ပြောနေခြင်းဖြစ်သည်။သူ့အား အိမ်ထဲခေါ်ပြီး စကားပြောနေသောသူများ၏ စိုးရိမ်မှုကိုလည်း သူမြင်ဟန်မရှိပေ။သာမြဟုအမည်တွင်သောလူရွယ်သည် သူ၏အိပ်ကပ်ထဲမှ ငွေစက္ကူအချို့ကို ထုတ်လိုက်ကာ တင်ဝင်း၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး

“ငါမင်းအဖေနဲ့ သူငယ်ချင်းပဲ တင်ဝင်း ဒါပေမဲ့ အခုအချိန် ငါလုပ်ပေးနိုင်တာဆိုလို့ ဒါပဲရှိလို့ပါကွာ ကဲ တင်ဝင်းရေ ပြေးတော့ဟေ့ မင်းတို့ညီအကိုနှစ်ယောက် တိုင်တိုင်ပင်ပင်နဲ့နေကြကွာ”

သာမြနှင့် သူ့အပေါင်းအသင်းအချို့သည် သူတို့၏ သူငယ် ချင်းဖြစ်သူကို ကာကွယ်ချင်ပေးချင်သော်လည်း အများနှင့် သူတို့အနည်းငယ်သာဖြစ်နေ၍ မတတ်စွမ်းသာပေ။ထို့ကြောင့် သူငယ်ချင်းမင်းအောင်၏ သားနှစ်ယောက်အား သူ တတ်နိုင် သလောက် ကူညီခြင်းဖြစ်သည်။ထို့နောက် တင်ဝင်းသည် သာမြတို့ပေးသော ငွေများကိုဆုပ်ကိုင်ကာ အိမ်အပြင်သို့ ထွက်မည်ပြုစဉ် အိမ်ထဲသို့ တိုးတိုးတိတ်တိတ် လူတစ်စု ဝင်လာလေသည် ။ထိုလူများသည် တင်ဝင်းကို ပွေ့ချီပြီး

“ဟေ့ကောင်သာမြ မင်းက စုန်းမကြီးမျိုးဆက်ကို ဖွက်ထားချင်နေတာလား”

“မင်းတို့လုပ်ရပ်တွေ မှားနေပြီကွ ကလေးနဲ့ ဘာမဆိုင်ဘူး”

ဟေ့ကောင် သာမြ မင်းက မင်းကလေးတွေ ဘာမှမဖြစ်တော့ ဂရုဏာရှင်ကြီးလုပ်နေနိုင်တာပေါ့ ငါတို့က ကလေးတွေ ဆုံးရှုံး ထားရတာကွ ”

“မင်းတို့ကို ငါကိုယ်ချင်းစာပါတယ် ဒါပေမဲ့ ဒီကလေးတွေနဲ့ ဘာဆိုင်လို့လဲကွာ ”

“ကျုပင်ခုတ် ကျူငုတ်တော့ချန်ခဲ့လို့ ဖြစ်မလား”

ဒေါ်မြဝင်းကို မလိုလားကြသောလူများသည် တမိသားစုလုံးကို လက်စဖျောက်ရန်ကြံနေခြင်းဖြစ်သည်။ထိုအကြံကိုသိသော သာမြတို့သည် တင်ဝင်းအား ကာကွယ်ပေးရန် ကြိုးစားသော် လည်း ရွာသားများ၏ တိုက်ခိုက်မှုကိုသာ ခံလိုက်ရပြီး တင်ဝင်းအား မကာကွယ်နိုင်ပဲ ဒဏ်ရာအလိမ်းလိမ်းနှင့်သာ ကျန်နေခဲ့ရသည်။ရွာသားများသည် တင်ဝင်း အော်ဟစ်ရုန်းကန်နေသည့် ကြားမှ အတင်းအကြပ် ခေါ်ဆောင်သွားကြပါတော့သည်။ထိုအခါ ဦးဖိုးဝေနှင့် သူရိယသည်လည်း ထပ်ပြီးလိုက်သွားရပါလေတော့သည်။

◾အခန်း (၈)

ငွေကိုင်းရွာလေး၏ ရွာနောက်ဘက် လယ်ကွင်းပြင်တွင်ဖြစ်သည်။ထင်းတုန်းများကို စုပုံထားပြီး ထိုထင်းပုံ၏ အလယ်တိုင်တွင် လူသုံးယောက်ကို ပူးချည်ထားသည်။အချည်ခံထားရသောသူများမှာ ဒေါ်မြဝင်းနှင့် မင်းအောင် ပြီးနောက် တင်ဝင်းတို့ဖြစ်သည်။တင်ဝင်းသည်ကြောက်လန့်လွန်း၍ ငိုယိုကာ သူ၏ဖခင်နှင့်အဖွားအား ကယ်တင်ပေးရန် တောင်းပန်နေရှာ သည်။မြေးဖြစ်သူ ကြောက်လန့်ကာ အော်ဟစ်ငိုယိုနေသံကြောင့် ဒေါ်မြဝင်းသည် ရွာလူကြီးနှင့် တခြားသောရွာသားများကို တောင်းပန်စကားဆိုလေသည်။

“အောင်လှိုင် နင်ငါ့ကိုသတ်ချင်ရင်သတ် ငါ့သားနဲ့ ငါ့မြေးလေးကိုတော့ လွှတ်ပေးပါ ”

“လွှတ်လို့ရမလား ခင်ဗျားလိုစုန်းမကြီးရဲ့မျိုးဆက်ကို ချန်လို့ ရမလား ပြီးတော့ခင်ဗျားသတ်ခဲ့တာ ကလေးခြောက်ယောက်နော်”

“နင့်ကိုငါ ဘယ်နှစ်ခါပြောရမှာလဲ ငါ အဲ့ဒီကလေးတွေကို ဘာမှမလုပ်ဘူးလို့”

“သူခိုးကတော့ ခိုးတယ် ဘယ်ပြောမလဲ ကျုပ်လွှတ်ချင်ရင် တောင် ရွာသားတွေက လွှတ်ပေးမှာမဟုတ်ဘူး”

“နင်တို့တွေ အတော်ကိုအတ္တများပါလား ငါ အဲ့ဒီကလေးတွေကို ဘာမှမလုပ်ခဲ့ဘူး ”

“ခင်များခြံထဲက အသီးတွေစားပြီး ကလေးတွေ သေကုန်တာလေ ခင်ဗျားက ခြံထဲဝင်တဲ့ကလေးတွေကို သေနာလေးတွေ သေမှ အေးမယ် ဆိုပြီး ကျိန်ဆဲခဲ့တာ မဟုတ်လား ”

“သူတို့တွေက မမှည့်သေးတဲ့အသီးတွေကို ခူးလို့ ပြောမိတာ ”

“ပြောလို့မရလို့သတ်လိုက်တာ မဟုတ်လား စုန်းမကြီး ခင်ဗျားသေကို သေရမယ် တမျိုးလုံး သေရမယ်”

ရွာသားများသည် စကားပြောနေသော ဒေါ်မြဝင်းအား ခဲလုံးများနှင့်ပေါက်ကြပြီး သားဖြစ်သူနှင့် မြေးဖြစ်သူကိုတို့ပါ ထိ ခိုက်မိကုန်၏။မင်းအောင်သည် သားဖြစ်သူတင်ဝင်း၏ ငိုသံကြောင့် ဆို့နစ်နေသောအသံဖြင့် တင်ဝင်းအား စကားဆိုလေသည်။

“ငါ့သားရယ် မင်းဘာလို့ပြန်လာရတာလဲကွာ ဒီရွာက လူတွေက လူမဟုတ်တော့ဘူးကွ မင်းကွာ”

“အဖေ ကျုပ်တို့သေရတော့မှာလား ညီလေး ဒီကိုမလာစေချင်ဘူး”

မင်းအောင်သည် သားဖြစ်သူ၏စကားကို ပြန်မပြောပဲ မိခင်ကြီးအား စကားဆိုလိုက်သည်။

“အမေ ကျုပ်အမေ့ကို မပြောခဲ့ဘူးလား ဒီရွာကနေ ပြောင်းရ အောင်ဆိုတာလေ ကျုပ်က ဒီရွာသားတွေရဲ့သောက်ကျင့်ကို သိလို့ပဲဗျ”

” အမေ မှားပါတယ် သားရေ ငါက ငါ့ရွာသားတွေ ငါ့အပေါ်ဒီ လို မလုပ်လောက်ဘူးထင်တာ ငါ့ကို ဘယ်လောက်ပဲ မုန်းနေပါ စေ ငါ့ရဲ့မျိုးဆက် နင်တို့အပေါ်ကိုတော့ မရက်စက်လောက်ပါဘူးထင်ထားတာ အခုတော့ ဒင်းတို့က ငါ ထင်ထားသလို မဟုတ်ဘူးပဲ ”

ဒေါ်မြဝင်းသည် ခဲများဖြင့် ပေါက်ခံနေရသည့် ကြားထဲမှ ရွာသားများဘက်ကို လှည့်ကာ

“ဟေ့ ငွေကိုင်းရွာက ခွေးတွေ ခွေးမတွေ ‌နင်တို့ကို ငါ ပြော မယ် ငါ့ သားနဲ့ ငါ့မြေးကို လွှတ်ပေးမလား မလွှတ်ပေးဘူးလား
ဒါပဲ ပြော ”

“ဟာ ဒီစုန်းမကြီး အဖမ်းခံထားရတာတောင် ခေါင်းကျောက မာသေးတယ် မြန်မြန်မီးရှို့ဖို့ လုပ်ကြဟေ့ ”

ရွာသားများသည် ထင်းခြောက်များပါ ယူလာပြီး ထင်းပုံပေါ် တင်လိုက်ကြသည်။တချို့သူများသည် သက်ငယ်များပါ ယူ လာပြီး မီးလောင်လွယ်စေရန် ပုံလိုက်ကြလေသည် ။

ထိုသို့သောမြင်ကွင်းကို မြင်တွေ့ နေရသော သူရိယသည် ဦးဖိုးဝေအား

“အဘ ကျနော် ဒီမြင်ကွင်းကို မကြည့်နိုင်ဘူးဗျာ ဘာကြောင့် ဒီရွာသားတွေကို ကျိန်စာတိုက်ရလဲဆိုတာ ကျနော်တို့ သိပြီပဲ မကြည့်တော့ဘူး အဘရာ ”

“နေဦး လူလေး မင်း မကြည့်နိုင်ရင်မကြည့်နဲ့ တောထဲသွားပြီး အငယ်ကောင်လေးကို သွားရှာခဲ့ကွယ် ပြီးရင် ရွာအလယ်ကရေတွင်းမှာ ပြန်ဆုံကြတာပေါ့ ”

သူရိယသည် ခေါင်းညိတ်လိုက်ပြီး ထိုနေရာမှ ဝေးရာသို့ ထွက်လာစဉ် ဒေါ်မြဝင်းတို့ကို မီးတင်ရှို့မည့်နေရာ လယ်ကွင်းပြင်အားမြင်နိုင်သော သစ်ပင်ကြီးတပင်၏ အနောက်တွင် ချောင်းကြည့်နေသောကောင်လေးတယောက်ကို တွေ့လိုက်ရသည်။ထိုကောင်လေးမှာ တင်မင်းဖြစ်သည်။တင်မင်းသည် အံကို ကြိတ်ထားရင်း မျက်လုံးမှ မျက်ရည်တို့ တစက်ချင်းကျ နေ၏။ထိုစဉ် ကျယ်လောင်သော ဒေါ်မြဝင်း၏ အော်ဟစ်စကားပြောသံက ထွက်ပေါ်လာလေသည်။သူမ၏ အသံသည် အရွယ်နှင့် မလိုက်ဖက်အောင် ကျယ်လောင်လွန်းလှသည်။

“ရက်စက်တဲ့ ငွေကိုင်းရွာသားတွေ နင်တို့ကို ငါ ကျိန်စာတိုက်မယ် ရွာကို စောင့်တဲ့ ရွာစောင့်နတ် ဒီရွာ နင်နဲ့မဆိုင်ဘူး။ထွက် သွားပေတော့ ဒီရွာနဲ့ ဒီရွာသားတွေပိုင်တဲ့နေရာတိုင်း မိုးမရွာပဲ ခြောက်ခမ်းပါစေ နင်တို့ရဲ့ဆွေစဉ်မျိုးဆက်အားလုံး ဘယ် တော့မှ လူမွေးသူမွေး မပြောင်ပါစေနဲ့ ငါရဲ့သွေးသားတယောက်ယောက်ရဲ့ ခွင့်လွှတ်မှုကသာ ဒီကျိန်စာကို ပယ်ဖျက်နိုင်စေရမယ်ဟေ့ ”

ဒေါ်မြဝင်း၏ အော်သံဆုံးသည် နှင့် တင်ဝင်း နှင့် မင်းအောင် တို့၏ နာကျင်လွန်း၍ အော်သစ်သံများသည် စိတ်မချမ်းမြေ့ ဖွယ်ကြားရပြီး သူတို့အောက်တွင်ပုံထားသည့် မီးစာဖြစ်သော ထင်းတို့သည် တဖြည်းဖြည်းနှင့် မီးတောက်ကြီးများအဖြစ်သို့ အားပြုနေလေသည်။သစ်ပင်၏နောက်တွင် ကြည့်နေသော တင်မင်းသည် သူမြင်နေရသည်ကို ဆက်မကြည့်နိုင်တော့ဟန် ရှိ၏။‌ခြေဦးတည့်ရာ တောထဲသို့ ထွက်ပြေးသွားပါလေတော့ သည်။သူရိယသည် တင်မင်း၏နောက်သို့ လိုက်သွားရာ တနေ ရာအရောက်တွင် ဘုန်းကြီးတပါးသည် တင်မင်း၏ လက်ကိုဆွဲထားလိုက်ပြီး ရွာနှင့်ဝေးရာသို့ ထွက်သွားလေတော့သည် ။သူရိယ လိုက်ဖို့ရာ ကြိုးစားသော်လည်း သူ၏နားထဲတွင် ဦးဖိုးဝေ၏ အသံက ပေါ်လာလေသည် ။

“လူလေး ရေတွင်းကို ပြန်လာခဲ့တော့ အဘတို့ ပြန်ဖို့ အချိန် ကျပြီ ”

သူရိယသည် ဦးဖိုးဝေ၏ စကားကြောင့် တင်မင်းအား ခေါ်သွားသည့် ဘုန်းကြီး၏အနောက် မလိုက်တော့ပဲ ရွာထဲသို့သာပြန်လိုက်လေသည်။ရွာအလယ်ရှိ ရေတွင်းကို ရောက်ချိန် ဦးဖိုးဝေလည်း ရောက်ရှိနေပြီဖြစ်သည်။ထို့နောက် ဦးဖိုးဝေသည် လက်သီးဆုပ်ကို နဖူးတွင်တည်ပြီး ရေတွင်းထဲ ပစ်ပေါက်ဟန် ပြုလိုက်ရာ သူတို့သည် အခိုးအငွေ့များအဖြစ် ပြောင်းသွားကာ ရေတွင်းထဲသို့ ဝင်ရောက်သွားပါလေတော့သည် ။

◾အခန်း (၈)

လင်းကြက်တို့သည် တွန်မြည်လေပြီ ဖြစ်သည်။ထိုအချိန်တွင် ငွေကိုင်းရွာလေး၏ ရွာလယ်ရေတွင်းထဲမှ အခိုးအငွေ့များ ထွက်လာကာ လူသဏ္ဍန်နှစ်ခု ပေါ်လာလေသည်။ထိုနှစ်ဦးမှာ ဦးဖိုးဝေ နှင့် သူရိယ တို့ဖြစ်သည်။သူတို့နှစ်ယောက်သည် တယောက်မျက်နှာတယောက်ကြည့်ကာ ရွာလယ်လမ်းအတိုင်း မည်သည့်စကားမှ မပြောကြပဲ လမ်းလျှောက်လို့သွားနေကြသည်။ထို့နောက် အိမ်ဝိုင်းတဝိုင်းထဲသို့ ဝင်လိုက်ချိန် မအိပ်သေးပဲ စောင့်နေဟန်ရှိသော ဦးမြမောင်နှင့် မိသူတို့ကို တွေ့လိုက်ရသည်။သူမတို့သည် ဦးဖိုးဝေတို့ ဝင်လာသည်ကို မြင်သည်နှင့်

“ဆရာကြီးတို့ ပြန်လာပြီလား ဘယ်လိုလဲ ရွာရဲ့ကျိန်စာတွေကို ဖျက်ပြီးပြီလား ”

“ဆရာကြီး ပြောပြပါဦးဗျ ရွာရဲ့ကျိန်စာက ပျယ်သွားပြီလား”

ဦးဖိုးဝေ ခေါင်းကို ခါယမ်းလိုက်သည်။ထို့နောက် တန်းလျားတွင် ထိုင်ချလိုက်ပြီး

“အပြစ်မရှိတဲ့သူတွေ တိုက်တဲ့ကျိန်စာကို ကျုပ် လွယ်လွယ် နဲ့ ဘယ်လိုလုပ်ဖြေနိုင်မှာလဲ အကျိုးအကြောင်းကို သူရိယသာ မေးကြည့်ပါတော့”

ဦးဖိုးဝေသည် ထိုမျှသာပြောပြီး အိမ်ပေါ်သို့ တက်သွားလေ တော့သည်။အိမ်အောက်တွင်တော့ သူရိယသည် ဦးမြမောင်နှင့် မိသူအား ငွေကိုင်းရွာတွင် ဖြစ်ခဲ့သောအဖြစ်အပျက်အား ပြောပြလိုက်သည်။ဦးဖိုးဝေသည် အိပ်ယာပေါ် တွင် တုံးလုံးလှဲအိပ်ရင်း ဒေါ်မြဝင်း၏ မြေးအငယ်ဖြစ်သော တင်မင်းအကြောင်းအား တွေးနေပါလေတော့သည် ။

◾ဦးဖိုးဝေ နှင့် ငွေကိုင်းရွာ ပြဿနာသည်က ဤမျှသာ။

ရေးသားသူ- မောင်တင်ဆန်း

#မောင်တင်ဆန်း

#crd