ကားလမ်းပေါ်က တစ္ဆေ(စ/ဆုံး)

ကားလမ်းပေါ်က တစ္ဆေ(စ/ဆုံး)

ဒီနှစ် ပုဗ္ဗာရုံကျောင်း ကထိန်ကတော့

အတော့်ကို စည်တာဗျို့။ ဆရာတော်ဆိုတာ

ဝမ်းသာလို့ တပြုံးပြုံးဖြစ်နေရောဗျာ။ ဒီလိုဗျို့။

ထနောင်းကုန်းကနေ ရန်ကုန်တို့ မန္တလေးတို့ကို

ပြောင်းသွားတဲ့ ကျုပ်တို့ရွာသားဟောင်းတွေ

သူတို့ချင်း အဆက်အသွယ်လုပ်ပြီး ရွာကို

စုပြန်လာကြတာဗျ။

 

လွန်ခဲ့တဲ့ နှစ်,နှစ်ကတည်းက ရွာမှာ ကထိန်ခင်းဖို့

ငွေစုကြတယ်ဆိုပဲ။ လှူလိုက်ကြတာဗျာ။ ကျုပ်တို့

တစ်ရွာလုံး မီးခိုကို တိတ်ရောပဲ။ ပဒေသာပင်တွေလည်း

သီးထားလိုက်တာ နည်းရောလားဗျာ။ အပင်

နှစ်ဆယ်လောက်ကို ရှိတာဗျ။

 

ရွှေတောင်ဦးဘုရားပွဲမှာ တီးနေကြ ကိုမြင့်တို့

ဒိုးဝိုင်းနဲ့ ဦးရွှေရိုး၊ ဒေါ်မိုးအကနဲ့ ရွာထဲက

လမ်းစေ့အောင် ကထိန်လှည့်ကြတာဗျ။

ထနောင်းကုန်းသားတွေ ပျော်ချက်တော့

ပြောမနေတော့နဲ့ဗျာ။ ကျုပ်တို့ကာလသားတွေ

ကတော့ လွှတ်ပင်ပန်းတာပေါ့ဗျာ။

 

ဒါပေမယ့် ကျုပ်တို့ကလည်း ပျော်နေတာဆိုတော့

ပင်ပန်းတယ်လို့ကို မထင်ဘူးဗျို့။ ကျုပ်တို့

ကာလသားတွေ တစ်ယောက်မှ အိမ်မပြန်ရဘူးဗျ။

အားလုံး ဆရာတော့်ကျောင်းမှာပဲ အိပ်ကြရတာ။

အိပ်တယ်သာ ပြောတာပါဗျာ။ မှေးရုံကလေးပါပဲ။

မနက်ကျွေးဖို့ရာ ညကတည်းက ချက်ပြုတ်

နေကြတာမို့လား။

 

တန်ဆောင်မုန်းဆိုတော့ ကျုပ်တို့အညာက

အတော်အေးနေပြီလေဗျာ။ ရန်ကုန်ကလာတဲ့

ကိုစိန်မောင်တို့၊ ကိုမြမောင်တို့ဆိုရင် ကျောင်းဝင်းထဲမှာ

မီးလှုံနေကြတာဗျ။ ကိုစိန်မောင်နဲ့ ကိုမြမောင်က

ရန်ကုန်မှာ နေကြတာ။ တက္ကစီးကားတွေ

ထောင်ထားတယ်ဆိုပဲ။

 

သူတို့ညီအစ်ကိုလည်း ကိုယ်တိုင် တစ်ယောက်တစ်စီး

မောင်းတယ်။ ပြီးတော့ သုံးစီးလောက်က သူတို့

ထောင်ထားပြီး သူများကို ငှားထားတာ။

အခုလာတော့ လိုက်လာတဲ့ တက္ကစီသမားတွေ

ခြောက်ယောက်၊ ခုနှစ်ယောက်လောက် ရှိတယ်ဗျ။

 

“ဟေ့ကောင် တာတေ၊ လာပါဦးကွ”

 

ကိုမြမောင်ရော ကိုစိန်မောင်ရော ကျုပ်ကို

လွှတ်ခင်တာဗျ။ ကိုစိန်မောင်ကြီး ခေါ်လို့

ကျုပ်က သူတို့ မီးလှုံနေတဲ့နေရာကို သွားလိုက်တယ်

 

“ထိုင်ပါဦးကွ တာတေရ၊ မနက်အတွက် အလုပ်တွေ

များနေလို့လား”

 

ကိုမြမောင်က ကျုပ်ကို မေးတယ်။ သူတို့ညီအစ်ကိုက

အသက်သုံးဆယ်ကျော်လောက် ရှိကြပြီဗျ။ အညာသား

တွေသာ ဆိုတယ်။ ဒီလူတွေက အသားလတ်လတ်တွေဗျ။

 

ညီအစ်ကိုနှစ်ယောက်စလုံး လူပုံချောတွေဗျ။

စိတ်ထားလည်း လွှတ်ကောင်းကြတာ။ ကျုပ်က

ကိုစိန်မောင်ကြီးနားမှာ ဝင်ထိုင်လိုက်တယ်။

ကိုစိန်မောင်က ရန်ကုန်က ပါလာတဲ့ သူတို့

မိတ်ဆွေ တက္ကစီဆရာတွေဘက်ကို

လှည့်ကြည့်ပြီး ပြောသဗျ။

 

“ကိုဝင်းတို့ ကိုကြည်စိုးတို့ ခင်ဗျားတို့ မဖဲဝါကို

ကြားဖူးကြသလား”

 

“ဟာ ကြားဖူးတာပေါ့ဗျ။ ကိုစိန်မောင်ရဲ့

ဘာဖြစ်လို့တုံး”

 

“ဟောဒီက ကျုပ်တူ တာတေက မဖဲဝါကြီးနဲ့

လွှတ်ခင်တာဗျ”

 

“ဟေ …ဟုတ်လား၊ နို့ မောင်တာတေ၊ မဖဲဝါကို

မြင်ဖူးသလား”

 

ကျုပ်ကို အံ့သြတဲ့မျက်နှာနဲ့ကြည့်ပြီး ကိုကြည်စိုး

ဆိုတဲ့ လူက မေးတယ်ဗျ။

 

“ဟာ မြင်ဖူးပါပြီလားဗျာ”

 

လို့ ကျုပ်က ပြန်ပြောလိုက်တော့ ရန်ကုန်ကလာတဲ့

ကားဆရာတွေ အံ့သြပြီး ခေါင်းတွေ ထောင်လာကြရောဗျို့။

 

“ဟင် ဘယ်လိုပုံစံမျိုးတုန်းကွ ၊ မောင်တာတေရ”

 

အသက်လေးဆယ်ကျော်လောက်ရှိတဲ့ ကားဆရာက

ကျုပ်ကို မေးတယ်ဗျ။

 

“အစက ကျုပ်မြင်ရတဲ့ မဖဲဝါက အရပ်အရှည်ကြီးဗျ”

 

“ဟေ ဘယ်လောက်တောင် ရှည်လို့တုံး ၊မောင်တာတေရဲ့”

 

ကားဆရာတစ်ယောက်က မီးဖိုထဲကို ထင်းတုံးတစ်တုံး

ထိုးထည့်ရင်း ကျုပ်ကို လှမ်းမေးတယ်ဗျ။

 

“ဆယ်ပေလောက် ရှိတယ်ဗျ။ ဆံပင်ဖားလျားကြီးနဲ့၊

မျက်လုံးကြီးတွေက နီနီကြီးတွေ၊ မျက်နှာကြီးက

တော်တော်ကို ကြောက်စရာကောင်းတာဗျ”

 

“ဟေ ဟုတ်လားကွ၊ နို့ နေပါဦး အဝတ်အစားက

ဘယ်လိုဝတ်တုံး”

 

ကိုဝင်းလို့ခေါ်တဲ့ ကားဆရာက ကျုပ်ကို မေးပြန်တယ်။

 

“တော်တော်ရှေးကျတဲ့ အဝတ်အစားမျိုးဗျ။

ခါးထောင်အင်္ကျီလက်ပွပွကြီးနဲ့ ထဘီအထက်ဆင်

အပြားကြီးကြီးကို ဝတ်ထားတာ”

 

“နို့ နေပါဦး မောင်တာတေ၊ စောစောက ပြောတဲ့

အထဲမှာ အစက မြင်တုန်းက ဆိုတာပါတယ်၊

အခုနောက် မြင်တော့ရော”

 

“ဒီနောက်ပိုင်းမှာတော့ မဖဲဝါကြီးက ကြိုက်တဲ့

အသွင်ကို ပြောင်းနိုင်တာ တွေ့ရတယ်”

 

“ဟေ ဟုတ်လား မောင်တာတေရဲ့၊ ဒါဆို

မဖဲဝါကြီးက မြို့ထဲ ရွာထဲမှာ လျှောက်သွားလာ

နေရင်တောင် ကျုပ်တို့ ဘယ်သိမှာတုံး”

 

“ဟာ အဲဒီလို မဟုတ်ဘူးဗျ။ မဖဲဝါက မြို့တွေ၊

ရွာတွေထဲကို အကြောင်းကိစ္စမရှိဘဲ မဝင်ရဘူးဗျ”

 

“ဟေ ဟုတ်လား မောင်တာတေ၊ ဒီအကြောင်းကို

ဘယ်လို သိတာတုံး”

 

ကားဆရာတစ်ယောက်က မေးပြန်ရောဗျ။

 

“ဟိုတစ်လောက ဘန့်ဘွေးကုန်းဘက်မှာ

မဖဲဝါနဲ့ ကျုပ်တွေ့တယ်၊ သူက ကျုပ်အရွယ်လောက်ရှိတဲ့

မိန်းကလေးပုံစံ လုပ်ထားတာဗျ။ သူ့ခွေးနက်ကြီးကိုလည်း

ခွေးသေးသေးလေးပုံစံပြောင်းထားတာ၊ကျုပ်ဖြင့်

လုံးဝကို မမှန်းမိပါဘူးဗျာ။ နောက်တော့ ရွာတံခါးမှာ

ွှရွာထဲဝင်ဖို့ လုပ်ရင်း သူ့ကို လှည့်ခေါ်လိုက်တယ်၊

ဒီတော့မှ သူက ကျုပ်ကို ‘ဟဲ့ တာတေ နင်ပဲသွား၊

ငါရွာထဲ ဝင်လို့ မရဘူး’ လို့ ပြောတာဗျ”

 

“ဟေ ဟုတ်လားကွ ၊ မောင်တာတေရဲ့ ”

 

စကားဆိုတာ စ,မိသွားရင် ဆက်ပြောဖြစ်တော့တာမို့လား။

ကျုပ်က သူတို့ကို ကျုပ်ရဲ့ အတွေ့အကြုံ နည်းနည်း

ပါးပါး ပြောပြတာပေါ့။ ဒီမှာတင် စကားဝိုင်းကြီးက

သရဲအကြောင်းတွေ ရောက်သွားတော့တာပေါ့ဗျာ။

ဒီလူတွေကလည်း ကားဆရာတွေဆိုတော့ နေ့ရောညပါ

ကားတစ်စီးနဲ့ လမ်းပေါ်နေကြရတဲ့သူတွေကိုးဗျ။

 

သူတို့မှာလည်း အတွေ့အကြုံတွေ နည်းတာမှ

မဟုတ်တာ။ သူတို့ပြောတဲ့ အကြောင်းတွေကလည်း

တော်တော်ကို စိတ်ဝင်စားဖို့ ကောင်းတာဗျို့။

ပထမဆုံး စပြောတာက ကိုဝင်းဆိုတဲ့ ကားဆရာဗျ။

 

“အေး ပြောရဦးမယ်ဟေ့၊ ဒီတုန်းက ရန်ကုန် – မန္တလေး

လမ်းဟောင်းပဲ ရှိသေးတာကွ ကြည်စိုးရ၊ ငါက

ရန်ကုန်က သူဋ္ဌေးတစ်ယောက်ရဲ့ ကားကို

မောင်းနေတာ ။ အဲဒီနေ့က သူဋ္ဌေးက သူ့ရွာကို

ကိစ္စတစ်ခုရှိလို့ သွားတာဟေ့၊ သူဋ္ဌေးနဲ့ ငါနဲ့

နှစ်ယောက်ပေါ့ကွာ၊ ကားက အက်(စ် )အီးအနီလေးကွ၊

ညနေ နွားရိုင်းသွင်းချိန်လောက်ကျတော့

ပဲခူးနဲ့ ဘုရားကြီးကြား ရောက်ပြီကွ”

 

ကားဆရာကိုဝင်းက ပြောရင်းနဲ့ ရေနွေးကြမ်း

တစ်ကျိုက်သောက်လိုက်တယ်ဗျ။ ကျုပ်ရော

ကျန်တဲ့လူတွေရော ကိုဝင်းဆက်ပြောမှာကို

စောင့်နေကြတာပေါ့ဗျာ။

 

“အေး အဲဒီနေရာလည်း ရောက်ရော ငါတို့ရှေ့

မလှမ်းမကမ်းမှာ ကောင်လေးတစ်ယောက်ကို

ခွေးနက်ကြီးတစ်ကောင်လိုက်ကိုက်နေတာဟေ့”

 

“ဘယ်လိုဗျ ကိုဝင်းရဲ့၊ ကောင်လေး ဟုတ်လား”

 

ကားဆရာတစ်ယောက် ဝင်ပြီးမေးတယ်ဗျ။

ကိုဝင်းက ခေါင်းညိတ်ပြပြီး ဆက်ပြောတယ်။

 

“အေး ဟုတ်တယ် ကိုမိုးရဲ့၊ ကောင်လေးဗျ။

အသက် ဆယ့်နှစ်နှစ် ၊ဆယ်သုံးနှစ်လောက် ရှိမယ်ဗျ၊

ပုဆိုးခါးတောင်းကြိုက်ကလေးနဲ့ဗျို့။ ပြေးနေတာမှ

အသက်ကို လုပြေးနေရတဲ့အတိုင်းဗျ’

 

“နောက်ကလိုက်တဲ့ခွေးက ကြီးသလား”

 

“ဟာ ကိုမိုးရာ ကျုပ်ပြောရင် ခင်ဗျား

ယုံချင်မှလည်း ယုံမှာ၊ နွားမတန်းတစ်ကောင်လောက်

ရှိတာဗျ။ ခွေးနက်ကြီး”

 

“နေဦးဗျ၊ ကိုဝင်းရဲ့၊ ခင်ဗျား မြင်နေရတာကို

ခင်ဗျားရဲ့ သူဋ္ဌေးရော မြင်ရဲ့လား”

 

ကိုမိုးဆိုတဲ့ ကားဆရာက ထပ်မေးသဗျ။

 

“မြင်တယ်၊မြင်တယ် သူက နောက်ခန်းမှာ

ထိုင်လာတာ။ သူလည်း မြင်တယ်၊ မြင်လို့

သူဋ္ဌေးက ပြောတာပေါ့ဗျ”

 

“ဟင် ခင်ဗျားသူဋ္ဌေးက ဘာပြောတုံး”

 

“ကိုဝင်း၊ ကိုဝင်း ဟိုရှေ့မှာ ကားရပ်ပေးလိုက်၊

ကျုပ် ကောင်လေးကို ကားပေါ် ခေါ်တင်လိုက်မယ်

ဒီကောင်လေး ဒီနားမှာ နေတာပဲ ဖြစ်မှာ ၊

သူ့အိမ်ကို လိုက်ပို့လိုက်ကြတာပေါ့ဗျာ”

 

“သူဋ္ဌေးပြောတော့ ငါက ကားကို ရှေ့ကျော်

မောင်းလိုက်တာပေါ့ကွာ၊ ရှေ့ရောက်တော့မှ

ကားကို ရပ်လိုက်တယ်။ ငါ့သူဋ္ဌေးက နောက်ခန်း

တံခါးကို မြန်မြန်ဖွင့်လိုက်ရော့ဟေ့၊ ဒီတုန်းမှာပဲ

သေလုမြောပါးပြေးနေတဲ့ ကောင်လေးက

ငါ့တို့ ကားနားကို ရောက်လာရောဟေ့၊

ငါ့သူဋ္ဌေးက ကားထဲက ခေါင်းကလေးပြူထွက်ပြီး…

 

‘ဟဲ့ကလေး လာ…လာ…ကားပေါ် မြန်မြန်တက်’လို့

လှမ်းခေါ်လိုက်တာကွ”

 

“ဟာ ကောင်လေးက ကားထဲပြေးဝင်ရောလားဗျ”

 

ကိုဝင်း ပြောတာကို စိတ်ဝင်တစား နားထောင်နေတဲ့

ကိုမိုးက ဖြတ်မေးလိုက်တယ်ဗျ။

 

“ဝင်ဖို့နေနေသာသာ ၊ သူဋ္ဌေးကို လှည့်ရယ်ပြပြီး

ဆက်ပြေးသွားတယ်၊ ဒီတော့မှ ငါ့သူဋ္ဌေးလည်း

အောင်မလေးလို့ အော်ပြီး ကားတံခါးကို ဝုန်းခနဲ

ဆောင့်ပိတ်လိုက်တယ်ကွ ”

 

“ဟင် ဘာဖြစ်လို့တုံး ကိုဝင်းရဲ့ ”

 

ဒီတစ်ခါ မေးတာက ကိုစိန်မောင်ကြီးဗျို့။

 

“ကျုပ်သူဋ္ဌေးကို လှည့်ရယ်ပြတဲ့ ကောင်လေးက

မျက်လုံးနီနီကြီးတွေနဲ့ဗျ။ ပါးစပ်ထဲမှာ အစွယ်တွေ

ဖွေးနေတာဗျို့”

 

“ဟာ”

 

လူခုနှစ်ယောက်လောက် တစ်ပြိုင်တည်း အော်တဲ့

အသံဗျို့။ ပြီးတော့မှ ကိုဝင်း ဆိုတဲ့လူက ဆက်ပြောတယ်။

 

” ကျုပ်လည်း ဒူးတွေတုန်နေတော့တာပေါ့ဗျာ

ခွေးနက်ကြီးကလည်း ကျုပ်တို့ကားဘေးက ကပ်ပြီး

ပြေးသွားတာ၊ နည်းတဲ့ အကောင်ကြီးလားဗျာ၊

သူဋ္ဌေးရော ကျုပ်ရော ကြက်သေ,သေပြီး

ကြည့်နေကြတုန်းမှာပဲ ကောင်လေးက

ညောင်ပင်ကြီး တစ်ပင်အောက်ကို ပြေးဝင်တယ်။

ခွေးနက်ကြီးကလည်း နောက် လိုက်တာပေါ့ကွာ၊

ညောင်ပင်အောက်လည်းရောက်ရော ကောင်လေးရော

ခွေးနက်ကြီးပါ ဖျက်ကနဲ ပျောက်သွားရောဗျို့။

ဒီတော့မှ ကျုပ်လည်း သတိဝင်လာပြီး ကားကို

မောင်းထွက်ရတော့တာပေါ့ဗျာ၊ သူဋ္ဌေးကတော့

သူ့ရွာရောက်တဲ့အထိ ပရိတ်တွေ မနားတမ်း

ရွတ်တော့တာပဲဗျို့ ”

 

ကိုဝင်းက စကားလည်းဆုံးရော ဒူးယားစီးကရက်

ကလေး တစ်လိပ်ကို သူ့အိတ်ထဲကထုတ်ပြီး

မီးညှိဖွာလိုက်တယ်ဗျ။

 

“အင်း ကိုဝင်း ပြောလို့ ငါလည်း ပြောရဦးမယ်ဟေ့”

 

သူတို့ထဲမှာ အသက်ကြီးဆုံးဗျ။ ဒီလူ့နာမည်က

ဦးတင်ဝင်းတဲ့ဗျို့။

 

“ဟာ ပြောပါဦးဗျ။ ဦးတင်ဝင်းရဲ့”

 

ဒီတစ်ခါ ဝင်ပြောတာက ကိုမြမောင်ဗျ။ အားလုံးကတော့

ငြိမ်ပြီးနားထောင်နေတာဗျို့။

 

“ဒီလိုကွ၊ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပေါ့ကွာ၊

အခု အမြန်လမ်းကြီးမှာကွာ၊ ၁၁၅ မိုင် မရောက်ခင်

လောက်မှာ ငါတစ်ယောက်တည်း ကိစ္စရှိလို့

နေပြည်တော်ကို သွားတာ”

 

“အခုမောင်းတဲ့ ကားနဲ့ပဲလားဗျ”

 

ကိုဝင်းက ဝင်မေးလို့ ဦးတင်ဝင်းက ပြန်ပြောတယ်

 

“မဟုတ်ဘူးကွ၊ ဒီတုန်းက ငါတို့အိမ်က

မတ်တူးနဲ့ သွားတာ၊ ရန်ကုန်က ထွက်ကတည်းကကို

နောက်ကျနေပါပြီကွာ၊ အဲဒီနားရောက်တော့

ညကိုးနာရီလောက်ရှိပြီ၊ငါ့ကားမီးရောင်အောက်မှာ

ခွေးနက်ကလေးနှစ်ကောင်ကွ၊ ပြေးနေတာတွေ့တယ်”

 

“ခွေးတွေက အကြီးကြီးလားဗျ”

 

ကိုစိန်မောင်က ဝင်မေးပြန်ရောဗျို့။

 

“ဟာ မကြီးဘူးကွ၊ ပုံမှန်ခွေးအရွယ်ပါပဲ၊

ငါ့ကားမီးရောင်အောက်မှာ မြင်နေရတာ”

 

“ကားလမ်းပေါ်မှာ ပြေးနေတာလားဗျ”

 

“မဟုတ်ဘူးကွ၊ ကားလမ်းဘေးမှာ ပြေးနေတာ၊

ပထမတော့ အဲဒီခွေးနှစ်ကောင်က ပုံမှန်ပဲ ပြေးနေတာ၊

တဖြည်းဖြည်းနဲ့ ခွေးတွေက တအားပြေးတော့တာဟေ့။

ဘယ်လောက် မြန်လာသလဲဆိုရင် မိုင်(၇၀)လောက်

မောင်းနေတဲ့ ငါ့ကားထက်တောင် ပိုမြန်မှာ

သေချာတယ်”

 

“ဟာဗျာ၊ ခွေးက အဲဒီလောက် ပြေးနိုင်လို့လား”

 

“ဟင် ဒါဆိုရင် တဖြည်းဖြည်း ဝေးသွားမှာပေါ့”

 

ကားဆရာတွေက တစ်ယောက် တစ်ခွန်း

ဝိုင်းမေးကြတာဗျို့။

 

“ဟာ ဟုတ်တာပေါ့ကွ၊ တဖြည်းဖြည်းဝေးပြီး

ပျောက်သွားရောဟေ့”

 

“ဟင် ဒါများ ဦးတင်ဝင်းကလည်း ဘာထူးဆန်းလို့တုံးဗျ”

 

ကိုမိုးက ဝင်ပြောရောဗျို့၊ ဦးတင်ဝင်းက

ရေနွေးခွက်ကလေး ကောက်ကိုင်ပြီး

တစ်ကျိုက်မော့သောက်လိုက်တယ်

 

“ဟကောင် မောင်မိုးရဲ့၊ ငါ့စကားက မဆုံးသေးဘူးလေကွာ”

 

“အဲဒါနဲ့ ငါလည်း ကားကို ဆက်မောင်းလာတာပေါ့၊

ခဏလောက်မောင်းလိုက်တယ်ဆိုရင် သွားတွေ့တော့

တာပဲဟေ့”

 

” ဟင် ဘာကိုတုံးဗျ၊ ဦးတင်ဝင်းရဲ့ ”

 

“စောစောက ခွေးနက်နှစ်ကောင်လေကွာ၊

ဒီကောင်နှစ်ကောင်က ငါရှေ့က ကြိုပြေးပြီး

လမ်းကနေ ငါ့ကို ပိတ်စောင့်နေတဲ့ပုံကွ၊

ဒီတစ်ခါတော့ လမ်းဘေးမှာ မဟုတ်ဘူးကွ၊

လမ်းပေါ်မှာ ရပ်နေတာ၊ ငါ့ကို ကျောပေးထားတာလည်း

မဟုတ်တော့ဘူး ။ ငါ့ဘက်ကို လှည့်ပြီး ရပ်နေတာ၊

ငါ့ကားမီးရောင်လည်း မြင်ရော ကားဆီကို

တန်းပြေးလာကြတာဟေ့”

 

“ဟာ တော်တော်ဝေးသေးလားဗျ”

 

ကားဆရာတစ်ယောက်က ဝင်မေးပြန်ရောဗျ။

 

“ဝေးသေးတယ်ကွ ၊ ဒါပေမဲ့ဟေ့ အဲဒီခွေးသေးသေး

လေးတွေက ပြေးရင်း ပြေးရင်းနဲ့ အကြီးကြီးတွေ

ဖြစ်လာတာကွ”

 

“ဟာ ”

 

ဒီတစ်ခါတော့ အားလုံးအံ့သြပြီး အော်လိုက်ကြတာဗျို့၊

 

“အေးကွ၊ ပြေးရင်းနဲ့ ခွေးနက်ကြီးတွေက

နွားပေါက်အရွယ်လောက်တွေ ဖြစ်လာတာ၊

ကားမီးရောင်မှာ မျက်လုံးကြီးတွေဆိုတာ နီရဲပြီး

တောက်နေတာဟေ့၊ ပါးစပ်ကြီးတွေ ဟထားတော့

အစွယ်ကြီးတွေဆိုတာ ဖွေးနေတာဟေ့၊ ငါလည်း

ကားမှန်တွေ အကုန်တင်ပြီး ပိတ်ထားလိုက်တယ်၊

လျှာနီနီကြီးတွေက တွဲလောင်းကြီးတွေ ကျနေတာ

မြင်တော့ တစ်ကိုယ်လုံးမှာ ကြက်သီးတွေ

ထလိုက်တာကွာ၊ မပြောပါနဲ့တော့၊ ဒီလိုနဲ့

ခွေးကြီးနှစ်ကောင်က တဖြည်းဖြည်း ငါ့ကားနဲ့

နီးလာရောဟေ့၊ ငါလည်း ဘာလုပ်ရမှန်း

မသိတာနဲ့ လီဗာကို နင်းပြီး ဝင်တိုက်ပစ်ဖို့

ဆုံးဖြတ်လိုက်မိရောဟေ့၊ ဘာပြောကောင်းမလဲကွာ၊

နှစ်လံလောက် အလိုလည်းရောက်ရော

ခွေးနက်ကြီးနှစ်ကောင် ငါ့ကားကို လွှားကနဲ

နေအောင် ခုန်အုပ်တော့တာပဲကွာ၊ ငါလည်း

လန့်သွားပြီး ကားကို ဆွဲကွေ့လိုက်မိတယ် ”

 

“ဟင်”

 

“ဘာပြောကောင်းမလဲကွာ၊ ကားက ဝုန်းခနဲနေအောင်

မှောက်ပြီး လိမ့်သွားရောဟေ့၊ ငါလည်း သတိလစ်ပြီး

ဘာမှ မသိတော့ဘူးပေါ့ကွာ”

 

“ဟာ ဦးတင်ဝင်း ဘာဖြစ်သွားတုံး”

 

“ဖြစ်တာပေါ့ကွာ၊ နံရုံးနှစ်ချောင်း ကျိုးတယ်။

ခြေထောက် တစ်ဖက်ကျိုးတယ်။ ဆေးရုံမှာ

နှစ်လကျော်ကျော် ကြာသွားတယ် ”

 

အားလုံးက ခေါင်းလေးတညိတ်ညိတ်နဲ့

ဦးတင်ဝင်းကို ဝိုင်းကြည့်နေကြတာပေါ့ဗျာ။

ဒီအထဲမှာတာတေလည်း ပါတာပေါ့။

 

“ကဲ ကိုမိုးရော သရဲတွေ နာနာဘာဝတွေ

မြင်ဖူးလားဗျ”

 

ကိုစိန်မောင်က ကိုမိုးဘက်ကို လှည့်ပြီး မေးလိုက်တယ်

 

“မြင်ဖူးပါပြီလားကွာ၊ ဒါမျိုးဆိုတာက တစ်ခါမဟုတ်

တစ်ခါတော့ မြင်ဖူးကြတာပါပဲကွာ”

 

“ဟင် ဒါဆိုရင် ပြောပါဦးဗျ”

 

“ဒီလိုကွ၊ ငါက ကျောက်မြောင်းမှာ နေတာလေ၊

တစ်ရက်ကျတော့ ငါတို့လမ်းမှာ အရက်မူးနေတဲ့ကောင်

တစ်ယောက် ခြောက်ထပ်ကနေ ပြုတ်ကျပြီး

သေရောဟေ့၊ အဲဒီတိုက်ရဲ့ရှေ့မှာ ပိတောက်ပင်ကြီး

တစ်ပင် ရှိတယ်ကွ။ အဲဒီပိတောက်ပင်ကို ပိုင်ရှင်က

သေသေချာချာကို အုတ်ဘောင်တွေ ခွေပြီး

စိုက်ထားတာ၊ နွေဆိုရင် အဲဒီအုတ်ဘောင်ပေါ်မှာ

ထိုင်ရတာ ပိတောက်ရိပ်ကလေးနဲ့ဆိုတော့

တယ်ပြီးအေးတာကွ”

 

ကိုမိုးက စီးကရက်ကလေး ဖွာလိုက်တယ်

 

“အဲဒီကောင်က ခြောက်လွှာက ပြုတ်ကျတော့ အဲဒီပိတောက်ပင်ပေါ်ကိုကျတာ၊ပိတောက်ပင်ကို

ဖြတ်ဝင်သွားပြီးတော့မှ အုတ်ဘောင်နဲ့ ခေါင်းနဲ့

ဆောင့်မိတာ”

 

“ဟာ ပွဲချင်းပြီးပေါ့နော် ကိုမိုး”

 

“ဟာ ပြီးတာပေါ့ကွာ၊ အဲဒီနားမှာ ကင်းလှည့်နေတဲ့

ကင်းသမားတွေ ပြောတယ်၊ ‘ခွပ်’ဆိုတဲ့ အသံကြီးကြားလို့

သူတို့ပြေးလာတာတဲ့ ၊ အဲဒီနားရောက်တော့ ခေါင်းထဲက

ထွက်တဲ့ ဦးနှောက်တွေဆိုတာ ပိတောက်ပင်အောက်မှာ

အပုံလိုက်ထွက်နေတာတဲ့ဟေ့”

 

“အေးပေါ့ကွ၊ ခြောက်ထပ်ဆိုတာ နည်းတဲ့အမြင်မှ

မဟုတ်တာ”

 

ကိုမြမောင်က ဝင်ပြောတယ်

 

“အေး၊ အဲဒီမှာတင် ဇာတ်လမ်း စတော့တာပဲဟေ့”

 

“ဟာ ဟုတ်လားဗျ”

 

“အဲဒီလို ဖြစ်ပြီး နှစ်ရက်လောက်ကြာတော့

အဲဒီအိမ်ရှင်က သူစိုက်ထားတဲ့ ပိတောက်ပင်ကို

ခုတ်ပြီး အုတ်ခုံတွေပါတူး ထုတ်ပစ်လိုက်တာ၊

ငါ ကားသိမ်းပြီး ပြန်သွားတော့ အဲဒီ ပိတောက်ပင်

နေရာမှာ မြေတောင်ညှိထားပြီကွ၊ နောက်တစ်နေ့

မနက် အစောကြီးမှာ တို့လမ်းထဲက မုန့်ဟင်းခါးတို့

အသုတ်တို့ ရောင်းတဲ့ သူတွေ လှည်းကလေးတွန်းပြီး

ဆိုင်ထွက်ဖို့ လာကြတာပေါ့ကွာ၊ အဲဒီပိတောက်ပင်

နေရာလည်းရောက်ရော အောင်မယ်လေး သရဲ သရဲ

ဆိုပြီး ထအော်ရောဟေ့၊ သူတို့ရဲ့ လှည်းကို

အဲဒီနားမှာ ထားခဲ့ပြီး ပြေးလိုက်ကြတာ

တန်းနေတာဆိုပဲ နောက်တော့ လမ်းထဲက

လူတွေ ထွက်လာပြီး ကောင်မလေးတွေကို

ဆိုင်အထိ လိုက်ပို့ကြရတာပေါ့ကွာ၊

အေး…နောက်တစ်ညရောက်တော့ ငါ့မှာ

မနက်အစောကြီး လေဆိပ်ပို့ရမယ့် အော်ဒါရှိတာနဲ့

ကားကို အိမ်ယူထားပြီး မနက် ၄ နာရီ ပြန်ထ

မောင်းရတာပေါ့ကွာ၊ အဲဒီပိတောက်ပင်နဲ့

မလှမ်းမကမ်းကိုရောက်တော့ ငါ့ကားမီးရောင်

အောက်မှာ တွေ့တော့တာပဲဟေ့”

 

“ဟာ ဟုတ်လားဗျ၊ ကိုမိုးကြီးရဲ့၊ ဘယ်လို ပုံစံကြီးတုံးဗျ”

 

“အေး အဲဒီလူ ခြောက်ထပ်က ပြုတ်ကျတုန်းက

အဝတ်အစားအတိုင်းပဲကွ၊ စစ်စိမ်းရောင်အင်္ကျီနဲ့

ပုဆိုးအနက်ကွက်ကလေး ဝတ်လို့ကွ၊ မြေညှိထားတဲ့

ပိတောက်ပင်နေရာမှာ ငုတ်တုတ်ကြီး ထိုင်နေတာဟေ့၊

တစ်ကိုယ်လုံးမှာလည်း သွေးတွေနဲ့ကွ၊ အေး

ထူးဆန်းတာက မျက်နှာ လုံးဝမပါဘူးဟေ့”

 

“ဗျာ”

 

အားလုံးပါးစပ်က ထွက်လာတဲ့အသံတွေပဲဗျို့။

 

“ဘယ် ဘယ်လိုဗျ၊ ကိုမိုးရဲ့၊ မျက်နှာမပါဘူး

ဟုတ်လား”

 

“အေး ဟုတ်တယ်ကွ စိန်မောင်ရဲ့၊ ဒီကောင့်မှာ

မျက်နှာ မပါဘူး၊ မျက်နှာနေရာမှာ ဗြောင်ကြီးကွ၊

မျက်လုံးတို့၊ ပါးစပ်၊ နှာခေါင်း ဘာမှ မရှိဘူး၊

အသားဗြောင်ကြီး ဖြစ်နေတာ”

 

“ဟာ ကိုမိုး မကြောက်ဘူးလားဗျ”

 

ကိုဝင်းက ဝင်ပြီး မေးပြန်ရောဗျ။

 

“မကြောက်ဘဲနေမလား ကိုဝင်းရ၊ ကြောက်တာပေါ့။

ကြက်သီးတွေဆိုတာ ထလိုက်တာမှ တဖြန်းဖြန်း

ဖြစ်နေတော့တာ၊ ဆံပင်တွေဆိုတာ အပေါ်ကို

ထောင်နေတယ်လို့ကို ထင်တာကွ ”

 

“အဲဒီတော့ ကိုမိုး ဘာလုပ်တုံး”

 

“ငါလည်း ဆက်မကြည့်ရဲတော့တာနဲ့ ကားမီးပိတ်

ပစ်လိုက်တယ်၊ လူတွေ အိပ်မောကျတဲ့ အချိန်ဆိုတော့

တစ်လမ်းလုံး တိတ်ဆိတ်နေတာကွ၊ အိမ်မီးတွေ

ပိတ်ထားကြတော့ လမ်းဓါတ်မီးတိုင်က မီးရောင်ပဲ

ရှိတာလေကွာ၊ အဲဒီနေရာက အမှောင်ရိပ်ကျနေတာ

ဆိုတော့ ဘာမှမမြင်ရတော့ဘူးပေါ့၊ ခဏကြာတော့

ငါ့စိတ်က ဒီကောင့်ကို ကြည့်ချင်လာပြန်ရောဟေ့၊

ဒါနဲ့ ကားမီးကို ပြန်ဖွင့်လိုက်တယ်၊ မရှိတော့ဘူးကွ၊

ပျောက်သွားပြီ၊ ဒါနဲ့ ငါလည်း ကားကို မှန်မှန်ပဲ

မောင်းပြီး ထွက်လာခဲ့ရတာပေါ့ကွာ”

 

“ဟာ ကိုမိုးဟာကလည်း တော်တော်ကို ကြောက်စရာ

ကောင်းတာပဲဗျာ၊ နို့ ဒီနောက်ပိုင်းရော အဲဒီကြီးကို

တွေ့ကြသေးလား”

 

“အဲဒီကတည်းက လမ်းထဲမှာ ဘုန်းကြီးတွေပင့်ပြီး

ပရိတ်တွေ ရွတ်ကြတာကွ၊ ဒီ နောက်တော့ ဘာမှ

မမြင်ရတော့ပါဘူး၊ ငါတို့ တွေ့ကြတယ်ဆိုတဲ့

အချိန်ကလည်း ရက်တောင်မလည် သေးဘူးလေကွာ”

 

“သြော် ဟုတ်သားပဲ ၊ ဒါကြောင့် ဖြစ်မှာပါ ”

 

ကိုမိုးပြောတဲ့ တစ္ဆေအကြောင်းကို အားလုံးငြိမ်ပြီး

တွေးနေကြတယ်ဗျို့။

 

“ကဲ …ကိုစိန်မောင်ကြီး ခင်ဗျားလည်း ပြောပြပါဦးဗျ

ခင်ဗျားရဲ့ ကိုယ်တွေ့ကိစ္စကလေးပေါ့ဗျာ”

 

ကိုဝင်းက ကိုစိန်မောင်ကို ပြောခိုင်းပြန်ရောဗျို့။

ကိုစိန်မောင်က ညှိလက်စ စီးကရက်ကလေးကို

တစ်ဖွာနှစ်ဖွာ ဖွာလိုက်တယ်ဗျ။

 

“တော်တော်တော့ ကြာသွားပြီကွ၊ လှိုင်သာယာဘက်ကို

ထိုးထားတဲ့ ဘုရင့်နောင်တံတားကြီးပေါ်မှာပေ့ါကွာ”

 

“ဘယ်တံတားတုံး၊ ပထမတံတားလား၊ နောက်တံတာလား”

 

“ဟ ကိုမိုးရ၊ အဲဒီတုန်းက ဒုတိယတံတား မရှိသေးဘူး

လေဗျာ။ ပထမံတံတားကို ပြောတာ၊ ဘုရင့်နောင်တံတား

လေဗျာ။ အောင်ဇေယျတံတား မဟုတ်ဘူး”

 

“သြော် ဟုတ်ပြီ၊ ဟုတ်ပြီ”

 

“ညဘက် ၁၂ နာရီလောက်ဗျ။ ကျုပ်က

လှိုင်သာယာကို ပါစင်ဂျာသွားပို့ပြီး ပြန်လာတာ၊

စက်မှုဇုန်ကို လိုက်ပို့ရတာဗျ၊ ဒီလူတွေက

ညဘက် ဘီယာဆိုင်ပိတ်မှ ထပြန်ကြတာ

ထင်ပါရဲ့ဗျာ၊ ကျုပ်လည်း သူတို့ကို သေသေချာချာ

ပို့ခဲ့ပြီးမှ ပြန်လာခဲ့တာ၊ တံတားပေါ်တက်ရုံပဲ

ရှိသေးတာဗျ၊ မီးရောင်အောက်မှ သေသေချာချာကို

မြင်လိုက်ရတာ ”

 

“ဟင် ဟုတ်လား၊ ဘာကို မြင်လိုက်တာတုံးဗျ

ကိုစိန်မောင်ရဲ့ ”

 

“မဖဲဝါကြီးဗျ၊ မဖဲဝါကြီး”

 

“ဘာ မဖဲဝါ ဟုတ်လား ကိုစိန်မောင်”

 

အားလုံးက မဖဲဝါလို့ ပြောလိုက်တော့ စောစောကထက်

ပိုပြီး စိတ်ဝင်စားသွားကြတာဗျို့။

 

“ပြောစမ်းပါဗျ၊ ကိုစိန်မောင်ရဲ့၊ ခင်ဗျား ဘယ်လိုမြင်

လိုက်ရတာတုံး”

 

အရမ်းကို သိချင်နေကြပြီဗျ။

 

“အဲဒီဘုရင့်နောင်တံတားကြီးရဲ့ သံဘောင်ကြီးတွေပေါ်

မှာ ခေါင်းကြီးတစ်လုံးထမ်းပြီး တံတားကြီးကို

ခွကျော်သွားတာကွ ”

 

“ဟာ”

 

အားလုံး အံ့သြသွားကြတာဗျို့။ ကျုပ်လည်း

အံ့သြတာပါပဲဗျာ။

 

“ဒါဆို အကြီးကြီးပေါ့ဗျ”

 

“ဟာ မင်း စဉ်းစာသာ ကြည့်ပေတော့ မောင်ဝင်းရာ”

 

“အဲဒီတံတားကြီးကို ခွကျော်သွားပါတယ်ဆိုမှကွာ၊

ငါ ကားထဲကနေ မော့ကြည့်တာ မျက်နှာကို

မမြင်လိုက်ရဘူး၊ ထဘီကြီး ရင်လျားထားတာကွ၊

အဲဒါတော့ ငါ့တွေ့လိုက်ရတယ်၊ ငါ့မှာ ကြက်သီးတွေ

အလုံးအကြီးကြီးတွေ ထသွားတာဟေ့ ”

 

“ခေါင်းကြီးထမ်းထားတယ် ဟုတ်လား၊ ကိုစိန်မောင်

ဘာသေဘာတုံးဗ်”

 

ကိုမိုး ဆိုတဲ့ ကားဆရာက ဝင်ပြောတယ်။

 

“အဲဒါ မကောင်းတဲ့နိမိတ်ဗျ၊ ကိုမိုးရဲ့၊ ကျုပ် အရင်

ကတည်းက ကြားဖူးတယ်၊ ရွာတစ်ရွာနားကို

မဖဲဝါ ခေါင်းထမ်းပြီး ရောက်လာတာတွေ ဘာတွေ

မြင်လိုက်ရတယ်ဆိုရင် အဲဒီရွာမှာ လူတွေ ဆက်တိုက်

သေတတ်တယ်တဲ့ဗျ”

 

“သြော် ဒီလိုလား”

 

“အေး …အဲဒါနဲ့ ကျုပ်လည်း ကားစီရာတိုင်ကြီး

ကိုင်ပြီး တောင့်တောင့်ကြီး ဖြစ်နေတာဗျ၊ ကြောင်ပြီး

ဘာလုပ်ရမှန်း မသိတာ၊ မဖဲဝါကြီးကတော့ တံတားကြီးကို

ခွကျော်ပြီး ပျောက်သွားတာပါ၊ နောက်တော့

ကျုပ်နောက်မှာ ကားတွေ တန်းစီနေပြီး တီ တီ တီ

ဆိုတဲ့ အသံတွေ ထွက်လာမှ သတိ ပြန်ဝင်လာပြီး

ကားမောင်းထွက်လာခဲ့ရတာပေါ့ဗျာ။

ကျုပ်မျက်စိထဲမှာတော့ ဒီအကြောင်းတွေးမိတိုင်း

ချက်ချင်းကို ပြန်မြင်လာတာဗျို့၊ အဲဒီမြင်ကွင်းကြီး

ကိုတော့ ကျုပ်တစ်သက်မှာ မေ့လို့ရမှာ မဟုတ်ပါဘူးဗျာ”

 

“နို့ နေပါဦးဗျာ၊ ကိုစိန်မောင် ကားနောက်မှာ

ရပ်နေတဲ့ ကားတွေရော ဒါကို မြင်လိုက်ကြသလားဗျ”

 

“ဟာ အဲဒါတော့ မသိဘူးဗျ၊ ကျုပ်ကိုတော့

ငုတ်တုတ်ကြီးမေ့နေတာလား၊ အိပ်ပျော်နေတာလားနဲ့

ဝိုင်းအော်ကြတာပဲဗျ”

 

“နောက်တော့ ဘာဖြစ်သေးတုံးဗျ”

 

“ဖြစ်တာပေါ့ဗျာ၊ နောက်တစ်နေ့ အဲဒီတံတားပေါ်မှာ

ဒိုင်နာ ကားအပြာတစ်စင်း မှောက်လို့ လူ(၂၂)ယောက်

ပွဲချင်းပြီး သေတယ်လေဗျာ”

 

“ဟာ ဟုတ်တယ်၊ ဟုတ်တယ်၊ ကျုပ်တို့လည်း

ကြားလိုက်တယ်။ သြော် အဲဒါ မဖြစ်ခင် မဖဲဝါကြီး

ခေါင်းထမ်းပြီး ကျော် သွားတာကိုး ”

 

အားလုံးငြိမ်သွားတယ်ဗျ၊ ညည့်ကလည်း နက်လာ၊

အအေးဓါတ်ကလည်း ပိုလာ၊ မီးဖိုထဲကို ထင်းတုံးတွေ

ထပ်ထည့်ပြီး စကားဝိုင်းကောင်းနေကြတာပေါ့ဗျာ။

လူတွေမှာ တစ်ခါ မဟုတ် တစ်ခါ အံ့သြစရာတွေ

ကြုံတတ်တယ်ဆိုတာကိုတော့ ကျုပ်သိသွားတာပေါ့ဗျာ။

 

“ကဲ ကိုမြမောင် ပြောဦးဗျာ၊ ခင်ဗျားအတွေ့အကြုံကလေးတွေပေါ့ဗျာ”

 

ကိုမြမောင်ကလည်း သူဝတ်ထားတဲ့ ဂျာကင်အင်္ကျီကို

ရင်ဘတ်ဆွဲပြီး စေ့လိုက်တယ်ဗျ။ ပြီးတော့မှ ပြောတယ်။

 

“၂၀၀၈ ခုက နာဂစ်မုန်တိုင်းကြီးကိုတော့

မင်းတို့ မှတ်မိကြမှာပေါ့ ”

 

“ဟာ ဒါ မေးစရာမှ မဟုတ်တာတွေဗျာ၊

မှတ်မိတာပေါ့ဗျာ၊ မြစ်ဝကျွန်းပေါ်မှာနေတဲ့

ကျုပ်တို့ ဆွေမျိုးတွေ တော်တော်ကို ပါသွားတာပဲဗျာ၊

ဘယ်မေ့ပါမလဲ”

 

ကိုဝင်းက ပြောတာဗျ။

 

“အေး …အဲဒီနာဂစ်ကြီးဖြစ်ပြီး တစ်ပတ်လောက်ကြာတဲ့

အချိန်ပေါ့ကွာ၊လမ်းတွေ ပြန်ပြီးပွင့်ကာစပေါ့၊

သစ်ပင်တွေ လဲတာတွေ၊ ဓါတ်တိုင်လဲကျတာတွေကို

ရှင်းလင်းပြီးရုံကလေးပေါ့ကွာ၊ ငါ့လည်း ကားလေး

ပြန်မောင်းရတာပေါ့၊ မနက်လေးနာရီလောက်

ရှိပြီကွ၊ ငါက ကမ်းနားလမ်းအတိုင်း မောင်းလာတာ

မြစ်ဝကျွန်းပေါ် သင်္ဘောဆိပ်တွေနားရောက်တော့

၁၅ လမ်း၊ ၁၆ လမ်းလောက်မှာပေါ့၊ ညောင်ပင်လေး

စျေးနားပေါ့ကွာ၊ လူတစ်ယောက် အိတ်အမည်း

တစ်လုံး ပခုံးမှာ လွယ်ထားတယ်ကွ၊ ငါ့ကားကို

တားတယ်၊ ဘယ်သွားမှာလဲ ဆိုတော့ အင်းစိန်တဲ့ကွ။

 

ငါလည်း စျေးစကားပြောပြီး တင်လိုက်တာပေါ့ကွာ၊

ဒီလူက နောက်ခန်းက တက်တယ်၊ ထုံးစံအတိုင်းပေါ့ကွာ၊

ဒီလူနဲ့ ငါနဲ့ စကားလေး ဘာလေး ပြောတာပေါ့။

 

ဒီအချိန်ကတော့ လူတိုင်းပြောတဲ့ စကားကတော့

မုန်တိုင်းအကြောင်းပဲ များတာပေါ့ကွာ၊ ဒီလူက

သူတို့ မြစ်ဝကျွန်းပေါ် ရွာတွေမှာ ရွာလုံးကျွတ်

လူတွေ သေကြတဲ့အကြောင်း၊ လယ်ကွင်းတွေထဲမှာ

အလောင်းတွေ အများကြီး ရှိနေတဲ့အကြောင်းတွေ

ပြောတာပေါ့ကွာ၊ ငါကလည်း ဟိုမေး ဒီမေးပေါ့လေ၊

 

ဒါနဲ့ ငါက ကားနောက်ကြည့်မှန်ကလေးထဲကနေ

ဒီလူကို ကြည့်လိုက်မိတယ်ကွ၊ ဟာခနဲ နေအောင်

ငါ့ပါးစပ်က ယောင်အော်မိတယ်ဟေ့၊ ဒီမှာတင်

ဒီလူလည်း လန့်သွားပြီး…

 

‘ဘာတုံးဗျ၊ ဘာဖြစ်လို့တုံး”

 

လို့ ငါ့ကို မေးတယ်ကွ၊ ငါကလည်း ချက်ချင်း

သတိထားပြီး ပြောရတာပေါ့ကွာ။

 

‘ခွေးပါဗျာ၊ ကားရှေ့ကပ်ပြီး ဖြတ်ပြေးတာ

တိုက်မိတော့မလို့ ကံကောင်းလို့ဗျာ”

 

လို့ ငါက ပြောလိုက်တော့ ဒီလူက မုန်တိုင်း

အကြောင်းကို ဆက်ပြောရော့ဟေ့။

 

“နို့ ခင်ဗျားက နောက်ကြည့်မှန်ထဲမှာ

ဘာတွေ့လိုက်လို့တုံး”

 

“မိန်းမကြီးဟေ့ မိန်းမကြီး၊ ဆံထုံးကြီးနဲ့ကွ၊

မျက်လုံးပြူးပြူးကြီးနဲ့ ငါ့ကို ကြည့်နေတာ”

 

“ဗျာ …မိန်းမကြီး ဟုတ်လား၊ ခင်ဗျား တင်လာတာက

ယောင်္ကျားကြီး မဟုတ်လား”

 

“အေး …အဲဒါကြောင့် ပြောတာပေါ့ကွ။

ငါ ဒီလူကို မသိမသာ လှည့်ကြည့်တယ်၊

ယောင်္ကျားပေါ့၊ ငါနဲ့ စကားပြောနေတာပဲဟာ၊

ဒါပေမဲ့ ဒီလူကို မှန်ထဲက ကြည့်လိုက်ရင်

မိန်းမကြီး ဖြစ်နေရောဟေ့ ”

 

“ဟာ ခင်ဗျားဟာက ဆန်းလှချည်လားဗျ ကိုမြမောင်ရဲ့ ”

 

“အေး …ငါလည်း ကြောက်လာတာပေါ့ကွာ၊

ဒါမျိုးတစ်ခါမှ ကြုံဖူးတာမှ မဟုတ်တာ၊ ကြက်သီးတွေ

ထပြီး ကျောထဲက စိမ့်ကနဲ စိမ့်ကနဲ ဖြစ်သွားတာ။

မြေနီကုန်းမီးပွိုင်မှာ ကားရပ်တော့လည်း ငါ နောက်ကို

သေသေချာချာ လှည့်ကြည့်တယ်၊ ဒီလူက

ငါတင်ခဲ့တဲ့လူပဲ၊ ဒါပေမဲ့ မှန်ထဲက ပြန်ကြည့်ရင်

မိန်းမကြီးမှ မိန်းမကြီးပဲ ၊ မျက်လုံးပြူးကြီးနဲ့

ဟိုကြည့် ဒီကြည့် ကြည့်နေတာ။

 

ငါလည်း ဘာလုပ်ရမလဲလို့ တွေးတာပေါ့ကွာ၊

ပိုက်ဆံမယူတော့ဘူး ပြောပြီး မြေနီကုန်းမှာပဲ

ဆင်းခိုင်းလိုက်ရမလား၊ ဘာလုပ်ရင် ကောင်းမလဲလို့

တွေးတာပေါ့ကွာ။

 

လှည်းတန်းပွိုင့်မှာ ကားမီးနီမိနေတုန်းမှာ ငါ

တစ်ခု ဆုံးဖြတ်လိုက်တယ်။မီးနီလွတ်တော့

ကားကို ဆက်မောင်းလိုက်ပြီး ကမာရွတ်

ရဲစခန်းရှေ့မှာ ကားကို ထိုးရပ်လိုက်တယ်

ပြီးတာနဲ့ တွေ့တဲ့ ရဲနှစ်ယောက်ကို အကျိုး

အကြောင်း ခပ်မြန်မြန်ပြောပြလိုက်တော့

ရဲနှစ်ယောက် ထွက်လိုက်လာတယ်။

 

တစ်ယောက်က ဒုရဲအုပ်၊ တစ်ယောက်က တပ်ကြပ်ကွ၊

ကားဆီရောက်တော့ ဒီလူကို ကားပြင်ထွက်ခိုင်းပြီး

စခန်းထဲကို ခေါ်သွားတယ်၊ ငါလည်း

လိုက်ခဲ့ရတာပေါ့ကွာ။

 

တိုတိုပြောရရင်တော့ စခန်းမှူးက ဒီလူ့အိတ်ကို

ရှာရောဟေ့၊ ဘာတွေ တွေ့တယ်လို့ထင်တုံး”

 

“ဟင် ဘာတွေတွေ့တုံးဗျ ၊ ကိုမြမောင်ရဲ့ ”

 

“ရွှေတွေလေကွာ ၊ ရွှေတွေပေါ့၊ လက်စွပ်တွေ၊

ဆွဲကြိုးတွေ၊ လက်ကောက်တွေ ၊ နားကပ်တွေပေါ့၊

နည်းတာ မဟုတ်ဘူးဟေ့၊ တချို့နားကပ်တွေမှာ

လူ့နားရွက်အဖျားကလေးတွေတောင် ပါသေးတယ်၊

လက်စွပ်တွေဆိုရင်လည်း တချို့လက်စွပ်မှာ

လူ့အသားတွေ ကပ်နေတာကွ ”

 

” ဟာ”

 

“စခန်းမှူးက ဒီကောင်ကို စစ်တော့မှ ပေါ်တာဟေ့၊

ဒီကောင်က မုန်တိုင်းအပြီးမှ လက်ကွင်းထဲတင်နေတဲ့

အလောင်းတွေက ရွှေတွေကို ဖြုတ်ယူပြီး ရန်ကုန်ကို

သုတ်ချလာတာကွ ”

 

“ဟာ ဒါဆိုရင် ကိုမြမောင် မြင်တဲ့ မိန်းမကြီးဆိုတာက”

 

“ဟကောင် မောင်ဝင်းရဲ့၊ အဲဒါ နာဂစ်မုန်တိုင်းထဲမှာ

သေသွားတဲ့ မိန်းမကြီးက သူဝတ်ထားတဲ့ ပစ္စည်းတွေကို

စွဲပြီး သေသွားတော့ တစ္ဆေမကြီး ဖြစ်နေတာပေါ့ကွ၊

ဒီလူက သူ့အလောင်းက ပစ္စည်းတွေ ဖြုတ်ယူတော့

ဒီလူ သွားလေရာ တကောက်ကောက် လိုက်နေတော့

တာပေါ့ကွ ”

 

“သြော် ဒီလိုလား၊ နောက်တော့ ဘာဖြစ်သွားတုံး”

 

“အဲဒါတော့ ငါမသိဘူးကွ၊ ငါကတော့

ဒီလူကို ရဲလက်အပ်လိုက်တာပဲကွာ၊

သြော် အေး အေး အဲဒီမှာ ပြောစရာရှိသေးတယ်ကွ၊

စခန်းမှူးက ငါ့နဲ့ ထွက်လိုက်လာပြီး ကားတံခါးဖွင့်တယ်၊

ပြီးတော့ ကားထဲကို ခေါင်းငုံ့ပြီး ပြောတယ်။

‘ဟိုအဒေါ်ကြီးလည်း လာ လာ၊ ခင်ဗျားပစ္စည်းတွေ

ယူတဲ့ လူကို ကျုပ်တို့ အရေးယူတော့မှာ၊

ခင်ဗျား ရှိမှဖြစ်မယ်၊ လာခဲ့၊ လာခဲ့’ လို့ ပြောပြီး

ခေါ်သွားတယ်ကွ ”

 

“ဟာ ဟိုတစ္ဆေမကြီးက လိုက်သွားရောလား ”

 

“အဲဒါတော့ ငါလည်း မသိဘူးလေကွာ။

စခန်းမှူးကတော့ ခပ်တည်တည်နဲ့ ခေါ်ထုတ်သွားတာပဲကွ၊

ငါလည်း ကားခ တစ်ပြားမှ မရဘဲ ပြန်လှည့်

ခဲ့ရတာပေါ့ကွာ”

 

သူတို့တွေ ကိုမြမောင် ပြောတဲ့ ဇာတ်လမ်းကိုလည်း

တော်တော်ကို စိတ်ဝင်စားကြတာပဲဗျ၊ ဘယ်သူ

ဘာပြောပြော စိတ်ဝင်တစားနဲ့ နားထောင်တဲ့

လူတစ်ယောက် သူတို့ထဲမှာ ရှိသေးတယ်ဗျ။

ဒီလူက ဆေးလိပ်တွေ ဘာတွေလည်း

သောက်တာ မတွေ့ရဘူး။

 

“ကဲ ကိုဆွေဝင်း၊ ခင်ဗျား အလှည့်လေဗျာ

နည်းနည်းပါးပါး ပြောပါဦးဗျ”

 

ကိုဝင်းက ပြောတော့ ကိုဆွေဝင်း ဆိုတဲ့လူက

ထနောင်းပင်ကို မှီပြီး နေရာကနေ ရှေ့ကို နည်းနည်း

တိုးလိုက်တယ်။ ဒီဘိုးတော်က အသက်ငါးဆယ်

ကျော်လောက် ရှိမယ်ထင်တယ်။ ဦးဆွေဝင်း

ဆိုတဲ့ ဘိုးတော်က ပြောပြတယ်ဗျ

 

“အဲဒီတုန်းက ငါ တက္ကစီ မောင်းကာစပေါ့ကွာ၊

တာမွေသင်္ချိုင်းကြီးကလည်း ဖျက်ပြီးကာစပဲ ရှိသေးတာ၊

ည ၁၁ နာရီလောက် ရှိပြီကွ၊ ငါ ခရီးသည် လိုက်ပို့ပြီး

စျေးဟောင်းလမ်းက ပြန်လာတာ၊ ငါ ရှေ့မှာက

ဆိုက်ကားတစ်စီးကွ၊ ပါစင်ဂျာတင်ပြီး နင်းသွားတာ၊

တဖြည်းဖြည်းနဲ့ အဲဒီဆိုက်ကားကို ငါ့ကားက

ကျော်တက်ပြီး ငါ အမှတ်တမဲ့နဲ့ ဆိုက်ကားပေါ်က

ပါစင်ဂျာကို ကြည့်လိုက်မိတာဟေ့၊ ‘အောင်မလေး’

ဆိုပြီး ငါ ထအော်မိတော့တာပဲကွာ”

 

“ဟင် ဦးဆွေဝင်း ဘာမြင်လိုက်လို့တုံး”

 

“ဘာမြင်ရမတုံးကွ၊ မောင်ဝင်းရဲ့ ၊ အဲဒီလူ

တင်နင်းလာတဲ့ ပါစင်ဂျာက မိန်းမကွ၊

ဒါပေမဲ့ ငါကြည့်လိုက်တဲ့အချိန်မှာ ခေါင်းမပါဘူးကွ၊

လည်ပင်းငုတ်တိုကြီးနဲ့ ”

 

“ဗျာ”

 

အားလုံးက လန့်အော်ကြပြန်ရောဗျို့။

 

“ငါလည်း ကားကို အရှိန်နည်းနည်း လျှော့ပြီး

ဆိုက်ကားဆရာကို လှမ်းအော်လိုက်မိရောဟေ့၊

ဟေ့ ဆိုက်ကားဆရာ ခင်ဗျားပါစင်ဂျာ ခေါင်းမပါဘူး

လို့ အော်လိုက်တော့ ဆိုက်ကားသမားလည်း

သူ့ခရီးသည်ကို လှည့်ကြည့်လိုက်ရောဟေ့”

 

“ဟာ ဒီလူကော မြင်ရရဲ့လား”

 

“မြင်တာပေါ့ မောင်ဝင်းရာ၊ တစ္ဆေမက တမင်ကို

ခြောက်တာပဲဟာ၊ ဆိုက်ကားသမားဆိုတာ

ဘာပြောကောင်းလိမ့်မတုံးကွာ၊

အောင်မလေးဗျလို့ အသံကုန်အော်ပြီး

ဆိုက်ကားပေါ်ကနေ ခုန်ချပြီး ပြေးရောဟေ့၊

ငါလည်း နောက်ပြန်လှည့်ကြည့်တော့

ဆိုက်ကားပေါ်မှာ ဘာမှမတွေ့တော့ဘူးကွ”

 

“ဟင် …အဲဒီခေါင်းပြတ်တစ္ဆေမက ချက်ချင်း

ဘယ်ရောက်သွားတုံးဗျ”

 

ကိုမိုးက ဝင်မေးတယ်ဗျို့။

 

  1. “ဟာ ကိုမိုးရာ တစ္ဆေပါဆိုနေမ၊ ခြောက်ပြီးတော့

ပျောက်သွားတာပေါ့ကွ”

 

“ဆိုက်ကားသမားတော့ ဘယ်လို ဆက်လုပ်လည်း

မသိတော့ဘူး။ ငါလည်း ကားကို ခပ်သုတ်သုတ်

မောင်းပြီး တာမွေဗလီဘက်ကို ထွက်ချခဲ့ရောဟေ့၊

အဲဒါ ငါ့မျက်စိနဲ့ကို တပ်အပ်မြင်ခဲ့ရတဲ့ ခေါင်းမပါတဲ့

တစ္ဆေမပဲကွ”

 

အားလုံးငြိမ်ပြီး နားထောင်နေတာပေါ့ဗျာ။

 

“ဝုန်း ”

 

“အမယ်လေးဗျ”

 

ငြိမ်ပြီး တွေးနေကြတုန်းမှာပဲ ကျုပ်တို့နောက်ဘက်က

‘ဝုန်း’ဆိုတဲ့ အသံကြီး ကြားလိုက်ရတာဗျို့။

အားလုံး ထအော်လိုက်ကြတာဗျာ။ နောက်လှည့်

ကြည့်တော့မှ ကျုပ်တို့နောက်က တစ်ထပ်ကျောင်း

ကလေးရဲ့ ခေါင်းမိုးသွပ်ပြားပေါ်ကို ဆရာတော်ရဲ့

ကြောင်ကြီး ခုန်ချလိုက်တာဗျို့။

 

“ညောင်၊ ညောင် ၊ ညောင် ”

 

ဆိုတဲ့ ကြောင်အော်သံကို ကြားလိုက်တော့မှ

အားလုံး သဘောပေါက်ပြီး ရယ်လိုက်ကြတာဗျာ

 

“ဟား ဟား ဟား ဟား ဟား”

 

ဆိုတဲ့ အသံကြီး ပုဗ္ဗာရုံကျောင်းဝင်းထဲမှာ

လွှမ်းသွားရောဗျို့။

 

မူရင်း ရေးသူ ဆရာ တာတေ

 

ပြီးပါပြီ

 

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ

 

#တာတေ

#မဖဲဝါ

#ညမဖတ်ရ